ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 1200 မောက်မာထောင်လွှားခြင်းအပြစ်
အလွှာသုံးမှော်စာလိပ်များက နတ်ဘုရားနယ်မြေထဲတွင် အလွန်ရှားပါးသည်။ ဈေးကွက်ထဲတွင် စာလိပ်တစ်လိပ်ရှာတွေ့ဖို့က မဖြစ်နိုင်ပေ။ လူတစ်ယောက်က အလွှာသုံးမှော်စာလိပ်ကို ဝယ်ယူချင်လျှင် သူတို့ကဝယ်သူနှင့် အလွန်ရင်းနှီးသည့်ဆက်ဆံရေးရှိရန်လိုအပ်ပြီး အလှဲအလှယ်အနေဖြင့် ရှားပါးသောအိုင်တမ်များပေးနိုင်ရမည်။
ယခုအချိန်တွင် ဘရု့စ်လှံက ရှီဖုန်း၏ မှော်စာလိပ်နှစ်လိပ်လုံးကိုသိ၏။ တစ်ခုက ဧရာကြီးမားသည့်ဖျက်ဆီးခြင်းပါဝင်သည့် မှော်စာလိပ်ဖြစ်ပြီး ထိုစာလိပ်ကိုအသက်သွင်းလိုက်လျှင် သူ့ကဲ့သို့ HP မြင့်မားပြီး ခုခံမှုမြင်မားသည် နတ်ဆိုးကစားသမားများတောင် ချက်ချင်းသေဆုံးပေလိမ့်မည်။
ဒုတိယတစ်ခုက အလွှာသုံးခုခံခြင်းမှော်စာလိပ်ဖြစ်ပြီး ယင်းက လက်ရှိနတ်ဘုရားနယ်မြေထဲ၌ အကောင်းဆုံးအသက်ကယ်စာလိပ် ဖြစ်သည်။
အလွှာသုံးခုခံခြင်းမှော်စာလိပ်ကို အသက်သွင်းလိုက်သည်နှင့် ၎င်းကို ရင်ဆိုင်နေသည့် အနားရှိကစားသမားများက ကူကယ်ရာမဲ့သွားပေလိမ့်မည်။ အလွှာလေးဧရိယာကြီးမားသည့် ဖျက်ဆီးခြင်းဂါထာကတောင် အလွှာသုံးခုခံခြင်းဂါထာကို မဖြိုခွဲနိုင်ပေ။ အလွှာလေးဒဏ္ဍာရီမွန်းစတားများကတောင် ခုခံခြင်းဂါထာကို မဖြိုခွင်းနိုင်။ ရှီဖုန်းက ထိုမှော်စာလိပ်ကိုအသက်သွင်းခဲ့လျှင် သူတို့က ရှီဖုန်းနှင့် သူ၏အဖွဲ့ နတ်ဆိုးကျွန်းမှထွက်သွားသည်အထိ သူတို့ဘာမှလုပ်နိုင်မှာ မဟုတ်ပေ။
ယင်းက ဘရု့စ်လှံ လိုချင်သည့် ရလဒ်မဟုတ်ပေ။
” မင်းတို့တွေက အလွှာသုံးစာလိပ်နှစ်လိပ်သုံးဖို့ တကယ်ဆန္ဒရှိတယ်လား … ”
ဘရု့စ်လှံက ရှီဖုန်းကို ကြည့်လိုက်၏။ ရှီဖုန်းတို့အဖွဲ့၌ ထိုလျှို့ဝှက်ကတ်ပိုင်ဆိုင်ထားလိမ့်မည်ဟု မထင်ပေ။
ဖြစ်နိုင်လျှင် ရှီဖုန်းကိုသတ်ပြီး မှော်စာလိပ်များကို အသက်သွင်းလိုက်ချင်၏။ သို့သော် ရှီဖုန်း၏ စံသတ်မှတ်ချက်က အထွတ်အထိပ်ကျွမ်းကျင်သူတစ်ဦးဖြစ်ကြောင်း သူ ရှာတွေ့ထားပြီးသား ဖြစ်သည်။ နယ်မြေနယ်ပယ်ကျွမ်းကျင်သူတစ်ဦးကတောင် ရှီဖုန်း ထိုစာလိပ်များ အသက်မသွင်းနိုင်အောင် မတားနိုင်ပေ။
သို့သော် ဧရိယာကြီးမားသည့် ဖျက်ဆီးခြင်းမှော်စာလိပ်ဖြစ်စေ ခုခံခြင်းမှော်စာလိပ်ဖြစ်စေ နှစ်ခုစလုံးက ရှားပါးသောအိုင်တမ်များဖြစ်ပြီး ဂိမ်း၏ ဤအဆင့်၌ တန်ဖိုးရှိသောအိုင်တမ်များ ဖြစ်သည်။ ရှီဖုန်းသည် သူတို့ကို လွယ်လင့်တကူသုံးလိမ့်မည်ဆိုတာ သူမယုံပေ။
” ဘာတွေ တွန့်ဆုတ်နေရမှာလဲ … ”
ရှီဖုန်းက ရယ်မောလိုက်၏။
” အခုနတ်ဆိုးကျွန်းက အသွင်ပြောင်းသွားပြီ … ငါတို့ပြန်ရောက်သွားပြီဆိုတာနဲ့ ဒီအချက်အလက်ကို စူပါအင်အားစုအမျိုးမျိုးကို ရောင်းလို့ရပြီပေါ့ … သူတို့တွေက ငါဆုံးရှုံးမှုအတွက် လျော်ကြေးပေးဖို့ဆန္ဒရှိတာထက် ပိုမယ်ဆိုတာ သေချာတယ် … ”
ရှီဖုန်း၏ စကားကိုကြားသောအခါ ဘရု့စ်လှံနှင့် ကျန်သည့်အသင်းဖော်များ၏ အမူအရာက ရှုံ့မဲ့သွားသည်။ သူတို့က ရှီဖုန်းကို ဆုပ်ဖြဲပစ်ချင်လာ၏။
လက်ရှိတွင် သူတို့က နတ်ဆိုးကျွန်းပေါ်၌ ဖြေရှင်းစရာကိစ္စများစွာရှိသေးသည်။ ထို့ကြောင့် အပြီးမသတ်ခင် အချိန်ယူရအုံးပေမည်။ ကျန်သည့်စူပ်အင်အားစုများက နတ်ဆိုးကျွန်းအကြောင်းသိသွားခဲ့လျှင် စစ်ပွဲတစ်ခုဖြစ်လာမှာပင်။ ထိုသို့ဖြစ်လာခဲ့လျှင် ကျန်သည့်စူပါအင်အားစုများက သူတို့ရှာဖွေနေသည့် အချို့သောအိုင်တမ်အချို့ကို လုယူလောက်သည်။
ယင်းက သူတို့မြင်ချင်သည့်ရလဒ်တစ်ခုမဟုတ်တာ သေချာသည်။
” မင်းအတော်လေး ဉာဏ်ထက်တယ်ဆိုတာ ဝန်ခံရမှာပဲ … ဒါဆိုပြောကြည့်လိုက် မင်းဘာလိုချင်တာလဲ … ”
ဘရု့စ်လှံက ကြုံးဝါးပြီးနောက် ဒေါသတို့ကို ဖိနှိပ်လိုက်သည်။ ထိုစကားကိုကြားသောအခါ ရှီဖုန်း၏ နှုတ်ခမ်းထောင့်က မြင့်တက်လာပြီး အလျင်မလိုဘဲ ပြောလိုက်၏။
” ပြိုင်ပွဲတစ်ခုဆိုမှတော့ ငါတို့တွေလည်း အကျိုးအမြတ်တစ်ခု ထည့်ရမှာပေါ့ … မင်းတို့တောင်းဆိုချက်က တစ်ဖက်သတ်ဆန်လွန်းတယ် … ငါတို့နိုင်ရင် ဘေးကင်းကင်းနဲ့ထွက်သွားနိုင်မယ် … ရှုံးရင်တော့ ငါတို့ဝိညာဥ်ရဲ့ တစ်စိတ်တစ်ပိုင်းကို ထောက်ပံ့ပေးပြီး အချိန်အတော်ကြာအားနည်းတဲ့ကာလကို ဖြတ်သန်းရမှာ … မင်း ယှဥ်ပြိုင်ပွဲတစ်ပွဲ လိုချင်တယ်ဆိုရင် မျှမျှတတလုပ်လေ … ငါတို့ရှုံးရင် ဝိညာဥ်ထောက်ပံ့ပေးရမယ်ဆိုတော့ မင်တို့ တစ်ခုခုပေးသင့်တယ် မဟုတ်ဘူးလား … ”
နတ်ဆိုးနတ်ဘုရားချီးမြှင့်သည့် အိုင်တမ်များက မွန်းစတားများကျလာသည့် ပစ္စည်းများနှင့် မတူညီပေ။ ပိုင်ရှင်ကို ရယူရန်အတွက် နှစ်နာရီကြာစောင့်စားရသည်။ သူတို့သေသွားသည်နှင့် ကျလာနိုင်သောကြောင့် အိုင်တမ်များကို မသတ်မှတ်ထားလျှင် သူက ဘရု့စ်လှံကို သတ်ဖြတ်ခဲ့လျှင်တောင် ထိုလူ၏ အိတ်ထဲမှ အိုင်တမ်များရနိုင်မည်ဆိုတာ အာမခံချက်မရှိပေ။ တစ်စုံတစ်ခုကျလာလျှင်တောင် သူ အလိုရှိသည့် ဝိညာဥ်ကမ္ဘာလုံးမဖြစ်လောက်လေ။
အတိတ်တုန်းက စူပါအင်အားစုများစွာသည် ဝိညာဥ်ကမ္ဘာလုံးကို လိုချင်ခဲ့ကြပြီး ရိုးသားသည့်နည်းလမ်း၊ ကောက်ကျစ်သည့်နည်းလမ်း၊ နည်းလမ်းမျိုးစုံဖြင့် ယူခဲ့ကြ၏။ သို့သော် မည်မျှကြိုးစားစေကာမူ သူတို့က ဝိညာဥ်ကမ္ဘာလုံးကို အရမယူနိုင်ခဲ့ဘဲ ရွေးချယ်စရာမရှိတော့ဘဲ အပြစ်ခုနှစ်ပါးပန်းပွင့်နှင့် တန်ဖိုးရှိရတနာများ လှဲလှယ်ရတော့သည်။
” ထောက်ပံ့ရေးအိုင်တမ်တွေလား … ”
ဘရု့စ်လှံက ရှီဖုန်းကို စိုက်ကြည့်လိုက်သည်။ ကံဆိုးသည်မှာ သူက လက်ရှိဓားသမားနှင့် အပေးအယူလုပ်ရန်ဆန္ဒ မရှိပေ။ ဆန်ကျင်ဘက်အနေဖြင့် ရှီဖုန်းက သူ၏ အားနည်းချက်ဖြစ်သည့် နတ်ဆိုးကျွန်းကို လက်ဖဝါးထဲ၌ ဆုပ်ကိုင်ထားသည်။
” ကောင်းပြီ … မင်းတို့တွေနိုင်လို့ရှိရင် အဆင့် (၄၅) မဟူရာရွှေချပ်ဝတ်တန်ဆာအပိုင်းအစတွေပေးမယ် … ဒါပေမယ့် အနိုင်ရဖို့အတွက် ငါ့ရဲ့ HP ကို (၅၀) ရာခိုင်နှုန်းလျော့ချရမယ် … ရွေးချယ်စရာနှစ်ခုထဲက တစ်ခုရွေးလို့ရတယ် … ”
ဘရု့စ်လှံ၏ စကားကိုကြားသောအခါ ရှိနေသည့်သူများက ရှီဖုန်းကို မလေးစားဘဲမနေနိုင်ကြတော့ချေ။
အထူးသဖြင့် ဘရု့စ်လှံဘေးရှိ အပြစ်ခုနှစ်ပါးပန်းပွင့်၏ အဖွဲ့ဝင်ငါးယောက် ဖြစ်သည်။ ရှီဖုန်းက သူတို့ရန်သူ ဖြစ်နေခြင်းကြောင့်သာမဟုတ်လျှင် သူတို့က ထိုလူအတွက် လက်ခုတ်တီးလောက်၏။
ရှီဖုန်းသည် ဘရု့စ်လှံကို နောက်တစ်လှမ်းဆုတ်သွားအောင် ပြောနိုင်ခဲ့သည်မှာ အမှန်တကယ်ပါးနပ်ပြီး အံ့သြဖွယ်ကောင်းသည့်လုပ်ရပ်ဖြစ်၏။ ဆိုရလျှင် အပြစ်ခုနှစ်ပါးပန်းပွင့်ထဲ၌ ဘရု့စ်လှံက မောက်မာထောင်လွှားခြင်းအပြစ်သား၏ အဖွဲ့ဝင်ဖြစ်သည်။
ရှီဖုန်းက ပထမဆုံးရွေးချယ်မှုကိုယူပြီး ဆုလာဒ်မပါဘဲယှဥ်ပြိုင်ခဲ့လျှင် ရှီဖုန်းတို့အဖွဲ့က ဘရု့စ်လှံ၏ HP (၂၀) ရာခိုင်နှုန်းကျအောင်လုပ်ရန်သာ လိုအပ်သည်။ ဒုတိယရွေးချယ်မှုအတွက်မူ ဆုလာဒ်တစ်ခုရှိနေစဥ် သူတို့က ဘရု့စ်လှံ၏ HP ကိုတစ်ဝက်လျော့ချရပေမည်။ ကွာဟချက်က သိသာနေ၏။ ရှီဖုန်းတို့အဖွဲ့ အနိုင်ရချင်လျှင် သူတို့က ပထမဆုံးရွေးချယ်မှုကို ရွေးမှာသေချာနေသည်။ အဆုံးတွင်မူ ဘာမှမပြောင်းလဲသွားပေ။
” ဒီတော့ ခင်ဗျားဒီလိုပြောတာက ခင်ဗျားရဲ့ HP အားလုံး ကုန်အောင်လုပ်နိုင်မယ်ဆိုရင် ကျုပ်တို့ကို အံ့ဖွယ်အိုင်တမ်တစ်ခု ပေးမှာလား … ”
ရှီဖုန်းကမေးပြီး ပြုံးလိုက်လေ၏။
” မင်းက တကယ်လောဘကြီးတဲ့ကောင်ပဲ … မင်းတို့တွေက အံ့ဖွယ်အိုင်တမ်တစ်ခုနဲ့ တန်တယ်လို့ထင်နေလား … ”
ဘရု့စ်လှံက အထင်တသေးပြောလိုက်၏။
” အဆင့် (၄၅) မဟူရာရွှေချပ်ဝတ်တန်ဆာက မက်မောစရာဆိုပေမယ့် အဲ့လိုဟာမျိုး ကျုပ်မှာမရှိဘူးလို့ ထင်နေတာလား … ”
ရှီဖုန်းကပြောပြီးနောက် ဒေါသကြီးသောအာဏာရှင်လက်ကာများ၏ တောက်ပခြင်းအာနိသင်ကို ထုတ်ပြလျက် ရယ်မောလိုက်သည်။
အာဏာရှင်၏ အံ့ဖွယ်အဆင့် တောက်ပမှုက အားလုံးကိုကြက်သေသေသွားစေသည်။
ယခင်က ရှီဖုန်းသည် သူ့လက်နက်နှင့် ချပ်ဝတ်တန်ဆာများ၏ တောက်ပခြင်းအာနိသင်ကို ဖုံးကွယ်ထားခဲ့ရာ နတ်ဘုရားနယ်မြေရှိ အမျိုးမျိုးသော ကုန်ကြမ်းများကနေ ရှာဖွေခြင်းမပြုသရွေ့ အိုင်တမ်များ၏ အရည်အသွေးကို ဆုံးဖြတ်ရန် အင်မတန်ခက်ခဲသည်။
သိသာသည်မှာ မည်သူကမှ သူ့အိုင်တမ်၏ အရည်အသွေးကို မဆုံးဖြတ်နိုင်ပေ။ မဟုတ်လျှင် သူတို့ အံ့အားသင့်နေလောက်သည်။
အံ့ဖွယ်ချပ်ဝတ်တန်ဆာလား။ ဖြတ်သန်းခြင်းဧကရာဇ်ဧကရာဇ်သည် ရှီဖုန်း၏ လက်ကာများကို သတိပြုမိသည့်အချိန်၌ ထိတ်လန့်သွား၏။
လွတ်လပ်ခြင်းမဟာမိတ်တောင် အံ့ဖွယ်ချပ်ဝတ်တန်ဆာအပိုင်းအစတစ်ချို့သာ ပိုင်ဆိုင်ထား၏။ ရှီဖုန်းကဲ့သို့ တစ်ကိုယ်တော်ကစားသမားက အပိုင်းအစတစ်ခုပိုင်ဆိုင်ထားလိမ့်မည်ဆိုတာ မယုံနိုင်စရာကောင်းလှသည်။
” မင်းကို တကယ်လျော့တွက်ခဲ့မိတဲ့ ပုံပဲ … ”
ဘရု့စ်လှံက ရှီဖုန်း၏ ဒေါသကြီးသောအာဏာရှင်ကို ကြည့်နေချိန် သူ၏ မျက်လုံးထဲ၌ လောဘအရိပ်အယောင်များ ပေါ်လာ၏။
အံ့ဖွယ်ချပ်ဝတ်တန်ဆာက စူပါအစည်းအရုံးထဲတွင်တောင် ရှားပါးသည်။ စူပါအစည်းအရုံးများသည် အထွတ်အထိပ်ကျွမ်းကျင်သူများထက် အံ့ဖွယ်အိုင်တမ်များပိုနည်း၏။ အထွတ်အထိပ်ကျွမ်းကျင်သူများသာလျှင် အံ့ဖွယ်ချပ်ဝတ်တန်ဆာများရရှိသည်။ ဘရု့စ်လှံတောင် အံ့ဖွယ်ချပ်ဝတ်တန်ဆာအပိုင်းအစနှစ်ခုသာ ဝတ်ဆင်ထား၏။ သူက တစ်ခုကို အပြစ်ခုနှစ်ပါးပန်းပွင့်မှ ရထားတာဖြစ်ပြီး နောက်တစ်ခုက နတ်ဆိုးနတ်ဘုရား၏ တာဝန်ကနေရထားတာ ဖြစ်သည်။
သူ၌ အံ့ဖွယ်လက်ကာများမရှိပေ။ သူတို့ကို ရအောင်ယူနိုင်မည်ဆိုလျှင် အခြေခံအရည်အချင်းတိုးတက်သွားမှာ သေချာ၏။
” မင်းက ဒီလိုလုပ်ချင်တယ်ဆိုရင် ငါတို့ မျှမျှတတလုပ်တာပေါ့ … ငါက အံ့ဖွယ်အိုင်တမ်တစ်ခုလောင်းရင် မင်းတို့ကလည်း အံ့ဖွယ်အိုင်တမ်တစ်ခု လောင်းရမှာပေါ့ … ”
ဘရု့စ်လှံကပြောပြီး နှာခေါင်းရှုံ့လိုက်၏။
ရှီဖုန်း၏ အံ့ဖွယ်လက်ကာများကို ခိုးယူဖို့က မဖြစ်နိုင်တာ သိသာနေ၏။
သူက ရှီဖုန်းကို သတ်ဖြတ်ခဲ့လျှင်တောင် ဓားသမားက ကြုံရာအိုင်တမ်သာကျလာမည်။ အံ့ဖွယ်လက်ကာများ ကျနိုင်ချေက အလွန်နိမ့်၏။ သူက အလိုရှိလျှင် လောင်းကြေးထပ်ရမည်။
” မင်းရှုံးသွားရင် အံ့ဖွယ်အိုင်တမ်တစ်ခုပဲ ပေးဖို့လိုတယ် … ဒါပေမယ့် ငါတို့ရှုံးသွားရင် ငါတို့ဝိညာဥ်နဲ့ အံ့ဖွယ်အိုင်တမ်ပေးရမယ်ပေါ့ … ဒါကို မျှတတယ်လို့ ခေါ်တာလား … ”
ရှီဖုန်းက မဲ့ပြုံးပြုံးလိုက်၏။
” အကြွင်းမဲ့မျှတတာကိုလိုချင်ရင် ရတယ်လေ … မင်းနဲ့ငါ တစ်ယောက်တစ်ယောက်ချင်းချမယ် … ”
ဘရု့စ်လှံက ပြော၏။
” မင်းအနိုင်ရရင် ထိပ်တန်းအလွှာအံ့ဖွယ်အိုင်တမ်ပေးမယ် … ”
” ထိပ်တန်းအလွှာအံ့ဖွယ်အိုင်တမ်လား … ”
ရှီဖုန်း၏ အမူအရာက ရှုံ့မဲ့သွား၏။ ပြီးနောက် သူက ဒေါသကြီးသောအာဏာရှင်၏ အရည်အချင်းများကို အားလုံးမြင်အောင်ထုတ်ပြလိုက်၏။
” ငါထက် ပိုကောင်းတဲ့ အံ့ဖွယ်ချပ်ဝတ်တန်ဆာအပိုင်းအစတစ်ခု ကမ်းလှမ်းနိုင်ရင် ငါတွေးပေးမယ် … မဟုတ်ရင်တော့ အပေးအယူမဖြစ်ဘူး … “