ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 114 တောင်ပံနက် လေလံအိမ်
Chapter – 114 တောင်ပံနက် လေလံအိမ်
ဆိုင်ထဲတွင် ဝယ်သူကား ရှားပါးလွန်းလှသည်။ ရှီဖုန်းက အထဲသို့ ဝင်လိုက်သည်နှင့် လူစီလာ၏အာရုံက ရှီဖုန်းဆီသို့ ရောက်သွား၏။
“အရှင် မကောင်းဆိုးဝါးအမဲလိုက်သူ… အရှင်က ဘယ်လိုအိုင်တမ်မျိုးကို လိုအပ်ပါသလဲ… ကျွန်မတို့ရဲ့ ဆိုင်က ပစ္စည်းစုံပါတယ်… ပြီးတော့ အရည်အသွေးနဲ့ ပက်သတ်ရင်လည်း အာမခံပါတယ်… “ လူစီလာက ရှီဖုန်းထံသို့ လျှောက်လာပြီး လေးစားစွာ မေးလိုက်သည်။
မကောင်းဆိုးဝါးအမဲလိုက်သူဆိုသည့် ဘွဲ့နာမည်က ဤကဲ့သို့ နေရာမျိုးမှာတောင်မှ အလွန်လေးစားခံရလိမ့်မည်ဟု ရှီဖုန်းက မထင်ထားခဲ့ချေ။ ထိုဘွဲ့နာမည်က တောင်ပံနက်မြို့တွင်လည်း အသုံးဝင်နေသည်။
“ငါက ဒီအပတ်မှာတင်တဲ့ ပစ္စည်းအသစ်လေးတွေကို လာကြည့်တာပါ… “ ရှီဖုန်းက ပြန်ဖြေလိုက်သည်။
“အရှင်… ကျွန်မတို့ရဲ့ဆိုင်က ဒီအပတ်မှာ ပစ္စည်းသစ်တွေ အများကြီး တင်ပေးထားပါတယ်… အရှင် စိတ်ကျေနပ်စေရမယ်လို့ အာမခံပါတယ်… “ လူစီလာက ပြောလိုက်သည်။
“ငါ့ကို လမ်းပြပေးပါ… “ ရှီဖုန်းက ခေါင်းညိတ်ပြလိုက်သည်။
ယခင်ဘဝက ရှီဖုန်းသည် တစ်ခါမှ ဒုတိယထပ်သို့ မတက်ခဲ့ဖူးပေ။ သူက ဒုတိယထပ်တွင် အိုင်တမ်များ ရောင်းချမည်ဟုပင် မထင်ထားခဲ့ချေ။
“အရှင်… ဒီဘက်ပါ… “ ပြောပြီး လူစီလာက ရှီဖုန်းကို ဒုတိယထပ်ဆီသို့ ခေါ်သွား၏။
ဒုတိယထပ်တွင် အိုင်တမ်များကို မှန်ဘောင်များဖြင့် ခင်းကျင်းပြသထား၏။
မှန်ဘောင်ထဲရှိ ပစ္စည်းများက ရှီဖုန်း၏ အာရုံကို အလွန်ဆွဲဆောင်နိုင်လေသည်။
“ဒုံးပျံဖိနပ်… “
နတ်ဘုရားနယ်မြေတွင် ထွက်ပြေးသည့်ပစ္စည်းတစ်ခု ဖြစ်သည်။ ဒုံးပျံဖိနပ်ဖြင့်ဆိုလျှင် လူတစ်ယောက်က အန္တရာယ်နှင့် တွေ့သည့်အခါ သို့မဟုတ် တခြားသူများ၏ အမဲလိုက်ခြင်းကို ခံရသည့်အခါ အလွယ်တကူ ထွက်ပြေးလွတ်မြောက်နိုင်သည်။
ထို့အပြင် ဒုံးပျံဖိနပ်က ဂရမ်းမာစတာအင်ဂျင်နီယာတစ်ယောက် ဖန်တီးထားသော အံ့ဖွယ်အဆင့် အိုင်တမ်ဖြစ်သည်။ ထို့ကြောင့် ၎င်း၏စွမ်းရည်များနှင့် အကျိုးသက်ရောက်မှုများက သာမန်အဆင့် ဒုံးပျံဖိနပ်များ လုံးဝ ယှဉ်နိုင်သည့်အရာ မဟုတ်ပေ။
သို့သော်လည်း အံ့ဖွယ်အဆင့် ဒုံးပျံဖိနပ်၏ ဈေးနှုန်းက ရွှေပြား ၁၂၀၀ ဖြစ်ပြီး ထိတ်လန့်ဖွယ် ကောင်းလွန်းလှသည်။ ရှီဖုန်းက သူ့ကိုယ်သူ ချမ်းသာသည်ဟု ခံယူထားသော်လည်း သူက ထိုပမာဏကို မတတ်နိုင်သေးပေ။
အိုင်တမ်များကို အကြမ်းဖျင်းလိုက်ကြည့်ပြီးနောက် ခင်းကျင်းပြသထားသည့် အိုင်တမ်အများစုကို ရှီဖုန်း အလွန်ကြိုက်နေသည်။ သို့သော်လည်း ထိုအိုင်တမ်များ၏ ဈေးနှုန်းက သူ တတ်နိုင်သည့် ပမာဏ မဟုတ်ပေ။ ထို့ကြောင့် ဆင်းရဲလွန်းသည့် သူ့ကံကြမ္မာကိုသာ အပြစ်ပုံချလိုက်ရတော့သည်။
“အရှင်… ဘယ်အိုင်တမ်မျိုးကို ကြိုက်နှစ်သက်ပါသလဲ… “ ရှီဖုန်းက အိုင်တမ်များကို ကြည့်ပြီး ခေါင်းတခါခါ ဖြစ်နေသည့်အတွက် လူစီလာက အလောတကြီး မေးလိုက်ခြင်း ဖြစ်သည်။
သို့သော်လည်း ရှီဖုန်းက ဘယ်လိုလုပ်ပြီး ပိုက်ဆံမရှိသည့်ကို ပြောပြနိုင်မည်နည်း။ ခင်းကျင်းပြသထားသည့် အိုင်တမ်များက အနည်းဆုံး ရွှေပြား ဆယ်ဂဏန်းမှ ရာဂဏန်းတွင် ရှိနေသည်။ သူ၏အိတ်ထဲမှာတော့ ရွှေပြား ၃၀ကျော်ရုံလေးသာ ရှိ၏။ ထို့ကြောင့် သူက အများဆုံး အိုင်တမ်တစ်ခုသာ ဝယ်ယူနိုင်ပေလိမ့်မည်။
“အေးခဲဗုံးတွေ ဒီမှာ ရှိလား… “
အချိန်အနည်းငယ်လောက် စဉ်းစားပြီးနောက် ရှီဖုန်းက အသုံးဝင်သည့် အိုင်တမ်တချို့ကိုသာ ဝယ်ယူသွားရန် ဆုံးဖြတ်ချက် ချလိုက်သည်။
“အရှင်… အေးခဲဗုံးတွေက ပထမအထပ်မှာ ရောင်းတာပါ… ဒုတိယထပ်က VIP အထပ် ဖြစ်တာမို့ အဲ့တာတွေကို မရောင်းပါဘူး… အရှင်… ကျွန်မနောက်က လိုက်ခဲ့ပေးပါ… “
လူစီလာက ရှီဖုန်းကို ပထမထပ်ဆီသို့ ပြန်ခေါ်သွားသည်။
ရှီဖုန်းက ထိုအခိုက်အတန့်တွင် ဒုတိယထပ်က VIP များအတွက်သာ ဖြစ်သည်ကို နားလည်သွား၏။ ထို့ကြောင့် ခင်းကျင်းပြသထားသည့် အိုင်တမ်များက ဈေးနှုန်းမြင့်နေရခြင်း ဖြစ်သည်။ ယခင်ဘဝက သူသည် ဤဆိုင်ကို ရှာတွေ့သောအခါ အဆင့် ၇၀ ကျော်နေပြီဖြစ်သည်။ သို့သော်လည်း သူ့တွင် မကောင်းဆိုးဝါးအမဲလိုက်သူဘွဲ့နာမည်ကို မပိုင်ဆိုင်ထားသည့်အတွက် ပထမထပ်ကိုသာ ဝင်နိုင်ခဲ့သည်။ ဒါတောင်မှ သူ၏ ပစ္စည်းကောင်းများကို အများအပြား ဝယ်ယူနိုင်ခဲ့၏။
ယခု သူက ဒုတိယထပ်ကို ဝင်နိုင်ခဲ့သည့်အပြင် ဒုတိယထပ်၌ ပစ္စည်းကောင်းများ အများအပြား ရောင်းချထားသည်ကို မြင်ခဲ့ရသည်။ ကံမကောင်းစွာဖြင့် လက်ရှိအချိန်တွင် သူက အလွန်ဆင်းရဲနေသေး၏။ အနာဂါတ်တွင် ပိုက်ဆံများများ ရှာပြီးမှသာ နောက်တစ်ခေါက် ပြန်လာမည်ဟု တွေးလိုက်သည်။
ပထမထပ်တွင်တော့ ပစ္စည်းအနည်းငယ်ကိုသာ ခင်းကျင်းပြသထား၏။ ထို့အတူ ပစ္စည်းများ၏ ဈေးနှုန်းကလည်း ဒုတိယထပ်နှင့် ယှဉ်လျှင် အလွန်သက်သာသည်။
“အရှင်… ဒါတွေက အရှင် မေးထားတဲ့ အေးခဲဗုံးတွေပါ… အေးခဲဗုံးတွေကို အဆင့် ၃ဆင့် ခွဲထားပါတယ်… ဘယ်အမျိုးအစားကို လိုချင်ပါသလဲ… “
အခြေခံအေးခဲဗုံး
အဆင့် ၃၀အောက် သားရဲများနှင့် ကစားသမားများအပေါ်တွင် အကျိုးသက်ရောက်၏။
အချင်းဝက် ၁၀ကိုက်အတွင်း၌ ရှိသည့် ပစ်မှတ်များကို ထိခိုက်မှု ၂၀၀ ဖြစ်စေသည့်အပြင် ၅စက္ကန့် အေးခဲစေသည်။ ထို့နောက် ရွေ့လျားမှုနှုန်း ၆၀% ကို ၁၂စက္ကန့် လျှော့ချပေးသည်။
ဈေးနှုန်း = ငွေပြား ၁ပြားနှင့် ကြေးပြား ၅၀ပြား
အလယ်အလတ်အဆင့် အေးခဲဗုံး
အဆင့် ၇၀အောက် သားရဲများနှင့် ကစားသမားများအပေါ်တွင် အကျိုးသက်ရောက်၏။
အချင်းဝက် ၁၂ကိုက်အတွင်း၌ ရှိသည့် ပစ်မှတ်များကို ထိခိုက်မှု ၈၀၀ ဖြစ်စေသည့်အပြင် ၅စက္ကန့် အေးခဲစေသည်။ ထို့နောက် ရွေ့လျားမှုနှုန်း ၆၀% ကို အချိန် ၁၂စက္ကန့် လျှော့ချပေးသည်။
ဈေးနှုန်း = ငွေပြား ၁၀ပြား။
အဆင့်မြင့် အေးခဲဗုံး
အဆင့် ၁၂၀အောက် သားရဲများနှင့် ကစားသမားများအပေါ်တွင် အကျိုးသက်ရောက်၏။
အချင်းဝက် ၁၅ကိုက်အတွင်း၌ ရှိသည့် ပစ်မှတ်များကို ထိခိုက်မှု ၂၀၀၀ ဖြစ်စေသည့်အပြင် ၅စက္ကန့် အေးခဲစေသည်။ ထို့နောက် ရွေ့လျားမှုနှုန်း ၆၀% ကို အချိန် ၁၂စက္ကန့် လျှော့ချပေးသည်။
ဈေးနှုန်း = ငွေပြား ၇၀ပြား။
အလယ်အလတ်အဆင့် အေးခဲဗုံးတစ်ခုက ကြေးအဆင့် ချပ်ဝတ်တန်ဆာအပြည့်အစုံ ဝတ်ထားသည့် အဆင့် ၅ အဓိကခုခံသူတစ်ယောက်ကို ချက်ချင်း သတ်ပစ်ရန် လုံလောက်၏။ အခြေခံအေးခဲဗုံးက ကစားသမားတစ်ယောက်ကို ချက်ချင်း မသတ်ပစ်နိုင်သော်လည်း ၅ စက္ကန့် အေးခဲစေနိုင်သည့်အပြင် အေးခဲမှုမှ လွတ်မြောက်သွားပြီးနောက်တွင် ၁၂စက္ကန့်တိတိ ကစားသမား၏ ရွေ့လျားမှုနှုန်းကို ၆၀% လျှော့ချပေးမည် ဖြစ်သည်။ ထိုအကျိုးသက်ရောက်မှုက အလွန်ကို ကြောက်မက်ဖွယ်ကောင်းလှသည်။
အဆင့်မြင့်အေးခဲဗုံးကတော့ သာမန်ကစားများ အနားကပ်နိုင်သည့် အိုင်တမ်ဖြစ်သည်။ ၎င်းက ထိခိုက်မှု ၂၀၀၀ကို ဖြစ်စေနိုင်သည့်အပြင် ထိခိုက်စေနိုင်သည့် နေရာအကျယ်ကလည်း ၁၅ကိုက် အချင်းဝက် ရှိ၏။ ရှီဖုန်းကသာ ထိုအိုင်တမ်ကို သိုင်းအဖွဲ့နှင့် တိုက်ခိုက်ခဲ့အချိန်တွင် အသုံးချခဲ့ပါက သူ့အတွက် ပြဿနာတော်တော်များများကို ရှင်းပေးနိုင်လိမ့်မည် ဖြစ်သည်။ သူက အဆင့်မြင့်အေးခဲဗုံး ၃ခုကို ပစ်လိုက်သည်နှင့် သူ၏ပြဿနာအားလုံးကို အပြတ်ရှင်းနိုင်ပေလိမ့်မည်။
သို့သော်လည်း အဆင့်မြင့်အေးခဲဗုံးတစ်ခု၏ ဈေးနှုန်းက ငွေပြား ၇၀ ရှိ၏။ ထို့အပြင် လက်ရှိ သူ၏အဆင့်နှင့် ဤအဆင့်မြင့်အေးခဲဗုံးကို အသုံးပြုလျှင် အသုံးအဖြုန်းကြီးရာ ကျသည်။
“အခြေခံအေးခဲဗုံး ၃ထုပ်နဲ့ အလယ်အလတ်အဆင့်အေးခဲဗုံး ၃၀ လိုချင်တယ်… “
ရှီဖုန်းက လက်ရှိအခြေအနေအရ အလယ်အလတ်အဆင့် အေးခဲဗုံး အနည်းငယ်ကို ဝယ်ယူခြင်းကသာ ကောင်းမွန်သည့် ဆုံးဖြတ်ချက်ဟု တွေးလိုက်သည်။ သိုင်းအဖွဲ့က သူ့ကို နောက်တစ်ကြိမ် အမဲလိုက်လျှင်လည်း အလယ်အလတ်အဆင့် အေးခဲဗုံးများက သူ့ကို တော်တော်များများ ကူညီပေးနိုင်ပေလိမ့်မည်။
အေးခဲဗုံးတစ်ထုပ်တွင် ဗုံး ၂၀၀ ပါသည့်အတွက် အေးခဲဗုံး ၃ထုပ်က သူ့အတွက် အချိန်တော်တော်ကြာသည်အထိ လုံလောက်ပေလိမ့်မည်။
“အရှင်… သင်က ကျွန်မတို့ဆိုင်မှ ပစ္စည်းများကို ဝယ်ယူခြင်းအတွက် ၁၀% လျှော့ဈေး ရရှိပါတယ်… ဒီအိုင်တမ်တွေ အားလုံးအတွက် စုစုပေါင်း ကျသင့်ငွေက ရွှေပြား ၁၀ပြားနဲ့ ငွေပြား ၈၀ပြားပါ… “
လူစီလာက အိုင်တမ်များကို ထုတ်ပေးလိုက်သည်။
“ကောင်းပြီ… “
ရှီဖုန်းက ၁၀% လျှော့ဈေး ရသောကြောင့် စိတ်ထဲတွင် ပျော်ရွှင်သွား၏။ ယခင်ဘဝက သူသည် တတိယအဆင့် ဓားဘုရင်တစ်ယောက် အဆင့်အတန်းနှင့်တောင် မည်သည့်လျှော့ဈေးမှ မရရှိခဲ့ပေ။ ‘မကောင်းဆိုးဝါးအမဲလိုက်သည်’ ဘွဲ့နာမည်က ဤမျှအထိ အံ့ဩစရာ ကောင်းလိမ့်မည်ဟုလည်း ရှီဖုန်းက မထင်ခဲ့ပေ။ တောင်ပံနက်မြို့ထဲမှာတောင်မှ ၁၀% လျှော့ဈေးရစေခဲ့သည်။
အေးခဲဗုံးများကို ဝယ်ယူပြီးနောက် ရှီဖုန်းက မြင်းလှည်းစီး၍ လေလံအိမ်သို့ ဆက်သွားလိုက်သည်။
တောင်ပံနက်လေလံအိမ်သည် တောင်ပံနက်မြို့တွင် အလျှို့ဝှက်ဆုံး အဆောက်အဦးဖြစ်ပြီး ဘောလုံးကွင်း ၄ကွင်းစာခန့် နေရာယူထား၏။ ထို့အပြင် အဆောက်အဦးက ၁၈၈ ထပ် ရှိ၏။ နတ်ဘုရားနယ်မြေရှိ နိုင်ငံအမျိုးမျိုးမှ ပဉ္စမအဆင့် NPC များပင် တောင်ပံနက်လေလံအိမ်သို့ လာပြီး အိုင်တမ်များ ဝယ်ယူလေ့ရှိသည်။
တောင်ပံနက်လေလံအိမ်သို့ ရောက်သည်နှင့် ရှီဖုန်းက လေလံအိမ်ရှေ့တွင် ကစားသမားများ တစ်ဒါဇင်ခန့် အထဲသို့ဝင်ရန် တန်းစီနေကြသည်ကို မြင်လိုက်ရဿည်။
သို့သော်လည်း ထို့ကဲ့သို့ မြင်ကွင်းက အထူးအဆန်း မဟုတ်ပေ။ အနီရောင်သစ်ရွက်မြို့ကဲ့သို့ နေရာတစ်ခုမှ တောင်ပံနက်မြို့သို့ လာနိုင်သည့် လက်မှတ်တစ်ခု ပေါ်ထွက်လာခဲ့သေး၏။ ထို့ကြောင့် တခြားမြို့များမှလည်း လက်မှတ်များ ထွက်ပေါ်လာပေလိမ့်မည်။ စတားမွန်းနိုင်ငံတစ်ခုလုံးတွင် မြို့ကြီး ပေါင်း ၁၀၀ ကျော် ရှိ၏။ အဖြူရောင်မြစ်မြို့ကြီးသည် ထိုမြို့ထဲမှ တစ်မြို့ဖြစ်ပြီး အဖြူရောင်မြစ်မြို့ကြီး၏လက်အောက်တွင် မြို့ငယ်ပေါင်း ရာနှင့်ချီ၍ ရှိ၏။ ထို့အပြင် နတ်ဘုရာနယ်မြေတွင် နိုင်ငံပေါင်း ရာနှင့်ချီ ရှိသေး၏။ ထို့ကြောင့် ယခုအချိန် တောင်ပံနက်မြို့သို့ ကစားသမား ရာနှင့်ချီ၍ ရောက်နေလည်း သာမန်သာ ဖြစ်သည်။
တောင်ပံနက်မြို့က အင်အားစုကြီးများ၏ အထက်ကြီးပိုင်းများအတွက် နေရာကောင်းတစ်ခု ဖြစ်သော်လည်း သာမန်လူများအတွက်တော့ မည်သို့မျှ အကျိုး မရှိပေ။ ထို့ကြောင့် သာမန်လူများအနေဖြင့် တောင်ပံနက်မြို့သို့ လာရန် လက်မှတ်များ ရရှိခဲ့လျှင် အစည်းအရုံးကြီးများကို ရောင်းချခြင်းကသာ သူတို့အတွက် အကောင်းဆုံး ဖြစ်သည်။
ထိုစဉ်တွင် တန်းစီနေသည့် ကစားသမားများအားလုံး၏ အဆင့်များက အလွန်မြင့်၏။ သူတို့ထဲတွင် အမြင့်ဆုံးက အဆင့် ၇ သို့ ရောက်နေသော မုတ်ဆိတ်မွှေးနှင့်လူကြီး ဖြစ်ပြီး အဆင့် ၅ ကြေးအဆင့် အစုံတန်ဆာကို ဝတ်ဆင်ထားကာ ထူးခြားသံအဆင့် ပုဆိန်ကို နောက်ကျောတွင် သယ်ဆောင်ထားလေသည်။ တခြားကစားသမားများအားလုံးကတော့ အဆင့် ၆ ဖြစ်ပြီး တစ်ယောက်ချင်းစီတိုင်းက ကြေးအဆင့် အစုံတန်ဆာကို အပြည့်အစုံ ဖြစ်ဆင်ထားလေသည်။
ရှီဖုန်းက လေလံအိမ်သို့ လျှောက်လာသောအခါ သူတို့က ရှီဖုန်းကို သတိပြုမိသွား၏။ ရှီဖုန်းက အဆင့် ၇သို့ ရောက်နေသည့်အတွက် သူတို့က အနည်းငယ် အံ့အားသင့်သွားလေသည်။ ရှီဖုန်းက မုတ်ဆိတ်မွှေးရှိသော လူနှင့် အဆင့် ၇ချင်းတူသော်လည်း သူတို့က ငွေရောင်တောက်နေသည့် အစုံတန်ဆာကို ဝတ်ဆင်ထားသည့် ရှီဖုန်းထံမှ အန္တရာယ်အငွေ့အသက်ကို ခံစားမိနေလေသည်။ ရှီဖုန်းက ကြေးအဆင့် အစုံတန်ဆာကို ဝတ်ဆင်ထားမှန်း သိကြသော်လည်း ထိုအစုံတန်ဆာက သာမန်မဟုတ်သည်ကိုတော့ သူတို့လည်း သတိပြုမိကြသည်။
ထို့အပြင် ရှီဖုန်း၏ကိုယ်ပေါ်တွင် လျှို့ဝှက်ငွေအဆင့်ချပ်ဝတ်တန်ဆာတစ်ချို့ကိုတောင် မြင်နေရ၏။ ရှီဖုန်း၏ ခါးတွင် ချိတ်ထားသည့် မည်းနက်နေသော ဓားက မည်သည့်အဆင့်မှန်း မပြောနိုင်သော်လည်း နောက်ဓားတစ်လက်ကတော့ လျှို့ဝှက်ငွေအဆင့် ချပ်ဝတ်တန်ဆာတစ်ခု၏ အရောင် တောက်နေလေသည်။ မုတ်ဆိတ်မွှေးရှိသော လူကြီးနှင့် ယှဉ်လျှင် ရှီဖုန်းက ပိုပြီး သန်မာသည်မှာ သိသာလှသည်။ ရှီဖုန်း၏ ချပ်ဝတ်တန်ဆာများကို မြင်ပြီး တခြားကစားသမားများက မိတ်ဆွေဖွဲ့ရန် စတင် ကြိုးစားလာကြသည်။
“ကျွန်တော်က လဘုရားကျောင်းမှ အဖော်မဲ့ဘဲငန်းပါ… ဒီကမိတ်ဆွေကရော ဘယ်ကများပါလဲ… တောင်ပံနက်မြို့ကို လာတာ မိတ်ဆွေရဲ့ ပထမဆုံး အကြိမ်လား… “ နူးညံ့သိမ်မွေ့ပြီး ကျောင်းတော်သားတစ်ယောက်၏ ဟန်ပန်မျိုးကဲ့သို့ ရှိသော အဆင့် ၆ ဓားသမားက ရှီဖုန်းဆီသို့ လျှောက်လာပြီး မေးလိုက်သည်။
တောင်ပံနက်မြို့သို့ ရောက်ပြီးနောက် ရှီဖုန်းက သူ၏ ချပ်ဝတ်တန်ဆာများကို ပုံစံမပြောင်းဘဲ သူ၏ရုပ်ရည်ကိုသာ ဘလက်ဖလိမ်း၏ပုံစံအဖြစ် ပြောင်းထားခဲ့၏။ ထို့ကြောင့် သူက ရီဖုန်းဖြစ်ကြောင်း မည်သူမှ သိမည် မဟုတ်တော့ပေ။
သူ့ကိုယ်သူ မိတ်ဆက်လာသည့် အဖော်မဲ့ဘဲငန်း၏ စကားကို ကြားပြီး ရှီဖုန်းက အဖော်မဲ့ဘဲငန်းကို ကြည့်လိုက်သည်။