ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 1218 ပင်လယ်နတ်ဘုရား၏ ကောင်းချီး
ရှီဖုန်းသည် ပို့ဆောင်ရေးခန်းမထဲမှထွက်လာသည်နှင့် မိုးပြာရောင်ကောင်းကင်က သူ့ကို ဆီးကြိုနေ၏။ ပို့ဆောင်ရေးခန်းမရှိသည့် တောင်ကုံးအောက်တွင် လှေအမျိုးမျိုးက ကျွန်းနားတစ်ဝိုက် ကမ်းကပ်ထားတာကို တွေ့လိုက်ရသည်။ ဆိပ်ကမ်း၌ ကစားသမားများစွာလည်း ရှိနေပြီး ပါတီအတွက် အော်ခေါ်နေ၏။
“အဖွဲ့က ဧရာမသားရဲတွေကို တာဝန်အတွက် အမဲလိုက်ဖို့ အဆင့် (၄၀) ကျော်ကစားသမားတွေကို ရှာနေပါတယ် … အဆင့်မြင့်စပိဘုတ်လေးစင်း ပြင်ဆင်ထားပြီးပါပြီ … ဝါရင့်တွေပါပဲ … လူသစ်တွေ ဘေးထွက်နေပါ … ”
“အနီရောင်ရိစ်ပင်လယ်အော်ကိုသွားပြီး အနီရောင်သန္တာကျောက်တွေကို ယူဖို့အတွက် ပါတီတစ်ခုဖွဲ့လို့ပါတယ် … အဆင့် (၃၅) နှင့်အောက် မနှောက်ယှက်ရ … ”
” အဆင့် (၄၁) ဒိုင်းစစ်သည်တော်က ရေအောက်ဘုရားကျောင်းအတွက် လူရှာနေပါတယ် … ကျုပ်က အဆင့်မြင့်စပိဘုတ်တစ်စင်းပိုင်ဆိုင်ပါတယ် … ”
” မှော်သလင်းတွေ ရဖို့အတွက် မြူနက်ပင်လယ်ဆီကို ရေတပ်သင်္ဘောတစ်စု ဦးတည်သွားမှာပါ … ရေတပ်သင်္ဘောကိုဦးဆောင်ဖို့ ကျုပ်တို့မှာ ကြေးနီစပိဘုတ်တစ်စင်းရှိပါတယ် … လက်ရှိမှာ အဆင့်မြင့်စပိဘုတ်နှစ်စင်း လိုနေပါသေးတယ် … အဆင့်မြင့်စပိဘုတ်နှစ်စင်းရှိတဲ့သူတွေက မြန်မြန်လာခဲ့ကြပါ … ”
ဆိပ်ကမ်း၌ ကစားသမားလေးထောင်ကျော်ရှိပြီး ပါတီဖွဲ့ရန်အတွက် ရှာနေကြသည်။ မြင်ကွင်းက စည်ကားနေသောဈေးနှင့် ဆင်တူ၏။ ထို့အပြင် ကုန်းတွင်းအခြေပြုကစားသမားများနှင့်မတူပဲ ဤနေရာရှိ ကစားသမားများသည် ပါတီဖွဲ့သည့်အချိန်၌ တိုက်ပွဲဝင်စံသတ်မှတ်ချက်ထက် သူတို့ပိုင်ဆိုင်ထားသော စပိဘုတ်အရည်အသွေးနှင့် အဆင့်ကိုပိုပြီး အလေးထားပေ၏။
ကစားသမားတစ်ဦးက အဆင့်မြင့်စပိဘုတ်ပိုင်ဆိုင်သရွေ့ သူတို့၏ ပါတီများက အောင်မြင်နိုင်ခြေ မြင့်မားလိမ့်မည်။ ဤနေရာရှိ အဆင့်မြင့်စပိဘုတ်ပိုင်ရှင်များသည် ကုန်းတွင်းပေါ်ရှိ ကျွမ်းကျင်ကစားသမားနှင့် ဆင်တူ၏။ လူတစ်ယောက် ကြေးနီစပိဘုတ်ပိုင်ဆိုင်ထားလျှင် သူတို့က နာမည်ကျော်ကြားသည့် ဆယ်လီနှင့် ညီမျှပြီး အာရုံစိုက်မှုဖြစ်လာလိမ့်မည်။
” ဒီနေရာမှာ အဆင့်မြင့်စပိဘုတ်တွေ ပိုင်ဆိုင်တဲ့ကစားသမားတွေ အများကြီးရှိမှာသေချာတယ် … ”
အကြည့်တစ်ချက်ဖြင့် ရှီဖုန်းသည် ဆိပ်ကမ်း၌ ကမ်းကပ်နေသော စပိဘုတ်သင်္ဘောများ၏ (၁၀) ရာခိုင်နှုန်းက အဆင့်မြင့်စပိဘုတ်များ ဖြစ်ကြောင်း တွေ့လိုက်ရသည်။
ဆန့်ကျင်ဘက်အနေဖြင့် ကမ္ဘာပျက်ကပ်အင်ပါယာထဲတွင် သာမန်စပိဘုတ်ကတောင် မြင်တွေ့ခဲနေပြီး အဆင့်စပိဘုတ်က ပိုနည်းသေး၏။ ထို့အပြင် ဤနေရာသင်္ဘောများ၏ စံသတ်မှတ်ချက်က ပိုမြင့်မားသည့်အပြင် ကစားသမားများကလည်း အဆင့်မြင့်သည်ဟု သတ်မှတ်၍ရသည်။ ရှီဖုန်းက လှည်းပေါ်၌ လှည့်လည်သွားလာနေသော အဆင့် (၄၀) ကျော်ကစားသမားများစွာကို တွေ့လိုက်ရသည်။ ဤအဆင့်ရှိကစားသမားများသည် ကြယ်လတိုင်းပြည်ထဲ၌ ကျွမ်းကျင်သူတစ်ဦးဟူ၍ သတ်မှတ်၍ရနေပြီ ဖြစ်သည်။ သို့သော် ဤနေရာတွင်မူ သူတို့က သာမန်သာဖြစ်၏။
သို့သော် ဤနေရာရှိ ကစားသမားများက အလွန်အဆင့်မြင့်သော်ငြား စီးပွားရေးက သိပ်ပြီးမဖွံ့ဖြိုးပေ။ ရှီဖုန်းက မြို့၏ လမ်းများပေါ်ဖြတ်ကျော်သွားစဥ် သူက ကစားသမားများ ဦးဆောင်သည့် ဈေးဆိုင်များ သိပ်မတွေ့ခဲ့ပေ။ ကစားသမားများ ထုတ်လုပ်သည့်အိုင်တမ်က ပိုတောင်နည်းသည်။ ထိုအစား လမ်းပေါ်၌ ဈေးဆိုင်လေးများ တည်ဆောက်နေသော ကစားသမားများစွာကို တွေ့လိုက်ရသည်။ ဤနေရာရှိအခြေအနေက ကုန်းပေါ်ရှိ NPC မြို့များနှင့် လုံးဝကွဲပြားခြားနားနေ၏။ လမ်းမပေါ်၌ ကစားသမားများ ဈေးဆိုင်များ ကြုံသလိုတည်ဆောက်ခြင်းကို တားမြစ်ထား၏။ ကုန်းတွင်းပေါ်၌ ကစားသမားတစ်ဦးသည် သူတို့တွင်ရှိသည့်အိုင်တမ်ကို ရောင်းချချင်ပါက သူတို့က ထုတ်ကုန်၏အမည်ကိုအော်ရုံသာ တက်နိုင်၏။ တစ်ဖက်တွင်မူ ဆိုင်ခင်းကျင်းခြင်းကို ကစားသမားများ ပြုလုပ်ရန် မလိုအပ်ပေ။ သူတို့က ဝယ်သူကို ကုန်ပစ္စည်းအကြောင်း ကြည့်ခွင့်ပေး၏။
ဈေးဆိုင်တန်းများစွာကို တစ်ချက်ကြည့်ပြီးနောက် ရှီဖုန်းသည် ကုန်သည်များ ရောင်းနေသည့်အိုင်တမ်များက မွန်းစတားများ ရိတ်သိမ်းမှုမှ ကျလာသည့်အိုင်တမ်များဖြစ်ကြောင်း သတိပြုမိလိုက်၏။ ဘဝပုံစံကစားသမားများ ပြုလုပ်ထားသည့် အိုင်တမ်များတစ်ခုမှ ရှိမနေပေ။
လုံလောက်သွားပြီပဲ။ ရေကြောင်းအတွက် အကူအမျိုးအစားဖွံ့ဖြိုးတိုးတက်မှုက နှေးနေတာကို။ ရှီဖုန်းက ခပ်ဖျော့ဖျောပြုံးလိုက်၏။
အတိတ်တုန်းက သူသည် နတ်ဘုရားနယ်မြေ၏ ကုန်းတွင်းပိုင်း၌သာ တစ်ဘဝလုံးကစားခဲ့၏။ ထို့ကြောင့် သူက ပင်လယ်၏အဆုံးရှိ အခြေအနေနှင့် သိပ်မရင်းနှီးခဲ့ပေ။ သူ၏ ဗဟုသုတကလည်း အကြမ်းဖျင်းသာရှိသည်။ သို့သော် အတိတ်တုန်းက သူသည် ပင်လယ်၏အဆုံးရှိ ကျွန်းပေါ်ရှိမြို့များသို့ရောက်သည့်အချိန်၌ကျွန်းပေါ်ရှိမြို့များစွာက ဖွံ့ဖြိုးတိုးတက်နေပြီးသား ဖြစ်သည်။ ထိုစဥ်က ကျွန်းပေါ်ရှိမြို့များက သူ့ရှေ့ရှိအခြေအနေနှင့် လုံးဝကွဲပြားခြားနားနေသည်။ ဆိုရလျှင် ကုန်းပေါ်ထက် ကျွန်းပေါ်တွင် အရင်းအမြစ်များပိုရရှိနိုင်လေရာ ထူးကဲသောအရင်းအမြစ်များစွာ ရှိသည်။ ထို့ကြောင့် အတိတ်တုန်းက NPC ကျွန်းမြို့အားလုံးက သိသိသာသာ ကြွယ်ဝကြပြီး ရေကြောင်းကုန်သည် သင်္ဘောအစုနှင့် တန်ဖိုးကြီးဈေးဆိုင်အချို့ကိုလည်း မြင်တွေ့နိုင်ပေ၏။
သို့သော် ထိုအရေးကိစ္စကို စဥ်းစားပြီးနောက် အခြေအနေက ယုတ္တိရှိကြောင်း သိလိုက်ရသည်။ လက်တွေ့တွင် ရေကြောင်းကစားသမားများ၏ အကူအမျိုးအစားများ ဖွံ့ဖြိုးတိုးတက်မှုက ကုန်းတွင်းပိုင်းထက် မနှေးပေ။ လက်တလော၌ သူ့အစည်းအရုံးအတွင်းရှိ အကူအမျိုးအစား ဖွံ့ဖြိုးတိုးတက်မှု၏ လိပ်ပြာတောင်ပံသက်ရောက်မှုကြောင့်သာလျှင် ကုန်းတွင်းပိုင်းရှိ ကစားသမားများက အကူအမျိုးအစားများစွာကို ရေကြောင်းကစားသမားများထက် ပိုမြန်မြန်စောပြီး အာရုံစိုက်လာကြတာပဲ ဖြစ်သည်။
ရှီဖုန်းသည် အပြာရောင်ကျောက်စိမ်းမြို့ရှိ ထုတ်ကုန်များ၏ တန်ကြေးကိုစစ်ဆေးနေစဥ် စီးပွားရေးခရိုင်ထဲ၌ လူအုပ်ကြီးတစ်စု ရုတ်တရက်ပေါ်လာသည်။ ထိုမြင်ကွင်းကိုမြင်တွေ့သည့် ကစားသမားများစွာက မျက်နှာထက်တွင် စိတ်လှုပ်ရှားသည့်အမူအရာပါလာပြီး ထိုလူအုပ်ကြီးဆီ တစ်ဟုန်ထိုး ဝင်သွားလိုက်၏။ ရှီဖုန်းက အခြေအနေကို သိချင်စိတ်ပြင်းလာတော့သည်။
” ဒီနေ့ ရုန်းအပိုင်းအစတွေကို ဝယ်ပါမယ် … တစ်ခုကို ငွေပြားခြောက်ပြားနဲ့ ဝယ်မယ် … အရင်ဆုံးလာရင် အရင်ဆုံးရမယ် … ”
ခဏအကြာတွင် မျက်နှာပေါ်တွင် မုတ်ဆိတ်လေးများရှိသည့် အနည်းငယ်ပြည့်ဖြိုးသော လူရွယ်တစ်ဦးက သူ၏ သုံးလွှာဈေးဆိုင်ထဲမှ ထွက်လာပြီး အပြုံးမျက်နှာဖြင့် အော်ပြောလိုက်တော့သည်။
ချက်ချင်းပင် ပတ်ဝန်းကျင်ရှိ ကစားသမားများက ဆိုင်ထဲပြည့်သွားတော့၏။
” သေစမ်း … ငါတို့ ထပ်နောက်ကျသွားပြန်ပြီ … ”
” ဒီနေရာမှာ ယှဥ်ပြိုင်သူတွေများလိုက်တာ … ပင်လယ်ရဲ့အိမ်က နေ့တိုင်း ရုန်းအပိုင်းအစတွေကို နည်းနည်းပိုမဝယ်နိုင်ဘူးလား … ဒီမှာတစ်နေ့ကုန်စောင့်နေပြီးပြီ … ဒါတောင်မှ ငါ့ပစ္စည်းတွေကို မရောင်းနိုင်ဘူး … ”
” မတတ်နိုင်ဘူးလေ … ပင်လယ်ရဲ့အိမ်ပဲ၊ ဒီအပိုင်းအစတွေကို တန်ကြေးမြင့်မြင့်နဲ့ ဝယ်ဖို့ဆန္ဒရှိတာ … NPC ကုန်သည်တွေဆီ အပိုင်းအစကိုရောင်းရင် တစ်ပုံကို ကြေးပြားလေးဆယ်လောက်ပဲရမှာ … ”
“ငါအပုံနှစ်ဆယ် စုထားပြီးသွားပြီ … ငါသာ အားလုံးရောင်းနိုင်မယ်ဆိုရင် ရွှေပြားတစ်ပြား ငွေပြားနှစ်ဆယ်ရလိမ့်မယ် … ဒီပိုက်ဆံနဲ့ဆိုရင် ကောင်းမွန်တဲ့ချပ်ဝတ်တန်ဆာတစ်စုံ ကိုယ်တိုင်ဝယ်နိုင်မှာ … ”
ခဏအကြာတွင် ဈေးဆိုင်ထဲ၌ စုဝေးနေသည့်ကစားသမားလူအုပ်ကြီးက ပင်လယ်ဟုခေါ်သော ဈေးဆိုင်ထဲကနေ ထွက်လာပြီး အများစုက စိတ်ပျက်လက်ပျက်အမူအရာမျိုးရှိနေ၏။ သူတို့၏ ရုန်းအပိုင်းအစများကို မရောင်းချနိုင်ခဲ့တာဖြစ်မည်။
ရုန်းအပိုင်းအစတွေလား။ ရှီဖုန်းက ရုန်းအပိုင်းအစနှင့်သက်ဆိုင်သည့် ကိစ္စများကို တွေးမိသွားသည်။
” ငါမှတ်မိတာမှန်မယ်ဆိုရင် အဲ့တာက ပင်လယ်မွန်းစတားတွေဆီကကျတဲ့ အိုင်တမ်တစ်မျိုးဖြစ်မယ် … သူဘာသာသူဆို တန်ဖိုးမရှိဘူး … ရုန်းသလင်းတွေကို ပေါင်းစည်းတဲ့နေရာမှာပဲ အသုံးဝင်တာ … ဒါပေမဲ့ ပေါင်းစည်းတဲ့နှုန်းက အင်မတန်နိမ့်တာ အဂ္ဂိရတ်ပညာရှင်တွေတောင် အောင်မြင်နိုင်နှုန်း (၁၀) ရာခိုင်နှုန်းပဲ ရှိတယ် … ပင်လယ်ရဲ့အိမ်က ရုန်းသလင်းတွေကို ပေါင်းစည်းဖို့အတွက် ကြိုးစားနေတာလား … ”
ရုန်းသလင်းသည် ပင်လယ်ထဲ၌ ထူးကဲသည့်အိုင်တမ်တစ်မျိုး ဖြစ်သည်။ ၎င်းက စွမ်းအင်သလင်းအမျိုးအစားဖြစ်ပြီး မှော်သလင်းများနှင့် ဆင်တူသည်။ သလင်းနှစ်မျိုးရှိ ဝိညာဥ်ဓာတ်စွမ်းအားသိုလှောင်သည့်ပမာဏ ကွာခြားရုံသာရှိသည်။
မှော်သလင်းအတွင်းပါဝင်သည့် ဝိညာဥ်ဓာတ်စွမ်းအားပမာဏက အတော်ပိုမြင့်သည်။ ရုန်းသလင်းထဲတွင်မူ မှော်သလင်းထဲရှိ ဝိညာဥ်ဓာတ်စွမ်းအား သုံးပုံနှစ်ပုံသာ ပါဝင်၏။ သို့သော် ရုန်းသလင်းများက မှော်သလင်းများ၏ တစ်ဝက်တောင်မတန်ပေ။ လက်ရှိတွင် ရုန်းသလင်းကို တစ်ခုလျှင် ငွေပြားဆယ်ပြားဖြင့် ရောင်းချ၏။
အကြောင်းအရင်းမှာ ရုန်းသလင်းများကို အသုံးပြုနိုင်သည့် နည်းလမ်းက နည်းပါးသောကြောင့် ဖြစ်သည်။ ဥပမာအနေဖြင့် ရုန်းသလင်းများသည် အံ့ဖွယ်အားကစားရုံထဲတွင် အသုံးပြု၍မရပေ။
၎င်း၏ အသုံးဝင်မှုကို ပြောရမည်ဆိုလျှင် ၎င်းသည်အိုင်တမ်များထုတ်လုပ်မှုနှင့် အလဲအလှယ်အနေဖြင့် အသုံးပြုရတာ ဖြစ်သည်။
ပင်လယ်အပြင်ဘက်၌ ရုန်းသလင်းများသည် ပင်လယ်နတ်ဘုရား၏ ဘုရားကျောင်းထဲရှိ အိုင်တမ်များစွာကို လဲလှယ်ရန်အတွက် အသုံးပြုနိုင်သည်။ သို့သော် ပင်လယ်နတ်ဘုရား၏ ဘုရားကျောင်းက တစ်ပတ်လျှင်တစ်ကြိမ်သာ ပစ္စည်းဖြည့်ရာ ရုန်းသလင်းကိုအသုံးပြုပြီး ဝယ်ယူနိုင်သည့် အိုင်တမ်အရေအတွက်က အကန့်အသတ်ရှိသည်။ ထိုသို့တိုင် ပင်လယ်နတ်ဘုရား၏ဘုရားကျောင်းတွင် လဲလှယ်နိုင်ခြင်းက အရည်အသွေးမြင့်မားနေပြီးသားဖြစ်၏။ ရံဖန်ရံခါတွင် လဲလှယ်ရန်အတွက် အံ့ဖွယ်အိုင်တမ်များတောင် ရှိသည်။ လက်ရှိက ဘုရားကျောင်းထဲတွင် အံ့ဖွယ်အိုင်တမ်အတွက် ဂိမ်းထဲပေါ်လာဖို့က စောနေသေး၏။
အံ့ဖွယ်အိုင်တမ်အပြင် ပင်လယ်နတ်ဘုရား၏ ဘုရားကျောင်းထဲတွင် လဲလှယ်ရန်အတွက် နောက်ထပ်အကောင်းဆုံးအရာမှာ ပင်လယ်နတ်ဘုရား၏ကောင်းချီးဟု အမည်ရသော ဆေးရည်တစ်မျိုးပင် ဖြစ်သည်။
ရုန်းသလင်းငါးခုဖြင့် ဆေးရည်တစ်ပုလင်းလဲလှယ်နိုင်ပြီး ဆေးရည်၏ တန်ကြေးက ငွေပြားငါးဆယ် ဖြစ်သည်။
အတိတ်တုန်းက ရေကြောင်းကစားသမားများမဆိုထားနှင့် ကုန်းတွင်းကစားသမားများကတောင် ပင်လယ်နတ်ဘုရား၏ ကောင်းချီးကို အလွန်နှစ်ခြိုက်ကြသည်။ ထိုအတွက်အကြောင်းအရင်းမှာ ဆေးရည်သုံးစွဲမှုသည့် ကစားသမားတစ်ဦး၏ အခြေခံအရည်အချင်းအားလုံးကို (၁၀) ရာခိုင်နှုန်းတိုးစေရုံသာမက ခံနိုင်ရည်အားလုံးကို ဆယ့်နှစ်နာရီကြာ အမှတ်နှစ်ရာတိုးပေးသောကြောင့် ဖြစ်သည်။
ထို့အပြင် ဆေးရည်က ပြန်လည်အသုံးပြုရန် စောင့်စားရသည့်ကြာချိန်မရှိ။ အာနိသင်ကို တစ်ခါထဲ စုထားနိုင်သည်။
ကစားသမားတစ်ဦးသည် ပင်လယ်နတ်ဘုရား၏ ကောင်းချီးကို နှစ်ပုလင်းသုံးစွဲခဲ့လျှင် သူတို့၏ အခြေခံအရည်အချင်းက (၁၅) ရာခိုင်နှုန်း ခုခံမှုကို ဆယ့်ငါးနာရီတာအတွက် အမှတ်တစ်ရာ့ငါးဆယ်တိုးလာလိမ့်မည်။
ဂိမ်းထဲ၌ အဆင့်ပိုမြင့်တက်လာလေ ပတ်ဝန်းကျင်အချက်အလက်များက ပိုအရေးပါလာလေ ဖြစ်သည်။ မြေပုံအချို့သည် ကစားသမားများ အသက်ရှင်နေထိုင်ရန်အတွက် ထူးခြားသည့် ခုခံမှုတစ်ခုလိုအပ်သည်။ စနစ်က ထူးခြားသည့်အဆင့်တက်မြေပုံများကို လာရောက်လည်ပတ်ခြင်းမှ လုံလောက်သည့်ခုခံမှုမရှိသည့် ကစားသမားများကို ဟန့်တားထားသည်။ ခုခံမှတ်အားလုံးကို တစ်ရာမှတ်တိုးပေးနိုင်သော ဆေးရည်သည် ကစားသမားများကို ပတ်ဝန်းကျင်အချက်အလက်များအကြောင်း စိုးရိမ်ပူပန်စရာမလိုပဲ နတ်ဘုရားနယ်မြေအတွင်းရှိ တည်နေရာများစွာကို လွတ်လွတ်လပ်လပ် သွားလာခွင့်ပေး၏။
သို့သော် ပင်လယ်နတ်ဘုရားကောင်းချီး၏ အကန့်အသတ်က တစ်ပတ်လျှင်တစ်ကြိမ်သာ လဲလှယ်ပေး၏။ ဈေးကွက်ထဲ၌ ၎င်း၏ အစစ်အမှန်ဈေးက ပိုမြင့်သည်။ အတိတ်တုန်းက တစ်ပုလင်းကို ရွှေပြားနှစ်ပြားဖြင့် ရောင်းချသည်။ ထို့အပြင် ယင်းက ပင်လယ်ရှိတန်ကြေးသာဖြစ်သည်။ ကုန်းမြေပေါ်၌ တစ်ပုလင်းကို ရွှေပြားသုံးပြားဖြင့် ရောင်းချ၏။
ဟုတ်သားပဲ။ ငါ ဒါကို ဘာကြောင့်မတွေးမိတာလဲ။ ဒီအခွင့်အရေးကိုသုံးပြီး စီးပွားရှာနိုင်တာပဲ။ ရှီဖုန်းသည် ပြဒါးရှင်လုံးကို ရုတ်တရက်တွေးမိသွား၏။ ကျန်သည့်သူများသည် ရုန်းသလင်းကို ပေါင်းစည်းရန်အတွက် အားစိုက်ထုတ်မှုများစွာ သုံးရန်လိုအပ်သော်ငြား သူ့၌ ပြဒါးရှင်လုံးရှိနေ၏။ သူ၏ ပေါင်းစည်းခြင်း အောင်မြင်သည့်နှုန်းက အဂ္ဂိရတ်မဟာပညာရှင်များထက်တောင် ပိုပြီး မြင့်မားပေလိမ့်မည်။