ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 1327 မဖြစ်နိုင်သော ယှဥ်ပြိုင်မှု
Chapter – 1327 မဖြစ်နိုင်သော ယှဥ်ပြိုင်မှု
စနစ်သည် ယှဥ်ပြိုင်ပွဲ၏ အနိုင်ရသူကို ကြေငြာပြီးသည်နှင့် ခန်းမတစ်ခုလုံး တိတ်ဆိတ်မှုများကြီးစိုးသွားပြီးနောက် ပင့်သက်ရှိုက်သံများပေါ်လာတော့သည်။
” ဘာတွေဖြစ်ကုန်တာလဲ … ရှေးစစ်သည်တော်မိစ္ဆာမီးက တစ်ပန်းသာနေတာ မဟုတ်ဘူးလား … ”
” သူတို့တွေက မွန်းစတားနှစ်ကောင်လား … မြန်လိုက်တာ … ငါတုံ့ပြန်ဖို့ အချိန်တောင်မရလိုက်ဘူး … ”
” ဒါက ထိပ်သီးကျွမ်းကျင်သူတွေကြားက တိုက်ပွဲတစ်ပွဲလား … ”
ရုတ်တရက် ပြောင်းပြန်ဖြစ်သွားပြီး ယှဥ်ပြိုင်ပွဲ၏ အဆုံးသတ်က သာမန်ကစားသမားများကို စိတ်နှောက်ကြည့်သွားစေသည်။ သို့သော် ယှဥ်ပြိုင်ပွဲကိုကြည့်နေကြသည့် ကျွမ်းကျင်သူများထဲမှ တစ်ချို့က ဖြစ်ပျက်သွားပုံကို အကြမ်းမျဥ်းနားလည်၏။
ရှီဖုန်းနှင့် မိစ္ဆာမီး၏ တိုက်ပွဲကို ပကတိမျက်လုံးဖြင့် အမှီမလိုက်နိုင်သော်ငြား သူတို့သည် မှတ်တမ်းတင်ထားသည်ကို အရှိန်လျော့ပြီး ကြည့်နိုင်လေရာ ကြည်လင်သည့်အမြင်ကို ရနိုင်ပေ၏။
” မိစ္ဆာမီးရဲ့ စွမ်းရည်တွေက အလွှာသုံးမဟာအရှင်ကို ယှဥ်နိုင်တာသေချာတယ် … ငါတို့တိုက်ခိုက်မယ်ဆိုရင် သူက ငါတို့အယောက်တစ်ရာအဖွဲ့ကို သုတ်သင်ရှင်းလင်းနိုင်လောက်တယ် … ဒါတောင် သူက ရီဖုန်းရဲ့ တိုက်ခိုက်မှုတွေကို မပိတ်ဆို့နိုင်ခဲ့ဘူး … ရီဖုန်း ဘယ်လောက်တောင်သန်မာလိုက်သလဲ … ”
” ဇီးရိုးဝင်းက မွန်းစတားတွေရှိတဲ့ အစည်းအရုံးတစ်ခုလား … ”
သာမန်ကစားသမားများနှင့် ကျွမ်းကျင်ကစားသမားများသည် ကစားသမားတစ်ဦး၏ခွန်အားကို တိတိကျကျဆုံးဖြတ်နိုင်၏။ ထို့ကြောင့် သူတို့သည် မိစ္ဆာမီးမည်မျှအစွမ်းထက်ကြောင်း သတိပြုမိသည်။ ရှေးစစ်သည်တော်သည် ထိပ်သီးကျွမ်းကျင်သူတစ်ယောက်ဆိုတာ သေချာပြီး သူတို့မော့ကြည့်နေရသည့်တည်ရှိမှုဖြစ်ပြီး သူတို့ဖြစ်ချင်သည့်သူမျိုး ဖြစ်သည်။
ထိုသို့တိုင် ရီဖုန်းက ထိုကဲ့သို့ ကျွမ်းကျင်သူတစ်ယောက်ကို အလွယ်တကူအနိုင်ယူသွားခဲ့သည်။ ပွဲကြည့်ပရိသတ်များက သူတို့သည် မိစ္ဆာမီး၏ခွန်အားကို အကဲဖြတ်တာမှားယွင်းသလားဟုတောင် စတွေးမိကြတော့သည်။
ထိုစဥ် ရှိနေသည့်သူများကြားထဲ၌ ဇီးရိုးဝင်း၏ အဖွဲ့ဝင်များထက် ရလဒ်ကို ပိုစိတ်ဝင်စားသည့်သူ မရှိကြချေ။ ဇီးရိုးဝင်း၏ အဖွဲ့ဝင်များက ရှီဖုန်းကို လေးစားစွာကြည့်လိုက်ကြတော့သည်။
အစည်းအရုံး၏ ပွဲစဥ်ဆက်တိုက်ရှုံးနိမ့်မှုများက သူတို့ကို မချင့်မရဲဖြစ်စေခဲ့သည်။ သို့သော် သူတို့တက်နိုင်တာ ဘာမှမရှိပေ။ ဆိုရလျှင် သူတို့စေလွှတ်ခဲ့သည့် တိုက်ခိုက်ရေးကစားသမားများက အစည်းအရုံးကျွမ်းကျင်သူများ ဖြစ်၏။ အစည်းအရုံး၏ ကျွမ်းကျင်သူများကတောင် မိစ္ဆာမီး၏အဖွဲ့အတွက် ပြိုင်ဘက်မဟုတ်ခဲ့လျှင် လက်ရွေးစင်နှင့် သာမန်အဖွဲ့ဝင်များက မည်သည့်မျှော်လင့်ချက်ရှိမည်နည်း။
သို့သော်ငြား ရှီဖုန်း စင်မြင့်ပေါ်သို့ တက်လှမ်းသွားသည်နှင့် သူသည် အခြေအနေကို ပြောင်းပစ်လိုက်သည်။ ရှေးဦးစွာသူသည် ယနေ့ချန်ပီယံ ကြီးမြတ်သောကျားကို တစ်ချက်ထဲဖြင့် သတ်ဖြတ်ခဲ့၏။ ပြီးနောက် သူသည် မွန်းစတားကဲ့သို့ မိစ္ဆာမီးကို မျက်တောင်တခက်အတွင်း ဖျက်ဆီးခဲ့သည်။
ဇီးရိုးဝင်း၏ အဖွဲ့ဝင်များက ကြက်သေသေနေလျက် အံ့သြပျော်ရွှင်နေကြသည်။
ဇီးရိုးဝင်းကို မကောင်းပြောခဲ့ကြသည် ကျန်သည့် အစည်းအရုံးအဖွဲ့ဝင်များကမူ ပါးစပ်ပိတ်ကုန်၏။
” အဲ့ဒီလူက ဘယ်သူလဲ … ငါတို့ရဲ့အဖွဲ့ခေါင်းဆောင်တောင် မိစ္ဆာက နှစ်ဆရှေးစစ်သည်တော်နဲ့ မုန်တိုင်းဓားသွားရဲ့ စကေးတွေကိုသုံးတဲ့အချိန် ရှောင်ရသေးတာ … ဒါတောင်မှ အဲ့ဒီလူက ထိပ်တိုက်ရင်ဆိုင်ခဲ့တာ … သူက ကစားသမားတစ်ယောက်တောင် ဟုတ်ရဲ့လား … သူက ရုပ်ဖျက်ထားတဲ့ NPC တစ်ယောက်မဟုတ်လောက်ဘူးမလား … ”
ကြွေလွင့်ပန်းပွင့်သည် ရှီဖုန်းကို မျက်လုံးအပြူးသားနဲ့ စိုက်ကြည့်နေလေ၏။ ဓားသမားကို သူမည်မျှ အကြိမ်များစွာကြည့်စေကာမူ ပွဲစဥ်၏ရလဒ်ကို မယုံနိုင်သေးပေ။
သူမသည် မိစ္ဆာ၏ မုန်တိုင်းပိုင်နက်ကို ကိုယ်တိုင်တွေ့ကြုံခဲ့ရတာဖြစ်၏။ မိစ္ဆာမီးနှင့် ဆယ်ကိုက်အကွာတွင် ရှိနေလျှင်တောင် သူမကို များပြားသည့်ဖိအားက ဖိနှိပ်နေသည်။ သူမက အနီးပိုကပ်လိုက်ခဲ့မည်ဆိုလျှင် သူမ၏ တိုက်ခိုက်မှုအရှိန်နှင့် တုံ့ပြန်မှုအရှိန်၏ (၅၀) ရာခိုင်နှုန်းကို အသုံးပြုနိုင်လျှင် ကံကောင်းနေပြီဟု ဆိုရမှာပဲ ဖြစ်သည်။
” ဇီးရိုးဝင်းက ငါတို့ထင်သလောက် မရိုးရှင်းတဲ့ပုံပဲ … ငါတို့အစီအစဥ်တွေကို ပြင်ဆင်ဖို့ လိုအပ်တယ် … ”
အန်ဝင်ဘာရီဟန်က ရှီဖုန်းကို တစ်ချက်ကြည့်ပြီးနောက် တည်ကြည်စွာ ပြောလိုက်တော့၏။
” ဒါပေမဲ့ အရင်ဆုံး ငါတို့အဖွဲ့ခေါင်းဆောင်ကို အကြောင်းကြားဖို့လိုတယ် … ”
ကျန်သည့် အဖွဲ့ဝင်များကလည်း ခေါင်းညိတ်ပြီး တည်ကြည်သည့်အမူအရာ ရှိနေလေ၏။
သူတို့သည် တိုင်းပြည်များနှင့် အင်ပါယာအသီးသီးရှိ နံပါတ်တစ်အစည်းအရုံးများကို စိန်ခေါ်ပြီး သူတို့ စွန့်စားသူအဖွဲ့၏ ဂုဏ်သတင်းကိုမြင့်တင်ရန် ရည်ရွယ်ခဲ့သည်။ ထိုသို့တိုင် တရားဝင်ပွဲစဥ်အနေဖြင့် ဇီးရိုးဝင်းကို သူတို့စိန်တောင်မခေါ်ရသေးခင် ရှီဖုန်းက သူတို့ကို ဖျက်ရိုက်လိုက်၏။
မိစ္ဆာမီးသည် စင်အောက်၌ အသက်ပြန်ရှင်လာသည်နှင့် လှေကားကနေဆင်းလာသော ရှီဖုန်းဆီ ပြေးသွားသည်။
” မင်း ဆွေးနွေးစရာကိစ္စရှိလို့လား … ”
ရှီဖုန်းက မေးပြီး ပြုံးလိုက်တော့သည်။
မိစ္ဆာမီးသည် သူအလွှာနှစ် အဆင့်မြင့်တင်မှုမပြီးဆုံးခင် သူ့ကို လာတိုက်ခိုက်ခဲ့ပါက သူသည် နှစ်ဆရှေးစစ်သည်နှင့် သူ၏ ဝှက်ဖဲများစွာသုံးရန် ဖိအားပေးခံရလိမ့်မည်။ ဆိုရလျှင် မသေသပ်သည့်ပုံစံ ဖြစ်နေသည့်တိုင် မိစ္ဆာမီးသည် အစစ်အမှန်ရေစီးဆင်းခြင်းနယ်ပယ် ကျွမ်းကျင်သူတစ်ယောက် ဖြစ်နေ၏။ ဇီးရိုးဝင်း၌ သူမှအပ ကျန်သည့်ကျွမ်းကျင်သူမရှိလေရာ ရှေးစစ်သည်တော်ကို အနိုင်ယူရန် အခွင့်အရေးကတစ်ခုသာရှိသည်။
အသက်နှစ်ဆယ်အရွယ်တွင် ရေစီးဆင်းခြင်းနယ်ပယ်သို့ရောက်ရှိခြင်းက ဆန်းကြယ်သည့် လက္ခာဏာရပ်တစ်ခု ဖြစ်သည်။ မည်သည့် စူပါအင်အားစုတွင်မဆို ပါရမီရှင်တစ်ယောက်အဖြစ် သတ်မှတ်ခံရမှာ သေချာ၏။ အချိန်သာလုံလောက်ခဲ့လျှင် မိစ္ဆာမီးသည် နတ်ဘုရားနယ်မြေ၏ ထိပ်သီးသို့ရောက်နိုင်ပေသည်။
” ကိစ္စနည်းနည်းပြောချင်လို့ … ဒီပွဲစဥ်ကို ကျုပ်ရှုံးနိမ့်သွားတယ် … ခင်ဗျားကို အနိုင်မယူနိုင်မချင်း ဘလက်ဖလိမ်းကို ကျုပ်စိန်ခေါ်မှာ မဟုတ်ဘူး … နောက်ထပ်စိန်ခေါ်ဖို့ သိပ်မကြာဘူး … ကျုပ်နိုင်မှာ … ပြီးရင် ဂုဏ်သရေရှိယှဥ်ပြိုင်ပွဲအနေနဲ့ ဘလက်ဖလိမ်းကို ကျုပ်စိန်ခေါ်မှာ … ”
ရှီဖုန်းနှင့် စကားပြောနေစဥ် မိစ္ဆာမီးက ယုံကြည်ချက်များ ပေါ်ထွက်နေ၏။
သူသည် ဆိုးဆိုးဝါးဝါးရှုံးနိမ့်မှုကို ခံစားခဲ့ရစဥ် အကျိုးအမြတ်များစွာ ရခဲ့၏။
သူသည် မုန်တိုင်းစစ်ဓားသွားကို လက်တလောကမှ ရခဲ့တာဖြစ်သည်။ လက်နက်နှင့်အသားကျရန် အချိန်သိပ်မရခဲ့ပေ။ ပိုအရေးကြီးသည်က သူသည် အံ့ဖွယ်တာဝန်၏ စတုတ္ထမြောက်အပိုင်းကို ပြီးမြောက်ခါနီးပြီ ဖြစ်သည်။ သူက လျှို့ဝှက်မြေသို့သွားရောက်ပြီး စကေးကိုရယူခဲ့ပါက ရှီဖုန်း၏ နတ်ဘုရားကဲ့သို့အရှိန်ကို တန်ပြန်တိုက်ခိုက်နိုင်လျှင် သူက ဓားသမားကို ရင်ဆိုင်ရာ၌ ပွဲကြီးပွဲကောင်းတစ်ခု ချနိုင်မှာသေချာ၏။
” ငါ့ကို စိန်ခေါ်ဖို့လား … ”
ရှီဖုန်းက မရယ်ဘဲ မနေနိုင်တော့ချေ။
” ငြင်းခွင့်ပြု … ငါ့လက်ထဲမှာ အချိန်သိပ်မရှိဘူး … ”
” ဘာလဲ ခင်ဗျားကြောက်နေတာလား … ”
မိစ္ဆာမီးက ဓားသမားကို ပျက်ရယ်ပြုလိုက်သည်။
” မင်းငါ့ကို ရန်စဖို့မလိုဘူး … ငါ့မှာ အချိန်အဲ့ဒီလောက် မရှိတာ … ”
ရှီဖုန်းကပြောပြီး ရယ်မောလျက် ခေါင်းခါလိုက်သည်။
” လူတိုင်းကသာ မင်းလိုပဲ ငါ့ကို သူတို့ရှုံးနိမ့်ပြီး နှစ်ရက်သုံးရက်တစ်ခါ လာစိန်ခေါ်နေကြမယ်ဆိုရင် ငါ ဒီဂိမ်းကစားတာကို ရပ်လိုက်ရတော့မှာပေါ့ … ငါ့ကို တကယ်စိန်ခေါ်ချင်တယ်ဆိုရင် အပေးအယူတစ်ခု လုပ်မယ်လေ … ပျံသန်းခြင်းအရိပ် ဒါမှမဟုတ် အရိပ်ဓားကို အနိုင်ယူလိုက် … မင်းအောင်မြင်ရင် မင်းစိန်ခေါ်မှုကို လက်ခံပေးမယ် … ဘယ်လိုလဲ … ”
” ကျုပ်ကို နောက်နေတာလား … သူတို့က စကေးကျွမ်းပေမဲ့ သန့်စင်ခြင်းနယ်ပယ်မှာရှိတဲ့ ကြီးမြတ်သောကျားကိုတောင် အနိုင်မယူနိုင်တာ … သူတို့က ကျုပ်ကို ဘယ်လိုလုပ်အနိုင်ယူနိုင်မှာလဲ … ”
မိစ္ဆာမီးက ဒေါသတကြီး အော်လိုက်၏။
” အခုလို့ မဆိုလိုဘူးလေ … ခုနှစ်ရက် ခုနှစ်ရက်အတွင်း သူတို့ထဲကနှစ်ယောက်ထဲက တစ်ယောက်ကို မင်းစိန်ခေါ်လို့ရတယ် … မင်းတစ်ယောက်ကို အနိုင်ယူနိုင်ပြီဆို မင်းရဲ့စိန်ခေါ်မှုကို ငါလက်ခံမယ် … ”
ရှီဖုန်းကပြောပြီး ရယ်မောလိုက်၏။
” မင်းသဘောမကျဘူးဆိုရင် လက်လျော့လိုက်ပေါ့ … ငါ့အတွက် ပိုလွယ်တာပဲ … ”
” ခုနှစ်ရက်လား … ”
မိစ္ဆာမီးက ရှီဖုန်းကို အေးတိအေးစက်ကြည့်လိုက်၏။
” ခုနှစ်ရက်ထဲနဲ့ ကျုပ်ကိုအနိုင်ယူနိုင်လောက်အောင် သူတို့ လုံလုံလောက်လောက် သန်မာလာမယ်လို့ ခင်ဗျားထင်နေလား … ရယ်စရာပဲ … ”
” မင်းငါ့ကို မယုံဘူးဆိုတော့ ငါတို့ လောင်းရအောင်လား … ”
ရှီဖုန်းက ကမ်းလှမ်းလိုက်ပြီး အဝေးရှိ ပျံသန်းခြင်းအရိပ်နှင့် အရိပ်ဓားကို ကြည့်လိုက်သည်။
” ခုနှစ်ရက်အတွင်း သူတို့ထဲကတစ်ယောက်ကို မင်းအနိုင်ယူနိုင်ခဲ့မယ်ဆိုရင် မင်းအနိုင်ရပြီ … မဟုတ်ရင် ငါအနိုင်ရမယ် … မင်းအနိုင်ရမယ်ဆိုရင် ငါ့ကိုကိစ္စတစ်ခု ပြောလို့ရတယ် … ငါအနိုင်ရမယ်ဆိုရင် မင်းက ငါ့အတွက် တစ်ခုလုပ်ပေးရမယ် … ဘယ်လိုထင်လဲ … ”
” ကျုပ်နိုင်သွားရင် ကျုပ်ခင်ဗျားကို ဇီးရိုးဝင်းထဲကနေ ထွက်ခိုင်းမယ် … ခင်ဗျားလုပ်ဖို့ ဆန္ဒရှိလား … ”
မိစ္ဆာမီးကပြောပြီး နှာခေါင်းရှုံ့လိုက်၏။
” ရတာပေါ့ … ”
ရှီဖုန်းက ခေါင်းညိတ်လိုက်၏။
” ကောင်းပြီလေ ခင်ဗျား နောင်တမရရင် ပိုကောင်းမယ် … ”
မိစ္ဆာမီးက ပျံသန်းခြင်းအရိပ်နှင့် မိစ္ဆာမီးတို့ကို တစ်ချက်ကြည့်လိုက်သည်။ ရှီဖုန်းသည် မည်သည့်လှည့်ကွက်မျိုးပြုလုပ်ရန် ကြိုးစားနေမှန်း သူ မသိသော်ငြား ထိုနှစ်ယောက်သည် လေ့ကျင့်ရန်နောက်ထပ်ဆယ်နှစ်ရခဲ့လျှင်တောင် နတ်ဘုရားနယ်မြေထဲတွင် သူ့ကိုအနိုင်ယူဖို့ မဖြစ်နိုင်ပေ။
မိစ္ဆာမီး ထွက်သွားသည်နှင့် ရေနှင်းဆီက ရှီဖုန်းဆီ လျှောက်လာသည်။
” အစည်းအရုံးခေါင်းဆောင် စိတ်လွတ်သွားပြီလား … ”
ရေနှင်းဆီက ဒေါသတကြီး ပြောလိုက်၏။ သူ၏ မျက်လုံးထဲတွင် ရှီဖုန်းက တာဝန်မဲ့လွန်း၏။ သူသည် ထိုကဲ့သို့လောင်းကြေးကို တကယ်ကြီး သဘောတူခဲ့သည်။ သူရှုံးသွားလျှင် မည်သို့ဖြစ်မည်နည်း။
” မိစ္ဆာမီး ဘယ်လောက်သန်မာလဲဆိုတာ ရှင်သတိပြုမိရဲ့သားနဲ့ … ရှင့်အပြင် စနိုးတစ်ယောက်ပဲ အဲ့ဒီလူနဲ့ တိုက်ခိုက်ဖို့ ခွန်အားရှိတာ … မီးတောင်မှ သူနှစ်ဆရှေးစစ်သည်တော်ကိုသုံးရင် ထွက်ပြေးဖို့ ဖိအားပေးခံရမှာပဲ … ပျံသန်းခြင်းအရိပ်နဲ့ အရိပ်ဓားက မြန်မြန်တိုးတက်လာတယ်ဆိုပေမဲ့ သူတို့တွေက သန့်စင်ခြင်းနယ်ပယ်ကိုရောက်ဖို့ အဝေးကြီးလိုသေးတယ် … မိစ္ဆာမီးကို သူတို့ ခုနှစ်ရက်အတွင်း ဘယ်လိုလုပ် အနိုင်ယူနိုင်မှာလဲ … ”
” စိတ်အေးအေးထား … ဘုရားသခင်က ကမ္ဘာကြီးကို ခုနှစ်ရက်အတွင်းဖန်တီးခဲ့တာ … ငါလည်း ဒီလိုလုပ်နိုင်မှာပေါ့ … ”
ရှီဖုန်းက ပြောပြီး ရေနှင်းဆီ ဒေါသထွက်နေတာကို ရယ်မောလိုက်၏။
မိစ္ဆာမီးသည် အမှန်စစ်စစ်ပါရမီရှင်တစ်ဦး ဖြစ်သည်။ သူသည် အတိတ်တုန်းက ရှေးစစ်သည်တော်အကြောင်း မကြားဖူးသော်ငြား မိစ္ဆာမီး၏ အဆင့်အတန်းဖြင့် တစ်ကိုယ်တော် ကစားသမားတစ်ဦးအနေဖြင့် ထိုကဲ့သို့ ပါရမီရှင်ကို မခေါ်ယူခြင်းက ဖြုန်းတီးမှုကြီးတစ်ခု ဖြစ်လိမ့်မည်။
သူသည် မိစ္ဆာမီးကဲ့သို့ ဂုဏ်မောက်သည့်ကျွမ်းကျင်သူတစ်ယောက်ကို ခေါ်ချင်သည်ဆိုလျှင် ယင်းက အမြန်ဆုံးနှင့် အထိရောက်ဆုံးနည်းလမ်းပဲ ဖြစ်သည်။
ယခင်ကသာဆိုလျှင် ပျံသန်းခြင်းအရိပ်နှင့် အရိပ်ဓားနှစ်ယောက်လုံးကို မိစ္ဆာမီးကို ခုနှစ်ရက်အတွင်း အနိုင်ယူဖို့ လေ့ကျင့်ပေးဖို့က မဖြစ်နိုင်လောက်ပေ။ သို့သော်ငြား အခြေအနေက ပြောင်းလဲသွားပြီ ဖြစ်သည်။
ရှီဖုန်း၏ ယုံကြည်ချက်ရှိနေသောအပြုံးကိုမြင်သောအခါ ရေနှင်းဆီက သက်ပြင်းချပြီး သူ့ကို ဖျောင်းဖျရန်ကြိုးပန်းမှုကို လက်လျော့လိုက်ရ၏။
သူမက ယခုအချိန်တွင် တက်နိုင်သမျှအရင်းအမြစ်များစွာ ရှာဖွေပြီး ပျံသန်းခြင်းအရိပ်နှင့် အရိပ်ဓားတို့အတွက် ပံ့ပိုးပေးကာ သူတို့ကို မြန်မြန်တိုးတက်အောင်ကူညီပေးမည်။
ယှဥ်ပြိုင်ပွဲပြီးဆုံးသွားသည်နှင့် လူတိုင်းက ခန်းမထဲမှထွက်သွားရန် ပြင်ဆင်နေစဥ် ရှီဖုန်းက စင်မြင့်ပေါ်သို့ တစ်ဖန်တက်သွား၏။ ချက်ချင်းပင် သူက လူတိုင်း၏ အာရုံစိုက်မှုကို ရသွားတော့သည်။
” ဘာလဲ နောက်ထပ်ပွဲရှိသေးတာလား … ”
” ဒီနေ့ တိုက်ခိုက်မှုတွေကိုကြည့်ဖို့ သုံးလိုက်ရတဲ့ပိုက်ဆံက ဂိမ်းငွေကြေးတိုင်းတန်တာပဲ … ”
လူတိုင်းသည် စင်မြင့်ပေါ်ရှိ ရှီဖုန်းကိုမြင်သောအခါ စိတ်လှုပ်ရှားမှုတို့ တိုးလာသည်။ ထိုကစားသမားများအများစုသည် ရှီဖုန်း၏ အဆင့်ရှိ ကျွမ်းကျင်သူများကို အမှီမလိုက်နိုင်သော်ငြား ထိုကဲ့သို့တိုက်ခိုက်မှုမျိုးက မျက်စိပွင့်စေ၏။
” ဂုဏ်သရေရှိ လူကြီးမင်းအပေါင်းတို့ ဒီနေ့ ယှဥ်ပြိုင်ပွဲကို လာကြည့်ပေးတာအတွက် ကျေးဇူးတင်ပါတယ် … ဇီးရိုးဝင်းကိုယ်စား ကျုပ်ကြေငြာစရာ တစ်ခုရှိပါတယ် … မနက်ဖြန်ကစပြီး ဇီးရိုးဝင်းရဲ့ ဖယောင်းတိုင်အလင်းလုပ်ငန်းက ကျောက်တောမြို့ရဲ့အိမ်တွေကို အရေအတွက်အကန့်အသတ်နဲ့ နေ့တိုင်းရောင်းချပေးတော့မှာပါ … ဇီးရိုးဝင်းကလည်း ကိုယ်ပိုင်အိမ်အဆင့်မြင့်တင်မှုစနစ် အသက်သွင်းထားပြီးပါပြီ … အခုကစပြီး ပိုင်ရှင်တွေက သူတို့အိမ်ကို အဆင့်မြင့်တင်နိုင်ပြီ … ”
ခန်းမထဲရှိ ကစားသမားတိုင်းက ပင့်သက်ရှိုက်မိသွားကြသည်။ အရူးများပမာ အော်ဟေ့တော့၏။ အများစုသည် ထိတ်လန့်ဖွယ်သတင်းကို သူတို့၏ အဖော်အပေါင်းများဆီ သတင်းပို့နေတော့၏။
သတင်းက ကပ်ရောဂါပမာပြန့်သွားပြီး ကြယ်လတိုင်းပြည်ထဲ၌ ရုတ်ရုတ်သဲသဲဖြစ်သွားစေတော့သည်။
အပိုင်း (၁၃၂၇) ပြီး၏။