ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 1297 အကန့်အသတ်ဖယ်ရှားခြင်း
ယွီချောင်ချောင်နှင့် ရီယွိချင်းတို့က စင်မြင့်ပေါ်သို့ ချဥ်းကပ်သွားပြီး ယှဥ်ပြိုင်ပွဲစတင်မှာကို စောင့်စားနေသော်ငြား အထူးဧည့်သည်တော်ခုံတန်းရှိ အသီးသီးသောအထက်အရာရှိများက ချွင်းချက်မရှိ စိတ်လှုပ်ရှားနေလေ၏။
ဤချစ်ကြည်ရေးယှဥ်ပြိုင်ပွဲက ဤအဆင့်ထိရောက်လာလိမ့်မည်ဟု မည်သူမှမထင်ထားပေ။ ယင်းက ကျားဖြူဒိုဂျိုအဖို့ ၎င်း၏ လွှမ်းမိုးနိုင်စွမ်းကိုပြသရန် စင်မြင့်တစ်ခုဖြစ်သင့်သည်။ သို့သော်ငြား ယခု ဆီးမီးဖိုင်နယ်ထဲရောက်ဖို့က ပြဿနာတစ်ရပ်ဖြစ်နေပေသည်။
ရှဲ့ချီဝမ်က ရှုံ့မဲ့နေလေ၏။ ကုချန်သည် အမည်မသိတိုက်ခိုက်ရေးသမားကို ရှုံးနိမ့်ရလောက်သည့်အထိ အသုံးမဝင်ဖြစ်နေလိမ့်မည်ဟု သူတစ်ခါမှ မတွေးမိခဲ့ချေ။ ဤနည်းဖြင့် ကျားဖြူဒိုဂျို၏ ဂုဏ်သတင်းက ပျက်စီးသွားပေမည်။ ဤယှဥ်ပြိုင်ပွဲကိုကျင်းပရန် တာဝန်ယူထားရသည့်သူတစ်ဦးအနေဖြင့် အပြစ်တင်ခံရခြင်းကနေ မလွတ်မြောက်နိုင်ပေ။
” ရှင်းထျန်း ခုနှစ်စင်ကြယ်ကို အခုချက်ချင်းဆက်သွယ် … သူတို့တွေက ယှဥ်ပြိုင်ပွဲကို လက်လျှော့ဖို့ဆန္ဒရှိတယ်ဆိုရင် သူတို့ကို အစိမ်းရောင်နတ်ဘုရားကုမ္ပဏီရဲ့ ဖိတ်စာပေးမယ်လို့ ပြောလိုက် … ငါတို့နှစ်ဖက်လုံးအကျိုးရှိနေတာ … ငါတို့ငြိမ်ပြီး ရီယွိချင်းက ချန်ပီယံရသွားခဲ့ရင် သူတို့ ဘာမှရမှာ မဟုတ်ဘူး … ”
ရှဲ့ချီဝမ်က ဘေးတွင်ထိုင်နေသော ကန်းရှင်းထျန်းကို ရုတ်တရက် ညွှန်ကြားလိုက်၏။
လက်ရှိအခြေအနေက သူအခွင့်မသာပေ။ ရီယွိချင်းက အလွန်သန်မာသော်ငြား အဆုံးကျ သူမက ကုချန်ကို မယှဥ်နိုင်ချေ။
ကုချန်က မိစ္ဆာမီးကို ရှုံးနိမ့်ခဲ့ခြင်းမှာ သူက အားကုန်မထုတ်သုံးရဲသောကြောင့် ဖြစ်၏။ ရီယွိချင်းက တူညီသည့်အမှား မပြုလုပ်မိဟု အာမခံဖို့က ခက်ခဲလှသည်။
ရှဲ့ချီဝမ်က မစွန့်စားချင်ပေ။ မည်သည့်နည်းနှင့်မဆို ဒိုဂျိုများနှင့် လေ့ကျင့်ရေးစင်တာများ၏ ဤယှဥ်ပြိုင်ပွဲအတွင်း ပင်မပန်းတိုင်က အစိမ်းရောင်နတ်ဘုရားကုမ္ပဏီ၏ ဖိတ်စာပဲဖြစ်သည်။ ခုနှစ်စင်ကြယ်ဒိုဂျိုက သူ၏ကမ်းလှမ်းမှုကို လက်ခံခဲ့လျှင် ကျားဖြူဒိုဂျိုက သူတို့ကိုမျက်နှာသာပေးရာ ရောက်ရုံသာမက ဖိတ်စာလည်းရရှိပေလိမ့်မည်။ ယင်းက ခုနှစ်စင်ကြယ်ကဲ့သို့ ဒိုဂျိုလေးအတွက် ကောင်းကင်ဘုံကပို့လိုက်သည့် အခွင့်အရေးတစ်ရပ်ဖြစ်သည်။
ကန်းရှင်းထျန်းက အထူးဧည့်သည်တော်ခုံတန်းက ချက်ချင်းထွက်သွားပြီး ရှဲ့ချီဝမ်၏ ကမ်းလှမ်းချက်ကိုအကြောင်းကြားရန် ရှောင်ယွီကို ဆက်သွယ်လိုက်၏။
” အစ်ကိုကြီးတစ်ခုခုဖြစ်လို့လား … ”
ရှောင်ယန်သည် ဖုန်းပြောနေသောရှောင်ယွီ၏ တွေဝေနေသော အမူအရာကိုသတိပြုမိသောအခါ သိချင်စိတ်ဖြင့်မေးလိုက်၏။
ခုနှစ်စင်ကြယ်ဒိုဂျိုသည် ဤချစ်ကြည်ရေးယှဥ်ပြိုင်ပွဲ၌ ဂုဏ်သတင်းကျော်ကြားမှုအချို့ ရထားပြီးသား ဖြစ်သည်။ နောင်ကျ ကျင်းဟိုင်မြို့၌ ဆက်လက်ချဲ့ထွင်ဖို့က ပြဿနာရှိတော့မှာမဟုတ်ပေ။ အောင်ပွဲခံနေသင့်၏။ ပူပန်မနေသင့်ပေ။
” ကျားဖြူဒိုဂျိုလေ သူတို့က အပေးအယူတစ်ခုကမ်းလှမ်းလာတယ် … ငါတို့တွေက အရှုံးပေးမယ်ဆိုရင် သူတို့က အစိမ်းရောင်နတ်ဘုရားကုမ္ပဏီရဲ့ ဖိတ်စာနဲ့ လျော်ကြေးပေးမယ်တဲ့ … ”
ရှောင်ယွီက ရှင်းပြ၏။
အဆုံးကြ ကျားဖြူဒိုဂျိုသည် နိုင်ငံ၏ အကောင်းဆုံးဒိုဂျိုများထဲမှ တစ်ခုဖြစ်နေသေးသည်။
ခုနှစ်စင်ကြယ်က ချန်ပီယံဆုရသွားခဲ့လျှင် ၎င်း၏ ဂုဏ်သိက္ခာကို မြင့်တင်ရာရောက်မည်ဖြစ်သော်ငြား ကျားဖြူဒိုဂျိုကိုရန်စပြီး ဖြစ်သွားလိမ့်မည်။ ခုနှစ်စင်ကြယ်ဒိုဂျိုက ကျန်သည့်မြို့များ၌ ချဲ့ထွင်ရန် အတော်ဒုက္ခများနိုင်ပြီး အထူးသဖြင့် ပထမနှင့် ဒုတိယအဆင့်မြို့များတွင် ဖြစ်သည်။
သို့သော်ငြား ခုနှစ်စင်ကြယ်က ဤယှဥ်ပြိုင်ပွဲကို အရှုံးပေးခဲ့လျှင် သူတို့ချဲ့ထွင်မှုကို အကျိုးရှိစေလိမ့်မည်။
” … ”
ရှောင်ယန်တောင် တွေဝေနေလေ၏။ သို့သော်ငြား သူက ရှီဖုန်းကိုကြည့်ပြီးနောက် ပြောလိုက်၏။
” အစ်ကိုကြီး ကျွန်တော်တို့ဘာသာ ဆုံးဖြတ်ချက်ချမဲ့အစား ရှီဖုန်းကို ဆုံးဖြတ်ချက်ချခိုင်းပါလား … ပြောရရင် ရှီဖုန်းက ဒိုဂျိုရဲ့ မန်နေဂျာလေ … ဒိုဂျိုရဲ့ဖွံ့ဖြိုးတိုးတက်မှုကို သူ့ဆီ အပ်ထားသင့်တယ် … ”
” မှန်တယ်နော် … ”
ရှောင်ယွီက ခါးသက်စွာပြုံးလိုက်၏။ ဆိုရလျှင် သူက ခုနှစ်စင်ကြယ်ဒိုဂျို၏ စီမံခန့်ခွဲမှုအတွက် တာဝန်ယူထားတာမဟုတ်ပေ။ ဒီကိစ္စကို ခေါင်းခဲခံမည့်အစား ရှီဖုန်းကို အပ်လိုက်တာကပိုကောင်းမည်။ ရှီဖုန်းက ငယ်ရွယ်ပြီးမရင့်ကြပ်ပုံပေါ်သော်ငြား သူ၏စိတ်ကမူ ထိုသို့မဟုတ်ပေ။ ခုနှစ်စင်ကြယ်ဒိုဂျိုက ဤအနေအထားထိရောက်လာနိုင်သော တစ်ခုတည်းသောအကြောင်းအရင်းမှာ ရှီဖုန်းပဲဖြစ်သည်။ သူဘာသာသူဆုံးဖြတ်ပြီး ရှီဖုန်းက သဘောမတူခဲ့လျှင် သူတို့၏ အလုပ်သဘောအရဆက်ဆံရေး၌ အဆင်မပြေဖြစ်သွားလိမ့်မည်။ ပြီးနောက် ရှောင်ယွီက ရှဲ့ချီဝမ်၏ သတင်းစကားကို ရှီဖုန်းအားပြောပြလိုက်၏။
” ခေါင်းဆောင်နည်းပြရှီ ဘယ်လိုထင်လဲ … ”
ရှောင်ယွီက ရှီဖုန်းကိုကြည့်ပြီး ထိုလူငယ် မည်သည့်ဆုံးဖြတ်ချက်ချမည်ဆိုတာ သိချင်နေလေ၏။
ကျားဖြူဒိုဂျို၏ မျက်နှာသာပေးမှုကိုရရန် မလွယ်ကူချေ။ ကျားဖြူဒိုဂျိုက ပထမနှင့် ဒုတိယမြို့များ၌ ချဲ့ထွင်ရန်ကြိုးစားခဲ့လျှင် ကျားဖြူဒိုဂျိုနှင့် တွေ့လိမ့်မည်။ ထို့အပြင် သူတို့က ချန်ပီယံရမည်ဟု အာမမခံနိုင်ပေ။ ဤကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့လျှင် သူတို့က အစိမ်းရောင်နတ်ဘုရားကုမ္ပဏီ၏ ဖိတ်စာကိုရရန် အခွင့်အရေး လွဲချော်သွားနိုင်၏။
ကျားဖြူဒိုဂျို၏ ကမ်းလှမ်းမှုက ရှီဖုန်းကို မအံ့သြစေပေ။ သူက ပွင့်ပွင့်လင်းလင်း ပြောလိုက်၏။
” ဥက္ကဋ္ဌရှောင် အစိမ်းရောင်နတ်ဘုရားကုမ္ပဏီရဲ့ ဖိတ်စာကို ကျုပ်တို့ဘာသာရနိုင်တယ်လို့ သူတို့ကိုပြောလိုက် … သူတို့လှူဒါန်းတာ မလိုအပ်ဘူး … ”
ကျားဖြူဒိုဂျိုသည် ကြောက်မက်ဖွယ်ကောင်းသည့်အဖွဲ့အစည်းတစ်ခုဖြစ်သည်။ နိုင်ငံတိုင်းရှိ အဓိကဒိုဂျိုများထဲမှ အကောင်းဆုံးဖြစ်သည်နှင့်အညီ ၎င်း၏ ဒိုဂျိုအခွဲများကလည်း ပထမအဆင့်နှင့် ဒုတိယအဆင့်မြို့များ၌ ရှိသည်။
ရှီဖုန်းက ရှောင်ယွီ၏အတွေးကို နားလည်၏။ သူပြန်လည်မမွေးဖွားလာခဲ့လျှင် ဤကမ်းလှမ်းမှုကို မက်မောလောက်သည်။ ဆိုရလျှင် ခုနှစ်စင်ကြယ်က ပထမအဆင့်နှင့် ဒုတိယအဆင့်မြို့များ၌ ချဲ့ထွင်ချိန်တွင် ထိပ်တန်းဒိုဂျို၏ အကူအညီဖြင့်ဆို ကိစ္စရပ်များက ပိုလွယ်ကူသွားလိမ့်မည်။ ကံဆိုးသည်မှာ အနာဂတ်က နတ်ဘုရားနယ်မြေထဲတွင် ဖြစ်၏။
ခုနှစ်စင်ကြယ်ဒိုဂျိုက လက်တလောကမှ ဖွင့်လစ်ခဲ့တာဖြစ်သည်။ သူကပါရမီရှိ ကစားသမားများကို မြန်မြန်ခေါ်ယူပြီး ဒိုဂျို၏ ဂုဏ်သတင်းကို မြင့်တင်ချင်လျှင် ချစ်ကြည်ရေးယှဥ်ပြိုင်ပွဲက အကောင်းဆုံး ခြေနင်းကျောက်တုံးဖြစ်သည်။ ဤအခွင့်အရေးကို လက်မလွတ်နိုင်ပေ။ သူသာ လအနည်းငယ် ထပ်စောင့်စားမည်ဆိုလျှင် ကျန်သည်ဒိုဂျိုများနှင့် လေ့ကျင့်ရေးစင်တာများက ပါရမီရှင်ကစားသမားများစွာကို စုဆောင်းပြီးဖြစ်နေလိမ့်မည်။ သူက အချိန်နှင့်ယှဥ်ပြိုင်နေရတာဖြစ်၏။ သူက ကျားဖြူဒိုဂျိုနှင့် ဖြုန်းတီးရန် မည်ကဲ့သို့ အချိန်ရှိမည်နည်း။
” ဒါက ငါတို့ ဒီလိုလုပ်လိုက်ရင် … ”
ရှောင်ယွီက ကြောင်အသွားလေ၏။ ရှီဖုန်းထဲမှ ထိုကဲ့သို့ ရှင်းလင်းပျက်သားသည့် တုံ့ပြန်မှုရလာလိမ့်မည်ဟု သူမထင်ထားပေ။
သူတို့ပြောနေသည်က ကျားဖြူဒိုဂျိုအကြောင်းပဲဖြစ်သည်။ ယနေ့ သူတို့က ကျားဖြူဒိုဂျိုကို အရှက်ခွဲခဲ့လျှင် ခုနှစ်စင်ကြယ်ဒိုဂျိုက နောက်၌ သူတို့၏ အမြတ်ဒေါသကို ခံစားရပေလိမ့်မည်။
သို့သော်ငြား ရှီဖုန်း၏ ဆုံးဖြတ်ချက်ပျက်သားမှုကို တွေ့မြင်ပြီး လူငယ်က ခုနှစ်စင်ကြယ်ဒိုဂျို၏ စီမံခန့်ခွဲပိုင်ခွင့်အပြည့်အဝရထားသည်ကို မှတ်ယူပြီး ရှောင်ယွီက မတူညီသည့်အမြင်ကို မပြောတော့ပေ။ သူက သက်ပြင်းချလိုက်၏။ ရွေးချယ်စရာမရှိဘဲ ကန်းရှင်းထျန်းကို ဆုံးဖြတ်ချက် ပြန်ပြောလိုက်ရတော့သည်။
” ဘာ သူတို့ငြင်းလိုက်တယ်လား … ”
ရှဲ့ချီဝမ်က ထက်မေးပြီး သူနားကြားမှားသလားဟု တွေးနေမိသည်။
” သူတို့က အစိမ်းရောင်နတ်ဘုရားကုမ္ပဏီရဲ့ဖိတ်စာကို သူတို့ဘာသာရယူနိုင်တယ်လို့ ပြောတယ် … ”
ကန်းရှင်းထျန်းကလည်း နားကြားမှားသလားဟု တွေးခဲ့မိသည်။ သို့သော် ရှောင်ယွီ၏အဖြေက မှန်နေ၏။
” ကောင်းတယ် သိပ်ကောင်းတယ် … ”
ယခုအချိန်တွင် ရှဲ့ချီဝမ်၏ အမူအရာက ရေခဲတမျှအေးစက်နေ၏။ ဒိုဂျိုလေးတစ်ခုက သူ့ကို ရန်စရဲလိမ့်မည်ဟု သူတစ်ခါမှ မတွေးခဲ့မိပေ။
” စောင့်ကြည့်နေလိုက် … ရီယွိချင်းကို အခုချက်ချင်းအကြောင်းကြား … ဒိုဂျိုရဲ့ ဂုဏ်သိက္ခာက အခုအရေးကြီးနေပြီ … လိုအပ်မယ်ဆိုရင် သူ့ရဲ့အကန့်အသတ်တွေကို ဖယ်ရှားလိုက် … ငါဖြေရှင်းမယ် … ”
အစက ကန်းရှင်းထျန်းသည် ရှဲ့ချီဝမ်၏ စကားကိုကြားသောအခါ စိတ်လှုပ်ရှားခဲ့၏။ ဆိုရလျှင် သူက အကန့်အသတ်ဖယ်ရှားမှုကို မျက်မြင်တွေ့ရင် အခွင့်အရေးတစ်ခုရလာသောကြောင့် ဖြစ်သည်။ ထိုသို့တိုင် သူက စိုးရိမ်ပူပန်စွာပြောလိုက်၏။
” ဒါပေမဲ့ဘော့စ် ဒီနေရာမှာ အကန့်အသတ်ဖယ်ရှားလိုက်မယ်ဆိုရင် ပင်မအခွဲမှာ ပြဿနာတက်လိမ့်မယ် … ”
” ဒါအတွက် ငါတာဝန်ယူတယ် … အမည်မသိဒိုဂျိုနဲ့ လေ့ကျင့်ရေးစင်တာတွေကို ငါပြချင်တာရှိတယ် … သူတို့ ဘယ်လောက်ပဲကြိုးစားကြိုးစား သူတို့ အားစိုက်ထုတ်မှုက အချည်းအနှီးပဲ … ”
ရှဲ့ချီဝမ်က နှာခေါင်းရှုံ့ပြီး ရှီဖုန်းကိုကြည့်လိုက်၏။
ပင်မစာရင်းပေါ်၌ ရီယွိချင်းနှင့် ယွီချောင်ချောင် နှစ်ယောက်လုံးက တစ်ယောက်ကိုတစ်ယောက် ကြည့်နေကာ တစ်ဖက်လူ၏ လှုပ်ရှားမှုများကို ဂရုတစိုက်လေ့လာလိုက်သည်။ ဒိုင်လူကြီးက သူ၏ လက်ကိုဝှေ့ရမ်းပြီး ယှဥ်ပြိုင်ပွဲစတင်ကြောင်း ကြေညာသည်နှင့် တိုက်ခိုက်ရေးသမားနှစ်ဦးလုံး ရှေ့တိုးကာ တစ်ယောက်တိုက်ခိုက်ရေးအကျယ်အဝန်းထဲ တစ်ယောက် ကျူးကျော်ကြတော့သည်။
ရီယွိချင်း၏ တိုက်ခိုက်မှုက နူးညံ့ပြီး ပေါ့ပါးသည်ဟု ထင်ရသော်ငြား သူတို့က မယုံနိုင်စရာ ကောင်းလှအောင် ကြမ်းကြုတ်သည်။ ထိုးနှက်ချက်၊ လက်ဝါးရိုက်ချက်တိုင်းက ပေါက်ကွဲမှုပမာဖြစ်နေပြီး ပရိသတ်ကို လွှမ်းမိုးနိုင်၏။
ရီယွိချင်းက မိန်းကလေးတစ်ယောက်ဖြစ်သော်ငြား သူမသည် လက်သီးတစ်ချက်ကို ငါးရာငါးဆယ်ကီလိုဂရမ် ရရှိထား၏။ လွန်ခဲ့သည့် နှစ်တစ်ရာကဆို သူမ၏ လက်သီးက လက်ဝှေ့ချန်ပီယံဖြစ်ရန် အရည်အချင်းပြည့်မီမှာပဲ ဖြစ်သည်။ သူမက ကွန်ကရစ်နံရံများကို အပေါက်များပေါက်အောင်လုပ်နိုင်ပြီး ကျောက်တုံးများကို သူမလက်ဖဝါးဖြင့် ချေနိုင်လိမ့်မည်။ သာမန်လူ၏ အသက်ကိုတောင် တစ်ချက်ထဲဖြင့် နုတ်နိုင်လောက်၏။
ရီယွိချင်း၏ လွှမ်းမိုးနိုင်သော တိုက်ကွက်ဖြင့် ရင်ဆိုင်ရာ၌ သာမန်လူအားလုံးက နောက်ဆုတ်ရပေလိမ့်မည်။ သို့သော်ငြား ယွီချောင်ချောင်က နောက်မဆုတ်သွားပေ။ ထိုအစား သူမကလည်း ကိုယ်ပိုင်တိုက်ကွက်ကိုထုတ်ကာ လက်များကိုကြာပွတ်ပမာ လှုပ်ရှားလျက် ရီယွိချင်း၏ တိုက်ကွက်များနှင့် ရင်ဆိုင်တိုက်ခိုက်လိုက်၏။ သူမ၏ လှုပ်ရှားမှုအဟုန်က ရီယွိချင်းထင်မနှေးပေ။ ထို့အပြင် သူမတိုက်ကွက်တစ်ကွက်ပိတ်ဆို့လိုက်ချိန်တိုင်း၌ ထိမိသွားသည့်အသံက ခန်းမထဲပြန့်သွားတော့သည်။
ထိုမြင်ကွင်းက ပွဲကြည့်ပရိသတ်ခုံတန်းရှိ ပရိသတ်များကို မှင်သက်သွားစေ၏။ တိုက်ခိုက်ရေးသမားနှစ်ယောက်လုံးက တိုက်ကွက်များ ဖလှယ်နေပြီး အဆက်မပျက်တိုက်ခိုက်လျက် ခုခံနေကြသည်။ မျက်တောင်တစ်ခတ်အတွင်း ယွီချောင်ချောင်နှင့် ရီယွိချင်းက တိုက်ကွက်ပေါင်းများစွာ ဖလှယ်ပြီးဖြစ်နေ၏။ ပရိသတ်က မိန်းကလေးနှစ်ယောက်ကို အမှီမလိုက်နိုင်ပေ။
သူတို့က မည်သည့်ဘက်ကမှ အတားအဆီးမရဘဲ စက္ကန့်တစ်ဒါဇင်ခန့် ဆက်လက်တိုက်ခိုက်နေခဲ့၏။ မည်သည့်ဘက်ကမှ အလွယ်တကူအနိုင်မရနိုင်ဆိုတာ သိသာနေသည်။
ပွဲကြည့်ကို ကြည့်နေစဥ် ရီယွိချင်းက နောက်လွင့်သွား၏။ ဇဝေဇဝါအမူအရာဖြင့် သူမက ပြောလိုက်သည်။
” ငါတို့ တိုက်ကွက်ဖလှယ်ပြီးတာတောင် နင့်ရဲ့ခုခံမှုမှာ အားနည်းချက်တစ်ခုမှ ရှာမတွေ့ဘူး … နင်လို ကျွမ်းကျင်သူတစ်ယောက်က သမိုင်းကြောင်းမရှိတဲ့ ဒိုဂျိုလေးကို ဘာကြောင့်ဝင်လဲဆိုတာ မှန်စဆဖို့ခက်ခဲတယ် … ”
ခွန်အားနှင့် အရှိန်အရာတွင် သူမက ယွီချောင်ချောင်ထက်သာပေသည်။ သို့သော်ငြား ဟွီချောင်ချောင်က သူမ၏ ခုခံမှု၌ ဟာကွက်များကို ဆက်တိုက်ရှာတွေ့သည်။ သူမကို ရှောင်တိန်းရန်ဖိအားပေးနေကာ ခွန်အားအပြည့် ထုတ်ဖော်မရဖြစ်စေ၏။ ဆယ်ကျော်သက်မိန်းကလေးတစ်ဦးအစား ရီယွိချင်းသည် တိုက်ခိုက်ရေးပြိုင်ပွဲထဲ၌ ဆယ့်နှစ်နှစ်ကြာ ဝင်ပါခဲ့သော ဝါရင့်တိုက်ခိုက်ရေးသမားတစ်ဦးနှင့် ရင်ဆိုင်ရသည့်ပမာ ခံစားနေရသည်။ သူမက ယွီချောင်ချောင်၏ လှုပ်ရှားမှုများသည် ကြမ်းတမ်းသော မိစ္ဆာမီးနှင့် ဆင်တူသည်ဟုတောင် ခံစားမိလာသည်။
မိစ္ဆာမီးတိုက်ခိုက်မှုနည်းလမ်းကို အစောတုန်းက မျက်မြင်မတွေ့ခဲ့လျှင် ယွီချောင်ချောင်က သတိအနေအထားလျော့ချမိလောက်သည်။
ရီယွိချင်းက ကန်းရှင်းထျန်း သူမကို အချက်ပြတာကို ရုတ်တရက်ဖမ်းမိလိုက်၏။ သူ၏လက်ဟန်က ကျားဖြူဒိုဂျို၏ အတွင်းပိုင်သင်္ကေတဘာသာစကား ဖြစ်သည်။ ပင်မခွဲ၏ တပည့်များ သင်ယူထားရသည်။
ရှဲ့ချီဝမ် စိတ်လွတ်သွားပြီလား။ ဒါက ချစ်ကြည်ရေးယှဥ်ပြိုင်ပွဲလေးပဲလေ။ ဒီလောက်ဝေးဝေးသွားဖို့ လိုလို့လား။ ရီယွိချင်းသည် ကန်းရှင်းထျန်း၏ အမူအရာကိုမြင်သောအခါ အံ့သြသွားမိ၏။
ပြိုင်ဘက်၏ ဒွိဟဖြစ်နေသောအနေအထားကိုမြင်သောအခါ ယွီချောင်ချောင်က အသားစီးရယူပြီး ခြေသိုင်းကိုအသုံးပြုလိုက်၏။ ပြီးနောက် ယွီချောင်ချောင်က ရုတ်ခြည်းထွက်ပေါ်လာပုံပေါ်သည်။ ရီယွိချင်းက သတိပြန်ဝင်လာချိန်၌ ယွီချောင်ချောင်က သူမဘက်ရောက်လာပြီဖြစ်သည်။ ယွီချောင်ချောင်၏ လက်သီးက ရီယွိချင်း၏ ခုခံမှုကင်းမဲ့သည့်ဘက်ဆီသို့ တိုးဝင်သွား၏။ နောက်ကျလွန်းပြီးမှန်း သူမ သတိပြုမိသည့်အချိန်၌ ရီယွိချင်းက လက်သီးကို ပုံမှန် မရှောင်နိုင်တော့ချေ။
ယွီချောင်ချောင်၏လက်သီးက နေရာကိုထိမိတော့မည့်အချိန်၌ အနက်ရောင်အရိပ်က ဖျက်ခနဲ ဝင်ရောက်လာကာ ယွီချောင်ချောင်၏ လက်သီးကို ကြားဖျက်လိုက်သည်။
ထောက် …
ရှစ်မီတာအကွာတွင် ရပ်နေသော ဒိုင်လူကြီးများတောင် အသံကိုကြားလိုက်ရသည်။
ဘယ်လို ယွီချောင်ချောင်က ရီယွိချင်းကို အထိတ်တလန့်ကြည့်လိုက်၏။
သူမ၏ တိုက်ခိုက်မှုက ဟာကွက်မရှိပေ။ သူမက ပြိုင်ဘက်ယာယီ စိတ်ဒွိဟဖြစ်နေတာကို အခွင့်ကောင်းယူပြီး ပြိုင်ဘက်၏ တစ်ဖက်ဆီသို့သွားကာ မျက်ကွယ်ထောင့်ကနေ တိုက်ခိုက်လိုက်၏။ ရီယွိချင်းက သူမကိုသူမ မကာကွယ်နိုင်လောက်ပေ။
ထိုသို့တိုင် သူမ၏ လက်သီးကို ဖမ်းဆုပ်လိုက်သည့်လက်က ရီယွိချင်း၏ လက်ဝါးပဲဖြစ်သည်။ ပိုအရေးကြီးသည်က ထိုလက်သီးထဲ၌ သူမ၏ တစ်ကိုယ်လုံးအလေးချိန်ကို အသုံးပြုထားတာဖြစ်သည်။ ထိုသို့တိုင် ရီယွိချင်းက ကျော်ဖြတ်နိုင်ခဲ့၏။ နံရံကိုထိုးလိုက်ရသည့်ပမာက ခံစားရသည်။ မယုံနိုင်စရာကောင်းလှပေ၏။
” နင်တကယ် အံ့သြဖို့ကောင်းတာပဲ … ငါသာ အကန့်အသတ်ဖယ်ရှားမှုကို မသုံးခဲ့ရင် နင်ငါကို အဲဒီအကွက်နဲ့ အနိုင်ယူနိုင်လောက်တယ် … ”
ထိုစဥ် ရီယွိချင်းက သက်ပြင်းချပြီး ယွီချောင်ချောင်၏ လက်သီးကို ဆုပ်ကိုင်လိုက်၏။
” အစကတော့ နိုင်ငံယှဥ်ပြိုင်ပွဲအတွက် ဒီအကွက်ကိုချန်ထားဖို့ ရည်ရွယ်နေတာ … ဒါကိုသုံးဖို့ ဖိအားပေးခံရလိမ့်မယ်လို့ မထင်ထားဘူး … ဒါပေမဲ့ ငါဒါကိုသုံးလိုက်တော့ ဒီပြိုင်ပွဲက ပြီးသွားပြီ … ”
ထိုသို့ပြောပြီးနောက် ရီယွိချင်းက ယွီချောင်ချောင်၏ လက်သီးကို ဖြစ်ညှစ်လိုက်သည်။ ယွီချောင်ချောင် မည်သို့ ရုန်းကန်စေကာမူ သူမက ဆုပ်ကိုင်ထားမှုကနေ မလွတ်မြောက်နိုင်ပေ။ ထိုစဥ် ရီယွိချင်းက လွတ်နေသည့်လက်ကို လက်သီးအဖြစ်ဆုပ်ပြီး သူမချုပ်ထားသော ရန်သူကို ထိုးချလိုက်၏။ လက်သီးထိုးလိုက်ချိန်၌ ပေါက်ကွဲသံတစ်သံ ပေါ်ထွက်လာသည်။ သူမသည် ယခင်ကထက် ပိုမြန်ဆန်ပြီး ပိုသန်မာလာလေ၏။