ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 137 သားရဲ
Chapter – 137 သားရဲ
“ကြည့်ရတာ သူတို့က ငါတို့အားလုံးကို ဒီနေရာမှာ မြေမြုပ်ပစ်ချင်နေပုံရတယ်… ဒါဆို ငါတို့လည်း အဆုံးထိတိုက်ဖို့ပဲ ရှိတော့တာပေါ့.. “ မီးလျှံကကြိုးက ပြောလိုက်သည်။
သိုင်းအဖွဲ့အစည်းအရုံးမှ အဖွဲ့ခေါင်းဆောင်ဓားသမား၏ စကားကို ကြားပြီးနောက်တွင် မီးလျှံကကြိုး၏ အမူအရာက သုန်မှုန်သွားပြီး သူမက ဖွဖွလေး အံကြိတ်ထားလိုက်သည်။
မူလက သူမသည် သိုင်းအဖွဲ့မှ ကစားသများကို သတ်ရန် လာခဲ့သော်လည်း သူမတို့က သိုင်းအဖွဲ့၏ ထောင်ချောက်အတွင်းသို့ ကျသွားလိမ့်မည်ဟု မထင်ခဲ့ချေ။ သူမတို့က ပထမအကြိမ် အဝိုင်းခံထားရမှုကို ခက်ခက်ခဲခဲဖြင့် ထိုးဖောက်နိုင်ခဲ့သော်လည်း သူမတို့က နောက်တစ်ကြိမ် ပြန်ဝိုင်းခံရ၏။ ယခု သူမတို့တွင် လွတ်မြောက်နိုင်ချေ အနည်းငယ်သာ ရှိ၏။ နောက်ထပ် ရန်သူ အယောက် ၂၀ခန့်သာ ရောက်လာမည်ဆိုလျှင် သူတို့က လွတ်မြောက်နိုင်ချေ လုံးဝ မရှိတော့ပေ။
သူမတို့သာ ယခု သေဆုံးသွားမည်ဆိုလျှင် သူမ၏အဖွဲ့သားများက အနည်းဆုံး အဆင့် ၂ဆင့် လျှော့ချခံရမည်ဖြစ်ပြီး သူမကတော့ အနည်းဆုံး အဆင့် ၃ဆင့်နှင့် သူမ၏ချပ်ဝတ်တန်ဆာအားလုံး ချပေးခဲ့ရမည်ဖြစ်သည်။ ထိုဆုံးရှုံးမှုက သူမတို့ကို အကြီးအကျယ် ထိခိုက်စေပြီး သူမတို့၏အဖွဲ့တစ်ခုလုံးကို နောက်ထပ် ဦးမော့လာစေရန် မဖြစ်နိုင်တော့ချေ။
“ဟဟဟ… အခုကတော့ အရမ်းနောက်ကျသွားပြီ… ငါတို့ရဲ့ မူလအစီအစဉ်က ရီဖုန်းကို ချုံခိုတိုက်ခိုက်ဖို့ပဲ… ဒါပေမဲ့ မင်းတို့ကောင်တွေက ဒီကိုလာပြီး အသေခံလိမ့်မယ်ဟု မထင်ထားခဲ့ဘူး… အခုကစပြီး မင်းတို့ချပ်ဝတ်တန်ဆာတွေက ငါတို့ဟာ ဖြစ်သွားပြီ… ညီအစ်ကိုတို့ ဒီကောင်တွေကို သတ်… ကောင်မလေးကိုတော့ ငါ့အတွက် ထားလိုက်… “ အဖွဲ့ခေါင်းဆောင်ဓားသမားက နှုတ်ခမ်းကို သပ်ပြီး ပြောလိုက်သည်။ သူ၏မျက်လုံးများက မီးလျှံကကြိုး၏ ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်ကို တဏှာလောဘအကြည့်ဖြင့် ကြည့်နေလေသည်။
ရှီဖုန်းက သစ်တောထဲတွင် ပုန်းအောင်းနေသဖြင့် သူတို့ပြောသည့် စကားအားလုံးကို ကြားလိုက်ရသည်။
သိုင်းအဖွဲ့က နောက်ကွယ်မှ တစ်ခုခု စီစဉ်ထားသည်ကို သူက သိထားသော်လည်း ယခု ထိုစီစဉ်မှုများက သူ့အတွက်ဆိုတာကို သိလိုက်ရလေပြီ။
ယခင်နှစ်ရက်အတွင်းတွင် ရှီဖုန်းက ပန်းပဲအခန်းထဲ၌ နေပြီး လက်နက်နှင့်ချပ်ဝတ်တန်ဆာများကိုသာ ထုလုပ်နေသည့်အပြင် သူက ရုပ်ရည်ကိုလည်း ပြောင်းလဲထားသဖြင့် သိုင်းအဖွဲ့မှ သူ့ကို ရှာရန် မဖြစ်နိုင်ချေ။ ထို့ကြောင့် သူတို့က ဘလက်ကီနှင့်တခြားသူများကို အသုံးပြု၍ သူထွက်လာအောင် မျှားခေါ်ကြခြင်း ဖြစ်လိမ့်မည်။ တစ်ချိန်တည်းမှာပင် သူတို့က သူ့အတွက် ထောင်ချောက်များလည်း ဆင်ထားကြလိမ့်မည်ဖြစ်သည်။
သူတို့က အခြေအနေအမျိုးမျိုးအတွက် ကြိုတင်ပြင်ဆင်ထားကြသော်လည်း ကံဆိုးစွာဖြင့် သူတို့က အချက်၂ချက်ကို မသိခဲ့ကြပေ။
ပထမအချက်သည် ရှီဖုန်းက ရုပ်ရည်၊အဝတ်အစားနှင့်အချက်အလက်များကို ပြောင်းလဲနိုင်သည့် မကောင်းဆိုးဝါးမျက်နှာဖုံးကို ပိုင်ဆိုင်ထားသည်။
ဒုတိယအချက်သည် သူတို့က ရှီဖုန်း၏ လက်ရှိစွမ်းအားကို အထင်သေးနေကြသည်။
“ညီအစ်ကိုတို့… ငါ့နောက်လိုက်ခဲ့… သူတို့ကို သတ်ပြီး လမ်းဖောက်မယ်… “
ထိုအခိုက်အတန့်တွင် မီးလျှံကကြိုးက အရင်ဆုံးလှုပ်ရှားပြီး တိုက်ခိုက်လိုက်သည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် သူမက လူအင်အားအနည်းဆုံး ရှိသည့်နေရာသို့ ပြေးဝင်သွားလိုက်သည်။ ထိုနေရာတွင် ရပ်နေသည့် စစ်သည်တော်က မည်သို့မှ မတုန့်ပြန်နိုင်ခင် မီးလျှံကကြိုး၏ ဓားမြှောင်က သူ၏ခေါင်းကို ဖောက်ထွက်သွားပြီး မူးဝေသည့် အခြေအနေသို့ ရောက်ရှိသွားစေသည်။ မီးလျှံကကြိုးက နောက်ထိုးဓားချက်၊ လုပ်ကြံသတ်ဖြတ်မှုဓားချက်နှင့် ကလီစာထုတ်ဓားချက်ကို ဆက်တိုက်အသုံးပြုလိုက်ရာ စစ်သည်တော်၏ HPက တစ်ဝက်ခန့် ချက်ချင်း လျော့ကျသွား၏။
မီးလျှံကကြိုး၏ အဖွဲ့ဝင်များသည်လည်း သူမနှင့်အတူ ဝိုင်းထားခံရခြင်းမှ ဖောက်ထွက်ကြသည်။
သို့သော်လည်း သိုင်းအဖွဲ့မှ အဆင့် ၇ ကစားသမားများ၏ HPက အရေးကြီးသည့် အခြေအနေသို့ ရောက်သည်နှင့် သူတို့၏ခန္ဓာကိုယ်တွင် အဖြူရောင်အလင်းများ တောက်ပလာပြီး သူတို့၏ HPကို တစ်ဝက်ကျော် ပြန်ပြည့်သွားစေသည်။ သူတို့ကလည်း မီးလျှံကကြိုး၏ အဖွဲ့ကို ပြန်လည်တိုက်ခိုက်၏။
“မှော်ပညာရှင်အားလုံး အစွမ်းကုန်သုံးပြီး တိုက်ကြတော့… ဘာသာရေးခေါင်းဆောင်တွေက အကာအကွယ်တွေ အသက်သွင်းထား… အဝေးပစ်တွေက လုပ်ကြံသတ်ဖြတ်သူတွေကို အဓိကထားပြီး တိုက်… သူတို့ကို မလွတ်စေနဲ့… ရေပြာမြို့ငယ်က ကစားသမားတွေက လူရယ်စရာဖြစ်တာကို ငါ မလိုချင်ဘူး… “ သိုင်းအဖွဲ့မှ ဓားသမားက မီးလျှံကကြိုးဆီသို့ ပြေးဝင်သွားရင် အမိန့်ပေးလိုက်သည်။
မီးလျှံကကြိုး၏ အဖွဲ့တွင် သူမကိုယ်တိုင်ပါမှ ၆ယောက်သာ ကျန်တော့၏။ သူတို့တစ်ယောက်ချင်းစီတိုင်းက ရန်သူ ၂ယောက် သို့မဟုတ် ၃ယောက်ဖြင့် တိုက်ခိုက်နေရသည်။ ရန်သူများတွင် ကုသသူများ ရှိနေပြီး သူတို့၏HPကို အဆက်မပြတ် ဖြည့်ပေးနေလေသည်။ ထို့ကြောင့် မီးလျှံကကြိုး၏အဖွဲ့အနေဖြင့် နိုင်ရန် အခွင့်အရေး မရှိပေ။
နောက်တန်းမှ တိုက်ခိုက်နေသော သိုင်းအဖွဲ့မှ မှော်ပညာရှင်များကြောင့် မီးလျှံကကြိုးက သူမ၏အဖွဲ့သား နှစ်ယောက်ကို မျက်တောင်တစ်ခတ်အတွင်းမှာပင် ဆုံးရှုံးလိုက်ရဿည်။
“ဒါက ငါတို့ရဲ့ အဆုံးသတ်လား… “ မီးလျှံကကြိုးက သူမ၏မျက်စိရှေ့တွင် သူမ၏အဖွဲ့သားများ လဲကျသွားသည်ကို ကြည့်ပြီး ရင်ထဲတွင် နာကျင်သွား၏။
သို့သော်လည်း မီးလျှံကကြိုးက ရန်သူ ၃ယောက်ကို တစ်ပြိုင်နက်တည်း ရင်ဆိုင်နေရခြင်းကြောင့် ဒေါသထွက်ရန် အချိန်မရှိပေ။ ရန်သူ ၃ယောက်ထဲတွင် တစ်ယောက်က သိုင်းအဖွဲ့မှ အဖွဲ့ခေါင်းဆောင်ဖြစ်၏။ ထို့အပြင် သူမက သိုင်းအဖွဲ့မှ မှော်ပညာရှင်များ၏ တိုက်ခိုက်မှုများကိုလည်း ခံနေရသည်။ ထို့ကြောင့် သူမ၏HPက ဆက်တိုက် ကျဆင်းနေလေသည်။ သူမ၏စကေးများကလည်း ပြန်လည်အသုံးပြုရန်အတွက် အချိန်မပြည့်သေးသောကြောင့် တစ်ဖက်မှ တိုက်ခိုက်မှုများကို ထိခိုက်မှုအနည်းဆုံးဖြစ်အောင်သာ လျှော့ချနေရလေသည်။
“ဟဟဟ… ကောင်မလေး… အပြစ်တင်ချင်ရင် မင်း ထောက်ခံပေးတဲ့ ရီဖုန်းကိုသာ အပြစ်တင်လိုက်တော့… သိုင်းအဖွဲ့ကို ဆန့်ကျင်တဲ့ ဘယ်သူမဆို သေဆုံးခြင်းနဲ့ပဲ အဆုံးသတ်ရလိမ့်မယ်… ဒါပေမဲ့ မင်း စိတ်ချပါ… ရီဖုန်းကိုလည်း မင်းနောက်ကို လိုက်ခိုင်းလိုက်ပါ့မယ်… “
ဓားသမားသည် နိုင်ပွဲက သူ၏လက်ထဲတွင် ရှိနေသည်ဟု တွေးနေချိန်တွင် အနက်ရောင်ပုံရိပ်တစ်ခုက သိုင်းအဖွဲ့မှ ကုသသူများ၏ နောက်တွင် တိတ်ဆိတ်စွာ ပေါ်လာသည်။ မည်သူကမှ ထိုလူကို သတိမပြုမိလိုက်ကြချေ။
ဓားအလင်းနှစ်ခုက အဆင့် ၇ ဘာသာရေးခေါင်းဆောင်ကို ဖောက်ထွက်သွားပြီး ထိခိုက်မှု -၃၉၇နှင့် -၅၄၂ ဖြစ်စေကာ ဘာသာရေးခေါင်းဆောင်ကို ချက်ချင်း သတ်ပစ်လိုက်သည်။ ဘာသာရေးခေါင်းဆောင် သေသွားမှသာလျှင် ကျန်နေသေးသည့် ဘာသာရေးခေါင်းဆောင်နှင့် ဘုန်းတော်ကြီးက သူတို့၏ဘေးတွင် ရန်သူတစ်ယောက် ရောက်နေသည်ကို သတိပြုမိလိုက်ကြ၏။ ထို့အပြင် ရန်သူအသစ်က သူတို့၏အဖွဲ့ဝင်တစ်ယောက်ကို ချက်ချင်း သတ်ပစ်လိုက်သည်။
“ရန်… “
ကျန်နေသေးသည့် ဘာသာရေးခေါင်းဆောင်က အော်ရန် ကြိုးစားလိုက်သော်လည်း သူက မအော်နိုင်တော့သည်ကို ရုတ်တရက် သိရှိသွား၏။ ဘယ်အချိန်ကတည်းက သူ၏ဝမ်းဗိုက်နှင့်လည်ပင်းတွင် သွေးများစီးကျနေသည်ကို မသိလိုက်ပေ။ ထို့အပြင် သူက ဘေးမှ ဘုန်းတော်ကြီးကို ကြည့်လိုက်ရာ ဘုန်းတော်ကြီးသည်လည်း သူနှင့်တူညီသောအခြေအနေတစ်ခုတွင် ရှိနေသည်ကို မြင်လိုက်ရ၏။
သို့သော်လည်း သူတို့က တိုက်ခိုက်မှုများကို သတိမထားမိခင်မှာပင် သူတို့က ပထမဆုံးဘာသာရေးခေါင်းဆောင်နှင့အတူ တစ်ချိန်တည်း၌ သတ်ဖြတ်ခံလိုက်ရခြင်းဖြစ်သည်။ သူတို့၏လှုပ်ရှားမှုများက အနည်းငယ် နောက်ကျနေသဖြင့် သူတို့၏HPများက သုညထိရောက်သွားမှသာ သတိပြုမိခဲ့ကြသည်။
သူတို့က တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး ရှေ့သို့ လဲကျသွားကာ သူတို့၏အမြင်အာရုံများကလည်း မှောင်မိုက်သွားလေသည်။
ကုသသူ ၃ယောက် လဲကျသွားသည်နှင့်တစ်ပြိုင်နက် ရှီဖုန်း၏ အေးစက်နေသော မျက်လုံးများက အနီးရှိ မှော်ပညာရှင်များဆီသို့ အကြည့်ရောက်သွား၏။
ရှီဖုန်း၏ လက်ရှိ တိုက်ခိုက်မှုစွမ်းအားက ရေခဲပြာနတ်ဆိုးမီးတောက်၏ ထပ်ပေါင်းတိုက်ခိုက်မှုစွမ်းအားနှင့် စကေးများကို မမှီခိုလျှင်တောင်မှ ချည်သားချပ်ဝတ် ဝတ်ဆင်ထားသော အဆင့်တူ ကစားသမားတိုင်းကို သာမန်ဓားချက် ၂ချက်တည်းဖြင့် သတ်နိုင်နေပြီဖြစ်သည်။
ငွေရေကန်ဓား၏ အကျိုးသက်ရောက်မှုကြောင့် ရှီဖုန်း၏ ဓားချက်က ပိုပြီး မြန်လေ တိုက်ခိုက်မှုစွမ်းအားက များလေဖြစ်သည်။ ရှီဖုန်း၏ ဓားချက်အမြန်နှုန်းကသာ အထွတ်အထိပ်သို့ ရောက်သွားလျှင် ချည်သားချပ်ဝတ်ဝတ်ဆင်ထားသော ကစားသမားတိုင်းကို တစ်ချက်တည်းဖြင့်ပင် သတ်ကောင်း သတ်နိုင်ပေလိမ့်မည်။ ဤကဲ့သို့ တိုက်ပွဲမျိုးတွင် ရှီဖုန်းက ရန်သူများ၏ အသက်ကို နှုတ်ယူမည့် သေမင်းတမန်နှင့်ပင် တူနေလေသည်။
ရှီဖုန်း၏ လက်ရှိ တိုက်ခိုက်မှုအမြန်နှုန်းဖြင့်ဆိုလျှင် တခြားကစားသမားများက သူတို့၏အံ့မခန်းအခြေအနေကို အသက်မသွင်းထားလျှင် ရှီဖုန်း၏ တိုက်ခိုက်မှုများကို ကာကွယ်နိုင်လိမ့်မည်မဟုတ်ပေ။ သံသယရှိစရာ မလိုအောင်ပင် သူတို့က ချက်ချင်း သေဆုံးရပေလိမ့်မည်။ ပုံမှန်ဆိုလျှင် အံ့မခန်းအခြေအနေကို အသက်သွင်းထားသူများမှာ အနီးကပ်တိုက်ခိုက်ရေးကစားသမားများသာ ဖြစ်၏။ သူတို့ကသာ ရှီဖုန်း၏တိုက်ခိုက်မှုများကို ခုခံရန် အခွင့်အရေး ရှိပေလိမ့်မည်။
(အံ့မခန်းအခြေအနေက အပိုင်း ၂၉မှာ ပါခဲ့ပြီးပါပြီ။)
ရှီဖုန်းက လေဓားသွားကို အသုံးပြုပြီး အနီးဆုံးတွင် ရှိသည့် ဒြပ်စင်ထိန်းချုပ်သူထံသို့ ပြေးဝင်သွားလိုက်သည်။
“ကုသသူတွေ သေကုန်ပြီးလား… မင်းတို့တွေ ဘယ်လိုသွေးဖြည့်ပေးရမယ်ဆိုတာ မသိဘူးလား… “ HPနည်းနေသည့် လုပ်ကြံသတ်ဖြတ်သူတစ်ယောက်က သွေးမဖြည့်ပေးသည့် ကုသသူများကို ကျိန်ဆဲလိုက်သည်။
သို့သော်လည်း လုပ်ကြံသတ်ဖြတ်သူ၏ ကျိန်ဆဲမှုကို မည်သူကမှ မတုန့်ပြန်ခဲ့ပေ။ ထိုအချိန်တွင် မီးလျှံကကြိုးက ထိုအခွင့်အရေးကို အရယူလိုက်သည်။ သူမက လုပ်ကြံသတ်ဖြတ်သူကို အပြတ်ရှင်းရန် သူမ၏ ကြယ်၃ပွင့် စွမ်းအင်များကို စုစည်းပြီး ကလီစာထုတ်ဓားချက်ကို သုံးပြီး တိုက်ခိုက်လိုက်သည်။
နောက်တန်းမှ မှော်ပညာရှင်များသည် ထိုမြင်ကွင်းကြောင့် သူတို့နောက်မှ ကုသသူများကို လှည့်ကြည့်လိုက်သည်။
သို့သော်လည်း တစ်ယောက်က လှည့်ကြည့်လိုက်သည့် အခိုက်အတန့်မှာပင် သူ၏လည်ပင်းကို အနက်ရောင်အလင်းတန်းတစ်ခုက ဖြတ်သွားပြီး အပြာရောင်အလင်းတန်းတစ်ခုကလည်း သူ၏ရင်ဘတ်အား ဖောက်ဝင်သွားသည်ကို မြင်လိုက်ရသည်။သူ၏HPက ချက်ချင်း သုညသို့ ကျဆင်းသွားပြီး သူ၏အမြင်အာရုံက ချက်ချင်း မှောင်ကျသွား၏။
ဒြပ်စင်ထိန်းချုပ်သူကို သတ်ဖြတ်ပြီးနောက် ရှီဖုန်းက တခြားမှော်ပညာရှင်များဘက်သို့ လှည့်လိုက်သည်။
“ခေါင်းဆောင်… ကျွန်တော်တို့ကို သားရဲတစ်ကောင် အလစ်ချောင်းတိုက်ခိုက်နေတယ်… “
အနက်ရောင်အရိပ်ကို မြင်လိုက်သည့် ဆင့်ခေါ်သူတစ်ယောက်က အော်ပြောလိုက်သည်။ သို့သော်လည်း သူက ချောင်းမြောင်းတိုက်ခိုက်သူကို သေချာမကြည့်လိုက်နိုင်ခင်မှာပင် အဆင့် ၇ ဒြပ်စင်ထိန်းချုပ်သူက သေဆုံးသွား၏။ ထိုမြင်ကွင်းကြောင့် ဆင့်ခေါ်သူ၏တစ်ကိုယ်လုံးက တုန်ယင်သွား၏။
“ငါ ဒီမှာ အလုပ်ရှုပ်နေတာ မမြင်ဘူးလား… သားရဲတစ်ကောင်က လာပြီး တိုကိခုက်တာကို မင်းတို့ဘာသာ မဖြေရှင်းတတ်ဘူးလား… “ ခေါင်းဆောင်ဓားသမားက ဒေါသဖြင့် ပြန်အော်ပြောလိုက်သည်။ ထိုအခိုက်တွင် သူက မီးလျှံကကြိုးနှင့် တိုက်ခိုက်နေရသဖြင့် အာရုံတစ်ချက်ပင် အပျက်မခံနိုင်ပေ။ သားရဲတစ်ကောင်က လာပြီးတိုက်တာကို သတင်းပို့ဖို့ လိုအပ်လို့လား။ ဒီကောင် ရူးများ ရူးနေတာလား။
ဆင့်ခေါ်သူထံမှ နောက်ထပ် စကားသံ ထွက်မလာသဖြင့် ဆင့်ခေါ်သူက သားရဲကို သူ့ဘာသာဖြေရှင်းနေပြီဟု ခေါင်းဆောင်ဓားသမားက တွေးလိုက်သည်။ ထို့ကြောင့် သူက မီးလျှံကကြိုးနှင့်တိုက်ပွဲကိုသာ ပို၍ အာရုံစိုက်လိုက်သည်။
အမှန်တစ်ကယ်တွင် ဆင့်ခေါ်သူက ရှီဖုန်းခြေထောက်အောက်တွင် သေဆုံးနေပြီး အနားရှိ တခြားမှော်ပညာရှင်၃ယောက်သည်လည်း သေဆုံးနေလေပြီ။ ထိုစဉ်တွင် ရှီဖုန်း၏ နာမည်က ကြက်သွေးရောင်ကဲ့သို့ နီရဲသွား၏။
ထိုအချိန်၌ မီးလျှံကကြိုး၏ အဖွဲ့တွင် ၃ယောက်သာ ကျန်တော့၏။ သူတို့၃ယောက်စလုံး၏ HPကလည်း သုညသို့ ရောက်တော့မည်ဖြစ်သည်။ တခြားတစ်ဖက်မှာတော့ သိုင်းအဖွဲ့တွင် အနီးကပ်တိုက်ခိုက်ရေးသမား ၉ယောက် ကျန်သေးပြီး သူတို့၏HPက ၅၀% အထက်တွင် ရှိနေသေး၏။
“ခေါင်းဆောင်… တစ်ခုခုတော့ မှားနေပြီ… ကျွန်တော့်ရဲ့သွေးက တစ်ဝက်ပဲ ကျန်တော့တယ်… ဒါပေမဲ့ ကုသသူက ပြန်မကုပေးသေးဘူး… “ စစ်သည်တော်တစ်ယောက် အော်ပြောလိုက်သည်။
“သေစမ်း… ကုသသူတွေ ဘာလုပ်နေတာလဲ… မင်းတိုကောင်တွေ နောက်ထပ် မကစားချင်တော့ဘူလား… “ ခေါင်းဆောင်ဓားသမားက ဒေါသတကြီး အော်ဟစ်လိုက်သည်။
သို့သော်လည်း သူက အော်ပြောပြီးသည်နှင့်တစ်ပြိုင်နက် သူ၏နောက်ကျောမှ အေးစက်မှုကို ခံစားမိပြီး အလျင်အမြန် ဘေးသို့ လှိမ့်ရှောင်လိုက်သည်။
ချက်ချင်းဆိုသလိုပင် ဓားပုံရိပ်များက သူရပ်နေသည့်နေရာကို ဖြတ်သွား၏။
တခြားကစားသမား၂ယောက်ကတော့ ကံမကောင်းပေ။ ရှီဖုန်း၏ ဓားများက သူတို့၏နောက်ကျောကို ဖောက်ထွက်သွား၏။ သူတို့က ဘယ်လိုသေသွားမှန်းပင် မသိလိုက်ဘဲ သူတို့၏ခန္ဓာကိုယ်များက မြေပြင်ပေါ်သို့ လဲကျသွားသည်။ သို့သော်လည်း သူတို့၏မျက်လုံးများကတော့ ပွင့်နေလေသည်။
ခေါင်းဆောင်ဓားသမားက သူတို့ထဲတွင် အသန်မာဆုံးဖြစ်သည်။ သို့သော်လည်း သူက မြင်လိုက်ရသည့် မြင်ကွင်းကြောင့် သူ့တစ်ကိုယ်လုံး တုန်ယင်သွား၏။ သူ၏အဖွဲ့သားများသည် စကေးတစ်ခုတောင် မသုံးနိုင်လိုက်ဘဲ ချက်ချင်း အသတ်ခံလိုက်ရသည်။ ဒီလူရဲ့ တိုက်ခိုက်မှုစွမ်းအားက ဘယ်လောင်တောင် ရှိတာလဲ။
“မင်း ဘယ်သူလဲ… ငါတို့ကို ဘာလို့ တိုက်ခိုက်ရတာလဲ… “
ခေါင်းဆောင်ဓားသမားက စိတ်ကို တင်း၍ ဒေါသတကြီး အော်ပြောလိုက်သည်… “ငါတို့ ဘယ်သူလဲ မင်းသိလား… ငါတို့က သိုင်းအဖွဲ့အစည်းအရုံးက အဖွဲ့ဝင်တွေပဲ… မင်း မသေချင်ရင် ဒီနေရာကနေ အခုချက်ချင်း ထွက်သွားလိုက်တော့… ဒါဆိုရင် ငါ မင်းကို ခွင့်လွှတ်ပေးလိုက်မယ်… “
သို့သော်လည်း သူက တစ်ဖက်မှ တုန့်ပြန်သော စကားသံတိုးတိုးကို သူ့နောက်မှ ကြားလိုက်ရသည်။
“ငါက မင်းတို့သိုင်းအဖွဲ့က လူတွေကို သတ်ဖို့လာတဲ့ တစ်ယောက်ပဲ… “
ခေါင်းဆောင်ဓားသမား၏မျက်နှာက ချက်ချင်းဖြူရော်သွားပြီး နောက်သို့ ချက်ချင်း လှည့်ကြည့်လိုက်သည်။ ထူးဆန်းသောလူက သူ့ရှေ့တွင် ရှိနေရာမှ မျက်တောင်တစ်ခတ်အတွင်း သူ့နောက်ကျောသို့ ရောက်နေပြီး သူ့ကို အေးစက်စွာ ပြုံးပြနေသည်။
ခေါင်းဆောင်ဓားသမားက မအော်နိုင်ခင်မှာပင် ရှီဖုန်း၏ ခုတ်ချက်စကေးက သူ့ပေါ်သို့ ကျလာသည်။ မည်းနက်နေသော အသူရာဓားက ခေါင်းဆောင်ဓားသမား၏ရင်ဘတ်ကို ဖောက်ထွက်သွားပြီး ထိခိုက်မှု -၇၀၀ ကျော်က သူ့ခေါင်းပေါ်တွင် ပေါ်လာကာ သူ၏HPက သုညသို့ ချက်ချင်း ရောက်သွား၏။
ရှီဖုန်းက တိတ်ဆိတ်ခြေလှမ်းနှင့်ခုတ်ချက်စကေးကို တွဲသုံးပြီး အဆင့် ၈ ဓားသမားကို ချက်ချင်း သတ်ပစ်လိုက်သည်။
ထိုအချိန်တွင် မီးလျှံကကြိုးက ထိုမြင်ကွင်းကို မြင်ပြီး မှင်သက်သွား၏။ သူမက ခေါင်းဆောင်ဓားသမားကို ခက်ခက်ခဲခဲ ရင်ဆိုင်ရသော်လည်း ထူးဆန်းသည့်ကစားသမားကတော့ တစ်ချက်တည်းဖြင့် သတ်သွားလေသည်။
‘ဒီထူးဆန်းတဲ့ ကစားသမားက ကစားသမားတစ်ယောက်ရော ဟုတ်ရဲ့လား… ‘
‘သူက နတ်ဘုရာနယ်မြေရဲ့ တစ္ဆေတစ်ကောင်တော့ မဟုတ်ပါဘူးနော်… ‘
သိုင်းအဖွဲ့အစည်းအရုံးမှ အဖွဲ့ခေါင်းဆောင် အသတ်ခံလိုက်ရပြီးနောက် တခြားအဖွဲ့ဝင်များက အလွန်ထိတ်လန့်ကြောက်ရွံ့ကုန်သည်။
ရှီဖုန်း၏ အံ့မခန်းအမြန်နှုန်းနှင့် ကြောက်မက်ဖွယ်တိုက်ခိုက်မှုစွမ်းအားကို မျက်မြင်ကိုယ်တွေ မြင်လိုက်ရပြီးနောက်တွင် သူတို့က မကြုံဖူးသော ကြောက်လန့်မှုတစ်ခုကို ခံစားလိုက်ရသည်။
‘သူက ကစားသမားအစစ်လား… ‘
‘သူက သားရဲတစ်ကောင်တော့ မဟုတ်ပါဘူးနော်… ‘
ထိုအတွေးများက သူတို့၏စိတ်ထဲတွင် ပဲ့တင်ထပ်နေပြီး သူတို့၏ခန္ဓာကိုယ်ကလည်း တုန်ယင်နေသည်။
မီးလျှံကကြိုးတွင် နည်းစနစ်ကောင်းများရှိသော်လည်း ထိုအခိုက်အတန့်တွင် သူမက ဂရုမစိုက်ဘဲ တစ်ချက်မှ မလှုပ်ရှားရဲပေ။ သူမက တိတ်ဆိတ်စွာဖြင့် ကြည့်နေရုံသာ တတ်နိုင်လေသည်။ သူမ၏နဖူးတွင် ချွေးများကလည်း စီးကျလာသည်။ သူမ၏ရှေ့တွင် ရှိသည့် ထူးဆန်းသည့်ကစားသမားကသာ သူမကို တိုက်ခိုက်လျှင် သူမက ရာနှုန်းပြည့် သေဆုံးရလိမ့်မည်ဖြစ်သည်။