ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 1271 ပြာယာခတ်လျက် ရုန်းကန်ရခြင်း
” ပွဲကြည့်စင်သခင် ဖယောင်းတိုင်အလင်းက ကျုပ်တို့ဆီက ညစ်ထုတ်ဖို့ကြိုးစားနေတာ သိသာတာပဲ …”
လွမ်းဆွေးခြင်းအပြုံး၏ အကြောင်းပြန်မှုကိုကြားသောအခါ သိုင်းနဂါး၏အမူအရာက သုန်မှုန်သွားတော့သည်။
သူတို့က မိုးကြိုးဖြတ်သန်းခွင့်၏ လေလံခေါ်မှုကို ဆယ်မိနစ်တာ စောင့်စားခိုင်းစေချင်လျှင် ရွှေပြားသုံးထောင်ပေးရပေမည်။ ထိုပမာဏက သာမန် NPC မြို့တစ်မြို့၌ မြေနေရာကောင်းတစ်ခုဝယ်နိုင်ရန် လုံလောက်နေပြီဖြစ်သည်။
ရွှေပြားသုံးထောင်သည် ကောင်းကင်နဂါးပွဲကြည့်စင်အတွက် ဘာမှမဟုတ်သော်ငြား ထိုကမ်းလှမ်းမှုကိုလက်ခံလျှင် သူတို့အရူးများ ဖြစ်သွားပေလိမ့်မည်။ ထိုစဥ် နဂါးကိုးကောင်ဧကရာဇ်၏ အမူအရာကလည်းရှုံ့မဲ့နေလေ၏။
” အဲ့ဒီ သေသင့်တဲ့ဇီးရိုးဝင်း … ”
နဂါးကိုးကောင်ဧကရာဇ်က သူ၏ ထိုင်ခုံလက်တန်ကို ထိုးချလိုက်၏။ ကျောစိမ့်ဖွယ်လေသံဖြင့် သူက ပြောလိုက်တော့၏။
” သူတို့ကို ယူခိုင်းလိုက် ရွှေပြားသုံးထောင်ပဲ မဟုတ်ဘူးလား … နောင်ကျ ဖီးနစ်မိုးနဲ့ ဇီးရိုးဝင်းကို အဆတစ်ရာပြန်ပေးခိုင်းမယ် … ”
သူသည် ကျန်ရှိသောမိုးကြိုးဖြတ်သန်းခွင့်သုံးခုကို ဖီးနစ်မိုးရသွားမှာကို မတားနိုင်လျှင် မိုးကြိုးကျွန်းပေါ်၌ ရုန်းကန်မှုက ပိုပြီးဒုက္ခများလာမည်ဆိုတာ သံသယဖြစ်ဖွယ်မရှိပေ။
ကျန်သည့် စူပါအင်အားစုများကလည်း တွေဝေမနေဘဲ ရွှေပြားသုံးထောင်ပေးလိုက်၏။
ဆိုရလျှင် မိုးကြိုးဖြတ်သန်းခွင့်သုံးခုသည် သူတို့ မိုးကြိုးကျွန်းပေါ်သို့ ပို့လွတ်သောတပ်ဖွဲ့များကို အင်အားမြင့်တင်ပေးနိုင်၏။
ခဏအတွင်း၌ ရှီဖုန်းသည် ရွှေပြားတစ်သောင်းခွဲရသွားကာ အဓိက NPC မြို့တစ်မြို့၌ ရွှေမြေတစ်ခုကိုဝယ်ယူရန် ငွေကြေးလုံလောက်သွားပြီ ဖြစ်သည်။
မိုးကြိုးဖြတ်သန်းခွင့်အတွက် လေလံခေါ်မှုကို နှောင်နှေးထားစဥ် လွမ်းဆွေးခြင်းအပြုံးက နောက်ထပ်အိုင်တမ်တစ်ခုကို လေလံခေါ်တော့၏။ ထိုစဥ် ထိုအိုင်တမ်များက ပထမအလွှာခန်းမထဲရှိ ကစားသမားများအတွက် ယှဥ်ပြိုင်စရာဖြစ်လာခဲ့သည်။
ထိုအိုင်တမ်များထဲမှအချို့က ကျန်သည့်ကစားသမားများဆီက ကော်မရှင်ရထားတာပဲ ဖြစ်သည်။ အချို့က မဟူရာရွှေလက်နက်များနှင့် ဇီးရိုးဝင်း၏ သိုလှောင်ရုံမှ ချပ်ဝတ်တန်ဆာများဖြစ်သည်။
ရွှေစင်အဆင့် မှော်သလင်းအစုံချပ်ဝတ်တန်ဆာသည် ဒုတိယအလွှာရှိ လူများ၏ အာရုံစိုက်မှုကို ရခဲ့သည်။
ထိုကဲ့သို့ အဆင့်မြင့်အစုံချပ်ဝတ်တန်ဆာကို ရယူနိုင်ရန်မည်မျှခက်ခဲကြောင်း အဓိကအင်အားစုများက အပြည့်အဝသိသည်။ အဆင့် (၅၀) ကျော်မွန်းစတားများကို သူတို့စိန်ခေါ်ခဲ့သော်ငြား အဆင့် (၅၀) ရွှေစင်ချပ်ဝတ်တန်ဆာအပိုင်းအစတစ်ခုတောင် ရမလာလေရာ ရွှေစင်အစုံချပ်ဝတ်တန်ဆာဆို ပြောနေရန်မလိုတော့ချေ။
အဆုံးတွင်မူ လျှို့ဝှက်မျှော်စင်က မှော်အလင်းအစုံချပ်ဝတ်တန်ဆာကို ရွှေပြားလေးထောင်ဖြင့် ဝယ်ယူခဲ့၏။
ယခုအချိန်၌ အဆင့်မြင့်ဝိညာဥ်ဓာတ်စွမ်းအားသံချပ်ကာကို ရွှေပြားတစ်ရာငါးဆယ်ဖြင့် ရောင်းချနိုင်ခဲ့သည်။
အဆင့်မြင့်ဝိညာဥ်ဓာတ်စွမ်းအားသံချပ်ကာ၏ လေလံခေါ်မှုပြီးဆုံးသွားချိန်၌ ကြေးနီအင်ဂျင်နီယာစက်ခေါင်းများ စတင်ရောင်းချတော့သည်။
ယခုခေတ်တွင် နတ်ဘုရားနယ်မြေထဲရှိ အဓိကအင်အားစုများက အဆင့်မြင့်စီးတော်ယာဥ်များကို ရူးသွပ်စွာစုဆောင်းနေကြပြီး သူတို့၏ လက်ရွေးစင်အဖွဲ့ဝင်များကို သာမန်စီးတော်ယာဥ်များ ဆင်ပေးကြသည်။ စီးတော်ယာဥ်ခေတ်ရောက်လာပြီဖြစ်ကြောင်း သူတို့အားလုံးနားလည်ကြသည်။ သူတို့အစည်းအရုံးအဖွဲ့ဝင်များကို စီးတော်ယာဥ်များ မြန်မြန်မတပ်ဆင်ပေးလျှင် သူတို့က ကျန်သည့်အစည်းအရုံးများနောက် နောက်ကောက်ကျန်ပြီး အဆုံးသတ်သွားပေလိမ့်မည်။
ဆိုရလျှင် ကစားသမားများ၌ စီးတော်ယာဥ်များရှိလာလျှင် သူတို့က ခရီးသွားရသည့်အချိန်ကို ချွေတာနိုင်လိမ့်မည်။ အဆင့်မြင့်စီးတော်ယာဥ်များက တိုက်ပွဲဝင်နိုင်စွမ်းတောင် ပိုင်ဆိုင်ထားလေ၏။
ယခု ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်းသည် ကြေးနီစီးတော်ယာဥ်များ ရောင်းချနေပြီဖြစ်ရာ အသီးသီးသောအဓိကအင်အားစုများက ထိုအခွင့်အရေးကို လက်လွတ်ခံမှာမဟုတ်ပေ။
” ကြေးနီအင်ဂျင်နီယာစက်ခေါင်းရဲ့ အရည်အချင်းတွေကို အားလုံးသိပြီးသားလို့ ကျွန်မယုံကြည်ပါတယ် … ကြမ်းခင်းဈေးက ရွှေပြားတစ်ရာ့ငါးဆယ်ပါ … ထပ်တိုးခေါ်တဲ့ဈေးက ရွှေပြားဆယ်ပြားထက် မနိမ့်ရပါဘူး … စလိုက်ရအောင် … ”
လွမ်းဆွေးခြင်းအပြုံးက ကြမ်းခင်းဈေးကြေညာပြီးသည်နှင့် အမျိုးမျိုးသောအစည်းအရုံးကြီးများနှင့် စွန့်စားသူအဖွဲ့များက လေလံစပေးကြတော့သည်။
” ရွှေပြားတစ်ရာ့ခြောက်ဆယ် … ”
” ရွှေပြားတစ်ရာ့ခုနှစ်ဆယ် … ”
” ရွှေပြားတစ်ရာ့ရှစ်ဆယ် … ”
မျက်တောင်တခက်အတွင်း ကြေးနီအင်ဂျင်နီယာစက်ခေါင်း၏ တန်ကြေးက ရွှေပြားသုံးရာငါးဆယ်ကို ရောက်သွားသည်။ လူတိုင်းက စီးတော်ယာဥ်၏တန်ကြေးသည် ရွှေပြားလေးရာ၌ ရပ်တန့်သွားမည်ဟု ထင်လိုက်ချိန်၌ ဒုတိယအလွှာအခန်းများထဲရှိ တစ်ခန်းက ဈေးအသစ်ပေးတော့သည်။
” ရွှေပြားခြောက်ရာ … ”
ယွမ်ထျယ်ရှင်းက ကြေညာလိုက်၏။
” ဒါက ကြေးနီစက်ခေါင်းပဲကို … ဒါတောင် အဲဒီအခန်းကလူက တကယ်ကြီးရွှေပြားခြောက်ရာ ပေးနေတယ်လား … အဲ့ဒီပိုက်ဆံနဲ့ဆိုရင် ထိပ်တန်းအလွှာမဟူရာရွှေလက်နက် ဝယ်လို့ရလောက်တယ် … ”
လူတိုင်းက ယွမ်ထျယ်ရှင်း၏ လေလံဈေးကြောင်း အံ့အားသင့်သွားကြလေသည်။
ကြေးနီစီးတော်ယာဥ်များ အင်မတန်ရှားပါးကြောင်း သူတို့သိသော်ငြား တစ်ခုရယူရန်ရွှေပြားခြောက်ရာသုံးစွဲဖို့ သူတို့ဆန္ဒမရှိတာသေချာ၏။
” ဦးလေးယွမ် ကျွန်မတို့တွေက စီးတော်ယာဥ်ကို ရွှေပြားငါးရာနဲ့ ရနိုင်ရဲ့သားနဲ့ ဘာကြောင့်ခြောက်ရာပေးလိုက်တာလဲ … ”
ခရမ်းကျောက်စိမ်းက သိချင်စိတ်ဖြင့်မေးလိုက်သည်။
တန်ကြေးက ရွှေပြားလေးရာရောက်ပြီးနောက် ပထမတန်းအစည်းအရုံးများ၏ ကိုယ်စာလှယ်များသည် စိတ်ဝင်စားမှုသိပ်မရှိတော့ချေ။ ကြေးနီအင်ဂျင်နီယာစက်ခေါင်းကို ရွှေပြားလေးရာခြောက်ဆယ် သို့မဟုတ် ရွှေပြားလေးရာခုနှစ်ဆယ်ဖြင့်တောင် ရနိုင်လေ၏။
ထိုသို့တိုင် ယွမ်ထျယ်ရှင်းက ရွှေပြားခြောက်ရာပေးလိုက်သည်။ လျှို့ဝှက်မျှော်စင်က ကြွယ်ဝလျှင်တောင် သူတို့ပိုက်ဆံကို ဤနည်းဖြင့် မဖြုန်းတီးသင့်ပေ။
“ဒါအစည်းအရုံးခေါင်းဆောင်ဆီက အမိန့်ပဲ … သူက ထွက်လာသမျှ အင်ဂျင်နီယာစက်ခေါင်းတွေအားလုံးကို ဝယ်ဖို့ အမိန့်ပေးလိုက်တယ် … ဒီတစ်ခေါက် ရွှေပြားငါးရာပေးမယ်ဆိုရင် တချို့လူတွေက နောက်ကျဝယ်ဖို့ မျှော်လင့်ချက်ရှိနေအုံးမှာ … တစ်ခါထဲရွှေပြားခြောက်ရာပေးလိုက်တော့ နောက်လာမဲ့စီးတော်ယာဥ်တွေကို သူတို့ လက်လျှော့လိုက်ရုံပဲ ရှိတာပေါ့ … ”
ယွမ်ထျယ်ရှင်းက ရှင်းပြပြီး ရယ်မောလိုက်၏။
” ဘာ အရင်တုန်းက ဇီးရိုးဝင်းက အင်ဂျင်နီယာစက်ခေါင်းတွေ အများကြီး ကျွန်မတို့ရထားပြီးသား မဟုတ်ဘူးလား … ဒါအပြင် ကျွန်မတို့ရဲ့ကျွမ်းကျင်သူတွေက အဆင့်မြင့်စီးတော်ယာဥ်တွေကိုစုဆောင်းဖို့အတွက် ရှေးအပျက်အစီးနယ်မြေတွေကို စီးနင်းတိုက်ခိုက်နေတာမဟုတ်ဘူးလား … ကြေးနီစီးတော်ယာဥ်တွေ မချို့တဲ့သင့်ဘူးလေ … ဟုတ်တယ်ဟုတ် … ”
ခရမ်းကျောက်စိမ်းက ဇဝေဇဝါဖြင့်မေးလိုက်လေ၏။
” ငါတို့တွေက ဇီးရိုးဝင်းဆီကနေ အင်ဂျင်နီယာစက်ခေါင်းတွေအများကြီးရထားတာကြောင့် ဒီနေ့ ထွက်လာသမျှအားလုံးကို ပိုတောင်ဝယ်ရအုံးမယ် … ”
ယွမ်ထျယ်ရှင်းက ရှင်းပြပြီး ပြုံးလိုက်လေ၏။
” အစက အင်ဂျင်နီယာစက်ခေါင်းတွေက ထူးခြားတာဘာမှမရှိဘူးလို့ ထင်ခဲ့တာ … သူတို့ရဲ့ အခြေခံအရည်အချင်းက ကျန်တဲ့ကြေးနီစီးတော်ယာဥ်တွေထက်တောင် အားနည်းသေးတယ် … ဒါပေမဲ့ အင်ဂျင်နီယာစက်ခေါင်းငါးဆယ်ကို အကွာအဝေးတစ်ခုထဲ စုထားလိုက်တဲ့အချိန် သူတို့က ယန္တရားနှလုံးသားလုံးခေါ်တဲ့ ဘတ်စ်တစ်ခုကို ရလာတယ် … အဲ့ဒီဘတ်စ်က စီးတော်ယာဥ်ရဲ့ လှုပ်ရှားမှုအရှိန်ကို (၁၅) ရာခိုင်နှုန်း၊ စီးနင်းသူနဲ့ စီးတော်ယာဥ်ရဲ့ခုခံမှုကို (၂၀) ရာခိုင်နှုန်း မြင့်တင်ပေးနိုင်တယ် … ဒီဘတ်စ်က ခရီးနင်တဲ့နေမှာရော တိုက်ပွဲဝင်တဲ့နေရာမှာရော အဖွဲ့ကိုပံ့ပိုးပေးနိုင်တယ် … ”
” သူတို့တွေက တကယ်ကြီးဒီလိုအာနိသင်ရှိတယ်လား … ”
ခရမ်းကျောက်စိမ်းက ထိတ်လန့်သွား၏။ ချက်ချင်းပင် အစည်းအရုံးခေါင်းဆောင်က ကြေးနီအင်ဂျင်နီယာစက်ခေါင်းအားလုံးကို ဝယ်ချင်နေရသည့် အကြောင်းအရင်းကို သူမ နားလည်သွားသည်။
အစည်းအရုံးကြီးများသည် အဖွဲ့လိုက်စစ်ဆင်ရေးများ မကြာခဏလုပ်ဆောင်လေ့ရှိသည်။ သူတို့သည် လူအယောက်ငါးဆယ်ကို ကြေးနီအင်ဂျင်နီယာစက်ခေါင်းများ တပ်ဆင်ပေးနိုင်မည်ဆိုလျှင် အဖွဲ့၏လုပ်ဆောင်ချက်က တိုးတက်သွားပေလိမ့်မည်။
ပြီးနောက် လျှို့ဝှက်မျှော်စင်သည် လေလံခေါ်သမျှ ကြေးနီအင်ဂျင်နီယာစက်ခေါင်းတိုင်းကို ဝယ်ယူခဲ့၏။
အချို့သောပထမတန်းအစည်းအရုံးများသည် စီးတော်ယာဥ်အတွက် ယှဥ်ပြိုင်ရန်ကြိုးစားကြသော်ငြား လျှို့ဝှက်မျှော်စင်က သူတို့ကို သိသိသာသာပိုမြင့်သောတန်ကြေးဖြင့် ပါးစပ်ပိတ်သွားစေခဲ့သည်။ မည်သူကမှ အခွင့်အရေးမရလိုက်ချေ။ အဆုံးတွင်မူ လျှို့ဝှက်မျှော်စင်သည် စီးတော်ယာဥ်ဆယ်စင်းလုံး ဝယ်ယူလိုက်၏။
ထို့ကြောင့် လူအများက ဖယောင်းတိုင်အလင်းလေလံပွဲ၏ အဆင့်အတန်းကိုစတင်အသိအမှတ်ပြုလာ၏။ တစ်ချိန်ထဲတွင် လေလံခန်းမထဲရှိ လေထုကလည်း ပူပြင်းလာ၏။ လွမ်းဆွေးခြင်းအပြုံးသည် ယခင်က မိုးကြိုးဖြတ်သန်းခွင့်သုံးခုအကြောင်းကြေညာသောအခါ ခန်းမတစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်ခဲ့သည်။
ထိုသို့သော တုံ့ပြန်ရသည့်အကြောင်းအရင်းမှာ စူပါအင်အားစုများ ဖြတ်သန်းခွင့်အတွက် လေလံခေါ်ကြမှာကို မြင်လိုသောကြောင့် ဖြစ်သည်။
” အခု နောက်ထပ်လေလံအိုင်တမ်အတွက် စပြောပါတော့မယ် … ဒီမိုးကြိုးဖြတ်သန်းခွင့် သုံးခုအတွက်တန်ကြေးကတော့ မှော်သလင်းတစ်သောင်းပါပဲ … တစ်ကြိမ်တိုးရင် မှော်သလင်းတစ်ထောင်အောက် မလျော့ရပါဘူး … စလိုက်ရအောင် … ”
လွမ်းဆွေးခြင်းအပြုံးပြောပြီးသည်နှင့် လက်ရှိစူပါအင်အားစုများကြားထဲ၌ ရုန်းကန်မှုက ထပ်မံဖြစ်ပွားလာပြန်၏။
ပထမအလွှာရှိ လူအုပ်ကြီးက ထိုလေလံပွဲကိုကြည့်ရခြင်း၏ အရသာကို မခံစားရသေးခင် ပထမတန်းအစည်းအရုံးများကို တုန်လှုပ်သွားစေနိုင်သော လေလံဈေးကို သူတို့ကြားလိုက်ရ၏။
” သလင်းငါးသောင်းတစ်ထောင် … ”
နဂါးကိုးကောင်ဧကရာဇ်က အော်ပြောလိုက်၏။
သလင်းငါးသောင်းအထိ တန်းမြင့်သွားခြင်းဖြင့် ပထမတန်းအစည်းအရုံးများသည် မိုးကြိုးဖြတ်သန်းခွင့်အတွက် ယှဥ်ပြိုင်ရာ၌ ဆော့ပြေးစရာအတွေးများ ရလိမ့်မည်ဟု ထင်ခဲ့သော်ငြား ချက်ချင်းပင် အရည်အချင်းမမီဖြစ်သွားသည်။ လူတိုင်းကလည်း နဂါးကိုးကောင်ဧကရာဇ်၏ ကြွယ်ဝမှုကြောင့် ထိတ်လန့်ကုန်၏။
ဖြတ်သန်းခုသုံးခုကို ရယူရန်အတွက် နဂါးကိုးကောင်ဧကရာဇ်သည် ပထမတန်းအစည်းအရုံး၏ သိမ်းဆည်းထားသောမှော်သလင်းများနှင့် ညီမျှသည့်တန်ကြေးကို ပေးခဲ့သည်။
” သလင်းငါးသောင်းသုံးထောင် … ”
” သလင်းငါးသောင်းခွဲ … ”
” သလင်းခြောက်သောင်း … ”
ဖီးနစ်မိုးက တန်ကြေးအသစ် ပေးလိုက်၏။ ယခု မိုးကြိုးဖြတ်သန်းခွင့်တစ်ခုကို မှော်သလင်းနှစ်သောင်း ကျသင့်နေပြီဖြစ်သည်။
” ဒီ စူပါအင်အားစုတွေ သူတို့ စိတ်လွတ်ကုန်တာလား … ”
ပထမအလွှာခန်းမရှိ ကစားသမားများက မှင်တက်ကုန်သည်။
လွမ်းဆွေးခြင်းအပြုံးကလည်း ထိတ်လန့်နေ၏။ အမျိုးမျိုးသောစူပါအင်အားစုများသည် ဖြတ်သန်းခွင့်အနည်းငယ်အတွက် ဘာကြောင့်ရူးသွပ်နေကြောင်း သူမ နားမလည်နိုင်ပေ။ သို့သော် လွမ်းဆွေးခြင်းအပြုံးနှင့် ကျန်သည့်သူများက မိုးကြိုးဖြတ်သန်းခွင့်သုံးခုကို တစ်ပြိုင်နက်ထဲ ရောင်းချရသည့် ရှီဖုန်း၏ ရည်ရွယ်ချက်ကို သဘောမပေါက်ခဲ့ပေ။
စူပါအင်အားစုများရှိ မိုးကြိုးကျွန်းပေါ် ဖြတ်သန်းသွားလာခွင့် အရေအတွက်ကွာဟချက်က သိပ်မကြီးမားပေ။ ယခုအချိန်၌ စူပါအင်အားစုတိုင်းက သိသိသာသာပြောင်းလဲမှု သိပ်မရှိကြပေ။ ထိုထပ်တိုးပေါ်ပေါက်လာသည့် နေရာသုံးဆယ်က ကုလားအုတ်၏ နောက်ကျောကိုဖြိုခွဲနိုင်သည့် ကောက်ရိုးတစ်မျှင် ဖြစ်သွားနိုင်သည်။
ထို့ကြောင့် အမျိုးမျိုးသောစူပါအင်အားစုများသည် မိုးကြိုးကျွန်း၏ အုပ်စိုးပိုင်ခွင့်အတွက် ယှဥ်ပြိုင်မှုနားနီးစပ်နိုင်ရန် ဤယှဥ်ပြိုင်မှုကို လက်မလျော့ကြတာ သဘာဝကျသည်။ မဟုတ်လျှင် မိုးကြိုးဖြတ်သန်းခွင့်ရနိုင်ရန် သူတို့ယခင် အားစိုက်ထုတ်မှုများအားလုံး အချည်းအနှီးဖြစ်သွားမည် မဟုတ်ပါလော။