ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 124 တစ္ဆေတစ်ရာမြို့
Chapter – 124 တစ္ဆေတစ်ရာမြို့
တစ္ဆေတစ်ရာမြို့ထဲတွင် လေအေးများကို တိုက်ခတ်နေပြီး နေ့အလင်းရောင်ကလည်း မြို့ထဲသို့ မရောက်ပေ။
စွန့်ပစ်ထာသည့် စိုက်ပျိုးရေး ခြံငယ်လေးတစ်ခုထဲရှိ သစ်သားအိမ်လေးထဲတွင် အသွင်အပြင်အသစ်တစ်မျိုးဖြင့် ရှိနေသော ရှီဖုန်းက တစ်စုံတစ်ခုကို ရှာနေလေသည်။
“ငါ နောက်ဆုံးတော့ ဒါကို တွေ့ပြီ… အရင်ဘဝက သိထားတဲ့ သတင်းအချက်အလက်တွေက မမှားဘူးပဲ… “
နေရာတစ်ခုလုံးကို ဗြောင်းဆန်အောင် ရှာဖွေပြီးနောက် ရှီဖုန်းက သစ်သားပုံးတစ်ခုထဲမှ ကြေးသော့တစ်ချောင်းကို ရရှိလိုက်သည်။
လျှို့ဝှက်တံခါးသော့
တစ္ဆေတစ်ရာမြို့၏ လျှို့ဝှက်စြင်္ကန်လမ်းတံခါးကို ဖွင့်နိုင်သည်။
ယခု လုပ်ကြံသတ်ဖြတ်သူက မြို့ထောင့်တွင် စောင့်နေသည့်အတွက် ရှီဖုန်းက တစ္ဆေတစ်ရာမြို့၏ ရှေ့တံခါးမှ ဝင်ရန် ဆုံးဖြတ်ချက်ကို ပြင်လိုက်သည်။ သူ့လက်ထဲမှ သော့ဖြင့်ဆိုလျှင် သူက တစ္ဆေတစ်ရာမြို့၏ လျှို့ဝှက်လမ်းမှ မြို့ထဲသို့ ဝင်နိုင်ပေလိမ့်မည်။
ဒဏ္ဍာရီအရ တစ္ဆေတစ်ရာမြို့ကို အလွန်စွမ်းအားကောင်းသည့် အမှောင်ကျိန်စာအသုံးပြုသူတစ်ယောက်က ကျိန်စာတိုက်သွားခဲ့၏။ ထို့ကြောင့် မြို့ထဲရှိ သက်ရှိအားလုံးက တစ္ဆေဘဝသို့ ပြောင်းသွားရပြီး မြို့ထဲတွင် ပိတ်မိနေကာ အဆုံးမဲ့သော ဒုက္ခများကို ခံစားရလေသည်။ ထိုသို့ဖြင့် တစ္ဆေများက သက်ရှိများကို အလွန်မုန်းတီးလာကြသည်။ သက်ရှိတစ်ကောင်က တစ္ဆေတစ်ရာမြို့သို့ ရောက်လာသည်နှင့်တစ်ပြိုင်နက် များပြားလှသော တစ္ဆေများက အလစ်ချောင်းတိုက်ခိုက်ပြီး ဝါးမြိုစားသောက်ကြသည်။
ထိုစဉ်တွင် လျှို့ဝှက်လမ်းကတော့ ရှီဖုန်းကို မြို့လယ်ခေါင်သို့ ရောက်အောင် ပို့ဆောင်ပေးနိုင်သည်။ အကြွင်းမဲ့ကောင်းကင်ဘုံက အစွမ်းထက်သော်လည်း သူက တစ္ဆေတစ်ရာမြို့ထဲသို့ ဝင်နိုင်လောက်သည်အထိ အစွမ်းမထက်ပေ။ ထို့အပြင် ရှီဖုန်းက ရုပ်ရည်ပြောင်းလဲထားသည့်အတွက် အကြွင်းမဲ့ကောင်းကင်ဘုံနှင့် ဆုံမိလျှင်တောင်မှ အကြွင်းမဲ့ကောင်းကင်ဘုံက သူ့ကို မှတ်မိလိမ့်မည်မဟုတ်ပေ။
ရှီဖုန်းက စိုက်ပျိုးရေးခြံနှင့် မနီးမဝေးတွင် မြေတိုက်တစ်ခုကို ရှာတွေ့လိုက်သည်။
ထိုမြေတိုက်သည် လျှို့ဝှက်လမ်းဆီသို့ သွားသည့် ဝင်ပေါက်ဖြစ်ကာ စိုက်ပျိုးရေးခြံပိုင်ရှင်သည် ထိုလျှို့ဝှက်လမ်း၏ ဂိတ်စောင့် ဖြစ်သည်။
မြေတိုက်က မှောင်မဲနေပြီး ရှီဖုန်းက ဘာမှမမြင်ရသည့်အတွက် မှော်မီးအိမ်ကို ထုတ်သုံးလိုက်ရသည်။ သူက မြေတိုက်လမ်းတစ်လျှောက် ရှေ့သို့ ဆက်သွားနေပြီး နောက်ဆုံးတွင် သူက ကြီးမားသော စတီးတံခါးကြီးနှစ်ချပ် ရှိရာသို့ ရောက်လာသည်။ သို့သော်လည်း တံခါးချပ်ကြီးများက တင်းကြပ်စွာ ပိတ်ထား၏။
ရှီဖုန်း၏ သန်မာမှုအမှတ်က ၁၀၀ကျော်လျှင် သူက သော့ကို မပိုင်ဆိုင်ထားလျှင်တောင်မှ စတီးတံခါးကြီးများကို ဖွင့်နိုင်ပေလိမ့်မည်။ သို့သော်လည်း သူ့ထံတွင် သန်မာမှုအမှတ်က ၁၀၀ မပြည့်သေးပေ။ ထို့ကြောင့် သူက သော့ကို သုံး၍သာ တံခါးကို ဖွင့်လိုက်ရသည်။
“အမ်… “
စြင်္ကန်လမ်းထဲသို့ ခြေလှမ်းအနည်းငယ် ဝင်ပြီးနောက် ရှီဖုန်းက မြေပေါ်တွင် ပြန့်ကျဲနေသော အရိုးဖြူများကို မြင်လိုက်ရသည်။ ဘေးဘက်နံရံတွင်လည်း တိုက်ပွဲဖြစ်ထားသည့် လက္ခဏာများ ပြည့်နေလေသည်။ ထိုမြင်ကွင်းက ရှီဖုန်းကို စိတ်ထင့်သွားစေသည်။
တစ္ဆေတစ်ရာသစ်တောရှိ ကျိန်စာက သက်ရှိများအားလုံးကို တစ္ဆေအဖြစ်သို့ ပြောင်းလဲစေသည်။ ထိုအချက်က ဤနေရာသည် တစ္ဆေများ နေထိုင်ရာ ဖြစ်သည်ကို ပြသနေသည်။
“ဝူး… “
ထိုအခိုက်အတန့်တွင် လျှို့ဝှက်လမ်း၏ အနက်ပိုင်းမှ အနက်ရောင် မိစ္ဆာဝိညာဉ်အုပ်စုတစ်စုက ရှီဖုန်းဆီသို့ ပြေးဝင်လာသည်။ သူတို့၏ နီရဲနေသော မျက်လုံးများက ရှီဖုန်းကိုသာ ကြည့်နေပြီး သူတို့က အစွမ်းများကို ထုတ်ပြကာ ပြေးဝင်လာကြခြင်း ဖြစ်သည်။
ကျိန်စာသင့် မိစ္ဆာဝိညာဉ် (သာမန်အဆင့် သားရဲ)
အဆင့် ၁၅
HP 700/700
ကျိန်စာသင့် မိစ္ဆာဝိညာဉ်များက ကျိန်စာသင့်ဝိညာဉ်များနှင့် နှိုင်းယှဉ်ရလျှင် ပိုပြီး ရက်စက်ကြမ်းကြုတ်၏။ လှုပ်ရှားမှုနှေးကွေးသော ကျိန်စာသင့်ဝိညာဉ်များနှင့် မတူသည့်အချက်ကား သူတို့၏ လှုပ်ရှားမှုများက ပင်ကိုယ်အသိစိတ်ဖြင့် လှုပ်ရှားကြခြင်း ဖြစ်သည်။ ကျိန်စာသင့်မိစ္ဆာဝိညာဉ်များက ဉာဏ်ရည်ထက်မြက်ပြီး အသားနှင့်သွေးကိုလည်း ကောင်းကောင်း အာရုံခံနိုင်သည်။
ကျိန်စာသင့်မိစ္ဆာဝိညာဉ်များအားလုံးက အဆင့် ၁၅ ဖြစ်သော်လည်း ရှီဖုန်းကတော့ အဆင့် ၇သို့သာ ရောက်သေး၏။ အဆင့် ၈ဆင့် ဖိနှိပ်မှု၊ ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုကို ခုခံနိုင်မှု ၆၀% နှင့် လွှဲချော်စေမှု ၂၀%ကို ပေါင်းလိုက်လျှင် ရှီဖုန်းက ကျိန်စာသင့်မိစ္ဆာဝိညာဉ်တစ်ကောင်ကိုပင် နိုင်မည် မဟုတ်ပေ။
အကောင် ၃၀ကျော်သော ထိုကျိန်စာသင့် မိစ္ဆာဝိညာဉ်အုပ်စုက အဆင့် ၁၅ လက်ရွေးစင် ကစားသမားအဖွဲ့ တစ်ဖွဲ့ကိုပင် အပြတ်ရှင်းနိုင်စွမ်း ရှိ၏။
သူ့ဆီသို့ ကျိန်စာသင့်မိစ္ဆာဝိညာဉ်များ ပြေးလာသည်ကို ကြည့်ရင်း…
ရှီဖုန်းက အေးခဲဗုံးတစ်လုံးကို အိတ်ထဲမှ ထုတ်ကာ ကျိန်စာသင့်မိစ္ဆာဝိညာဉ်များဆီသို့ ပစ်လိုက်သည်။
အေးခဲဗုံးက ကျိန်စာသင့်မိစ္ဆာဝိညာဉ်အုပ်စု၏ အလယ်သို့ ကျပြီး ပေါက်ကွဲသွား၏။ မျက်တောင်တစ်ခတ်အတွင်းမှာပင် အချင်းဝက် ၁၀ကိုက်အတွင်းရှိ ကျိန်စာသင့်မိစ္ဆာဝိညာဉ်များအားလုံး အေးခဲသွားပြီး အားလုံး၏ ခေါင်းပေါ်တွင် ထိခိုက်မှု -၄၀၀ ပေါ်လာသည်။
ထင်ထားသလိုပင် မှော်စွမ်းအား တိုက်ခိုက်မှုများက သူတို့၏ ပျော့ကွက်ဖြစ်ကာ ၁၀၀% ထပ်ပေါင်း ဒဏ်ရာ ရစေသည်။
ထိုအကြောင်းရင်းကြောင့် ရှီဖုန်းက တောင်ပံနက်မြို့သို့ သွားသည့်အချိန်တွင် အေးခဲဗုံးများကို ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
အခြေခံအေးခဲဗုံးများက တစ္ဆေတစ်ရာမြို့ရှိ တစ္ဆေများကို ရင်ဆိုင်ရန် လုံလောက်၏။ အခြေခံအေးခဲဗုံးက ထိခိုက်မှု ၂၀၀သာ ဖြစ်စေသော်လည်း ဤနေရာတွင် ရှိသည့် တစ္ဆေများကို တိုက်ခိုက်လျှင် ၁၀၀% ထပ်ပေါင်းထိခိုက်မှုကို ဖြစ်ပေါ်စေသည်။
ထင်ထားသည့်အတိုင်း အေးခဲဗုံးများက တစ္ဆေအမျိုးအစား သားရဲများအားလုံးပေါ်တွင် အကျိုးသက်ရောက်မှု ရှိ၏။ ထို့အပြင် ပစ်နိုင်သည့် အကွာအဝေးက ၃၀ကိုက်အထိ ရှိပြီး နောက်တစ်ကြိမ် အသုံးပြုရန်အတွက် ၁စက္ကန့်သာ စောင့်ရန် လိုအပ်သည်။ သို့သော်လည်း ၎င်းက ကစားသမားများအပေါ် သုံးလျှင်တော့ ထိရောက်မှု တစ်ဝက်သာ ရှိပေလိမ့်မည်။
ယခင်က သူသည် အေးခဲဗုံးများ မလောက်မည်ကို စိုး၍ အကြွင်းမဲ့ကောင်းကင်ဘုံနှင့် ရင်ဆိုင်ရာတွင် အသုံးမပြုခဲ့ပေ။ ထို့အပြင် သူက အကြွင်းမဲ့ကောင်းကင်ဘုံကို သတ်နိုင်လိုက်လျှင်တောင်မှ သူက ဝှက်ဖဲတစ်ခုကို ဖော်ပြလိုက်သကဲ့သို့ ဖြစ်သွားပေလိမ့်မည်။ တခြားသူများကသာ ဤအကြောင်းကို သိသွားလျှင် အေးခဲဗုံးများကို ဆန့်ကျင်ရန်အတွက် ပြင်ဆင်မှုများ ပြုလုပ်လာကြပေလိမ့်မည်။ ဒါဆိုရင် အကြွင်းမဲ့ကောင်းကင်ဘုံကို သတ်နိုင်လျှင်တောင်မှ သူ့အတွက် မတန်တော့ချေ။
သူက ဤဝှက်ဖဲကို ထုတ်ဖော်လိုက်သည့်အချိန်တွင် အကျိုးအမြတ်များ ခံစားရမှာသာ သူက ထုတ်ဖော်မည် ဖြစ်သည်။ အေးခဲဗုံးကို အကြွင်းမဲ့ကောင်းကင်ဘုံတစ်ယောက်လောက်ဖြင့် ထုတ်ဖော်ပြသရန် မတန်ပေ။ အနည်းဆုံးတော့ သူက အေးခဲဗုံးကို သုံး၍ သိုင်းအဖွဲ့ကို သင်ခန်းစာ ကောင်းကောင်း ပေးနိုင်သည်။
“ဟာ ဘယ်လိုလုပ်ပြီး ဒီအချက်ကို မေ့နေရတာလဲ… ဒီတစ္ဆေတွေက အမှောင်အမျိုးအစား သားရဲတွေပဲ…မကောင်းဆိုးဝါးသတ်ဖြတ်သူ ဘွဲ့နာမည်က ဒီကောင်တွေနဲ့ ရင်ဆိုင်ရင် တော်တော်အသုံးဝင်တယ်… “
ရှီဖုန်းက သူ၏မကောင်းဆိုးဝါးသတ်ဖြတ်သူဘွဲ့နာမည်ကို ထုတ်ဖော်လိုက်သည်။
ချက်ချင်းဆိုသလိုပင် ကျိန်စာသင့်မိစ္ဆာဝိညာဉ်များ၏ စွမ်းရည်များအားလုံးက ၁၀% လျော့ကျသွားပြီး သူတို့ခံရသည့် ထိခိုက်မှုကလည်း ၁၀% တိုးသွား၏။
ရှီဖုန်းက နောက်ထပ် အေးခဲဗုံး တစ်လုံးကို ပစ်လိုက်ရာ အေးခဲဗုံးက ကျိန်စာသင့်မိစ္ဆာဝိညာဉ်များ၏အလယ်တွင် ပေါက်ကွဲသွား၏။ ထိခိုက်မှု -၄၄၀ က မိစ္ဆာဝိညာဉ်များ၏ ခေါင်းပေါ်တွင် ဆက်တိုက်ထွက်ပေါ်လာသည်။ ချက်ချင်းဆိုသလိုပင် သူက ကျိန်စာသင့်မိစ္ဆာဝိညာဉ် ၃၀ကျော်ကို အမြစ်ဖြတ် သတ်နိုင်လိုက်သည်။
System : အဆင့် ၁၅ ကျိန်စာသင့်မိစ္ဆာဝိညာဉ်ကို သတ်လိုက်ပါပြီ။ အဆင့် ကွာခြားမှု ၈။ EXP ရရှိမှု ၈၀၀% တိုးပေးသည်။ 4800 EXP ရရှိသည်။
System : အဆင့် ၁၅ ကျိန်စာသင့်မိစ္ဆာဝိညာဉ်ကို သတ်လိုက်ပါပြီ။ အဆင့် ကွာခြားမှု ၈။ EXP ရရှိမှု ၈၀၀% တိုးပေးသည်။ 4800 EXP ရရှိသည်။
System : အဆင့် ၁၅ ကျိန်စာသင့်မိစ္ဆာဝိညာဉ်ကို သတ်လိုက်ပါပြီ။ အဆင့် ကွာခြားမှု ၈။ EXP ရရှိမှု ၈၀၀% တိုးပေးသည်။ 4800 EXP ရရှိသည်။
…
အသိပေးချက် ၃၀ကျော်က ဆက်တိုက် ထွက်ပေါ်လာသည်။ တစ္ဆေအမျိုးအစား သားရဲများက EXP အနည်းငယ်သာ ပေးသော်လည်း အဆင့် ကွာခြားမှုကြောင့် ရသည့် EXP က တော်တော်များသွားလေသည်။ သူက အဆင့် ၇သို့ ရောက်နေတာတောင်မှ အဆင့်တက်နှုန်းက သိသိသာသာ မြန်နေလေသည်။ ယခုဆိုလျှင် သူက အဆင့် ၇ ၏ ၂၃%သို့ ရောက်ရှိသွားလေပြီ။
မိစ္ဆာဝိညာဉ်များ သေဆုံးသွားပြီးနောက် မိစ္ဆာဝိညာဉ်များက ကြေးပြားများနှင့် စိတ်ဝိညာဉ်အဆီအနှစ်အစိတ်အပိုင်းတချို့ကို ချပေးခဲ့သည်။ စိတ်ဝိညာဉ်အဆီအနှစ်အစိတ်အပိုင်း ၁၀ခုကို စိတ်ဝိညာဉ်အဆီအနှစ်တစ်ခုအဖြစ် ပြောင်းလဲနိုင်သည်။ စိတ်ဝိညာဉ်အဆီအနှစ်ကို မှော်ပစ္စည်းများ သွန်းလုပ်သည့်အခါ အသုံးပြုနိုင်သည်။ ထို့ကြောင့် စိတ်ဝိညာဉ်အဆီအနှစ်များက တန်ဖိုးရှိသည်ဟု ဆိုနိုင်သည်။
ချပေးသည့် အိုင်တမ်များအားလုံးကို ကောက်ပြီးနောက် မိစ္ဆာတစ္ဆေများမှ စုစုပေါင်း ငွေပြား ၁ပြားကျော် ချပေးခဲ့သည်ကို တွေ့လိုက်ရသည်။ ထို့အပြင် စိတ်ဝိညာဉ်အဆီအနှစ်အစိတ်အပိုင်းများကလည်း ၁၀ခုကျော် ချပေးသေး၏။ စိတ်ဝိညာဉ်အဆီအနှစ်တစ်ခုဆိုလျှင် ငွေပြား ၁ပြား တန်သည်။ ထို့ကြောင့် ဤနေရာက ပိုက်ဆံရှာရန် အလွန်ကောင်းသည့် နေရာတစ်ခု ဖြစ်လေသည်။
အေးခဲဗုံး ၂လုံးက ငွေပြား ၃ပြားသာ ကုန်ကျသော်လည်း တစ်ကြိမ်တွင် သားရဲ၅၀ကျော်ကို မျှားခေါ်နိုင်လျှင် သူက အမြတ်တောင် ထွက်ဦးမည် ဖြစ်သည်။
“ဒီနေရာမှာ မိစ္ဆာဝိညာဉ်တွေ များများရှိပါစေလို့ မျှော်လင့်ရတာပဲ… “ ရှီဖုန်းက မျှော်လင့်ချက်လေသံလေးဖြင့် ပြောလိုက်ကာ လက်ထဲတွင် နောက်ထပ် အေးခဲဗုံးတစ်လုံးကို ကိုင်ထားလိုက်သည်။
နောက်ထပ် နာရီဝက်ခန့် ကြာပြီးနောက်…
ရှီဖုန်းက လျှို့ဝှက်လမ်း၏ ထွက်ပေါက်သို့ ရောက်ရှိလာသည်။
လျှို့ဝှက်လမ်းက အလွန်ရှည်ပြီး လမ်းတွင် နောက်ထပ်မိစ္ဆာဝိညာဉ်အုပ်စု ၅ခုနှင့် တိုက်ခိုက်ခဲ့ရသည်။ သို့သော်လည်း သူက အေးခဲဗုံးဖြင့် မိစ္ဆာဝိညာဉ်များအားလုံးကို အဆုံးသတ်နိုင်ခဲ့သည်။ အုပ်စုတစ်စုတွင် မိစ္ဆာဝိညာဉ်များက အကောင် ၂၀ကျော်သာ ပါတော့သည့်အတွက် ရှီဖုန်းကို အနည်းငယ် ဆုံးရှုံးမှု ဖြစ်စေသည်။
သို့သော်လည်း အပြန်အလှန်အားဖြင့် ရှီဖုန်း၏ EXP တန်းက လျင်မြန်စွာဖြင့် ရှေ့တိုးသွားလေသည်။ သူက နောက်ထပ် တစ္တေအုပ်စုအနည်းငယ်ကိုသာ သတ်ဖြတ်လိုက်ရလျှင် အဆင့် ၈သို့ ကျိန်းသေး ရောက်သွားပေလိမ့်မည်။
တစ္ဆေတစ်ရာမြို့နှင့် ဆက်သွယ်ထားသော ဂိတ်တံခါးမှာ ဟောင်းလောင်း ပွင့်နေလေသည်။ ရှီဖုန်းက လျှို့ဝှက်လမ်းထဲမှ မထွက်ခင် သူက အပြင်ဘက်မှ အဆက်မပြတ် အော်သံများကို ကြားနေရသည်။
လျှို့ဝှက်လမ်း၏ အပေါ်တွင် တစ္ဆေတစ်ရာမြို့၏ ဟိုတယ်တစ်ခု ရှိသည်။ ဟိုတယ်တွင် ရှိနေသော တစ္ဆေအရေအတွက်ကလည်း မနည်းပေ။ ထိုကဲ့သို့ အတားအဆီးများဖြင့် နေရာမျိုးတွင် အေးခဲဗုံးကို အသုံးပြုခြင်းက အကြံကောင်းတစ်ခု မဟုတ်ပေ။
ရွေးချယ်စရာ မရှိတော့ဘဲ ရှီဖုန်းက နတ္ထိအခြေအနေကို အသက်သွင်းလိုက်သည်။
နတ္တိအခြေအနေက ကိုယ်ပျောက်ခြင်းနှင့် မတူပေ။ ရှီဖုန်းက နောက်ထပ်ကြားခံနယ်မြေတစ်ခု ရောက်သွားခြင်း ဖြစ်ပြီး တစ္ဆေများက ရှီဖုန်းကို မြင်လည်း မမြင်နိုင်၊ အာရုံလည်း မခံနိုင်တော့ပေ။
ရှီဖုန်းက နတ္ထိအခြေအနေတွင် အချိန်အနည်းငယ်သာ နေနိုင်သဖြင့် သူက ဟိုတယ်အတွင်းမှ လျင်မြန်စွာ ပြေးထွက်ပြီး ကိုယ်ပိုင်အိမ်လေးများထဲမှ တစ်ခုဆီသို့ ပြေးသွားလိုက်သည်။ နတ္တိအခြေအနေ၏ ကြာချိန်က တဖြည်းဖြည်း လျော့ကျလာသည်။ ရှီဖုန်းကသာ တစ္ဆေများပြည့်နေသည့် လမ်းများပေါ်တွင် မှော်စာလိပ်များကို ထုတ်သုံးလျှင် သူ့ကိုယ်သူ သတ်သေသည်နှင့် မခြားနှားပေ။ အေးခဲဗုံးများကတော့ နောက်တစ်ကြိမ် အသုံးပြုရန်အတွက် အချိန်က တစ်စက္ကန့်သာ ကြာသည့်အပြင် နေရာတော်တော်များများကို လွှမ်းခြုံပေးထားနိုင်သည်။
၃စက္ကန့်…
၂စက္ကန့်…
၁စက္ကန့်…
ရှီဖုန်းက ကိုယ်ပိုင်အိမ်လေးနှင့် ၁၀ကိုက်မျှသာ ဝေးတော့သည့်အချိန်တွင် နတ္ထိအခြေအနေကလည်း အဆုံးသတ်သွားပြီး သူ၏ခန္ဓာကိုယ်က ပေါ်လာသည်။
ရုတ်တရက် ဆိုသလိုပင် တစ္ဆေများ၏ဦးခေါင်းက ရှီဖုန်းဆီသို့ လှည့်ကြည့်လာပြီး ရက်စက်ကြမ်းကြုတ်သည့် အမူအရာများ ပေါ်လာသည်။
တစ္ဆေများကြားထဲတွင် လက်ရွေးစင်အဆင့် ကြုမ်းကြုတ်မိစ္ဆာဝိညာဉ်များလည်းပါပြီး အားလုံးက ရှီဖုန်းထံသို့ တစ်ဟုန်ထိုး ပြေးသွားကြသည်။