ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 125 အကြွင်းမဲ့ ကောင်းကင်ဘုံ
Chapter – 125 အကြွင်းမဲ့ ကောင်းကင်ဘုံ
ဓားနှစ်ချောင်းက ရှီဖုန်း၏ သွေးကို သောက်သုံးတော့မည့်အချိန်တွင်…
ရှီဖုန်းက ခုခံမှုဓားသွားကို ရုတ်ချည်း အသက်သွင်းလိုက်ရာ အလစ်ချောင်းတိုက်ခိုက်မှုကို အပြည့်အဝ ကာကွယ်လိုက်နိုင်သည်။ လုပ်ကြံသတ်ဖြတ်သူတစ်ယောက်က ကစားသမားတစ်ယောက်ကို အလစ်ချောင်းတိုက်ခိုက်မှု အောင်မြင်သွားလျှင် ကစားသမားက ၃စက္ကန့် မူးဝေသွားပေလိမ့်မည်။ ထို၃စက္ကန့်က ကျွမ်းကျင်လုပ်ကြံသတ်ဖြတ်သူတစ်ယောက်အတွက် အဓိကခုခံသူ၏HP တစ်ဝက်ကို လျှော့ချရန် လုံလောက်၏။ ကစားသမားတစ်ယောက်က ၃စက္ကန့်သာ မူးဝေနေမည်ဆိုလျှင် သေဆုံးဖို့ စောင့်နေသည်နှင့် မခြားနားပေ။
“သေစမ်း… “
ရှီဖုန်းက ကြုံးဝါးလိုက်ပြီး နောက်သို့လှည့်ကာ ဓားဖြင့် လွှဲယမ်းလိုက်သည်။
အသူရာဓားက နောက်မှ လုပ်ကြံသတ်ဖြတ်သူဆီသို့ ပြေးဝင်သွား၏။
“စိတ်ဝင်စားစရာပဲ… “
အနက်ရောင်ပုံရိပ်က အလွန်လျင်မြန်သည့်နှုန်းဖြင့် ဓားမြှောင်နှစ်ချောင်းကို ပြန်ရုပ်သိမ်းကာ ဓားမြှောင်တစ်ချောင်းဖြင့် အသူရာဓားကို ကာလိုက်သည်။ တစ်ချိန်တည်းမှာပင် နောက်ဓားမြှောင်တစ်ချောင်းဖြင့် ရှီဖုန်း၏ ဘေးဘက်ကို လွှဲယမ်းလိုက်သည်။ အနက်ရောင်ပုံရုပ်၏ လှုပ်ရှားမှုအားလုံးက ချော့မွတ်စွာဖြင့် လှုပ်ရှားသွားခြင်း ဖြစ်သည်။
“မင်းက သေချင်နေတာပဲ… “
သို့သော်လည်း ရှီဖုန်းက သူ့ထံသို့ လွှဲယမ်းဝင်လာသော ဓားမြှောင်ကို စိတ်ထဲပင် မထည့်ဘဲ ကြက်သွေးရောင်ဓားကိုသာ လှုပ်ရှားလိုက်သည်။ ကြက်သွေးရောင်ဓားက ဓားပုံရိပ်၄ခုအဖြစ် ပြောင်းလဲသွားပြီး အနက်ရောင်ပုံရိပ်၏ သွေးကွင်းသေကွက်နေရာများသို့ ဦးတည်လာသည်။ ရှီဖုန်းက သူ၏တိုက်ခိုက်မှုကို အလွန်ယုံကြည်သည်။
အနက်ရောင်ပုံရိပ်က ရုတ်တရက် ထိတ်လန့်သွားသည်။ ရှီဖုန်းက အလွန် စိတ်ဓာတ်ပြတ်သားလိမ့်မည်ဟု မထင်ထားခဲ့ချေ။ ရှီဖုန်းက ခုခံမှုကို လုံးဝ စွန့်လွှတ်ပြီး တိုက်ခိုက်မှုတစ်ခုတည်းတွင်သာ အားထည့်ထားလေသည်။ အနက်ရောင်ပုံရိပ်က တခြားဓားမြှောင်တစ်ချောင်းဖြင့် ရှီဖုန်း၏ တိုက်ခိုက်မှုများကို ခုခံလိုက်သည်။
“ထန်း… ထန်း… ထန်း… “
မီးပွားများက လေထဲတွင် လွှင့်စင်သွား၏။
ရှီဖုန်း၏ သန်မာသော အားအင်က အနက်ရောင်ပုံရိပ်ကို နောက်သို့ ၂ကိုက်မျှ ဆုတ်သွားစေသည်။ အနက်ရောင်ပုံရိပ်က နောက်သို့ ခြေလှမ်း ၃လှမ်း ဆုတ်ပြီးမှ သူ့ကိုယ်သူ ပြန်ထိန်းနိုင်သွား၏။ အနက်ရောင်ပုံရိပ်က ရှီဖုန်းကို အံ့ဩစွာ ကြည့်လိုက်သည်။
“မင်းက ငါ့ကို စိတ်မပျက်စေဘူးပဲ… “ အနက်ရောင်ပုံရိပ်က လှောင်လိုက်သည်။
ရှီဖုန်းက ဘယ်လိုလုပ်ပြီး သန်မာသောခွန်အားကို ပိုင်ဆိုင်နေသည်ကို အနက်ရောင်ပုံရိပ်က နားမလည်ပေ။ သို့သော်လည်း သည်တစ်ကြိမ်က ပုံရိပ်ယောင်ဂိမ်းထဲတွင် ပထမဆုံးအကြိမ် လုပ်ကြံမှု ရှုံးနိမ့်ခြင်း ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ရှီဖုန်းကလည်း အလားတူ အံ့ဩသွား၏။ အနက်ရောင်ပုံရိပ်က ကျွမ်းကျင်လုပ်ကြံသတ်ဖြတ်သူများထဲမှ အစစ်အမှန်လုပ်ကြံသတ်ဖြတ်သူတစ်ယောက် ဖြစ်သည်။ သူ၏လှုပ်ရှားမှုက အသံမဲ့ပြီး ထိတ်လန့်စရာ ကောင်းလှသည်။ သူ၏လုပ်ကြံသတ်ဖြတ်မှု နည်းစနစ်ကလည်း အလွန် တိကျသေသပ်၏။ ထို့အပြင် သူ၏အမြန်နှုန်းကလည်း အလွန်လျင်မြန်သည်။ အနက်ရောင်ပုံရိပ်က ရှီဖန်း၏ နောက်သို့ သတိမပြုမိစေပဲ လိုက်လာနိုင်ခဲ့သည်။ အနက်ရောင်ပုံရိပ်ကသာ သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို မထုတ်ဖော်ခဲ့လျှင် ရှီဖုန်းက လုပ်ကြံသတ်ဖြတ်သူ၏ သားကောင်တစ်ကောင် ဖြစ်သွားပေလိမ့်မည်။
အနက်ရောင်ပုံရိပ်က ခေါင်းခြုံထားသော ဝတ်ရုံကို ဝတ်ဆင်ထားပြီး တစ်ကိုယ်လုံးကို ဖုံးကွယ်ထား၏။ ထို့အပြင် ဝတ်ဆင်ထားသော ဝတ်ရုံက အထူးအိုင်တမ်တစ်ခုဖြစ်ပြီး စူးစမ်းစကေးများဖြင့် ကြည့်ရှု၍ မရနိုင်ချေ။ နောက်ဆုံး ပြောရလျှင် နာမည်တောင်မှ မဖော်ပြပေ။
ရှီဖုန်း၏ စနစ်မှ အသိပေးချက်ကို ဖတ်ကြည့်လိုက်သည်။
System : အနီရောင်ကစားသမား အကြွင်းမဲ့ကောင်းကင်ဘုံက သင့်ကို အရင်ဆုံး တိုက်ခိုက်လိုက်ပါပြီ။
ဝတ်ရုံက ကစားသူ၏ အချက်အလက်များကို ဖုံးကွယ်ပေးထားနိုင်သော်လည်း စနစ်ကိုတော့ အရူးမလုပ်နိုင်ပေ။
ရှီဖုန်းက ‘အကြွင်းမဲ့ကောင်းကင်ဘုံ’ ဆိုသည့် နာမည်ကို တစ်ခါမှ မကြားဖူးပေ။ သို့သော်လည်း သူ၏ ကျွမ်းကျင်မှုကို အကဲခတ်ကြည့်ခြင်းအားဖြင့် အကြွင်းမဲ့ကောင်းကင်ဘုံက နာမည် မကျော်ကြားသည့် ကစားသမားတစ်ယောက် မဖြစ်နိုင်ပေ။
“ဒီတစ်ကြိမ် ရှုံးနိမ့်သွားရတာ ငါ့ရဲ့ အသုံးမကျမှုကြောင့်ပဲ… နောက်တစ်ကြိမ်ကျရင် မင်းအသက်ကို ရအောင် ယူပြမယ်… “
အကြွင်းမဲ့ကောင်းကင်ဘုံက ပြောပြီးသည်နှင့် နောက်သို့ လှည့်ပြီး ဆုတ်ခွာသွား၏။
“မင်းက ထွက်ပြေးနိုင်မယ်လို့ ထင်နေတာလား… “
ရှီဖုန်းက လေဓားသွားကို အသုံးပြုပြီး အသူရာဓားဖြင့် အကြွင်းမဲ့ကောင်းကင်ဘုံကို ထိုးသွင်းလိုက်သည်။
လုပ်ကြံသတ်ဖြတ်သူတစ်ယောက်က သူ့ကိုယ်သူ ပေါ်သွားသည်နှင့် သူ၏စွမ်းအားက တစ်ဝက်ခန့် လျှော့ကျသွားသည်ဟု ဆိုနိုင်သည်။ အကြွင်းမဲ့ကောင်းကင်ဘုံကလည်း ရှီဖုန်းကို သတ်ချင်သကဲ့သို့ ရှီဖုန်းကလည်း အကြွင်းမဲ့ကောင်းကင်ဘုံအား လွှတ်မပေးနိုင်ပေ။ အသက်ကို နှုတ်ယူမည့် ရန်သူတစ်ယောက်က နောက်မှ တကောက်ကောက် လိုက်နေမည့်အဖြစ်ကိုလည်း ရှီဖုန်းက မလိုချင်ပေ။
အသူရာဓားက လေအလျင်ကဲ့သို့ အကြွင်းမဲ့ကောင်းကင်ဘုံ၏ နောက်ကျောသို့ တိုးဝင်သွားသည်။
ကြိုတင်ပြင်ထားသကဲ့သို့ အကြွင်းမဲ့ကောင်းကင်ဘုံက ခန္ဓာကိုယ်ကို လှည့်ပြီး ငွေရောင်ဓားမြှောင်တစ်ချောင်းဖြင့် အသူရာဓားကို လမ်းလွှဲပေးလိုက်သည်။ ထိုနည်းလမ်းဖြင့် အကြွင်းမဲ့ကောင်းကင်ဘုံက ရှီဖုန်း၏ ဓားကို ရှောင်လိုက်နိုင်သည်။ တစ်ချိန်တည်းမှာပင် နောက်ဓားမြှောင်တစ်ချောင်းဖြင့် ရှီဖုန်း၏ ဝမ်းဗိုက်ဆီသို့ ထိုးသွင်းလိုက်သည်။
“ကျောက်ကပ်ဓားချက်… “
အကြွင်းမဲ့ကောင်းကင်ဘုံက ထိုတိုက်ခိုက်မှုဖြင့် ရှီဖုန်းကို ၄စက္ကန့် မူးဝေသွားစေရန် ကြိုးစားလိုက်သည်။
အကြွင်းမဲ့ကောင်းကင်ဘုံက ပြန်လှည့်တိုက်လိမ့်မည်ဟု ရှီဖုန်း၏ မမျှော်လင့်ထားပေ။ သူက ခန္ဓာကိုယ်ကို ဘေးသို့ လှန်လိုက်ပြီး ကျောက်ကပ်ဓားချက်ကို ရှောင်တိမ်းလိုက်သည်။ သို့သော်လည်း အကြွင်းမဲ့ကောင်းကင်ဘုံ၏ ဒုတိယဓားမြှောင်က နောက်မှ နီးကပ်စွာ လိုက်ပါလာပြီး ရှီဖုန်း၏ ဝမ်းဗိုက်ဘေးဘက်သို့ ဦးတည်လာသည်။
“နောက်ထိုးဓား… “
ရှီဖုန်းက လေထဲသို့ ချက်ချင်း ခုန်တက်ပြီး နောက်ထိုးဓားကို ရှောင်တိမ်းလိုက်သည်။ ထို့နောက် ရှီဖုန်းက ပြန်ကျလာသည့်အချိန်တွင် အသူရာဓားကို ဝေ့ယမ်းလိုက်ရာ မိုးကြိုးနှင့်မီးများက အသူရာဓားတွင် စွဲကပ်သွား၏။ အသူရာဓားက မိုးကြိုးနဂါးတစ်ကောင်ကဲ့သို့ ဟိန်းဟောက်ပြီး မြေပြင်ဆီသို့ ကျဆင်းသွား၏။
“မိုးကြိုးမီးတောက်ပေါက်ကွဲခြင်း… “
အကြွင်းမဲ့ကောင်းကင်ဘုံက ရှီဖုန်း၏ တိုက်ခိုက်မှုမှ ကြောက်မက်ဖွယ်ကောင်းပုံကို ချက်ချင်း သတိပြုမိလိုက်သည်။ သူက ဓားမြှောင်နှစ်ချောင်းကို ရှေ့တွင် ကာလိုက်သည်။
သို့သော်လည်း ရှီဖုန်း၏ ကြောက်မက်ဖွယ်ခွန်အားကို ဘယ်လိုလုပ်ပြီး အလွယ်တကူ ကာကွယ်နိုင်မည်နည်း။ ချက်ချင်း အကြွင်းမဲ့ကောင်းကင်ဘုံက ဒူးထောက်ကျသွားပြီး သူ၏ခြေထောက်နှစ်ချောင်းက မြေကြီးထဲသို့ နစ်ဝင်သွားကာ သူ၏ခန္ဓာကိုယ်ကလည်း ဖိအားကြောင့် ပြိုလဲတော့မတတ် ဖြစ်သွား၏။
အကြွင်းမဲ့ကောင်းကင်ဘုံက မိုးကြိုးမီးတောက်ပေါက်ကွဲခြင်းကို အောင်မြင်စွာ ကာကွယ်လိုက်နိုင်သဖြင့် ရှီဖုန်းက အံ့အားသင့်သွား၏။ သို့သော်လည်း သူက အသူရာဓားကို ဝေ့ယမ်းပြီး အသူရာနှောင်ကြိုးကို အသုံးပြုလိုက်သည်။ ချက်ချင်းဆိုသလိုပင် အနက်ရောင်ချိန်းကြိုး ၉ခုက အကြွင်းမဲ့ကောင်းကင်ဘုံ၏ ခန္ဓာကိုယ်ကို ချုပ်နှောင်လိုက်၏။ တစ်ဆက်တည်းမှာပင် ရှီဖုန်းက ဓားနှစ်ချောင်းကို ဝေ့ယမ်းပြီး ဆက်တိုက် တိုက်ခိုက်လိုက်သည်။
ဓားပုံရိပ် ၁၀ခုက အကြွင်းမဲ့ကောင်းကင်ဘုံဆီသို့ ပြေးဝင်သွား၏။
“နောက်တစ်ကြိမ် ထပ်တွေ့ကြတာပေါ့… “ အကြွင်းမဲ့ကောင်းကင်ဘုံက ရယ်မောလိုက်သည်။
ထို့နောက် သူ၏ခန္ဓာကိုယ်က စတင်ပျောက်ကွယ်လာပြီး ချိန်းကြိုး ၉ခု၏ ချုပ်နှောင်မှုကလည်း ကျရှုံးသွား၏။
အလားတူစွာပင် ဓားပုံရိပ်များကလည်း လေကိုသာ ထိုးခွင်းသွားလေသည်။
ထိုအရာက လုပ်ကြံသတ်ဖြတ်သူများ၏ အဆင့်မြင့်စကေးတစ်ခု ဖြစ်သည့် ပျောက်ကွယ်ခြင်းစကေး ဖြစ်သည်။ အသုံးပြုသူကို အချိန်တစ်စက္ကန့်တိတိ မမြင်နိုင်သည့် အခြေအနေနှင့်အန္တရာယ်ကင်းသည့် အခြေအနေသို့ ရောက်ရှိစေသည်။
“ဒီလိုမျိုး လွတ်မြောက်နိုင်လိမ့်မယ်လို့ ထင်မနေနဲ့… “
ရှီဖုန်းက အကြွင်းမဲ့ကောင်းကင်ဘုံကို လွှတ်ပေးလိုစိတ် မရှိပေ။ အကြွင်းမဲ့ကောင်းကင်ဘုံ၏ ခြေရာကြောင့် လှုပ်ရှားသွားသည့် မြက်ပင်များကို ကြည့်ပြီး ရှီဖုန်းက မိုးကြိုးလျှပ်စီးကို အသုံးပြုလိုက်သည်။
လျှပ်စီးတန်းစက်ဝန်းပြတ် ၃ခုက ပြေးထွက်သွား၏။ အကြွင်းမဲ့ကောင်းကင်ဘုံက လေခြေလှမ်းကို အသက်သွင်းလိုက်သည်။ သူက အန္တရာယ်ကင်းသည့် အခြေအနေတွင် တစ်စက္ကန့် ရှိနေသဖြင့် မိုးကြိုးလျှပ်စီးကို အောင်မြင်စွာ ရှောင်လိုက်နိုင်သည်။ ထို့နောက် သူက လျင်မြန်စွာ အဝေးသို့ ပြေးသွား၏။
အလားတူစွာပင် ရှီဖုန်းကလည်း လေလမ်းလျှောက်ခြင်းကို အသုံးပြုပြီး သူ့နောက် လိုက်၏။
သို့သော်လည်း ရှီဖုန်းက အကြွင်းမဲ့ကောင်းကင်ဘုံကို မီတော့မည့်အချိန်တွင် အကြွင်းမဲ့ကောင်းကင်ဘုံက အဖြူရောင်အမှုန်များအား လက်တစ်ဆုပ်ဖြင့် ထုတ်ယူလိုက်သည်ကို မြင်လိုက်ရသည်။ ရှီဖုန်းက ခေါင်းကို ချက်ချင်း လှည့်ပြီး မျက်လုံးများကို တင်းတင်း ပိတ်ထားလိုက်သည်။
အကြွင်းမဲ့ကောင်းကင်ဘုံက အဖြူရောင်မှုန်အမှုန်များကို ပစ်ထုတ်လိုက်သည်နှင့် အဖြူရောင်အလင်းများလည်း ထွက်ပေါ်လာသည်။
လျှပ်တစ်ပြက်အမှုန့်သည် အဆင့် ၂၀အောက် သားရဲများနှင့် ကစားသမားများကို ၄စက္ကန့်ကြာ မျက်စိကန်းစေသည့် အိုင်တမ်တစ်မျိုး ဖြစ်သည်။ ၎င်းက အလွန်ရှားသည့် အထောက်အကူ ပစ္စည်းတစ်ခု ဖြစ်ပြီး အနီရောင်သစ်ရွက်မြို့ငယ်၏ ဆင်းရဲသားရပ်ကွက်မှ မှော်ဈေးဆိုင်တွင်သာ ဝယ်ယူရရှိနိုင်သည်။ ထို့အပြင် ကစားသမားတစ်ယောက်က တစ်နေ့ကို အမှုန့် ၁၀ထုပ်သာ ဝယ်ယူနိုင်သည်။
ယာယီမျက်လုံးကန်းစေသည့် အလင်းများက လျော့ကျသွားသည်နှင့် ရှီဖုန်းက မျက်လုံးဖွင့်ပြီး အကြွင်းမဲ့ကောင်းကင်ဘုံကို ရှာလိုက်သည်။ သို့သော်လည်း အကြွင်းမဲ့ကောင်းကင်ဘုံက သူ၏ မြင်ကွင်းထဲတွင် မရှိတော့ပေ။
အချိန်တော်တော်ကြာအောင် ရှာပြီးနောက် ရှီဖုန်းက အကြွင်းမဲ့ကော်းကင်ဘုံး၏ ခြေရာလက်ရာများကိုပင် ရှာမတွေ့ခဲ့ချေ။ ထိုအခါမှ ရှီဖုန်းလည်း ရွေးချယ်စရာ မရှိတော့ဘဲ လက်လျှော့လိုက်တော့သည်။
“အကြွင်းမဲ့ကောင်းကင်ဘုံက ဘယ်က လာတာလဲ… “
ရှီဖုန်း၏ စိတ်ထဲတွင် အတွေးများဖြင့် ပြည့်နေလေသည်။ ထိုလုပ်ကြံသတ်ဖြတ်သူက အရည်အချင်းလည်း ရှိပြီး စကေးအများအပြားကိုလည်း တတ်ကျွမ်းထား၏။ ထို့အပြင် အကြွင်းမဲ့ကောင်းကင်ဘုံက အဆင့် ၅ ကြေးအဆင့် အစုံတန်ဆာကို ဝတ်ဆင်ထားပြီး ဓားမြှောင်နှစ်ချောင်းကလည်း လျှို့ဝှက်ငွေအဆင့် လက်နက်များ ဖြစ်သည်။ ထို့ကြောင့် အကြွင်းမဲ့ကောင်းကင်ဘုံက သာမန်တော့ မဖြစ်နိုင်ပေ။
ရှီဖုန်းက တောင်ပံနက်မြို့တွင် သွေးဆာသော စစ်နတ်ဘုရားအစည်းအရုံးမှ လူကို ရန်စခဲ့သော်လည်း ထိုလူများက သူ၏မူလပုံသဏ္ဍာန်အစစ်ကို မသိကြပေ။ သူက နောက်ထပ် စဉ်းစားကြည့်ရာ ဖြစ်နိုင်သည့် လူက ရှဲဒိုးမှ ဖလိမ်းမင်းတိုက်ဂါးနှင့် သိုင်းအဖွဲ့မှ သံမဏိဓားခြင်္သေ့ဖြစ်သည်။
ရှီဖုန်းက ရှဲဒိုးမှ အတွင်းအဖွဲ့ဝင်များအကြောင်းကို ကောင်းကောင်း သိထားသဖြင့် ဖလိမ်းမင်းတိုက်ဂါးကို အကြွင်းမဲ့ကောင်းကင်ဘုံကို လွှတ်ရန် မစွမ်းဆောင်နိုင်ပေ။ ဒါဆိုရင် ဖြစ်နိုင်သည့်လူက သံမဏိဓားခြင်္သေ့တစ်ယောက်သာ ရှိတော့၏။ ထို့အပြင် ရှီဖုန်းက သံမဏိဓားခြင်္သေ့ကို မကြာမီကမှ သတ်ထားသေး၏။ သံမဏိဓားခြင်္သေ့၏ အကျင့်စရိုက်ဖြင့်ဆိုလျှင် ရှီဖုန်းကို လွှတ်ပေးရန် မဖြစ်နိုင်ချေ။
သံမဏိဓားခြင်္သေ့က ကျွမ်းကျင်လုပ်ကြံသတ်ဖြတ်သူကို ငှားရမ်းနိုင်ချေ ၈၀% ရှိ၏။
ဤအခြေအနေက သူ့အား ခေါင်းကိုက်စေသည်ကိုတော့ ဝန်ခံရပေမည်။ သူ၏လက်ရှိ စွမ်းအားဖြင့်ဆိုလျှင် ထိပ်တိုက်ရင်ဆိုင်မည့် သံမဏိဓားခြင်္သေ့ကို မကြောက်သော်လည်း နောက်ကနေ တကောက်ကောက်လိုက်နေမည့် လုပ်ကြံသတ်ဖြတ်ကတော့ သူ့ကို အမှန်တစ်ကယ် စိတ်ရှုပ်စေသည်။ သူက သားရဲများနှင့် တိုက်ခိုက်နေချိန်တွင် အကြွင်းမဲ့ကောင်းကင်ဘုံကသာ အလစ်ချောင်းတိုက်ခိုက်လျှင် အောင်မြင်နိုင်ချေ ၉၀% ရှိ၏။
“ကြည့်ရတာ ငါတော့ နောက်ထပ် ရုပ်တစ်မျိုး ပြောင်းရဦးမယ်ထင်တယ်… “
ယခု ရှီဖုန်းက သူ၏မူလရုပ်သွင်အတိုင်း ရှိနေခြင်း ဖြစ်သည်။ ဤနည်းလမ်းဖြင့်ဆိုလျှင် အကြွင်းမဲ့ကောင်းကင်ဘုံက အစွမ်းထက်လျှင်တောင်မှ သူ့ကို တွေ့အောင် ရှာနိုင်လိမ့်မည် မဟုတ်ပေ။ အကြွင်းမဲ့ကောင်းကင်ဘုံက သူ့ကို မရှာနိုင်လျှင် သူကလည်း အနှောင့်အယှက် ဖြစ်တော့မည် မဟုတ်ပေ။
သို့သော်လည်း ရှီဖုန်းက ရုပ်သွင်ကို ယခု မပြောင်းနိုင်သေးပေ။ အရင်ဆုံး မည်သူမှ မရှာနိုင်သည့် နေရာကို အရင်သွားရန် လိုအပ်သည်။
အကြွင်းမဲ့ကောင်းကင်ဘုံက လုံးဝ ထွက်မသွားသေးဘဲ သူ့အား စောင့်ကြည့်နေမည်ကို စိုးရိမ်နေခြင်း ဖြစ်သည်။ ထို့နောက် ရှီဖုန်းက နတ္ထိအခြေအနေကို ချက်ချင်း အသက်သွင်းလိုက်ရာ သူ့ခန္ဓာကိုယ်က ချက်ချင်း ပျောက်ကွယ်သွား၏။ ရှီဖုန်းက အရင်ဆုံး မည်သူမှ မရှိသည့် နေရာကို သွားပြီးမှ သူ၏ရုပ်သွင်ကို ပြောင်းလဲရပေမည်။ ထို့နောက်မှသာ သူက ရေခဲပြာနတ်ဆိုးမီးတောက်ကို ရှာရန် စဉ်းစားထား၏။
ရှီဖုန်း ပျောက်ကွယ်သွားပြီးနောက် အချိန်တချို့ကြာသောအခါ ကြီးမားသော သစ်ပင်တစ်ပင်နောက်မှ ပုံရိပ်တစ်ခု ပေါ်လာသည်။ ထိုပုံရိပ်က အကြွင်းမဲ့ကောင်းကင်ဘုံ ဖြစ်သည်။
“သေစမ်းပါလားကွာ… သူက လုပ်ကြံသတ်ဖြတ်သူလား… ဓားသမားလား… “
အကြွင်းမဲ့ကောင်းကင်ဘုံက မနေနိုင်တော့ဘဲ ကျိန်ဆဲမိလိုက်သည်။ သို့သော်လည်း သူက လွယ်လွယ်ကူကူ အရှုံးပေးတတ်သည့်လူ မဟုတ်ပေ။ သူက ရှီဖုန်းကို နောက်တစ်ကြိမ် အလစ်တိုက်ရန် အခွင့်ကောင်းကို စောင့်နေသော်လည်း ရှီဖုန်းက ဤကဲ့သို့ အကွက်ရွေ့သွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ယခု သူက ရှီဖုန်းအား အလစ်ချောင်းတိုက်ခိုက်ရန် အခွင့်ကောင်းကို မည်သို့ ရှာရတော့မည်နည်း။