ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 1233 မှော်အစီအရင်ကို စကားတစ်ခွန်းဖြင့် ဖြိုဖျက်ခြင်း
- Home
- ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား
- Chapter - 1233 မှော်အစီအရင်ကို စကားတစ်ခွန်းဖြင့် ဖြိုဖျက်ခြင်း
ထိုစကားကို ကြားသောအခါ ဖြတ်သန်းခြင်းဧကရာဇ်၏ အမူအရာက သုန်မှုန်သွား၏။ သူက တိုက်ခိုက်ရန် ပြင်ဆင်လိုက်တော့သည်။
သူ့၌ လူအယောက်သုံးဆယ်အောက်သာ ရှိသည်။ ဆန့်ကျင်ဘက်အနေဖြင့် ရွက်တစ်ရာနှင့် ဆိုင်းလန့်အန်ထရိုပီတို့က လူတစ်ရာငါးဆယ်ကျော်ရှိ၏။ အရေအတွက်အရေးနိမ့်နေသည့်အပြင် သူ၏လူများက အိုင်ဒန်တီကယ်ဆမ်းမား၏ လူများကိုဖြေရှင်းရန် သူတို့၏ ရှေးစစ်သည်တော်စကေးများကို အသုံးပြုပြီးပြီ ဖြစ်သည်။ သူတို့၏ ရှေးစစ်သည်တော်စကေးများ မရှိဘဲ သူတို့က ရွက်တစ်ရာနှင့် ဆိုင်းလန့်အန်ထရိုပီ၏လူများအတွက် ယှဥ်နိုင်မှာတောင် မဟုတ်ပေ။
သို့သော် ရွက်တစ်ရာ၏ လက်အောက်ငယ်သားများသည် အစောထဲက လှုပ်ရှားပြီးဖြစ်ကြောင်း ဖြတ်သန်းခြင်းဧကရာဇ် သဘောမပေါက်ခဲ့ပေ။
ရုတ်တရက် ရှီဖုန်းတို့အဖွဲ့နား၌ ကျေးသွေးရောင်အရံအတားတစ်ခုပေါ်လာပြီး သူတို့ကို လွှမ်းခြုံလိုက်တော့သည်။
” တပ်မှူးဧကရာဇ် ကျွန်မတို့တွေ ရှေ့သွားနေတုန်း ရှင်နဲ့ရှင့်အဖွဲ့ ဒီမှာစောင့်နေဖို့ ပြောရတော့မှာပဲ … ”
ရွက်တစ်ရာကပြောပြီး ခိုးခိုးခစ်ခစ်ရယ်မောလိုက်၏။ ပြီးနောက် သူမက ဖြတ်သန်းခြင်းဧကရာဇ်ဘေးတွင် ရပ်နေသော ရှီဖုန်းကို တစ်ချက်ကြည့်လိုက်သည်။
အမွေအနှစ်၏ တည်နေရာသို့ ဝင်ရောက်နိုင်သည့် လူအရေအတွက်ကို မကန့်သတ်ထားချေ။ သို့သော် မြန်မြန်ဝင်လေ ၎င်းကိုယူရန် အခွင့်အရေးပိုမြင့်မားလေ ဖြစ်သည်။
ရှီဖုန်း၏ တိုက်ပွဲဝင်စွမ်းအားကို ကိုယ်တိုင်မျက်မြင်တွေ့ခဲ့ခြင်းကြောင့်သာမဟုတ်လျှင် သူမက မှော်အရံအတားကို ဖြုန်းတီးမည့်အစား ဖြတ်သန်းခြင်းဧကရာဇ်နှင့်ကျန်သည့်သူများကို သတ်ဖြတ်လိုက်မှာပဲ ဖြစ်သည်။
” ရွက်တစ်ရာ နင်က ယုတ်မာကောက်ကျစ်လွန်းတယ် … ”
ဘလူးဂျွိုင်းက အံကြိတ်လျက် အမျိုးသမီးတပ်မှူးကို စိမ်းစိမ်းဝါးဝါးစိုက်ကြည့်လိုက်၏။
တစ်ဖက်သူက တိုက်ခိုက်ချင်သည်ဆိုလျှင် သူတို့လက်ခံနိုင်သေး၏။ ဆိုရလျှင် ကြွယ်ကြွေမျှော်စင်ထဲသို့ လွတ်မြောက်နိုင်ရန် သူတို့အခွင့်အရေးတစ်ခု ရှာနိုင်သည်။ အထဲကိုရောက်သည်နှင့် သူတို့က သီးခြားလေဟာနယ်ထဲ ဝင်သွားမှာပဲဖြစ်၏။ ထိုအချိန်ရောက်လျှင် ရွက်တစ်ရာနှင့် ကျန်သည့်သူများက သူတို့ကိုထိနိုင်မှာမဟုတ်ဘဲ အမွေအနှစ်အတွက် မျှမျှတတယှဥ်ပြိုင်နိုင်မည် ဖြစ်သည်။ သို့သော် သူတို့က အချိန်တချို့အတွက် ဤထောင်ချောက်ထဲမှ မလွတ်မြောက်နိုင်ပေ။ သူတို့က အရံအတားထဲပိတ်မိတာကြာလွန်းလျှင် ရွက်တစ်ရာနှင့် ကျန်သည့်သူများက သူတို့မလွတ်မြောက်ခင် အမွေအနှစ်ကို ရသွားလောက်၏။
” စိတ်မပူနဲ့ … ငါမှာ အလွှာသုံးမှော်စာလိပ်ရှိတယ် … ဒီမှော်အစီအရင်ကို ဖြိုခွဲဖို့မခက်လောက်ဘူး … ”
ဖြတ်သန်းခြင်းဧကရာဇ်သည် ရွက်တစ်ရာကို စိုက်ကြည့်လိုက်၏။ အမျိုးသမီးသည် မှော်အစီအရင်တစ်ခုကို ဖြုန်းတီးရန်လိုလားလိမ့်မည်ဟု မထင်ထားပေ။ သူက ခါးသက်စွာပြုံးလျက် ရှီဖုန်းဘက် လှည့်ကြည့်လိုက်၏။
ထိုသို့ပြောပြီးနောက် ဖြတ်သန်းခြင်းဧကရာဇ်သည် သူ၏ တစ်ခုတည်းသော အလွှာသုံးမှော်စာလိပ် မုန်တိုင်းလှံကို ထုတ်လိုက်၏။
ဖြတ်သန်းခြင်းဧကရာဇ်က မှော်စာလိပ်ကို အသက်သွင်းလိုက်သည်နှင့် သူ့နောက်၌ အပြာရောင်မှော်အစီအရင်တစ်ခု ပေါ်လာသည်။ လှံများစွာက လေဆင်နှာမောင်းပုံသဏ္ဍာန်အတိုင်း ကျေးသွေးရောင်အရံအတားကို တိုက်ခိုက်တော့၏။
တိုက်ခိုက်မှုက အရံအတားကို ခြောက်ကြိမ်ထိသွားသည်။ သို့သော် အနည်းငယ်တုန်ရီပြီးနောက် ယင်းက မူလအနေအထားသို့ ပြန်ရောက်သွား၏။ ထိုစဥ် မှော်အစီအရင်ကို ထိန်းသိမ်းနေသော ကစားသမားဆယ့်ငါးယောက်က ဝိညာဥ်ဓာတ်စွမ်းအား တစ်ရာခိုင်နှုန်းသာ ဆုံးရှုံးခဲ့သည်။
” စိတ်အနှောက်အယှက်ဖြစ်ခံမနေနဲ့ … ဒါက အခြေခံမှော်အစီအရင်ပဲဆိုပေမဲ့ အကောင်းဆုံးတွေထဲက တစ်ခုပဲ … အဆင့်တူခမ်းနားတဲ့အရှင်တွေတောင် ဒီထဲကနေ ဖောက်ထွက်ဖို့အတွက် အချိန်တချို့လိုတယ် … ”
ရွက်တစ်ရာက ဖြတ်သန်းခြင်းဧကရာဇ်၏ မျက်နှာပေါ်ရှိ သုန်မှုန်နေသောအကြည့်ကို မြင်သောအခါ ရှင်းပြလိုက်၏။ လက်တွေ့တွင် သူမသည် မှော်အစီအရင်ကို သုံးရန် တွန့်ဆုတ်နေမိ၏။ သို့သော်ငြား ရှီဖုန်းက ပိုင်နက်နယ်ပယ် ကျွမ်းကျင်သူတစ်ယောက်ဖြစ်နိုင်လေရာ သူမက ဂရုမစိုက်ဘဲ မနေရဲချေ။
ဆိုင်းလန့်အန်ထရိုပီက ရှီဖုန်းကို တစ်ချက်ကြည့်ပြီးနောက် ရယ်မောကာပြောလိုက်တော့၏။
” အဖွဲ့မှူးရွက် ကျုပ်တို့ သဘောတူညီချက်က ဒီမှာပြီးပြီ … အမွေအနှစ်ထဲဝင်ပြီဆိုတာနဲ့ ကျုပ်တို့ရဲ့ ကိုယ်ပိုင်စွမ်းရည်နဲ့ ယှဥ်ပြိုင်ရမှာ … ”
ပင်လယ်နဂါးလျှို့ဝှက်မြေမှ အမွေအနှစ်ကို ရသွားသည့်ပထမဆုံးလူအနေဖြင့် သူက ထိုနေရာ၏ လုပ်ဆောင်ပုံကို ရင်းနှီးသည်။
လူတိုင်းက အမွေအနှစ်ရယူရန်အတွက် ရှိသည့်နေရာကိုရောက်ဖို့က လွယ်ကူသည်ဟု ယုံကြည်ကြသည်။ အမှန်တကယ်တွင် ယင်းက မမှန်ကန်ပေ။ အရင်ဆုံးတည်နေရာ၏ စမ်းသပ်မှုများကို ဖြတ်ကျော်ရန်လိုအပ်သည်။ ယခုသူတို့က ကြောက်မက်ဖွယ်ကောင်းသော တိုက်ပွဲဝင်စွမ်းအားကို ပိုင်ဆိုင်ထားသောရှီဖုန်းကို ချုပ်ထားပြီဖြစ်ရာ သူတို့က ပြိုင်ဘက်တစ်ယောက်လျော့သွားပြီ ဖြစ်သည်။ ယခု သူက ရွက်တစ်ရာကိုသာ စိုးရိမ်ပူပန်ရတော့မည်။
ထိုသို့ပြောပြီးနောက် ဆိုင်းလန့်အန်ထရိုပီက သူ့လူများကို ကြယ်ကြွေမျှော်စင်ထဲသို့ ဦးဆောင်ခေါ်သွားလိုက်သည်။
” ဒီမြေခွေးကြီးက တကယ်လှုပ်ရှားတာ မြန်တာပဲ … ”
ရွက်တစ်ရာက လျှာသက်လိုက်လေ၏။ သူမက အမိန့်ပေးလိုက်တော့သည်။
” အထဲဝင်ကြမယ် … အဲ့ဒီမြေခွေးအိုကြီးကို ငါတို့ထက် ကျောခွင့်မပေးနိုင်ဘူး … ”
ရွက်တစ်ရာနှင့် ဆိုင်းလန့်အန်ထရိုပီတို့က ကြယ်ကြွေမျှော်စင်ထဲသို့ သူတို့၏ လက်အောက်ငယ်သားများဖြင့် ဝင်သွားပြီးနောက် ရှီဖုန်းတို့အဖွဲ့နှင့် မှော်အစီအရင်ကို ထိန်းနေသည့်ကစားသမားများသာ အပြင်ဘက်တွင်ကျန်ခဲ့သည်။
သို့သော် ဆိုင်းလန့်အန်ထရိုပီနှင့် ရွက်တစ်ရာတို့ထွက်သွားပြီး မကြာမီ၌ တစ်ချိန်လုံးတိတ်ဆိတ်နေသောရှီဖုန်းက အားပါးတရ ပြုံးလိုက်လေ၏။
” ညီအစ်ကိုရီဖုန်း မင်းက ဒီလိုအချိန်မှာ ပြုံးချင်စိတ် ရှိသေးတယ်ပေါ့ … ကျုပ်တို့ ဒီနေရာကနေ မထွက်သွားရင် သူတို့အမွေအနှစ်ကို ရသွားလိမ့်မယ် … ”
ဖြတ်သန်းခြင်းဧကရာဇ်က စိတ်ပူပန်စွာ စောတကတက်လိုက်၏။
သူတို့က မှော်အရံအတားကိုဖြိုရန် အားစိုက်ထုတ်ထားသော်ငြား အစီအရင်ကို ထိန်းသိမ်းနေသော ကစားသမားများက ဝိညာဥ်ဓာတ်စွမ်းအားဆုံးရှုံးမှု သိပ်မများပေ။ ဤနှုန်းဖြင့်ဆို သူတို့က မလွတ်မြောက်ခင် တစ်နာရီခန့်ဆက်တိုက်တိုက်ခိုက်ရန် လိုအပ်သည်။
” စိတ်အေးအေးထား … ဒီနေရာကနေ မြန်မြန်ထွက်သွားနိုင်မှာ … ”
ရှီဖုန်းက နှစ်သိမ့်ပြီး ရယ်မောလိုက်လေ၏။
” မင်းနဲ့ပဲလား … နောက်ထပ်နှစ်တစ်ရာကြာအုံးမယ် … ”
အစီအရင်ကို ထိန်းသိမ်းနေသော ဓာတ်ကြီးလေးပါးအသုံးပြုသူများထဲမှတစ်ယောက်က ရှီဖုန်း၏ ကြွားသောစကားကိုကြားသည့်အချိန်၌ ရယ်မောလိုက်လေ၏။
“ဒီမှော်အစီအရင်က ခြောက်မြှောင့်ကြယ်ကျေးသွေးလောက … အင်မတန်ရှားပါးတဲ့ မှော်အစီအရင်ပဲ … ခမ်းနားတဲ့အရှင်ကို အချိန်တိုအတွင်းမှာ ထိန်းထားနိုင်တယ် … ငါပြောတာမှန်တယ်မလား … ”
ရှီဖုန်းက ရယ်မောပြီး ဓာတ်ကြီးလေးပါးအသုံးပြုသူကို မေးလိုက်၏။
” ဒီအစီအရင်ကို မင်းဘယ်လိုလုပ် သိတာလဲ … ”
ဓာတ်ကြီးလေးပါးအသုံးပြုသူက တအံ့တသြအော်လိုက်တော့သည်။
ရွက်တစ်ရာက သူတို့ကို ဤမှော်အစီအရင် မပေးခင်ထိ သူတို့က ၎င်းကို မမြင်ဖူး တစ်ခါမှ မကြားခဲ့ဖူးပေ။
” ဘယ်လိုထင်လဲ … ”
ရှီဖုန်းက ဖြေမနေပေ။ ထိုအစား သူက မွန်းကြပ်ဖွယ်အပြုံးမျိုး ပြုံးပြလာ၏။
အတိတ်တုန်းက ခြောက်မြှောင့်ကြယ် ကျေးသွေးလောကသည် မြင့်မြတ်သောဘုရားကျောင်း၏ အမှတ်အသားမှော်အစီအရင်တစ်ခု ဖြစ်ခဲ့၏။ ဘုရားကျောင်းသည် တန်ကြေးမြင့်မြင့်ဖြင့် မှော်အစီအရင်များ မကြာခဏရောင်းချ၏။ မှော်အစီအရင်စာလိပ်တစ်ခုကို ရွှေပြားငါးပြားကျသင့်၏။ တစ်စုံ ပြည့်ရန်အတွက် ဆယ့်ငါးသိန်းလိုအပ်သည်။ မှော်အစီအရင်ကို မြေအောက်စခန်းများ တိုက်ခိုက်ရာ၌ သုံးတာများသည်။
ဂိမ်းထဲသို့ ကစားသမားများအဆင့်တက်လာသည်နှင့် ဧရိယာကြီမားသည့် အဖွဲ့လိုက် မြေအောက်စခန်းများထဲတွင် ဘော့စ်နှစ်ကောင်ကြုံတွေ့ခြင်းက သာမန်ဖြစ်လာ၏။ ထို့ကြောင့် ကစားသမားများသည် ပုံမှန်ဆို ဘော့စ်တစ်ကောင်ကို ချုပ်ထားပြီး ဘော့စ်တစ်ကောင်ကို ဖြေရှင်းကြသည်။
အတိတ်တုန်းက သူက မှော်အစီအရင်ကို ဝယ်ခဲ့ကြောင်း သူတို့ကို မပြောပြနိုင်ပေ။
” မင်းသိတော့ရော ဘာအရေးလဲ … သူနာမည်ကို သိလို့ မင်းလွတ်သွားမယ်လို့ ထင်နေလား … ”
ဓာတ်ကြီးလေးပါးအသုံးပြုသူက အထင်တသေးမေးလိုက်၏။
မှော်အစီအရင်ကို ထိန်းနေသော ကျန်သည့်ကစားသမားများက ထောက်ခံကြောင်း ခေါင်းညိတ်လာသည်။ ရှီဖုန်း၏ စကားများက အခြေအမြစ်မရှိ မောက်မာထောင်လွှားခြင်းထက်မပိုဟု သူတို့တွေးထားကြသည်။
” မင်းတို့တွေ ထောင့်ခြောက်ထောင့်ကို တိုက်ခိုက် … ”
ချက်ချင်းပင် ရှီဖုန်းက သူ့အဖွဲ့ကို အမိန့်ပေးလိုက်သည်။
နတ်ဘုရားနယ်မြေထဲတွင် မှော်အစီအရင်များအားလုံး၌ အားနည်းချက်များရှိကြသည်။ ကစားသမားများက ယင်းတို့ကို မသိရုံသာဖြစ်သည်။
သူ၏ ရန်သူများက သူ့ကို ချုပ်နှောင်ရန် ရှားပါးသောမှော်အစီအရင်များ အတော်လေးသုံးခဲ့သည်။ သူက ၎င်းတို့ကို ဖြိုခွင်းရမည့်နည်းမသိပေ။ သို့သော်ငြား ခြောက်မြှောင့်ကြယ်ကျေးသွေးလောကကိုမူ အလွန်ရင်းနှီး၏ ရွက်တစ်ရာက ကျန်သည့်သူများကို အပြစ်တင်မည်ဆိုလျှင် မြင့်မြတ်သောဘုရားကျောင်းက အတိတ်တုန်းက အခြေခံမှော်အစီအရင်များစွာကို ရောင်းချခြင်းအတွက်သာ အပြစ်တင်သင့်၏။
ပြီးနောက် ရှီဖုန်း၏ အမိန့်အောက်တွင်အဖွဲ့က အစီအရင်၏ ထောင့်ခြောက်ထောင့်ကိုအညှာအတာမဲ့စွာ တိုက်ခိုက်တော့သည်။
မယိမ်းမယိုင်ဖြစ်ခဲ့သော မှော်အစီအရင်သည် ကြမ်းတမ်းစွာ လှုပ်ခါလာ၏။ သူတို့ပေါင်းစည်း အားစိုက်ထုတ်မှုသည် ဖြတ်သန်းခြင်းဧကရာဇ်၏ အလွှာသုံးမှော်စာလိပ်ထက်တောင် အာနိသင်ကိုရှိ၏။
မှော်အစီအရင်ကိုထိန်းထားသည့် ကစားသမားများက သူတို့၏ ဝိညာဥ်ဓာတ်စွမ်းအားများ လျင်မြန်စွာ လျော့ကျသွားတာကို ကြည့်နေရသည်။ လှိုင်းတိုင်းက သူတို့ဝိညာဥ်ဓာတ်စွမ်းအား နှစ်ရာခိုင်နှုန်းကို ခိုးသွား၏။ တစ်ဒါဇင်ခန့်တိုက်ခိုက်ပြီးနောက် မှော်အမျိုးအစား ဆယ့်ငါးယောက်၏ ဝိညာဥ်ဓာတ်စွမ်းအားက (၅၀) ရာခိုင်နှုန်းအောက် ကျသွားတော့သည်။
” အစ်ကိုရီဖုန်း ရှင်က သိပ်အံ့သြဖို့ကောင်းတာပဲ … ”
ဘလူးဂျွိုင်းနှင့် ကျန်သည့် တတိယရေတပ်သင်္ဘောအစု၏ ကျန်သည့်အဖွဲ့ဝင်များက ရုတ်တရက် ဝမ်းသာအားရ ဖြစ်သွားသည်။
ကျွမ်းကျင်သူများစွာကို ရှီဖုန်း သတ်ဖြတ်တာကိုကြည့်ပြီးနောက် သူတို့က အထင်ကြီးနေပြီးသား ဖြစ်၏။ ယခုက သူသည် ရိုးရှင်းသောစကားတစ်ခွန်းဖြင့် အစွမ်းထက်သော မှော်အရံအတားတစ်ခုကို ဖြေရှင်းနေသည်။
” ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ … ”
မှော်အစီအရင်ကိုထိန်းနေသော ကစားသမားများက သူတို့ဝိညာဥ်ဓာတ်စွမ်းအား လျော့ကျသွားတာကို ကြည့်နေရခြင်းကြောင့် ရူးသွားတော့မည်ဖြစ်သည်။
ခြောက်မြှောင့်ကြယ်ကြွေးသွေးလောကသည် ခမ်းနားသောအရှင်တစ်ကောင်ကို ချုပ်နှောင်ထားနိုင်စွမ်း ရှိ၏။ ထိုသို့တိုင် အလွှာတစ်ကစားသမားတစ်စုကို ရင်ဆိုင်ရာ၌ ကယိမ်းကယိုင်ဖြစ်သွားလေသည်။
” ဒီမှာ နောက်ဆုံးရိုက်ချက် … ”
ရှီဖုန်း ကြေညာပြီးသည်နှင့် မီးမုန်တိုင်းကို ထုတ်ဖော်လိုက်သည်။
အလွှာတစ်သို့ ရောက်ရှိပြီးနောက် မီးမုန်တိုင်း၏ စွဲဆောင်ရည်က ထူးကဲလာ၏။ ခဏအကြာတွင် မီး၏ လိပ်ပြာလေးများက မှော်အရံအတား၏ ထောင့်ဆီသို့ကျရောက်သွားသည်။ လိပ်ပြာလေးများက အရံအတားကို ထိသွားချိန်တွင် ရလဒ်က နံရံကိုအရှိန်မြင့်မားသော ကုန်တင်ကားတစ်စင်း ဝင်တိုက်သည့်ပမာ ဆင်တူသွားစေ၏။
သုံးစက္ကန့်မျှကြာပြီးနောက် ခြောက်မြှောင့်ကြယ်ကျေးသွေးလောက ပြိုကွဲသွားပြီး ထိန်းသိမ်းနေသော ကစားသမားများက ဝိညာဥ်ဓာတ်စွမ်းအား ကုန်ဆုံးသွား၏။
ဝိညာဥ်ဓာတ်စွမ်းအားမရှိဘဲ မှော်အမျိုးအစားကစားသမားသည် လက်နက်များမရှိသည့် ရှေးစစ်သည်တော်များထက် အနည်းငယ်သာ သာသည်။ မြန်မြန်ဆန်ဆန်ပင် ဖြတ်သန်းခြင်းဧကရာဇ်နှင့် ကျန်သည့်သူများက သူတို့ကို သတ်ဖြတ်လိုက်တော့၏။
” အထဲကို အမြန်ဝင်ကြရအောင် … ”
ဖြတ်သန်းခြင်းဧကရာဇ်က အမိန့်ပေးလိုက်သည်။ သူတို့သည် မှော်အရံအတားအတွင်း မိနစ်အနည်းငယ်ကြာ ပိတ်မိခဲ့သော်ငြား ထိုမိနစ်များက ရွက်တစ်ရာနှင့် ကျန်သည့်သူများအဖို့ အမွေအနှစ်အတွက် ယှဥ်ပြိုင်မှုတွင် စောသွားစေနိုင်သည်။
ကြယ်ကြွေမျှော်စင်ထဲ၌ ရွက်တစ်ရာက ရှီဖုန်းသည် မှော်အရံအတားကို ဖြိုခွင်းသည့် ဗွီဒီယိုအပါအဝင် လက်အောက်ငယ်သားများထံမှ သတိပေးချက်ကို ရလိုက်၏။
” အဲဒီလူက ဘယ်သူလဲ … ”
သူမက ဗွီဒီယိုထဲရှိ ရှီဖုန်းကိုကြည့်နေစဥ် စိတ်က ရှုပ်ထွေးနေတော့သည်။