ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 1299 မင်းတိုက်ခိုက်ရဲလား
သူဘာလုပ်ဖို့ကြိုးစားနေတာလဲ။ ရှဲ့ချီဝမ်က ရီယွိချင်း၏လက်သီး ရုတ်တရက် ရပ်တန့်သွားတာကို မြင်သော မျက်မှောင်ကြုတ်လိုက်လေ၏။
ရီယွိချင်းသည် ယွီချောင်ချောင်ကို နေရာမှာတင်အဆုံးသတ်နိုင်သည်။ သို့သော်ငြား သူက ရပ်တန့်သွားလေ၏။
ရှဲ့ချီဝမ်တစ်ယောက်ထဲသာ ဇဝေဇဝါဖြစ်နေတာမဟုတ်ပေ။ အထူးဧည့်သည်တော်ခုံတန်းရှိ လူတိုင်းကလည်း ဝေခဲ့ရခက်နေလေ၏။
ရီယွိချင်းက ဘာကြောင့် ပြန်ထိန်းချုပ်လိုက်တာလဲ။
သို့သော် ရီယွိချင်း ထိတ်လန့်နေသည်ဆိုတာ မည်သူမှ မသိကြချေ။
သူမ၏ လက်သီး၌ စွမ်းအားအပြည့်မပါဝင်သော်ငြား သူမ၏ ပြိုင်ဘက်က ၎င်းကိုမတားနိုင်လိုက်သင့်ပေ။ သို့သော်ငြား ယွီချောင်ချောင်က တားနိုင်ခဲ့၏။
” နင်က တကယ်အထင်ကြီးဖို့ကောင်းတာပဲ … ငါအကန့်အသတ်ဖယ်ရှားမှုကို တားပြီးတဲ့နောက် ငါ့ရဲ့လက်သီးကို တားနိုင်တဲ့သူက နင် ပထမဦးဆုံးပဲ … ”
ရီယွိချင်းက ယွီချောင်ချောင်ကို မချီးကျူးပဲ မနေနိုင်တော့ချေ။
” ဒါပေမဲ့ နင်လက်လျှော့လိုက်သင့်တယ် … ဒီပြိုင်ပွဲကို ငါရှုံးလို့မရဘူး … ငါ့ခွန်အား ဒီပြိုင်ပွဲစတင်ကထက် (၅၀) ရာခိုင်နှုန်းပိုမြင့်လာတာ … နင်အနိုင်ရဖို့ အခွင့်အရေးမရှိဘူး … ”
ရီယွိချင်းသည် ယွီချောင်ချောင်ကို သဘောကျသွား၏။ သူမသည် ကျားဖြူဒိုဂျို၏ တပည့်တစ်ဦးသာမဟုတ်ခဲ့လျှင် ယွီချောင်ချောင်ကို မယှဥ်နိုင်မှာ သေချာ၏။
ထိုသို့ပြောပြီး ရီယွိချင်းက ရှေ့သို့ ခြေလှမ်းတစ်ဝက်ခန့်တွန်းလိုက်သည်။ သူမ ခြေထောက်အောက်ရှိစင်မြင့်က စတင်အက်ကွဲလာလေ၏။
သူမ၏ ခြေထောက်၊ ခါးနှင့် ပခုံးတို့က လိမ်တွန့်သွားကာ ရီယွိချင်းက လက်သီးထဲ၌ ခွန်အားအကုန်သုံးလိုက်သည်။
တစ်ဝက်ပြိုလဲခြင်းလက်သီး
ရီယွိချင်း၏အမြင်တွင် ယွီချောင်ချောင်သည် သူမ၏ လက်သီးကို ဖမ်းလိုက်နိုင်ခြင်းမှာ ကံကြောင့်သာဖြစ်သည်။ ယွီချောင်ချောင်က လက်သီးအရှိန်မမြင့်ရသေးခင် လက်ကောက်ဝတ်ကို ဖမ်းလိုက်တာဖြစ်မည်။ ယွီချောင်ချောင်က လက်ရှိတွင် သူမ၏ လက်ကောက်ဝတ်ကို မြဲမြန်စွာကိုင်ထားသော်ငြား သူမအားကုန်ထုတ်သုံးခဲ့လျှင် ယွီချောင်ချောင်က သူမကိုတားရန် အခွင့်အရေးရှိတော့မှာမဟုတ်ပေ။ ထို့အပြင် သူမ၏လက်သီးက ယွီချောင်ချောင်နှင့် တစ်ဆယ်စင်တီမီတာအောက်သာ ဝေးတော့သည်။ ထိုအကွာအဝေး၌ ယွီချောင်ချောင်က ရှောင်တိန်းနိုင်မှာမဟုတ်ပေ။ တိုက်ခိုက်မှုလားရာလွဲချော်သွားဖို့က ပိုတောင်မဖြစ်နိုင်ပေ။
ဖန် …
ချက်ချင်းပင် ယွီချောင်ချောင်က နောက်သို့တစ်လှမ်းဆုတ်လိုက်ရပြီး သူမခြေထောက်အောက်ရှိ ကျောက်ကြမ်းပြင်က စတင်အက်ကွဲလာ၏။ မထင်ထားပဲ ယွီချောင်ချောင်၏ ဆုပ်ကိုင်ထားသည့်လက်က ပြိုင်ဘက်၏လက်သီးကို မြဲမြန်စွာကိုင်ထားနိုင်သေးသည်။ သူမက ရီယွိချင်း၏လက်သီးကို သူမပုခုံးနားကပ်ခွင့်မပေးပေ။
” နင် … ”
ရီယွိချင်းက ထိတ်လန့်သွားလေ၏။
မိန်းမငယ်လေးက သူမအားကုန်ထုတ်သုံးထားသော လက်သီးကို ပိတ်ဆို့လိုက်သည်။
ကျားဖြူဒိုဂျိုက ပါရမီရှင်ဆိုတော့ ထင်တဲ့အတိုင်းပဲ။ အကန့်အသတ်ဖယ်ရှားမှုမပါပဲ ခက်ခဲတဲ့တိုက်ပွဲတစ်ခု ဖြစ်နေခဲ့တာ။ အစောတုန်းက တိုက်ပွဲကို ဆော့လိုက်ရကြအောင်ပေါ့။
ယွီချောင်ချောင်က အနည်းငယ်ပြုံးလိုက်ပြီး သူမ၏ မျက်လုံးထဲ၌ စိတ်လှုပ်ရှားမှု တစ်စွန်းတစ်စပေါ်လာလေ၏။
ရီယွိချင်းက ယာယီမှင်သက်သွားတော့သည်။ ယွီချောင်ချောင်ပြောလိုက်ပုံအရ သူမသည်လည်း အကန့်အသတ်ဖယ်ရှားမှုကို ဖမ်းဆုပ်မိပြီဖြစ်ကာ ၎င်းကို အသုံးမပြုရသေးတာပဲ ဖြစ်သည်။
ရီယွိချင်းက တုံ့ပြန်ချင်သော်ငြား ယွီချောင်ချောင်က လှုပ်ရှားပြီးဖြစ်နေ၏။
ယွီချောင်ချောင်က သူမ၏လက်ကို လိမ်လိုက်ပြီး ရီယွိချင်း၏ ဆုပ်ကိုင်ထားမှုကနေ ရုန်းလိုက်သည်။ ချက်ချင်းပင် သူမ၏ ခန္ဓာကိုယ်က တစ်ပတ်လည်သွားကာ ရီယွိချင်း၏ခေါင်းကို ဝိုက်ကန်ချက်ဖြင့်ကန်လိုက်ကာ သူမ၏ခြေထောက်သည် လေကိုသဇင်ကခွင်းသည့်ပမာ ရိတ်သိမ်းသွားလေ၏။
ရုတ်တရက် ရီယွိချင်းသည် သေခြင်းတရားချဥ်းကပ်လာသလိုခံစားလိုက်ရသည်။ သတိလက်လွတ်မနေရဲဘဲ ယွီချောင်ချောင်၏ ချုပ်ကိုင်ထားမှုကနေ လွတ်မြောက်စေရန် ခွန်အားအပြည့်သုံးကာ ဝင်လာသည့်ခြေကန်ချက်ကို ပိတ်ဆို့ရန် လက်နှစ်ဖက်သုံးလိုက်လေ၏။
ထန် …
ယွီချောင်ချောင်၏ခြေထောက်က သူမလက်နှင့် ထိမိသွားချိန်၌ ရီယွိချင်းက အရိုးခိုက်သည့် ထိခိုက်နာကျင်မှုမျိုး ခံစားလိုက်ရ၏။ ပြီးနောက် သူမ လက်နှစ်ဖက်ထုံကျင်သွားတော့သည်။ သူမက ကားတစ်စင်းဖြင့် အတိုက်ခံလိုက်ရသည့်ပမာ နောက်သို့လွင့်ထွက်သွားတော့၏။ သို့သော် လျင်မြန်စွာတုံ့ပြန်လိုက်ပြီး ရီယွိချင်းက သူမ၏ အနေအထားကို ထိန်းညှိလိုက်၏။ သို့မှသာ သူမ မြေပြင်ပေါ်၌ မြဲမြန်စွာရပ်နိုင်မှာပဲ ဖြစ်သည်။ အဆုံးတွင် ရီယွိချင်းက နောက်သို့ သုံးလှမ်းခန့်ဆုတ်ပြီးမှ ဟန့်ချက်ထိန်းလိုက်နိုင်သည်။
မဖြစ်နိုင်တာ။ ရီယွိချင်းက မယုံနိုင်သည့်အကြည့် ရှိနေ၏။ ဆယ်မီတာအကွာ၌ ရပ်နေသော ယွီချောင်ချောင်ကို စိုက်ကြည့်လိုက်သည်။
ခြေကန်ချက်တစ်ခုကို ပိတ်ဆို့ရုံမျှဖြင့် သူမလက်နှစ်ဖက်လုံး ထုံကျင်သွားသည်။ သူမက သူ့ကိုလွတ်အောင်တောင်မလုပ်နိုင်ပေ။ ယွီချောင်ချောင်မည်မျှ သန်မာသနည်း။
ပရိသတ်က မျက်လုံးပြူးကျယ်စွာစိုက်ကြည့်နေပြီး သူတို့အကြည့်က ယွီချောင်ချောင်ပေါ်တွင်သာ ရှိနေ၏။
အဲဒီကောင်မလေးက ဘယ်သူလဲ။ ရှဲ့ချီဝမ်သည် ရီယွိချင်း လွင့်ထွက်သွားတာကိုမြင်သောအခါ အော်မိလုနီးပါးဖြစ်သွား၏။
ရှဲ့ချီဝမ်က ယွီချောင်ချောင်၏ နဖူးပေါ်ရှိ သွေးကြောများကိုမြင်နိုင်၏။ ယွီချောင်ချောင်၏ ခွန်အားရုတ်တရက်ပေါက်ကွဲလာမှုကို သိရှိပြီးနောက် ယွီချောင်ချောင်သည် အကန့်အသတ်ဖယ်ရှားမှုကို အသုံးပြုလိုက်ကြောင်း အရူးတောင်ပြောနိုင်ပေ၏။
သို့သော်ငြား အကန့်အသတ်ဖယ်ရှားမှုသည် ထိပ်တန်းဒိုဂျိုများနှင့် လေ့ကျင်ရေးစင်တာများ၏ လျှို့ဝှက်နည်းစနစ်တစ်ခု ဖြစ်သည်။ ယွီချောင်ချောင်က ၎င်းကိုမည်ကဲ့သို့ သင်ယူဖမ်းဆုပ်နိုင်မည်နည်း။
ရီယွိချင်းသည် မရေမတွက်နိုင်သည့် ဆရာများ၏ လမ်းညွှန်မှုအောက်၌ နှစ်နှစ်တိုင်တိုင်လေ့ကျင့်ခဲ့ပြီး အကန့်အသက်ဖယ်ရှားမှုကို ဖမ်းဆုပ်နိုင်ခဲ့သည်။ ထိုသို့တိုင် ယွီချောင်ချောင်က အကန့်အသတ်ကိုဖမ်းဆုပ်နိုင်ခဲ့ရုံသာမက သူမက ရီယွိချင်းထက် အကန့်အသတ်ကို ပိုဖိနှိပ်ထားနိုင်တာလည်း သိသာနေသည်။
ကျန်းထျန်းယွမ်တောင် အံ့သြသွားလေ၏။
ဒီမိန်းကလေးက အံ့သြဖို့ကောင်းလိုက်တာ သူ့ဆရာက ဘယ်သူများလဲ။ အကန့်အသတ်ကို ဒီအဆင့်ထိ ဖယ်ရှားလိုက်ပြီဆိုပေမဲ့ သူ့ရဲ့ခန္ဓာကိုယ်ကို လွတ်လွတ်လပ်လပ်ထိန်းနိုင်သေးတာ။
ကျန်းထျန်းယွမ်က သိချင်စိတ်ဖြစ်ပေါ်လာ၏။ ယွီချောင်ချောင်က ရီယွိချင်းနှင့် ရင်ဆိုင်တိုက်ခိုက်ရာ၌ အေးအေးလူလူဖြစ်နေသည်။
အကန့်အသတ်ဖယ်ရှားမှုကို ဖမ်းဆုပ်နိုင်ခြင်းက ခက်ခဲသော်ငြား ထပ်တိုးခွန်အားထုတ်ဖော်ပြီး ၎င်း၏ အလားအလာအပြည့်အဝကို အသုံးပြုနိုင်ဖို့က ပိုတောင်ခက်ခဲသည်။
ရှဲ့ချီဝမ်နှင့် ထျန်းကျင်းယောင်အဆင့်ရှိ သူများသာလျှင် ရီယွိချင်း၏ စံသတ်မှတ်ချက်ကို ယှဥ်နိုင်သည်။ ယင်းက ပါရမီမဟုတ်တော့ပေ။ ဂရုတစိုက်လမ်းညွှန်မှုနှင့် တိုက်ပွဲဝင်အတွေ့အကြုံကြွယ်ဝမှသာ ၎င်းကိုရရှိနိုင်တာ ဖြစ်သည်။
စင်ပေါ်၌ ရီယွိချင်းနှင့် ယွီချောင်ချောင်ကြားရှိ ယှဥ်ပြိုင်ပွဲက မယှဥ်သာအောင်ပြင်ထန်နေ၏။ သူတို့ လှုပ်ရှားမှုတိုင်းက ကြမ်းပြင်ကို တစ်စစီဖြစ်စေသည်။
ယွီချောင်ချောင်၏ တိုက်ပွဲဝင်အတွေ့အကြုံကို မယှဥ်နိုင်သော ရီယွိချင်းက သူမပြိုင်ဘက်ကိုယှဥ်နိုင်ရန် ပိုတောင်နည်းသေးသည်။
ရီယွိချင်းက ယွီချောင်ချောင်နှင့် တိုက်ကွက်ဖလှယ်တိုင်း သူမက အရိုးထဲထိအောင်နာကျင်သည်။ အဆုံးတွင် ယွီချောင်ချောင်က ရီယွီချင်း၏ ခုခံမှု၌ အားနည်းချက်တစ်ခုရှာတွေ့ကာ အမျိုးသမီး၏ပုခုံးကို လက်ဝါးရိုက်ချက်သုံးပြီး ရီယွိချင်းကိုဟစင်အောက်သို့လွင့်ထွက်သွားစေ၏။
ရီယွိချင်းက ယွီချောင်ချောင် သက်ညှာမှုပြလိုက်မှန်း နားလည်နေသည်။ သူမပြိုင်ဘက်ကို မသနားလျှင် ရီယွိချင်းသည် မစောထဲကစင်အောက်သို့ ဆင်းနေရလောက်ပြီ ဖြစ်သည်။
ပါရမီရှင်လား။
ရီယွိချင်းက ယွီချောင်ချောင်ကို ကြည့်လိုက်၏။ ရုတ်တရက် သူမ ကျန်သည့်သူများမှ လက်ခံရရှိသည့် ချီးကျူးမှုများအားလုံး သူမကို ပါရမီရှင်ဟုခေါ်နေသော ကိစ္စရပ်သည် အမှန်တကယ် ရယ်စရာကောင်းလှကြောင်း တွေ့လိုက်ရသည်။ ကျန်သည့်ကဏ္ဍများကို လျစ်လျူရှု့လျက် ယွီချောင်ချောင်က ခုန်တက်ကာ အကန့်အသတ်ဖယ်ရှားမှုကိုထုတ်ဖော်ကာ သူမခွန်အားက သူမထက်ပိုမြင့်လာ၏။
သူမ၏ ရှုံးနိမ့်မှုက တွေးထင်ပြီးသားဖြစ်သည်။
ရီယွိချင်းသည် စင်အောက်သို့ရောက်သွားပြီးနောက် ဒိုင်လူကြီးက ပွဲစဥ်၏ အနိုင်ရသူကို ကြေညာသည်။
ယွီချောင်ချောင်
ဒိုင်လူကြီးက ရလဒ်ကိုကြေညာပြီးသည်နှင့် ကွင်းက ခဏဝာတိတ်ဆိတ်သွားသည်။ ပြီးနောက် အားပေးသံများက ခန်းမထဲ၌ ပြည့်သွားလေ၏။ အသက်ရှုမှားလောက်ဖွယ်ယှဥ်ပြိုင်ပွဲက ပွဲကြည့်ပရိသတ်များကို အမှန်တကယ်အံ့သြသွားစေ၏။
ခုနှစ်စင်ကြယ်ဒိုဂျို၏ အမည်သည် လူတိုင်း၏စိတ်ထဲ နက်ရှိုင်းစွာဆွဲထင်နေပြီ ဖြစ်သည်။
ဆိုရလျှင် ဆီမီးဖိုင်နယ်သို့တက်သွားသည့် လူလေးယောက်၌ သုံးယောက်က ခုနှစ်စင်ကြယ်ဒိုဂျိုမှဖြစ်သည်။
ဤယှဥ်ပြိုင်ပွဲတွင်ပါဝင်သည့် မြို့ခြောက်မြို့ကနေ ဒိုဂျိုတစ်ဒါဇင်နှင့် လေ့ကျင့်ရေးစင်တာများပါရှိသည်။ သူတို့ထဲတွင် ကျားဖြူဒိုဂျိုနှင့် တစ်ကိုယ်တော်ပြိုင်ပွဲဝင်များစွာ ပါဝင်၏။ ကိုယ်စားပြုသူ သုံးယောက်လုံးကို ဆီမီးဖိုင်နယ်သို့ ပို့နိုင်ခြင်းက ဆန်းကြယ်မှုတစ်ရပ်ဖြစ်သည်။
” ခုနှစ်စင်ကြယ်ဒိုဂျိုလား … ငါမနက်ဖြန်ကျ သေချာပေါက်စာရင်းသွားသွင်းမယ် … ”
ပရိသတ်ထဲတွင်အများစုက မည်သည့်နည်းနှင့်မဆို ခုနှစ်စင်ကြယ်ဒိုဂျိုသို့ဝင်ရန် ဆုံးဖြတ်လိုက်ပြီ ဖြစ်သည်။ ပြိုင်ပွဲဝင်များကတောင် တွေးနေလေ၏။
အထူးဧည့်သည်တော်ခုံတန်းရှိ လူများကြားထဲ၌ အချို့က အောင်ပွဲခံလျက် အချို့က စိုးရိမ်ပူပန်နေကြသည်။ ရှောင်ယွီက ပျော်ရွှင်နေတော့၏။ ဤနည်းဖြင့် ခုနှစ်စင်ကြယ်ဒိုဂျို၏ ဂုဏ်သတင်းသည် မြို့ခြောက်မြို့သို့ ပြန့်နှံသွားပေလိမ့်မည်။ တစ်ဖက်တွင်မူ ရှဲ့ချီဝမ်က ဒေါသလည်းထွက် ကူကယ်ရာလည်း မဲ့နေလေ၏။ ဒိုဂျိုအတွက် သူ၏ ပထမဆုံးကြိုးပန်းမှုက ထိုမျှဆိုးဆိုးဝါးဝါး အဆုံးသတ်သွားလိမ့်မည်ဟု သူမထင်ထားပေ။
သို့သော်ငြား ရှဲ့ချီဝမ်က အရှုံးမပေးသေးပေ။ ရက်စက်ကြမ်းကြုတ်သော မိစ္ဆာမီးရှိသေး၏။ မိစ္ဆာမီးက ချန်ပီယံရသွားနိုင်ခြေ ရှိသည်။ ထိုသို့ဆိုလျှင် ခုနှစ်စင်ကြယ်ဒိုဂျိုကို အနိုင်ရစေခြင်းထက် ကောင်းပေလိမ့်မည်။
ယခု ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်မည့် လေးယောက်ကို ဆုံးဖြတ်ပြီးဖြစ်ရာ ချစ်ကြည်ရေးယှဥ်ပြိုင်ပွဲဖြစ်သောကြောင့် ရို့ကျစ်ဖင်းသည် မိစ္ဆာမီးကို အနိုင်ယူနိုင်သရွေ့ ခုနှစ်စင်ကြယ်ဒိုဂျိုက ယှဥ်ပြိုင်ပွဲကို အနိုင်ရသွားလိမ့်မည်။ လူတိုင်းက ရို့ကျစ်ဖင်းနှင့် မိစ္ဆာမီးကြားရှိ ပထမဆုံးပွဲစဥ်ကို မျှော်လင့်တကြီး ကြည့်နေကြ၏။
စင်မြင့်ပြန်လည်တည်ဆောက်ရန် မိနစ်နှစ်ဆယ်ခန့် အချိန်ယူလိုက်ရသည်။ ပြင်ဆင်မှုပြီးဆုံးသွားသည်နှင့် ရို့ကျစ်ဖင်းနှင့် မိစ္ဆာမီးက စင်ပေါ်သို့တက်သွား၏။
သို့သော်ငြား ဒိုင်လူကြီးများက ယှဥ်ပြိုင်ပွဲစတင်တော့မည့်အကြောင်း ကြေညာတော့မည့်အချိန်တွင် မိစ္ဆာမီးက ရပ်တန့်ပြီးပြောလိုက်တော့သည်။
” နေအုံး … ”
” ပြိုင်ပွဲဝင်မိစ္ဆာမီး ပြဿနာတစ်ခုခုရှိလို့လား … ”
ဒိုင်လူကြီးက သိချင်စိတ်ဖြင့်မေးလိုက်သည်။
” ပြိုင်ပွဲမစခင် ပြောစရာတစ်ခုရှိလို့ပါ … ”
ဝက်ဝံညိုတစ်ကောင်နှင့်တူသော မိစ္ဆာမီးက ပြုံးဖြဲဖြဲပြောလိုက်၏။
” ဟုတ်ပြီ ဒါပေမဲ့ မင်းကို အချိန်တစ်မိနစ်ပဲပေးမယ် … ”
ဒိုင်လူကြီးက ခေါင်းညိတ်လိုက်၏။
” ဆယ်စက္ကန့်က လုံလောက်ပြီ … ”
မိစ္ဆာမီးက ရယ်မောလိုက်သည်။ ပြီးနောက် သူက မိုက်ကိုယူကာ အထူးဧည့်သည်တော်ခုံတန်းရှိ ရှီဖုန်းကို ကြည့်လိုက်သည်။ သူက လွှမ်းမိုးနိုင်သောအရှိန်အဝါကို ထုတ်ဖော်ကာ ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်၏။
” ခေါင်းဆောင်နည်းပြရှီ ဒီနေ့ ကျုပ်ဒီကိုလာတာ အကြောင်းအရင်းတစ်ခုပဲ ရှိတယ် … ခင်ဗျားက ဇီးရိုးဝင်းက အထက်အရာရှိတွေထဲကတစ်ယောက်လို့ ကြားထားတယ် … ဒါကြောင့် ဘလက်ဖလိမ်းဆီကို ကျုပ်အတွက် စာတစ်စောင်ပို့ပေးဖို့ မျှော်လင့်ပါတယ် … ကျုပ်မိစ္ဆာမီးက နတ်ဘုရားနယ်မြေထဲမှာ သူ့ကို စိတ်ခေါ်ချင်တယ် … ကျုပ်နဲ့ တိုက်ခိုက်ရဲလား … “