ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 1285 အဆင့်တက်နေသော နတ်ဆိုးကျား
ငွေလကြွက်ဘုရင်၏ ပစ္စည်းများက များပြားလှပေ၏။ ၎င်းက အကျော်ဇေယျခုနှစ်ပါးအက်ကွဲစ ဆယ်ခြောက်ခုတောင်ကျလာခဲ့သည်။
ချပ်ဝတ်တန်ဆာအပိုင်းအစငါးခုလည်း ကျလာခဲ့သည်။ မှော်စန္ဒာအစုံချပ်ဝတ်တန်ဆာ၏ အရေးကြီးသောအစိတ်အပိုင်းတစ်ခုဖြစ်သည့် မှော်စန္ဒာဝတ်ရုံကလည်း ပါလာသည်။ အရိပ်လအစုံချပ်ဝတ်တန်ဆာ၏ အပိုင်းအစနှစ်ခုဖြစ်သည့် ရင်ကာအပိုင်အစနှင့် လက်ကာ အပိုင်းအစလည်း ပါလာလေ၏။ အပိုင်းအစခုနှစ်ခု ပြီးပြည့်စုံသွားခဲ့လျှင် ၎င်းတို့က နတ်ဘုရားနယ်မြေထဲတွင် ယခုအချိန်တွင်ရနိုင်သည့် အကောင်းဆုံးအစုံဖြစ်လာလိမ့်မည်။ ထို့အပြင် ငွေလကြွက်ဘုရင်သည် အဆင့် (၆၀) ရွှေစင်လရောင်ဒိုင်းနှင့် အဆင့် (၅၀) မဟူရာရွှေလည်ဆွဲ အရိပ်အဆောင်တို့ ကျလာသည်။
အစည်းအရုံးကြီးတိုင်းက ထိုအိုင်တမ်များကို သွားရည်ကျနေကြမှာပဲဖြစ်သည်။
အိုင်တမ်အချို့လည်း ကျလာလေ၏။ ထိုကိရိယာများထဲတွင် သူအသုံးပြုခဲ့သော အလွှာသုံးဧရိယာ ကြီးမားသည့် ဖျက်ဆီးခြင်းမှော်စာလိပ်နှင့် ဆင့်ခေါ်ခြင်းမှော်စာလိပ်အတွက် လျော်ကြေးပေးသည်ဟု သတ်မှတ်၍ရသည့် စာလိပ်နှစ်လိပ်ပါလာသည်။ ထိုကိရိယာများက အလွှာသုံးပိုင်နက်စာလိပ်နှင့်အလွှာသုံး ခုခံခြင်းစာလိပ်ဖြစ်သည်။ ရှီဖုန်းသည် အလွှာသုံးစွမ်းရည်ကျောက်ရိုင်းခုနှစ်တုံးလည်း ရလာခဲ့သည်။
” ဟမ် အဲ့တာကဘာလဲ … ”
ရှီဖုန်းသည် ကိရိယာများအားလုံးကို သိမ်းရန်ပြင်ဆင်လိုက်၏။ သို့သော် ငွေလကြွက်ဘုရင်၏ အလောင်းဘေး၌ ကြည်လင်နေသောကျောက်တုံးကို ရုတ်တရက်သတိပြုမိလိုက်သည်။ သို့သော် ကျောက်တုံးက ဤနေရာ၌ တိတ်တဆိတ်ရှိသော်ငြား ပတ်ဝန်းကျင်ဝိညာဥ်ဓာတ်စွမ်းအားများက ၎င်းဆီ စုဝေးသွား၏။
ရှီဖုန်းသည် သိချင်စိတ်ဖြင့် ကျောက်တုံးကိုကောက်ယူပြီး စစ်ဆေးကြည့်လိုက်သည်။ သို့သော်ငြား ၎င်း၏အချက်အလက်ကို မမြင်နိုင်ပေ။ ရွေးချယ်စရာမရှိဘဲ အလုံးစုံသိမြင်မျက်လုံးကို သုံးလိုက်ရ၏။
ဒီတစ်ခေါက် ငါရွှေတူးမိတာပဲ။ ဆယ်စက္ကန့်အကဲဖြတ်ခြင်းပြီးသွားသည်နှင့် ရှီဖုန်းသည် အိုင်တမ်၏အညွှန်ကို ဖတ်ကြည့်သောအခါ စိတ်လှုပ်ရှားသည့်အမူအရာပေါ်လာလေ၏။
သွေးမျိုးဆက်အဆီအနှစ် မဟူရာရွှေအဆင့်အိုင်တမ်
ထိုအိုင်တမ်သည် ရက်စက်ကြမ်းကြုတ်သောသားရဲတစ်ကောင်၏ သွေးမျိုးဆက် တစ်စွန်းတစ်စပါဝင်နေ၏။ ရက်စက်ကြမ်းကြုတ်သော သွေးမျိုးဆက်တစ်စွန်းတစ်စကို စီးတော်ယာဥ်အား ပေးနိုင်ပေသည်။
ထူးခြားသောအိုင်တမ်များသည် အစည်းအရုံးစီးတော်ယာဥ်များကို အဆင့်မြင့်တင်ပေးနိုင်သော်ငြား စီးတော်ယာဥ်၏ခွန်အားကို မြင့်တင်ပေးနိုင်သည့် အိုင်တမ်က နတ်ဘုရားနယ်မြေထဲတွင် အလွန်နည်းသည်။
စီးတော်ယာဥ်တစ်စင်း၏ ခွန်အားက ကိန်းသေမဟုတ်ပေ။ တိုးတက်နိုင်၏။ သို့သော်ငြား စီးတော်ယာဥ်တစ်စင်းကို အဆင့်မြင့်တင်ခြင်းက ကိုယ်ပိုင်သက်တော်စောင့် ပြုစုပျိုးထောင်ခြင်းထက်တောင် ပိုခက်ခဲသည်။
ရှီဖုန်းက သူသည် စီးတော်ယာဥ်များအတွက် မဟူရာရွှေခွန်အားမြင့်တင်ခြင်းကိရိယာတစ်ခုရသည်အထိ ကံကောင်းလိမ့်မည်ဟု တစ်ခါမှမတွေးမိချေ။
သူ၏ နတ်ဆိုးမီးတောက်ကျားက မဟူရာရွှေစီးတော်ယာဥ် ဖြစ်သော်ငြား အဆင့်တူမျိုးနွယ်စု အကြီးအကဲလောက်သာ သန်မာ၏။ အလွှာနှစ်အရှင်နှင့် ယှဥ်တောင်မယှဥ်နိုင်ချေ။ သူ၏အဆင့်ရှိ ကျွမ်းကျင်သူများကို ရင်ဆိုင်ရာ၌ နတ်ဆိုးမီးတောက်ကျားကို အသုံးသိပ်မလိုချေ။ အလွန်ဆုံးမှာ သူက ဘဖ်အချို့ ရွတ်ဆိုပေးနိုင်ရုံသာရှိသည်။
သူက နတ်ဆိုးမီးတောက်ကျားကို အရှင်အဆင့်သို့ မြင့်တင်ပေးနိုင်ခဲ့မည်ဆိုလျှင်မူ စီးတော်ယာဥ်က သိသိသာသာ ကူညီပေးနိုင်လိမ့်မည်။
ဆိုရလျှင် အရှင်တစ်ပါးသည် အလွှာနှစ်ကစားသမားတစ်ဦးနှင့် ညီမျှ၏။ ထို့အပြင် ကိုယ်ပိုင်သက်တော်စောင့်များနှင့် မတူဘဲ ရှီဖုန်းသည် နတ်ဆိုးမီးတောက်ကျားသေဆုံးသွားမှာကို စိုးရိမ်ပူပန်ရန် မလိုချေ။ ၎င်းကို အသက်သွင်းရန်က ဈေးသက်သာသည်။ ပြန်လည် အသက်သွင်းပြီးနောက် နတ်ဆိုးမီးတောက်ကျားသည် အချိန်ကာလတစ်ခုအတွင်း အားနည်းခြင်း အခြေအနေထဲ ဝင်ရောက်ရုံသာရှိမည်။
ပြီးနောက် ရှီဖုန်းသည် နတ်ဆိုးမီးတောက်ကျားကို ဆင့်ခေါ်လိုက်တော့သည်။ မြင့်မားပြီးကြီးမားလှသော နတ်ဆိုးမီးတောက်ကျား ပေါ်ပေါက်လာသည့်အချိန်တွင် ရှီဖုန်းဘေး၌ နာခံစွာလှည့်လျက် သူ၏ အမွှေးပွပွခေါင်းဖြင့် သူ၏လက်မောင်းကို တိုးဝှေ့နေလေသည်။
” ဒါကနေ ခွန်အားဘယ်လောက်ရမလဲဆိုတာ မင်းပေါ်မှာပဲ မူတည်တယ် … ”
ပြီးနောက် ရှီဖုန်းသည် သွေးမျိုးဆက်အဆီအနှစ်ကို နတ်ဆိုးမီးတောက်ကျား၏ပါးစပ်ထဲ ထည့်လိုက်၏။ ကြည်လင်နေသော ကျောက်တုံးကို ကြည့်ပြီး နတ်ဆိုးမီးတောက်ကျားသည် ငါးကိုမြင်ပြီး စိုက်ကြည့်နေသည့် ကြောင်တစ်ကောင်ပမာ မျက်ဝန်းတွင်း ဆာလောင်မှုဖြင့် တောက်ပလာ၏။ တွေဝေမနေဘဲ ရှီဖုန်း၏လက်ထဲရှိ သွေးအဆီအနှစ်ကိုလျှက်လိုက်ပြီး မျိုချလိုက်တော့သည်။
သွေးမျိုးဆက်အဆီအနှစ်သည် နတ်ဆိုးမီးတောက်ကျား၏ ဝမ်းဗိုက်ထဲရောက်သွားချိန်၌ သွေးနီရောင်ပုံသဏ္ဌာန်များက ၎င်း၏ ခန္ဓာကိုယ်ပေါ် စတင်ပေါ်ပေါက်လာ၏။ ပတ်ဝန်းကျင် ဝိညာဥ်ဓာတ်စွမ်းအားများက နတ်ဆိုးမီးတောက်ကျားဆီသို့ ဝင်သွားကြသည်။
မျောလွင့်နေသော ဝိညာဥ်ဓာတ်စွမ်းအားသည် ငွေလကြွက်ဘုရင်၏ ဆင့်ကဲပြောင်းလဲမှုထက် မလျော့ပေ။
ပြောင်းလဲမှုကို အလျော့ပေးလိုက်သည်နှင့် နတ်ဆိုးမီးတောက်ကျားက အော်ညည်းနေတော့၏။
ပြီးနောက် သွေးပုံသဏ္ဌာန်များသည် တောက်ပသည့်ရောင်ခြည်တစ်ခုကိုထုတ်လွင့်ကာ ၎င်းတို့က ကျား၏ခန္ဓာကိုယ်ကို ဝါးမျိုသွား၏။ ပတ်ဝန်းကျင်ရှိ ဝိညာဥ်ဓာတ်စွမ်းအားသိပ်သည်းမှုသည် အမြင့်ဆုံးအထိ ရောက်သွားကာ နတ်ဆိုးမီးတောက်ကျား၏ အသွင်သဏ္ဌာန်က စတင်ပြောင်းလဲလာတော့သည်။
နတ်ဆိုးမီးတောက်ကျားသည် ရပ်နေချိန် ငါးမီတာခန့် မြင့်မား၏။ သို့သော် ယခုမူ ခန္ဓာကိုယ်က ကျုံ့သွားပြီး သုံးမီတာသာ ရှိတော့သည်။ ၎င်း၏ နဖူး၌အနက်ရောင်ချိုတစ်ချောင်းလည်းပေါ်လာပြီး လျှပ်စီးကိုင်းများက ခြေလက်လေးဖက်နား၌ တလက်လက်ထွက်နေပြီး အနက်ရောင်မီးတောက်များက ၎င်း၏ ခြေထောက်ကို ရပ်နေလေ၏။ နတ်ဆိုးမီးတောက်ကျားက ယခင်ကထက် ပိုမိုရက်စက်ကြမ်းကြုတ်ပြီး ခမ်းနားပုံ ပေါ်လာတော့သည်။ အရှိန်အဝါအရ လုံးဝပြောင်းလဲသွားတာပဲ ဖြစ်သည်။
သန်မာလိုက်တာ။ သွေးမျိုးဆက်အဆီအနှစ်ရဲ့ အာနိသင်က အထင်ကြီးဖို့ကောင်းတယ်။ ရှီဖုန်းသည် နတ်ဆိုးမီးတောက်ကျား၏ စွမ်းရည်များကို စစ်ဆေးကြည့်မိသည့်အချိန်၌ အံ့သြသွားမိသည်။
သူ၏ လက်ရှိအခြေအနေသည် အရှင်အဆင့်ဖြစ်နေသော်ငြား အခြေခံစွမ်းရည်က အဆင့်တူ အရှင်အဆင့်ထက် ပိုမြင့်မားသည်။ ၎င်းက အဆင့်မြင့်အရှင်နှင့် ယှဥ်နိုင်လုနီးပါးရှိသည်။
စီးတော်ယာဥ်တစ်စင်းက အဆင့်မြင့်အရှင်နီးပါး သန်မာနေလေ၏။ ထိုအကြောင်းကို တွေးမိရုံဖြင့် ရှီဖုန်းက စိတ်လှုပ်ရှားလာတော့သည်။
အတိတ်တုန်းက သူတွေ့ဖူးသည့်စီးတော်ယာဥ်က မဟာအရှင်နှင့် ယှဥ်နိုင်ခဲ့သည်။ ၎င်းကို စူပါအင်အားစု၏ အထက်အရာရှိတစ်ယောက်က ပိုင်ဆိုင်ထားပြီး ဂရုတစိုက်ပျိုးထောင်ခဲ့တာဖြစ်သည်။ စီးတော်ယာဥ်ကြီးပြင်းရန်အတွက် မရေမတွက်နိုင်သည့် ရင်းမြစ်များစွာကို သုံးစွဲခဲ့ရ၏။ ရှီဖုန်းက မနာလိုဖြစ်ခဲ့သည်။ ဆိုရလျှင် စီးတော်ယာဥ်ကို ပိုင်ဆိုင်သည့်ကစားသမားက သူ့လောက်သာ သန်မာသည်။ သို့သော်ငြား ကစားသမား၌ အထင်ကြီးဖွယ်ကောင်းသည့် ပို့ဆောင်ရေး ရှိနေသည်။ ယခု နတ်ဆိုးမီးတောက်ကျားက အဆင့်မြင့်အရှင်နီးပါးသန်မာနေရာ ၎င်းကို သင့်တော်စွာပျိုးထောင်သရွေ့ စီးတော်ယာဥ်သည် သူအလွှာသုံးသို့ရောက်သည့်အချိန်၌ မဟာအရှင်နီးပါး သန်မာလာလိမ့်မည်။ ယင်းက အစွမ်းထက်သည့်မဟာမိတ်ဖြစ်လာလိမ့်မည်။ ဆိုရလျှင် ယခုအချိန်တွင် သူ၏ကျားက ကြမ်းကြုတ်သောသားရဲ၏ သွေးမျိုးဆက်တစ်မျှင် ရထားသည်။ ယင်းက အဆင့်တူမွန်းစတားများထက် ပိုသန်မာနေပြီဖြစ်သည်။
” အခု ဂိမ်းထဲထွက်ပြီး အနားယူရမဲ့အချိန်ပဲ … ”
အပြင်လောကရှိ နာရီကိုတစ်ချက်ကြည့်ပြီးနောက် ရှီဖုန်းသည် အနားယူရန်အချိန်ကောင်းဟု တွေးလိုက်မိသည်။
ပြီးနောက် ရှီဖုန်းက စနစ်မျက်နှာပြင်ကိုဖွင့်ပြီး ဂိမ်းထဲကထွက်လိုက်တော့၏။
ရှီဖုန်းက ဂိမ်းထဲမှထွက်လိုက်သည်နှင့် အသိပေးသံများက ဂိမ်းအခန်းထဲ၌ ပြည့်သွားတော့သည်။
” ဘာကြောင့် စာတွေဒီလောက်များနေရတာလဲ … ”
ရှီဖုန်းက အနည်းငယ်အံ့သြသွားသည်။ သူ၏ ပုံရိပ်ယောင်ဂိမ်းအခန်းက နှောင့်ယှက်မှု ဖယ်ရှားခြင်း ရှိနေလေရာ စနစ်သည် အပြင်လောကမှစာများကို ယာယီပိတ်ထားလေ၏။ သူနတ်ဘုရားနယ်မြေထဲကနေ ထွက်ပြီး သူအခန်းထဲကနေ နိုးထလာသည့်အချိန်ကြမှ စာများက သူ့ဆီရောက်လာသည်။
သူက နတ်ဘုရားနယ်မြေထဲတွင် သုံးရက်တာနေခဲ့၏။ သို့သော် သူ့ကို စာတစ်ဒါဇင်ကျော်ခန့်က စောင့်ကြိုနေပြီ ဖြစ်၏။ အချို့က သူ၏ လက်ထောက်လျန်ကျင်းထဲမှဖြစ်ပြီး အချို့ကခုနှစ်ကြယ်အဖွဲ့၏ ဥက္ကဋ္ဌရှောင်ယွီထံမှ ဖြစ်သည်။ သူသည် ကျားဖြူဒိုဂျိုမှ ဖိတ်စာတစ်စောင်လည်း ရထား၏။ ရှီဖုန်းသည် စာတစ်စောင်ပြီးတစ်စောင် ကြည့်လိုက်သည်။
ထိုစာများက အကြောင်းအရာတစ်ခုထဲကိုသာ ရည်ညွှန်းထားကြောင်း သူတွေ့လိုက်ရသည်။ ကျားဖြူဒိုဂျိုသည် မနက်ဖြန်၌ ချစ်ကြည်ရေးယှဥ်ပြိုင်ပွဲ ကျင်းပရန်စီစဥ်ထား၏။ ရှောင်ယွီ၏စာက ယှဥ်ပြိုင်ပွဲပါ အချက်အလက်များကိုရေးထားသည်။ လျန်ကျင်း၏စာကမူ ကျားဖြူဒိုဂျို၏ ချစ်ကြည်ရေးယှဥ်ပြိုင်ပွဲအကြောင်း ပြောထားလေ၏။
ကျားဖြူလေ့ကျင့်ရေးသင်တန်းကျောင်းက ပွဲထဲမှာပုံအောထားတာပဲ။ ရှီဖုန်းသည် ယှဥ်ပြိုင်ပွဲ၏ ကြေညာချက်ကို ဖတ်ရှုပြီးသောအခါ အနည်းငယ်အံ့အားသင့်သွားလေ၏။
အမျိုးမျိုးသော သင်တန်းကျောင်းများနှင့် ကျန်းဟိုင်မြို့ထဲရှိ လေ့ကျင့်ရေးစင်တာများက ယှဥ်ပြိုင်ပွဲသို့ ဖိတ်ကြားခံထားရရုံသာမက ကျားဖြူလေ့ကျင့်ရေးသင်တန်းကျောင်းသည် အနီးအနားရှိကျန်သည့် မြို့များကိုလည်း ဖိတ်ထားသည်။ ယှဥ်ပြိုင်ပွဲ၌ မည်သူမဆိုဝင်ပါနိုင်ပြီး ပါဝင်ယှဥ်ပြိုင်သူများက ဒိုဂျိုများနှင့် လေ့ကျင့်ရေးသင်တန်းကျောင်းဆီသို့ ဖိတ်ခေါ်ရမည်ဟု မကန့်သတ်ထားပေ။ အရည်အချင်းဖြတ်ကျော်နိုင်သရွေ့ ယှဥ်ပြိုင်ပွဲ၌ ဝင်ပါနိုင်သည်။ ရလဒ်အနေဖြင့် ဤယှဥ်ပြိုင်ပွဲက ကျင်းဟိုင်မြို့၏ နှစ်စဥ် တိုက်ခိုက်ရေးပြိုင်ပွဲထက်တောင် ပိုပြီးကြီးမားလာတော့သည်။ ထို့အပြင် ကျားဖြူလေ့ကျင့်ရေးသင်တန်းကျောင်းက ယှဥ်ပြိုင်ပွဲဆုလာဘ်များကို ပြောင်းလဲထားသည်။
ယခု ထိပ်တန်းငါးယောက်အတွင်းဝင်သည့်သူက ငွေကြေးဆုရရှိမည်။ ပထမနေရာက ခရက်တစ်ငါးသန်း ရရှိမည်။ ပဥ္စမနေရာက ခရက်တစ်ငါးသိန်းရရှိမည်။ အမျိုးမျိုးဒိုဂျိုများနှင့် လေ့ကျင့်ရေးစင်တာများအဖို့ ဆုလာဘ်ငွေကြေးကို လျစ်လျူရှု့ထား၍ရသည်။ ထိုအဖွဲ့အစည်းများက အစိမ်းရောင်နတ်ဘုရားကုမ္မဏီ၏ ဖိတ်စာကို ဓာတ်ကျနေကြတာဖြစ်သည်။ ပါဝင်ယှဥ်ပြိုင်သူအများစုအဖို့ ဆုလာဘ်ငွေကြေးက တွေးစရာဖြစ်နေသည်။ လျန်ကျင်း၏ သတင်းပို့ချက်အရ ပါဝင်ယှဥ်ပြိုင်သူ တစ်သောင်းကျော်ရှိသည်။
ရှီဖုန်းက အကြောဆန့်လိုက်စဥ် ရှောင်ယွီက သူ့ကို စိုးရိမ်ပူပန်စွာခေါ်လိုက်တော့၏။