ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 1280 ဘဏ္ဍာတိုက်ကြီး
ဘာတွေဖြစ်ကုန်တာလဲ။
ငါ ဒီဟင်းလင်းပြင်ထဲမှာ ပိတ်မိနေတာလား။
ရှီဖုန်းသည် ငွေရောင်လေပွေထဲ ပိတ်မိနေစဥ် သူ၏ ပတ်ဝန်းကျင်က မှောင်မည်းနေလေ၏။ သို့သော်ငြား နတ်ဘုရားစွမ်းရည်သည် လမ်းကြောင်းကနေ ဖြာထွက်နေခြင်းကြောင့် သူမလှုပ်ရှားနိုင်ပေ။ ပုံမှန်ဆို တစ်ခါတစ်နေရာကို ရွေ့ပြောင်းချိန်၌ အကျော်ဇေယျခုနှစ်ပါးလက်စွပ်၏ လေဟာနယ်ရွေ့လျားမှုဖြင့် သူသွားလိုရာသို့ လေဟာနယ်လမ်းကြောင်းထဲဝင်ပြီး နှစ်စက္ကန့်၊ သုံးစက္ကန့်အကြာတွင်ရောက်သည်။ သို့သော်ငြား စနစ်နာရီကိုကြည့်လိုက်သောအခါ သူတံခါးကို ဖြတ်နင်းလာချိန်မှစပြီး သုံးမိနစ်ကုန်ဆုံးသွားပြီဖြစ်ကြောင်း သတိပြုလိုက်မိသည်။ နတ်ဘုရားနယ်မြေကို သူယခုအချိန်၌ လေဟာနယ်လမ်းကြောင်းဖြင့် အကြိမ်ပေါင်းတစ်ဒါဇင်ခန့် ဖြတ်ကျော်နိုင်နေပြီ ဖြစ်သည်။
” ဒါက … ”
နောက်ထပ်ငါးမိနစ်ကြာသွားပြီးနောက် ရှီဖုန်းသည် ဟင်းလင်းပြင် လမ်းကြောင်းအဆုံးရှိ အလင်းရောင်တစ်ခုကို သတိပြုမိလိုက်သည်။ မကြာမီ၌ သူသည် တောင်တန်းများနှင့် မြစ်များကို မြင်နိုင်ပေ၏။ သူက မြေပြင်ပေါ်၌ လှည့်လည်သွားလာနေသော သားရဲများကို မြင်တွေ့ရသည်။ မိုးပြာရောင်ကောင်းကင်၌ ပျံသန်းနေသည့် သားရဲများကိုလည်း တွေ့ရ၏။ ခဏအကြာတွင် ရှီဖုန်းက တောင်ထွတ်ပေါ်၌ ရပ်နေတာကို သိလိုက်ရသည်။
စနစ် : သင်သည် မဟူရာချောက်ကမ်းပါးကို ရှာတွေ့ခဲ့ပါပြီ။ ယခု သင်ဒီနေရာကိုရောက်နေစဥ် စနစ်လုပ်ဆောင်ချက် အသုံးပြုမှုကို လုပ်ဆောင်၍မရ။ ပြန်ရောက်ခြင်းစာလိပ်ကိုလည်း အသုံးပြု၍မရပါ။
စနစ် : အသူရာအဆင့် အဆင့်တိုးမြင့်မှုတာဝန်ကို အသက်သွင်းလိုက်ပါပြီ။
တာဝန်အကြောင်းအရာ : အကျော်ဇေယျခုနှစ်ပါး အရင်းအမြစ်ကျောက်တုံးများကို စုဆောင်းပြီး နတ်ဆိုးဘုရင် စတိုရာကို ချိပ်ပိတ်ပါ။
ဆုလာဘ် : အမည်မသိရ။
” နတ်ဆိုးဘုရင်ကို ချိပ်ပိတ်ဖို့လား … ”
စနစ်၏ အမူအရာကင်းမဲ့သည့် ပြောကြားချက်ကိုကြားသောအခါ ရှီဖုန်း၏မျက်နှာက ရှုံ့မဲ့သွားတော့သည်။ ထိုတာဝန် ခက်ခဲမှန်း သူသိသော်ငြား အတော်လေးခက်လိမ့်မည်ဟု မထင်ထားပေ။
နတ်ဆိုးဘုရင်သည် အလွှာငါးဒဏ္ဍာရီလာမွန်းစတားတစ်ကောင်နှင့် ညီမျှသည်။ တစ်မြို့လုံးကို ရှင်းထုတ်ပစ်နိုင်၏။ လက်ရှိကစားသမားများက ထိုစွမ်းအားအတွက် မယှဥ်ပြိုင်နိုင်ပေ။ အသူရာအဆင့်က ထိုမျှခက်ခဲနေခဲ့လျှင် သူနတ်ဘုရားအဆင့် အဆင့်တိုးမြင့်မှုတာဝန်ကိုစိန်ခေါ်လျှင် သေမည်ဟု ရှလင်းပြောခဲ့တာ အံ့သြစရာမရှိပေ။ သူက နတ်ဘုရားအဆင့်ကို ရွေးချယ်ခဲ့လျှင် သူတာဝန်ဆောင်ရွက်ရန် ဧရိယာထဲဝင်လျှင်ဝင်ခြင်း သေဆုံးသွားနိုင်သည်။ သို့သော် အသူရာအဆင့်ကို သူ၏မျက်စိဖြင့် မြင်တွေ့ပြီးနောက် တာဝန်ကိုပြီးမြောက်ရန် အခွင့်အရေးမရှိကြောင်း သူသိလိုက်ရသည်။
သူသည် အလွှာတစ်ဓားသမားလေးသာ ဖြစ်သည်။ သူကိုယ်ခွဲတစ်ထောင်ရှိနေလျှင်တောင် အလွှာငါး နတ်ဆိုးဘုရင်ကို ရင်ဆိုင်နိုင်မှာမဟုတ်ချေ။
ယင်းက နတ်ဘုရားနယ်မြေ၏ အလုပ်လုပ်ပုံပဲ ဖြစ်သည်။ အလွှာပိုမြင့်လေ ကွာဟချက်က ကြီးမားလေဖြစ်သည်။ အတိတ်တုန်းက အမျိုးမျိုးသော အစည်းအရုံးကြီးများသည် အစွမ်းထက်သော ကျွမ်းကျင်သူများကို ပျိုးထောင်ရန် နည်းလမ်းမျိုးစုံ စဥ်းစားခဲ့ကြ၏။ ဂိမ်း၏ နှောင်းအဆင့်၌ အရည်အသွေးက အရေအတွက်ထက် ပိုအရေးပါလာသည်။
အလွှာငါးကစားသမားတစ်ဦးသည် အလွှာနှစ်ကစားသမားတစ်သိန်းထက် အစည်းအရုံးတစ်ခုအတွက် ပိုအသုံးဝင်သည်။ အလွှာငါးကစားသမားသည် အကူအညီမလိုပဲ မြို့ကိုကာကွယ်နိုင်ရုံသာမက သူတို့သည် အလွှာငါးဒဏ္ဍာရီလာမွန်းစတားကို စီးနင်းတိုက်ခိုက်ရာ၌ အဖွဲ့များကိုလည်း ဦးဆောင်နိုင်၏။
ပုံမှန်ဆို အလွှာငါးမွန်းစတားများကို စီးနင်းတိုက်ခိုက်ရန် အလွှာသုံး အယောက်တစ်ရာပါသည့် အသင်းတစ်သင်းကို လိုအပ်ပေ၏။ ထို့အပြင် ကစားသမားများက မွန်းစတားများ၏ အားနည်းချက်ကို သိထားရန် လိုအပ်ပြီး သူတို့ကို သင့်တော်သည့်အိုင်တမ်များ ကိရိယာများဖြင့်ဖြေရှင်းရမှာပဲ ဖြစ်သည်။ မဟုတ်လျှင် ထိုမွန်းစတားများကို စီးနင်းတိုက်ခိုက်ဖို့က မဖြစ်နိုင်ပေ။
သူ့ကို အလွှာငါးနတ်ဆိုးဘုရင်အား သူတစ်ယောက်တည်းဖြင့် ဖြေရှင်းရန်ပြောဆိုခြင်းက လုံးဝ မဖြစ်နိုင်တာကို ပြောနေခြင်းသာ ဖြစ်သည်။ ကံကောင်းသည်မှာ တာဝန်အကြောင်းအရာက အကျော်ဇေယျခုနှစ်ပါး ရင်းမြစ်ကျောက်တုံးများကို စုစည်းသည့်အကြောင်း ထည့်ပြောထား၏။ ရှီဖုန်းသည် တာဝန်အကြောင်းအရာကို ဂရုတစိုက်ထက်ဖတ်ပြီးနောက် သက်ပြင်းချလိုက်တော့သည်။
အကျော်ဇေယျခုနှစ်ပါး ရင်းမြစ်ကျောက်တုံးအကြောင်း ရှီဖုန်းအနည်းအကျင်းသိသည်။
၎င်းက အကျော်ဇေယျခုနှစ်ပါးသလင်းထက်တောင် ပိုတန်ဖိုးရှိသည်။ အတွင်း၌သိုလှောင်ထားသော ဝိညာဥ်ဓာတ်စွမ်းအင်များကို ပိုသန့်စင်၏။ ထို့အပြင် ဒြပ်စင်ဝိညာဥ်စွမ်းအားမျိုးစုံပါဝင်သည့် အကျော်ဇေယျခုနှစ်ပါးသလင်းနှင့် မတူညီပဲ အကျော်ဇေယျခုနှစ်ပါးရင်းမြစ်ကျောက်တုံးများသည် အမျိုးအစားတစ်ခုသာ ကန့်သတ်ထားသည်။ ရလဒ်အနေဖြင့် ၎င်း၏ သုံးစွဲနိုင်မှုက အကန့်အသတ်ရှိ၏။ မှော်အစီအရင်များကို ချိပ်ပိတ်ရန် အားဖြည့်ခြင်းစသည့် ထူးခြားသည့်အခြေအနေများတွင်သာ အသုံးပြုနိုင်သည်။
တာဝန်ပါအကြောင်းအရာကို ငါလက်ခံပြီးပြီဆိုတော့ အကျော်ဇေယျခုနှစ်ပါး ရင်းမြစ်ကျောက်တုံးတွေကို ငါရှာရမယ်။
ရှီဖုန်းသည် သူ့အောက်ရှိကြီးမားသည့်ချောက်ကမ်းပါးကြီးကို စိုက်ကြည့်လိုက်သည်။ ချောက်ကမ်းပါးက အလင်းများ မှုန်မှိုင်းနေ၏။ သို့သော် သူသည် ဟိန်းသံသဲ့သဲ့နှင့် တိုက်ခိုက်သံများကြားနိုင်သည်။ ချောက်ကမ်းပါး၏အလယ်၌ မြင့်မားသောမျှော်စင်တစ်ခုရှိနေသည်။ ထိုမျှော်စင်က တိမ်ထိအောင်ရောက်ပြီး သူလက်ရှိရပ်နေသည့်တောင်တန်းထက် အဆပေါင်းများစွာ ပိုမြင့်မားသည်။
ပျံသန်းနေသောမွန်းစတားများစွာကလည်း မျှော်စင်ကို ရစ်ပတ်နေကြ၏။
[ခေါင်းကိုးလုံးလင်းတ၊ နတ်ဆိုးသားရဲ၊ အဆင့်မြင့်အရှင်]
အဆင့် (၆၀)
HP (သန်း ၃၀/သန်း ၃၀)
မျှော်စင်ကို ထိုမျှများပြားသည့် ခေါင်းကိုးလုံးလင်းတများ ရစ်ပတ်နေလေရာ အထက်ကနေ အဆောက်အဦကို ချဥ်းကပ်ဖို့က မဖြစ်နိုင်ပေ။
ပျံသန်းတာအလုပ်မဖြစ်ဘူးဆိုတော့ တောင်အောက်ဆင်းပြီး ချောက်ကမ်းပါးကို စစ်ဆေးကြည့်ရမယ်။ ပြီးနောက် ရှီဖုန်းသည် လေစီးနင်းခြင်းကို အသက်သွင်းပြီးနောက် တောင်အောက်သို့လျင်မြန်စွာ ဆင်းသက်လိုက်လေ၏။
တောင်ထွတ်ဆီသို့ တောင်တက်လမ်းကြောင်းက အလွန်ကျဥ်းမြောင်းသည်။ အစွမ်းထက်သည့် နတ်ဆိုးသားရဲများစွာကလည်း လဲနေလျက် သားကောင်ကိုချုံခိုတိုက်ခိုက်ရန် မျှော်လင့်နေကြ၏။ ထိုအရာကို မြင်သောအခါ ရှီဖုန်းကသက်ပြင်းချလိုက်တော့သည်။ ကံဆိုးသည်မှာ တောင်တက်လမ်းကြောင်းကိုဆင်းရန် သူ မရွေးခဲ့ပေ။ မဟုတ်လျှင် သူက နတ်ဆိုးသားရဲများ၏ ထောင်ချောက်ထဲကျပြီး သေသွားနိုင်လောက်သည်။
ရှီဖုန်းသည် ချောက်ကမ်းပါး၏အနက်ထဲ ခုန်ဆင်းပြီးဖြစ်ရာ တိတ်ဆိတ်မှုနှင့် အမှောင်ထုကသာ ကြီးစိုးနေလေသည်။
တောင်ထိပ်ကနေ ၎င်းကိုမမြင်နိုင်သော်ငြား အမှောင်ထုသည် ကြီးမားသည့် ခြံဝင်းကြီးတစ်ခုကို ဖုံးကွယ်ထားသည်။ ယင်းက မျှော်စင်အလယ်တွင် ရှိနေတာဖြစ်သည်။ အထက်ကနေ ရှီဖုန်းသည် ခြံဝင်းနား၌ လှည့်လည်သွားလာနေသော အလွှာမြင့်နတ်ဆိုးသားရဲမျိုးစုံကို တွေ့ရသည်။ ထိုနတ်ဆိုးသားရဲများထဲမှအချို့သည် နယ်မြေအတွက် တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်နေကြသည်။
” ဟမ် … ”
ရှီဖုန်းသည် အမှောင်ထုများ လွှမ်းခြုံနေသော ခြံဝင်းထဲဝင်လျှင်ဝင်ခြင်း သူ၏ ခန္ဓာကိုယ် လေလံလာတာကို ခံစားမိသည်။ တစ်ချိန်ထဲတွင် လေစီးနင်းသူ၏ အာနိသင်က အတင်း ဖယ်ရှားခံလိုက်ရ၏။ သူက အောက်သို့ထိုးစိုက်ကျသွားသည်။ သူခန္ဓာကိုယ်ထဲရှိ မြေဆွဲငင်အားက သူမြေကြီးနားကပ်လေ ပိုသန်မာလာလေဖြစ်သည်။
ကံကောင်းသည်မှာ ရှီဖုန်း၌ မြေဆွဲငင်အားလက်စွပ်ရှိသည်။ မြေဆွဲအားခွဲထွက်စေခြင်းကို အသက်သွင်းပြီးနောက် ဆွဲချခံရခြင်းကနေ သူ့ကိုသူကာလိုက်၏။ သူကျသည့်အရှိန်ကလည်း နှေးသွားသည်။ အဆုံးတွင်မူ သူက ပတ်ဝန်းကျင်မွန်းစတားများ၏ အာရုံစိုက်မှုမရလိုက်ဘဲ ခြံဝင်းကျောက်တိုင်ပေါ် ဘေးကင်းစွာ ကျသွားလေ၏။
စနစ် : သင်က လရောင်ခြံဝင်းကို ရှာတွေပါပြီ။
” လရောင်ခြံဝင်းလား … ”
ရှီဖုန်းသည် စနစ်အသိပေးသံကို ကြားသောအခါ မှင်တက်သွားလေ၏။
” ဒီတော့ ဒါက ကောလာဟလတွေ ထွက်နေတဲ့ လရောင်ခြံဝင်းရှိတဲ့နေရာပေါ့ … ”
လနတ်ဘုရားသည် ဤခြံဝင်းကို တည်ဆောက်ခဲ့၏။ လနတ်ဘုရားက ဥယျာဥ်စိုက်ပျိုးရတာကို နှစ်သက်ပြီး အဂ္ဂိရတ်ပညာရပ်နှင့် မှော်အစီအရင်များ သုသေသနပြုရတာကို နှစ်ခြိုက်သည်။ ဥပမာအနေဖြင့် လစန္ဒာရေးဆွဲခြင်းမှော်အစီအရင်သည် လနတ်ဘုရား၏ လက်ရာများထဲမှ တစ်ခုဖြစ်သည်။ ယင်းက ကမ္ဘာကြီးထဲရှိ ကျိန်စာအားလုံးကို ဖြိုခွင်းနိုင်သည်။
ထိုစဥ် လနတ်ဘုရားသည် သုသေသန ပြုလုပ်ရန်အတွက် လရောင်ခြံဝင်းကို မကြာခဏ အသုံးပြုလေ့ရှိ၏။
” ရှလင်းက ငါ့ကို မလှည့်စားခဲ့ဘူးပဲ … ငါနတ်ဘုရားသလင်းတချို့ရှာတွေ့လောက်တယ် … ”
စနစ်အသိပေးစာကိုဖတ်နေစဥ် ရှီဖုန်း၏မျက်လုံးထဲ၌ စိတ်လှုပ်ရှားသည့် အရိပ်အယောင်ပေါ်လာသည်။
လနတ်ဘုရား၏ သုသေသနပြုလုပ်သည့်နေရာ ဖြစ်သည်နှင့်အညီ လနတ်ဘုရားချန်ထားရစ်ခဲ့သည့် အိုင်တမ်များစွာ ရှိနေ၏။ ထိုအိုင်တမ်များမည်မျှအစွမ်းထက်စေကာမူ လနတ်ဘုရားက သူတို့ကို မကြာခဏအသုံးပြုနေလျှင် နတ်စွမ်းအင်များပါရှိမည်ဖြစ်ကာ နတ်ဘုရားသလင်းများ၌ အစားထိုးအသုံးပြုနိုင်၏။
မည်သည့်နည်းနှင့်မဆို သူက ဝိညာဥ်ကမ္ဘာလုံးကို ကျွေးရန် နတ်ဘုရားသလင်းများ လိုအပ်နေသည်။ သူက အစွမ်းထက်သည့်ရတနာတစ်ခုတွေ့ခဲ့ရလျှင် ဝိညာဉ်ကမ္ဘာလုံးဖြင့် ၎င်းကို စုပ်ယူရန် တွန့်ဆုတ်နေမှာပဲ ဖြစ်သည်။ ပြီးနောက် ရှီဖုန်းသည် ခြံဝင်းထဲသို့ တိတ်တိတ်ဆိတ်ဆိတ်သွားလိုက်၏။
ခြံဝင်းထဲ၌ အစွမ်းထက်သည့် မွန်းစတားများစွာရှိပြီး သူတို့ထဲတွင် အားအနည်းဆုံးကတောင် အဆင့် (၆၀) မျိုးနွယ်စုအကြီးအကဲဖြစ်သည်။ ပြဿနာတက်မှာကိုရှောင်ရှားရန်အတွက် ရှီဖုန်းသည် အလုံးစုံသိမြင်မျက်လုံးကို အသက်သွင်းကာ သူ၏ ပြဿနာကို ဖြေရှင်းလိုက်ပြီး ကိုယ်ပျောက်ဆေးရည်ကို သုံးလိုက်၏။ လက်ရှိခွန်အားဖြင့် ရှီဖုန်းသည် အဆင့် (၆၀) ကျော်မျိုးနွယ်စုအကြီးအကဲနှင့် တစ်ယောက်ချင်းရင်ဆိုင်တိုက်ခိုက်ရန် ပြဿနာမရှိပေ။ သို့သော် တိုက်ပွဲစတင်သည်နှင့် ရုတ်ရုတ်သဲသဲဖြစ်မှုက အနားရှိမွန်းစတားများ၏ အာရုံစိုက်မှုကို ရသွားမှာပဲဖြစ်သည်။ ထိုသို့ဖြစ်လာခဲ့လျှင် သူ့အတွက် သေခြင်းတရားသာစောင့်ကြိုနေလိမ့်မည်။ ရုတ်ခြည်းရွေ့လျားခြင်းမှော်စာလိပ်နှင့် လေဟာနယ်ရွေ့လျားခြင်းကဲ့သို့ စကေးများကို အသုံးပြုခြင်းအတွက်ကမူ ရှီဖုန်းက ၎င်းတို့ကို စမ်းသပ်ခဲ့ပြီဖြစ်ရာ မည်သည်မှ အသုံးပြု၍မရပေ။ ထို့အပြင် ဤဧရိယာက ပျံသန်းခြင်းကို တားမြစ်ထား၏။ သူအဝိုင်းခံရလျှင် သေမှာပဲဖြစ်သည်။ သူ ကောင်းကောင်းဂရုစိုက်ရန် လိုအပ်သည်။
ခြံဝင်းနားတစ်ဝိုက် နှစ်နာရီကျော်လှည့်လည်သွားလာပြီးနောက် ရှီဖုန်းသည် နောက်ဆုံးတော့ ခြံဝင်းအပြင်ဘက်ဧရိယာကို ဖြတ်ကျော်လျက် အပြင်ဘက်နှင့် အတွင်းဘက်ဧရိယာကြားရှိ မြေပြင်ကို ရောက်လာသည်။
အတွင်းဘက်က ခမ်းနားလိုက်တာ။ ရှီဖုန်းသည် အဝေးရှိ အတွင်းဘက်ဧရိယာကို ကြည့်ပြီး တွေးဆသည့်အမူအရာ ပေါ်လာ၏။
သူက အတွင်းဘက်ဧရိယာ၌ ဆေးဥယျာဥ်တစ်ခုကို ရှာတွေ့ခဲ့သည်။ ဆေးဥယျာဥ်က ရှေးယခင်ထဲက တည်ရှိလာတာဖြစ်သော်ငြား ဥယျာဥ်ကိုမြင့်တင်ပေးထားသည့် မှော်ရုမ်းများနှင့် နတ်ဘုရား အကြွင်းအကျန်များကြောင့် ဆေးပင်များအားလုံးက ရှင်သန်နေသည်။ ကံဆိုးသည်မှာ နတ်ဆိုးသားရဲများက ထိုဆေးပင်များကို စားနေကြ၏။ အပင်တော်တော်များများ ဝါးမျိုခံရပြီးဖြစ်ကြောင်း ရှီဖုန်းသတိထားမိလိုက်သည်။ ရှီဖုန်းက ဒေါသထွက်ပြီး ထိုနတ်ဆိုးသားရဲများကို သူကိုယ်ပိုင်စားစရာအဖြစ် ချက်ပြုတ်ရန်တောင် တွေးလိုက်လေ၏။ သားရဲများက သာမန်ဆေးပင်များကို ဝါးမျိုခဲ့တာဆို အဆင်ပြေ၏။ သို့သော် ဥယျာဥ်၌ အသက်ပန်းပွင့်ကဲ့သို့ အလွန်ရှားပါးသော ဆေးပင်များလည်းရှိနေသည်။ အသက်ပန်းပွင့်က ရေ၏အသက်နှင့် အာနိသင်တူပြီး NPC တစ်ဦးကို သူတို့ဒဏ်ရာများကုသပေးနိုင်၏။ ရှီဖုန်းသည် ထူးခြားမြက်ဆေးပင်ကိုလည်း တွေ့ရ၏။ ယင်းကနတ်ဘုရားနယ်မြေ၏ ကျိန်စာအများစုကို ဖယ်ရှားပေးနိုင်သည်။
ဆေးပင် ပေါကြွယ်ဝသော တိုင်းပြည်များနှင့် အင်ပါယာများထဲတွင်တောင် ထိုကဲ့သို့ဆေးပင်များကို ရှာတွေ့ရန်ခက်ခဲလှသည်။ ကံဆိုးသည်မှာ ၎င်းတို့ကိုမည်ကဲ့သို့ စိုက်ပျိုးရမည်မှန်း မည်သူမှ မသိကြချေ။
ထိုသို့တိုင် ထူးကဲလွန်းသည့် တန်ဖိုးရှိဆေးပင်များက နတ်ဆိုးသားရဲများရှိသည့်နေရာ၌ သူတို့အတွက် စားစရာများသာ ဖြစ်နေလေ၏။ ဤနေရာရှိ နတ်ဆိုးသားရဲများ ထိုမျှဝဖီးနေတာ အံ့သြစရာမရှိပေ။
” ဟမ် လရောင်သစ်သီးလား … ”
ရှီဖုန်းသည် မီတာသုံးဆယ်ခန့် မြင့်မားသောသစ်ပင်တသ်ပင်ကို ရုတ်တရက် သတိပြုမိလိုက်၏။ ငွေရောင်သစ်ပင်၏ အကိုင်းအခက်၌ တွဲလောင်းခိုနေလျက် ရှီဖုန်းသည် ဖောက်ထွင်းမြင်နေရသော သစ်သီးကို သတိပြုမိလိုက်သည်။ ကြည်လင်နေသော သစ်သီးကို မြင်သောအခါ သူနှလုံးခုန်မြန်လာလေ၏။ အတိတ်တုန်းက လရောင်သစ်သီးကို စူပါအင်အားစုများ၏ လေလံပွဲတစ်ခုတွင် ရောင်းချခဲ့သည်။ ထိုလေလံပွဲပြီးနောက် နတ်ဘုရားနယ်မြေထဲရှိ မည်သည့်ကစားသမားကမှ သစ်သီးအကြောင်း မမေ့တော့ပေ။ သစ်သီးကို မြင့်မားသည့်တန်ကြေးဖြင့် ရောင်းချခဲ့ခြင်းကြောင့် မဟုတ်ပေ။ သစ်သီး၏ အာနိသင်ကြောင့် ဖြစ်သည်။ စားသုံးလိုက်သည့်အချိန်တွင် လရောင်သစ်သီးသည် ကစားသမားတစ်ဦး၏ ရုပ်ခန္ဓာကို ထာဝရတိုးတက်စေ၏။
အတွဲ – ၆၄ ပြီး၏။