ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 133 မီးလျှံကကြိုး
Chapter – 133 မီးလျှံကကြိုး
ရွက်နီသစ်တောအတွင်းရှိ မြက်ခင်းစိမ်းစိမ်းများ ထူထပ်သော နေရာတွင်…
အဆင့် ၅ ကစားသမားအဖွဲ့ တစ်ဖွဲ့က အဆင့် ၅ တောဝံပုလွေ ၃ကောင်ကို ဝိုင်းထားသည်။ ကစားသမားများက တိုက်ပွဲအဝင်အထွက်ကို ကျွမ်းကျင်စွာ လှုပ်ရှားနေကြပြီး တောဝံပုလွေ ၃ကောင်ကို ရှုံးနိမ့်ခြင်းဆီသို့ တဖြည်းဖြည်း တွန်းပို့နေလေသည်။ အချိန်အနည်းငယ်အတွင်းမှာပင် တောဝံပုလွေတစ်ကောင်က ကြီးမားသော မီးလုံးကြီးတစ်ခုကြောင့် သေဆုံးသွား၏။ ကျန်သည့် တောဝံပုလွေနှစ်ကောင်ကလည်း HP အနည်းငယ်သာ ကျန်တော့၏။
“ခေါင်းဆောင် ကျွန်တော်တို့ အဆင့် ၅ကို ရောက်နေပြီပဲ… ဒါတောင် အဆင့် ၅ တောဝံပုလွေတွေကိုပဲ သတ်နေရတယ်… အဆင့် ၆ မြက်ခင်းပြင်ခြင်္သေ့ပေါက်စတွေကို သွားသတ်ရအောင်… ကျွန်တော်ကြားတာတော့ မြက်ခင်းပြင်ခြင်္သေ့ပေါက်စတွေက ပစ္စည်းကောင်းတွေ ချပေးတယ်တဲ့… ပြီးတော့ EXP အများကြီးလည်း ရဦးမယ်… “ ရဲရင့်ပြီး အစွမ်းထက်သည့် ဒိုင်းစစ်သည်တစ်ယောက်က တောဝံပုလွေတစ်ကောင်၏ တိုက်ခိုက်မှုကို ကာကွယ်ရင်း ပြောလိုက်သည်။
“အဲ့အကြောင်းကို မေ့ထားလိုက်… ဒီအချိန်မှာ လူတိုင်းက ငါတို့သိုင်းအဖွဲ့ရဲ့ အဖွဲ့ဝင်တိုင်းကို ပစ်မှတ်ထားနေကြတာ… ငါတို့တစ်ယောက်ချင်းစီက ငွေပြား ၁ပြားတန်တယ်… ငါတို့ကို ငွေနဲ့လဲဖို့ စောင့်နေတဲ့လူတွေမှ အများကြီးပဲ… “ အဖွဲ့ခေါင်းဆောင်ဖြစ်သည့် ဒြပ်စင်ထိန်းချုပ်သူက ခေါင်းခါပြီး ပြောလိုက်သည်။ ဒိုင်းစစ်သည်၏ အကြံပေးချက်က အလွန်အန္တရာယ်များသည်ဟု ခံစားရသည်။
“ခေါင်းဆောင်… ဘယ်အချိန်တုန်းက ကြောက်တတ်သွားတာလဲ… “ စစ်သည်တော်တစ်ယောက်က အထင်သေးသည့်ဟန်ဖြင့် မေးလိုက်သည်။
“အရင်တုန်းက ကျွန်တော်တို့က လက်ရွေးစင်သားရဲတွေနဲ့ ချပ်ဝတ်တန်ဆာတွေကို လုယူဖူးတယ်… ပြီးတော့ တခြားကစားသမားတွေကိုတောင် သတ်ခဲ့ဖူးတယ်… ဒါပေမဲ့ ခေါင်းဆောင် တစ်ခါမှ ဝန်လေးနေတာမျိုးကို မမြင်ဖူးခဲ့ဘူး… “
“တခြားသူတွေ ပြောတာကို ဂရုစိုက်မနေပါနဲ့… သိုင်းအဖွဲ့က အနီရောင်သစ်ရွက်မြို့မှာ ကျော်ကြားတဲ့ အစည်းအရုံးတစ်ခုပဲ… အဲ့ဒီကောင်တွေ အရူးထပြီး ကျွန်တော်တို့ကို သတ်ရဲမယ်လို့ မယုံဘူး… သူတို့လာရင်တောင် ကျွန်တော်တို့က သူတို့ကို ပြန်သတ်လို့ရတာပဲ… “
အဖွဲ့ခေါင်းဆောင် ဒြပ်စင်ထိန်းချုပ်သူသည် သူ့လက်အောက်ငယ်သား ပြောသည့်စကားက ကျိုးကြောင်းဆီလျှော်သည်ဟု တွေးပြီး ခေါင်းညိတ်လိုက်သည်။
အနီရောင်သစ်ရွက်မြို့ငယ်တွင် သူတို့ကသာ တခြားသူများကို ရန်စစော်ကားခဲ့သည်။ မည်သူကမှ သူတို့ကို ရန်မစရဲခဲ့ပေ။
အဖွဲ့ခေါင်းဆောင် ဒြပ်စင်ထိန်းချုပ်သူက ပြောလိုက်သည်… “ကောင်းပြီ… ငါတို့ ဒီတောဝံပုလွေ နှစ်ကောင်ကို သတ်ပြီးတာနဲ့ မြက်ခင်းပြင်ခြင်္သေ့ပေါက်စတွေကို သွားသတ်ကြမယ်… “
“ဟေး… “
ဒိုင်းစစ်သည်က ပြုံးဖြဲဖြုလုပ်ပြီး ဒိုင်းဖြင့် ရှေ့မှ တောဝံပုလွေကို လွှင့်စင်သွားအောင် တွန်းထုတ်လိုက်သည်။ ထို့နောက် သူက တခြားတောဝံပုလွေပေါ်သို့ သူရဲကောင်းရိုက်ချက်ကို အသုံးပြုကာ တောဝံပုလွေ၏ ကျန်နေသေးသည့် HPအားလုံးကို အပြတ်ရှင်းထုတ်လိုက်သည်။
သိုင်းအဖွဲ့မှ ကစားသမားများသည် နောက်ဆုံးတောဝံပုလွေကို ရှင်းပြီးသည့်အချိန်တွင် သူတို့ကို အယောက် ၂၀ကျော်ပါသည့် တခြားတစ်ဖွဲ့က ဝိုင်းထားကြောင်း ချက်ချင်း သတိပြုမိသွား၏။ ထို့အပြင် တခြားအဖွဲ့မှ ကစားသမားများအားလုံးက အနီရောင်ကစားသမားများ ဖြစ်နေကြသည်။ ထိုအချက်က သူတို့သည် များစွာသော ကစားသမားများကို သတ်ထားကြောင်း ဖော်ပြနေသည်။
“ညီအစ်ကိုတို့… ဒီတစ်ကြိမ် ငါတို့ ကံကောင်းပြီပဲ… သူတို့အားလုံးက သိုင်းအဖွဲ့ရဲ့ ကစားသမားတွေ… “
ဆက်စီဆန်ဆန် ဝတ်စားထားသော အနီရောင်နာမည်ဖြင့် လုပ်ကြံသတ်ဖြတ်သူ အမျိုးသမီးတစ်ယောက်က ကိုယ်ပျောက်နေရာမှ ပေါ်လာသည်။ သူမက သိုင်းအဖွဲ့မှ ကစားသမားများကို ကြည့်ပြီး ပြုံးလိုက်သည်။
သိုင်းအဖွဲ့မှ အဖွဲ့ဝင်များအားလုံးက ချက်ချင်း ထိတ်လန့်သွားကြ၏။ ထိုအမျိုးသမီးက အဖွဲ့တစ်ခုမှ ကင်းထောက်တစ်ယောက်ဖြစ်ကြောင်း ရှင်းလင်းစွာ သိနိုင်သည်။ သူမက သူတို့အဖွဲ့နားတွင် တစ်ချိန်လုံးရှိနေသော်လည်း သူတို့က သူမအား သတိမပြုမိခဲ့ကြပေ။
“မင်း ဘာလုပ်ဖို့ ကြိုးစားနေတာလဲ… “ အဖွဲ့ခေါင်းဆောင်ဖြစ်သည့် ဒြပ်စင်ထိန်းချုပ်သူက ဘေးပတ်ဝန်းကျင်ကို မျက်လုံးဖြင့် ဝေ့ကြည့်ပြီး အေးစက်သည့်လေသံဖြင့် မေးလိုက်သည်။
“ငါတို့ ဘာလုပ်နေတာလဲ… ဟုတ်လား… “
အမျိုးသမီးလုပ်ကြံသတ်ဖြတ်သူက ပျော်ရွှင်နေသော အမူအရာဖြင့် သိုင်းအဖွဲ့မှ အဖွဲ့ခေါင်းဆောင်ကို ပြုံးပြလိုက်သည်။ ထို့နောက် သူမက ရယ်မောပြီး ပြောလိုက်သည်… “ဒါပေါ့… ငါတို့က ဒီမှာ မင်းနဲ့ ပျော်စရာကိစ္စလေးတချို့ လုပ်စရာ ရှိလို့ပါ… “
“အစ်မမီးလျှံကကြိုး… ဘာလို့ သူတို့နဲ့ လေကုန်ခံပြီး စကားပြောနေတာလဲ… သူတို့က တစ်ခါတည်းလိုက် အေးရော.. “ သိုင်းအဖွဲ့ကို ဝိုင်းထားသည့် ကစားသမားများထဲမှ ရိမ်းဂျားတစ်ယောက် ပြောလိုက်သည်။ သူ၏ဒူးလေးက သိုင်းအဖွဲ့မှ ဘာသာရေးခေါင်းဆောင်ကို ချိန်ထားလေသည်။
သိုင်းအဖွဲ့မှ ဒိုင်းစစ်သည်က သူတို့သည် ထိုအဖွဲ့၏ ပြိုင်ဘက်မဟုတ်သည်ကို သိ၏။ ထို့ကြောင့် သူက ခြိမ်းခြောက်လိုက်သည်… “မင်းတို့ကောင်တွေ သေချာစဉ်းစားသင့်တယ်နော်… သိုင်းအဖွဲ့ရဲ့ ရန်သူဖြစ်လာရင် ဇာတ်ကောင်းမကောင်းနိုင်ဘူး… ငါတို့က ရီဖုန်းကို ရှင်းပြီးတာနဲ့ ငါတို့အစည်းအရုံးရဲ့ အဖွဲ့ဝင်တွေကို တိုက်ခိုက်ရဲခဲ့တဲ့ ကစားသမားတွေအားလုံး ပြန်ပြီး လက်စားချေခံရလိမ့်မယ်… မင်းတို့ရဲ့ အပြုအမူတွေကို ပြန်စမ်းစစ်ကြည့်သင့်တယ်… အမှား မလုပ်ချင်နဲ့… “
“သိုင်းအဖွဲ့က တစ်ကယ်ပဲ ထူးခြားပါလား… “ မီးလျှံကကြိုးဟု ခေါ်သည့် အမျိုးသမီးက လက်ထဲမှ ဓားမြှောင်ကို ကစားပြီး နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်သည်။ သူမက ပြောသည်… “ငါကတော့ မင်းတို့သိုင်းအဖွဲ့က ငါ့ရဲ့အိုင်ဒေါ ရီဖုန်းကြောင့် တော်တော်လေး အထိနာသွားတယ်လို့ပဲ ကြားမိတယ်… “
“ပြီးတော့ မင်းတို့ကောင်တွေက ငါ့ရဲ့အိုင်ဒေါကိုတောင် ရန်စရဲတယ်ဆိုတော့ ငါ့ကို ပြဿနာရှာတာနဲ့ အတူတူပဲ… မင်းတို့အားလုံး ဒီနေရာမှာပဲ သေသင့်တယ်… “
“ညီအစ်ကိုတို့ လှုပ်ရှားတော့… တစ်ယောက်မှ မလွှတ်စေနဲ့… “
မီးလျှံကကြိုး၏ အမိန့်ကို ကြားပြီးနောက် ဝိုင်းထားသည့် ကစားသမား ၂၀ကျော်က သိုင်းအဖွဲ့မှ ကစားသမားများဆီသို့ ပြေးဝင်သွားကြသည်။
ထိုစဉ်တွင် မီးလျှံကကြိုးက သိုင်းအဖွဲ့မှ အဖွဲ့ခေါင်းဆောင်၏ နောက်တွင် ရုတ်တရက် ပေါ်လာပြီး ဒြပ်စင်ထိန်းချုပ်သူ၏လည်ပင်းကို သူမ၏အေးစက်နေသော ဓားမြှောင်ဖြင့် လွှဲယမ်းလိုက်သည်။ တစ်ဆက်တည်းမှာပင် နောက်ထိုးဓားချက်နှင့်ကလီစာဓားချက်ကိုလည်း ထုတ်သုံးလိုက်ရာ သိုင်းအဖွဲ့မှ အဖွဲ့ခေါင်းဆောင်က မီးလျှံကကြိုး၏ လက်ချက်ဖြင့် ချက်ချင်း သေဆုံးသွား၏။
ထိုမြင်ကွင်းကြောင့် သိုင်းအဖွဲ့မှ အဖွဲ့ဝင်များအားလုံးက သူတို့၏နှလုံးများ ရပ်တန့်သွားလောက်သည်အထိ အလွန်အမင်း အံ့အားသင့်သွား၏။ သူတို့က လှည့်ပြီး ချက်ချင်း ထွက်ပြေးကြသည်။
သို့သော်လည်း ဘယ်လိုလုပ်ပြီး အလွယ်တကူ လွတ်မြောက်နိုင်မည်နည်း။ ချက်ချင်းဆိုသလိုပင် သူတို့၏ ပြေးလမ်းကြောင်းကို ဒြပ်စင်ထိန်းချုပ်သူများ၏ ရေခဲနံရံများက ပိတ်ဆို့လာပြီး နောက်မှ လိုက်လာသည့် ရေခဲနယ်ပယ်က သူတို့၏ လှုပ်ရှားမှုများကို နှေးကွေးသွားစေသည်။ တစ်ဖက်မှ စစ်သည်တော်များက ပစ်မှတ်ကိုယ်စီဖြင့် သိုင်းအဖွဲ့မှ ကစားသမားများဆီသို့ ချာ့စကေးသုံး၍ ပြေးဝင်လာကြသည်။ ထိုအခါ သိုင်းအဖွဲ့မှ ကစားသမားများ၏ လှုပ်ရှားမှုက ပို၍ နှေးကွေးသွားပြန်သည်။ လိပ်ထက်တောင် နှေးနေသည့် ပြေးနှုန်းနှင့်အတူ သိုင်းအဖွဲ့မှ အဖွဲ့ဝင်များက အချိန်ခဏလေးအတွင်း အသတ်ခံလိုက်ရသည်။
“သူတို့ဆီက ကျတဲ့ပစ္စည်းတွေ လိုက်ကောက်… ငါတို့ နောက်ထပ်ပစ်မှတ်ရှာကြမယ်… “ မီးလျှံကကြိုးက အမိန့်ပေးလိုက်သည်။
“ဒီကောင်တွေက အဆီတွေ ဝဖြိုးနေတဲ့ သိုးတွေလိုပဲ… ငါ့တို့အတွက် ကြေးအဆင့်ချပ်ဝတ်တန်ဆာ ၃ခုတောင် ချပေးသွားတယ်… ပိုပြီးအစွမ်းထက်တဲ့ ရီဖုန်းရဲ့ အဖွဲ့ဝင်တွေဆို ဘယ်လောက်တောင် ချမ်းသာမလဲ သိချင်လိုက်တာ… “ စစ်သည်တော်တစ်ယောက်က အိုင်တမ်များကို ကောက်နေရင်း ပြောလိုက်သည်။
ထိုစစ်သည်တော်က သိုင်းအဖွဲ့မှ ကျကျန်ခဲ့သည့် ကြေးအဆင့်ချပ်ဝတ်တန်ဆာများကို ကြည့်ပြီး သွားရည်ကျနေလေသည်။
“ဟမ်… ရေကျွဲ… မင်းက ငါ့အိုင်ဒေါရဲ့ အဖော်တွေအကြောင်း တွေးနေတယ်ပေါ့… ဟုတ်လား… “ မီးလျှံကကြိုးက ရေကျွဲဆိုသည့် စစ်သည်တော်ကို ကြည့်ပြီး မေးလိုက်သည်။
ရေကျွဲက ချက်ချင်း တုန်ယင်သွားပြီး အလျင်အမြန် ရယ်ပြ၍ ရှင်းပြလိုက်သည်… “ငါက ဘယ်လိုလုပ်ပြီး လုပ်ရဲမှာလဲ… စိတ်ထဲမှာ နည်းနည်းလောက် စိတ်ကူးယဉ်ကြည့်ရုံပါ… ငါသာ သူတို့ကို သွားရှာရင် ငါ အရင်ဆုံး သူတို့လက်ထဲမှာ သေသွားရလိမ့်မယ်… “
“ဟမ့်… အနည်းဆုံးတော့ မင်းကို ကိုယ့်ကိုယ်ကို သိသားပဲ… “
မီးလျှံကကြိုးက နှာခေါင်းရှုံ့လိုက်သည်။ ထို့နောက် သူမက တစ်ဖက်သို့ လှည့်ပြီး အဖွဲ့မှ ထွက်ခွာကာ နောက်ထပ် ပစ်မှတ်တစ်ခုကို လိုက်ရှာလေသည်။
…………………………
အနီရောင်သစ်ရွက်မြို့ငယ်၊ ဆင်းရဲသားရပ်ကွက်၊ နှစ်သက်ကြည်နူးဘား။
“ဘုန်း… “
သံမဏိဓားခြင်္သေ့က သူ့လက်အောက်ငယ်သားများ၏ အစီရင်ခံမှုကို နားထောင်ပြီးနောက် အရက်စားပွဲကို သူ့လက်ဖြင့် ဒေါသတကြီး ရိုက်လိုက်သည်။
“ငါ့ကို ဘယ်သူ အသေးစိတ် ပြောပြနိုင်လဲ… “
“ဘာလို့ ငါတို့အဖွဲ့ဝင်တွေပဲ သေနေရတာလဲ… ရှီဖုန်းရဲ့အဖွဲ့ဝင်တွေကျ အရိပ်အယောင်တောင် ရှာမတွေ့ကြဘူးလား… “
သူ့လက်အောက်ငယ်သားများ၏ အစီရင်ခံမှုအရ အချိန် ၂နာရီအတွင်းတွင် သိုင်းအဖွဲ့မှ ကစားသမား ၅၈ယောက် အသတ်ခံခဲ့ရသည်။ ထို ၅၈ယောက်ထဲတွင် ၉ယောက်က သိုင်းအဖွဲ့မှ လက်ရွေးစင်များဖြစ်သည်။ သူတို့က သေဆုံးသွားသောအခါ အဆင့် ၁ ဆင့် လျှော့ချခံရရုံတင် မဟုတ်ဘဲ သူတို့၏ချပ်ဝတ်တန်ဆာတစ်ချို့ကိုပင် ချပေးခဲ့ရသည်။ ထိုအချက်က အနီရောင်သစ်ရွက်မြို့ရှိ သိုင်းအဖွဲ့ခွဲကို အထိနာစေသည်။ ထို့အပြင် သံမဏိဓားခြင်္သေ့က သူတို့၏ဆုံးရှုံးမှုအတွက်လည်း လျှော်ကြေးပေးရမည်ဖြစ်သည်။
ထို့အပြင် သေဆုံးသည့် ကစားသမားများ အရေအတွက် များလာလျှင် သိုင်းအဖွဲ့မှ အဖွဲ့ဝင်များ၏ သစ္စာစောင့်သိမှုကို အကျိုးအကျယ် ထိခိုက်စေသည်။ သူတို့က အစည်းအရုံးမှ ထွက်ရန်လည်း စတင်စဉ်းစားလာကြလိမ့်မည်။ မည်သူကမှ တခြားသူများ၏ အမဲလိုက်ခြင်းကို မခံချင်ကြပေ။ သံမဏိဓားခြင်္သေ့ကသာ ထိုကိစ္စကို အမြန် မဖြေရှင်းလျှင် အနီရောင်သစ်ရွက်မြို့ရှိ သိုင်းအဖွဲ့ခွဲက အနှေးနှင့်အမြန် ပျက်စီးရပေလိမ့်မည်။
“သံမဏိဓားခြင်္သေ့… ကျွန်တော်တို့က သူတို့ကို ဆုငွေတိုးထုတ်လိုက်ရင် သူတို့က ပုန်းနေနိုင်ဦးပါ့မလား… ဝါရင့်ကျွမ်းကျင်သူတွေတောင် ထွက်လာနိုင်တယ်… “ ဒရစ်တင်းဘလက်က အကြံပေးလိုက်သည်။
“ကောင်းပြီ… ဆုငွေကို ချက်ချင်းတိုးလိုက်… သူတို့ကို မရှာနိုင်ဘူးလို့ ငါ မယုံဘူး… “ သံမဏိဓားခြင်္သေ့က ခေါင်းညိတ်ပြီး ပြောလိုက်သည်။
ထို့နောက် သူက ဆက်ပြောလိုက်သည်… “မှတ်ထားနော်… မင်းတို့ကောင်တွေ တစ်ခုခု သတင်းရတာနဲ့ အကြွင်းမဲ့ကောင်းကင်ဘုံကို ချက်ချင်း ဆက်သွယ်လိုက်ကြ… “
“ဒီကိစ္စကို ကျွန်တော်နဲ့ လွှဲထားလိုက်ပါ… သတင်းရတာနဲ့ ချက်ချင်း ပြောလိုက်ပါ့မယ်… “
……………………………………………
အလယ်အလတ်အဆင့် ပန်းပဲအခန်းထဲတွင် ရှီဖုန်းက တူညီသော အလုပ်တစ်ခုကိုသာ ထပ်ကာထပ်ကာ လုပ်နေလေသည်။
ရှီဖုန်းက ကျောက်တုံးမာတစ်ခုကို ယူပြီး ရေခဲပြာနတ်ဆိုးမီးတောက်ဖြင့် လောင်ကျွမ်းပစ်သည်။ ထို့နောက် မှော်စာလုံးတူဖြင့် အကြိမ်ရေအနည်းငယ်ခန့် ထုရိုက်လိုက်သောအခါ အရည်အသွေးမြင့် အဆင့်မြင့်ဓားသွေးကျောက်တစ်ခု လျင်မြန်စွာ ဖြစ်ပေါ်လာသည်။
System: အဆင့်မြင့်ဓားသွေးကျောက်ကို အောင်မြင်စွာ ထုလုပ်ပြီးပါပြီ။ ပန်းပဲကျွမ်းကျင်မှုအမှတ် ၁မှတ် ရရှိပါသည်။ 200EXP ရရှိပါသည်။
အဆင့်မြင့်ဓားသွေးကျောက် (ကုန်ဆုံးနိုင်သည်)
အဆင့် ၂၀အောက် လက်နက်များတွင် အသုံးပြုလိုက်လျှင် လက်နက်၏သက်တမ်းက ၈မှတ်မှ ၁၂မှတ်ထိ ပြန်ကောင်းစေနိုင်သည်။ ထို့အပြင် လက်နက်၏ တိုက်ခိုက်မှုစွမ်းအားကို ၃၀မိနစ်ကြာ ၃%တိုးပေးသည်။
အသုံးပြုနိုင်သည့် အရေအတွက် : ၃ကြိမ်
ဂိမ်းက တဖြည်းဖြည်း အချိန်ကြာလာသည်နှင့်အမျှ ထိုအိုင်တမ်၏ တန်ဖိုးက မြင့်သထက် မြင့်လာပေလိမ့်မည်။ အကြောင်းရင်းမှာ သားရဲများက အစွမ်းထက်လာလေ လက်နက်က ပိုမို ပျက်စီးလေ ဖြစ်သောကြောင့် ဖြစ်သည်။ အထူးသဖြင့် အဆင့် ၇နှင့်အထက် သားရဲများကြောင့် ဖြစ်သည်။ ၎င်းတို့က လက်နက်၏သက်တမ်းကို လျော့ကျစေသည့် စကေးများကို ပိုင်ဆိုင်ထားကြသည်။ ထို့ကြောင့် ဓားသွေးကျောက်များက နတ်ဘုရားနယ်မြေရှိ သားရဲများကို အမဲလိုက်ရာတွင် လိုအပ်သော ပစ္စည်းတစ်မျိုးဖြစ်လာပေလိမ့်မည်။
သာမန်ဓားသွေးကျောက်နှင့်ယှဉ်လျှင် အဆင့်မြင့်ဓားသွေးကျောက်က လက်နက်၏သက်တမ်းကို တိုးပေးနိုင်သည့်အပြင် လက်နက်၏ စွမ်းအားကိုလည်း ၃% တိုးပေးနိုင်သည်။ ထိုအကျိုးသက်ရောက်မှုက အနီးကပ်တိုက်ခိုက်သည့် ကစားသမားများကို များစွာ အကျိုးရှိစေသည်။ အဆင့်မြင့်ဓားသွေးကျောက်သာ ထွက်ပေါ်လာခဲ့လျှင် အနီးကပ်တိုက်ခိုက်သူ အမြောက်အများက အလုအယက် ဝယ်ယူကြလိမ့်မည်ဖြစ်သည်။
ရှီဖုန်းက အဆင့်မြင့်ဓားသွေးကျောက်တစ်ခုကို အောင်မြင်သွားပြီးနောက်…
System: ဂုဏ်ယူပါတယ်။ သင်က ပထမဦးဆုံး အလယ်အလတ်အဆင့် ပန်းပဲအလုပ်သင်အဖြစ် အဆင့်တိုးခံလိုက်ရပါပြီ။ 50,000 EXP ရရှိပါသည်။ မှော်စာလုံးစတီး ၁၀ ခု ဆုရရှိပါသည်။