ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 1195 မှားယွင်းတွက်ချက်မှုများ
” ခေါင်းဆောင် အဲဒီလူတွေက သန်မာလွန်းတယ် … ဒီအတိုင်းဆက်ဖြစ်နေရင် အားလုံးဒီမှာသေမှာပဲ … ”
ဘလူးဂျွိုင်းက အဖွဲ့လိုက်စကားပြောခန်းကနေ အမြန်ပြောလိုက်၏။
” ဒီနေရာကနေထွက်သွားဖို့ နည်းလမ်းတစ်ခုရှာကြမယ် … ”
သူမ၏ ရှေးစစ်သည်တော်စကေးကို အသက်သွင်းပြီးနောက် သူမသည် တစ်ယောက်ချင်း ရင်ဆိုင်တိုက်ခိုက်ရန် ထိန်းထားနိုင်သေးသည်။ သို့သော် နှစ်ယောက်တစ်ယောက် အခြေအနေတွင်မူ ဖိနှိပ်ခံနေရသည်။ သူမသည် တတိယရေတပ်သင်္ဘောအစုထဲ၌ ကစားသမားချင်းယှဥ်တိုက်ခိုက်ရာတွင် အတော်ဆုံးမဟုတ်သော်ငြား ထိပ်တန်းဆယ်ယောက်အတွင်း ဝင်သေး၏။ ထို့ကြောင့် သူမက ထိုကဲ့သို့ခဲရာခဲဆစ်ရင်ဆိုင်နေရလျှင် ကျန်သည့်လွတ်လပ်ခြင်း မဟာမိတ်အဖွဲ့ဝင်များဆိုလျှင် ပြောနေရန်မလိုတော့ချေ။ ယခုအချိန်၌ သူတို့၏ တစ်ခုတည်းသောအားသာချက်မှာ ထိုနတ်ဆိုးကစားသမားများက ရှေးစစ်သည်တော်စကေး အသုံးမပြုထားတာ ဖြစ်သည်။ ရှေးစစ်သည်တော်စကေးအသုံးပြုလိုက်လျှင် သူတို့၏ အခြေခံအရည်အချင်း အဆုံးထိရောက်သွားပြီး သူတို့က နတ်ဆိုးကစားသမားများကို ယခုအချိန်အတွက် ထိန်းထားနိုင်မှာပဲ ဖြစ်သည်။ သို့သော် ရှေးစစ်သည်တော်စကေး၏ အသုံးပြုနိုင်သည့်အချိန်က အင်မတန်တိုတောင်း၏။ တစ်ဖက်က တိုက်ပွဲကို ဆွဲနေခဲ့လျှင် သူတို့ဘက်က သေချာပေါက်သုတ်သင်ရှင်းလင်းခံရပေလိမ့်မည်။
” သူတို့က ဘယ်သူတွေလဲ … ”
ဖြတ်သန်းခြင်းဧကရာဇ်ကလည်း ယခုအချိန်တွင် စိုးရိမ်ပူပန်မှုတို့ တိုးလာ၏။
သူတို့၏ တတိယရေတပ်အစုအဖွဲ့ဝင်များက ပင်လယ်အဆုံးရှိ ကျွမ်းကျင်သူများဟူ၍ သတ်မှတ်၍ ရသည်။ သူက လွတ်လပ်ခြင်းမဟာမိတ်တစ်ခုလုံးရှိ ထိပ်တန်းကျွမ်းကျင်သူ ဆယ်ယောက်ထဲမှ တစ်ယောက်ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ သူသေခြင်းတရားပင်လယ်ထဲရောက်ရှိလာပြီးနောက် သူသည် မတူညီသည့်ကမ္ဘာတစ်ခုသို့ရောက်လာသည့်ပမာ ကျွမ်းကျင်သူတစ်ယောက်ပြီးတစ်ယောက်ကို တွေ့လာရတော့၏။ ရှီဖုန်းတစ်ယောက်သာဆိုလျှင် ပြဿနာမရှိပေ။ ယခု သူတို့ကို ကစားသမားတစ်ရာကျော်က လုပ်ကြံသတ်ဖြတ်နေလေရာ သူတို့၏ ရန်သူများက သူတို့ထက်သာလွန်သည့် ကျွမ်းကျင်သူများဖြစ်ကြသည်။ သူက ယခုအချိန်တွင် တူညီသည့်ဂိမ်းကို ဆော့နေပါရဲ့လားဟု စတင်သံသယဝင်လာမိ၏။
ဖြတ်သန်းခြင်းဧကရာဇ်သည် သူ၏ ရှေးစစ်သည်တော်စကေးကို အသက်သွင်းထားသော်ငြား သူ၏ ခွန်အားနှင့်အရှိန်က အနက်ရောင်ဝတ်ရိန်းဂျားထက် သာလွန်နေပြီး ရိန်းဂျားကိုမူ မတိုက်ခိုက်နိုင်ဖြစ်နေ၏။ ရိန်းဂျားက သူ၏ တိုက်ခိုက်မှုအားလုံးကို မြင်နိုင်သယောင်ဖြစ်နေ၏။ ရိန်းဂျားသည် သူ့တိုက်ကွက်များကို အလွယ်တကူရှောင်တိမ်းနိုင်ရုံသာမက ရှောင်တိမ်းနေစဥ် သူ၏ မျက်ကွယ်ထောင့်ကိုလည်း တိုက်ခိုက်နေ၏။ ယင်းက သူ့ကိုသူ ခုခံရာမဲ့စေ၏။ တန်ပြန်တိုက်ခိုက်ဖို့ကတောင် ခက်ခဲလာသည်။
နောက်တန်း၌ သူ့ကိုကုသပေးနေသော ကုသသူများကြောင့်သာမဟုတ်လျှင် ယခုလောက်ဆို သူပျောက်ကွယ်နေပြီ ဖြစ်သည်။
လက်ရှိတွင် တတိယမြောက်ရေတပ်သင်္ဘောအစု၌ လူအယောက်ခုနှစ်ဆယ်အောက်သာ ကျန်တော့သည်။ အပြစ်ခုနှစ်ပါးပန်းပွင့်အဖွဲ့ဝင်များကို ရင်ဆိုင်ရာတွင် သူတို့က အရေအတွက် တစ်ပန်းမသာရုံသာမက အရည်အသွေးကလည်း နိမ့်ကျနေ၏။
” အားလုံးပဲ လူစုကြ … စပိဘုတ်တွေအားလုံးကို ဖျက်ဆီးပြီး ဆုတ်ကြမယ် … ”
ဖြတ်သန်းခြင်းဧကရာဇ်က အမိန့်ပေးပြီးနောက် အံကြိတ်လိုက်တော့သည်။ ယခု တိုက်ပွဲ၏ရလဒ်က သိသာနေပြီဖြစ်ရာ ဤတိုက်ပွဲကို ဆက်တိုက်နေလို့ အကျိုးမထူးပေ။ သံသယဖြစ်ဖွယ်မရှိဘဲ သူတို့က သုတ်သင်ရှင်းလင်းခံရကာ သူတို့စပိဘုတ်များသည်လည်း အပြစ်ခုနှစ်ပါးပန်းပွင့်လက်ဝယ် ကျရောက်သွားလိမ့်မည်။ ထိုရလဒ်ကို လက်ခံမည့်အစား သူတို့စပိဘုတ်ကို ဖျက်ဆီးလိုက်တာက ပိုကောင်းပေမည်။ ဤနည်းဖြင့် မည်သည့်ဘက်ကမှ အနိုင်မရတော့ချေ။
ဖြတ်သန်းခြင်းဧကရာဇ် ထိုသို့ပြောပြီးသည်နှင့် လျင်မြန်နဂါးစပိဘုတ်ကနေ နှစ်မိတာခန့်မြင့်သည့် ရှေးစစ်သည်တော်တစ်ယောက် လွင့်ထွက်သွားတာကို တွေ့လိုက်ရ၏။ ရှေးစစ်သည်တော်၏ ခန္ဓာကိုယ်က မြေပြင်နှင့်ပြင်းထန်စွာတိုက်မိသွားပြီး သူ၏ HP က သုံးထောင်ကျော်ကျသွားလေ၏။
” တိုးရန့် မင်းအဆင်ပြေလား … ”
အနားရှိ အပြစ်ခုနှစ်ပါးပန်းပွင့်အဖွဲ့ဝင်များက အဆင့် (၄၂) ရှေစစ်သည်တော်ကို တအံ့တသြ ကြည့်မိသွားကြသည်။
ဗွိုင်အိုလန့်တိုးရန့်၏ တိုက်ပွဲဝင်စံသတ်မှတ်ချက်က သူတို့အဖွဲ့၏ ပျမ်းမျှသာရှိသော်ငြား သူက အဆင့် (၄၀) ရွှေစင်အစုံချပ်ဝတ်တန်ဆာအပြည့်အစုံကို ဝတ်ဆင်ထားပြီး အဆင့် (၄၀) မဟူရာရွှေတိုက်ပွဲဝင်ပုဆိန်ကို ကိုင်ဆောင်ထား၏။ ခွန်အားအရာတွင် သူတို့အဖွဲ့၌ ထိပ်တန်းငါးယောက်အတွင်းဝင်နိုင်သည်။
နတ်ဆိုးအသွင်ပြောင်းလဲပြီးနောက် သူ၏ ခွန်အားက (၁၅) ရာခိုင်နှုန်းတိုးလာသည်။ အဆင့် (၄၀) မဟူရာရွှေအစုံ အပြည့်အဝဝတ်ဆင်ထားသည့် ရှေးစစ်သည်တော်တစ်ဦးကတောင် ခွန်အားအရာတွင် ဗွိုင်အိုလန့်တိုးရန့်ကို အနည်းငယ်ရှုံးနိမ့်ပေလိမ့်မည်။ ထိုသို့တိုင် သူက ဓားသမားတစ်ယောက်ကြောင့် အမှန်တကယ်လွင့်ထွက်သွား၏။ ယင်းက မယုံနိုင်စရာကောင်းလှပေသည်။
” ငါအဆင်ပြေတယ် … ငါ့ရဲ့လက် နည်းနည်းထုံရုံပဲ … သူ့ရဲ့ ရှေးစစ်သည်တော်စကေးက ခွန်အားအခြေပြုတာပဲ ဖြစ်ရမယ် … မင်းတို့ကောင်တွေ ဂရုစိုက်သင့်တယ် … ”
ဗွိုင်အိုလန့်တိုးရန့်ဟု အမည်ရသောရှေးစစ်သည်တော်က လက်ခါပြီးနောက် ပြောလိုက်တော့သည်။
ကျန်သည့်သူများက သူစကားကို တုံ့ပြန်သည့်အနေဖြင့် ခေါင်းညိတ်ကြသည်။ ပြီးနောက် သူတို့က ရှီဖုန်းနား ဂရုတစိုက်ချဥ်းကပ်လာလေ၏။
နတ်ဆိုးအသွင်ပြောင်းလဲသွားပြီးနောက် သူတို့သည် ရှေးစစ်သည်တော်စကေး အသုံးပြုနိုင်စွမ်း ကင်းမဲ့သွား၏။ ယင်းက နတ်ဆိုးဖြစ်လာရန်အတွက် သူတို့ပေးရသည့်တန်ကြေး ဖြစ်သည်။ မဟုတ်လျှင် နတ်ဆိုးအသွင်ပြောင်းပြီး ရှေးစစ်သည်တော်စကေး၏ အာနိသင်ပါပေါင်းလိုက်လျှင် သူတို့ရရှိသည့် အရည်အချင်းဘောနက်စ်ကို စုပေါင်းလိုက်ပါက စွမ်းအင်လွန်ကဲနေမှာပဲ ဖြစ်သည်။ ပင်မနတ်ဘုရားစနစ်က ထိုသို့ဖြစ်ခွင့်မပေးမှာ သိသာ၏။
သို့သော် သူတို့၏ နတ်ဆိုးအသွင်ပြောင်းလဲမှုက ရှေးစစ်သည်တော်စကေးလောက် အရည်အချင်း များများစားစား မပေးနိုင်သော်ငြား သူတို့၏ ရုပ်ခန္ဓာ (၁၅) ရာခိုင်နှုန်းတိုးတက်မှုက အရည်အချင်း သာလွန်သည့် ပြိုင်ဘက်များထံမှ တိုက်ကွက်များကိုတောင် ရှောင်တိမ်းနိုင်အောင် လုပ်ပေး၏။ ဤနည်းဖြင့် သူတို့ပြိုက်ဘက်များကို ဖြည်းဖြည်းချင်းရိုက်ချနိုင်သည်။
ထိုစဥ် အဆင့် (၄၂) ငွေရောင်ဝတ်ရုံဝတ်ထားသည့် ဓာတ်ကြီးလေးပါးအသုံးပြုသူက ပြောလိုက်၏။
“ခွန်အားဓာတ်ပြုရှေးစစ်သည်တော်စကေးဆိုမှတော့ ငါတို့သူ့ကို ခပ်ဝေးဝေးကနေ တိုက်ခိုက်ကြမယ်…”
” မင်းတို့ကို ဘေးကနေ ပံ့ပိုးပေးနေမယ် … ”
ဗွိုင်အိုလန့်တိုးရန့်က ပြောပြီးနောက် လျင်မြန်နဂါးစပိဘုတ်ဆီသို့ တစ်ဟုန်ထိုးသွားလိုက်လေ၏။
သို့သော် အပြစ်ခုနှစ်ပါးပန်းပွင့်အဖွဲ့ဝင်များက တစ်စုံတစ်ခုကို နားလည်မှုလွဲနေတာ သိသာ၏။ ရှီဖုန်းက ယခုအချိန်တွင် မည်သည့်ရှေးစစ်သည်တော်စကေးမှ အသုံးမပြုထားပေ။ သူ၏ ယခင်ပိုင်းဖြတ်မှုက သာမန်တိုက်ကွက်သာ ဖြစ်၏။
ဗွိုင်အိုလန့်တိုးလန့် လွင့်ထွက်သွားရသည့် အကြောင်းအရင်းမှာ ရှီဖုန်း၏ ချပ်ဝတ်တန်ဆာ လက်တလော အဆင့်မြှင့်တင်မှုကြောင့် ဖြစ်သည်။ သူက ပြောင်းလဲမှုနှင့် သူ့ကိုသူ အသားမကျသေးပေ။ ထို့ကြောင့် သူ၏ စွမ်းအင်ကိုသင့်တော်စွာ မထိန်းချုပ်နိုင်ဘဲ ဗွိုင်အိုလန့်တိုးရန့်ကို မရည်ရွယ်ဘဲ လွင့်ထွက်အောင်လုပ်မိတာ ဖြစ်သည်။
ဗွိုင်အိုလန့်တိုးရန့်က လျင်မြန်နဂါးစပိဘုတ်သို့သွားနေသည့် လမ်းတစ်ဝက်သို့ရောက်သည့်အချိန်တွင် ရှီဖုန်းက စပိဘုတ်ပေါ်ကနေ ခုန်ဆင်းလာပြီးသား ဖြစ်သည်။ သူက လေဓားသွားကိုအသုံးပြုပြီး ရှေးစစ်သည်တော်စကေးဆီ တစ်ဟုန်ထိုးဝင်သွားလေရာ မြန်ဆန်လွန်းသောကြောင့် သူ့ကိုမည်သူမှ မမြင်နိုင်ပေ။
” မြန်လိုက်တာ … ”
ဗွိုင်အိုလန့်တိုးရန့်က တုံ့ပြန်သည့်အချိန်တွင် ရှီဖုန်းက သူရှေ့ရောက်နေပြီဖြစ်ကာ အသူရာဓားသွားက သူ့ဆီသို့ ရောက်ချလာ၏။
ဖန် …
ဗွိုင်အိုလန့်တိုးရန့်က ရှီဖုန်း၏ဓားကို ပိတ်ဆို့ရန်အတွက် လေပွေပိုင်းဖြတ်ခြင်းကို ထုတ်ဖော်လိုက်တော့သည်။
ဘာစွမ်အားလဲ။
ပြင်းထန်သည့်ခွန်အားက ဗွိုင်အိုလန့်တိုးရန့်ကို ဒူးထောက်ကျလုနီးပါး ဖြစ်သွားစေ၏။ ကံကောင်းသည်မှာ ရေခဲပြင်က သက်ရောက်မှုအချို့ကို ကူရှင်အဖြစ်ဆောင်ရွက်ပေးကာ ရေခဲလွှာအက်ကွဲကြောင်းများ ဖြစ်ပေါ်လာတော့၏။
သို့သော် တ၀်ချိန်ထဲနီးပါး၌ ဗွိုင်အိုလန့်တိုးရန့်က သူ၏ တိုက်ပွဲဝင်ပုဆိန်ဖြင့် အသူရာဓားသွားကို ဟန့်တားလျက် ရှီဖုန်းက ရှေးစစ်သည်တော်၏ ရင်ဘက်ကို သတ်ဖြတ်ခြင်းရောင်ခြည်ဖြင့် ပိုင်းဖြတ်လိုက်တော့၏။
ခုတ်ပိုင်းခြင်း
(-၂၅၅၇၈)
ချက်ချင်းပင် ဗွိုင်အိုလန့်တိုးရန့်က သူ့ HP တစ်သိန်းနှစ်သောင်း၏ လေးပုံတစ်ပုံဆုံးရှုံးသွာတော့သည်။
နတ်ဆိုးကစားသမားတွေမှာ မြင့်မားတဲ့ HP နဲ့ ခုခံမှုတွေ သေချာပေါက်ရှိနေတာပဲ။
ရှီဖုန်းက အနည်းငယ်အံ့သြသွားတော့သည်။ ဗွိုင်အိုလန့်တိုးရန့် သာမန်အဆင့် (၄၂) ရှေးစစ်သည်တော်တစ်ဦးဆိုလျှင် ရှီဖုန်းက ရှေးစစ်သည်တော်၏ HP ကိုတစ်ချက်ထဲဖြင့် သေစေနိုင်သောအဆင့်အထိ လျော့ချနိုင်မှာပဲ ဖြစ်သည်။
နတ်ဆိုးကစားသမားများက HP အများအပြားရှိရုံသာမက ခုခံမှုကိုလည်း သိသိသာသာမြင့်တင်မှု ရထား၏။ ထို့ကြောင့် သာမန်ကစားသမားများအဖို့ နတ်ဆိုးကစားသမားများကို ဖမ်းနိုင်ဖို့က အလွန်ခက်ခဲသည်။ ပုံမှန်ဆို အဆင့်တူနတ်ဆိုးကစားသမားတစ်ဦးကို ဖမ်းနိုင်ရန်အတွက် ကစားသမားအဖွဲ့တစ်ခု အနည်းဆုံးလိုအပ်သည်။ ထိုအကြောင်းအရင်းကြောင့် တစ်ကိုယ်တော်ကစားသမားအချို့နှင့် အမှောင်ကစားသမားများသည် နတ်ဆိုးတစ်ယောက်ဖြစ်လာရန် ရွေးချယ်လိုက်ကြ၏။
အတိတ်တုန်းက နတ်ဆိုး၏အပြန်ဟူသော တိုးချဲ့မှုအသစ်တောင် ပေါ်လာလေ၏။ ထိုတိုးချဲ့မှုကို ဖွင့်လစ်ရန်အတွက် လိုအပ်ချက်များထဲမှ တစ်ခုမှာ နတ်ဘုရားနယ်မြေထဲရှိ နတ်ဆိုးကစားသမား၏ အရေအတွက်က တိကျသောအဆင့်တစ်ခုထိ ရောက်ရမှာပဲ ဖြစ်သည်။
နတ်ဆိုးအပြန်တိုးချဲ့မှု ပွင့်သွားပြီးသည်နှင့် နတ်ဆိုးအင်ပါယာက နတ်ဘုရားနယ်မြေထဲတွင် ရုတ်တရက်ပေါ်လာတော့သည်။ ထိုစဥ်က အဖြစ်အပျက်သည် နတ်ဘုရားနယ်မြေကို ပရမ်းပတာဖြစ်သွားစေ၏။
” အဲဒီလူက ဘယ်သူလဲ … သူက တိုးရန့်ကို ဘာကြောင့်ထိခိုက်မှုတွေ အများကြီးရအောင် လုပ်နိုင်ရတာလဲ … ”
အနားရှိ အပြစ်ခုနှစ်ပါးပန်းပွင့်ကလည်း မှင်တက်နေကြသည်။
သူတို့က နတ်ဆိုးအသွင်ပြောင်းလဲပြီးနောက် သူတို့၏ ခုခံမှုမည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း အပြည့်အဝသတိပြုမိကြသည်။ ရှေးစစ်သည်တော်အမျိုးအစားက ရင်ကာသံချပ်ကာအမျိုးအစားလည်း ဖြစ်၏။ အဆင့်တူရှေးစစ်သည်တော်က အစွမ်းထက်သော စကေးတစ်ခုကို အသက်သွင်းပြီးနောက် ဗွိုင်အိုလန့်တိုးရန့်ကို (-၆၀၀၀) ထိခိုက်မှုဖြစ်အောင် ပြုလုပ်နိုင်လျှင် ကံကောင်းသည်ဟု ဆိုရမှာပဲ ဖြစ်သည်။ သို့သော်ငြား ရှီဖုန်းကမူ အခြေခံအကျဆုံး ခုတ်ပိုင်းခြင်းစကေးမျှဖြင့် ဗွိုင်အိုလန့်တိုးရန့်ကို (-၂၀၀၀၀) ခွဲထိခိုက်မှုဖြစ်စေခဲ့သည်။
ယခုအချိန်တွင် ရှေးစစ်သည်တော်က အကြည့်လွဲလိုက်ပြီး အမြန်အော်လိုက်၏။
” တိုးရန့်ကို မြန်မြန်ကုသပေ … ”
သာမန်စကေးတစ်ခုကတောင် ထိုမျှများပြားသည့် ထိခိုက်မှု ပြုလုပ်နိုင်ခဲ့လျှင် ရှီဖုန်းသည် အကွက်အနည်းငယ်အတွင်း ဗွိုင်အိုလန့်တိုးရန့်ကို သတ်ဖြတ်နိုင်ပေမည်။ ဗွိုင်အိုလန့်တိုးရန့်က အချိန်မီကုသမှု လုံလုံလောက်မရခဲ့ပါက ဓားသမားက သူ့ကိုအဆုံးသတ်သွားနိုင်၏။
” အင်း … ”
ဝတ်ရုံပြာနတ်ဆိုးဘာသာရေးခေါင်းဆောင်က ဂါထာကိုလျင်မြန်စွာ စတင်ရွတ်ဆိုတော့၏။
ထိုစဥ် ရှီဖုန်းက လွတ်လပ်ခြင်းမဟာမိတ်အဖွဲ့ဝင်များကို တစ်ချက်ကြည့်လိုက်ရာ သူတို့ ကြာကြာ မထိန်းနိုင်တော့မှန်း သဘောပေါက်လိုက်၏။ သူတို့က ကိုယ်ပိုင်စပိဘုတ်များကို ဖျက်ဆီးရန် ရည်ရွယ်နေပြီ ဖြစ်သည်။
ငါ သူတို့ကို မြန်မြန်အပြီးသတ်ဖို့လိုတယ်။
ရွေးချယ်စရာမရှိဘဲ ရှီဖုန်းက ကောင်းကင်ဘုံနဂါး၏ ဝင်သက်ငွေ့ကို အသက်သွင်းလိုက်သည်။
ရှီဖုန်းက ကောင်းကင်ဘုံနဂါး၏ ဝင်သက်ငွေ့ကိုအသက်သွင်းလိုက်သည်နှင့် သူ၏ ခန္ဓာကိုယ်တစ်ဝိုက်၌ ရွှေရောင်အလင်းလွှမ်းခြုံလာတော့၏။ ရွှေရောင်နဂါးကြေးခွံဖျော့ဖျော့က ခန္ဓာကိုယ်နားတစ်ဝိုက် ပေါ်လာပြီးနောက် သူက နဂါးကြေးခွံသံချပ်ကာကို ဝတ်ဆင်ထားသည့်ပမာ ထင်မှတ်ရစေသည်။
သူ၏ ခန္ဓာကိုယ်ကလည်း ပြိုင်ဘက်၏ အရှိန်အဝါများဖြာထွက်နေ၏။ ပြီးနောက် သူ့ရှေ့ရှိ ရှေးစစ်သည်တော်ကို ပိုင်းဖြတ်မှုတစ်ချက် ပို့လိုက်တော့သည်။
ထင်ယောင်ထင်မှားအရိပ်
ဗွိုင်အိုလန့်တိုးရန့်က အဖြစ်အပျက်ကို မမြင်ရသေးခင် အပြာရောင်အလင်းတန်းခြောက်ခုက သူ၏ ခန္ဓာကိုယ်ကို ဖြတ်သွားကာ မာကျောသောသံချပ်ကာကို ထိုးဖောက်သွား၏။ ဇဝေဇဝါဖြစ်နေသော အမူအရာက မျက်နှာထက်တွင် ပြည့်နေလျက် မြေပြင်ပေါ်ပြိုလဲသွားကာ HP က သုည ရောက်သွားတော့သည်။