ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 1348 ဘလက်ဖလိမ်း ပေါ်လာခြင်း
Chapter – 1348 ဘလက်ဖလိမ်း ပေါ်လာခြင်း
အဆင့်မြင့်မိစ္ဆာသားရဲများနှင့် မိစ္ဆာနတ်ဆိုးများ သေဆုံးသွားသောအခါ ကျောက်တောမြို့ထဲရှိစစ်ပွဲသည် တဖြည်းဖြည်းချင်း ၎င်း၏ နောက်ဆုံးအဆင့်ကို ဝင်ရောက်လာလေ၏။
ယခင်က ကြယ်လတိုင်းပြည်၏ အမျိုးမျိုးသောအင်အားစုများသည် ရုတ်တရက် ပေါ်ပေါက်လာသော စစ်ပွဲကို အောင်ပွဲခံနေကြသော်ငြား သူတို့၏ အမူအရာက သုန်မှုန်ကုန်၏။ ဇီးရိုးဝင်းအပေါ် အကြောက်တရားက သူတို့ရင်ထဲ၌ ပြည့်နေလေသည်။
အဆင့်မြင့်မွန်းစတား အကောင်ရေ ငါးသိန်းကျော် ပါသည့် တပ်ဖွဲ့တစ်ဖွဲ့၊ ကြယ်လတိုင်းပြည်ထဲ၌ ထိုကဲ့သို့ အင်အားစုကို မည်သူကများ ဟန့်တားနိုင်မည်နည်း။
ဇီးရိုးဝင်းက တားနိုင်ခဲ့၏။ ထို့အပြင် ဇီးရိုးဝင်းသည် ကြောက်မက်ဖွယ်ကောင်းသောခွန်အားကို ပြသခဲ့သည်။ အလွှာသုံး NPC တပ်ဖွဲ့အပြင် အလယ်အဆင့်ဝိညာဥ်ဓာတ်စွမ်းအား ကြိမ်နှုန်းအမြောက်နှင့် လောက်လေးဂွလေးများသည် တိုင်းပြည်၏ အဓိကအင်အားစုများကို စိတ်နှလုံး တုန်လှုပ်ခြောက်ခြားစေရန် လုံလောက်တာထက်ပို၏။ ထိုလက်နက်များက သူတို့အစည်းအရုံးမြို့များကို ချိန်ရွယ်ခဲ့လျှင် နောက်ဆက်တွဲက ပြင်းထန်ပေလိမ့်မည်။ ဤစစ်ပွဲမတိုင်ခင်က အဓိကအင်အားစုများသည် ဇီးရိုးဝင်း၏ ကျွမ်းကျင်သူအရေအတွက်နှင့် အရည်အသွေးမြင့် အိုင်တမ်များကြောင့် အနည်းငယ် ခြိမ်းခြောက်မှုသာ ခံစားခဲ့ရတာဖြစ်သည်။ သို့သော် ထိုကဏ္ဍများက သူတို့၏ ရှင်သန်နေထိုင်မှုကို မခြိမ်းခြောက်နိုင်ပေ။ ကိစ္စများက အလွန်ဆုံးမှာ သူတို့သည် စစ်လက်နက်များနှင့်တိုက်ခိုက်ပြီး ကြွယ်ဝချမ်းသာမှုနှင့် အရင်းအမြစ်များဖြင့် ယှဥ်ပြိုင်နိုင်သည်။ သို့သော် ကိစ္စရပ်များက မတူတော့ပေ။
ဇီးရိုးဝင်းသည် ကြယ်လတိုင်းပြည်အတွင်းရှိ မည်သည့်အစည်းအရုံးကြီး၏ အုတ်မြစ်ကိုမဆို ဖျက်ဆီးနိုင်သောစွမ်းအားကို ထုတ်ဖော်ပြသခဲ့ပြီ ဖြစ်၏။ တိုက်ခိုက်ရန်မလိုအပ်ပေ။ ဇီးရိုးဝင်းက သူတို့အစည်းအရုံးများကို ရိုးရှင်းစွာ ရှင်းလင်းနိုင်၏။
” ဇီးရိုးဝင်း မင်းဖုံးကွယ်ထာတဲ့ခွန်အားတွေ ဘယ်လိုများများရှိနေလဲ … ”
တစ်ကိုယ်တော်မြှုပ်နှံရာသည် ထုတ်လွင့်မှုကိုကြည့်နေစဥ် နှစ်ပေါင်းများစွာ အိုစာသွာသလို ခံစားလိုက်ရသည်။ အထူးသဖြင့် စစ်ပွဲ၏ နောက်ဆုံးအခိုက်အတန့်၌ သူရဲကောင်းဂေဘတ်စ် ပေါ်ပေါက်လာသည့် အချိန်တွင် ဖြစ်သည်။
တစ်ကိုယ်တော်မြှုပ်နှံရာက ကောင်းကင်ဘုံမြှုပ်နှံ၏ ဖွံ့ဖြိုးတိုးတက်မှု အတော်မြန်ဆန်ကြောင်း ဝန်ခံ၏။ သို့သော် ဇီးရိုးဝင်းနှင့် ယှဥ်လျှင် သူတို့ကြားရှိကွာဟချက်က မိုးနှင့်မြေပမာ ဖြစ်နေ၏။
ယခု သူတို့တစ်ခုတည်းသော အောင်ပွဲခံရန် ထိုက်တန်သည်က ကောင်းကင်ဘုံမြှုပ်နှံရာသည်။ ကျန်သည့်အစည်းအရုံးများထက်စောပြီး အဲလ်ဖာနိုက်မြို့ကို ဝင်ခွင့်ရခဲ့တာပဲ ဖြစ်၏။ စွန့်ပစ်ခံလှိုင်းသည် မွန်းစတားတပ်ဖွဲ့ကို ဆက်လက်ဖန်တီးနိုင်ရသည့် အကြောင်းအရင်းလည်း ဖြစ်သည်။ ယခု သူတို့က မိစ္ဆာသားရဲများနှင့် မိစ္ဆာနတ်ဆိုးများ၏ ခြိမ်းခြောက်မှုကို ထုတ်ဖော်ပြလိုက်ပြီဖြစ်ရာ စွန့်ပစ်ခံလှိုင်းသည် ကြယ်လမြို့ဒေသအတွင်း၌ ဆက်လက်ဖွံ့ဖြိုးနိုင်တော့မှာ မဟုတ်ပေ။
ထိုစဥ် မြစ်ဖြူမြို့ထဲရှိ ဇီးရိုးဝင်းအစည်းအရုံးဂေဟာ၏ ကန့်လန့်ဖြတ်လမ်းတွင် တစ္ဆေအရိပ်နှင့် မိုးသောက်မြူတို့က စားသောက်ဆိုင်၏ ပဥ္စမအထပ်အခန်းထဲရှိ သူတို့ထိုင်ခုံကနေ အဆောက်အဦကို ထောက်လှမ်းနေ၏။
နှစ်ယောက်သားက ဇီးရိုးဝင်း၏ အစည်းအရုံးဂေဟာကို ကြည့်နေစဥ် ကူကယ်ရာမဲ့သည့်အမူအရာ ပေါ်လာလေ၏။ မူလအစီအစဥ်က သူတို့သည် တစ္ဆေအရိပ်တပ်မဟာနှင့် အမှောင်နတ်ဘုရားတပ်မဟာတို့က ပူးပေါင်းဆောင်ရွက်ပြီး အစည်းအရုံးဂေဟာကို လုပ်ကြံကာ အစည်းအရုံး၏ မြင်းဇောင်းကို ဖျက်ဆီးရန်ပဲဖြစ်သည်။ သို့သော် ကျောက်တောမြို့အတွင်းရှိ စစ်ပွဲက ပြီးသွားသောကြောင့် ဇီးရိုးဝင်အဖွဲ့ဝင်များသည် မွန်းစတားများ စီးနင်းတိုက်ခိုက်ရန်၊ မြေအောက်စခန်းများ စီးနင်းတိုက်ခိုက်ရန်အတွက် အစည်းအရုံးဂေဟာသို့ ပြန်လာကြ၏။ ရလဒ်အနေဖြင့် အဆောက်အအုံသည် သူတို့ထင်ထားသည့်အဖွဲ့ဝင်ထက် သုံးဆကျော် ပိုများပြားစွာ ကာကွဟ်ပေးခြင်းခံထားရလေ၏။
ထို့ကြောင့် သူတို့သည် အဆောက်အဦကို ကြည့်နေသာကြည့်နေလျက် ကျောက်တောမြို့အတွက် ထိုအစည်းအရုံးအဖွဲ့ဝင်များ ထွက်သွားမှာကို စောင့်နေရတာပဲ ဖြစ်သည်။ သို့သော် စစ်ပွဲစတင်ချိန်မှစပြီး အစည်းအရုံးဂေဟာထဲ၌ ကစားသမားအရေအတွက်သည် လျော့သွားရသည့်အစား တိုးလာလေ၏။
ထို့အပြင် ယခုအောင်ပွဲက ဇီးရိုးဝင်းဆီရောက်လာပြီဖြစ်ရာ အစည်းအရုံးကို ဝင်လိုကြသည့် ကစားသမားများက ပိုများလာ၏။ သူတို့ထဲ၌ တစ္ဆေအရိပ်နှင့် မိုးသောက်မြူတို့နှစ်ယောက်လုံး အသိအမှတ်ပြုထားသော နာမည်ကြီးစွန့်စားသူအဖွဲ့များစွာ ပါရှိ၏။
ထိုစဥ် ကျောက်တောမြို့အပြင်ဘက်ရှိ တောအုပ်ထဲ၌ စွန်ပစ်ခံလှိုင်းနှင့် မီးတောက်သွေးတို့သည် စီးတော်ယာဥ်များကိုစီးလျက် သေခြင်းတရားဝိညာဥ်တောအုပ်ဆီသို့ အမြန်သွားလိုက်၏။
” အစ်ကိုလှိုင်း ကျုပ်က မိစ္ဆာနတ်ဘုရားရဲ့ ဘုရားကျောင်းကိုဝင်ဖို့ အရည်အချင်းရှိတယ်လို့ ပြောနေတာလား … ”
မီးတောက်သွေးက စိတ်လှုပ်ရှားစွာ မေးလိုက်ပြီး စွန့်ပစ်ခံလှိုင်းကိုကြည့်နေစဥ် သူ၏မျက်လုံးက တောက်ပနေလေ၏။
” ဒါပေါ့ ကစားသမားတွေအတွက် မိစ္ဆာနတ်ဘုရားဘုရားကျောင်းကိုဝင်ဖို့ အလွန်ခက်ခဲပြီး ရနိုင်ချေနည်းတယ်ဆိုပေမဲ့ ငါ့ရဲ့ဧကရာဇ်က ခွန်အားလုံလောက်ပြီး အစွမ်းထက်တဲ့နောက်ခံရှိတဲ့ ကစားသမားတွေက ဝင်ဖို့အခွင့်အရေးရှိတယ် … ဒါပေမဲ့ နောက်ဆုံးဆုံးဖြတ်ချက်က သားရဲဧကရာဇ်ရဲ့ လက်ထဲမှာပဲ … သူ့မှာနေရာအနည်းငယ်ပဲ ကျန်တော့တာ … ကံကောင်းတာက မင်းက ကောင်းကင်ဘုံမြှုပ်နှံရာရဲ့ အထက်အရာရှိတွေထဲကတစ်ယောက်ဆိုတော့ အဲ့ဒီနေရာတွေထဲကတစ်ခုကို ရနိုင်ချေက မြင့်လောက်တယ် … ”
စွန့်ပစ်ခံလှိုင်းကပြောပြီး ခေါင်းညိတ်လိုက်၏။
” မင်းက မိစ္ဆာနတ်ဘုရားတမန်ဖြစ်လာပြီး ငါတို့ပူးပေါင်းဆောင်ရွက်လိုက်ပြီဆိုတာနဲ့ ဇီးရိုးဝင်းကို မဖြေရှင်းနိုင်ဘူးဆိုတာ မယုံဘူး … ”
” ဒါဆိုရင် ကျွန်တော်ကို ထောက်ခံပေးတဲ့အတွက် အစ်ကို့ကို ကျေးဇူးတင်ရတော့မှာပဲ အစ်ကိုလှိုင်း … ကျွန်တော်က မိစ္ဆာနတ်ဘုရားတမန်ဖြစ်သွားသရွေ့ အစည်းအရုံးခေါင်းဆောင်က ကျုပ်ကို ထောက်ပံ့မှုအပြည့်အဝပေးဖို့ တွေဝေနေမှာမဟုတ်ဘူး … ကြယ်လတိုင်းပြည်ကိုမပြောနဲ့ နဂါးနက်အင်ပါယာကိုတောင် ယူနိုင်လောက်တယ် … ”
မီးတောက်သွေးက စိတ်လှုပ်ရှားစွာ ပြောလိုက်၏။
ယခင်က သူသည် မိစ္ဆာနတ်ဘုရားတမန်ဖြစ်ပြီး အမှောင်အင်အားစုထဲဝင်ရန် စိတ်မဝင်စားခဲ့ပေ။ ဆိုရလျှင် ထိုသို့ပြုလုပ်ရန် ကုန်ကျစရိတ်က များပြားလွန်း၏။ အမှောင်အင်အားစုကိုဝင်ခြင်းက လူများ၏ရန်သူဖြစ်ခြင်းဟု ဆိုလိုတာပဲ ဖြစ်သည်။ ထို့အပြင် MPC မြို့တစ်မြို့ထဲဝင်ရန် လွယ်ကူတော့မှာ မဟုတ်ပေ။ သူသည် ဘဝပုံစံသာမန်ကစားသမားများ နှစ်ခြိုက်ခံစားသည့် အရာကိုလည်း လိုချင်၏။ ထို့အပြင် အမျိုးမျိုးသောအစည်းအရုံးကြီးများက သူ့ကိုရှာတွေ့သွားခဲ့လျှင် သူ့ကို နတ်ဘုရားနယ်မြေထဲ၌ အဆုံးအထိအမဲလိုက်ကြလိမ့်မည်။
သူသေသွားခဲ့ပါက နောက်ဆက်တွဲက မှန်းဆ၍မရအောင်ပြင်းထန်လိမ့်မည်။ သူအဖမ်းခံရလျှင် ရလဒ်ကပိုဆိုးလိမ့်မည်။ သူ၏ တစ်ခုတည်းသောရွေးချယ်စရာက သူ၏ အကောင့်ကိုဖျက်ပြီး အစကပြန်စရန်ဖြစ်သည်။
သို့သော် စွန့်ပစ်ခံလှိုင်းနှင့် အဆက်အသွယ်ပြုပြီး မိစ္ဆာနတ်ဘုရား တမန်၏ စွမ်းအားကို မျက်မြင်တွေ့ပြီးနောက် သူသည် သူ၏နေရာကိုပြန်လည်စဥ်စားလာ၏။ ယင်းက သူယခင်က လက်လှမ်းမမှီနိုင်ခဲ့သည့်အမြင့်သို့ရောက်အောင် ကူညီပေးနိုင်လောက်သည်။
ကံဆိုးသည်မှာ စွန့်ပစ်ခံလှိုင်းသည် သူမိစ္ဆာနတ်ဘုရား၏ ဘုရားကျောင်းသို့ဝင်ရန် သူ၏ ယခင်ကတောင်းဆိုမှုကို ငြင်းဆန်ခဲ့၏။ ထိုလူစိတ်ပြောင်းသွားလိမ့်မည်ဟု မထင်ထားပေ။
” စိတ်အေးအေးထား … ယခု ကောင်းကင်ဘုံမြှုပ်နှံရာရဲ့ အုတ်မြစ်ကို ရှင်းရှင်းလင်းလင်းဖမ်းဆုပ်ပြီးပြီ … ဒါအပြင် သားရဲနတ်ဘုရားဆီကနေ မင်းကိုတွေ့ဖို့ စာတစ်စောင်ရထားတယ် … သူက မင်းကိုခေါ်ဖို့ လက်အောက်ငယ်သားတစ်ယောက်ပို့လိုက်မယ်လို့ ပြောတယ် … ”
စွန့်ပစ်ခံလှိုင်းက ရယ်မောလိုက်၏။ စွန့်ပစ်ခံလှိုင်းနှင့် မီးတောက်သွေးကပြောနေစဥ် သူတို့အထက်၌ လေဟာနယ်အက်ကွဲကြောင်းတစ်ခုက ပေါ်လာ၏။ ယင်းက လျင်မြန်စွာပြန့်ကားလာပြီးနောက် တွင်းနက်တစ်ခုဖွဲ့တည်ကာ အရိပ်တစ်ခုကပေါ်ထွက်လာလေ၏။
” ဘလက်ဖလိမ်း … သူဒီကို ဘယ်လိုရောက်လာတာလဲ … ”
စွန့်ပစ်ခံလှိုင်းနှင့် မီးတောက်သွေးတို့က ထိုပုံရိပ်ကို စိုက်ကြည့်နေ၏။ သူတို့သည် ထိုကစားသမားကို အင်မတန်ရင်းနှီးနေ၏။ အကြောင်းမှာ သူသည် သူတို့၏ အဓိကပစ်မှတ်ဖြစ်နေသောကြောင့်ပင်တည်း။
” ငါနောက်ဆုံးတော့ မင်းကိုရှာတွေ့ပြီ … ဘာကြောင့်အလောတကြီး ထွက်သွားနေတာလဲ … ”
ရှီဖုန်းက မေးလျက် မြေပြင်ပေါ်သို့ ညင်သာစွာဆင်းသက်လိုက်၏။ သူ၏ မျက်နှာထက်တွင် အပြုံးတစ်ပွင့် ဆင်မြန်းထားကာ စွန့်ပစ်ခံလှိုင်စနှင့် မီးတောက်သွေးကို စိုက်ကြည့်လိုက်သည်။ နှစ်ယောက်လုံးက ခေါင်းစွပ်နက်ဝတ်ထား၏။ ထို့ကြောင့် သူတို့၏သွင်ပြင်နှင့်အဆင့်ကို ရှင်းရှင်းလင်းလင်းမမြင်ရပေ။ သို့သော် သူတို့၏ တင်းမာမှုကို ခံစားမိ၏။ အထူးသဖြင့် ပတ်တီးများဖြင့် စွန့်ပစ်ခံလှိုင်းအတွက် မှန်ကန်ပေသည်။
ယခင်မွန်းစတား ကျူးကျော်မှုသည် မိစ္ဆာနတ်ဘုရား၏ ဘုရားကျောင်းလုပ်ရပ်မှန်း သူသိနေသည်။ သို့သော် မှော်မျှော်စင်ကို အသုံးပြုပြီးသည့်တိုင် ထိုလူ၏တည်နေရာကို သူရှာမတွေ့ခဲ့ပေ။ ယခုအခေါက်တွင်မူ သူက တိုက်ပွဲတစ်ခုလုံးတရားခံများ၏ တည်နေရာကိုရှာရန် မှော်မျှော်စင်ကိုအသုံးပြုခဲ့၏။ မိစ္ဆာနတ်ဆိုးများကို ဆင့်ခေါ်ထားသည့် မှော်အစီအရင်ကြောင့် သူသည် လက်သည်တရားခံ၏တည်နေရာကိုရှာရန် အကြံရသွားသည်။
ရိုးရိုးသားသားဆိုရလျှင် ရှီဖုန်းသည် ကြယ်လတိုင်းပြည်ထဲ၌ မိစ္ဆာနတ်ဘုရား၏ ဘုရားကျောင်းပေါ်ပေါက်လာချိန်၌ ထိတ်လန့်သွား၏။ မိစ္ဆာနတ်ဘုရား၏ ဘုရားကျောင်းသည် အစောပိုင်း၌ မခြိမ်းခြောက်နိုင်လောက်ပေ။ သို့သော် အချိန်မီအမြစ်ပျက်မသုတ်သင်လျှင် စူပါအစည်းအရုံးနှစ်ခုသုံးခုကတောင် ၎င်းကို ဖြေရှင်းနိုင်မှာမဟုတ်လေရာ ဇီးရိုးဝင်းဆို ပိုဆိုးပေလိမ့်မည်။
ယခု သူသည် မိစ္ဆာနတ်ဘုရား၏ ဘုရားကျောင်းဆီ ဦးတည်နေသော သဲလွန်စတစ်ခုကိုရှာတွေ့ပြီဖြစ်ရာ ၎င်းကို သူ လျစ်လျူမရှု့နိုင်ပေ။
” ကြီးမြတ်လှတဲ့အစည်းအရုံးခေါင်းဆောင် ဘလက်ဖလိမ်းက သူ့ရဲ့တည်ရှိမှုနဲ့ ကျုပ်တို့ကို ဂုဏ်တက်စေလိမ့်မယ်လို့ တစ်ခါမှမထင်ထားမိဘူး …ဒီမျက်နှာသာပေးမှုကို ဂုဏ်ယူမိပါရဲ့… ”
စွန့်ပစ်ခံလှိုင်းကမေးလျက် ဖြတ်သန်းသွားလာသူပုံစံဖမ်းရန် ကြိုးစားနေလေ၏။ တစ်ချိန်ထဲတွင် သူက သားရဲနတ်ဘုရားကို စာတစ်စောင်ပို့ကာ ရှီဖုန်းရောက်လာတာကိုအကြောင်းကြားပြီး တပ်ကူများ တောင်းထားလေ၏။
ဘလက်ဖလိမ်း၏ခွန်အားသည် ကြယ်လတိုင်းပြည်ထဲ၌ လူသိများ၏။ သူက တိုင်းပြည်၏ အစစ်အမှန် နံပါတ်တစ်ကျွမ်းကျင်သူဖြစ်သည်။
စွန့်ပစ်ခံလှိုင်းသည် သူ၏ခွန်အားကို ယုံကြည်ချက်ရှိသော်ငြား သူသည် ဘလက်ဖလိမ်း၏ အဆင့်တွင်ရှိသော တစ်စုံတစ်ယောက်ကို အနိုင်ယူရန် စွမ်းအားမလုံလောက်မှန်း သိသည်။ မီးတောက်သွေးနှင့် ပူးပေါင်းပင်လျှင် ၎င်းကိုပြောင်းလဲနိုင်မှာ မဟုတ်ပေ။ သူ့၌ အဆင့်မြင့်မိစ္ဆာနတ်ဆိုးများ အသက်ရှင်လျက် ရှိနေသေးရာ ဘလက်ဖလိမ်းကို ကြောက်စရာမရှိပေ။ ထိုလူကိုသတ်ရန် ယုံကြည်ချက်တောင်ရှိနေလေ၏။
” မင်းရဲ့နားမှာ မိစ္ဆာစွမ်းအင်တွေ ဒီလောက်သိပ်သည်းနေတာကို မိစ္ဆာနတ်ဘုရားရဲ့ ဘုရားကျောင်းနဲ့ မင်းတို့ ဆက်နွယ်မှု မရှိဘူးလို့ ပြောဖို့ကြိုးစားနေတာလား … ”
ရှီဖုန်းက ပြောလိုက်၏။
” ဟုတ်လား … မင်းတို့တွေက ဘုရားကျောင်းရဲ့ဌာနချုပ်ကို ထုတ်ပြောတော့မလို့လား … မဟုတ်ရင် မင်းတို့ကို စစ်နတ်ဘုရားရဲ့ဘုရားကျောင်းဆီ ခေါ်သွားလိုက်ရုံပဲ … အဖမ်းခံရခြင်းရဲ့ နောက်ဆက်တွဲကြောင့် မင်းတို့ကို ပြောပြနေဖို့မလိုဘူးဆိုတာ သေချာတယ် … ”
မိစ္ဆာနတ်ဘုရား၏ ဘုရားကျောင်းယုံကြည်သက်ဝင်သူများသည် သာမန်ကစားသမားများထက် ပိုအစွမ်းထက်သော်ငြား သူတို့သည် တန်ကြေးတစ်ခုပေးဆပ်ရမည်။ သေဆုံးခြင်းတစ်ခုကတင် ထိုယုံကြည်ကိုးကွယ်သူများကို ရူးသွပ်သွားစေရန် လုံလောက်၏။ စစ်နတ်ဘုရား၏ ဘုရားကျောင်းကသာ သူတို့ကို ဖမ်းမိသွားခဲ့လျှင် သူတို့ဘဝကငရဲသို့ ရောက်သွားပေလိမ့်မည်။
စွန့်ပစ်ခံလှိုင်းက ရှီဖုန်းပြောတာကို နားထောင်နေစဥ် စိတ်လေးလာလေ၏။
ထိုလူသည် မိစ္ဆာနတ်ဘုရား၏ ဘုရားကျောင်းကစားသမားများ၏ အမှန်တကယ်ကြောက်ရွံ့မှုကို သိနေလိမ့်မည်ဟု သူမထင်ထားပေ။
ပြီးသွားပြီ၊ ပြီးသွားပြီ ငါဘာလုပ်သင့်လဲ။ စွန့်ပစ်ခံလှိုင်း၏ နဖူးပေါ်၌ ချွေးများတစ်စက်စက်ကျလာလျက် ရှီဖုန်း တဖြည်းဖြည်း ချဥ်းကပ်လာတာကို ကြည့်နေ၏။ နှစ်ဖက်လုံးက တိတ်ဆိတ်နေတာလည်းမရှိ။ မိစ္ဆာနတ်ဘုရား၏ ဘုရားကျောင်း ပင်မဌာနချုပ်တည်နေရာကို ထုတ်ပြရခြင်းကလည်း ရွေးချယ်မှုတစ်ခု မဟုတ်ပေ။ စွန့်ပစ်ခံလှိုင်းသည် သူယခင်က အထင်သေးခဲ့သည့်သူသည် ထိုကဲ့သို့ အခြေအနေမျိုး ရောက်အောင် သူ့ကိုဖိအားပေးနိုင်လိမ့်မည်ဟု တစ်ခါမှမထင်ခဲ့မိချေ။
ရှီဖုန်းက စွန့်ပစ်ခံလှိုင်းနှင့် ကိုက်သုံးဆယ်ကျော်သို့ ရောက်သည့်အချိန်၌ ပတ်တီးဖြင့် ကစားသမားရှေ့၌ လေဟာနယ်အက်ကွဲကြောင်းတစ်ခု ပေါ်လာ၏။
ရုတ်တရက် အက်ကွဲကြောင်းထဲကနေ တစ်စုံတစ်ယောက်ပေါ်ထွက်လာသည်။ ၎င်းက စွန့်ပစ်ခံလှိုင်း၏ခေါင်းဆောင် သားရဲဧကရာဇ်ပဲ ဖြစ်သည်။
အပိုင်း (၁၃၄၈) ပြီး၏။