ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 1332 အသန်မာဆုံးဆိုတာမရှိဘူး ပိုသန်မာလာရုံပဲ
- Home
- ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား
- Chapter - 1332 အသန်မာဆုံးဆိုတာမရှိဘူး ပိုသန်မာလာရုံပဲ
Chapter – 1332 အသန်မာဆုံးဆိုတာမရှိဘူး ပိုသန်မာလာရုံပဲ
ဆိုင်းလန့်ဝန်ဒါ၏ အမေးကိုကြားသောအခါ ကျန်သည့်အဂ္ဂိရတ်ဆရာများစွာက သူတို့မျက်လုံးထဲတွင် စိုးရိမ်ပူပန်ရိပ်တို့ဖြင့် ရှီဖုန်းကို ကြည့်လိုက်ကြသည်။
ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်းသည် ဆက်တိုက်ချဲ့ထွင်နေပြီး ခေါ်ယူစုဆောင်းသည့် ဘဝကစားသမားအရေအတွက်က တိုးလာနေ၏။ သူတို့ထဲတွင် အဆင့်မြင့်နှင့် ပါရမီရှင်အဖွဲ့ဝင်များသည် ကန့်သတ်ချက်ကနေ လွတ်မြောက်ကြသည်။ သို့သော်ယခုမူ ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်းသည် သူတို့ကဲ့သို့ အဂ္ဂိရတ်ဆရာများကို မဆိုထားနှင့် အဂ္ဂိရတ်ပညာရှင်များကိုတောင် မက်မောစေနိုင်သော ကမ်းလှမ်းမှုများ ရုတ်တရက်ပေးလာလေ၏။
” တရားဝင်အဖွဲ့ဝင်တွေကလည်း ဖယောင်းတိုင်အလင်းရဲ့ အဖွဲ့ဝင်တွေပဲ ပါတာပေါ့ … ”
ရှီဖုန်းကပြောပြီး ပြုံးလိုက်တော့သည်။
သူသည် လူတိုင်း၏ စိုးရိမ်ပူပန်မှုကို အပြည့်အဝသတိပြုမိ၏။ သို့သော်ငြား သူထုတ်ပြသည့် အဂ္ဂိရတ်ကိရိယာများသည် ရေခဲစိုင်ထိပ်ဖျားမျှသာရှိသေးသည်။ ဖယောင်းတိုင်အလင်းသို့ဝင်ရန် အဂ္ဂိရတ်ဆရာများကို ပိုသွေးဆောင်နိုင်ဖို့ သုံးရုံသာရှိသည်။ ယခင်က သူသည် ထိုသို့ပြုလုပ်နိုင်ရန် ငွေကြေးများစွာ မရှိခဲ့ပေ။ သို့သော်ကိစ္စရပ်များက ပြောင်းလဲသွားပြီးဖြစ်သည်။ ပါရမီရှိသည့် အဂ္ဂိရတ်ဆရာများကို ပိုခေါ်နိုင်သည့်သူက ကုန်သွယ်ရေးလုပ်ငန်းများ၏ စီနီယာများနှင့် အဓိကအဖွဲ့ဝင်များရှိ ယှဥ်ပြိုင်မှုကို ကန့်သတ်ထားမှာ မဟုတ်ချေ။
ထိုစကားကို ကြားပြီး ဆိုင်းလန့်ဝန်ဒါက သက်ပြင်းချလိုက်လေ၏။ ဇီးရိုးဝင်း ထိုမျှရက်ရောလိမ့်မည်ဟု သူမ မထင်ထားချေ။
” ကြယ်လတိုင်းပြည်ရဲ့ နံပါတစ်ကုန်သွယ်ရေးလုပ်ငန်းက ထင်တဲ့အတိုင်းပဲ … ဖယောင်းတိုင်းအလင်းက မယုံနိုင်စရာကောင်းလိုက်တာ … အခြားကုန်သွယ်ရေးလုပ်ငန်းတွေက မဆန့်ကျင်နိုင်ဘူး … ကြည့်ရတာ ဖယောင်းတိုင်အလင်းကိုဝင်ဖို့ ငါ့ရဲ့ဆုံးဖြတ်ချက်က မှန်ကန်တဲ့ပုံပဲ … ”
” အဂ္ဂိရတ်ဆရာတွေကြားက ယှဥ်ပြိုင်မှုက ပိုတင်းမာလာတော့မှာပဲ … ”
ကျန်သည့် အဆင့်မြင့်အဂ္ဂိရတ်ဆရာများစွာကလည်း စိတ်လှုပ်ရှားလာကြသည်။ တစ်ချိန်ထဲတွင် သူတို့က ဖိအားများလည်း ခံစားလိုက်ရ၏။
ထိပ်တန်းဆယ်နေရာအတွက်ယှဥ်ပြိုင်ရန် တရားဝင်အဖွဲ့ဝင်များတောင် အရည်အချင်းပြည့်မီသည့် သတင်းများက အများရှေ့ပြန့်သွားခဲ့လျှင် သူတို့၏ လွတ်လပ်မှုကို တန်ဖိုးထားကြသည့် အဂ္ဂိရတ်ဝါသနာအိုးများကတောင် ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်းကို ဝင်လာကြပေလိမ့်မည်။ ဆိုရလျှင် သူတို့သည် တရားဝင်အဖွဲ့အနေဖြင့် ကုန်သွယ်ရေးလုပ်ငန်း၏ နေ့စဥ်တာဝန်များကို ပြီးမြောက်အောင် ပြုလုပ်ပေးရန်သာ လိုအပ်သည်။ သူတို့က အခြားသောအရာများ လုပ်ပေးရန် မလိုအပ်ချေ။ သူတို့ထွက်သွားချင်ပါက လျော်ကြေးအနည်းငယ် ပေးရုံသာလို၏။
အဂ္ဂိရတ်ဆရာများစွာသည် ဖယောင်းတိုင်အလင်းကုန်သွယ်ရေးလုပ်ငန်းထဲသို့ဝင်ရန် ကမန်းကတမ်း ရောက်လာကြ၏။
” မင်းရဲ့ အဂ္ဂိရတ်စံသတ်မှတ်ချက်က အတော်ကောင်းတယ်လို့ကြားထားတယ် … ပင်မအဖွဲ့ဝင် ရွေးချယ်မှုထဲ ဝင်ပါဖို့ စိတ်မဝင်စားတာ သေချာလား … ”
ရှီဖုန်းက ဆိုင်းလန့်ဝန်ဒါကို မေးလိုက်လေ၏။
” ရှင့်ရဲ့ ကြင်နာတဲ့ ရည်ရွယ်ချက်အတွက် ကျေးဇူးတင်ပါတယ် အစည်းအရုံးခေါင်းဆောင် … ဒါပေမဲ့ ကျွန်မရဲ့ လက်ရှိအခြေအနေကို အတော်စိတ်ကျေနပ်ပါတယ် … ”
ဆိုင်းလန့်ဝန်ဒါသည် ရှီဖုန်းဆိုလိုတာကို နားလည်၏။ သို့သော်ငြား တွေဝေမနေဘဲ ကမ်းလှမ်းမှုကို ငြင်းပယ်လိုက်သည်။
ယခု သူမသည် မျှမျှတတယှဥ်ပြိုင်ရန် အခွင့်အရေးရှိပြီဖြစ်ကာ ထိပ်တန်းသုံးနေရာထဲမှ တစ်ခုကိုရရန် ယုံကြည်ချက်ရှိ၏။ ကျန်သည့် အဂ္ဂိရတ်ဆရာများက ကုန်သွယ်ရေးလုပ်ငန်း၏ ထောက်ပံ့မှုကို အပြည့်အဝရပင်လျှင် ရလဒ်က ပြောင်းလဲသွားမှာ မဟုတ်ပေ။
သူမသည် ထိုအဂ္ဂိရတ်ကိရိယာများ၏ အကူအညီရသွားသည်နှင့် အဂ္ဂိရတ်ပညာရှင်တစ်ဦး ဖြစ်လာလိမ့်မည်။
ဆိုင်းလန့်ဝန်ဒါ၏ တုံ့ပြန်မှုကိုကြားသောအခါ ရှီဖုန်းက ဘာမှဆက်မပြောတော့ချေ။ သူက အမျိုးသမီး၏ အကျင့်စရိုက်နှင့် အတော်ရင်းနှီးနေပြီးသား ဖြစ်သည်။
အတိန်တုန်းက အမျိုးမျိုးသောအစည်းအရုံးကြီးများ၏ အထက်အရာရှိတိုင်းက နတ်ဘုရားနယ်မြေ၏ ထိပ်တန်းပညာအဂ္ဂိရတ်ပညာရှင်ကြီး ဆယ်ဦးအကြောင်းသိကြသည်။
စူပါအစည်းအရုံးများကတောင် ဖိတ်စာပို့ရန်ကြိုးပမ်းခဲ့ကြပြီး မက်မောဖွယ်အခွင့်အရေးများ ကမ်းလှမ်းခဲ့ကြသော်ငြား ဆိုင်းလန့်ဝန်ဒါသည် တူညီသည့်အကြောင်းပြန်မှုသာ ပေးခဲ့၏။
” အစည်းအရုံးခေါင်းဆောင် ကျွန်မတို့တွေ ခံစားခွင့်အသစ်တွေကို ဘာကြောင့်မပြောင်းလဲရမှာလဲ … ”
လွမ်းဆွေးခြင်းအပြုံးသည် ဆိုင်းလန့်ဝန်ဒါနှင့် ကျန်သည့်အဆင့်မြင့်အဂ္ဂိရတ်ရှင်များသည် ပင်မအဖွဲ့ဝင်ဖြစ်ရန် စိတ်ဝင်စားမှုမရှိတာကိုမြင်သောအခါ သူမက အကြံပေးလိုက်၏။
” ပင်မအဖွဲ့ဝင်တွေအတွက် အကျိုးခံစားခွင့်အနေနဲ့ သစ်စိမ်းအစုံကိုပဲ ကမ်းလှမ်းတာပေါ့ … ဒီနည်းနဲ့ဆို ဖယောင်းတိုင်အလင်းကို အမှန်တကယ်ဝင်လာနိုင်ဖို့ အဆင့်မြင့်အဂ္ဂိရတ်ဆရာတွေကို ပိုဖြောင်းဖြနိုင်လိမ့်မယ် … ”
ဖယောင်းတိုင်အလင်း၏ အဂ္ဂိရတ်ဆရာများသည် ကုန်သွယ်ရေးလုပ်ငန်းထဲသို့ဝင်ရန် မက်မောစေနိုင်သည့် မဟူရာရွှေအဂ္ဂိရတ်ကိရိယာတစ်စုံ ရှိနေသည့်တိုင် ယင်းက ပင်မအဖွဲ့ဝင်ဖြစ်လာဖို့ မဆွဲဆောင်နိုင်ပေ။ လွမ်းဆွေးခြင်းအပြုံး၏ အကြံပြုချက်က ဉာဏ်ရှိသည့် လုပ်ရပ်ဖြစ်သည်။
သူတို့က ယခုအချိန်၌ ခံစားခွင့်အသစ်ထုတ်ပြလိုက်မည်ဆိုလျှင် ယခင်က တွေဝေနေကြသည့် အဂ္ဂိရတ်ဆရာများသည် ပင်အဖွဲ့ဝင်စာချုပ်ရေးထိုးရန် သတိရှိလာလိမ့်မည်။
ဆိုရလျှင် အဂ္ဂိရတ်ပညာရှင်တစ်ဦးကတောင် မဟူရာရွှေအဂ္ဂိရတ်ကိရိယာတစ်စုံကို သုံးပိုင်ခွင့်ကို ငြင်းနိုင်ဖို့ ခက်ခဲလှသည်။
” စိတ်အေးအေးထား … ငါပေးထားတဲ့အကျိုးအမြတ်တွေကို တရားဝင်အဖွဲ့ဝင်တွေရဖို့က လွယ်မယ်လို့ထင်လား … ”
ရှီဖုန်းက တုံ့ပြန်ပြီး ရယ်မောလိုက်၏။
” သူတို့လက်ထဲရမယ်ဆိုရင် ငါဆုံးရှုံးတာပဲဖြစ်မှာ … ”
” သူတို့မရနိုင်ဘူးလား … ”
လွမ်းဆွေးခြင်းအပြုံးက ဇဝေဇဝါဖြစ်သွားလေ၏။
ရှီဖုန်းသည် တရားဝင်အဖွဲ့ဝင်များ ယှဥ်ပြိုင်ပွဲတွင် ဝင်ပါနိုင်ကြောင်း သတိပေးပြီးသားဖြစ်သောကြောင့် လူတိုင်းသည် သူတို့၏ အဂ္ဂိရတ်စံချိန်များကို အသုံးပြုပြီး မျှမျှတတယှဥ်ပြိုင်လနမ့်မည်။ လက်ရှိတွင် ဆိုင်းလန့်ဝန်ဒါနှင့် ကျန်သည့်အဂ္ဂိရတ်ဝါသနာအိုးများက ပင်မအဖွဲ့ဝင်ဖြစ်ရန် လက်မှတ်မထိုးထားသေးသူများသည် အရည်အချင်းရှိသည်ဟု သတ်မှတ်၍ရသည်။ လွမ်းဆွေးခြင်းက အထူးသဖြင့် ဆိုင်းလန့်ဝန်ဒါသည် ထိပ်တန်းသုံးယောက်အတွင်း ဝင်နိုင်မည်မှန်း သေချာနေ၏။ ဆိုင်းလန့်ဝန်ဒါက ပိုကြိုးစားပြီး ကံကောင်းခဲ့ပါက သူမအတွက် ပထမနေရာရဖို့က မဖြစ်နိုင်တာ မဟုတ်ပေ။ ထို့ကြောင့် သူမသည် ခံစားခွင့်အသစ်များကို မည်ကဲ့သို့မရပဲနေမည်နည်း။
သို့သော် ရှီဖုန်းက ရှင်းပြမနေတော့ပေ။ ပါရမီက အရေးကြီးသော်ငြား အရင်းအမြစ်များကို ကျော်ကြည့်၍ မရပေ။ ကစားသမားများသည် သူတို့၏ အရင်းအမြစ်များကို တန်ဖိုးထားသော်ငြား ပြင်ပအရင်းအမြစ်များက သူတို့ဖွံ့ဖြိုးတိုးတက်မှုအတွက် မည်မျှအရေးကြီးကြောင်း အမှန်တကယ် သဘောပေါက်ခြင်းမရှိပေ။
ပြီးနောက် ရှီဖုန်းသည် အဂ္ဂိရတ်သဘောတူစာချုပ်ရေးထိုးပြီး ပြန်ရောက်လာသည့် အဂ္ဂိရတ်ဆရာများကို ခေါ်ထားကာ ကျန်သည့်သူများက သူတို့အလုပ်သို့ ပြန်သွား၏။
စုစုပေါင်းအဂ္ဂိရတ်ဆရာ (၉၆) ယောက်သည် နေရစ်ရန်ဆုံးဖြတ်ခဲ့၏။ ထွက်သွားသည့် (၅၄) ယောက်အနက် အဆင့်မြင့်အဂ္ဂိရတ်ဆရာအချိုးအစားက မြင့်မားသည်ဟု သတ်မှတ်၍ရသည်။
ကံကောင်းသည်မှာ လက်မှတ်ရေးထိုးသည့် အဆင့်မြင့်အဂ္ဂိရတ်ဆရာများက ရှီဖုန်းထင်ထားသည်ထက် ပိုများသည်။
” လူတိုင်းက ပညာရှင်တစ်ယောက်ဖြစ်လာဖို့ အခွင့်အရေးအတွက် တိုက်ခိုက်ဖို့ဆုံးဖြတ်လိုက်ပြီဆိုတော့ စစ်ဆေးမှုစလိုက်ကြရအောင် … ”
ပြီးနောက် ရှီဖုန်းသည် သူ၏အိတ်ထဲမှ စာအုပ်အထူတစ်အုပ်ကိုထုတ်ပြီး စားပွဲပေါ်တင်ထားလိုက်၏။ ချက်ချင်းပင်အခန်းထဲရှိ ဝိညာဥ်ဓာတ်စွမ်းအားက စာအုပ်ဆီသို့ စီဆင်းသွားတာကို လူတိုင်းခံစားလိုက်မိသည်။
” အဲဒါဘာလဲ … ”
ကစားသမားများသည် စားပွဲပေါ်ရှိ စာအုပ်အထူကြီးကို ကြည့်နေစဥ် အံ့သြသွားကြလေ၏။
သူတို့သည် အစွမ်းထက်သည့်အိုင်တမ်များစွာကို ယခင်က မြင်တွေ့ခဲ့ဖူး၏။ သို့သော်ငြား ဤကဲ့သို့ဖြစ်စဥ်မျိုး ဖြစ်ပေါ်စေနိုင်သော စာအုပ်တစ်အုပ်ကိုမြင်တွေ့တာ ပထမအကြိမ်ဖြစ်သည်။
” ဒီစစ်ဆေးမှုက နည်းနည်းတော့ထူးခြားတယ် … မင်းတို့ရဲ့ အဂ္ဂိရတ်အောင်မြင်တဲ့နှုန်းကို စစ်ဆေးမှာ မဟုတ်ဘူး … အဲဒီအစား မင်းတို့ရဲ့ သင်ယူနိုင်စွမ်းကို စစ်ဆေးမှာပဲ … ”
ရှီဖုန်းကပြုံးပြီး ပြောလိုက်ကာ စားပွဲပေါ်ရှိစာအုပ်ကို ပြလိုက်၏။
” သင်ယူခြင်းစွမ်းရည်လား … ”
လူတိုင်းက ဇဝေဇဝါဖြစ်သွားကြသည်။ လွမ်းဆွေးခြင်းအပြုံးကတောင် ရှီဖုန်း၏ ရည်ရွယ်ချက်ကို မထုတ်ဖော်နိုင်ဖြစ်နေသည်။ သူက လူတိုင်းရဲ့မှတ်ဉာဏ်ကို စစ်ဆေးဖို့ ကြိုးစားနေတာလား။
” မင်းတို့တွေအားလုံး ဖယောင်းတိုင်အလင်းရဲ့ အချက်အလက်ဌာနကနေ အခြေခံအဂ္ဂိရတ်နည်းစနစ်တွေ အများကြီးကို သင်ယူခဲ့မယ်လို့ ငါယုံကြည်တယ် … ဒီတော့ မင်းတို့တွေက ငါ့ထက် ဒီနည်းစနစ်တွေကို ပိုပြီး ရှင်းရှင်းလင်းလင်းနားလည်သဘောပေါက်လောက်မှာပါ …”
ပြီးနောက် ရှီဖုန်းသည် အနည်းငယ်ဟောင်းနွမ်းနေသော စာအုပ်ကိုကိုင်ထားလျက် ၎င်း၏ အရည်အချင်းဇယားကို ပြသလိုက်၏။
“ဒီစာအုပ်က တမူထူးကဲတဲ့ အဂ္ဂိရတ်နည်းစနစ်ကို မှတ်တမ်းတင်ထားတာပဲ … လျှို့ဝှက်အဂ္ဂိရတ်နည်းစနစ်လို့ ခေါ်လို့ရတယ် … ထို လျှို့ဝှက်အဂ္ဂိရတ်နည်းစနစ်က မင်းတို့သင်ယူပြီးသား အခြေခံနည်းစနစ်ထက် အဆပေါင်းများစွာ အာနိသင်ပိုရှိတယ် … မင်းတို့တွေက ဒီနည်းစနစ်ကို သတ်မှတ်ထားတဲ့အချိန်အတွင်း သင်ယူနိုင်ခဲ့မယ်ဆိုရင် စစ်ဆေးမှုကို ကျော်ဖြတ်နိုင်မယ် … ”
” စစ်ဆေးမှုကို ကျော်ဖြတ်နိုင်တဲ့ ဘယ်သူမဆို လနတ်ဘုရားရဲ့ လျှို့ဝှက်မှတ်တမ်းကိုဖတ်ဖို့ အရည်အချင်းပြည့်မီမယ် … ”
ထိုသို့ပြောပြီးနောက် ရှီဖုန်းသည် လနတ်ဘုရား၏ လျှို့ဝှက်မှတ်တမ်းကို ထုတ်ပြလိုက်၏။
” လနတ်ဘုရားရဲ့ လျှို့ဝှက်မှတ်တမ်းလား … ဒါက ဒဏ္ဍာရီလာ အဂ္ဂိရတ်ကျမ်းစာတွေထဲက တစ်ခုမလား”
လူတိုင်းက ရှီဖုန်း၏လက်ထဲရှိ ရှေးဟောင်းစာအုပ်အထူကြီးကို မြင်တွေ့သည့်အချိန်၌ ပါးစပ်အဟောင်းသား ဖြစ်သွား၏။ မည်သူမှ သူတို့မျက်လုံး သူတို့မယုံနိုင်ကြချေ။
ထိုကစားသမားများသည် နတ်ဘုရားနယ်မြေထဲတွင် အဂ္ဂိရတ်ပညာရပ်အကြောင်း အမျိုးမျိုးသော ကုန်ကြမ်းများအကြောင်း မကြာခဏဖတ်ဖူးသည်။ အဂ္ဂိရတ်ဆရာများဖြစ်သည့် သူတို့သည့် မဟာအဂ္ဂိရတ်ကျမ်းစာငါးမျိုးကို ရင်းနှီးနေကြပြီ ဖြစ်သည်။ သို့သော် ထိုအိုင်တမ်များသည် ထိုကစားသမားများအဖို့ အိပ်မက်များ ဒဏ္ဍာရီများသာဖြစ်နေ၏။ သူတို့ တစ်ခုကိုဘယ်တော့မှ ဖတ်ခွင့်မရဟု ယူဆထားကြသည်။
ရှီဖုန်းသည် လနတ်ဘုရား၏ လျှို့ဝှက်မှတ်တမ်းကို ထုတ်ပြလာချိန်၌ သူတို့မည်ကဲ့သို့ မထိတ်လန့်ဘဲ နေမည်နည်း။
လနတ်ဘုရား၏ လျှို့ဝှက်မှတ်တမ်းသည် အဂ္ဂိရတ်ပညာရပ်၌ ထိပ်သီးနေရာသို့ရောက်ရန် အကူအညီ ပေးနိုင်ပေ၏။ မဟာအဂ္ဂိရတ်ပညာရှင်ကတောင် ထိုကဲ့သို့ ရတနာကိုရယူရန် အိပ်မက်မက်နေကြသည်။
ယခုမူ လူတိုင်းက သူတို့စစ်ဆေးမှုကို မဖြေဆိုခင် စာချုပ်ရေးထိုးရန် လိုအပ်သည့်အကြောင်းအရင်းကို နားလည်သွားတော့၏။ ထိုကဲ့သို့ရတနာ၏သတင်းသာ ပေါက်ကြားသွားခဲ့လျှင် အဂ္ဂိရတ်လောကကြီး၏ အုတ်မြစ်ကို တုန်လှုပ်စေလိမ့်မည်။
ထိုစဥ် ဘေးတွင်ရပ်နေသော လွမ်းဆွေးခြင်းအပြုံးက ဆွံ့အသွားတော့သည်။
ဒီတော့မှ ရှီဖုန်းသည် ဖယောင်းတိုင်အလင်းထဲရှိ အဂ္ဂိရတ်ဆရာတိုင်းကို ထိုအဂ္ဂိရတ်ကိရိယာများအတွက် ယှဥ်ပြိုင်ရန် သဘောထားကြီးပေးခဲ့သည့်အကြောင်းအရင်းကို နားလည်သွား၏။
လျှို့ဝှက်အဂ္ဂိရတ်နည်းစနစ်နှင့် လနတ်ဘုရား၏ မှတ်တမ်းတို့နှင့်ဤကိရိယာများက တန်ဖိုးမရှိတော့ပေ။
” အခု မင်းတို့တွေ လနတ်ဘုရားရဲ့ လျှို့ဝှက်မှတ်တမ်းကို မြင်ပြီးပြီ … ဒါကို ဖတ်နိုင်ဖို့ အရည်အချင်းမီ၊ မီကတော့ မင်းတို့ပေါ်ပဲ မူတည်နေတယ် … ”
အပိုင်း (၁၃၃၂) ပြီး၏။