ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 1310 လနတ်ဘုရား၏ လျှို့ဝှက်မှတ်တမ်း
Chapter – 1310 လနတ်ဘုရား၏ လျှို့ဝှက်မှတ်တမ်း
သုသေသနအခန်း၏တံခါးသည် အထူးနည်းလမ်းတစ်ခုဖြင့် ပြုလုပ်ထားတာဖြစ်သည်။ ထို့အပြင် လနတ်ဘုရားက ၎င်းကို နတ်ရုမ်းများဖြင့် ပံ့ပိုးပေးထား၏။ အလွှာငါးမဟာမှော်ဆရာသည် ၎င်းပေါ် ခြစ်ရာထင်နိုင်ရန်တောင် ခက်ခဲစေမှာပဲဖြစ်သည်။
သို့သော်ငြား တံခါးကနေ ထွက်ပေါ်နေသော ကြမ်းတမ်းသောအသံများသည် တံခါးက အမှောင်နတ်ဆရာဘုရင်ကို ထိန်းထားနိုင်ပါမလားဟု ရှီဖုန်းကို သံသယဝင်စေသည်။ ဆိုရလျှင် ရေမွန်သည် နတ်ဘုရားနယ်မြေ၏ အဓိကချဲ့ထွင်မှုများထဲမှတစ်ခု၏ ဖိုင်နယ်ဘော့စ် ဖြစ်နိုင်စွမ်းရှိသူဖြစ်သည်။ သူက သာမန်အလွှာငါး NPC ယှဥ်နိုင်သည့် တည်ရှိမှုမဟုတ်တာ သိသာ၏။ စူပါအင်အားစုများသည် ရေမွန်ကို အနိုင်ယူရန် ကြိုးစားပန်းစား ဆောင်ရွက်ခဲ့ရပုံကို ကြည့်ခြင်းအားဖြင့် ရေမွန်က နတ်တစ်ပိုင်းဖြစ်နေပြီးသားဟု ကောက်ချက်ချမိသည်။
ထိုအချက်ကိုတွေးမိပြီး ရှီဖုန်းက သူမလုံခြုံဟု ခံစားမိသည်။ သူက သုသေသနဧရိယာထဲကနေ ချက်ချင်းထွက်သွား၏။ သူသည် သုသေသနဧရိယာကနေ ထွက်လာပြီး စင်္ကြံဆီသို့ဝင်လိုက်ချိန် သူက စင်္ကြံကိုချိပ်ပိတ်ရန် လနတ်ဘုရား၏ သော့ကိုအသုံးပြုခဲ့၏။ စင်္ကြံချိပ်ပိတ်မှုက သုသေသနအခန်းကို ချိပ်ပိတ်ထားသည့်လောက် အစွမ်းမထက်သော်ငြား အနည်းနှင့်အများရေမွန်ကို ဟန့်တားနိုင်လိမ့်မည်။
ရှီဖုန်းသည် သုသေသနဧရိယာထဲက ထွက်လာပြီးနောက် သူသည် သီးခြားကမ္ဘာထဲ ဝင်သွားလိုက်ရသလို ခံစားလိုက်ရသည်။ သူက စင်္ကြံကနေ ထွက်လာပြီးနောက် အစိမ်းရောင်များပြည့်နေသည့် နေရာတစ်ခုသို့ ရောက်သွား၏။ သူက အဝေး၌ တောင်ပူစာများ၊ ရေတံခွန်များကို မြင်နိုင်ပြီး ငှက်သံများကြားရကာ ပန်းရနံများရနေလေ၏။ သူသည် နတ်ဆိုးသားရဲအချို့၏ ဟိန်းသံများကိုလည်းကြားရ၏။ တစ်ချိန်ထဲတွင် နတ်ဆိုးကင်းလှည့်အဖွဲ့များက တောအုပ်၏ လမ်းကြောင်းများပေါ် လျှောက်သွားနေတာကို တွေ့လိုက်ရသည်။
ထိုနတ်ဆိုးကင်းလှည့်အဖွဲ့များထဲမှ အစောင့်များသည် အတွင်းဘက်ခြံဝန်းအတွင်း၌ စောင့်ကြပ်နေသော နတ်ဆိုးများလောက်မသန်မာသော်ငြား ကင်းလှည့်အဖွဲ့တိုင်းသည် အဆင့် (၇၀) အလွှာသုံးနတ်ဆိုးအစောင့်တစ်ယောက်ပါဝင်ပြီး အဆင့် (၇၀) အလွှာနှစ်စစ်သည်ကိုးယောက်ပါဝင်၏။ လက်ရှိတွင် ကိုယ်ပိုင်အစောင့်နှင့် စီးတော်ယာဥ်ကို ဆင့်ခေါ်နိုင်ခြင်းမရှိသော ရှီဖုန်းအဖို့ သူတို့က အင်မတန်အန္တရာယ်များသော ရန်သူများဖြစ်နေ၏။
ချက်ချင်းပင် စနစ်အသိပေးသံက ရှီဖုန်း၏နားထဲ ဝင်လာလေ၏။
စနစ် : သင်သည် နတ်ဆိုးချိပ်ပိတ်ခြင်းမျှော်စင် လနတ်ဘုရား၏ ဟင်းလင်းပြင်ကို ရှာတွေ့သွားပါပြီ။
ဘာ ဒါက နတ်ဆိုးချိပ်ပိတ်ခြင်းမျှော်စင်ရဲ့ အမြင့်ဆုံးအလွှာလား။ ရှီဖုန်းသည် စနစ်အသိပေးချက်ကိုကြည့်ပြီး ကြက်သေသေသွားလေ၏။
စနစ်မြေပုံအရ သူချိပ်ပိတ်ခြင်းမျှော်စင်၌ စုစုပေါင်းသုံးဆယ့်ခြောက်လွှာရှိသည်။ တစ်လွှာဆီက အတွင်း၌ မြို့လေးတစ်မြို့အလွယ်တကူဝင်ဆန်သည်။ ရှီဖုန်းသည်ပထမဆုံးအလွှာမှ ထိပ်ဆုံးအလွှာထိ တက်ရန် ကြိုးပမ်းလျှင် သူက အချိန်များစွာ လိုအပ်ပေလိမ့်မည်။ သူက ရေရှည်တိုက်ပွဲအတွက် အသင့်ပြင်ထားပြီးသားဖြစ်သော်ငြား သုံးဆယ့်ခြောက်လွှာလုံးတက်ဖို့က လွယ်ကူသည့်တာဝန် မဟုတ်ပေ။
ယခင်က ရှီဖုန်းသည် သုသေသနဧရိယာသို့ နေရာရွေ့ပြောင်းရန် အကျော်ဇေယျခုနှစ်ပါး အက်ကွဲစငါးရာကို အသုံးပြုခဲ့၏။ ယင်းက မထိုက်တန်ပေ။ သို့သော် ယခု အကျိုးအမြတ် ကြီးကြီးမားမား ရလိုက်ပုံပေါ်သည်။
ချက်ချင်းပင် ရှီဖုန်းက ပုန်းရန်အတွက် လုံခြုံသောနေရာတစ်ခုရှာတွေ့ကာ သူ၏ စိတ်အခြေအနေကို ချိန်ညှိပြီး သူရလာသော အိုင်တမ်များကို စီလိုက်တော့သည်။
အစကနေအဆုံးအထိ ရေမွန်နှင့် သူ၏ တိုက်ကွက်ဖလှယ်မှုသည် ခုနှစ်စက္ကန့်၊ ရှစ်စက္ကန့်သာ ကြာညောင်းခဲ့သည်။ သို့သော် ထိုခဏအတွင်း သူ၏ သက်လုံးအားနှင့် အာရုံစူးစိုက်သည် သူနာရီပေါင်းများစွာ တိုက်ခိုက်ရသည့်ပမာ လျော့ကျသွားသည်။ နှစ်ဖက်တိုက်ခိုက်မှုသည် သူ၏ အာရုံစူးစိုက်မှုကို သိသိသာသာထိခိုက်စေခဲ့၏။ ရေမွန်ကပေးသည့် ကြောက်မက်ဖွယ်ကောင်းသောဖိအားနှင့် NPC ၏ပိုင်နက်ကြောင့် NPC ထံကနေ ထွက်ပြေးရသည့် စက္ကန့်တိုင်းသည် ခွန်အားတူညီသည့်ရန်သူနှင့် တစ်နာရီကြာတိူက်ခိုက်ရခြင်းနှင့် ညီမျှသည်။
အမှန်တကယ်တွင် ရှီဖုန်းသည် ရေမွန်နှင့်ရင်ဆိုင်ပြီး သုသေသနအခန်းကနေ ထွက်သည်အထိ အသက်တစ်ချက်တောင် မရှုနိုင်ခဲ့ပေ။ ဆိုရလျှင် သူ၏ လှုပ်ရှားမှုထဲ အသေးငယ်ဆုံးသော နှောင့်နှေးမှုကတောင် သူ၏ သေခြင်းတရားဆီ ဦးတည်သွားစေနိုင်ပြီး နတ်ဘုရားနယ်မြေထဲ ဝင်ရောက်ခဲ့ရသည့် သူ၏ အားစိုက်ထုတ်မှုအားလုံးကို အသုံးမဝင် ဖြစ်သွားစေလိမ့်မည်။ ထိုခုနှစ်စက္ကန့်၊ ရှစ်စက္ကန့်အတွင်း ရှီဖုန်းခံစားခဲ့ရသည့်ဖိအား မည်မျှများကြောင်း မှန်းဆနိုင်၏။
ထိုကြောင့် ရှီဖုန်းသည် သူ၏ တင်းမားနေသော စိတ်အခြေအနေကို ဖြည်းဖြည်းချင်းဖြေလျော့ချင်သည်။
ထိုစဥ် ငရဲအဆင့် ဒေသအတွင်းမြေအောက်စခန်း ဖရော်ဇန်စကား၌ ကြယ်လတိုင်းပြည်၏ အစွမ်းထက်ပြီး လူသိများသောအစည်းအရုံးများစွာက ဤနေရာ၌ စုဝေးနေလေသည်။ ကျန်သည့် တိုင်းပြည်များနှင့် အင်ပါယာများမှ အစည်းအရုံးကြီးများကတောင် ဒေသတွင်းမြေအောက်စခန်းကို စီးနင်းတိုက်ခိုက်ရန် ရောက်လာကြ၏။ ယခုအချိန်တွင် လက်ရွေးစင်နှင့် ကျွမ်းကျင်ကစားသမား ရာချီထောင်ချီက ဖရော်ဇန်စကား၌ရှိနေကြပြီး ဤနေရာရှိ ယှဥ်ပြိုင်ပွဲက ပြင်းထန်သည်ဟု သတ်မှတ်၍ရသည်။
ဖရော်ဇန်စကားတွင် မြေအောက်စခန်းတစ်ခုဖြစ်လာပြီး အချိန်တိုအတွင်း လက်ရွေးစင်ကစားသမား ငါးသောင်းကျော်သည် ဤနေရာ၌ သေခဲ့ပြီဖြစ်သည်။ ဤအခြေအနေက အစည်းအရုံးလေးများနှင့် တစ်ကိုယ်တော်ကစားသမားများ မြေအောက်စခန်းအတွင်းဝင်ရောက်ခြင်းကို ချက်ချင်းကာလိုက်၏။
သို့သော်ငြား နှင်းများဖြင့်ပြည့်နေသော တောအုပ်ထဲ၌ လူအယောက်တစ်ရာပါသည့် တပ်မဟာက ရှေ့သို့တည်ငြိမ်စွာ တိုးနေလေ၏။ ထိုတပ်မဟာသည် အဆင့် (၄၆) အရှင်အဆင့် နှင်းလူများကို အလွယ်သတ်ဖြတ်နေပြီး အဆင့် (၄၅) လက်ရွေးစင်အဆင့် နှင်းဘီလူးများကို သတ်ဖြတ်ကာ ရေခဲဘုရင်ရှိသည့်နေရာသို့ တည်ငြိမ်စွာတက်လှမ်းနေ၏။ ကျန်သည့်အစည်းအရုံးများ၏ လက်ရွေးစင်တပ်မဟာက ဤတပ်မဟာကိုကြုံတွေ့ချိန်၌ သူတို့သည် ရန်စမိမှာကို ကြောက်ရွံ့သောကြောင့် အမြန်ရှောင်ရှားကြပေလိမ့်မည်။
ဆိုရလျှင် အယောက်တစ်ထောင်တပ်မဟာကိုပိုင်သည့်အစည်းအရုံးသည် ကြယ်လတိုင်းပြည်၏ တရားဝင် နံပါတ်နှစ်အစည်းအရုံး ကောင်းကင်ဘုံမြှုပ်နှံရာပဲဖြစ်သည်။
လက်ရှိတွင် တစ်ကိုယ်တော်မြှုပ်နှံရာက ဤလက်ရွေးစင်တပ်မဟာကို ကိုယ်တိုင်တောင် ဦးဆောင်လာတာပဲ ဖြစ်သည်။
ဤတပ်မဟာ၏ အဖွဲ့ဝင်များထဲတွင် အားအနည်းဆုံးကတောင် အဆင့် (၄၁) ဖြစ်ပြီး ကျွမ်းကျင်သူများက အဆင့် (၄၂) ဖြစ်ကြသည်။ အဆင့် (၄၃) သို့ရောက်ပြီးသည့် ကျွမ်းကျင်သူအချို့တောင်ရှိနေသည်။ ထိုကစားသမားများအားလုံးက အဆင့် (၄၀) ထိပ်တန်းချပ်ဝတ်တန်ဆာများဝတ်ဆင်ထားကာ အဆင့်အနိမ့်ဆုံးက ရွှေစင်အဆင့်နှင့် အများစုက မဟူရွှေအဆင့်ဖြစ်သည်။ ထိုကစားသမားများ အားလုံးထဲ၌ အသန်မာဆုံးက တစ်ကိုယ်တော်မြှုပ်နှံရာဖြစ်၏။ သူက အဆင့် (၄၃) သာရှိပြီး သူသည် ရိန်းဂျားများအတွက်ဖြစ်သည့် အဆင့် (၄၅) မဟူရွှေချပ်သားရဲတစ်ရာအစုံကို ဝတ်ဆင်ထားပြီး အံ့ဖွယ်အဆင့် တောက်ပခြင်းအာနိသင်ကိုပေးစွမ်းသည့် အနက်ရောင်နှစ်ကြိုးလိမ် အရိုးလေးကို ကိုင်ဆောင်ထားလေ၏။
နှင်းလူငါးဆယ်ကျော်နှင့် ရေခဲဘီလူး တစ်ထောင်ကျော်ကို ရင်ဆိုင်နေရသော်ငြား တစ်ကိုယ်တော်မြှုပ်နှံရာသည် သူ၏အဖွဲ့ကို သင့်တော်စွာအမိန့်ပေးနိုင်ပြီး အခြေအနေကို ထိန်းချုပ်ထားနိုင်၏။ အဆုံးတွင်မူ ကောင်းကင်ဘုံမြှုပ်နှံရာ၏ လက်ရွေးစင်တပ်မဟာသည် သူတို့ရှေ့တန်း၌ တစ်ချက်တောင်မနားဘဲ မွန်းစတားများကို သေဆုံးအောင်သတ်ဖြတ်နိုင်ခဲ့သည်။ ထိုအခြေအနေက အဝေးကနေ ကြည့်နေသော ကျန်သည့်အစည်းအရုံးများမှ ကစားသမားများကို အားကျမှုများဖြစ်စေသည်။
တစ်ကိုယ်တော်မြှုပ်နှံရာနှင့် ကျန်သည့်အဖွဲ့က ကျန်ရှိသည့်ရေခဲဘီလူးများကို ရှင်းလင်းနေစဥ် သူသည် ဆက်သွယ်ရန်တောင်းဆိုချက်တစ်ခုကို ရုတ်တရက်ရလိုက်၏။
” ဂိုးလ် မင်းဘက်မှာတစ်ခုခုဖြစ်လို့လား … ”
တစ်ကိုယ်တော်မြှုပ်နှံရာကမေးပြီး ဖန်သားပြင်ပေါ်ရှိ အဆင့် (၄၃) လုပ်ကြံသတ်ဖြတ်ရေးသမားကို ကြည့်လိုက်သည်။
” ဇီးရိုးဝင်းဘက်မှာ တစ်ခုခုဖြစ်နေပြီ … ”
သစ္ဆေအရိပ်က သတင်းပို့လိုက်သည်။
” တချို့သောအကြောင်းအရင်းကြောင့် ရေခဲဘုရင်ဆီ တက်လာရမဲ့အစား ဇီးရိုးဝင်းအဖွဲ့က လှည့်ပြန်သွားပြီး လက်ရှိမှာ ဘလစ်ဇက်ခံတပ်ဆီ ဦးတည်နေတာ … ဒါကိုကြည့်ရင် သူတို့တွေက မြေအောက်စခန်းကို စီးနင်းတိုက်ခိုက်ဖို့ ရည်ရွယ်ထားတဲ့ပုံပဲ … ”
” ဘလစ်ဇက်ခံတပ်ကို စီးနင်းတိုက်ခိုက်ဖို့လား … ”
တစ်ကိုယ်တော်မြှုပ်နှံရာက မှင်တက်သွားသည်။
” မင်း သေချာရဲ့လား … ဘလစ်ဇက်ခံတပ်က အဆင့် (၅၀) ဧရိယာကြီးမားတဲ့ အဖွဲ့လိုက်မြေအောက်ခန်းပဲလေ … သူတို့တွေ ဘာကြောင့် စီးနင်းတိုက်ခိုက်ဖို့ ကြိုးစားနေရတာလဲ … သူတို့က ရေခဲ့ဘုရင်ကို လက်လျှော့ဖို့ဆန္ဒရှိတယ်ဆိုတော့ ငါတို့မသိတာတစ်ခုခု ရှာတွေ့သွားတာများလား … ”
ရေခဲဘုရင်နှင့် သက်ဆိုင်သည် သတင်းအချက်အလက်ကို သူကိုယ်တိုင်အများရှေ့ ထုတ်ပြန်ခဲ့တာပဲဖြစ်သည်။ ထိုသို့ပြုလုပ်ရခြင်း၏ အကြောင်းအရင်းမှာ ဇီးရိုးဝင်း၏ ပင်မတပ်ဖွဲ့ကိုမျှားခေါ်ပြီး ထိုအခွင့်အရေးကိုသုံးကာ သူတို့ကို အားနည်းစေချင်သောကြောင့်ဖြစ်သည်။ တစ်ချိန်ထဲတွင် သူ၏ တာဝန်ကိုလည်း ပြီးမြောက်နိုင်လိမ့်မည်။
” ကျွန်တော်မသိဘူး … ဒါပေမဲ့ အချက်အလက်တွေအရ သူတို့ ဘလစ်ဇက်ခံတပ်ကို သွားနေတာတော့ အမှန်ပဲ … ဇီးရိုးဝင်းရဲ့ လက်ရွေးစင်အဖွဲ့ဝင်တွေကတော့ ဖရော်ဇန်စကားကနေ ထွက်သွားပြီးပြီ … ”
တစ္ဆေအရိပ်သည် အခြေအနေကြောင့် စိတ်ရှုပ်ထွေးနေလေ၏။ ရေခဲဘုရင်ကိုသတ်ဖြတ်ခြင်းက အဲလ်ဗားနိုက်မြို့သို့ အစည်းအရုံးတစ်ခုကို ဝင်ခွင့်ရစေမည်ဖြစ်သည်။ ထိုသို့တိုင် ဇီးရိုးဝင်းက မြေအောက်စခန်းတစ်ခုကို စီးနင်းတိုက်ခိုက်ရန်အတွက် ဤကဲ့သို့ ကောင်းမွန်သောအခွင့်အရေးကို လက်လျှော့ခဲ့၏။ ထို့အပြင် ယင်းက အဆင့် (၅၀) အဖွဲ့လိုက်မြေအောက်စခန်းတောင်ဖြစ်နေ၏။ ဂိမ်းလောကထဲ၌ နှစ်ပေါင်းများစွာ တိုက်ခိုက်ခဲ့သော ကျွမ်းကျင်သူတစ်ယောက်အနေဖြင့် သူကိုယ်တိုင်တောင် ဇီးရိုးဝင်းလုပ်ရန်ကြိုးစားနေတာကို နားမလည်နိုင်ပေ။
” ထားလိုက်တော့ သူတို့ကိုအခု လျစ်လျူရှုထားလိုက် … မင်းနဲ့ မင်းလူတွေက ငါတို့နဲ့ အဖွဲ့ပြန်ဖွဲ့လိုက် … ယှဥ်ပြိုင်မှုထဲဝင်လာတဲ့ အစည်းအရုံးအရေအတွက်က တိုးလာနေတာ … ဒါကြောက့် ငါတို့မြန်မြန်လုပ်ဖို့လိုတယ် … ငါတို့တာဝန်ပြီးသွားတာနဲ့ ကြယ်လတိုင်းပြည်က ကောင်းကင်ဘုံမြှုပ်နှံရာရဲ့ ပိုင်ဆိုင်မှုဖြစ်လာလိမ့်မယ် … ဇီးရိုးဝင်းက မြေအောက်စခန်းကို စီးနင်းတိုက်ခိုက်နိုင်တယ်ဆိုရင်တောင် အသုံးမဝင်ဘူးလေ … ”
တစ်ကိုယ်တော်မြှုပ်နှံရာကပြောပြီး နှာခေါင်းရှုံ့လိုက်လေ၏။
ဒီတစ်ခေါက် တကယ်ကံကောင်းတာပဲ။ ရှီဖုန်းသည် သူ၏ အိတ်သိုလှောင်မှုကိုကြည့်ပြီး ပျော်ရွှင်စွာ သက်ပြင်းချလိုက်မိသည်။
ယခင်၌ သူ၏ အာရုံစိုက်မှုအလုံးစုံသည် ရေမွန်ဆီ၌သာ ရှိခဲ့သည်။ ထိုကြောင့် သူပစ္စည်းများ သိမ်းသည့်အချိန်၌ သူလက်လှမ်းမီသမျှ ပစ္စည်းအားလုံးကိုယူကာ ဘာမှမကြည့်ဘဲ သိမ်းခဲ့၏။ ယခု သူက အနီးကပ်ကြည့်ခွင့်ရလာသောအခါ ရှီဖုန်းကိုယ်တိုက်တောင်ပစ္စည်းများကြောင့် ဆွံ့အသွားလေ၏။
သူသယ်လာသည့် အိုင်တမ်များထဲ၌ ရှစ်ခုက မဟာရွှေအဂ္ဂိရတ်ကိရိယာများဖြစ်သည်။ မှော်ကျောက်စိမ်းကနေ ပြုလုပ်ထားပြီး မဟူရာရွှေအဂ္ဂိရတ်ကိရိယာတစ်စုံ ဖြစ်ပြီး ကျောက်စိမ်းအစုံဟုလည်း ခေါ်တာဖြစ်သည်။ ဈေးကွက်ထဲ၌ထားခဲ့လျှင် ထိုအစုံကို ရွှေပြားသုံးသောင်းကျော်ဖြင့် အလွယ်တကူ ရောင်းချနိုင်လိမ့်မည်။
၎င်းသည် ပတ်ဝန်းကျင်က ဝိညာဥ်ဓာတ်စွမ်းအားကို စုပ်ယူနိုင်သည့်စွမ်းရည် ပိုင်ဆိုင်ထား၏။ အဂ္ဂိရတ်ကိရိယာအဖြစ် အသုံးပြုသည့်အချိန်၌ ဆေးပင်၏အကောင်ဆုံးအာနိသင်များကို ထုတ်ယူနိုင်လိမ့်မည်။
မှော်ကျောက်စိမ်းကိရိယာ၏ ပြီးပြည့်စုံသောအစုံက အဂ္ဂိရတ်ပြုလုပ်သည့် အောင်မြင်သည့်နှုန်းကို (၁၀) ရာခိုင်နှုန်းတိုးစေသည်။ အဂ္ဂိရတ်ထုတ်လုပ်သည့်အရှိန်ကို (၂၀) ရာခိုင်နှုန်းတိုးမြင့်စေ၏။ ဖန်တီးသည့် ထုတ်ကုန်အတွက် ခွန်အားမြင့်တင်ရန် အာနိသင် သုံးရာခိုင်နှုန်းအခွင့်အရေးလည်းရှိသည်။
အတိတ်တုန်းက မဟာအဂ္ဂိရတ်ပညာရှင်ကတောင် ထိုကဲ့သို့အစုံကို လက်ဝယ်ရယူရန် အင်မတန် စိတ်အားထက်သန်ခဲ့သည်။ ကံဆိုးသည်မှာ စူပါအစည်းအရုံးများကတောင် မဟူရာရွှေအဂ္ဂိရတ်ကိရိယာတစ်စုံကို ရယူရန်ခက်ခဲခဲ့လေရာ ကျောက်စိမ်းအစုံဆို ပြောနေရန် မလိုတော့ချေ။
အဂ္ဂိရတ်ကိရိယာအပြင် ရှီဖုန်းက ရှေးပေလွှာများကိုလည်း ရယူနိုင်ခဲ့သည်။ ထိုစာရွက်များ၌ မှတ်တမ်းတင်ထားသည်က လနတ်ဘုရားပြုလုပ်ထားသည့် အညွှန်းများပဲ ဖြစ်သည်။ သို့သော်ငြား စာရွက်များက ယိုယွင်းနေလေရာ အသုံးပြု၍မရတော့ပေ။ ရှီဖုန်းသည် ထိုစာရွက်များကိုအကဲဖြတ်ရန် အလုံးစုံသိမြင်မျက်လုံးကို အသုံးပြုပြီးနောက် စနစ်အသိပေးသံက သူ့နားထဲရုတ်တရက်ဝင်လာ၏။
စနစ် : ရှေးဟောင်းသားရေချပ် ရှာတွေ့ပါပြီ။ ၎င်းကိုပြန်ပြင်ရန် မှော်သလင်းတစ်ရာ လိုအပ်ပါသည်။
နဂါးသားရေချပ်က အံ့သြဖို့ကောင်းလိုက်တာ။ နှစ်ပေါင်းသောင်းချီ ယိုယွင်ပျက်စီးမှုကို တောင့်ခံပြီးတာတောင် မှော်သလင်းသုံးပြီး ပြင်လို့ရသေးတယ်။ နတ်ဘုရားတွေက နဂါးသားရေချပ်ကို သုံးပြီး ရှေးယခင်ကမှတ်တမ်းတွေကိုမှတ်ခဲ့တာ အံ့သြစရာမရှိဘူးပဲ။ ရှီဖုန်းက သဘောပေါက်သွား၏။
ပျက်စီးနေသော စာရွက်များစွာကို ကောက်ယူပြီးနောက် သူသည် အသုံးပြု၍ရသည့် စာရွက်ရှိလိမ့်မည်ဟု မထင်ထားမိပေ။ ထိုစာရွက်များ ပြန်ပြင်၍ရခဲ့ပါက အံ့သြစရာကောင်းပေလိမ့်မည်။ ရှီဖုန်းသည် တစ်ရွက်ပြီးတစ်ရွက်ပြန်ပြင်နေသည်။ စာရွက်များကိုပြန်ပြင်နေစဥ် သူက စာမျက်နှာနံပါတ်ကိုအခြေခံပြီး စီလိုက်လေရာ အံ့သြဖွယ်ကောင်းလှအောင်ပင် စာရွက်များက အလိုလိုပေါင်းစည်းသွားသည်။ ဆယ်မိနစ်ခန့်ကုန်လွန်ပြီးနောက် သူကောက်ယူလာသည့် စာရွက်သုံးဆယ့်တစ်ရွက်ကို နောက်ဆုံးတော့ ပြုပြင်ပြီးသွားသည်။ ရုတ်တရက် ပေါင်းစည်းထားသော စာရွက်များက ထူးထဲသော စာအုပ်တစ်ခုအဖြစ်အသွင်ပြောင်းလဲသွားကာ နတ်ဘုရားစွမ်းရည်များ ဖြာထွက်လာလေ၏။
ပြီးနောက် ရှေးဟောင်းနတ်ဘုရားဘာသာစကားဖြင့် ရေးထားသည့် စကားလုံးလေးလုံးက ထိုရှေးဟောင်းစာအုပ်အဖုံးပေါ်၌ ရှိနေသည်။
လနတ်ဘုရား၏ လျှို့ဝှက်မှတ်တမ်း
အပိုင်း (၁၃၁၀) ပြီး၏။