ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 1174 အမွေအနှစ် လုံခြုံမှု
” မှော်သလင်းနှစ်သိန်းချေးပြီး သုံးသိန်းပြန်ပေးမှာလား … ”
ဖီးနစ်မိုးသည် ဖန်သားပြင်ပေါ်ရှိ ရှီဖုန်းကိုကြည့်ပြီး အံ့သြသည့်အမူအရာ ပေါ်နေလေ၏။ ထိုလူကို ပထမဆုံးအကြိမ်သိတာဟု ခံစားမိလာသည်။
ပထမတန်းအစည်းအရုံးတစ်ခုသည် သူတို့၌ မှော်သလင်းခြောက်သောင်းမှ ခုနှစ်သောင်းရှိလျှင် အတော်ကြွယ်ဝနေပြီဟု သတ်မှတ်၍ရသည်။ ထိုသို့တိုင် ရှီဖုန်းက ယခုအချိန်တွင် မှော်သလင်းနှစ်သိန်း ချေးချင်နေ၏။ ထို့အပြင် အတိုး (၅၀) ရာခိုင်နှုန်း ပေးရန်တောင် ရည်ရွယ်ထားသည်။ ယင်းက ဈေးကွက်အတိုးနှုန်း၏ နှစ်ဆခန့်ရှိသည်။
မှော်သလင်းများက ဂိမ်းငွေကြေး မဟုတ်ပေ။ ဈေးကွက်ထဲ၌ မှော်သလင်းများစွာကို ဝယ်ယူရန်မဖြစ်နိုင်ပေ။ အစည်းအရုံးများက အလုပ်ရုံများ သို့မဟုတ် စွန့်စားသူအဖွဲ့များကနေ ပမာဏအနည်းငယ်သာ ဝယ်နိုင်၏။ ထိုမှအပ အစည်းအရုံးများသည် မြေအောက်စခန်းများကို စီးနင်းတိုက်ခိုက်ရန် သူတို့အဖွဲ့သားများကိုသာ အားကိုးရပြီး ဖြည်းဖြည်းချင်းစုဆောင်းရ၏။
ဖီးနစ်မိုး၏ အမြင်တွင် ဇီးရိုးဝင်းက ကျောက်တောမြို့ကဲ့သို့ ရွှေတွင်းကြီးကို ပိုင်ဆိုင်ထားပြီး အမှောင်ပြိုင်ကွင်းအတွင်းရှိ စီးပွားရေးက ကောင်းနေသော်ငြား ဇီးရိုးဝင်းအဖို့ ငါးရက်အတွင်း မှော်သလင်းသုံးသိန်းရဖို့က မဖြစ်နိုင်ပေ။ ထိုသို့တိုင် ရှီဖုန်း၏ မျက်ဝန်းက ယုံကြည်ချက်နှင့် သောကဝေဒနာကင်းဝေးမှုကို မြင်လိုက်ရသည်။
” ရှင်က ကြေးနီကျောက်ပြားအတွက် လေလံခေါ်မလို့လား … ”
ဖီးနစ်မိုးက မမေးဘဲ မနေနိုင်တော့ချေ။
” အဟုတ်ပဲ … ”
ရှီဖုန်းက ၎င်းကို ကွယ်ဝှက်မထားချေ။ ဆိုရလျှင် အတွေးတစ်ချက်ဖြင့် အလွယ်တကူခန့်မှန်းနိုင်၏။
ရှီဖုန်း၏ တည်ကြည်သောအမူအရာကို မြင်သောအခါ ဖီးနစ်မိုးက ခေါင်းခါပြီး ရယ်မောကာ ပြောလိုက်တော့သည်။
” လက်လျှော့လိုက်ဖို့ အကြံပေးမယ် … ရှင်ကို နှစ်သိန်းချေးခဲ့ရင်တောင် ရှင်နိုင်မှာ မဟုတ်ဘူး … ”
မှော်သလင်းသုံးသိန်းခွဲဟူသည် အကောင်းဆုံး ပထမတန်းအစည်းအရုံးများအတွက်တောင် များပြားသည့်ပမာဏဖြစ်နေလေရာ စူပါအစည်းအရုံးများနှင့် စူပါပထမတန်းအစည်းအရုံးများသည် သူတို့ ပြင်ဆင်ထားသည့် အကန့်အသတ်သို့ မရောက်သေးပေ။
သူမ၏ အမြင်တွင် ဇီးရိုးဝင်းက အစောပိုင်းက ယှဥ်ပြိုင်ပွဲတွင် မှော်သလင်းများစွာ အနိုင်ရထားတာ ဖြစ်ရမည်။ အစည်းအရုံးထဲတွင် ရှိသည့်ဟာနှင့် ပေါင်းလိုက်လျှင် သူတို့၌ မှော်သလင်းတစ်သိန်းရှစ်သောင်း၊ တစ်သိန်းကိုးသောင်း ဝန်းကျင်ရှိလောက်သည်။ ရှီဖုန်းက မှွေသလင်းနှစ်သိန်းချေးခဲ့လျှင်တောင် သူ့၌ မှော်သလင်း သုံးသိန်းကိုးသောင်းသာ ရှိမည်။ ကျန်သည့် အင်အားစုများကို ယှဥ်ပြိုင်နိုင်ရန် မဖြစ်နိုင်ပေ။
သူမ၏ တွက်ချက်မှုအရ လျှို့ဝှက်ဂါထာရွတ်ဆိုခြင်းနည်းစနစ်သည် မှော်သလင်း လေးသိန်းနှစ်သောင်းလောက် ရှိမှသာလျှင် စိတ်ချရလောက်သည်။
တတ်နိုင်လျှင် ဖီးနစ်မိုးသည် ရှီဖုန်းဆီမှ မှော်သလင်းတစ်သိန်းရှစ်သောင်း ချေးငှားချင်နေ၏။ ဆိုရလျှင် သူမ၏ မှော်သလင်းနှစ်သိန်းခွဲအပါအဝင် ကျန်သည့်အစည်းအရုံးများကို ယှဥ်ပြိုင်နိုင်ရန် အခွင့်အရေး ရှိလာလိမ့်မည် ဖြစ်သည်။ သို့သော် မိုးကြိုးကျွန်းအတွက် ပြင်ဆင်ရန် လိုအပ်နေသေး၏။ ထို့ကြောင့် မှော်သလင်းများကို ချေးခဲ့လျှင် အချိန်တိုအတွင်း ပြန်ပေးနိုင်မှာ မဟုတ်ပေ။
” ကျုပ်မှာ မှော်သလင်းနှစ်သိန်းခြောက်သောင်း ရှိသေးတယ် … မင်းရဲ့ မှော်သလင်းနှစ်သိန်းပေါင်းပြီးရင် လုံလောက်ပြီလို့ ထင်တယ် … ”
ရှီဖုန်းက ဖီးနစ်မိုးပြောလိုတာကို နားလည်၏။ သူက ပြုံးပြီး ဆက်ပြောလိုက်သည်။
” တကယ်မဖြစ်နိုင်ရန် အရှုံးပေးဖို့ပဲ ရှိတယ် … ”
မှော်သလင်းလေးသိန်းသည် အမျိုးမျိုးသောစူပါအင်အားစုများ၏ အကန့်အသတ်ဖြစ်လောက်သည်။ သူတို့၌ ထိုထက်ပိုရှိနေလျှင်တောင် ဤမျှအရေအတွက်ထိ မရှိလောက်ပေ။
ကြေးနီကျောက်ပြားတစ်ချပ်က ငွေကျောက်ပြားထက် နိမ့်ကျနေစဥ် အစောပိုင်းလိုအပ်ချက်အောက် နိမ့်နေသေးသည်။
ငွေရောင်ကျောက်ပြားသည် အလယ်အဆင့်မှော်အစီအရင်များကို ရေးဆွဲနိုင်သည့် ကစားသမားများကို လိုအပ်၏။ ကြေးနီကျောက်ပြားသည် အခြေခံမှော်အစီအရင်များ ရေးဆွဲနိုင်သော ကစားသမားများသာ လိုအပ်သည်။ ရွှေရောင်ကျောက်ပြားအတွက်မူ ကစားသမားများသည် ဝင်ခွင့်ရရန်အတွက် အဆင်မြင့်မှော်အစီအရင်များ ရေးဆွဲနိုင်ရန် လိုအပ်သည်။
မှော်အစီအရင်များနှင့် အတော်လေးရင်းနှီးသော သူတောင် အဆင့်မြင့်မှော်အစီအရင်ကို မရေးနိုင်ချေ။ ရွှေရောင်ကျောက်ပြားရခဲ့လျှင်တောင် ယင်းက အလေးချိန်ပိုရုံမှအပ ဘာမှမထူးပေ။ တစ်ဖက်တွင်မူ ကြေးနီကျောက်ပြားရှိနေလျှင် သူ့အစည်းအရုံးအဖွဲ့ဝင်များက ၎င်းကို အသုံးပြုနိုင်၏။
ထို့ကြောင့် ကြေးနီကျောက်ပြားကို ရယူခြင်းက ဇီးရိုးဝင်းအတွက် ယခုအချိန်တွင် အလွန်အရေးကြီးနေသည်။ လေလံခေါ်တာ မနိုင်လျှင်တောင် စမ်းကြည့်ရန်လိုအပ်၏။
” နှစ်သိန်းခြောက်သောင်းလား … ရှင့်မှာ အဲ့လောက်အများကြီး ရှိတယ်လား … ”
ဖီးနစ်မိုးက ပင့်သက်ရှိုက်မိသွားသည်။ ဇီးရိုးဝင်းက သူမထက် မှော်သလင်းများ ပိုများလိမ့်မည်ဟု သူမ မထင်ထားချေ။ ချက်ချင်းပင်ပြုံးကာ ပြောလိုက်တော့၏။
“ဒီလိုလုပ်လိုက်ကြရအောင် … ရှင့်ကို သလင်းနှစ်သိန်းခွဲရှင်းမယ် … ဘာအကျိုးအမြတ်မှ မတောင်းဘူး … အဲ့ဒီအစား ငါးရက်အတွင်းပြန်ပေး … ဒါပေမဲ့ ကြေးနီကျောက်ပြားထဲဝင်ခွင့် ဆယ်နေရာ လိုချင်တယ် … နှစ်လအတွင်းမှာပဲ နေရာတွေကို ခွဲမယ် … တစ်သုတ်ကို လူငါးယောက်ဝင်မယ် … ”
လျှို့ဝှက်နည်းစနစ်ကျောက်ပြားသည် တစ်လလျှင် တစ်ကြိမ်သာ အသုံးပြုနိုင်၏။ သူမ တစ်ခုရခဲ့လျှင်တောင် တစ်ကြိမ်ပဲ ဝင်နိုင်မှာဖြစ်၏။ ပထမဆုံးခရီးစဥ်အတွင်း လျှို့ဝှက်နည်းစနစ်ကျောက်ပြားကနေ အများဆုံးအကျိုးအမြတ်ကို ကစားသမားတစ်ဦးက ရိတ်သိမ်းနိုင်မည်။ ဆိုရလျှင် ကစားသမားများသည် မကြာခဏ သွားရောက်လည်ပတ်လျှင် အကျိုးအမြတ် နည်းသွားနိုင်၏။ ကျောက်ပြား၏ အကြီးမားဆုံးအားသာချက်မှာ ကစားသမားများ ၎င်းကို ထပ်ခါတလဲလဲအသုံးပြုနိုင်ခြင် ဖြစ်သည်။
သူမသည် ကြေးနီကျောက်ပြားကို လေလံဝင်ဆွဲရသည့် အဓိကအကြောင်းအရင်းမှာ မိုးကြိုးကျွန်းမစတင်ခင် ယှဥ်ပြိုင်ပွဲအတွက် ခွန်အားကို မြင်တင်ချင်နေသောကြောင့် ဖြစ်၏။ သူမက နောက်ပိုင်းဝင်ခွင့်အတောအတွင်း ရနိုင်မည့်အကျိုးအမြတ်ကို ဂရုမစိုက်ပေ။
” အပေးအယူဖြစ်ပြီ … ”
ရှီဖုန်းက တွေဝေမနေဘဲ သဘောတူလိုက်၏။
လျှို့ဝှက်ဂါထာရွတ်ဆိုခြင်းနည်းစနစ်သည် မှော်အမျိုးအစားကစားသမားများအတွက် ရည်ရွယ်၏။ ဇီးရိုးဝင်းထဲတွင် ကြေးနီကျောက်ပြားထဲဝင်နိုင်ရန် အရည်အချင်းပြည့်မီသည့် မှော်အမျိုးအစားကျွမ်းကျင်သူက အနည်းစုသာ ရှိသည်။ တစ်လတာအတွက် ဆယ်နေရာက လုံလောက်သည်။
နှစ်ဦးနှစ်ဖက်က လျင်မြန်စွာသဘောတူစာချုပ် ရေးထိုးလိုက်၏။ ပြီးနောက် ဖီးနစ်မိုးသည် ရှီဖုန်းအား မှော်သလင်းများကို ပို့ရန် ဘလူးဖီးနစ်ကို ခိုင်းလိုက်လေ၏။
ထိုသို့ ဖြစ်ပွားနေစဥ် လျှို့ဝှက်ဂါထာရွတ်ဆိုခြင်းနည်းစနစ်၏ တန်ကြေးက မှော်သလင်း သုံးသိန်းကိုးသောင်းလေးထောင်အထိ မြင့်တက်သွားသည်။ ပထမအလွှာခန်းမထဲရှိ အမျိုးမျိုးသော အစည်းအရုံးကြီးများက အံ့သြနေကြ၏။
သူတို့အစည်းအရုံးများက စူပါပထမတန်းအစည်းအရုံးများနှင့် စူပါအစည်းအရုံးများကို ယှဥ်နိုင်စွမ်း မရှိကြောင်း သိပြီးတာကြာပြီဖြစ်သော်ငြား ကွာဟချက် ထိုမျှကြီးမားမည်ဟု မထင်ပေ။
” သေစမ်း … ငါ့ကို ဘယ်သူက ယှဥ်နေတာလဲ … ”
မိုင်ထောင်ချီက ဒေါသထွက်နေပြီး ကျန်သည့်နှစ်ခန်းကို စိုက်ကြည့်လိုက်၏။
လက်ရှိတွင် ကျောက်ပြား၏တန်ကြေးက အကန့်အသတ်နားရောက်နေပြီဖြစ်သည်။ ထိုသို့တိုင် ဟစ်ဒန်းဆိုးလ်နှင့် ယွမ်ထျယ်ရှင်းက လက်လျှော့မည့်လက္ခဏာမပြပေ။
သူ့အိတ်ထဲရှိ မှော်သလင်းကို တစ်ချက်ကြည့်ပြီး မိုင်ထောင်ချီက အော်ဟစ်လိုက်၏။
” သလင်းလေးသိန်း … ”
” သလင်းလေးသိန်းလေးထောင် … ”
ဟစ်ဒန်းဆိုးလ်က ကြေညာပြီး တည်ငြိမ်မှုကို ထိန်းထား၏။
” စိတ်ဝင်စားစရာပဲ … ”
ထိုစဥ် ယွမ်ထျယ်ရှင်းက ရယ်မောပြီး အော်လိုက်လေ၏။
” သလင်းလေးသိန်းတစ်သောင်း … ”
ချက်ချင်းပင် လေလံခန်းမသည် ထိုလူသုံးယောက်အတွက် စစ်မြေပြင်ဖြစ်သွားကာ လေထုက ကျောချမ်းဖွယ်ကောင်းလာတော့၏။
” သလင်းလေးသိန်းလေးသောင်း … ”
မိုင်ထောင်ချီက ထိန်းထားရန် မစီစဥ်တော့ဘဲ မှော်သလင်းသုံးသောင်း တိုက်ရိုက်တိုးမြှင့်လိုက်သည်။ ဟစ်ဒန်းဆိုးလ်နှင့် ယွမ်ထျယ်ရှင်းကို ခြောက်လန့်ရန်ရည်ရွယ်နေတာပဲ ဖြစ်၏။
” ဦးလေးယွမ် သလင်းက လေးသိန်းလေးသောင်းရောက်နေပြီးပြီ … ဒါက ကျောက်ပြားရဲ့ တန်ဖိုးအစစ်အမှန်ကို ကျော်လွန်နေပြီ … ”
ခရမ်းကျောက်စိမ်းက ပြောလိုက်၏။
လျှို့ဝှက်နည်းစနစ်ကျောက်ပြားသည် ကစားသမားများအတွက် အကျိုးအမြတ်များစွာ ပေးစွမ်းသည်။ သို့သော် လျှို့ဝှက်ဂါထာရွတ်ဆိုခြင်းနည်းစနစ်သည် ကြေးနီအဆင့်သာ ရှိ၏။ လက်တွေ့တွင် ထိုနည်းစနစ်အတွက် ကျောက်ပြားသည် မှော်သလင်းသုံးသိန်းဝန်းကျင်သာ တန်၏။ မှော်သလင်းလေးသိန်းလေးသောင်းမတန်ပေ။
” ငါနားလည်တယ် … ”
ယွမ်ထျယ်ရှင်းက ပြောလိုက်၏။
ပြိုင်ဘက်၏ အကန့်အသတ်ကို စမ်းသပ်ရန် လေးသိန်းတစ်သောင်းပေးခဲ့သည်။ အခြားအခန်းထဲ၌ ဟစ်ဒန်းဆိုးလ်က မျက်မှောင်ကြုတ်သွားသည်။
နောက်တစ်ခေါက်လက်လျှော့ရမှာလား။ နောက်တစ်ကြိမ် ကြိုးစားကြည့်မယ်။ မဖြစ်နိုင်ဘူးဆိုရင် လက်လျှော့ရုံပဲပေါ့။ ဟစ်ဒန်းဆိုးလ်က တန်ကြေးအနည်းငယ်မြင့်လွန်းသည်ဟု ခံစားမိသည်။ ချက်ချင်းပင် သူမက အော်လိုက်၏။
” သလင်းလေးသိန်းလေးသောင်းငါးထောင် … ”
“သေစမ်း … သေစမ်း … ဘာကြောင့်သူ အလျှော့မပေးတာလဲ … လေးသိန်းလေးသောင်းရောက်နေပြီ …”
မိုင်ထောင်ချီက ဒေါသဖြင့် လောင်ကျွမ်းလာတော့သည်။
လျှို့ဝှက်ဂါထာရွတ်ဆိုခြင်းနည်းစနစ်အတွက် ကျောက်ပြားရှိနေပြီးသား ဆန်းကြယ်အတွက်သာ မဟုတ်လျှင် သူသည် မှော်သလင်းလေးသိန်းလေးသောင်းဟူသည့် များပြားသည့် ပမာဏပေးမှာ မဟုတ်ပေ။ သို့သော် အစည်းအရုံးခေါင်းဆောင်က သူ့ကို လျှို့ဝှက်ဂါထာရွတ်ဆိုးခြင်းနည်းစနစ်အတွက် လွတ်ခဲ့တာဖြစ်သည်။ ထို့ကြောင့် ရွေးချယ်စရာမရှိဘဲ ကိုယ့်ကိုကိုသွေးထွက်အောင် လုပ်နေရသည်။
” ဒါက သူ့ရဲ့ အကန့်အသတ်ပဲ ဖြစ်ရမယ် … မဟုတ်ရင် သူက တန်ကြေးလေးထောင်ပဲ တိုးမှာမဟုတ်ဘူး … ”
အနောက်ပိုင်းကဝေကိုယ်တိုင်က အနည်းငယ် စိတ်ပူပန်လာသည်။
” သလင်းလေးသိန်းခွဲ … ”
မိုင်ထောင်ချီက တစ်ချက်စမ်းကြည့်ပြီး ထပ်စမ်းကြည့်ရန် ကြိုးစားလိုက်သည်။ ယင်းက သူ့အကန့်အသတ်ဖြစ်၏။
မိုင်ထောင်ချီက လေလံဈေးခေါ်လိုက်စဥ် ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားတော့၏။
“သူ့အကန့်အသတ်ကို ဘယ်အချိန်ရောက်မှာလဲ … မှော်သလင်းတွေက ရယူဖို့ ဒီလောက်လွယ်တယ်လား … ”
ပထမအလွှာခန်းမအတွင်းရှိ အမျိုးမျိုးသော အထက်ရှိများက ဤအခြေအနေကြောင့် စိတ်လွတ်ကုန်၏။
” ကျောက်ပြားတစ်ချပ်အတွက် ဒီလောက်ထိ ကျားကုတ်ကျားခဲယူဖို့ လိုလို့လား … ”
” ကြည့်ရတာ ငါလက်လျှော့ရုံပဲ ရှိမယ် … ”
ဟစ်ဒန်းဆိုးလ်က ခါးသပ်စွာပြုံးပြီး ခေါင်းခါလိုက်တော့၏။ သူမနှင့်အတူ မှော်သလင်းများစွာ ယူလာခဲ့သော်ငြား အဆုံးတွင်မူ လက်ဗလာဖြင့် ပြန်ထွက်သွားရမည်ဟု မထင်ထားပေ။ ထိုသို့ဖြစ်မည်မှန်း သိခဲ့လျှင် မှော်သူရဲကောင်းအမွေအနှစ်ကို ဝယ်ယူခဲ့မှာပဲ ဖြစ်၏။
စက္ကန့်များက ကုန်ဆုံးသွားတော့သည်။ လေလံခေါ်သူက စင်မြင့်ပေါ်၌ စိတ်လှုပ်ရှားနေ၏။ သို့သော် အတော်ကြာပြီးသည့်တိုင် ဟစ်ဒန်းဆိုးလ်၏ အခန်းမှ အသံထွက်မလာတော့ချေ။
” သလင်းလေးသိန်းငါးသောင်းလေးထောင် … ”
သို့သော် မိုင်ထောက်ချီက သူ၏ ရန်သူအလျှော့ပေးမည်ကို တွေးထင်လိုက်သည့်အချိန်၌ ဟစ်ဒန်းဆိုးလ်၏ အခန်းကနေ ဈေးထပ်ပေးလာ၏။
” ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ … ”
မိုင်ထောင်ချီက ဒေါသထွက်သွားသည်။ ယင်းကို သူ မယုံနိုင်ပေ။ ဟစ်ဒန်းဆိုးလ်သည် အချိန်အတော်ကြာတိတ်ဆိတ်နေခဲ့သည်။ ထိုသို့တိုင် နောက်ထပ်တန်ကြေးပေးသည်လော။ နောက်ထပ် မိုင်ထောင်ချီက ထက်ပြီး မလောင်းနိုင်တော့ချေ။ ရွေးချယ်စရာမရှိဘဲ လေလံခေါ်သူ တူထပ်ခါတလဲလဲ ထုတာကိုသာ ကြည့်လိုက်ရ၏။ တတိယအကြိမ်တူထုလိုက်သည့်အချိန်တွင် လေလံခန်းမက ဆူညံမှုကြောင့် ပေါက်ကွဲသွားတော့၏။