ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 1182 ခြိမ်းခြောက်နိုင်သော ဇီးရိုးဝင်း
သူက ဘယ်လိုများ ဒီလိုမြင့်မားတဲ့အဆင့်ကို ရောက်လာတာလဲ။
နွေဦးအက်ခိုးက ထိတ်လန့်သွားတော့၏။
အဆင့် (၄၈)
ရေနှင်းဆီက နတ်ဘုရားနယ်မြေထဲရှိ တိုင်းပြည်တိုင်း အင်ပါယာတိုင်းရှိ အဆင့်သတ်မှတ်ချက်ပေါ်၌ နံပါတ်တစ်ဖြစ်မှာ သေချာသည်။
မုန်တိုင်းအင်ပါယာအတွင်းရှိ လက်ရှိသိကြသည့် အဆင့်အမြင့်ဆုံးကစားသမားက အဆင့် (၄၃) သာရှိသည်။ ထို့အပြင် ရေနှင်းဆီ၏ ချပ်ဝတ်တန်ဆာများက ထူးကဲပေ၏။
သာမန်ကျွမ်းကျင်သူများက အမျိုးသမီး၏ ချပ်ဝတ်တန်ဆာကို မသိလောက်သော်ငြား ဆည်းဆာပဲ့တင်သံ၏ အစည်းအရုံးခေါင်းဆောင်နေရာ တာဝန်ယူထားသည့် နွေဦးအက်ခိုးက ရေနှင်းဆီ အခုအချိန်တွင် ဘာကိုဝတ်ထားကြောင်း ပြောနိုင်ပေ၏။
ကျိန်စာရွတ်ဆိုသူများအတွက် အလွှာတစ်အစုံချပ်ဝတ်တန်ဆာ မိစ္ဆာဝိညာဥ်
သူတို့သည် လက်တလော၌ အလွှာတစ်အစုံချပ်ဝတ်တန်ဆာကို တွေ့ခဲ့ရသည်။ ယင်းက အဆင့် (၅၀) အောက်တွင် အံ့ဖွယ်အဆင့်ချပ်ဝတ်တန်ဆာအောက်သာ နိမ့်သည့်အရာဟူ၍ အသိအမှတ် ပြုခံထားရသည်။ အလွှာတစ်အစုံချပ်ဝတ်တန်ဆာ၏ အခြေခံအရည်အချင်းများက အဆင့်တူမဟူရာရွှေချပ်ဝတ်တန်ဆာထက် အနည်းငယ်သာ နိမ့်နေစဥ် ချပ်ဝတ်တန်ဆာ၏ စွမ်းအင်အစစ်အမှန်က ကစားသမားများနှင့် ၎င်း၏ မြင့်မားသည့် သဟဇာတဖြစ်မှုပေါ် မူတည်နေပြီး ကိုင်ဆောင်သူကို မြင့်မားသည့်တိုက်ပွဲဝင်စွမ်းအားဖော်ဆောင်ခွင့် ပေးသည်။
အစုံချပ်ဝတ်တန်ဆာတစ်ခုအနေဖြင့် ၎င်း၏ အစုံအာနိသင်က သူ့အမျိုးအစားနှင့် ကိုက်ညီမှုက မြင့်မားပြီး အမျိုးအစား၏ခွန်အားကို တိုးမြင့်စေသည်။
သို့သော် ထိုကဲ့သို့ ကောင်းမွန်သည့် ချပ်ဝတ်တန်ဆာက ရရှိရန်မလွယ်ကူချေ။
ဆည်းဆာပဲ့တင်သံကဲ့သို့ ဝါရင့်ပထမတန်းအစည်းအရုံးတစ်ခုကတောင် လူအင်အား အရင်းအမြစ်များစွာ ရင်းနှီးမြှုပ်နှံပြီးနောက် အစုံအပြည့်အဝကို မစုဆောင်းနိုင်ပေ။ ထိုသို့တိုင် ယခုမူ ရေနှင်းဆီ၌ တစ်စုံရှိနေလေ၏။
“အန်ကယ်နွေဦး အကြာကြီးစောင့်ခိုင်းမိတဲ့အတွက် တောင်းပန်ပါတယ် … အစည်းအရုံးခေါင်းဆောင်က ပြန်ရောက်ခါစပါ … အခုပဲ သူနဲ့တွေ့ဖို့ ခေါ်သွားပေးပါမယ် … ”
ရေနှင်းဆီက ပြုံးလျက် လူတိုင်း၏ ထိတ်လန့်နေသောအမူအရာကို ကြည့်လိုက်သည်။ ပြီးနောက် အစည်းအရုံးခေါင်းဆောင်၏ ရုံးခန်းထဲသို့ နွေဦးအက်ခိုးကို ခေါ်သွားသည်။
ရေနှင်းဆီက ဦးဆောင်သွားစဥ် နွေဦးအက်ခိုးနောက်ရှိ ကျွမ်းကျင်သူများက အသံတိုးတိုးဖြင့် ပြောလိုက်တော့သည်။
” အစ်ကိုနွေဦး … အစ်ကိုရဲ့တူမက အံ့သြဖို့ကောင်းလိုက်တာ … ဆည်းဆာပဲ့တင်သံရဲ့ နံပါတ်တစ်ကျွမ်းကျင်သူ မဟူရာလှိုင်းကတောင် သူနဲ့ မယှဥ်နိုင်မှာ စိုးရိမ်မိတယ် … ”
” အလွှာတစ်အစုံ ချပ်ဝတ်တန်ဆာ … အဲ့ဒီ အကြီးအကဲတွေသာ ဒီအကြောင်းကိုသိရင် မနာလိုဖြစ်လွန်းလို့ သေကုန်မှာပဲ … သူတို့တွေက အလွှာတစ်အစုံချပ်ဝတ်တန်ဆာ စုဆောင်းတဲ့နေရာမှာ အကုန်ရင်းနှီးမြှုပ်နှံထားပေမဲ့ အခုအချိန်ထိ အပိုင်းအစသုံးခုပဲ ရသေးတာ … ”
နွေဦးအက်ခိုးက လက်အောက်ငယ်သားများ၏ ဆွေးနွေးမှုကို တုံ့ပြန်သည့်အနေဖြင့် ပြုံးရုံသာပြုံးလိုက်သည်။ မည်သည်ကို ပြောနိုင်မည်နည်း။
ဇီးရိုးဝင်းကို မလာခင် သူကိုယ်တိုင် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ပြီးသား ဖြစ်၏။ ဆိုရလျှင် ဇီးရိုးဝင်း၏ တိုက်ပွဲဝင်စံချိန်များက မယုံနိုင်စရာကောင်းသည်။ အထူးသဖြင့် နောက်ဆုံးတစ်ခုအတွက် မှန်ကန်ပေ၏။ ဇီးရိုးဝင်းသည် ရေနက်ကော်ပိုရေးရှင်း၏ ထောက်ပံ့မှုရှိထားသော ရေနက်ကို သုတ်သင်ရှင်းလင်းပစ်ရုံသာမက စူပါအစည်းအရုံး ပန်သီအွန်ကိုလည်း ဖိနှိပ်ထားခဲ့သည်။ ဇီးရိုးဝင်း၌ နောက်ခံအခိုင်အမာမရှိခဲ့လျှင် ထိုကဲ့သို့ အစွမ်းထက်သည်ရန်သူများကို မည်ကဲ့သို့ အနိုင်ယူနိုင်မည်နည်း။
ယခုမူ ဇီးရိုးဝင်းက ကျောက်တောမြို့ဟူသော ရွှေတွင်းကြီးကို ထိန်းချုပ်ထားရုံသာမက ကြယ်သုံးပွင့်အစည်းအရုံးဂေဟာလည်း ရှိနေပြီဖြစ်သည်။ အစည်းအရုံးက ၎င်းထိန်းချုပ်ထားသည့် မြို့များနှင့် မြို့ကြီးများ၏ အရေအတွက်ချင်းယှဥ်လျှင် ဆည်းဆာပဲ့တင်သံက ပြိုင်ဘက် မဟုတ်နိုင်သော်ငြား အလားအလာအရာတွင်မူ ဇီးရိုးဝင်းက ဆည်းဆာပဲ့တင်သံထက် အဆပေါင်းများစွာ သာသည်။
ရေနှင်းဆီ၏ ဦးဆောင်မှုအောက်၌ မြန်မြန်ဆန်ဆန်ပင် နွေဦးအက်ခိုးက ထပ်ဆုံးအလွှာရှိ အစည်းအရုံးခေါင်းဆောင်၏ ရုံးခန်းဆီသို့ ရောက်သွားသည်။
အခန်းထဲတွင် ရှီဖုန်း၊ ဂျမ်းတဲလ်စနိုးနှင့် မီးလျှံကကြိုးတို့အားလုံး စောင့်စားနေ၏။
” ဒါ … ဒါ ဘယ်လိုနေရာမျိုးလဲ … ”
နွေဦးအက်ခိုးက အခန်းအတွင်းပိုင်းကို မြင်တွေ့သည့်အချိန်၌ တောင့်တင်းသွားတော့သည်။
ရှီဖုန်းက လက်ရှိတွင် ခေါင်းစွပ်ကို ဝတ်ဆင်ထား၏။ ထို့ကြောင့် ဓားသမား၏ အဆင့်ကို မမြင်နိုင်ချေ။ သို့သော် သူ့ဘေးတွင်ရပ်နေသော ဂျမ်းတဲလ်စနိုးနှင့် မီးလျှံကကြိုးက သူတို့၏ ခေါင်းစွပ်များကို မဝတ်တင်ထားချေ။ ဂျမ်းတဲလ်စနိုးက အဆင့် (၄၇) ဖြစ်ပြီး မီးလျှံကကြိုးက အဆင့် (၄၈) ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်းမြင်နိုင်၏။
အမျိုးသမီးနှစ်ဦး ဝတ်ဆင်ထားသည့် လက်နက်များကမူ သူတို့က အိုင်တမ်၏ တောက်ပခြင်းအာနိသင်ကို ဖုံးကွယ်ထားသော်ငြား နွေဦးအက်ခိုးသည် အမျိုးသမီးများ၏ ကြောက်မက်ဖွယ်ကောင်းသောအရှိန်အဝါကနေ သူတို့က မွန်းစတားများကဲ့သို့ ကျွမ်းကျင်သူများဖြစ်ကြောင်း ပြောနိုင်သည်။
ထို့အပြင် ဆည်းဆာပဲ့တင်သံက ဇီးရိုးဝင်းအကြောင်း စုဆောင်းထားသည့် အချက်အလက်များအရ ဂျမ်းတဲလ်စနိုးနှင့် မီးလျှံကကြိုးက နယ်ပယ်တစ်ခုသို့ ရောက်ရှိပြီး စစ်မှန်သော ထိပ်သီးကျွမ်းကျင်သူများဖြစ်ကြောင်း သူသိရှိထားသည်။
ယခုအချိန်တွင် အမျိုးသမီးများကို လူကိုယ်တိုင်တွေ့တော့မှ သူတို့ကြားရှိကွာဟချက် မည်မျှကြီးမားကြောင်း သဘောပေါက်သွားတာပဲ ဖြစ်သည်။
နွေဦးအက်ခိုးသည် မွန်းစတား၏ အသိုက်ထဲသို့ ဝင်ရောက်မိပြီး သူ၏ အသက်က သူ၏ ထိန်းချုပ်မှုအောက်တွင် မရှိတော့သည့်ပမာ ခံစားနေရသည်။
ဂျမ်းတဲလ်စနိုးနှင့် မီးလျှံကကြိုးက သူနှင့် သူ၏ လက်အောက်ငယ်များကို ယခုအချိန်တွင် သတ်ချင်လျှင် နွေဦးအက်ခိုးက ခုခံနိုင်မှာ မဟုတ်ပေ။ ထိုကဲ့သို့ ကျွမ်းကျင်သူများသည် သူနှင့် လက်အောက်ငယ်သားများကို တိုက်ခိုက်ရာ၌ ထိုအမျိုးသမီးများအတွက် သွေးပူစေမှာ မဟုတ်တာ အပြည့်အဝသိနေပေ၏။
” ကျေးဇူးပြုပြီး ထိုင်ကြပါ … ”
ရှီဖုန်းက သူ၏ စာပွဲရှေ့ရှိ ထိုင်ခုံကိုညွှန်ပြလိုက်၏။ နွေဦးအက်ခိုးနှင့် အဖော်အပေါင်းများက ဂျမ်းတဲလ်စနိုးနှင့် မီးလျှံကကြိုးကို ထိတ်လန့်သွားစေပုံက မည်မျှထိရောက်ကြောင်း တွေးပြီး သူ့စိတ်ထဲ ကျေနပ်သွားသည်။ ယင်းက ရေနှင်းဆီကို အပေးအယူလုပ်ရာ၌ အထောက်အကူဖြစ်စေပြီး သူမ၏ မိသားစုအတွင်း လွှမ်းမိုးမှု တိုးစေမှာပဲ ဖြစ်သည်။
“ဆည်းဆာပဲ့တင်သံက စီးပွားရေးကိစ္စတချို့ဆွေးနွေးစရာရှိတယ်လို့ ကြားထားတယ် … ဘာကိစ္စလည်းဆို သိပါရစေ … ”
” အစည်းအရုံးခေါင်းဆောင် ဘလက်ဖလိမ်း လိုရင်းပဲ ပြောပါမယ် … ဆည်းဆာပဲ့တင်သံက မုန်တိုင်းအင်ပါယာထဲမှာ မိုင်းတွင်းတစ်ခုကို တွေ့ခဲ့တယ် … ဒါပေမဲ့ ကျုပ်တို့အစည်းအရုံးရဲ့ ခွန်အားနဲ့ပဲဆို မိုင်းတွင်းကို ရအောင်မယူနိုင်မှာ စိုးရိမ်မိတယ် … ဒါကြောင့် ဆည်းဆာပဲ့တင်သံက ဇီးရိုးဝင်းနဲ့ ပူးပေါင်းပြီး မိုင်းတွင်းကို အတူတကွအုပ်စိုးချင်ပါတယ် … အကျိုးအမြတ်အတွက်ကတော့ ငါးဆယ်ငါးဆယ်ပါ … ”
နွေဦးအက်ခိုးက ဆည်းဆာပဲ့တင်သံသည် ရှီဖုန်းဆီ လျှို့ဝှက်မထားတော့ကြောင်း နားလည်၏။ ဆိုရလျှင် ဤနေရာ၌ ရေနှင်းဆီ ရှိနေ၏။ သို့သော် ထိုအကြောင်းအရင်းကြောင့်လည်း ရေနှင်းဆီက ဆည်းဆာပဲ့တင်သံကို ဇီးရိုးဝင်းဆီ ပူးပေါင်းဆောင်ရွက်ရန် ခေါ်လာနိုင်တာ ဖြစ်သည်။
” ဒါ စိတ်ဝင်စားဖို့ကောင်းတာပဲ … ခင်ဗျားတို့တွေတောင် မဖြေရှင်းနိုင်တဲ့ မိုင်းတွင်းတဲ့လား … ”
ရှီဖုန်းက အတော်လေးအံ့သြသွား၏။
မည်သို့ပင်ဖြစ်စေကာမူ ဆည်းဆာပဲ့တင်သံက ဝါရင့်ပထမတန်းအစည်းအရုံး ဖြစ်သည်။ မုန်တိုင်းအင်ပါယာက ၎င်း၏ သတ္တုတွင်းထွက်များကြောင့် နာမည်ကျော်ကြားပြီးသား ဖြစ်၏။ အင်ပါယာထဲ၌ မိုင်တွင်းများစွာ ရှိသည်။ ထို့ကြောင့် ပထမတန်းအစည်းအရုံးများစွာက တစ်ယောက်တစ်ယောက် ယှဥ်ပြိုင်နိုင်စရာ အကြောင်းမရှိပေ။
” အဲဒါက စွမ်းအင်သတ္တုရိုင်း ထုတ်လုပ်တယ်ဆိုရင်ရော … ”
နွေဦးအက်ခိုးက ပြုံးပြီးပြောလိုက်၏။
” သေချာလား … ”
သတင်းက ရှီဖုန်းကို ကြောင်အသွားစေသည်။
စွမ်းအင်သတ္တုရိုင်း
ယင်းက ရေဗန်၏ ဝိညာဥ်ဓာတ်သတ္တုရိုင်းထက် ပိုတောင်အဆင့်မြင့်သည့် ကုန်ကြမ်းဖြစ်သည်။
ကစားသမားများသည် ဝိညာဥ်ဓာတ်သတ္တုရိုင်းများကို တူးဖော်နေစဥ်တွင် မှော်သလင်းများရနိုင်ချေရှိပြီး စွမ်းအင်သတ္တုရိုင်းကို တူးဖော်နေစဥ် မှော်သလင်းများရရန် အခွင့်အရေးပိုရှိ၏။ ထို့အပြင် စွမ်းအင်သတ္တုရိုင်းက အသုံးများသည့် အင်မတန်ရှားပါးသော ကုန်ကြမ်းဖြစ်သည်။
လက်ရှိတွင် စွမ်းအင်သတ္တုရိုင်းတစ်ပုံကို ရွှေပြားနှစ်ပြားဖြင့် ရောင်းချနိုင်၏။ ကုန်ကြမ်းများ မလုံလောက်သည့်နေရာတွင် ရောင်းချမည်ဆိုပါက တစ်ပုံကို ရွှေပြားသုံးပြားဖြင့် ရောင်းချနိုင်ပေသည်။
လိုအပ်ချက်မြင့်မားမှုသည် စွမ်းအင်သတ္တုရိုင်း၏ အဓိကရည်ရွယ်ချက်နှစ်ချက်ကြောင့် ဖြစ်သည်။
ပထမတစ်ခုက သွန်းလုပ်ခြင်းဖြစ်၏။ ယင်းက သွန်းလုပ်ခြင်းအောင်မြင်သည့်နှုန်းကို တိုးမြင့်စေသည်။ ဒုတိယတစ်ခုက အင်ဂျင်နီယာပညာရပ်တွင် ဖြစ်၏။ ၎င်းကို အင်ဂျင်နီယာကိရိယာများ၌ အဓိကအစိတ်အပိုင်းများထုတ်လုပ်ရန် အသုံးပြုနိုင်သည်။
ထို့ကြောင့် စွမ်းအင်သတ္တုရိုင်းက ဈေးကြီးသည်။ ပုံမှန်ဆို ကစားသမားများသည် အနည်းအကျင်းသာ ရနိုင်၏။ ၎င်းကို ထုတ်လုပ်နိုင်သော သတ္တုကြောကို တစ်ခါမှ မတွေ့ဖူးပေ။
” သေချာပါတယ် … ”
နွေဦးအက်ခိုးက လေးနက်စွာ တုံ့ပြန်လိုက်၏။
” ခင်ဗျားနဲ့ ပူးပေါင်းဖို့ သဘောတူတယ် … ဒါပေမဲ့ သုံးဆယ်၊ ခုနှစ်ဆယ် လိုချင်တယ် … ဇီးရိုးဝင်းက ခုနှစ်ဆယ် သုံးဆယ်က ခင်ဗျားပဲ … ဒါ့အပြင် အနီးအနားကမြို့က ဇီးရိုးဝင်းရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိရမယ် … ”
ရှီဖုန်းက စဥ်းစားပြီးနောက် သူ၏ အခြေအနေများကို ပြောပြလိုက်သည်။
အခန်းရှိ လူတိုင်းက ရှီဖုန်း၏ တောင်းဆိုချက်ကိုကြားသည့်အချိန်၌ ပင့်သက်ရှိုက်မိသွားသည်။
ရေနှင်းဆီကတောင် ရှီဖုန်း ထိုကဲ့သို့ တောင်းဆိုလိမ့်မည်ဟု မထင်ထားပေ။
” အစည်းအရုံးခေါင်းဆောင် ဘလက်ဖလိမ်း … ခင်ဗျား နည်းနည်းတော့ လွန်ကဲမနေဘူးလား … ”
နွေဦးအက်ခိုးသည် အပြုအမူကောင်းသည့်သူတစ်ယေက်ဖြစ်သော်ငြား သူတောင် ဒေါသ မထိန်းနိုင်တော့ချေ။
ရှီဖုန်းသည် သူနှင့် ညှိနှိုင်းရန်ထက် သူ့ကို နောက်ပြောင်နေသည်ဟု ခံစားနေမိ၏။