ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 1247 မွန်မြတ်သောမြေကို လက်ခံရရှိခြင်း
စကော်ပီယန်ထွက်သွားပြီးနောက် ဦးလေးလီဟုခေါ်သော လူရွယ်က သူဘေးရှိ ရိန်းဂျားကို ကြည့်လိုက်လေ၏။ ရိန်းဂျားသည် မီးခိုးရောင်ကြိုးနှစ်ချောင်းလေးကို နောက်ကျော၌ လွယ်ထားလေ၏။ ရိန်းဂျားသည် ခေါင်းစွပ်နက်အောက်၌ သူ၏ သွင်ပြင်ကို ဖုံးကွယ်ထားသော်ငြား သူ၏ တုတ်ခိုင်သည့်ခန္ဓာကိုယ်က အခြားသူများအဖို့ သူ့ကို မတွေ့မိဖို့က ခက်ခဲလှသည်။ ရှေးဟောင်းလေးကြောင့်သာ မဟုတ်လျှင် သူ့ကို အစောင့်အရှောက်သူရဲကောင်း သို့မဟုတ် ဒိုင်းစစ်သည်တော်ဟုတောင် ထင်မှတ်ရသည်။
” ဂိုးလ် အချိန်ကျလာတဲ့အခါ မင်းအရင်ဆုံးတိုက်ခိုက် … မင်းရဲ့ မြားနက်တွေအားလုံးကို သုံးဖို့မှတ်ထားအုံး … ”
ဦးလေးလီက လေးနက်သောအသံဖြင့် ပြောလိုက်၏။
” မင်းပုံမှန်ဆို ကပ်စေးနည်းမှန်း မင်း ငါသိတယ် … ဒီတစ်ခေါက် ငါတို့ ဂရုစိုက်မှရမယ် … ”
” ဦးလေးလီ … ကျုပ်ဆီမှာ မြားနက်လေးစင်းရှိသေးတယ် … အဲ့ဒီကလေးပေါ်မှာ မြားလေးစင်စလုံး သုံးမလို့လား … ”
ရိန်းဂျား ဟန်ဂရီဂိုးလ်က တွန့်ဆုတ်စွာမေးလိုက်လေ၏။
မြားနက်များက သာမန်မြားများမဟုတ်ပေ။ သူတို့က ရှေးယခင်ကာလက လက်ဆင့်ကမ်းလာတာဖြစ်ပြီး အလွှာတစ်စကေးကို ယှဥ်နိုင်စွမ်းရှိသောစွမ်းအား ပိုင်ဆိုင်ထား၏။ လက်ရှိကစားသမားများနှင့် NPC များက ၎င်းတို့ကို ထုတ်လုပ်နိုင်ရန်နည်းလမ်းမရှိပေ။ ထို့ကြောင့် မြားတိုင်းက နတ်ဘုရားနယ်မြေထဲ၌ ကန့်သတ်ထားသော အရေအတွက်ကို လျော့သွားစေ၏။ ရှေးအပျက်အဆီးနယ်မြေများကို ရှင်းလင်းတိုက်ခိုက်မှုပြီးမှသာ မြားနက်များ ပိုရလာသည်။
” ဟုတ်တယ် အနည်းဆုံးတော့ သူ့ကိုဖြေရှင်းဖို့ အများကြီးလိုအပ်တယ် … ”
ဦးလေးလီက ပြောပြီး အခန်းထဲ၌ တိတ်တဆိတ်ထိုင်နေသော ရှီဖုန်းကို တစ်ချက်ကြည့်လိုက်၏။ ပြီးနောက် သူက ပြုံးကာဆက်ပြောလိုက်သည်။
” သူက ရွက်တစ်ရာ ပြောသလိုမျိုး ပိုင်နက်မရသေးပေမဲ့ ရဖို့လည်းမလိုတော့ဘူး … သူ့ရဲ့ ကြောက်ဖို့ကောင်းတဲ့အခြေခံအရည်အချင်းနဲ့ဆို အစွမ်းထက်တဲ့စကေးတွေအရ သူ့ကိုသတ်ဖို့က အစစ်အမှန်ပိုင်နက်ပိုင်တဲ့ ကျွမ်းကျင်သူတွေကိုသတ်ရတာထက် နည်းနည်းလောက်ပိုခက်ခဲနေမှာပဲ … ”
” ရွက်တစ်ရာက အစည်းအရုံးခေါင်းဆောင်ဆီကနေ အကူအညီတောင်းတာက အံ့သြစရာမရှိဘူး … သူကို ငါတို့တွေ အစမ်းသပ်ခံအဖြစ် အသုံးပြုလို့ရတယ် … ”
ဦးလေးလီ၏ ရှင်းပြချက်ကိုကြားသောအခါ ဟန်ဂရီးဂိုးလ်၏ စိတ်ဝင်စားမှုတို့ တိုးလာလေ၏။
” သူက ပိုင်နက်နယ်ပယ်ကို မရောက်သေးတာ ကျိန်းသေတယ် … ဒါပေမဲ့ သူက ပိုင်နက်နယ်ပယ်ထက် သတ်ရတာ ပိုခက်ခဲတယ်တဲ့လား … ”
ဦးလေးလီဘေးရှိ သေးသွယ်သော ဓာတ်ကြီးလေးပါးအသုံးပြုသူက ရေရွတ်ပြောလိုက်ပြီး ရှီဖုန်းကို ကြည့်လိုက်သည်။ သူမက နှုတ်ခမ်းသပ်လျက် ဆက်ပြောလိုက်သည်။
” ဒီလိုဆိုမှတော့ သူ့ကိုယ်ပေါ်မှာ အံ့ဖွယ်လက်နက်တချို့နဲ့ ချပ်ဝတ်တန်ဆာတွေ ရှိမှာပဲ … ကျွန်မတို့တော့ ပွတော့မှာပဲ … ”
” ဦးလေးလီ သူ့ကို ဒီလောက်ရက်ရက်ရောရောအကဲဖြတ်နေတာ ကြည့်ရတော့ ဒီတစ်ခေါက် ကိုယ်တိုင်လှုပ်ရှားဖို့ တွေးနေတာလား … ”
ဒိုင်းစစ်သည်တော်က စိတ်လှုပ်ရှားစွာ မေးလိုက်လေ၏။
ဦးလေးလီလှုပ်ရှားချိန်တိုင်း သူတို့သည် သူ့ထံမှ များစွာသင့်ယူရသည်။ ကံဆိုးသည်မှာ ဦးလေးလီ ဝင်ပါရန် လိုအပ်သည့် လုပ်ကြံသတ်ဖြတ်မှုက အနည်းစုသာရှိသည်။ အသင်းထဲရှိ ကျန်သည့်အဖွဲ့ဝင်များက တာဝန်အတွက် လုံလောက်နေကြဖြစ်သည်။ ဦးလေးလီက တိုက်ပွဲထဲ အမှန်တကယ် ဝင်ပါခဲ့မည်ဆိုလျှင် ဤနေရာသို့ သူတို့၏ ခရီးရှည်ကြီးက ထိုက်တန်သွားလိမ့်မည်။
” အင် … မင်းတို့အားလုံး သူ့ကိုပူးပေါင်းတိုက်ခိုက်ရင် အနိုင်ရနိုင်ချေမြင့်မားတယ်ဆိုပေမဲ့ တာဝန်က အလွန်အရေးကြီးတာ … ဒီတာဝန်ကို ငါပြီးမြောက်ဖို့အတွက် ငါကိုယ်တိုင်ဝင်ပါမယ် … ”
ဦးလေးလီက ခေါင်းညိတ်လိုက်၏။
ဦးလေးလီက တိုက်ပွဲထဲဝင်ပါမည့်အကြောင်း ကြားသောအခါ အဖွဲ့ဝင်များက ရှီဖုန်းကို ဂရုဏာသက်စွာ ကြည့်လိုက်၏။
ဦးလေးလီ၏ လက်အောက်ငယ်သားများဖြစ်သည့် သူတို့သာ တိုက်ခိုက်မည်ဆိုလျှင် ရှီဖုန်းက ရှင်သန်နိုင်ရန် အခွင့်အရေးတစ်ခုရှိသည်။ သို့သော် ဦးလေးလီ လှုပ်ရှားမည်ဆိုလျှင် ရှီဖုန်းက မျှော်လင့်ချက်မရှိတော့ပေ။
ဦးလေးလီတို့အဖွဲ့က သူတို့ဘာသာစကားပြောနေစဥ် ခန်းမထဲ၌ ကစားသမားများပိုမို စုဝေးလာ၏။ ပင်လယ်နဂါးလျှို့ဝှက်မြေမှ လူအချို့ရောက်လာပြီး ကျန်သည့်သူများက တခြားသောတစ်နေရာမှ ရောက်လာကြ၏။ ပင်လယ်နဂါး၏ လျှို့ဝှက်ခန်းမ ပိတ်သွားချိန်၌ ခန်းမထဲ၌ ကစားသမားများပြည့်နေတော့သည်။
ပင်လယ်ရဲ့အရှင်သခင်းတစ်ပါးဆိုတော့ ထင်တဲ့အတိုင်းပဲ။ အုတ်မြစ်က မယုံနိုင်စရာကောင်းတယ်။ ရှီဖုန်းသည် အခန်းကိုစစ်ဆေးကြည့်ပြီး အနည်းငယ် အံ့သြသွား၏။ လက်ရှိကစားသမားများထဲတွင် အဆင့်အနိမ့်ဆုံးက အဆင့် (၄၂) ဖြစ်သည်။ သူတို့ဝတ်ဆင်ထားသည့်လက်နက်နှင့် ချပ်ဝတ်တန်ဆာများအရ အဆင့်အနိမ့်ဆုံးက အဆင့် (၄၀) ရွှေစင်အဆင့်ဖြစ်၏။ ထိုကဲ့သို့ကစားသမား နှစ်ထောင့်ငါးရာကျော် ရှိသည်။ ပထမတန်းအစည်းအရုံးကတောင် ထိုလောက်မတက်နိုင်ပေ။
လွတ်လပ်ခြင်းမဟာမိတ်သည် ရှီဖုန်း၏ ယခင်ဘဝတုန်းက ရေကြောင်းအရှင်သခင်များထဲမှ တစ်ဦးဖြစ်လာပုံကို မှန်းဆရန်မခက်ခဲတော့ချေ။
နတ်ဘုရားနယ်မြေသည်အစောပိုင်းအဆင့်သာ ရှိသေး၏။ သို့သော် လွတ်လပ်ခြင်းမဟာမိတ်က အလွန်သန်မာနေပြီးသား ဖြ၀်သည်။ လွတ်လပ်ခြင်းမဟာမိတ်က ထိန်းချုပ်ထားသည့် အဓိက NPC မြို့ကြီးသုံးမြို့၏ အထောက်အကူဖြင့် ပထမတန်းအစည်းအရုံများသည် ၎င်း၏ ဝင်ငွေ သို့မဟုတ် သူတို့ခေါ်ထားသည့် ကစားသမားအရေအတွက်ကို မယှဥ်နိုင်ပေ။
ရှီဖုန်းသည် ပတ်ဝန်းကျင်ကို တိတ်တဆိတ်လေ့လာနေစဥ် ရုတ်ရုတ်သဲသဲအသံများတိတ်ဆိတ်သွား၏။ ပြီးနောက် ပထမရေတပ်သင်္ဘောအစု၏ခေါင်းဆောင် ဆိုင်းလန့်အန်ထရိုပီသည် ခန်းမအလယ်ရှိစင်မြင့်ပေါ်သို့ ဖြည်းဖြည်းချင်းတက်သွားတော့၏။
” အခုဒီမှာ အားလုံးစုံနေပြီဆိုတော့ စလိုက်ရအောင် … ”
ဆိုင်းလန့်အန်ထရိုပီက ကျယ်လောင်စွာပြောလိုက်သည်။
” ကျုပ်တို့ရဲ့ စည်းမျဥ်းတွေအရ လျှို့ဝှက်မြေထဲမှာ သူတို့ရဲ့ လုပ်ဆောင်ချက်နဲ့ ရှုံးနိမ့်မှုတွေပေါ်အခြေခံပြီး ရေတပ်သင်္ဘောတိုင်းအတွက် အဆင့်တက်မြေပုံတွေ စီစဥ်ပေးတယ် … အခုရလဒ်ကို ကြေညာမယ် … ”
လက်ရှိ လွတ်လပ်ခြင်းမဟာမိတ်အဖွဲ့ဝင်များအားလုံးတင်းမာနေ၏။ မဟာမိတ်၏ အဆင့်တက်ဧရိယာများက အရည်အသွေးမြင့်မားသော မြေပုံများသာဖြစ်သော်ငြား သူတို့ကြားထဲ၌ ကွာဟချက် ကြီးကြီးမားမားလည်း ရှိသေးသည်။
“ဒီအကြောင်း အားလုံးသိပြီးသားဆိုတာ သေချာတယ် … ဒါပေမဲ့ ဒီတစ်ခေါက် အကောင်းဆုံးလုပ်ဆောင်ချက်ရှိခဲ့တဲ့ ရေတပ်သင်္ဘောက ငါတို့ရဲ့ တတိယရေတပ်သင်္ဘောပဲ … ဒါကြောင့် အခုကစပြီး တတိယရေတပ်သင်္ဘောက လေမုန်တိုင်းခိုလှုံရာနဲ့ ဆိုင်းလန့်သစ်ဆိုင်ကို လက်လွဲယူခွင့်ရသွားပြီ … ”
“ဒုတိယနေရာက အဋ္ဌမရေတပ်သင်္ဘော … ဒါက ဆိုင်းလန့်ချောက်ကမ်းပါးနဲ့ ဂရိပင်လယ်ကို လက်လွှဲယူရမယ် … ”
“ပထမရေတပ်သင်္ဘောက တတိယဖြစ်သွားပြီ အနက်ရောင်ယဇ်ပလ္လင်နဲ့ လော်ကီရဲ့သင်္ချိုင်းကိုရမယ် …”
ဆိုင်းလန့်အန်ထရိုပီသည် ရေတပ်သင်္ဘောအသီးသီး၏ အဆင့်သတ်မှတ်ချက်ကို ကြေညာသည်နှင့် ခန်းမထဲ တိတ်ဆိတ်မှုကြီးစိုးသွားသည်။ ထိုကဲ့သို့ ပြောင်းလဲမှုကြီးကို မည်သူမှမမှန်းဆှန်းဆနိုင်ချေ။
ယခုအခေါက်တွင် တတိယရေတပ်သင်္ဘော ပထမရကြောင်း လူတိုင်းသိနေကြစဥ် အဋ္ဌမရေတပ်သင်္ဘောက ဒုတိယနေရာရနိုင်သည်က အံ့သြဖွယ်ကောင်းနေပြီ ဖြစ်သည်။ တတိယရေတပ်သင်္ဘော၏ အဖွဲ့ဝင်များက ပျော်ရွှင်ကြည်နူးနေကြ၏။ ရှီဖုန်းကလည်း သက်ပြင်းချလိုက်၏။ ထိုအတိုင်းဆို သူ၏ အစီအစဥ်များက အထမြောက်လာတော့မည်။ အတိတ်တုန်းက လေမုန်တိုင်းခိုလှုံရာသည် လေမုန်တိုင်းမြို့အတွင်းရှိ ပင်လယ်နတ်ဘုရား ဘုရားကျောင်းကြောင့် မွန်မြတ်သောမြေအသေးစားဖြစ်လာခဲ့သည်။ ကုန်းမြေပေါ်ရှိ စစ်နတ်ဘုရားဘုရားကျောင်းကဲ့သို့ပင် ပင်လယ်နတ်ဘုရား၏ ဘုရားကျောင်းက အမျိုးမျိုးသော တာဝန်များ ကမ်းလှမ်း၏။ တစ်ချိန်ထဲတွင် ကစားသမားများသည် ပင်လယ်နတ်ဘုရား၏ ဘုရားကျောင်းတွင် အမှတ်များစုဆောင်းနိုင်ပြီး အိုင်တမ်များအတွက် အမှတ်များလဲလှယ်နိုင်၏။ သို့သော်ငြား လေမုန်တိုင်းမြို့အတွင်းရှိ ပင်လယ်နတ်ဘုရားဘုရားကျောင်းက အနည်းငယ်ထူးခြားသည်။ ကစားသမားများသည် ရှားပါးသောအိုင်တမ်များအတွက် သူတို့၏ အမှတ်များကို လဲလှယ်နိုင်ရုံသာမက ဓာတ်ခွဲခန်းများအတွက်လည်း လဲလှယ်နိုင်သည်။
တိုက်ပွဲဝင်ကစားသမားများအဖို့ ဓာတ်ခွဲခန်းများက တန်ကြေးမရှိပေ။ သို့သော်ငြား ဘဝပုံစံကစားသမားများအဖို့ ယင်းက သူတို့လျင်မြန်စွာတိုးတက်အောင်လုပ်ပေးနိုင်သော ရတနာတစ်ပါး ဖြစ်သည်။ ပင်လယ်နတ်ဘုရား၏ ဘုရားကျောင်းရှိ ဓာတ်ခွဲခန်းများက တိုက်တန်မြို့၏ သုသေသနအခန်းများနှင့် မယှဥ်နိုင်သော်ငြား ကြယ်သုံးပွင့်ဈေးဆိုင်တွင်ရှိသည့် အခြေခံတရားထိုင်အခန်းထက် သာလွန်သည်။
ဓာတ်ခွဲခန်းများသည် သိပ်သည်းဝိညာဥ်ဓာတ်စွမ်းအားပါဝင်သော်ငြား ကစားသမားများသည် အမျိုးမျိုးသော ဘဝပုံစံအမျိုးအစားများအကြောင်း အချက်အလက်များလည်း ရှာနိုင်၏။ ရနိုင်သည့်သတင်းအချက်အလက်က အခြေခံအဆင့်သာဖြစ်သော်ငြား ဘဝပုံစံကစားသမားများကို အချိန်ကုန် သက်သာစေ၏။ အကြောင်းမှာ သူတို့က စမ်းသပ်မှုများ အမှားများကို ပြင်ဆင်စရာ မလိုသောကြောင့် ဖြစ်သည်။ သူတို့က အမျိုးမျိုးသောကုန်ကြမ်းများနှင့် လျင်လျင်မြန်မြန် အသားကျနိုင်ပြီး နတ်ဘုရားနယ်မြေထဲ၌ ထုတ်လုပ်သည့်နည်းလမ်းများကိုလည်း ရလာနိုင်သည်။ ထုတ်ကုန်သစ်များကို ပိုလွယ်ကူစွာ ထုတ်လုပ်နိုင်ပြီး ဘဝပုံစံပညာရှင်ကစားသမားများ ဖြစ်လာလိမ့်မည်။
အတိတ်တုန်းက ထိုဓာတ်ခွဲခန်းများကြောင့် ပင်လယ်၏အဆုံးရှိ ဘဝပုံစံကစားသမား၏ အဆင့်သတ်မှတ်ချက်က မြင်တက်သွားပြီး နောက်ဆုံးတွင် ကုန်းတွင်းပိုင်းဘဝပုံစံကစားသမားများကို လိုက်မှီလာ၏။ သို့သော် ဓာတ်ခွဲခန်းများသည် အကျိုးခံစားခွင့်များစွာ ပေးစွမ်းနိုင်သော်ငြား ဝင်ရန်မလွယ်ကူချေ။ ကစားသမားများသည် ဝင်ခွင့်ရရန်အတွက် ပင်လယ်နတ်ဘုရား၏ ဘုရားကျောင်းအမှတ်များကိုရရန် လိုအပ်သည်။ ထို့အပြင်တန်ကြေးကလည်း မြင့်မားလွန်းပေ၏။
ဓာတ်ခွဲခန်းအတွင်းနေထိုင်ရန် တစ်ရက်ကို အမှတ်တစ်ရာကျသင့်၏။
ပင်လယ်နတ်ဘုရား၏ ဘုရားကျောင်းအမှတ်များက ဂိမ်းငွေကြေးထက် ရရှိရန်ပိုခက်ခဲသည်။ ပုံမှန်ဆို ပင်လယ်နတ်ဘုရား၏ ဘုရားကျောင်းတာဝန်များပြီးမြောက်ခြင်းဖြင့်သာ ၎င်းတို့ကို ရနိုင်သည်။ ကစားသမားများသည် ရုမ်းသလင်းများကဲ့သို့ ရှားပါးသောအိုင်တမ်များဖြင့် လဲလှယ်ခွင့်လည်းရှိပြီး တစ်ခုကို ဆယ်မှတ်တန်၏။ ကံဆိုးသည်မှာ ရုမ်းသလင်းများကျသည့်နှုန်းက အလွန်နိမ့်သည်။ ပုံမှန်ဆို ဘော့စ်အဆင့်ပင်လယ်မွန်းစတားများသာလျှင် ၎င်းကိုကျနိုင်ချေမြင့်သည်။
ထိုသို့တိုင် တစ်ရက်တာအတွက် ဓာတ်ခွဲခန်းငှားရမ်းဖို့ သလင်းဆယ်ခု ကျသင့်တာပဲဖြစ်သည်။ ထို့ကြောင့် အနည်းစုသောဘဝပုံစံကစားသမားများသာလျှင် ၎င်းတို့ကိုသုံးနိုင်၏။ ကစားသမားများ၏ အဆင့်တိုးလာပြီး ရုမ်းသလင်းများထောက်ပံ့မှုက ပိုမိုကြွယ်ဝလာသည်နှင့် ဘဝပုံစံကစားသမားများ ပိုမိုကြွယ်ဝခွင့်ရရှိလာသည်။
အချိန်အတိုင်းအတာတစ်ခုထိတော့ ထိုသို့ဖြစ်အုံးမှာ မဟုတ်ပေ။ သို့သော် ရှီဖုန်း ပြဒါးရှင်လုံးကို ပိုင်ဆိုင်ထား၏။ သူက ရုမ်းအပိုင်းအစများ လုံလောက်အောင်စုဆောင်းနိုင်သရွေ့ ရုမ်းသလင်းများ အလွယ်တကူပေါင်းစီးနိုင်၏။
ထို့အပြင် သူ့၌ လေမုန်တိုင်းတံဆိပ်ရှိနေခဲ့လျှင် လေမုန်တိုင်းမြို့အတွင်း၌ အာဏာလည်း တိုးလာပေလိမ့်မည်။ ထိုအရာဖြင့် နတ်ဘုရား၏ ဘုရားကျောင်းအတွင်း အိုင်တမ်များ သို့မဟုတ် ဝန်ဆောင်မှုများ လဲလှယ်ရာ၌ (၂၀) ရာခိုင်နှုန်းလျော့ဈေးရရှိလိမ့်မည်။ ပိုအရေးကြီးသည်က လေမုန်တိုင်းမြို့၏ မြေကို ဝယ်ယူနိုင်သည်။ ထိုအချက်အလက်များ လက်ထဲတွင်ရှိထားလျှင် ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်းကြီးထွားလာဖို့က လွယ်ကူလာလိမ့်မည်။
” တပ်မှူး အခု ဖြတ်သန်းခြင်းဧကရာဇ်က လေမုန်တိုင်းခိုလှုံရာကို လက်လွှဲယူသွားပြီ … ဒါက ပထမရဲ့နေရာအတွက် ယှဥ်ပြိုင်မှုပေါ် ကျွန်မတို့ရဲ့ စွမ်းရည်ကို သက်ရောက်စေလိမ့်မယ် … ဖြတ်သန်းခြင်းဧကရာဇ်အတွက် ပြဿနာရှာသင့်လား … ”
ခေါင်းစွပ်ဖြင့် ကျိန်စာအသုံးပြုသူက ဆိုင်းလန့်အန်ထရိုပီကို တိတ်တဆိတ်မေးလိုက်၏။
” မလိုဘူး … ငါတို့မပါပဲနဲ့တောင် ဖြတ်သန်းခြင်းဧကရာဇ်က လေမုန်တိုင်းခိုလှုံရာကနေ စိန်ခေါ်မှုတွေအများကြီး ကြုံတွေ့ရမှာ … ဖြတ်သန်းခြင်းဧကရာဇ်ရဲ့ ရေတပ်သင်္ဘောခွန်အားနဲ့ဆို နယ်ပယ်ကို ထိန်းထားနိုင်ဖို့က ခက်ခဲလိမ့်မယ် … ငါတို့ရဲ့ လူ့စွမ်းအားအရင်းအမြစ်ကို ဒီမှာ ဖြုန်းတီးဖို့မလိုဘူး … အခုအချိန်မှာ အခြားအဆင့်တက်တဲ့နေရာတွေကိုသွားဖို့က ဦးစားပေးပဲ … ”
ဆိုင်းလန့်အန်ထရိုပီက ပြောပြီး ရယ်မောကာ ဖြတ်သန်းခြင်းဧကရာဇ်နှင့် ရှီဖုန်းကို တစ်ချက်ကြည့်လိုက်၏။
လေမုန်တိုင်းခိုလှုံရာသည် လွတ်လပ်ခြင်းမဟာမိတ် လက်ရှိပိုင်ဆိုင်ထားသည့် အကောင်းဆုံး အဆင့်တက်ရာနေရာ ဖြစ်သော်ငြား အမျိုးမျိုးသော အင်အားစုများက မြေပုံပေါ်၌ တိုက်ခိုက်နေကြသည်။ ကျန်သည့်အင်အားစုများထံမရောက်အောင်ထိန်းထားဖို့က လူ့စွမ်းအား အရင်းအမြစ်များစွာ လိုအပ်၏။
သူ့အမြင်တွင် လေမုန်တိုင်းခိုလှုံရာကို ဖြတ်သန်းခြင်းဧကရာဇ်အား ပေးလိုက်ခြင်းက တတိယရေတပ်သင်္ဘောကို အားမဖြစ်စေပဲ အားလျော့စေ၏။
” ခေါင်းဆောင် လေမုန်တိုင်းတံဆိပ်ကို ဖြတ်သန်းခြင်းဧကရာဇ်ဆီ ပေးလိုက်သင့်လား … “