ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 1216 ကျောက်တောမြို့၏ ထိတ်လန့်ဖွယ်အသွင်ပြောင်းလဲမှု
- Home
- ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား
- Chapter - 1216 ကျောက်တောမြို့၏ ထိတ်လန့်ဖွယ်အသွင်ပြောင်းလဲမှု
” မီးတောက်အပျက်အစီးလား … ”
ဖီးနစ်မိုးက ရှီဖုန်းကို ကြည့်နေစဥ် အတွေးနက်သွားလေ၏။ ခဏအကြာတွင် သူမက ပြောလိုက်သည်။
” ကောင်းပြီ … ကျွန်မရှင့်ကို ကတိပေးတယ် … ရှင်မီးတောက်အပျက်အစီးကို တိုက်ခိုက်မဲ့အချိန်ကြ ကျွန်မကို အကြောင်းကြားလိုက် … အချိန်ရောက်လာတဲ့အခါ ကျွန်မ လိုအပ်တဲ့လူအင်အားကို အသင့်ပြင်ထားပေးမယ် … ”
” ဒါပေမဲ့ ဒီအရာကို အရင်ပြောပါရစေ … အရွယ်အစားအလွန်ကြီးမားတဲ့ အဖွဲ့လိုက်မြေအောက်စခန်းရဲ့ သေခြင်းတရားပြစ်ဒဏ်က ဧရိယာကြီးမားတဲ့အဖွဲ့လိုက်မြေအောက်စခန်းထက် ပိုကြီးလေးတယ်ဆိုတာ သိထားသင့်တယ် … တစ်ဖွဲ့လုံးရှင်းထုတ်ခံရတာ သုံးကြိမ်သုံးခါ ကြုံရမယ်ဆိုရင် ကျွန်မလူတွေကို ပြန်ခေါ်သွားမယ် … ဝိညာဥ်ရည်ဆယ်ပုလင်းကိုတော့ ပြန်ပေးမှာမဟုတ်ဘူး … ”
အရွက်အစား အလွန်ကြီးမားသည့် ပုံမှန်အဖွဲ့လိုက်မြေအောက်စခန်း၏ ခက်ခဲမှုက အယောက်တစ်ရာ ငရဲအဆင့် အဖွဲ့လိုက်မြေအောက်စခန်းနှင့် ယှဥ်နိုင်ပေ၏။ သူမက ဇီးရိုးဝင်းကို အထင်သေးတာမဟုတ်။ ဇီးရိုးဝင်းက အဆင့် (၅၀) အလွှာနှစ်ကစားသမားအယောက်တစ်ရာပါဝင်သည့် အဖွဲ့ကို ပို့လိုက်မည်ဆိုလျှင်တောင် သူတို့အဖို့ အယောက်တစ်ရာငရဲအဆင့် အဖွဲ့လိုက်မြေအောက်စခန်း၏ ပထမဆုံးရှင်းလင်းမှုကို ရဖို့ကမဖြစ်နိုင်ဟု သူမ ယုံကြည့်နေသည်။
သူမက သူမ၏ ကျွမ်းကျင်သူများကို သေခြင်းတရားဆီသို့ တွန်းပို့လိုစိတ်လည်း မရှိပေ။
” ဒါ ကိစ္စမရှိဘူး … ”
ရှီဖုန်းက တွေဝေမနေဘဲ ပြန်ပြောလိုက်၏။
အတိတ်တုန်းက အမျိုးမျိုးသောအစည်းအရုံးကြီးများသည် အရွယ်အစားအလွန်ကြီးမားသည့် မြေအောက်စခန်းများကို သိပ်အလေးမထားခဲ့ကြပေ။ အကြောင်းမှာ ထိုမြေအောက်စခန်းများမှ ကျသည့်အိုင်တမ်များသည် အယောက်တစ်ရာ ဧရိယာကြီးမားသည့် အဖွဲ့လိုက်မြေအောက်စခန်းထဲတွင် ရရှိသည့်ပစ္စည်းများနှင့် အခြေခံအားဖြင့် တူညီသောကြောင့် ဖြစ်သည်။
ပိုခက်ခဲသည့် အရွယ်အစားအလွန်ကြီးမားသည့် အဖွဲ့လိုက်မြေအောက်စခန်းများကို စီးနင်းတိုက်ခိုက်ခြင်းဖြင့် အချိန်ဖြုန်းနေမည့်အစား ဧရိယာကြီးမားသည့် အဖွဲ့လိုက် မြေအောက်စခန်းများစွာကို စီးနင်းတိုက်ခိုက်ခြင်းက ပိုပြီးအကျိုးထူးပေလိမ့်မည်။
သို့သော် သူတို့၏ အကန့်အသတ်ကို စိန်ခေါ်ရတာနစ်ခြိုက်သည့် ကစားသမားအချို့နှင့် အဖွဲ့ကလည်း ရှိသေးသည်။ တဖြေးဖြေးချင်း ဆက်တိုက်အားစိုက်ထုတ်ပြီးနောက် အဖွဲ့သည် အရွယ်အစား အလွန်ကြီးမားသော အဖွဲ့လိုက်မြေအောက်စခန်း၏ ပထမဆုံးရှင်းလင်းမှုကို ရယူခဲ့သည်။
ထိုစဥ်က လူများစွာသည် ရှင်းလင်းသည့်သူများကို အထင်သေးခဲ့ကြသည်။ ဆိုရလျှင် ထိုလူများက သူတို့အဆင့်များကို ဖိနှိပ်ထားပြီး အဆင့် (၅၀) အရွယ်အစားအလွန်ကြီးမားသည့် အဖွဲ့လိုက်မြေအောက်စခန်းများကို တိုက်ခိုက်ရန် အလုပ်များနေစဥ် ကစားသမားအများစုကမူ အဆင့် (၂၀) ကျော် သာသွားပြီဖြစ်၏။ သူတို့က မြေအောက်စခန်းကနေ ထိပ်တန်းအလွှာချပ်ဝတ်တန်ဆာ ရယူနိုင်ခဲ့လျှင်တောင် ထိုမျှဝေးသည့် အဆင့်ကွာဟချက်က ချပ်ဝတ်တန်ဆာများစွာရရှိခြင်းကို အကျိုးမဲ့စေ၏။ အံ့ဖွယ်အိုင်တမ်များကသာလျှင် တန်ဖိုးရှိ၏။ ထိုသို့တိုင် အရွယ်အစားအလွန်ကြီးသည့် အဖွဲ့လိုက်မြေအောက်စခန်းထဲတွင်တောင် အံ့ဖွယ်အိုင်တမ်ကျတာရှားသည်။ ထို့ကြောင့် ဤကဲ့သို့မြေအောက်စခန်းတစ်ခုကို စီးနင်းတိုက်ခိုက်ခြင်းက အားစိုက်ထုတ်ရကျိုး မနပ်ပေ။
သို့သော် အဖိုးမထိုက်တန်ဟု ထင်ရသော အရွယ်အစားအလွန်ကြီးမားသည့် အဖွဲ့လိုက်မြေအောက်စခန်းကနေ မြို့ရွေ့ပြောင်းခွင့်ကို ရရှိလိမ့်မည်ဟု မည်သူမှမထင်ထားပေ။
ကစားသမားများသိမ်းပိုက်ထားသော NPC မြို့များသည် သူတို့၏ တည်နေရာက အသေဖြစ်ကြောင်း အခြေခံဗဟုသုတရှိကြသည်။ လူတစ်ယောက်က အခြေခံမြို့လေးကို အစစ်အမှန်မြို့ကြီးတစ်မြို့အဖြစ် အဆင့်မြင့်တင်ချင်လျှင် သူတို့က အချိန်နှင့် အားစိုက်ထုတ်မှုများစွာအပါအဝင် အရင်းအမြစ်များစွာကို ရင်းနှီးမြှုပ်နှံရလိမ့်မည်။
မြို့တစ်မြို့ကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ခြင်းက ပြင်းရိငြီးငွေ့ဖွယ်ကောင်းနေသည်ဆိုလျှင် မြို့ပေါင်းများစွာကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ခြင်းက မည်မျှဒုက္ခများမည်ဆိုတာ မှန်းဆနိုင်၏။ သိမ်းပိုက်ထားသော NPC မြို့များသည် ခေတ်နောက်ကျပေလိမ့်မည်။ ကျောက်တောမြို့ကို ဥပမာယူနိုင်ပေ၏။ မြို့၏ တည်နေရာသည် ကျောက်လက်သည်းတောင်းတန်းကဲ့သို့ တည်နေရာဘေးတွင်ရှိနေသောကြောင့် ယင်းသည် ကစားသမားများနှင့် အစည်းအရုံးများအတွက် ခရီးသွားရာနေရာတစ်ခု ဖြစ်လာခဲ့သည်။
သို့သော် အဓိကကစားသမားများသည် အဆင့် (၅၀) ကျော်သည်နှင့် ဒေသတွင်း မြေအောက်စခန်းထဲသို့ ဝင်နိုင်တော့မှာမဟုတ်ပေ။ ထိုကဲ့သို့ အခြေအနေ၏ရလဒ်ကို မှန်းဆနိုင်ပေ၏။ ဤအချိန်ကြလျှင် မြို့က ၎င်း၏ လူကြိုက်များမှု သေချာပေါက်ဆုံးရှုံးမည်ဖြစ်ကာ ဖွံ့ဖြိုးတိုးတက်မှုကလည်း နှောင့်နှေးသွားလိမ့်မည်။
အမှောင်ပြိုင်ကွင်း၏ ထောက်ပံ့ပေးမှုဖြင့်တောင် မြို့ကို သက်ဝင်လှုပ်ရှားနေစေရန် ထိန်းထားဖို့က အလွန်ခက်ခဲသည်။ ဆိုရလျှင် မှော်မျှော်စင်က ထူးကဲသည့်အရာမဟုတ်။ ကစားသမားများက ပိုမြင့်သည့်အဆင့်ကို ရောက်လာသည်နှင့် အမျိုးမျိုးသောအစည်းအရုံးကြီးများကလည်း ၎င်း၏ ဒီဇိုင်းကို ရလာလိမ့်မည်။ ထို့ကြောင့် အချိန်ရောက်လျှင် ကျောက်တောမြို့၏ မြင့်မားသည့်ဝိညာဥ်ဓာတ်စွမ်းအား သိပ်သည်းမှုက ရှေ့ထွက်မရပ်နိုင်တော့ချေ။
ထို့အပြင် သူတို့၏ NPC မြို့များက ခေတ်နောက်ကျသွားပြီးနောက် အစည်းအရုံးများကလည်း NPC မြို့သစ်တစ်မြို့ကို သိမ်းပိုက်ပြီး ဖွံ့ဖြိုးတိုးတက်မှု သံသရာကို စတင်မည်ဖြစ်ကာ နောက်ထပ်လူ့စွမ်းအားအရင်းအမြစ်၊ အချိန်၊ ငွေကြေးစသည်ဖြင့် ရင်းနှီးမြှုပ်နှံရအုံးမှာပဲ ဖြစ်သည်။
ထို့ကြောင့် မြို့ရွေ့ပြောင်းခွင့်၏ အားသာချက်သည် ချက်ချင်းသိသာလာတော့၏။ မြို့ရွေ့ပြောင်းခွင့်တစ်ခုဖြင့် ကစားသမားများသည် တူညီသည့်နိုင်ငံအတွင်းရှိ မည်သည့်နေရာဆီမဆို မြို့ကိုရွေ့ပြောင်းနိုင်ကာ အစည်းအရုံး၏ အပတ်တစ်ကုတ် ကြိုးစားအားထုတ်မှု အရင်းအမြစ်များအားလုံးကို ရွေးချယ်ထားသည့်မြို့အချို့ဆီ ဖွံ့ဖြိုးတိုးတက်အောင် ထိန်းထားခွင့်ပေးသည်။
သို့သော် မြို့ရွေ့ပြောင်းခွင့်က အရွယ်အစားအလွန်ကြီးမားသည့် အဖွဲ့လိုက်မြေအောက်စခန်းများ၏ ပထမရှင်းလင်းမှုအတွက် ရရှိသည့် တမူထူးကဲသော ရလဒ်တစ်ခုသာ ဖြစ်သည်။ အရွယ်အစားအလွန်ကြိးမားသည့် မြေအောက်စခန်းတစ်ခုကို ရှင်းလင်းပြီးသည်နှင့် နောက်ပိုင်းတွင် အကြိမ်မည်မျှ စီးနင်းတိုက်ခိုက်စေကာမူ မြို့ရွေ့ပြောင်းခွင့်မကျလာတော့ပေ။
လက်ရှိတွင် ကစားသမားအများစုက အဆင့် (၅၀) နားရောက်လာပြီဖြစ်သည်။ ကျန်သည့်တိုင်းပြည်များနှင့် အင်ပါယာများရှိ တစ်ကိုယ်တော်ကစားသမားကတောင် ကျောက်တောမြို့အကြောင်း ရှာတွေ့ပြီဆိုလျှင် သူတို့က သူတို့ရွေ့ပြောင်းသင့် မရွေ့ပြောင်းသင့် စဥ်းစားတော့မှာပဲ ဖြစ်သည်။ ယင်းက အမျိုးမျိုးသော စူပါအင်အားစုများသည် ကျောက်တောမြို့ ရရှိနေသည့် အကျိုးအမြတ်ကို အားကျသော်ငြား သူတို့က အမှန်တကယ် မလှုပ်ရှားရသည့်အကြောင်းအရင်း ဖြစ်သည်။
သို့သော် ကျောက်တောမြို့ကို လက်ရှိတစ်ကိုယ်တော်ကစားသမားများအတွက် ပိုတောင် သင့်တော်သည့်မြေပုံတစ်ချပ်ဆီသို့ ပြန်လည်ရွေ့ပြောင်းနိုင်မည်ဆိုလျှင် ၎င်း၏ ဆွဲဆောင်နိုင်စွမ်းက သေချာပေါက်တိုးလာမှာပဲ ဖြစ်သည်။ ထို့အပြင် ကစားသမားများက ကျောက်တောမြို့သည့် ကစားသမား၏ အဆင့်အလိုက် ပြန်လည်ဆက်တိုက်ရွေ့ပြောင်းနိုင်စွမ်း ရှာတွေ့မည်ဆိုလျှင် ထိုအရေးအရာက တစ်ကိုယ်တော်ကစားသမားများအတွက် သေစေနိုင်လောက်အောင် ဆွဲဆောင်နိုင်စွမ်း ရှိလာလိမ့်မည်။
ထိုအချိန်ရောက်လျှင် တိုက်ပွဲပြိုင်ကွင်းကနေ ကျောက်တောမြို့ရရှိသည့် မှော်သလင်းပမာဏက အမြောက်အမြား ဖြစ်လာပေလိမ့်မည်။
ထို့ကြောင့် ရှီဖုန်းသည် မည်မျှရွေ့ပြောင်းစေကာမူ မြို့ရွေ့ပြောင်းခွင့်ရအောင် ယူရမည်။
ပြီးနောက် ရှီဖုန်းနှင့် ဖီးနစ်မိုးက စာချုပ်ရေးထိုးလိုက်၏။ သူက စရန်ငွေအဖြစ် ဝိညာဥ်ရည်တစ်ပုလင်းကို ပေးပြီး ကျန်သည့်ကိုးပုလင်းကို စာချုပ်ပြီးမြောက်သည့်အချိန်တွင် ပေးမှာပဲဖြစ်သည်။
ဖီးနစ်မိုးက ထိုတောင်းဆိုချက်ကို စိတ်ထဲမထားပေ။ ဆိုရလျှင် ဝိညာဥ်ရည်က သုံးစွဲနိုင်သည့်ကာလ အကန့်အသတ်မရှိ။ အချိန်မရွေးအသုံးပြုနိုင်သည်။ ထို့အပြင် လျှို့ဝှက်ဂါထာ ရွတ်ဆိုခြင်းနည်းစနစ်သည် တစ်ကြိမ်အသုံးပြုပြီးဖြစ်ရာ သူမသည် မည်သူကိုမှ အထဲထပ်မပို့ခင် တစ်လ စောင့်ဆိုင်းရအုံးမည်။ ထိုအချိန်ရောက်လျှင် ဝိညာဥ်ရည်ဆယ်ပုလင်းက သူမလက်ထဲရောက်လာမှာပဲ ဖြစ်၏။
ကျောက်တောမြို့နှင့် မလှမ်းမကမ်းရှိ သိပ်သည်းသောတောအုပ်ထဲတွင် ကျောက်တောမြို့ဆီသို့ ခရီးသွားလမ်းကြောင်း ဖွင့်လစ်လိုက်ပြီး ယာယီမြင်းလှည်းများ ငှားရမ်းပေးခြင်းကြောင့် ကျောက်တောမြို့သို့သွားကြသည့် ကစားသမားများနှင့် NPC ကုန်သည်အရေအတွက်က သိသိသာသာတိုးလာ၏။ ယခုအချိန်တွင် ပို့ဆောင်ရေးလမ်းကြောင်းသည် ကျောက်တောမြို့မြင်ကွင်း၏ တစ်စိတ်တစ်ပိုင်းဖြစ်လာ၏။
ထိုစဥ် အစီးတစ်ရာကျော်သော မြင်းလှည်းများက သိပ်သည်းသောတောအုပ်ကို ဖြတ်သွားနေလေ၏။ သူတို့ထဲတွင် အဆင့်မြင့်မြင်းလှည်းများတောင်ပါပြီး ဇီးရိုးဝင်းက ငှားရမ်းပေးထားသော ယာယီမြင်းလှည်းများနှင့်မတူပေ။ သူတို့၏ ခရီးသည်များကလည်း အဆင့်အလွန်မြင့်ပြီး သူတို့ထဲတွင် အဆင့်အနိမ့်ဆုံးက အဆင့် (၄၀) ဖြစ်၏။ အစည်းအရုံးကြီးတစ်ခုထဲတွင် ထားလိုက်လျှင် အနည်းဆုံးတော့ သူတို့က လက်ရွေးစင်များဖြစ်လောက်သည်။
” ဒုခေါင်းဆောင် ဒီလူတွေက သိပ်ကိုသန်မာလွန်းတယ် … ကျုပ်တို့တွေ နောက်တစ်သုပ်အထိ စောင့်စားသင့်တယ် … ”
အဆင့် (၄၁) မီးခိုးရောင်ဝတ် လုပ်ကြံသတ်ဖြတ်ရေးသမားက တောအုပ်ထဲတွင်ပုန်းနေလျက် မဟူရာရွှေလေးရှည်ကိုကိုင်ဆောင်ထားသည့် အဆင့် (၄၂) ရိန်းဂျားကို အကြံပြုလိုက်၏။
” တော်စမ်း … ဘယ်နှစ်ဖွဲ့သွားပြီးနေပြီလဲ … ”
လေးရှည်ကို ကိုင်ဆောင်ထားသည့်လူက ဒေါသတကြီးဖြစ်နေလေ၏။
” ဒီလိုဖြစ်မယ်မှန်းသာသိရင် ငါက နတ်ဆိုးဝိညာဥ်အစည်းအရုံးနဲ့ အမဲလိုက်တဲ့ဧရိယာတွေကို သိမ်းထားလိုက်ရမှာကွာ … ဒီနှုန်းနဲ့ဆိုရင် ငါတို့ စီးပွားမရှာနိုင်တော့ပဲနေမှာ … ”
ကြယ်လမြို့ထဲ၌ လှည့်လည်သွားလာနေသော အမျိုးမျိုးသောအမှောင်အစည်းအရုံးများသည် ကောင်းကင်ဘုံမြှုပ်နှံရာနှင့် စာချုပ်တစ်ခုရေးထိုးပြီးပြီဖြစ်ခါ ကျောက်တောမြို့နား၌ ဆောင်ရွက်နေကြသည့် ကစားသမားများကို သတ်ဖြတ်ရန် သူတို့အဖွဲ့ဝင်များကို စေလွှတ်မည်ဖြစ်ကာ ကျောက်တောမြို့၏ ဖွံ့ဖြိုးတိုးတက်မှုကို လျော့ချရန် ယင်းကိုအခွင့်အရေးအနေဖြင့် အသုံးပြုလိမ့်မည်။
မူလက သူတို့အတွက် အပေးအယူကောင်းတစ်ခု ဖြစ်သင့်သည်။ ဆိုရလျှင် တစ်ကိုယ်တော်ကစားသမားများစွာနှင့် အဖွဲ့များက ကျောက်တောမြို့ဆီသို့ သွားလာနေကြ၏။ သူတို့က သားကောင် မချို့တဲ့ပေ။
သို့သော် လွန်ခဲ့သည့်တစ်နာရီ၌ ကျောက်တောမြို့သည် သူတို့အစည်းအရုံး၏ စီးပွားရေးကို တိုက်ရိုက်အနှောင့်အယှက်ဖြစ်စေသည့် ကြေညာချက်ကို ရုတ်တရက်ထုတ်ပြောခဲ့သည်။
ကျောက်တောမြို့သည် တိုက်ပွဲပြိုင်ကွင်း၌ကျင်းပမည့် တိုက်ပွဲအတွက် ဆုလာဘ်ကို တိုးပေးလိုက်သည့်အပြင် ပိုကောင်းသည့်မြင်းလှည်းများကိုလည်း အစားထိုးမည်ဟု ထုတ်ပြခဲ့၏။
နေ့စဥ်နေ့တိုင်း ပွဲစဥ်လေးများအတွက် ချန်ပီယံဖြစ်လာသည့်သူတိုင်းက ထိပ်တန်းအလွှာ ချပ်ဝတ်တန်ဆာနှင့် လက်နက်များကို ဆုလာဘ်အဖြစ်ရရုံသာမက မှော်သလင်းများနှင့် ဝိညာဥ်ဓာတ်စွမ်းအား သံချပ်ကာကိုလည်း ရရှိမည်။ ထိပ်ဆုံးကစားသမားသုံးယောက်က အဆင့်မြင့်ဝိညာဥ်ဓာတ်စွမ်းအားသံချပ်မှအပ ဆင်တူသည့်ဆုလာဘ်များ ရရှိလိမ့်မည်။ အရေးကြီးဆုံးက ကစားသမားများသည် ပွဲစဥ်လေး၏ ချန်ပီယံများဖြစ်လာပြီးနောက် သူတို့သည် တိုက်ပွဲပြိုင်ကွင်း၏ သတ္တမအလွှာ၌ ဆယ်ရက်တာအတွက် သီးသန့်ခန်းထဲတွင် နေထိုင်ခွင့်ရရှိမည်။ အမှောင်ပြိုင်ကွင်းက ဆယ့်ငါးရက်လျှင်တစ်ကြိမ် ပွဲကြီးကျင်းပ၏။
ချန်ပီယံအတွက်ဆုလာဘ်က ပိုတောင်ကြောက်စရာကောင်းသည်။ လက်နက်များ၊ ချပ်ဝတ်တန်ဆာများ၊ အဆင့်မြင့်ဝိညာဥ်ဓာတ်စွမ်းအားသံချပ်ကာကိရိယာများရနိုင်သည့်အပြင် ချန်ပီယံသည် အဋ္ဌမအလွှာရှိ သီးသန့်ခန်းထဲတွင် နေထိုင်စဥ် တိုက်ပွဲဝင်နည်းစနစ်တစ်ခုကိုလည်း ရရှိမည်ဖြစ်ကာ အဋ္ဌမအလွှာသည် တိုက်ပွဲပြိုင်ကွင်း၏ ထိပ်ဆုံးအလွှာလည်းဖြစ်ပြီး တစ်လတာနေထိုင်နိုင်မည်။ ထိပ်ဆုံးကစားသမားငါးယောက်က အဋ္ဌမအလွှာတွင် တစ်လတာနေထိုင်နိုင်မည်ဖြစ်ကာ လက်နက်နှင့် ချပ်ဝတ်တန်ဆာများ၊ အဆင့်မြင့်ဝိညာဥ်ဓာတ်စွမ်းအား သံချပ်ကာကိရိယာများကိုလည်း သူတို့၏ အဆင့်အလိုက် ဆုရရှိမည်။
ထို့အပြင် သီးသန့်ခန်းရရှိသည့်သူများက သူတို့၏ ကိုယ်ပိုင်အခန်းများကို ပြီးစီးအောင် စီမံခန့်ခွဲနိုင်ကြမည်။ သူတို့၌ ပိုက်ဆံရှိသရွေ့ စွန့်စားသူအဖွဲ့အစည်း၌ ဂိမ်းငွေကြေးအချို့သုံးကာ သူတို့အခန်းဆီသို့ ပြန်လာနိုင်သည်။ မှော်စာလိပ်ကိုသုံးပြီး သူတို့အခန်းထဲ၌ မှော်အစီအရင်တစ်ခု တည်ဆောက်ပိုင်ခွင့်ရှိသည်။ ယင်းက အကျိုးခံစားခွင့်အသစ် ဖြစ်၏။ အတိတ်တုန်းက အခန်းများသည် ကစားသမားများကို ယာယီငှားရမ်းပေးရုံသာဖြစ်သည်။ သို့သော် ယခုမူ ကစားသမားများက သူတို့နေထိုင်နေစဥ်အတောအတွင်း တစ်ခုလုံး၌ သီးသန့်ခန်းများ၏ ပိုင်ရှင်ဖြစ်လာမည်။
ထိုအချက်အလက်များ မိတ်ဆက်ပေးခြင်းကြောင့် အစကကျောက်တောမြို့ကို စိတ်ဝင်စားမှု နည်းပါးကြသည့် တစ်ကိုယ်တော်ကျွမ်းကျင်သူများစွာသည် ချက်ချင်းပင် လှုပ်ရှားလာကြ၏။ ထိုအခြေအနေသည် အမှောင်ကစားသမားများကို ကံဆိုးစေတော့သည်။ ဆိုရလျှင် ကျောက်တောမြို့ထဲသို့ဝင်သွားသည့် ကစားသမားအဖွဲ့များစွာ၌ မည်သူကိုမှ သူတို့ ရန်မစသင့်သောကြောင့် ဖြစ်သည်။