ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 1245 လူတိုင်းကို ရန်သူဖြစ်အောင်လုပ်ခြင်း
” ဖြတ်သန်းခြင်းဧကရာဇ် စိတ်လွတ်သွားပြီလား … သူက တကယ်ကြီးလုပ်ရဲတယ်ပေါ့ … ”
ဆိုင်းလန့်အန်ထရိုပီ၏ အမူအရာက တောင့်တင်းသွားကာ လက်အောက်ငယ်သား၏ သတင်းပို့ချက်ကို နားထောင်နေ၏။
ရေတပ်သင်္ဘောဆယ်စု၏ ကျွမ်းကျင်သူအသီးသီးသည် အဆင့်တစ်ဆင့်ဆီ ဆုံးရှုံးရုံသာမက သူတို့လက်နက်များနှင့် ချပ်ဝတ်တန်ဆာများလည်း ဆုံးရှုံးသွားခဲ့သည်။ ဆုံးရှုံးမှုကသိသာ၏။ ရေတပ်သင်္ဘောတိုင်းသည် သူတို့၏ ထိပ်တန်းအလွှာကျွမ်းကျင်သူများဖြင့် လျှို့ဝှက်မြေထဲဝင်ခဲ့ကြတာပဲ ဖြစ်သည်။ သူတို့ဝတ်ဆင်ထားသည့် ချပ်ဝတ်တန်ဆာအပိုင်းအစတိုင်းက ဂိမ်း၏ ဤအဆင့်၌ ထိပ်တန်းအဆင့်ရှိသည်ဟု သတ်မှတ်၍ရသည်။ သူတို့သည် အချိန်များစွာရင်းနှီးမြှုပ်နှံထားပြီး ထိုထိပ်တန်းအလွှာလက်နက်များနှင့် ချပ်ဝတ်တန်ဆာများရရန် အားစိုက်ထုတ်ထား၏။ ထိုကျွမ်းကျင်သူများအဖို့ အထွတ်အထိပ်ကာလသို့ရောက်ရန် အချိန်အတော်ကြာယူရအုံးပေမည်။
သူတို့က ချပ်ဝတ်တန်ဆာတစ်ခုနှစ်ခု ဆုံးရှုံးလျှင် အဆင်ပြေ၏။ ယခုမူ သူတို့ပိုင်ဆိုင်ထားသည့်တစ်ဝက်ကျော် ဆုံးရှုံးသွားသောကြောင့် ဖြတ်သန်းခြင်းဧကရာဇ်သည် ရေတပ်သင်္ဘောဆယ်စု၏ ရန်သူဖြစ်မည်ဆိုတာ သံသယဖြစ်ဖွယ်မရှိပေ။ အဆုံးတွင် ရေတပ်သင်္ဘောအချင်းချင်း ရင်ဆိုင်တိုက်ခိုက်အောင် ပြုလုပ်ခဲ့သည်က အကြံအဖန်ကောင်းမှန်း ဆိုင်းလန့်အန်ထရိုပီဝန်ခံသော်ငြား လွတ်လပ်ခြင်းမဟာမိတ်၏ ရေတပ်သင်္ဘောများသည် နောင်၌ဖြတ်သန်းခြင်းဧကရာဇ်နှင့် ပူးပေါင်းတော့မှာမဟုတ်ဟူသည် အချက်တစ်ချက်လည်းရှိသည်။ ယင်းက လွတ်လပ်ခြင်းမဟာမိတ်၏ ပထမနေရာအတွက် ဖြတ်သန်းခြင်းဧကရာဇ် ယှဥ်ပြိုင်သည့်အချိန် သူ့အတွက် အခွင့်သာစေမှာ မဟုတ်ပေ။
ထိုစဥ် ပြန်လည်ရှင်သန်ခြင်းဘုရားကျောင်းထဲ၌ လူတိုင်းသည် အိုင်ဒန်တီကယ်ဆမ်းမား၏ အညှာအတာမဲ့သောလုပ်ရပ်ကြောင့် ထိတ်လန့်ကုန်၏။
” အိုင်ဒန်တီကယ်ဆမ်းမားက အတော်ရဲတင်းတာပဲ … လျှို့ဝှက်မြေအတွင်းမှာ ဂိမ်းထဲကနေ ထွက်သွားရဲတယ် … ”
” ဘာအထင်ကြီးဖို့ကောင်းလို့လဲ … ငါသာဆိုရင် အဲ့ဒီမွန်းစတားက အံ့သြဖို့ကောင်းတယ်လို့ ပြောရမှာပဲ … သူက အိုင်ဒန်တီကယ်ဆမ်းမားကို ဒီလမ်းကြောင်းရောက်အောင် အမှန်တကယ်ဖိအားပေးနိုင်တယ် … ငါသာ အိုင်ဒန်တီကယ်ဆမ်းမားရဲ့ နေရာမှာဆိုရင် သူ့လိုပဲ လုပ်လောက်တယ် … ”
” အခု အိုင်ဒန်တီကယ်ဆမ်းမားက ဒီလိုဆုံးဖြတ်ချက်ပျက်ပျက်သားသား လုပ်လိုက်ပြီဆိုတော့ သူတို့ထဲကတစ်ယောက် မပျက်ဆီးမချင်း ဒီအရေးကိစ္စကို သူလွတ်ပေးမှာမဟုတ်ဘူး … ”
လူတိုင်းက ပြောဆိုနေကြစဥ် အိုင်ဒန်တီကယ်ဆမ်းမား၏ ယခင်တည်နေရာကို စိုက်ကြည့်လိုက်၏။ သူတို့က ဂိမ်းထဲနေ ဖိအားပေးခံရပြီး ထွက်လိုက်ရသည့်အချိန်တွင် အိုင်ဒန်တီကယ်ဆမ်းမား၏ မျက်လုံးထဲရှိ အမုန်းတရားနှင့် ရူးသွပ်မှုကို ပြန်တွေးမိသည့်အချိန်၌ သူတို့ ကျောစိမ့်သွားမိ၏။
အပြင်လောကတွင် ကစားသမားများသည် ဂိမ်း၏ အပြင်ဘက်သို့ အတင်းအားတမထွက်ခဲ့မည်ဆိုလျှင် စနစ်ကပြစ်ဒဏ်ပေးပြီး ယင်းက ပုံမှန်သေခြင်းတရားပြစ်ဒဏ်ထက် ပိုပြင်းထန်၏။ လျှို့ဝှက်မြေပေါ်၌ ထိုကဲ့သို့အရာမျိုး ပြုလုပ်ခဲ့မည်ဆိုလျှင် ပြစ်ဒဏ်က အဆပေါင်းများစွာတိုးသွားမည်။ ကစားသမားများသည် နတ်ဘုရားနယ်မြေထဲသို့ အချိန်အတိုင်းအတာတစ်ခုအထိ ဝင်ရောက်ခွင့်လည်း မရှိတော့ချေ။
ဤအဆင့်၌ အဆင့်တစ်ဆင့်ဆုံးရှုံးခြင်းကတောင် ကစားသမားတစ်ဦးကို ရူးသွပ်စေသည်။ သူတို့က လျှို့ဝှက်မြေအတွင်း၌ ဂိမ်းထဲမှ အတင်းအားတမထွက်ခဲ့လျှင် သူတို့အဆင့်ပေါင်းများစွာ ဆုံးရှုံးမည်ဖြစ်ရုံသာမက အိုင်တမ်များစွာလည်း ဆုံးရှုံးပေလိမ့်မည်။ ဂိမ်းထဲသို့မဝင်နိုင်အောင်လည်း အချိန်အတော်ကြာ ဟန့်တားခြင်းခံရလိမ့်မည်။ ထိုသို့သော ပြစ်ဒဏ်ကိုလက်ခံရလောက်သည်အထိ မည်သူကမှ မရဲတင်းချေ။ သို့သော်ငြား အိုင်ဒန်တီကယ်ဆမ်းမားက ရွေးချယ်စရာမရှိချေ။ ဆိုရလျှင် နေနေခြင်းထက် စနစ်၏ သေခြင်းတရားပြစ်ဒဏ်က ပိုလျော့သည်။
မျှော်တိုက်၏ ထိပ်ဆုံးအလွှာ၌ ပုံရိပ်ယောင်ဂိမ်းအခန်းတစ်ခုက ဖြည်းဖြည်းချင်းပွင့်လာလေ၏။ ဂိမ်းအခန်းအပြည့်အဝပွင့်လာသည်နှင့် လူတသ်ယောက်တက်လာသည်။ ထိုလူက သုန်မှုန်သည့်အမူအရာရှိနေပြီး သူ၏ ကျောစိမ့်ဖွယ်အကြည့်က မည်သူ့ကိုမဆို တုန်ရီသွားစေ၏။ ထိုလူက ရှထျန်းချီဖြစ်ပြီး လွတ်လပ်ခြင်းမဟာမိတ်၏ ဒုတိယမြောက်ရေတပ်သင်္ဘောစု၏ တပ်မှူး အိုင်ဒန်တီကယ်ဆမ်းမားအဖြစ်လည်း သိကြသည်။
ဒုတိယမြောက်ရေတပ်သင်္ဘော၏ တပ်မှူးက ရှကော်ပိုရေးရှင်း၏ သခင်လေးဖြစ်နေလိမ့်မည်ဟု မည်သူမှ မထင်ထားမိချေ။ ရှလုပ်ငန်းစုသည် အစွမ်းထက်သည့် နိုင်ငံတကာ ကော်ပိုရေးရှင်းမဟုတ်သော်ငြား တိုင်းနိုင်ငံ၏ ပထမဆုံးကော်ပိုရေးရှင်းများထဲမှ တစ်ခုလည်းဖြစ်သည်။
” ဖြတ်သန်းခြင်းဧကရာဇ် ပြီးတော့ အဲ့ဒီသေသင့်တဲ့ကောင် … မင်းတို့ကို အလွတ်မပေးဘူး … ”
ရှထျန်းချီက သစ်သားစာပွဲကို လက်ဝါးဖြင့်ရိုက်ချလိုက်ပြီး ဒေါသထွက်နေလေရာ စာပွဲက ကွဲသွားတော့၏။ သူသုံးလိုက်သည့်ခွန်အားက ကျွမ်းကျင်တိုက်ခိုက်ရေးသမားတစ်ဦးထက် မနိမ့်ပေ။ ချက်ချင်းပင် သူက လက်ကောက်ဝတ်ပေါ်ရှိ ကွမ်တန်နာရီကို နှိပ်လိုက်ပြီး နံပါတစ်တစ်ခုကိုခေါ်လိုက်၏။
” ဟယ်လို မြေပွေးလား … ငါ့အတွက် လူနှစ်ယောက်ကိုရှာပေး … နှစ်ယောက်လုံးက နတ်ဘုရားနယ်မြေရဲ့ ကစားသမားတွေပဲ … ငါမှာရှိတဲ့ သူတို့ရဲ့အချက်အလက်တွေကို မင်းဆီပို့ပေးလိုက်မယ် … သူတို့ရဲ့ ID အမှန်ကိုရှာပေးနိုင်ခဲ့ရင် အကျိုးအမြတ်မလျော့စေရဘူး … ”
” သခင်လေးရှ ရှားရှားပါးပါးပါလား … သခင်လေးက တောင်းဆိုတယ်ဆိုမှတော့ အခုချက်ချင်းလုပ်ပေးမယ် … စိတ်ချထားလိုက် … ကျုပ်ဆီကနေ ဘယ်သူမှပုန်းမနေနိုင်ဘူး … ”
မြေပွေးဟု ခေါ်သည့်လူက ရယ်ရယ်မောမောဖြင့် တုံ့ပြန်လိုက်သည်။
ရှထျန်းချီက ခေါင်းညိတ်လိုက်ပြီး ဖုန်းချလိုက်တော့၏။ သူက ရက်စက်သည်အပြုံး ပြုံးလိုက်သည်။
” စောင့်နေလိုက်စမ်းပါ … ငါ့ကိုဆန့်ကျင်ရဲတဲ့ ဘယ်သူမဆို သာယာချောမွေ့ဖွယ်အဆုံးသတ် မရစေရဘူး … ”
ရှထျန်းချီက ရယ်မောလိုက်လေ၏။
ပင်မနတ်ဘုရားစနစ်သည် ကစားသမားတိုင်း၏ အချက်အလက်ကိုကာကွယ်ထားပြီး ကစားသမားများသည် ပုံမှန်ဆို သူတို့သွင်ပြင်များကို ပြောင်းလဲထားသောကြောင့် သူတို့၏ ID အမှန်ကို ရှာရခက်ခဲသော်ငြား ရှထျန်းချီက မြေပွေး၏ အရည်အချင်းများကို အတော်လေး ယုံကြည်သည်။ ဆိုရလျှင် ဤကဲ့သို့တာဝန်ကို မြေပွေးပြီးမြောက်တာ ပထမဆုံးအကြိမ်မဟုတ်ပေ။
ထိုစဥ် ပြန်လည်ရှင်သန်ခြင်းဘုရားကျောင်း၌ ဝိညာဥ်တစ်ခုပြီးတစ်ခု စုဆောင်းခဲ့၏။ ရှိနေသည့်ကစားသမားအရေအတွက်ဖြင့် သူသည် ဝိညာဥ်ရည်သုံးစက်ထုတ်လုပ်ရန်အတွက် လုံလောက်စွာထုတ်လုပ်ခဲ့ပြီး လျှို့ဝှက်ခန္ဓာနည်းစနစ် သင်ယူရန်အတွက် ဝိညာဥ်ရည်များကို သိမ်းထားရန်စီစဥ်နေ၏။
လျှို့ဝှက်ဂါထာရွတ်ဆိုခြင်းနည်းစနစ်
သူ ယခင်က ရထားသည့် လျှို့ဝှက်ဂါထာရွတ်ဆိုခြင်းနည်းစနစ်သည် မှော်အမျိုးအစားကစားသမားများအတွက် အဓိကဖြစ်သည်။ ရှီဖုန်းအဖို့ လျှို့ဝှက်နည်းစနစ်က လျစ်လျူရှုထား၍ရသည်။ သို့သော် လျှို့ဝှက်ဂါထာနည်းစနစ်သည် ကစားသမားများအားလုံးအတွက် သင့်တော်၏။ သူသည် ယခုအခေါက်တွင် နေရာများကို ဝေမျှရန်မလိုအပ်သောကြောင့် ဝိညာဥ်ရည်များပိုမိုပြင်ဆင်ထားရမည်။
လက်ရှိတွင် သူက ပင်လယ်၏အဆုံး၌ ရှိနေတာဖြစ်သည်။ ခေါင်းစွပ်နက်အောက်၌ သူ၏ ID ကိုလည်း ဖုံးကွယ်ထား၏။ ဖြတ်သန်းခြင်းဧကရာဇ်နှင့် ယုံကြည်ရသည့်လူအချို့မှအပ သူ၏ ID အတိအကျကိုမည်သူမှမသိပေ။ ကြယ်လတိုင်းပြည်နှင့်မတူဘဲ သူက ဇီးရိုးဝင်းကို ငြိစွန်းစေမည်ကို စိုးရိမ်ပူပန်စရာမလိုပေ။ ယခုအချိန်တွင် သူစိုးရိမ်ပူပန်နေသည့်ကိစ္စက အမှောင်ကစားသမားများ ချုံခိုတိုက်ခိုက်မှာကို ဖြစ်သည်။
ရှီဖုန်းသည် ဝိညာဥ်သုံးရာကျော်ကို လျင်မြန်စွာစုစည်းပြီးသွားကာ ဝိညာဥ်ကမ္ဘာလုံးထဲ၌ ဝိညာဥ်ရည်သုံးစက် ထုတ်လုပ်နိုင်ခဲ့ပြီ ဖြစ်သည်။
” အခု ပင်လယ်ရဲ့အဆုံးမှာ ငါရဲ့ ID ထုတ်ဖော်ခံရမှာကို စိုးရိမ်ပူပန်စရာမလိုတော့ဘူး … ဒီအခွင့်အရေးကိုသုံးပြီး ဝိညာဥ်ရည်ပိုစုဆောင်းနိုင်တယ် … ”
ရှီဖုန်း၏ စိတ်ထဲအကြံများစွာ ပေါ်လာ၏။
သူလက်ထဲရှိ ဝိညာဥ်ကမ္ဘာလုံးကို ကြည့်လိုက်သည်။
အတိတ်တုန်းက အပြစ်ခုနှစ်ပါးပန်းပွင့်သည် ဝိညာဥ်ကမ္ဘာလုံးဖြင့် စီးပွားတက်ခဲ့ကြသည်။ ထိုအရာဖြင့် အဖွဲ့အစည်းသည် ထိပ်သီးကျွမ်းကျင်သူများစွာကို ပျိုးထောင်ခဲ့၏။ သူက စိုးရိမ်ပူပန်စရာမရှိလေရာ ဝိညာဥ်ရည်များစုဆောင်းရန် ဤအခွင့်အရေးကို လိုအပ်သည်။ ကြယ်လတိုင်းပြည်သို့ ပြန်ရောက်ပြီးနောက် ရရန်ခက်ခဲသွားမှာပဲ ဖြစ်သည်။
ဝိညာဥ်ရည်ရပြီးနောက် ရှီဖုန်းသည် ဖြတ်သန်းခြင်းဧကရာဇ်နှင့် ကျန်သည့်သူများကို နောက်ထပ်လိုဏ်ဂူဆီသို့ခေါ်သွားလျက် အမွေအနှစ်များရှာဖွေတော့၏။
ပင်လယ်နတ်ဘုရား၏ အမွေအနှစ်ပါဝင်သော လိုဏ်ဂူအပြင် ပင်လယ်နဂါး၏ လျှို့ဝှက်မြေထဲ၌ စုစုပေါင်းလိုဏ်ဂူဆယ့်နှစ်ခု ရှိသည်။ သူတို့ထဲ၌ လိုဏ်ဂူသုံးခု၏ဝင်ပေါက်က ကိုက်ငါးဆယ်ကျယ်ဝန်း၏။ ထိုလိုဏ်ဂူအတွင်းရှိ အမွေအနှစ်များက ပင်လယ်နတ်ဘုရား၏ အမွေအနှစ်နှင့်ယှဥ်လျှင် ဒုတိယသာဖြစ်သည်။
ရွက်လှေလေးနှစ်စင်းဖြင့် ရှီဖုန်းတို့အဖွဲ့က ကိုက်ငါးဆယ်ကျယ်သည့် လိုဏ်ဂူများထဲမှ အမွေအနှစ်တစ်ခုရရန်က အသေးအမွှားပဲဖြစ်သည်။
သံသယဖြစ်ဖွယ်မလိုဘဲ ရှီဖုန်းသည် ပင်လယ်နဂါးလျှို့ဝှက်မြေ၏ သူတို့ ကိုးနာရီအတွင်း အမွေအနှစ်တစ်ခုရအောင် ဖြတ်သန်းခြင်းဧကရာဇ်ကို ကူညီပေးခဲ့၏။ သို့သော် ယခုအခေါက်တွင်မူ အမွေအနှစ်အတွက်ယှဥ်ပြိုင်ရန် ကျန်သည့်ရေတပ်သင်္ဘောများမရှိပေ။ အရာအားလုံးက ချောမွေ့နေလေ၏။
” တပ်မှူး ဖြတ်သန်းခြင်းဧကရာဇ်ရဲ့ ရေတပ်သင်္ဘောအစုက စမှတ်ကိုပြန်လာနေပါပြီ … ဒါကိုကြည့်ရင် သူတို့တွေက နောက်ထပ်အမွေအနှစ်တစ်ခုကိုရသွားပြီး ပြန်ဖို့ပြင်နေတဲ့ပုံပဲ … ”
စမှတ်၌ ပုန်းနေသော စကော်ပီယန်သည် ရှီဖုန်းတို့အဖွဲ့ ချဥ်းကပ်လာတာကိုမြင်ပြီးနောက် သတင်းပို့လိုက်သည်။
” ကောင်းတယ် … ဦးလေးလီနဲ့ ကျန်တဲ့သူတွေက အပြင်မှာရောက်နေပြီ … မင်းလည်းသွားသင့်ပြီ … ”
ရွက်တစ်ရာကပြောပြီး ခေါင်းညိတ်လိုက်၏။
သူမသည် ဤအခိုက်အတန့်အတွက် အချိန်အတော်ကြာစောင့်နေတာပဲ ဖြစ်သည်။ အမွေအနှစ်အိုင်တမ်သည် သေဆုံးသည့်အချိန်၌ ကျလာမည်ဟု အာမမခံသော်ငြား ဦးလေးလီက အမှောင်ကစားသမားတစ်ဦး ဖြစ်သည်။ သူသတ်လိုက်သည့် ကစားသမားများအတွက် ပစ္စည်းကျသည့်နှုန်းမြင့်စေသည့် ကိရိယာများနှင့် နည်းလမ်းများစွာ သူ့တွင်ရှိသည်။ ရှီဖုန်းက သူ၏ သိုလှောင်အိတ်ထဲ၌ ပင်လယ်နတ်ဘုရား၏ အမွေအနှစ်ကိုမသိုလှောင်ထားသရွေ့ သူတို့အမွေအနှစ်ကို မရခင် အကြိမ်ရေအနည်စငယ် ပိုသတ်ရုံသာ ရှိသည်။
ယခုအချိန်အတွက် သူမသည် ဦးလေးလီတို့အသင်းနှင့် အဖွဲ့ပြန်ဖွဲ့ရန်လိုအပ်သည်။ ဦးလေးလီက ရှီဖုန်းကိုသတ်ပြီးသည်နှင့် သူမက အသင်းတူတွင်ရှိနေလျှင် ပင်လယ်နတ်ဘုရား၏တာဝန်ကို ပြီးမြောက်နိုင်မှာပဲ ဖြစ်သည်။
သူက ပင်လယ်နတ်ဘုရား၏ အမွေအနှစ်ကိုရယူပြီး နတ်ဆိုးနတ်ဘုရား၏ဆုလာဒ်ကိုရသရွေ့ လွတ်လပ်ခြင်းမဟာမိတ်၏ ပထမနေရာက သူမအတွက် ဖြစ်သွားလိမ့်မည်။ ပြီးနောက် သူမသည် လွတ်လပ်ခြင်းမဟာမိတ်ကို တဖြေစဖြေးချင်းထိန်းချုပ်နိုင်မည်ဖြစ်ကာ အဓိက NPC မြို့ကြီးသုံးမြို့ကို ထိန်းချုပ်နိုင်လိမ့်မည်။
ပင်လယ်၏အဆုံးရှိ အဓိက NPC မြို့ကြီး ဆယ့်နှစ်မြို့၌ ကုန်းမြေပေါ်ရှိတိုင်းပြည်များ၏ မြို့တော်များထက် လူဦးရေပိုများပေသည်။ ကောင်းကင်သမုဒ္ဓရာမြို့၏ ကစားသမားလူဦးရေသည် အင်ပါယာတစ်ခု၏ တော်ဝင်မြို့တော်နှင့် ယှဥ်နိုင်ပေသည်။
ပင်လယ်နတ်ဘုရား၏ လျှို့ဝှက်မြေဝင်ပေါက်၌ ရှီဖုန်းသည် ရွက်လှေလေးနှစ်စင်းကို သိုလှောင်ပြီးနောက် ဖြတ်သန်းခြင်းဧကရာဇ်နှင့် ကျန်သည့်သူများနောက်လိုက်ကာ ပို့ဆောင်ရေးမှော်အစီအရင်ထဲ ဝင်လိုက်၏။
စနစ် : ပင်လယ်နတ်ဘုရားရဲ့အမွေအနှစ်မြေကနေ ထွက်သွားဖ်ု့ဆန္ဒရှိပါသလား။
ရှီဖုန်းသည် တွေဝေမနေဘဲ ဆန္ဒရှိကြောင်း ရွေးချယ်လိုက်၏။ ချက်ချင်းပင် သူ့အပေါ်အဖြူရောင်အလင်းတန်းကျရောက်လာပြီး လျှို့ဝှက်မြေကနေ သူပျောက်ကွယ်သွား၏။
ရှီဖုန်းသည် ကျောက်စိမ်းပြားစားသောက်ဆိုင်၏ ထိပ်ဆုံးအလွှာသို့ပြန်ရောက်သွား၏။ သို့သော်ငြား သူရှေ့၌ ကစားသမားများ ပိုရှိနေသည်။ ကစားသမားတိုင်းက လွတ်လပ်ခြင်းမဟာမိတ်၏ ရေတပ်သင်္ဘောအဖွဲ့ဝင်များ ဖြစ်ကြသည်။ သူတို့အားလုံး ရှီဖုန်းနှင့် ဖြတ်သန်းခြင်းဧကရာဇ်တို့၏ အဖွဲ့ကို လူသတ်နိုင်သည့်အကြည့်များဖြင့် စိုက်ကြည့်နေလေ၏။