ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 1248 ဈေးဆိုင်ချဲ့ထွင်ခြင်း
” လေမုန်တိုင်းတံဆိပ်တွေလား … ”
ဆိုင်းလန့်အန်ထရိုပီက မျက်မှောင်ကြုတ်လိုက်၏။ ပြီးနောက် သူက မေးလိုက်တော့သည်။
” ရှန့်ဖဲလ် အခု ငါတို့ဆီမှာ တံဆိပ်ဘယ်လောက်ရှိလဲ … ”
မြို့တံဆိပ်များက အင်မတန်ရှားပါး၏။ သူသည် မြို့တစ်မြို့ကို အပြည့်အဝထိန်းချုပ်ရန် အသုံးမပြုနိုင်သော်ငြား တာဝန်များရွေးချယ်ရန်နှင့် မြို့ဧရိယာထဲဖွံ့ဖြိုးတိုးတက်ရန် ကစားသမားများအတွက် ပိုလွယ်ကူအောင်ပြုလုပ်ပေး၏။
လေမုန်တိုင်းခိုလှုံရာသည် အရင်းအမြစ် မြင့်မားသော မြေပုံတစ်ချပ်ဖြစ်ပြီး မုန်တိုင်းတံဆိပ်၏ တန်ဖိုးက ပြောရန် မလိုအပ်ပေ။ အံ့ဖွယ်အိုင်တမ်တစ်ခုကိုတောင် ယှဥ်နိုင်ပေ၏။
” နှစ်ခုပါ … ”
ရှန့်ဖဲလ်ဟု အမည်ရသော ကျိန်စာအသုံးပြုသူက သိမ်မွေ့စွာဖြေလိုက်သည်။
” နှစ်ခုပဲလား … ငါတို့ဘာကြောင့် ဒီလောက်နည်းရတာလဲ … ”
ဆိုင်းလန်အန်ထရိုပီက သိချင်စိတ်တိုးသွားလေ၏။
” ငါတို့တွေ လေမုန်တိုင်းခိုလှုံရာထဲ မသွားခဲ့ဖူးလား … ”
ပုံမှန်ဆို သူတို့က မြေပုံအသစ်ကို စူးစမ်းရှာဖွေချိန်၌ သူတို့က မြို့တံဆိပ်ရှစ်ခုကိုးခု အလွယ်လေးရနိုင်၏။ ကံကောင်းလျှင် ပိုတောင်ရနိုင်သည်။ ပထမရေတပ်သင်္ဘောသည် ဧရိယာကိုစူးစမ်းရှာဖွေရာ၌ အားကုန်ထုတ်သုံးထား၏။ သူတို့က လေမုန်တိုင်းတံဆိပ်နှစ်ခုသာ ရရှိခြင်းက လက်မခံနိုင်စရာကောင်းလှပေ၏။
” တပ်မှူး လေမုန်တိုင်းခိုလှုံရာက တခြားနေရာတွေနဲ့ မတူဘူး … တခြားမြေပုံတွေမှာ ဘော့စ်အဆင့်ပင်လယ်မွန်းစတားတွေရဲ့ ပထမဆုံးသတ်ဖြတ်မှုက မြို့တံဆိပ်ကျလာနိုင်ချေမြင့််မားတယ် … ဒါပေမဲ့ လေမုန်တိုင်းခိုလှုံရာထဲက ဘော့စ်တွေကတောင် ကျတဲ့နှုန်းအလွန်နိမ့်တာ … ဒါကြောင့် ကျွန်မတို့တွေက ကွင်းပြင်ဘော့စ်နှစ်ဆယ်ကျော်လောက်သတ်ပြီးမှ ပထမသတ်ဖြတ်မှုကိုရတာ … မြေပုံရဲ့မွန်းစတားတွေကိုလည်း ရိတ်သိမ်းရသေးတယ် … ဒါတောင်မှ တံဆိပ်နှစ်ခုပဲ ရလာခဲ့တယ် … ”
” ကျတဲ့နှုန်းက အဲ့လောက်နိမ့်တယ်လား … ”
ဆိုင်းလန့်အန်ထရိုပီသည် ရှန့်ဖဲလ်၏ ရှင်းပြချက်ကိုကြားသောအခါ အံ့သြသွားလေ၏။
” ကြည်ရတာ လေမုန်တိုင်းတံဆိပ်က အတော်တန်ကြေးရှိပုံပဲ … ဒါပေမဲ့ အဲ့တာတွေကို ဖြတ်သန်းခြင်းဧကရာဇ်ဆီ ငါတို့လွဲမပေးခဲ့ရင် သူက မဟာမိတ်ရဲ့စည်းမျဥ်းတွေကိုသုံးပြီး ငါတို့ကို ဆန့်ကျင်လိမ့်မယ် … ဒါဆို ဒီလိုလုပ်ရအောင် … သူ့ကို တံဆိပ်တစ်ခုပေးလိုက် … မင်းဒီမှာ ရှိနေတဲ့အချိန် သူ့ကို ပစ္စည်းကျတဲ့နှုန်း နိမ့်တယ်ဆိုတာ ပြောပြလိုက် … သူပြဿနာမရှာအောင်ပြော … ”
” နားလည်ပါပြီ … ”
ရှန့်ဖဲလ်က အရိုအသေပေးပြီး ထွက်သွားလိုက်၏။
ထိုစဥ် ရေတပ်သင်္ဘောအသီးသီးက သူတို့၏ အဆင့်တက်နေရာအသီးသီးအတွက် ပြင်ဆင်ကြပြီး ရှီဖုန်းကမူ ထောင့်ဘက်တွင် တိတ်တဆိတ်ထိုင်နေလျက် လွမ်းဆွေးခြင်းအပြုံထံမှ စာတစ်စောင် ရလိုက်သည်။
အကြောင်းအရာက အလွန်ရိုးရှင်း၏။ ယခုအချိန်တွင် လျှို့ဝှက်မျှော်စင်က သူတို့ယခင်က သဘောတူထားသည့် မြေနေရာနှစ်ဆယ်ကျော်ကို ပေးအပ်လာပြီဖြစ်ရာ ထိုမြေများပေါ်၌ ဖယောင်းတိုင်အလင်းကုန်သွယ်ရေးဈေးဆိုင်များ တည်ဆောက်နိုင်ပြီဖြစ်ကာ စိန်သစ်သားများ စတင်ဝယ်ယူနိုင်တော့မည်။ သူတို့ကိုထိန်းထားသည့် တစ်ခုတည်းသောအရာက ပြန်လည်တည်ဆောက်ရန် ဘဏ္ဍာငွေချို့တဲ့နေတာပဲ ဖြစ်သည်။
သူတို့က စိန်သစ်သားများစွာဝယ်ယူရန် ရည်ရွယ်ထားလျှင် ၎င်းတို့ကို သိုလှောင်ရန် သိုလှောင်ရုံကြီးလိုအပ်၏။ ထိုကြောင့် သူတို့က အကောင်းဆုံးဈေးဆိုင်ကို တည်ဆောက်ဖို့လိုသည်။ တွက်ချက်ပြီးနောက် သူတို့က မြေတစ်ခုဆီ၌ ရွှေပြားသုံးထောင်သုံးရန်လိုအပ်ကာ စုစုပေါင်းရွှေပြားနှစ်သောင်းလိုအပ်၏။
အချိန်တိုအတွင်း ရှီဖုန်းတောင် ထိုမျှများပြားသည့်ပိုက်ဆံကို မစုနိုင်ပေ။
ရှလင်းကို စုံစမ်းမေးမြန်းခပေးပြီးနောက် သူ့ဆီတွင် ရွှေပြားတစ်သောင်းကျော်စွန်းစွန်းကျန်နေ၏။ မြစ်ဖြူမြို့၏ ပို့ဆောင်ရေးအိမ်အကျိုးအမြတ်များကို လက်ခံရရှိပြီးနောက် သူ့၌ စုစုပေါင်း ရွှေပြား (၁၂၁၂၄) ကျန်ရှိနေပြီဖြစ်သည်။ သူ့အိတ်ကပ်ထဲ အပြောင်ရှင်းလိုက်လျှင်တောင် ဆိုင်များကို ပြန်လည်တည်ဆောက်ဖို့ ပိုက်ဆံမလုံလောက်လေရာ စိန်သစ်သားများကို ဝယ်ဖို့ဆို ပြောနေရန် မလိုတော့ချေ။
ပိုအရေးကြီးသည်က သူသည် ဖြတ်သန်းခြင်းဧကရာဇ်နှင့် စာချုပ်တစ်စောင်ချုပ်ဆိုထား၏။ တစ်ဖက်လူက သူ့ကို လေမုန်တိုင်းတံဆိပ်ပေးသရွေ့ သူက ရွှေပြားတစ်သောင်းပေးရမှာပဲ ဖြစ်သည်။ ထိုသို့ပေးချေပြီးသည်နှင့် သူ့၌ ရွှေပြားနှစ်ထောင်ဝန်းကျင်သာ ကျန်တော့မှာဖြစ်သည်။
သူ၏ ငွေကြေးအခြေအနေကို စဥ်းစားပြီးနောက် ရှီဖုန်း ဗိုက်အောင့်လာတော့၏။
ဖြတ်သန်းခြင်းဧကရာဇ်က တိတ်တဆိတ်ချဥ်းကပ်လာပြီး သူ၏ မျက်နှာထက်တွင် စိတ်လှုပ်ရှားမှုနှင့် အပျော်တို့ပေါ်ထွက်လာ၏။
” ညီအစ်ကိုရီဖုန်း ဒီမှာ မင်းတောင်းထားတဲ့ လေမုန်တိုင်းတံဆိပ်ပဲ … မင်းမပျောက်စေနဲ့ တချို့အကြောင်းပြချက်တွေကြောင့် လေမုန်တိုင်းခိုလှုံရာထဲမှာ တံဆိပ်ကျတဲ့နှုန်းက အလွန်နိမ့်တယ် … ငါမှာတစ်ခုပဲ ရှိတယ် … ဒီတစ်ခုကို အစားထိုးဖို့က အင်မတန်ခက်တာ … ”
ဖြတ်သန်းခြင်းဧကရာဇ်က သူ၏ အသင်းဖော်ကို ညင်သာစွာသတိပေးလိုက်၏။ ပြီးနောက် ရှီဖုန်းအား လေမုန်းတိုင်တံဆိပ်ပေးလိုက်တော့သည်။
လေမုန်တိုင်းတံဆိပ်
ဝတ်ဆင်သည်နှင့် ကစားသမားသည် လေမုန်တိုင်းမြို့အတွင်း အဆင့်မြင့်အာဏာကို ခံစားခွင့်ရရှိမည်။
” ကျုပ်ဂရုစိုက်ပါမယ် … ”
ရှီဖုန်းက ခေါင်းညိတ်ပြီး တံဆိပ်ကိုသိမ်းလိုက်တော့၏။ လေမုန်တိုင်းတံဆိပ်၏ ရှားပါးမှုက သူ့ကိုမအံ့သြစေပေ။ မဟုတ်လျှင် သူက ၎င်းကိုရွှေပြားတစ်သောင်းဖြင့်ဝယ်ရန် ကမ်းလှမ်းမှာမဟုတ်။ အတိတ်တုန်းက လူများစွာသည် လေမုန်တိုင်းတံဆိပ်ကိုဝယ်ရန် ကမ်းလှမ်းခဲ့ကြပြီး သူတို့ စခေါ်သည့်အကြမ်းခင်းဈေးက ရွှေပြားတစ်သောင်းကျော်တန်၏။ တံဆိပ်သည် အိုင်တမ်ထက်ပိုပြီး တန်ဖိုးရှိသည်။ ထို့အပြင် ထိုဈေးနှုန်းဖြင့်တောင် ကစားသမားများသည် ကျသည့်နှုန်းအလွန်နိမ့်ပါးသောကြောင့် သူတို့တံဆိပ်များကို ရောင်းချတာရှားပါး၏။ ပထမဆုံးသတ်ဖြတ်မှုအတွက် ကျနိုင်ချေမြင့်မားတာအပြင် ကွင်းပြင်ဘော့စ်များကို ဆက်တိုက်သတ်ဖြတ်ခြင်းက ကျသည့်နှုန်း (၀•၁) ရာခိုင်နှုန်းသာ ရစေ၏။ ပျမ်းမျှအနေဖြင့် လေမုန်တိုင်းတံဆိပ်က တစ်လလျှင်တစ်ခုသာ ရရှိလောက်သည်။
ရလဒ်အနေဖြင့် ဘဝပုံစံကစားသမားတစ်ရာသည် ရွေးချယ်စရာမရှိတော့ဘဲ အချိန်ကုန်ခံပြီး သူတို့၏ ဂုဏ်သတင်းမှတ်များကို ဖြည်းဖြည်းချင်းမြင့်တင်ကာ လေမုန်တိုင်းမြို့ထဲ၌ အာဏာကိုမြင့်တင်၏။ လက်ရှိတွင် လေမုန်တိုင်းခိုလှုံရာသည်။ ၎င်း၏ စူးစမ်းသွားလာသည့်ကာလ၌ ရှိနေသေး၏။ အကြောင်းမှာ ယင်းသည် အဆင့် (၄၀) မှ အဆင့် (၆၅) မြေပုံတစ်ချပ်ဖြစ်နေသောကြောင့် ဖြစ်၏။ လေမုန်တိုင်းတံဆိပ်ကို မြန်မြန်ရလေ သူတို့က လေမုန်တိုင်းမြို့ထဲ၌ အမှန်တကယ်ခြေချထားနိုင်မှာပဲ ဖြစ်သည်။
ရှီဖုန်းသည် လေမုန်တိုင်းတံဆိပ်ကို သူ့ဘာသာသူရှာမည်ဆိုလျှင် သူက နတ်ဘုရားစောင့်ရှောက်မှုကို အားကိုးလျှင်တောင် နှစ်ရက်သုံးရက်စီးနင်းတိုက်ရန် လိုအပ်သည်။ ယင်းက အကောင်းဆုံးအခြေအနေပင် ဖြစ်၏။ ယခုအချိန်တွင် လေမုန်တိုင်းခိုးလှုံရာ၏ ကွင်းပြင်ဘော့စ်အများစုကို ရေကြောင်းအင်အားစုများစွာက ထိန်းချုပ်ထားလိုက်၏။ သူ့လက်ထဲ ဘော့စ် လက်တစ်ဆုပ်စာ ရမည်ဆိုလျှင် ကံကောင်းနေပြီဟု ဆိုရမှာပဲဖြစ်သည်။ ထိုသို့လျှင် သူက လေမုန်တိုင်းခိုလှုံရာထဲ စီးနင်းတိုက်ခိုက်ရန် အချိန်ကပိုတောင်ကုန်သွားလိမ့်မည်။ ထို့ကြောင့်လေမုန်တိုင်းတံဆိပ်ကို ရွှေပြားတစ်သောင်းဖြင့်ရလိုက်သည်က ထိုက်တန်နေ၏။ ပြီးနောက် ရှီဖုန်းသည် ကျန်ရှိသည့် ရွှေပြားကိုးထောင်ငါးရာကို ဖြတ်သန်းခြင်းဧကရာဇ်အားပေးလိုက်ပြီး သူတို့ကြားရှိစာချုပ်ကို ပြီးစီးအောင်လုပ်လိုက်၏။ ဂိမ်းငွေကြေးများလက်ခံပြီးနောက် ဖြတ်သန်းခြင်းဧကရာဇ်က စိတ်ရင်းမှန်ဖြင့်ပြောလိုက်တော့သည်။
” ညီအစ်ကိုရီဖုန်း လေမုန်တိုင်းခိုလှုံရာထဲမှာ စီးနင်းတိုက်ခိုက်ဖို့ အတူတူသွားပါလား … လက်တလောကနေ ဆိုင်းလန့်အန်ထရိုပီဆီကနေ မြေပုံအကြောင်း အချက်အလက်တချို့ ကြားထားတယ် … ငါတို့သတ်ခဲ့တဲ့ဘော့စ်ဆီကနေ ပစ္စည်းတွေခွဲဝေကြမယ်လေ … ပြီးတော့ ဓားသမားချပ်ဝတ်တန်ဆာကိုလည်း မင်းဦးစားပေးရရှိမယ် … ဘယ်လိုလဲ … ”
ထိုစကားကို ကြားသောအခါ ဖြတ်သန်းခြင်းဧကရာဇ်ဘေးတွင်ရပ်နေသော ဘလူးဂျွိုင်းက ထိတ်လန့်စွာ ပင့်သက်ရှိုက်မိသွား၏။
ဖြတ်သန်းခြင်းဧကရာဇ်က ထိုမျှသဘောထားကြီးရက်ရောလိမ့်မည်ဟု သူမ တစ်ခါမှမထင်ထားချေ။ ပုံမှန်ဆို ပင်လယ်၏အဆုံးရှိ ထိပ်သီးကျွမ်းကျင်သူများကို သူကမ်းလှမ်းလေ့ရှိသည်က လက်နက်တစ်ခုကို ပထမဆုံးရွေးချယ်ခွင့် သို့မဟုတ် ချပ်ဝတ်တန်ဆာအပိုင်းအစတစ်ခုကို ရွေးချယ်ခွင့်ဖြစ်သည်။ ထိုသို့တိုင် ယခုပစ္စည်းများကို ညီတူမျှတူခွဲဝေမည်ဟု ပြောခဲ့၏။ ထို့အပြင် ရှီဖုန်းကို ဦးစွာရွေးခွင့်ပေးရန် ရည်ရွယ်ထားသည်။ ထိုသတင်းသာပြန့်သွားလျှင် ပင်လယ်၏အစွန်းရှိ ကစားသမားများက ထိတ်လန့်သွားလောက်မည်။
သို့သော် ၎င်းကို ဂရုတစိုက် စဥ်းစားလိုက်ပြီးနောက် ဘလူးဂျွိုင်းက မအံ့သြသွားပေ။ ဖြတ်သန်းခြင်းဧကရာဇ်သည် ထိပ်သီးကျွမ်းကျင်သူဖြစ်ရုံမျှဖြင့် ဒီလောက်ရက်ရောမှာမဟုတ်ပေ။ ရှီဖုန်းက ခြွင်းချက်မရှိသူဖြစ်ပြီး သူတို့က သူ၏ ခွန်အားကိုကိုယ်တိုင် မျက်မြင်တွေ့ခဲ့၏။ ရှီဖုန်း၏ အကူအညီဖြင့် သူတို့သည် အစွမ်းထက်သည့်ဘော့စ်များစွာကို ပိုတောင်ဖြေရှင်းနိုင်လောက်သည်။ သူတို့က ဘော့စ်၏ ပစ္စည်းတစ်ဝက်သာ ရမည်ဖြစ်သော်ငြား အဆင့်မြင့်ဘော့စ်များ၏ ပစ္စည်းကို ထိန်းချုပ်တာထက် ရိတ်သိမ်းတာက ပိုကြွယ်ဝပေလိမ့်မည်။
” ကမ်းလှမ်းတာကျေးဇူးပါပဲ … ဒါပေမဲ့ ကျုပ်လုပ်စရာကိစ္စတွေရှိသေးလို့ … ”
ရှီဖုန်းက ကြင်နာသည်ကမ်းလှမ်းမှုကို ငြင်းပယ်လိုက်၏။
” နောင်ကျ အခွင့်အရေးရတဲ့အခါ ကျုပ်တို့တွေ ဘော့စ်ကို အတူတိုက်ခိုက်ကြတာပေါ့ … ”
အစွမ်းထက်သည့် ဘော့စ်အဆင့်ပင်လယ်မွန်းစတားများကို သတ်ဖြတ်ခြင်းက အကျိုးအမြတ် အတော်ရှိနိုင်သော်ငြား သူက အစည်းအရုံးတစ်ခု၏ ခေါင်းဆောင်ဖြစ်သည်။ သူအာရုံစိုက်ရန် လိုအပ်သည့် ကိစ္စများစွာရှိနေ၏။
အစည်းအရုံးက အစွမ်းထက်ချင်သည်ဆိုလျှင် ဂရုတစိုက်စီမံရန်လိုအပ်၏။ ဇီးရိုးဝင်းက သူသည် အစည်းအရုံးခေါင်းဆောင် တစ်ယောက်အနေဖြင့် သူ့တာဝန်ကို လျစ်လျူရှုခဲ့လျှင် ပိုသန်မာလာတော့မှာ မဟုတ်ပေ။ ထိုကဲ့သို့ဖြစ်လာလျှင် အစည်းအရုံးများစွာက နေ့စဥ်နေ့တိုင်း ပျောက်ကွယ်သွားမှာမဟုတ်။
ဘလူးဂျွိုင်းသည် ဓားသမား၏ တုံ့ပြန်မှုကြောင့် အနည်းငယ်စိတ်ပျက်သွားလေ၏။ သို့သော်ငြား ယင်းက ယုတ္တိရှိမှန်း သူမ သိသည်။ ရှီဖုန်းက အစွမ်းထက်သည့် ကျွမ်းကျင်သူတစ်ဦးဖြစ်ပြီး ဇီးရိုးဝင်း၏ အဖွဲ့ဝင်လည်းဖြစ်၏။ သူတို့နှင့်အဆင့်တက်ရန် အချိန်မည်ကဲ့သို့ အကုန်ခံနိုင်မည်နည်း။
“နှမြောစရာပဲ … ဒါဆိုနောက်တစ်ခေါက်ပေါ့ … ရာထူးသတ်မှတ်ဖို့ နောက်ထပ် ယှဥ်ပြိုင်ပွဲအတောအတွင်း မင်းကို ဒုက္ခပေးရတော့မှာပဲ … ”
ဖြတ်သန်းခြင်းဧကရာဇ်ကပြောပြီး သက်ပြင်းချလိုက်၏။
ပြီးနောက် ရှီဖုန်းသည် ဖြတ်သန်းခြင်းဧကရာဇ်နှင့် ကျန်သည့်သူများကို နှုတ်ဆက်စကားပြောပြီးနောက် ကျောက်စိမ်းပြာ စားသောက်ဆိုင်ကနေ ထွက်သွားပြီး လေမုန်တိုင်းခိုလှုံရာဆီသို့ အမြန်သွားလိုက်၏။
ရှီဖုန်းက စားသောက်ဆိုင်ထဲမှ ထွက်သွားသည်နှင့် အဆောက်အဦးကြားတွင် ပုန်းနေသော စကော်ပီယန်က သူ့နောက်လိုက်သွားသည်။
” ဦးလေးလီ ပစ်မှတ်က ကျောက်စိမ်းပြာစားသောက်ဆိုင်ကနေ ထွက်သွားပါပြီ … ကြည့်ရတာ သူက ကျောက်စိမ်းပြာမြို့ကနေထွက်သွားဖို့ ပို့ဆောင်ရေးမှော်အစီအရင်ဆီ ဦးတည်သွားနေတဲ့ပုံပဲ … ”
စကော်ပီယန်က သတင်းပို့ပြီး ရှီဖုန်းနောက် လိုက်လိုက်၏။
” အလုပ်များတဲ့လူပဲ … သူ့နောက်လိုက်ထား … NPC မြို့ရဲ့အပြင်ဘက်ကို လှမ်းပြီဆိုတာနဲ့ သူ့အသက်ဆုံးရှုံးပြီပဲ … ”
ဦးလေးလီကပြောပြီး ရယ်မောလိုက်၏။
NPC မြို့တစ်မြို့ထဲ၌ နောက်ထပ်ကစားသမားတစ်ဦးကို တိုက်ခိုက်ခြင်းက ဉာဏ်ရှိသည့်လုပ်ရပ်မဟုတ်ပေ။ ပင်လယ်၏အဆုံးရှိ NPC မြို့များ၌ လုံခြုံရေးက ကုန်းတွင်းပိုင်စမြို့များလောက် မတင်းကြပ်သော်ငြား ၎င်းကိုလျော့တွက်၍မရပေ။ ရှီဖုန်းကဲ့သို့ ကျွမ်းကျင်သူတစ်ယောက်ကို ရင်ဆိုင်ရာ၌ သူတို့က ပိုသင့်တော်သော ပတ်ဝန်းကျင်လိုအပ်သည်။
” နားလည်ပါပြီ … ”
ပြီးနောက် စကော်ပီယန်က ရှီဖုန်းနောက်အမြန်လိုက်ပြီး ပို့ဆောင်ရေးခန်းမထဲဝင်လိုက်လေ၏။