ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 138
Chapter – 138
မီးလျှံကကြိုးက ရှီဖုန်းကို မြင်လိုက်သည့်အချိန်တွင် သူမမျက်လုံးများက အရောင်လက်သွား၏။ သူမက ရှီဖုန်းထံမှ ပြင်းထန်သောဖိအားကို ခံစားမိသည့်အပြင် မရဏအငွေ့အသက်များကိုလည်း ခံစားမိလေသည်။
ရှီဖုန်း ပေါ်လာသည့်အချိန်မှသာလျှင် သူမက ရှီဖုန်း၏ တည်ရှိမှုကို သတိပြုမိခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း ရှီဖုန်း၏ လှုပ်ရှားမှုနှင့် တိုက်ပွဲနည်းစနစ်များက အလွန်လျင်မြန်သည့်အတွက် သူမ၏အာရုံခံစားမှုကိုပင် ဇဝေဇဝါ ဖြစ်သွားစေသည်။ ခေါင်းဆောင်ဓားသမား သေသွားသည့်အချိန်မှသာလျှင် သူမက ကြက်သေသေသွား၏။
ကုသသူဖြစ်သည့် ဘာသာရေးခေါင်းဆောင် သေဆုံးချိန်မှစ၍ ခေါင်းဆောင်ဓားသမားသေဆုံးချိန်အထိ အရာအားလုံးက ၅စက္ကန့်အတွင်းသာ ဖြစ်ပျက်သွားခြင်းဖြစ်သည်။ ရှီဖုန်းက ပေါ်လာတိုင်း ကစားသမားများက မြေပေါ်သို့ လဲကျသွားရသည်။ ယခု ရှီဖုန်း၏ ပုံစံက သိုင်းအဖွဲ့မှ အဖွဲ့ဝင်များ၏ အသက်ကို ရိတ်သိမ်းနေသည့် ကောက်ရိတ်သမားနှင့်ပင် တူနေလေသည်။
ရှီဖုန်း၏ လက်ရှိသွင်ပြင်ကို သရုပ်ဖော်ရလျှင် ရှီဖုန်းက မျက်နှာကို ဖုံးအုပ်ထားသော အနက်ရောင်အပေါ်ဝတ်ရုံရှည်ကို ဝတ်ဆင်ထား၏။ မကောင်းဆိုးဝါးမျက်နှာဖုံးက သူ၏နာမည်၊အဆင့်နှင့် တခြားအချက်အလက်များကို ဖုံးကွယ်ပေးထား၏။ သူ၏HPဘားတန်းမှလွဲ၍ ဘာကိုမှ မမြင်ရပေ။ ထို့ကြောင့် သူ့ကို သားရဲဟု ထင်ကြခြင်းမှာ အထူးအဆန်း မဟုတ်ပေ။
ရှီဖုန်းက သားရဲ မဟုတ်ကြောင်းကို မီးလျှံကကြိုးက သိနေသည်။ အကြောင်းရင်းမှာ ခေါင်းဆောင်ဓားသမားကို ပြောလိုက်သည့် ရှီဖုန်း၏အသံတိုးတိုးကို ကြားလိုက်ရခြင်းကြောင့် ဖြစ်သည်။
ရှီဖုန်းက သားရဲတစ်ကောင် မဟုတ်ဘဲ ကစားသမားတစ်ယောက် ဖြစ်နေခြင်းက မီးလျှံကကြိုးကို ပို၍ ထိတ်လန့်အံ့ဩစေသည်။
‘ဒီလောက်တောင် သန်မာနေတယ်ဆိုတော့ သူ့ရဲ့ ပင်ကိုယ်အရည်အချင်းအမှတ်တွေက ဘယ်လောင်တောင် မြင့်နေပြီလဲ… ‘
ထိုစဉ်တွင် ရှီဖုန်းကတော့ မည်သို့မျှ မခံစားရပေ။ အဘယ်ကြောင့်ဆိုသော် ထိုကစားသမားများ၏ ပင်ကိုယ်အရည်အချင်းအမှတ်များက သူ့တစ်ဝက်ကိုတောင် မမီကြသောကြောင့်ဖြစ်သည်။
ပုံရိပ်ယောင်ဂိမ်းများက တစ်ကယ်ကို ရက်စက်လှသည်။ အဆင့်တစ်ခုချင်းစီ၏ ကြားထဲမှ ပင်ကိုယ်အရည်အချင်းအမှတ်ကွာဟချက်က မများသော်လည်း အားလုံးကို စုပေါင်းလိုက်သည့်အခါ စုစုပေါင်းစွမ်းအားက အလွန်များပြားသွား၏။
“မြန်မြန်ပြေး… ဒါ သားရဲတစ်ကောင်ပဲ… “
“ငါ ဆက်မတိုက်တော့ဘူး… ဒီသားရဲက အရမ်းကြောက်ဖို့ကောင်းတယ်… “
သူတို့က ပုံရိပ်ယောင်ဂိမ်း ဆော့နေသည်ကို သိသော်လည်း ကျန်နေသေးသော သူတို့ ၆ယောက်က အလွန်အမင်း ကြောက်လန့်နေပြီး သူတို့၏နှလုံးက အရူးအမူး ခုန်နေလေသည်။ သူတို့အဖွဲ့တွင် အသန်မာဆုံးဖြစ်သည့် သူတို့၏အဖွဲ့ခေါင်းဆောင်တောင်မှ မခုခံနိုင်ဘဲ တစ်ချက်တည်းဖြင့် သေဆုံးခဲ့ရသည်။ ချက်ချင်းဆိုသလိုပင် သူတို့က တခြားသူများနှင့် ဆုံတွေ့နိုင်စေရန် ရည်ရွယ်ချက်ဖြင့် ထွက်ပြေးကြလေသည်။
“အခုမှ ထွက်ပြေးတာ နောက်ကျသွားပြီ… “
ရှီဖုန်း လေလမ်းလျှောက်ခြင်းကို အသက်သွင်းပြီး မြှားတစ်စင်းကဲ့သို့ ရှေ့ကို ပြေးထွက်သွားလိုက်ရာ လုပ်ကြံသတ်ဖြတ်သူကို အရင်ဆုံး မီသွား၏။ လုပ်ကြံသတ်ဖြတ်သူက လန့်ဖျပ်ပြီး ခန္ဓာကိုယ်ကို လှည့်ကာ ရှီဖုန်း၏တိုက်ခိုက်မှုကို ကာကွယ်ရန် ကြိုးစားလိုက်သည်။ ကံမကောင်းစွာဖြင့် ရှီဖုန်း၏ တိုက်ခိုက်မှုနှုန်းက အလွန်မြန်ဆန်နေသည်။ အသူရာဓားကို တစ်ချက်ဝေ့ယမ်းလိုက်သည်နှင့်တစ်ပြိုင်နက် ဓားပုံရိပ် ၃ခု ထွက်ပေါ်လာပြီး လုပ်ကြံသတ်ဖြတ်သူရဲ့ သေကွင်းသေကွက်နေရာများပေါ်သို့ ကျသွား၏။ ဓားပုံရိပ်၁ခုကိုပင် မကာကွယ်နိုင်ဘဲ လုပ်ကြံသတ်ဖြတ်သူက ချက်ချင်း သေဆုံးသွား၏။
လျင်မြန်မှုတွင် အမြင့်ဆုံးဖြစ်သည့် လုပ်ကြံသတ်ဖြတ်သူတောင် တစ်ချက် မခုခံနိုင်ဘဲ သေဆုံးသွားသည့်မြင်ကွင်းကို ပြေးနေသည့် တခြားကစားသမားများက မြင်သွားပြီး သူတို့၏စိတ်ထဲရှိ အကြောက်တရားက ပို၍ ပြင်းထန်လာသည်။ ထို့ကြောင့် သူတို့၏ လုံ့လများကို ထွက်ပြေးသည့်နေရာတွင် ပိုပြီး အားစိုက်လိုက်ကြသည်။
သို့သော်လည်း သူတို့နှင့် ရှီဖုန်းကြားရှိ အကွာအဝေးက ပိုပြိး နီးကပ်လာသည့်အတွက် သူတို့၏ကြိုးစားအားထုတ်မှုများက အချည်းနှီး ဖြစ်ရလေသည်။ အသူရာဓားက ကောက်ရိတ်သမား၏ ကောက်ရိတ်ဓားကဲ့သို့ သူတို့၏လည်ပင်းများကို ဖြတ်သွားလေသည်။
အမြန်နှုန်းချင်း ကွာခြားမှုကြောင့် ရှီဖုန်းက ထွက်ပြေးသည့် ကစားသမား ၅ယောက်စလုံးကို အချိန်ခဏလေးအတွင်း သတ်ဖြတ်ပစ်လိုက်သည်။ ထို့နောက် သူက ကျခဲ့သည့် အိုင်တမ်များကို ကောက်ယူလိုက်သည်။
ထိုသိုင်းအဖွဲ့မှ ကစားသမားများအားလုံးက ချပ်ဝတ်တန်ဆာကောင်းများကို ဝတ်ဆင်ထားသည်။ သူတို့အများစုက ကြေးအဆင့်ချပ်ဝတ်တန်ဆာများ ဝတ်ဆင်ထားပြီး တချို့ဆိုလျှင် ထူးခြားသံအဆင့်ချပ်ဝတ်များကိုပင် ဝတ်ဆင်ထား၏။ သို့သော်လည်း အားလုံးက အဆင့် ၄ သို့မဟုတ် ၅ ချပ်ဝတ်တန်ဆာများသာ ဖြစ်သည်။ ထိုစဉ်တွင် သူတို့က သေဆုံးပြီးနောက် တစ်ယောက်ချင်းစီတိုင်းက အနည်းဆုံး ချပ်ဝတ်တန်ဆာတစ်ခုတော့ ချပေးထားခဲ့၏။
ကစားသမား ၁၈ယောက်ဖြစ်သည့်အတွက် အနည်းဆုံးတော့ ရှီဖုန်းက အဆင့် ၄မှ အဆင့် ၅အထိ ကြေးအဆင့် ချပ်ဝတ်တန်ဆာ ၁၈ခုကို ရရှိပေလိမ့်မည်။ ထိုအိုင်တမ်များကိုသာ ပြန်ရောင်းလိုက်လျှင် သူ့အတွက် ဝင်ငွေတချို့ ရရှိလာလိမ့်မည်ဖြစ်သည်။
ရှီဖုန်းက ကျသည့်အိုင်တမ်များကို ကောက်ယူနေစဉ်တွင် အဝေး၌ ရပ်နေသည့် မီးလျှံကကြိုးက သူမ၏အပြင်းအထန်ခုန်နေသော နှလုံးသားလေးကို သူမ၏နူးညံ့သော လက်လေးဖြင့် အုပ်ထားလေသည်။ သူမက အနည်းငယ် တည်ငြိမ်သွားပြီးနောက် သတ္တိမွေးကာ ရှီဖုန်းထံသို့ လျှောက်သွားလိုက်သည်။ ထို့နောက် သူမက ပြောလိုက်သည်… “ကျွန်မနာမည် မီးလျှံကကြိုးပါ… ကျွန်မတို့ကို ကယ်တဲ့အတွက် ကျေးဇူးတင်ပါတယ်… “
အမှန်ဆိုလျှင် မီးလျှံကကြိုးက မျှော်လင့်ချက်ကင်းမဲ့နေပြီး သေဆုံးရန်အတွက် ပြင်ဆင်ထားခဲ့သည်။
သို့သော်လည်း တစ်စုံတစ်ယောက်က ရုတ်တရက် ရောက်လာပြီး သိုင်းအဖွဲ့မှ ကစားသမားများအားလုံးကို သတ်ပစ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။
အရာအားလုံးက အိမ်မက်ဆန်ဆန် ဖြစ်ပျက်သွား၏။
မီးလျှံကကြိုးက အစတွင် ထူးဆန်းသောလူသည် သူမတို့ကို သတ်ပြီး သူမတို့၏ ချပ်ဝတ်တန်ဆာများကို ယူဆောင်သွားလိမ့်မည်ဟု ထင်ထားခဲ့သော်လည်း ထူးဆန်းသောလူ၏ အပြုအမူကို သုံးသပ်ပြီးနောက် ထူးဆန်းသောလူက သူမတို့ကို အန္တရာယ်ပြုမည် မဟုတ်ကြောင်း သိလိုက်သည်။ မဟုတ်လျှင် ထူးဆန်းသောလူက သူမတို့၏အသက်ကို အစောကြီးကတည်းက သိုင်းအဖွဲ့မှ ကစားသမားများနှင့်အတူ နုတ်ယူပစ်လိမ့်မည်ဖြစ်သည်။
“မင်း ငါ့ကို ကျေးဇူးတင်ဖို့ မလိုဘူး… ဒီလူတွေရဲ့ မူလအကြံက ငါ့ကို ထောင်ချောက်ဆင်ဖို့ပဲ… မင်းတို့တွေ မြန်မြန်ထွက်သွားသင့်ပြီ… ဒီနေရာက အခု အရမ်းအန္တရာယ်များတယ်… ပြီးတော့ သိုင်းအဖွဲ့က တခြားလူတွေလည်း ဒီနေရာကို မကြာခင် ရောက်လာတော့မယ်… “ ရှီဖုန်းက အိုင်တမ်များကို ကောက်ယူပြီးနောက် နူးညံ့စွာ ပြောလိုက်သည်။
သူက မီးလျှံကကြိုးနှင့် သူမ၏အဖော်များကို အလျဉ်းသင့်၍ ကူညီလိုက်ခြင်း ဖြစ်သည်။
မီးလျှံကကြိုးက ရှီဖုန်း၏ စကားကြောင့် သူမ၏စိတ်တစ်ခုလုံး ဗလာဖြစ်သွား၏။ သူမ၏ပြူးကျယ်နေသော မျက်လုံးအစုံက ရှီဖုန်းကို စိုက်ကြည့်နေပြီး သူမ၏နှလုံးသားလည်း ပို၍ လျင်လျင်မြန်မြန် ခုန်ပေါက်လာသည်။
“ရှင်… ရှင်က ရီဖုန်းလား… “ မီးလျှံကကြိုးက မယုံကြည်နိုင်စွာဖြင့် မေးလိုက်သည်။
သူမက လေပြင်းတောင်ကြားသို့ လာရသည့်အကြောင်းရင်းမှာ သိုင်းအဖွဲ့က ရီဖုန်း၏အဖွဲ့ဝင်များကို တိုက်ခိုက်ရန် ကြံစည်နေသည်ဟု သတင်းကြားခဲ့ခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့် သူမက ရီဖုန်း၏အဖွဲ့ဝင်များကို ကူညီရန် တွေးခဲ့သည်။ သူမက ကံကောင်းလျှင် ရီဖုန်းနှင့်လည်း တွေ့နိုင်သည်ဟု တွေးခဲ့သည်။
သူမက ရီဖုန်းကို ကူညီရန် တွေးထားခဲ့သော်လည်း နောက်ဆုံးတွင် ရီဖုန်းကသာ သူမကို ပြန်ကယ်ခဲ့လေသည်။
‘ကံတရားက စီစဉ်ပေးထားတာလား… ‘
ထိုအချက်ကို တွေးမိပြီး မီးလျှံကကြိုး၏ နှင်းကဲ့သို့ ဖြူဖွေးသော ပါးမို့မို့လေးက အနည်းငယ် နီမြန်းသွား၏။ သူမက အတွေးလွန်နေသည်ဟု ခံစားလိုက်ရပြီး ဘာကြောင့် ထိုကဲ့သို့ အတွေးများ ဖြစ်ပေါ်လာရသည်ကိုလည်း စိတ်ထဲ မရှင်းမလင်း ဖြစ်သွား၏။
“ဟုတ်တယ်… ငါက ရီဖုန်းပဲ… ငါ့ကို သိလို့လား… “
ရှီဖုန်းက စိတ်လှုပ်ရှားနေသော မီးလျှံကကြိုးကို မဟေဠိမျက်လုံးများဖြင့် ကြည့်လိုက်သည်။ သူက သူ့ရှေ့မှ အလှလေးနှင့် အသိအကျွမ်း မဟုတ်သည်မှာ ကျိန်းသေသည်။ သို့သော်လည်း မီးလျှံကကြိုး၏ အမူအရာများက သူ့ကို ရင်းနှီးနေသည့်ဟန် ပေါ်သည်။
ထိုစဉ်တွင် စစ်သည်တော်ရေကျွဲက ရီဖုန်းဖြစ်ကြောင်း ရှီဖုန်း၏ဝန်ခံစကားကို ကြားပြီးနောက် သူက ဆွံ့အနေလေသည်။
ယခင်က သူသည် မီးလျှံကကြိုး၏ အိုင်ဒေါဖြစ်သူ ရီဖုန်းက အလွန်အစွမ်းမထက်ဘဲ တခြားသူများက ချဲ့ကားပြောနေသည်ဟုသာ ထင်ခဲ့သည်။
ယခုတော့ သူကိုယ်တိုင် ထိုချဲ့ကားပြောသည့်စကားများကို အကြွင်းမဲ့ ယုံကြည်လိုက်လေပြီ။
ရှီဖုန်း၏ ကျော်ကြားသော ဂုဏ်သတင်းများက အမှားမဟုတ်သည်မှာ ၁၀၀ ရာခိုင်နှုန်း သေချာသွားပြီဖြစ်၏။
သူတို့အဖွဲ့ကတောင် မနိုင်သည့် သိုင်းအဖွဲ့မှ လက်ရွေးစင်အဖွဲ့တစ်ဖွဲ့ကို ရီဖုန်းက တစ်ယောက်တည်း ရင်ဆိုင်နိုင်ခဲ့သည်။ ယခင်က တခြားသူများကသာ ထိုအကြောင်းကို ပြောပြမည်ဆိုလျှင် သူက ဘယ်လိုမှ ယုံကြည်လိမ့်မည် မဟုတ်ပေ။ သို့သော်လည်း ယခုတော့ သူက ရီဖုန်းကို အားကျသည့် မျက်လုံးများဖြင့် ကြည့်နေရသည်။
‘ရီဖုန်းက မီးလျှံကကြိုးရဲ့ အိုင်ဒေါဖြစ်လာတာ အံ့ဩစရာတော့ မရှိဘူးပဲ… ‘
“အစ်ကိုကြီးရီဖုန်းက ဒီအကြောင်းကို မသိလို့ပါ… အမှန်တစ်ကယ်တော့ အစ်မမီးလျှံကကြိုးက အစ်ကိုကြီးရဲ့… “
ရေကျွဲက စကားဆုံးအောင် မပြောနိုင်ခင်မှာပင် မီးလျှံကကြိုး၏ ခြေကန်ချက်တစ်ခုကို လက်ခံရရှိလိုက်၏။ သူက နာကျင်မှုကြောင့် ရှုံ့မဲ့သွားသော်လည်း မီးလျှံကကြိုး၏ မီးဝင်းဝင်းတောက်နေသည့် မျက်လုံးများကို မြင်ပြီး ပါးစပ် မဟရဲတော့ချေ။
“ငါ့ရဲ့ ဘာလဲ… “ ရှီဖုန်းက ပဟေဠိဖြစ်သွား၏။
“ဘာမှမဟုတ်ပါဘူ… ရေကျွဲက ဝက်ရူးပြန်ရောဂါ ထနေတာပါ… အစ်ကိုကြီးရီဖုန်း… ကျွန်မတို့နဲ့အတူ မထွက်သွားဘူးလား… “ မီးလျှံကကြိုးက ခေါင်းကို ဖြည်းဖြည်းချင်း ခါလိုက်သည်။
ထို့နောက် သူမက စိုးရိမ်စွာ ပြောသည်… “ဒီတစ်ကြိမ်မှာ သိုင်းအဖွဲ့က ဒီနေရာကို ကစားသမား နှစ်ရာကျော် ပို့လိုက်တယ်… သူတို့က ဒီနေရာတစ်ခုလုံးကို ဝိုင်းထားကြတာ… သူတို့ထဲမှာ အဆင့် ၉ ကျွမ်းကျင်သူတွေတောင် ပါလာတယ်… ပြီးတော့ သူတို့အားလုံးက ထူးခြားသံအဆင့် အစုံတန်ဆာတွေကို ဝတ်ဆင်ထားကြတယ်… သူတို့က ကျွန်မတို့ရဲ့ အဖွဲ့ဝင် အများကြီးကို သတ်ပစ်ခဲ့ကြတယ်… သူတို့သာ ကျွန်မတို့ကို ဝိုင်းမိသွားမယ်ဆိုရင် ကျွန်မတို့မှာ လွတ်ဖို့ အခွင့်အရေး မရှိဘူး… အစ်ကိုကြီးရီဖုန်း… အခု ထွက်ပြေးရင် နောက်မကျသေးပါဘူး… ကျွန်မတို့ နည်းနည်းလောက်သာ နောက်ကျသွားရင် အခွင့်အရေးကို ဆုံးရှုံးသွားလိမ့်မယ်… “
ထိုကျွမ်းကျင်သူများကြောင့်သာ မဟုတ်လျှင် သူမ၏အဖွဲ့က ဆုံးရှုံးမှု ကြီးကြီးမားမား ဖြစ်ခဲ့မည် မဟုတ်ပေ။
“အဆင့် ၉ကျွမ်းကျင်သူတွေလား… “ ရှီဖုန်းက အနည်းငယ် အံ့ဩသွား၏။
လက်ရှိအချိန်တွင် အဆင့် ၉ ကျွမ်းကျင်သူများသည် အနီရောင်သစ်ရွက်မြို့ငယ်၌ အထွတ်အထိပ်တွင်ရှိနေသည့် ကျွမ်းကျင်သူများ ဖြစ်သည်။ သို့သော်လည်း ယခုတော့ ဤနေရာတွင် အဆင့် ၉ ကျွမ်းကျင်သူများ ရုတ်တရက် ပေါ်လာသည်။ ထို့အပြင် သူတို့အားလုံးက သိုင်းအဖွဲ့မှ ဖြစ်သည်။
‘ဒါပေမဲ့ သူတို့မှာ အဆင့်၉ ကျွမ်းကျင်သူတွေ ရှိတော့ရော ဘာဖြစ်လဲ… ‘
သူတို့က သူ့ကို ရင်ဆိုင်ချင်မှတော့ သူကလည်း သူတို့အားလုံးကို ပညာပေးရပေမည်။ အနည်းဆုံးတော့ ရှီဖုန်းက သူ၏ဓားကို စမ်းသပ်ရန်အတွက် သူတို့ကို သုံးနိုင်သေး၏။
“မင်းတို့တွေ မြန်မြန်သွားသင့်ပြီ… ငါ ဒီမှာ ခဏနေပြီး အဲ့ဒီကျွမ်းကျင်သူတွေကို တစ်ချက်လောက် ကြည့်လိုက်ဦးမယ်… “