ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 1275 မြို့ကြီးတစ်မြို့ တည်ဆောက်ခြင်း
မြို့တော်ခန်းမ၏ ဒုတိယအလွှာရှိ အထူးဧည့်သည်တော်အခန်းထဲတွင် ဖြစ်သည်။
သပ်ရပ်စွာဝတ်ဆင်ထားသော လူရွယ်တစ်ယောက်က တံခါးဖြည်းဖြည်းချင်းဖွင့်ပြီး အခန်းထဲသို့ ဝင်လာလေ၏။ အဆင့်မြင့် အိုင်ဒီ စစ်ဆေးသည့်စကေးအရ အိမ်တော်ထိန်းနှင့်တူသည့် ထိုလူသည် အဆင့် (၁၈၀) အလွှာသုံး NPC တစ်ဦးဖြစ်သည်။ နာမည်က ဂျာဟစ်ဖြစ်သည်။
” အရှင်ကာကွယ်စောင့်ရှောက်သူ မြို့ကြီးတစ်မြို့တည်ဆောက်ချင်တယ်လို့ ကြားထားပါတယ် … မြို့တည်ဆောက်ခွင့်ကို ကြည့်လို့ရမလား … ”
ဂျာဟစ်က မေးလိုက်လေ၏။
” ဒီမှာပါ … ”
ရှီဖုန်းသည် ဟောင်းနွမ်းနေသော စာလွှာကိုထိုးပြလိုက်၏။
” တော်ဝင်မိသားစုက လွန်ခဲ့တဲ့အရင်ရာစုနှစ်လောက်တုန်းက ပေးထားခဲ့တဲ့ မြို့တည်ဆောက်ခွင့်တစ်ခုပဲ … ဘယ်နေရာမှာ မြို့တည်ဆောက်မလိုလဲဆိုတာ သိလို့ရမလား အရှင် … ဒါပေမဲ့ အဆင့်မြင့်တည်နေရာတွေက မြင့်မားတဲ့တည်ဆောက်လုပ်ခတွေလိုတယ်ဆိုတာ သတိပေးပါရစေ … ”
ဂျာဟစ်က ရှင်းပြလိုက်၏။ ပြီးနောက် သူက မှော်စာလိပ်တစ်လိပ်ကို ထုတ်ပြပြီး ရှီဖုန်းအား သူ့မြို့အတွက် နေရာရွေးချယ်ခိုင်းလိုက်သည်။
” နားလည်ပါပြီ … ဒါကို ကဝေတောင်ကုန်းမှာ တည်ဆောက်ချင်ပါတယ် … ”
ရှီဖုန်းသည် စာလိပ်ပေါ်ရှိ ကဝေတောင်ကုန်းကို လက်ညှိုးထိုးပြလိုက်၏။
ကဝေတောင်ကုန်းသည် များစွာသောကစားသမားများကို စွဲဆောင်နိုင်မှာ သေချာသည်။ အဆင့် (၅၀) မှ အဆင့် (၇၀) မြေပုံကြီးတစ်ချပ်ဖြစ်၏။ ယင်းက ကြေကွဲရာအပျက်အစီးနှင့်လည်း နီးပေ၏။
ကြေကွဲရာအပျက်အစီးသည် ငရဲအဆင့်အဖွဲ့လိုက်မြေအောက်စခန်းတစ်ခုဖြစ်ပြီး ကျောက်လက်သည်း တောင်တန်းကဲ့သို့ပင် မှော်သလင်းများစွာ ထုတ်လုပ်ပေး၏။
ကဝေတောင်ကုန်းကိုယ်တိုင်က သီးခြားလောကဆီသို့ ဝင်ပေါက်ရှိသည်။ ကဝေတောင်ကုန်းသည် ဂိမ်းစတင်သည့် ဆယ့်စုနှစ်တစ်စုကြာပြီးသည့်တိုင် ကစားသမားများကြားထဲ၌ နာမည်ကြီနေသေးဆဲ ဖြစ်သည်။
” ဟုတ်ပါပြီ … မြို့ကိုဘယ်နေရာမှာ တည်ဆောက်ချင်လဲဆိုတာ အတိအကျသိလို့ရမလား … ”
ဂျာဟစ်ကမေးလိုက်၏။ သူက မှော်စာလိပ်ကိုထောက်လိုက်ပြီး ကဝေတောင်ကုန်း၏ သရီးဒီပုံစံ အသေးက သူ့ရှေ့၌ ပေါ်လာလေလေ၏။
” နေရာအတိအကျလား … ”
ရှီဖုန်းက သူ့ရှေ့ရှိ မော်ဒယ်ကို ဂရုတစိုက်ကြည့်လိုက်၏။
သူသည် နောက်ဆုံးအခေါက် လာရောက်လည်ပတ်စဥ်အတွင်း မြို့တည်ဆောက်ရန်အတွက် ကုန်ကျစရိတ်ကိုသာ မေးခဲ့သည်။ သူ၏မြို့ကိုတည်ဆောက်ရန် ဆုံးဖြတ်ခဲ့ပြီးလျှင်တောင် သူ၏မြေပုံ ရွေးချယ်မှုသည် သူ၏ အဆင့်အတန်းကြောင့် ကန့်သတ်ခံထားရသည်။ စနစ်က မြို့၏နေရာအတိအကျကို ကျပန်းဆုံးဖြတ်ပေးမှာပဲ ဖြစ်သည်။ ယခု သူက မြို့ကာကွယ်စောင့်ရှောက်သူ ဘွဲ့အမည်ရှိနေတာကြောင့် မြို့တော်ခန်းမ၏ တတိယမြောက်အစွမ်းအထက်ဆုံး NPC ဂျာဟစ်က ဝန်ဆောင်မှုပေးရုံသာမက သူ့မြို့၏ နေရာအတိအကျကိုလည်း ရွေးချယ်နိုင်သည်။
ထိုအထူးအခွင့်အရေး၌ ကိုယ်ပိုင်အားနည်းချက်ရှိသည်။ တည်ဆောက်ခသည် သူရွေးချယ်လိုက်သော တည်နေရာ၏ မြေမျက်နှာသွင်ပြင်ပေါ် မူတည်ပြီးပြောင်းလဲသွားမည်။ စနစ်က တည်နေရာကို ဆုံးဖြတ်ပေးခဲ့လျှင်မူ တည်ဆောက်ရန်ဖြစ်စဥ်က ပတ်ဝန်းကျင်မြင်ကွင်းများပေါ် ဦးစားပေးလိမ့်မည်။
” ဒီနေရာကိုရွေးမယ် … ”
ရှီဖုန်းသည် ရေတံခွန်ကြီးနားတွင်ရှိသည့် တောင်ထိပ်ကို လက်ညှိုးထိုးပြလိုက်၏။
ရှု့ခင်းများကို လှည့်ပတ်ကြည့်ရှု့ကြသည့် ကစားသမားများက အံ့သြဖွယ်မြင်ကွင်းကို ခံစားကြရမည်ဖြစ်ကာ မြေမျက်နှာသွင်ပြင်အရ မြို့ကို တိုက်ခိုက်ရခက်ခဲစေလိမ့်မည်။ အဆင်မပြေသည့် တစ်ခုတည်းသောအရာက တောင်တက်တောင်ဆင်းကို ရင်ဆိုင်နေရမှာပဲဖြစ်သည်။ သို့သော်ငြား အဆင့် (၅၀) နှင့်အထက် ကစားသမားများသည် ကိုယ်ပိုင်စီးတော်ယာဥ်များရှိလာလိမ့်မည်။ ထို့ကြောင့် ဤနေရာအကွာအဝေးကိုသွားလာရတာက ပြဿနာတစ်ရပ်မဟုတ်ပေ။
” အရှင်ကာကွယ်သူ အရှင်က ရှုပ်ထွေးတဲ့မြေမျက်နှာသွင်ပြင်ရှိတဲ့ တည်နေရာတစ်ခုကို ရွေးချယ်လိုက်တာပဲ … ဒီနေရာမှာ တည်ဆောက်ဖို့အတွက် လူအင်အားနဲ့ အရင်းအမြစ်က အနည်းဆုံး (၆၀) ရာခိုင်နှုန်းပိုကုန်ကျလိမ့်မယ် … ဆောက်လုပ်မှုကလည်း ကြံ့ကြာလိမ့်မယ် … ဒီမှာတည်ဆောက်ချင်တာ သေချာရဲ့လား … ”
ဂျာဟစ်ကမေးလိုက်၏။
” အင် ဒီမှာပဲဆောက်မယ် … ”
ရှီဖုန်းက ခေါင်းညိတ်လိုက်၏။ သူသည် မြေပြန့်ပေါ်၌ မြို့ကြီစတစ်မြို့တည်ဆောက်ခြင်းဖြင့် ပိုက်ဆံများစွာ ချွေတာနိုင်သော်ငြား ရန်သူများဘက်ပေါင်းစုံကနေ တိုက်ခိုက်လာခဲ့လျှင် ခုခံရန်က ပိုခက်ခဲသွားပေလိမ့်မည်။ သူကပ်စေးနဲတာကြောင့် ဒုက္ခအရောက်မခံနိုင်ပေ။
” ဟုတ်ပါပြီ … စုစုပေါင်းကုန်ကျစရိတ်ကို တွက်ချက်ပေးပါမယ် … ကျေးဇူးပြုပြီး ခဏစောင့်ပါ … ”
ဂျာဟစ်သည် ပြဿနာမရှိကြောင်း အတည်ပြုပြီးနောက် တည်ဆောက်ခကိုတွက်ချက်တော့သည်။ ခဏကြာပြီးနောက် သူသည် ရှီဖုန်းအား စာရင်းတစ်ခုပေးပြီး ပြုံးလိုက်၏။
” အကြမ်းဖျင်းတွက်ချက်မှုအရ ရွှေပြားတစ်သိန်းငါးသောင်းနှစ်ထောင်ပါ … မြို့က တိုက်ခိုက်ခံရမယ်ဆိုရင် ထပ်တိုးငွေကောက်ခံပါမယ် … စာရင်းသွင်းခအဖြစ် ရွှေပြားသုံးသောင်း ပေးဖို့လည်း လိုအပ်ပါတယ် … ဒုတိယမျိုးဆက်မြို့တစ်မြို့အနေနဲ့ လစဥ်စီမံခန့်ခွဲခအဖြစ် ရွှေပြားသုံးသောင်းပေးဖို့လည်းလိုပါတယ် … ထပ်တိုးအစောင့်တွေရော စေလွှတ်ဖို့ ဆန္ဒရှိသေးလား … တည်ဆောက်ပြီးသွားရင် မြို့ရဲ့လုံခြုံရေးက အရေးကြီးပါတယ် … မြို့ကို ဆယ့်တစ်ရက်တာ ကာကွယ်ဖို့ အစောင့်တွေ ငှားလို့ရတယ် … အုပ်စုတစ်စုမှာ အလွှာနှစ် အစောင့်ဆယ်ယောက်တစ်စုစီဆို တစ်ရက်တာအတွက် ရွှေပြားတစ်ရာကျသင့်လိမ့်မယ် … ”
မြို့ကြီးတစ်မြို့ တည်ဆောက်ရတာက အတော်ဈေးကြီးတာကို။ ရှီဖုန်းသည် စာဖတ်ပြီး အံ့သြသွားလေ၏။
သူသည် ယခင်အခေါက် လာရောက်လည်ပတ်စဥ်အတွင်း အကြမ်းဖျင်းဈေးနှုန်းသာ လက်ခံရရှိခဲ့သည်။ ယခု သူ၏ မြို့တည်ဆောက်ခက အစောင့်များအပါအဝင် နောက်ဆုံးဈေးက ရွှေပြားတစ်သိန်းကိုးသောင်း ကျော်သွားသည်။ မွန်းစတားများက မြို့ကို လာရောက်တိုက်ခိုက်လျှင် သူက ထိုထက်ပိုပေးရအုံးပေမည်။
အစက သူသည် ဓာတ်ကြီးလေးပါးမျှော်စင်ကို တည်ဆောက်ရန်အတွက် လိုအပ်သော အကျော်ဇေယျခုနှစ်ပါး သလင်းများကို စုဆောင်းပြီးမှ မြို့ကြီးကိုတည်ဆောက်ရန် စီစဥ်ထား၏။ ယခုသူ၌ သူရဲကောင်းအခန်းကဏ္ဍ ရှိနေသောကြောင့် ဓာတ်ကြီးလေးပါးမျှော်စင် မရှိဘဲ ကျူးကျော်လာသူများကို ရှင်းထုတ်နိုင်လောက်သည်။ သူက တက်နိုင်သမျှ မြို့ကိုတည်ဆောက်ချင်၏။
“အလွှာတစ်အစောင့်တစ်ထောင်၊ အလွှာနှစ်အစောင့်နှစ်ရာကို နှစ်ဆယ့်ရက်တာအတွက် ငှားရမ်းချင်ပါတယ် … ”
ရှီဖုန်းက ပြောလိုက်၏။
” ကောင်ပါပြီ … စုစုပေါင်းကျသင့်ငွေက ရွှေပြားတစ်သိန်းကိုးသောင်းနှစ်ထောင်ပါ … ”
ဂျာဟစ်က စိတ်လှုပ်ရှားစွာ ကြေညာလိုက်၏။ ယင်းက သူ၏ ပထမဆုံးအရောင်းအဝယ်ကြီး ဖြစ်သည်။
” ဒေသခံ အခြေအနေပေါ် မူတည်ပြီး မြို့တည်ဆောက်တာက အကြမ်းဖျင်းခြောက်ရက်ကနေ ဆယ်ရက် ကြာညောင်းပါမယ် … ”
ရှီဖုန်းသည် စုစုပေါင်းရွှေပြားတစ်သိန်းကိုးသောင်းခြောက်ထောင်ကို လွဲပေးလိုက်သည်။
သူသည် ပင်လယ်နတ်ဘုရားကောင်းချီး ရောင်းချခြင်းကနေ ငွေအတော်လေး ရလာခဲ့သည်။ သို့သော် သူနှင့်အတူ ရွှေပြားသုံးသောင်းသာယူလာရန် ဆုံးဖြတ်ခဲ့သည်။ သူက ရုမ်းအပိုင်းအစများ ဝယ်ယူရန်နှင့် ပို့ဆောင်ခအတွက် မီးလျှံကကြိုးကို ကျန်ရှိသည့်ငွေများ ထားရစ်ပေးခဲ့သည်။ ရှီဖုန်းက ဖယောင်းတိုင်အလင်း လေလံပွဲ၌ စီးပွားအတော်ဖြစ်ခဲ့၏။ ကုန်ကျစရိတ်အသီးသီးကိုနုတ်ပြီးနောက် ရွှေပြားနှစ်သိန်းတစ်သောင်းကျော် ရလာခဲ့သည်။
ကြယ်လတိုင်းပြည်ထဲရှိ အဓိကအင်အားစုများက သူတို့လည်ပင်ကို ကြိုးကွင်းစွပ်ထားသည့်ပမာ ခံစားနေရတော့သည်။ ပထမတန်းအစည်းအရုံးကတောင် ထိုကဲ့သို့ ကြွယ်ဝသည့်ဘဏ္ဍာငွေဖြင့် ဇီးရိုးဝင်းကို မယှဥ်နိုင်ချေ။ ဇီးရိုးဝင်းကို တိုက်ခိုက်နေခြင်းက သေဖို့ကြိုးစားနေခြင်းသာ ဖြစ်သည်။
” အရှင်ကာကွယ်သူ ဒါက အရှင်ရဲ့မြေနေရာပါ … အခုကစပြီး အရှင်က ကြယ်လတိုင်းပြည်ရဲ့ အရှင်သခင်တစ်ပါး ဖြစ်သွားပြီ … မြို့စားအဆင့်အတန်းကို ခံစားလို့ရပါပြီ … ”
ဂျာဟစ်က တလေးတစားပြောလိုက်၏။
စနစ် : ဂုဏ်ယူပါတယ်။ သင်က ကြယ်လတိုင်းပြည်ရဲ့ အရှင်သခင်တစ်ပါးဖြစ်လာတဲ့ ပထမဆုံးကစားသမား တစ်ယောက်ပါ။ အစည်းအရုံးကျော်ကြားမှု အမှတ်သုံးသောင်း ဆုရရှိပါတယ်။ မြို့ရွေ့ပြောင်းရေး မှော်အစီအရင်ဒီဇိုင်းတစ်ခုနဲ့ ကြယ်လတိုင်းပြည်ရဲ့ မြို့စားဘွဲ့ရရှိပါပြီ။
ကြယ်လတိုင်းပြည်၏ မြို့စားရာထူးသည် မြို့လေးများရှိ မြို့စားနှင့် လုံးဝမတူညီပေ။ ကွာဟချက်က မိုးနှင့်မြေပမာ ဖြစ်၏။ တစ်စုံတစ်ယောက်သည် သူတို့ကိုယ်ပိုင်မြေများ ပိုင်ဆိုင်ထားနိုင်သည်။ နောက်တစ်ခုကမူ ကိုယ်ပိုင်မြေမရပေ။ ဒီလိုနဲ့ ငါ မွဲသွားပြန်ပြီ။ ရှီဖုန်းက သက်ပြင်းချပြီးနောက် သူ့လက်ထဲရှိ မြေနေရာစာချုပ်ကို ကြည့်လိုက်၏။
သူ့လက်ထဲ၌ ယခုဆို ရွှေပြားလေးသောင်းကျော်သာ ရှိသည်။ သူ့အစည်းအရုံးတာဝန်အတွက် ဘဏ္ဍာငွေကို နုတ်ပြီးနောက် စိန်သစ်သားများ ဝယ်ယူရန်နှင့် ကျောက်တောမြို့ ပြန်လည်တည်ဆောက်ရန်အတွက် လုံလောက်ရုံမျှသာရှိသည်။ ယခုအချိန်၌ အစည်းအရုံး၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဘာမှမကျန်တော့ပေ။ သို့သော်ငြား ရှီဖုန်းက စိတ်ထဲမထားချေ။ ယခုအချိန်တွင် ဇီးရိုးဝင်း၏ ဖွံ့ဖြိုးတိုးတက်မှုကို အာရုံစိုက်ခြင်းထက် မြို့ကြီးတစ်မြို့ရခြင်းက ပိုအရေးပါသည်။
ဇီးရိုးဝင်း၌ မြို့ကြီးတစ်မြို့ရှိလာခဲ့လျှင် ငွေကြေးလုံလုံလောကလောက်ရဖို့က ပြဿနာတစ်ရပ် မဟုတ်တော့ပေ။ မြို့ကြီးတစ်မြို့သည် ကျောက်တောမြို့ထက် အကျိုးအမြတ် ပိုရှာပေးနိုင်လိမ့်မည်။
ဆုလာဘ်က အံ့သြစရာပဲ။ မြို့ပို့ဆောင်ရေးအစီအရင်ဒီဇိုင်းတစ်ခု တကယ်ကြီးပါနေတယ်။ ရှီဖုန်းသည် သူ၏ အိတ်ထဲရှိ ဒီဇိုင်းကို ကြည့်ပြီး ထိတ်လန့်သွားလေ၏။
မြို့ပို့ဆောင်ရေးမှော်အစီအရင်သည် သူပိုင်ဆိုင်ထားသည် ပို့ဆောင်ရေးမှော်အစီအရင်ထက် အဆင့်ပိုမြင့်သည်။ ယင်းက တစ်ကြိမ်လျှင် လူများပိုဆန့်ပြီး ကုန်ကျစရိတ်ပိုသက်သာ၏။ တစ်ခုတည်းသောဟာကွက်က အစည်းအရုံးမြို့ကြီးများနှင့် မြို့လေးများကြား ပို့ဆောင်နိုင်တာပဲ ရှိသည်။ NPC မြို့ကြီးများသို့ မသွားနိုင်ချေ။
ထိုသို့တိုင် မြို့၏ ပို့ဆောင်ရေးမှော်အစီအရင်ဒီဇိုင်းက ရွှေပေါင်းသောင်းချီထိုက်တန်သော ရတနာတစ်ပါး ဖြစ်နေသေးဆဲ ဖြစ်သည်။
ပုံမှန်ဆို အလွန်အရွယ်အစားကြီးမားသော ငရဲအဆင့်အဖွဲ့လိုက်မြေအောက်စခန်းကနေသာ ဒီဇိုင်းကို ရနိုင်သည်။ သို့သော် ကျသည့်နှုန်းက နှစ်ရာခိုင်နှုန်းသာရှိ၏။ ထို့အပြင် ဒီဇိုင်းသည် မြေအောက်စခန်း၏ ဖိုင်နယ်ဘော့စ်ဆီကနေပဲ ကျတာဖြစ်သည်။ ယခု ဒီဇိုင်းရထားခြင်းက သူ့ကို ဒုက္ခအတော်လေး လျော့ပါစေ၏။
သူသည် မြို့ကြီးတည်ဆောက်ပြီးသည်နှင့် ကျောက်တောမြို့နှင့် တစ်ခါထဲဆက်သွယ်နိုင်ပြီ ဖြစ်သည်။ ယင်းက မြို့ကြီးနှင့်မြို့လေးတန်ဖိုးနှစ်ခုစလုံးကို မြင်တင်နိုင်လိမ့်မည်။
အခု ငါအားလုံးကို ဖြေရှင်းပြီးပြီ။ အဆင့်မြှင့်တင်မှုတာဝန်ကို စိန်ခေါ်ရမဲ့အချိန်ပဲ။ ရှီဖုန်းက သူ၏အိတ်ထဲရှိ ဝိညာဥ်ကမ္ဘာလုံးကို စိုက်ကြည့်လိုက်၏။ ယင်းက ချိန်ကိုက်ဗုံးပမာ ဖြစ်နေတော့သည်။ သူ တက်နိုင်သမျှ မြန်မြန်ဖြေရှင်းရန် လိုအပ်၏။