ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 1256 အာဏာရှင်နှင့် လူထူးလူဆန်းယှဥ်ပြိုင်ခြင်း
- Home
- ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား
- Chapter - 1256 အာဏာရှင်နှင့် လူထူးလူဆန်းယှဥ်ပြိုင်ခြင်း
ငါသူတို့ကို ဒီတစ်ခေါက် တကယ်လျော့တွက်ခဲ့မိတာပဲ။ ရှီဖုန်းက ခါးသက်စွာပြုံးလျက် ခေါင်းခါလိုက်လေ၏။
သူသည် အမျိုးမျိုးသောအင်ပါယာများ၏ အစည်းအရုံးများကို စိုးရိမ်ပူပန်ရ၏။ ထိုသို့တိုင် ပင်လယ်၏အဆုံးရှိ အမျိုးမျိုးသောရေငြေ်းအင်အားစုများအကြောင်း လုံးဝမေ့သွားခဲ့သည်။ ပင်လယ်နတ်ဘုရား၏ကောင်းချီးသည် ပင်လယ်နတ်ဘုရား၏ ဘုရားကျောင်းအမှတ်များနှင့် လဲလှယ်၍ရသည်။ အင်ပါယာ၏ အစည်းအရုံးများ မည်မျှအစွမ်းထက်စေကာမူ သူတို့အဖို့ နာရီဝက်အတွင်း ပင်လယ်နတ်ဘုရား၏ကောင်းချီးများစွာကို တက်နိုင်ဖို့မလုပ်နိုင်ချေ။ ဆိုရလျှင် NPC အဂ္ဂိရတ်ပညာရှင်တစ်ဦး၏ ပေါင်းစီးရန်အောင်မြင်သည့်နှုန်းက အလွန်နိမ့်နေသည်။ သူတို့အဖို့ တစ်ပြိုင်နက်ထဲ ဆယ်ခု၊ ဆယ့်နှစ်ခုအောင်မြင်ဖို့က ခက်ခဲပေလိမ့်မည်။ အပိုင်းအစများပေါင်းစီးရန် လိုအပ်သောအချိန်ကို တွက်ချက်ကြည့်ပါက နာရီသုံးဆယ်အတွင်း ပုလင်းရာချီကိုဝယ်နိုင်သည်က အစည်းအရုံးတိုင်းအတွက် ဆန်းကြယ်မှုတစ်ရပ်ဖြစ်နေမည်ဖြစ်ရာ NPC အဂ္ဂိရတ်ပညာရှင် ခြောက်ယောက်တောင်လိုအပ်နေသည်။
အင်ပါယာ၏ အင်အားစုများ အတူတကွပူးပေါင်းခဲ့လျှင်တောင် သူတို့အဖို့ ပုလင်းတစ်သောင်းကျော် ရဖို့ကမဖြစ်နိုင်ပေ။ ဆိုရလျှင် NPC အဂ္ဂိရတ်ပညာရှင်များစွာသာ ရနိုင်လောက်၏။
ထိုမျှများပြားသည့် ပင်လယ်နတ်ဘုရား၏ ဘုရားကျောင်းအမှတ်များကို ရနိုင်သည့်သူများက ဒေသခံစူပါအင်အားစုများသာ ဖြစ်သည်။
ပင်လယ်၏အဆုံးရှိ စူပါအင်အားစုများအတွက် ဘုရားကျောင်းအမှတ်များရဖို့က မခက်ခဲပေ။ သူတို့က ရုမ်းသလင်းများကဲ့သို့ အိုင်တမ်များကိုလဲလှယ်ခြင်း၊ တာဝန်များဆောင်ရွက်ခြင်းဖြင့် ရနိုင်သည်။ ပေါင်းစီးခြင်းကနေ ရုမ်းသလင်းများရနိုင်ရုံသာမက ပင်လယ်၏အဆုံးရှိ ဘော့စ်အဆင့်ပင်လယ်မွန်းစတားများကို သတ်ဖြတ်ခြင်းဖြင့် ၎င်းတို့ကိုရနိုင်သည်။
” အစည်းအရုံးခေါင်းဆောင် ကျွန်မတို့ဆေးရည်တွေ ဆက်ဝယ်မှာလား … ”
မီးလျှံကကြိုးက ဖန်သားပြင်ပေါ်ရှိ ရှီဖုန်းကိုကြည့်ပြီး မေးလိုက်တော့သည်။
သူတို့သည် ယှဥ်ပြိုင်မှုကို ရှောင်ရှားရန်အတွက် အစထဲကပင်လယ်နတ်ဘုရား၏ကောင်းချီးကို အလျင်စလိုဝယ်ယူရမည်ဖြစ်ကာ ကျန်သည့်သူများ ဆေးရည်ရနိုင်သည့်ပမာဏကို ကန့်သတ်ထား၏။ ယခု ပင်လယ်နတ်ဘုရား၏ ဘုရားကျောင်းက ပုလင်းသုံးထောင်ကျော် ပေးအပ်ပြီဖြစ်ရာ ယင်းက တန်ကြေးမြင့်မြင့်ဖြင့် ဆေးရည်ကိုရောင်းချရန်အတွက် သူတို့၏ စွမ်းရည်ကို သက်ရောက်လိမ့်မည်။
” ဝယ်တာပေါ့ … ငါတို့ဘာလို့ မဝယ်ရမှာလဲ … အလွန်ဆုံးမှာအမြတ်နည်းသွားရုံပဲ … ”
ရှီဖုန်းက ပြောပြီး ရယ်မောလိုက်၏။
ယှဥ်ပြိုင်မှုက ဈေးလျော့စေသော်ငြား သူတို့သည် ကြောက်ခမန်းလိလိနှုန်းဖြင့် ဂိမ်းငွေကြေးများရနိုင်သေးသည်။ ထိုအပြင် သူက ရုမ်းအပိုင်းအစများကို ပေါင်းစီးရန်အတွက် ပြဒါးရှင်လုံးရှိနေသည်။ ဆေးရည်ကိုအနိမ့်ဆုံးဈေးဖြင့် ရောင်းချရမည်ဆိုလျှင်တောင် သူက အကျိုးရှိသေး၏။ ထို့အပြင် သူ၏ အစောပိုင်းပန်းတိုင်ကို ပြည့်မီခဲ့ပြီဖြစ်သည်။
ပင်လယ်နတ်ဘုရား၏ကောင်းချီးက သူမှန်းဆထားသည်ကို ကျော်လွန်သည်။ ထက်တလဲလဲ ရောင်းချပြီးနောက် လက်ထဲ၌ ရွှေပြားခြောက်သောင်းကျော်ရှိနေပြီဖြစ်၏။ သူ၏ အလွှာနှစ် အဆင့်မြင့်တင်ခြင်း၊ စိန်သစ်သားများဝယ်ယူခြင်းနှင့် ကျောက်တောမြို့ ပြန်လည်တည်ဆောက်ရန် စသည့် ကိစ္စရပ်များကို ဖြေရှင်းရန် လုံလောက်နေပြီးဖြစ်သည်။ ကုန်စုံဆိုင်၏ သိုလှောင်ရုံထဲ၌လည်း ပုလင်းတစ်သိန်းလေးသောင်းရှိနေ၏။
သူသည် တစ်ပုလင်းကို ရွှေပြားနှစ်ပြားဖြင့် ရောင်းမည်ဆိုလျှင်တောင် သူ့မြို့ကိုတည်ဆောက်ရန်အတွက် ငွေကြေးလုံလောက်တာထက်ပိုရှိလိမ့်မည်။
” နားလည်ပါပြီ … ”
စဥ်းစားပြီးနောက် ရှီဖုန်းသည် မီးလျှံကကြိုး၏ အကြောင်းပြချက်ကို နားလည်သွားသည်။ သူမက သူမ လောဘကြီးလွန်းသည်ဟု ခံစားမိလိုက်သည်။
လေမုန်တိုင်းမြို့
ကုန်စုံဆိုင်သို့ ပြန်လာပြီးနောက် ရှီဖုန်းသည် ဆေးဆိုင်နားရှိလူအုပ်ကြီး ပျောက်ကွယ်သွားတာကို သတိပြုမိလိုက်၏။ ယခုမူ လူတစ်ဒါဇင်ခန့်သာ ရှိတော့သည်။ ကစားသမားများ ရှိန်လောက်ဖွယ် အရှိန်အဝါများ ထုတ်ဖော်နေပြီး သူတို၏ အသွင်သဏ္ဌာန်က ချဥ်းကပ်လာသည့်လူတိုင်းကို ခြိမ်းခြောက်နိုင်၏။
ရှီဖုန်းက ဆိုင်နားကပ်သွားစဥ် တုတ်တုတ်ကြံ့ခိုင်သည့်လူရွယ်က သူ့ကိုခေါ်လိုက်၏။
” မိတ်ဆွေ မင်းရဲ့ ရုမ်းအပိုင်းအစတွေကို ရောင်းဖို့ကြိုးစားနေတာလား … ”
ရှီဖုန်းက ခေါင်းညိတ်လိုက်ပြီး ရွှေပြားအချို့ရှာရန်အတွက် ကြိုးစားနေသည့် နောက်ထပ် စွန့်စားသူတစ်ယောက်ပမာ ပြုမူလိုက်သည်။
” တခြားနေရာသွားဖို့ အကြံပေးလိုက်မယ် … ပင်လယ်များ၏အိမ်က ဒီဆိုင်ကို ထိန်းသိမ်းထားတယ် … ဆိုင်ထဲဝင်တဲ့သူ ဘယ်သူပဲဖြစ်ဖြစ် ပင်လယ်များ၏အိမ်ရဲ့ ရန်သူဖြစ်သွားမယ် … ငွေပြားလေးနည်းနည်းနဲ့ သူတို့ကို ရန်စတာက မတန်ဘူး … ”
လူသန်ကြီးက ရှင်းပြလိုက်၏။
” ကစားသမားအချို့က အထဲဝင်ဖို့ကြိုးစားခဲ့တယ် … ဒါပေမဲ့ ပင်လယ်များ၏အိမ်ရဲ့ အဖွဲ့ဝင်တွေက အလွှာနှစ်မှော်စာလိပ်တွေကိုသုံးပြီး သူတို့ ဆိုင်ထဲကထွက်တာနဲ့ သူတို့ကို သတ်လိုက်တာ … ကစားသမားတွေက ချပ်ဝတ်တန်ဆာအပိုင်းအစ ဆုံးရှုံးရုံတင်မကဘူး ပင်လယ်များ၏အိမ်အတွက် ပစ်မှတ်လည်းဖြစ်လာတယ် … စာလိပ်ကိုအသုံးပြုပြီး တိုက်ခိုက်တဲ့ ကစားသမားက အဆင့် (၃၀) ပဲရှိတာ … သူက NPC အစောင့်တွေ သူ့ကိုသတ်တာအတွက် စိုးရိမ်ပူပန်စရာမလိုသလို ထောင်ထဲမှာ အဆင့်တချို့ ဆုံးရှုံးမှာကိုလည်း စိုးရိမ်ပူပန်စရာမလိုဘူး … ”
” နိုင်လွန်မင်းထက် နိုင်လိုက်တာ … ”
လူရွယ်၏ သတိပေးစကားကိုကြားသောအခါ ရှီဖုန်းသည် ဆိုင်ရှေ့၌ရပ်နေသော အယောက်နှစ်ဆယ်အဖွဲ့ကို ကြည့်လိုက်၏။ သူတို့ထဲတွင် အဆင့် (၃၀) ကစားသမားငါးယောက်ရှိနေသည်။ ထိုအဆင့် (၃၀) ကစားသမားများက သာမန်ချပ်ဝတ်တန်ဆာများ ဝတ်ဆင်ထား၏။ ကျန်သည်အသင်းဖော်များအတွက်မူ သူတို့က အဆင့် (၄၂) သို့မဟုတ် အဆင့် (၄၃) ကစားသမားများဖြစ်ပြီး အဆင့် (၄၀) ရွှေစင်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားလေ၏။
သူတို့ထဲမှအချို့က အဆင့် (၄၀) မဟူရာရွှေအပိုင်းအစနှစ်ခုသုံးခုတောင် ဝတ်ဆင်ထားသည်။
ထိုကစားသမားများသည် သာမန်နှင့်လက်ရွေးစင်ကစားသမားများကို ခြောက်လန့်ရန်အတွက် ဤနေရာသို့ရောက်နေတာ သိသာ၏။ သာမန်ကစားသမားက ခြိမ်းခြောက်မှုကို အမူမထားလျှင် ပင်လယ်များ၏အိမ်အဖွဲ့ဝင်က သူတို့ကို အလွှာနှစ်မှော်စာလိပ်ဖြင့် ရှင်းလင်းပေလိမ့်မည်။ ဤနည်းဖြင့် ပင်လယ်များ၏အိမ်သည် လေမုန်တိုင်းမြို့၏ ကစားသမားများကို ကုန်စုံဆိုင်ထံ သူတို့၏ ရုမ်းအပိုင်းအစများကို ရောင်းချခြင်းအား အောင်မြင်စွာဟန့်တားနိုင်ပေလိမ့်မည်။
ကစားသမားများက သူတို့၏ ရုမ်းအပိုင်းအစများ ရောင်းချခြင်းကို ရပ်တန့်လိုက်သရွေ့ ရှီဖုန်းသည် ရုမ်းသလင်းများ၏ အရင်းအမြစ်ဆုံးရှုံးသွားပေလိမ့်မည်။
သူသည် ရုမ်းအပိုင်းအစများဝယ်ရန်အတွက် မြို့များသို့လဲလှယ်နိုင်သော်ငြား စုဆောင်းနိုင်သည့်နှုန်းက အဆပေါင်းများစွာ နည်းသွားလိမ့်မည်။
” ပင်လယ်များ၏အိမ်က အမြဲတမ်းနိုင်လွန်မင်းထက်နိုင်နေတာပဲ … သူတို့နဲ့ ယှဥ်ပြိုင်နိုင်တဲ့သူက ပင်လယ်ရဲ့အဆုံးမှာ အင်အားစုအချို့ပဲရှိတယ် … ငါတို့လို တစ်ကိုယ်တော်ကစားသမားတွေက သူတို့ကို ရန်စခဲ့ရင် ပင်လယ်ရဲ့အဆုံးမှာ အသက်မရှင်နိုင်ဘူး … ”
လူရွယ်ကပြောပြီး သက်ပြင်းချလိုက်၏။
” ပင်လယ်များ၏အိမ်က ဆိုင်ရှင်ကို လိုက်ရှာနေတာ … ဆိုင်ရှင်က ပင်လယ်ရဲ့အဆုံးမှာ နေချင်သေးတယ်ဆိုရင် သူတို့ရဲ့ စီမံခန့်ခွဲမှုအောက်မှာ နေရမယ်လို့ကြေညာထားတယ် … ငါအဲ့ဒီလူအတွက် စိတ်မကောင်းလိုက်တာကွာ … ဆိုင်တစ်ဆိုင်ဖွင့်ရုံနဲ့ သူက ပင်လယ်များ၏အိမ်ရဲ့ အမျက်ဒေါသကိုရတယ် … ”
” ဟမ် … မင်းဝင်သွားတာလား မတုံးအနဲ့ … လူတွေအများကြီးကြိုးစားကြည့်ပြီးပြီ … ကျရှုံးခဲ့တာ … ”
လူရွယ်က ကုန်စုံဆိုင်သို့ ချဥ်းကပ်သွားသော ရှီဖုန်းကို သတိပြုမိသွား၏။
” သူတို့မင်းကိုပစ်မှတ်ထားရင် ဒီမှာ မင်းအသက်ပြီးသွားပြီ … ”
ပစ်မှတ်လား။ ရှီဖုန်းက ရယ်မောလိုက်၏။
” အခုလောက်ဆို သူတို့ ကျုပ်ကိုလိုချင်နေမှာ … ”
” ပစ်မှတ်တစ်ခု ဖြစ်နေပြီလား … ”
လူရွယ်က ဖြစ်နိုင်ချေတစ်ခုကို ရုတ်တရက်သဘောပေါက်သွားလေ၏။ သူ၏ မျက်လုံးများပြူးကျယ်သွားကာ စကားထစ်သွားတော့၏။
” သူတို့ ပြောနေတဲ့သူက မင်း … ”
” ဟုတ်တယ်လေ … ခင်ဗျား စိတ်မကောင်းဖြစ်မိတယ်ဆိုတဲ့ ကစားသမားပဲ … ”
ရှီဖုန်းက ခေါင်းညိတ်ပြီးပြောလိုက်၏။ ပြီးနောက် ဆိုင်ထဲသို့ဆက်လျှောက်သွားကာ သူ့နောက်ရှိ လူရွယ်ကို ထားခဲ့တော့သည်။
” သူ စိတ်လွတ်သွားတာလား … ”
လူရွယ်က ရေရွတ်ပြောပြီး ကြက်သေသေနေလေ၏။
ပင်လယ်များ၏အိမ်သည် ကုန်စုံဆိုင်ပိုင်ရှင်ကို ကြိုးစားပန်းစား လိုက်ရှာနေ၏။ ထိုသို့တိုင် ဤဆိုင်ပိုင်ရှင်က သူ့ကိုသူထုတ်ပြရန် ဆုံးဖြတ်လိုက်သည်။
ရှီဖုန်းက ဆိုင်၏ဝင်ပေါက်ကိုရောက်ရန် သိပ်မကြာလိုက်ပေ။ ချက်ချင်းပင် ပင်လယ်များ၏အိမ်အဖွဲ့ဝင်များက ရှီဖုန်း၏ လမ်းကြောင်းကို ဟန့်တားလိုက်၏။
” ဟေ့ကောင် … ဒီဆိုင်က ပင်လယ်များ၏အိမ်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတယ် … မင်းထွက်သွား … ”
အဆင့် (၄၃) ဒိုင်းစစ်သည်တော်က အော်ပြောလိုက်သည်။
” မသွားရင်ရော … ”
ရှီဖုန်းကမေးပြီး မဲ့ပြုံးပြုံးလိုက်၏။
” ဟေ့ကောင် မင်းသေချင်နေတာလား … ပင်လယ်များ၏အိမ်ရဲ့ အာဏာကိုစိန်ခေါ်ချင်နေတာလား … ”
ဒိုင်းစစ်သည်တော်က ဒေါသထွက်သွား၏။ ပြီးနောက် သူဘေးရှိ အဆင့် (၃၀) ကစားသမားများစွာကို အမိန့်ပေးလိုက်သည်။
” ဒီကောင်ကိုသတ် … ဒီလူကိုသတ်ပြီးရင် ဆိုင်နားကို ဘယ်သူချဥ်းကပ်ရဲအုံးမလဲဆိုတာ ကြည့်အုံးမယ် … ”
အဆင့် (၃၀) ကျိန်စာအသုံးပြုသူက အလွှာနှစ်မှော်စာလိပ်ကိုထုတ်ပြီး ချက်ချင်းအသက်သွင်းလိုက်၏။ ချက်ချင်းပင် အနက်ရောင်မှော်အစီအရင်တစ်ခုက ကျိန်စာအသုံးပြုသူနောက်၌ ပေါ်လာသည်။ ပိန်းပိတ်အောင်နက်မှောင်သည့် ဓားသွားနှစ်စင်းက မှော်အစီအရင်ထဲကနေ ပေါ်ထွက်လာပြီး ရှီဖုန်းဆီတိုးဝင်လာ၏။
အလွှာနှစ်မှော်စာလိပ်သည် အဆင့်တူမဟာအရှင်များကို ရင်ဆိုင်ရာ၌ အာနိသင်မရှိသော်ငြား ယင်းသည် အလွှာနှစ်သို့ရောက်ပြီးသည့် လက်ရှိကစားသမားများကို ချက်ချင်းသတ်ဖြတ်နိုင်၏။ ပစ်မှတ်က ကွယ်ပျောက်ခြင်းစကေးကို အသုံးမပြုလျှင် လွတ်လမ်းမရှိချေ။
ဖုန် … ဖုန် … ဖုန် …
ပိန်းပိတ်အောင်နက်မှောင်သောဓားသွားများက သူတို့၏ ပစ်မှတ်များကို တိုက်မိသွားသည့်အချိန်တွင် ရလဒ်က ဖုန်မှုန့်များ၊ အညစ်အကြေးများကို ကိုက်ပေါင်းများစွာအတွက် လေထဲလွင့်ထွက်သွားစေ၏။ စီးပွားရေးခရိုင်ရှိ ကစားသမားများက မှင်သက်သွားသည်။
” အရူးပဲ … ”
ဖုန်မှုန့်များနှင့် တိမ်တိုက်များကိုကြည့်နေစဥ် အဆင့် (၄၃) ဒိုင်းစစ်သည်တော်က အထင်သေးသည့်အမူအရာရှိနေ၏။
သို့သော် ဒိုင်းစစ်သည်တော်ပြောပြီးသည်နှင့် ရင်းနှီးနေသောအသံက နားထဲဝင်လာသည်။
” မင်းသေချာလား … ”
ဒိုင်းစစ်သည်တော်က အသံလာရာဆီသို့ လှည့်ကြည့်လိုက်သည်။
မည်သူမှသဘောမပေါက်ခင် ရှီဖုန်းသည် အဆင့် (၃၀) ကျိန်စာအသုံးပြုသာနောက်သို့ ရောက်နေပြီဖြစ်၏။ သူ၏ ဓားရှည်ကလျှပ်စီးများပေါ်ထွက်လာပြီး ကျိန်စာအသုံးပြုသူ၏ နှလုံးသားကို ထိုးစိုက်လိုက်၏။ ကျိန်စာအသုံးပြုသူက စကားပြောရန်ကြိုးစားသော်ငြား သူ၏ HP ကသုညသို့ ရောက်သွားပြီဖြစ်သည်။ သူ့ခေါင်းကလည်း ဘေးသို့လဲကျသွားပြီး ခန္ဓာအလောင်းက မြေကြီးပေါ်လဲကျသွား၏။ သူ့အလောင်းဘေး၌ အဆင့် (၃၀) ကြေးနီဖိနပ်တစ်စုံ ကျလာတော့သည်။