ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 151 မင်းမှာ အစွမ်းရှိရင် လာခဲ့လိုက်
Chapter – 151 မင်းမှာ အစွမ်းရှိရင် လာခဲ့လိုက်
အလွန်လျင်မြန်စွာပင် တောင်ပိုင်းဝံပုလွေထံမှ ခေါ်ဆိုမှုတောင်းခံလွှာ ရောက်လာသည်။
“မင်း ဘယ်သူလဲ… မင်းမှာ ပြောစရာရှိရင် မြန်မြန်ပြော… ငါ အလုပ်များနေတယ်… “ ရှီဖုန်းက တစ်ဖက်မှ ခေါ်ဆိုမှုကို လက်ခံပြီး စိတ်ရှုပ်နေသည့်အသံဖြင့် ပြောလိုက်သည်။ (အသံခေါ်ဆိုမှုက ဖုန်းခေါ်တာနဲ့ အတူတူပဲနော်။ တချို့တွေ မသိမှာစိုးလို့ပါ။)
“မင်း… ငါ ဘယ်လဲဆိုတာ မင်း သိလား… “
ရှီဖုန်း၏ စကားက တောင်ပိုင်းဝံပုလွေကို အလွန်ဒေါသထွက်စေသည်။ သို့သော်လည်း အဆုံးမှာတော့ သူပဲ သည်းခံလိုက်ရသည်။ အထက်မှ သူ့ကို အမိန့်ပေးထားသည့်အတွက် သူက ပေးအပ်သည့်တာဝန်ကို ကောင်းကောင်း လုပ်ရပေမည်။ တခြားသူများသာ သူ့ကို ဤကဲ့သို့ လာပြောမည်ဆိုလျှင် သူတို့အား ဝမ်းနည်းစရာအဆုံးသတ်နှင့် ကြုံတွေ့အောင် လုပ်ပစ်နိုင်သည်။
“မင်းမှာ ပြောစရာ မရှိဘူးဆိုရင်… ငါ ဖုန်းချလိုက်ပြီ… “
တောင်ပိုင်းဝံပုလွေက ဒေါသတကြီးဖြင့် ပြောလိုက်သည်… “ငါ့မှာ ပြောစရာ မရှိရင် မင်းကို ဘာလို့ ဆက်သွယ်နေမှာလဲ… “
“ပြောစရာရှိရင်လည်း မြန်မြန်ပြော… ငါ အလုပ်များနေတယ်… “ ရှီဖုန်းက စိတ်မရှည်သည့်လေသံဖြင့် ပြန်ပြောလိုက်သည်။
တောင်ပိုင်းဝံလွေက ရှီဖုန်း၏ စကားကြောင့် ဒေါသများ ပေါက်ကွဲထွက်လုနီးပါး ဖြစ်သွား၏။ ရှီဖုန်းကဲ့သို့ သာမန်ကျွမ်းကျင်သူတစ်ယောက်က သူ့ကို ဤကဲ့သို့ ပြောနေသည့်အတွက် ဘယ်လိုလုပ်ပြီး ဒေါသမထွက်ဘဲ နေရမည်နည်း။ သို့သော်လည်း တစ်စုံတစ်ခုကို စဉ်းစားမိသွားပြီ ရှီဖုန်းက သူ့ကို မသိသောကြောင့်သာ ဤကဲ့သို့ ပြောရဲခြင်းဖြစ်သည်ကို နားလည်သွား၏။
“ငါ တည်ငြိမ်ဖို့ လိုတယ်… တည်ငြိမ်စမ်း… “ တောင်ပိုင်းဝံပုလွေက သူ့ကိုယ်သူ ဖြေသိမ့်လိုက်သည်… “သူက ငါဘယ်သူလဲဆိုတာသာ သိရင် ကျိန်းသေ ဆွံ့အသွားလိမ့်မယ်… “
“ငါက မြေအောက်ကမ္ဘာရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ယောက်ပဲ… မင်းက မြေအောက်ကမ္ဘာကို မကြားဖူးဘူး.. ဟုတ်တယ်မလား… မြေအောက်ကမ္ဘာက လျှို့ဝှက်အဖွဲ့အစည်းကြီးတစ်ခုပဲ… ကစားသမားတစ်ယောက်က သတ်မှတ်တဲ့ အရည်အချင်း မရှိဘူးဆိုရင် ငါတို့အဖွဲ့အစည်းအကြောင်းကို သိမှာ မဟုတ်ဘူး… ငါတို့အဖွဲ့အစည်းအစည်းရဲ့ အင်အားကို ပြောပြရရင်… အကြွင်းမဲ့ကောင်းကင်ဘုံတောင် ၃နှစ်တိတိ ကြိုးစားပြီးမှ အခု အပြင်အဖွဲ့ဝင်တစ်ယောက် ဖြစ်လာတာ… ဒါတောင် သူက အနိမ့်ဆုံးအဆင့်မှာပဲ ရှိသေးတယ်… “
“ဘာ… အကြွင်းမဲ့ကောင်းကင်ဘုံတောင် မြေအောက်ကမ္ဘာရဲ့ အပြင်အဖွဲ့ဝင်ပဲ ဖြစ်သေးတာလား… “ ရှီဖုန်းက အနည်းငယ် အံ့အားသင့်သွား၏။
သူက မြေအောက်ကမ္ဘာအဖွဲ့အစည်း၏ နာမည်ကို တစ်ခါမှ မကြားဖူးပေ။ ထို့ကြောင့် မြေအောက်ကမ္ဘာက ဘယ်လောက်အင်အားကြီးလဲ သူ မသိပေ။ သို့သော်လည်း အကြွင်းမဲ့ကောင်းကင်ဘုံကဲ့သို့ ထိပ်တန်းအဆင့် ကျွမ်းကျင်သူတစ်ယောက်က အပြင်အဖွဲ့ဝင်ပဲ ဖြစ်သေးသည်ဟု ဆိုလျှင် မြေအောက်ကမ္ဘာ၏ အင်အားကို ကောင်းကောင်းခန့်မှန်းနိုင်ပြီဖြစ်၏။
ရှီဖုန်းက တောင်ပိုင်းဝံပုလွေ ညာနေသည်ဟု မထင်ပေ။ နတ်ဘုရားနယ်မြေတွင် နှစ်ပေါင်းများစွာ ကျင်လည်လာခဲ့သဖြင့် လူတစ်ယောက်က လိမ်ညာနေလား၊ မညာဘူးလားဆိုတာကို ကောင်းကောင်း ခွဲခြားနိုင်နေလေပြီ။ ထို့အပြင် တောင်ပိုင်းဝံပုလွေ၏ လေသံက အထက်စီးဆန်သည့်အရိပ်အယောင်များလည်း ပါဝင်နေသည်။ ထိုကဲ့သို့လေသံမျိုးက အမြဲတမ်းအကျင့်ဖြစ်နေသည့် လူသာ ပြောနိုင်စွမ်းရှိ၏။
‘ငါက အကြွင်းမဲ့ကောင်းကင်ဘုံကို သတ်လိုက်လို့ ငါ့ကို လက်စားချေချင်တာတော့ မဖြစ်နိုင်ဘူး… ‘ ရှီဖုန်းက စိတ်ထဲမှ ခန့်မှန်းလိုက်သည်။
အကြွင်းမဲ့ကောင်းကင်ဘုံက မည်သည့် အစည်းအရုံးတံဆိပ်ပြားကိုမှ ဝတ်ဆင်ထားခြင်း မရှိသည်ကို ရှီဖုန်းက သတိထားမိ၏။ ထို့ကြောင့် အကြွင်းမဲ့ကောင်းကင်ဘုံက တစ်ကိုယ်တော်လုပ်ကြံသတ်ဖြတ်သူတစ်ယောက်သာ ဖြစ်မည်ဟု တွေးခဲ့သည်။ အကြွင်းမဲ့ကောင်းကင်ဘုံတွင် ဤကဲ့သို့ နောက်ခံမျိုး ရှိလိမ့်မည်ဟုလည်း လုံးဝ ထင်မထားခဲ့ချေ။
ရှီဖုန်း၏ အံ့ဩမှုကို ကြားပြီး တောင်ပိုင်းဝံပုလွေက အနည်းငယ် ကျေနပ်သွား၏။
“အမှန်တော့ ဒါက ထူးခြားတာတော့ မဟုတ်ပါဘူး… မြေအောက်ကမ္ဘာက အပြင်ကမ္ဘာမှာလည်း အင်အားကြီးအဖွဲ့အစည်းတစ်ခုပဲ… ငါတို့ဆီမှာရှိတဲ့ အရင်းအမြစ်တွေနဲ့ သတင်းအချက်အလက်တွေက မင်းထင်ထားတာထက် အများကြီး အများကြီး ပိုတယ်… ငါတို့အဖွဲ့အစည်းရဲ့ အပြင်အဖွဲ့ဝင်တစ်ယောက်က မြို့ကြီးတစ်ခုက အဓိကအင်အားစုကြီးတစ်ခုကို လှုပ်ခါသွားအောင် လုပ်နိုင်စွမ်းရှိတယ်… မင်း သိတဲ့ ဂျမ်းတဲလ်စနိုးဆိုရင်တောင် ငါတို့အဖွဲ့အစည်းအရဲ့ အလယ်အလတ်အဆင့် အဖွဲ့ဝင်တစ်ယောက်နဲ့ အဆင့်အတန်းချင်း တူလိမ့်မယ်… မြေအောက်ကမ္ဘာရဲ့ အထက်ကြီးပိုင်းတွေဆို ပြောမနေနဲ့တော့… “ တောင်ပိုင်းဝံပုလွေက ရယ်မောပြီး ဆက်ပြောလိုက်သည်… “မင်းကို ဒီအကြောင်းတွေ ပြောပြတယ်ဆိုတာ…. ငါတို့အဖွဲ့အစည်းရဲ့ နောက်ခံက ဘယ်လောက်ထိ အင်အားကောင်းလဲ သိစေချင်လို့ပဲ… မင်း ငါပြောတာကို မယုံရင် ဂျမ်းတဲလ်စနိုးကို မေးကြည့်နိုင်တယ်… တစ်စုံတစ်ယောက်က အရည်အချင်း မရှိဘဲနဲ့ မြေအောက်ကမ္ဘာရဲ့ အကြောင်းကို သိနိုင်မှာ မဟုတ်ဘူး… “
“ငါ မင်းကို အခုဆက်သွယ်ရတဲ့ ကိစ္စက မင်းမှာ မြေအောက်ကမ္ဘာကို ဝင်ဖို့အတွက် အရည်အချင်းကို ပိုင်ဆိုင်ထားတယ်ဆိုတာ လာပြောတာပဲ… “
“ငါက အကြွင်းမဲ့ကောင်းကင်ဘုံကို သတ်လိုက်လို့လား… “ ရှီဖုန်းက တည်ငြိမ်စွာ မေးလိုက်သည်။
“အဲ့လိုတော့ ပြောလို့ရတယ်… ဒါပေမဲ့ မင်းမှာသာ အကြွင်းမဲ့ကောင်းကင်ဘုံကို သတ်နိုင်တဲ့ အရည်အချင်း မရှိရင် မင်းကို ငါတို့အဖွဲ့အစည်းက လုံးဝ မျက်လုံးထဲ ထည့်မှာ မဟုတ်ဘူး… “
တောင်ပိုင်းဝံပုလွေက အနည်းငယ် အံ့အားသင့်နေသည်။ သူ၏စကားကို ကြားပြီးနောက်တွင် ရှီဖုန်းက စိတ်လှုပ်ရှားသည့်ဟန် လုံးဝ မပြပေ။ တခြားသူများသာ ဤကဲ့သို့ စကားကို ပြောခံရမည်ဆိုလျှင် သူတို့က အဖွဲ့အစည်းသို့ ချက်ချင်း ဝင်ကြမည်ဖြစ်သည်။ သူတို့က မြေအောက်ကမ္ဘာကို ဝင်လိုက်လျှင် အခွင့်အလမ်းများ အများကြီး ရလာမည်ဖြစ်ပြီး မြေအောက်ကမ္ဘာ၏ ထောက်ပံ့ပေးမှုနှင့်ဆိုလျှင် သူတို့၏ အနာဂါတ်ကလည်း တောက်ပနေမှာ မလွဲဧကန်ပင်။
“ဒါဆို ငါက သဘောတူတာနဲ့ မြေအောက်ကမ္ဘာရဲ့ အပြင်အဖွဲ့ဝင်တစ်ယောက် ချက်ချင်း ဖြစ်နိုင်တယ်လို့ ပြောတာလား… “ ရှီဖုန်းက အခက်အခဲများစွာ ဖြတ်ကျော်ခဲ့ဖူးသဖြင့် သူ့စိတ်က အလွန်အမင်း တည်ငြိမ်နေလေသည်။
ယခင်ဘဝတွင် သူက ရှဲဒိုး၏ အစည်းအရုံးခေါင်းဆောင်တစ်ယောက်ဖြစ်ခဲ့သော်လည်း မြေအောက်ကမ္ဘာအကြောင်းကို တစ်ခါမှ မကြားဖူးခဲ့ပေ။ သို့သော်လည်း ရှီဖုန်းက ထိုကိစ္စကို ထူးဆန်းသည်ဟု မခံစားရပေ။ ရှဲဒိုးက ဒုတိယတန်းစား အစည်းအရုံးတစ်ခုသာ ဖြစ်ပြီး ပထမတန်းစား အစည်းအရုံးများ၏ မျက်လုံးထဲတွင် ရှဲဒိုးအစည်းအရုံးအား ထိုအကြောင်းကို ပြောပြရန် ထိုက်တန်သည်ဟု ထင်ကြမည် မဟုတ်ပေ။
“အဲ့လို ပြောနိုင်ပါတယ်… ဒါပေမဲ့ မြေအောက်ကမ္ဘာကို မင်း ဝင်ချင်တယ်ဆိုရင်တောင် ဒီလောက် မလွယ်ကူသေးဘူး… အခုက ဝင်ဖို့အတွက် အရည်အချင်း ပြည့်မီရုံပဲ ရှိသေးတာ… ပြီးတော့ မင်းက တစ်ခုခုကို လိုချင်ရင် တန်ဖိုးညီတဲ့ တစ်ခုခုကို ပြန်ပေးရတယ်ဆိုတာ မင်း သိမှာပါ… မင်းကသာ မြေအောက်ကမ္ဘာကို ဝင်ဖို့အတွက် တန်ဖိုးတစ်ခု ပေးနိုင်မယ်ဆိုရင် မင်းက မြေအောက်ကမ္ဘာရဲ့ အပြင်အဖွဲ့ဝင်တစ်ယောက် ဖြစ်လာလိမ့်မယ်… “
“ငါက ဘယ်လိုအရာ ပြန်ပေးရမယ်ဆိုတာ ပြောပြနိုင်မလား… “
“မြေအောက်ကမ္ဘာကို ဝင်ဖို့အတွက် တန်ဖိုးက နည်းနည်းတော့ များတယ်… အကြွင်းမဲ့ကောင်းကင်ဘုံဆိုရင် ဝင်ဖို့အတွက် ၃နှစ်ဝန်းကျင်လောက် ကြိုးစားပေးခဲ့ရတယ်… ဒါပေမဲ့ မင်းကတော့ အရမ်းကံကောင်းပါတယ်… ငါ စုံစမ်းထားတဲ့ သတင်းအရဆိုရင် မင်းဆီမှာ တိုက်ခိုက်မှုစွမ်းအားကို တိုးပေးပြီး ချပ်ဝတ်တန်ဆာတွေကို ဖျက်ဆီးနိုင်တဲ့ မီးတောက်တစ်ခု ပိုင်ဆိုင်ထားတယ်… အဲ့မီးတောက်နဲ့ ရွှေပြား ၁၀ပြားကို ဝင်ကြေးအဖြစ် ပေးပြီးတာနဲ့ မင်းက မြေအောက်ကမ္ဘာရဲ့ အပြင်အဖွဲ့ဝင်တစ်ယောက် ဖြစ်လာလိမ့်မယ်… “
“ငါ သိပြီ… “ ယခုမှသာ ရှီဖုန်းက တစ်ဖက်မှ ရည်ရွယ်ချက်ကို နားလည်သွား၏။
မြေအောက်ကမ္ဘာအဖွဲ့အစည်းက အပြင်ကမ္ဘာရှိ ကုန်သည်ကြီးများအသင်းနဲ့ အလားသဏ္ဍာန်တူသည်။ တစ်ယောက်က အဖွဲ့အစည်းသို့ ဝင်ရောက်ပူးပေါင်းလိုလျှင် သူတို့က အဖွဲ့ဝင်ကြေး ပေးရန် လိုအပ်သည်။ အဖွဲ့အစည်းအတွင်းတွင် အဖွဲ့ဝင်များက အချင်းချင်း ကူညီခြင်း၊ သတင်းအချက်အလက်များ ဖလှယ်ခြင်းနှင့် အရင်းအမြစ်များ ဝေငှခြင်း စသည့် ကိစ္စများကို ပြုလုပ်နိုင်သည်။ ထို့ကြောင့် အဖွဲ့ဝင်များက ကိုယ်ပိုင်စီမံကိန်းများနှင့် ပက်သတ်၍ စီးပွားရေးအခွင့်အလမ်းများကို ပို၍ ရရှိလာမည်ဖြစ်သည်။
“မင်း နားလည်တယ်ဆိုရင် ဘယ်အချိန်လောက် ပေးမယ်လို့ စဉ်းစားထားလဲ… ငါက အနီရောင်သစ်ရွက်မြို့ငယ်မှာ အချိန်အကြာကြီး မနေနိုင်ဘူး… ငါ့မှာ တခြားလုပ်စရာတွေ ရှိသေးတယ်… “ တောင်ပိုင်းဝံပုလွေက ရယ်မောကာ ပြောလိုက်သည်။
သူက ရီဖုန်းထံမှ အံ့ဖွယ်အိုင်တမ်ကို ရရှိပြီးနောက် သူ၏နှစ်ပေါင်းများစွာ စုဆောင်းထားသည့် ငွေကြေးပစ္စည်းများနှင့်ဆိုလျှင် သူက မြေအောက်ကမ္ဘာ၏ အလယ်အလတ်အဖွဲ့ဝင်တစ်ယောက် ဖြစ်လာလိမ့်မည်ဖြစ်၏။
“တောင်းပန်ပါတယ်… ငါ မပူးပေါင်းနိုင်ဘူး… မင်း တခြားတစ်ယောက်ကိုသာ ရှာလိုက်ပါ… “ ရှီဖုန်းက ခက်ထန်သည့် လေသံဖြင့် ပြောလိုက်သည်။
သူက ယခင်ဘဝမှ မှတ်ဉာဏ်များကို ပိုင်ဆိုင်ထားသဖြင့် သူက တစ်စုံတစ်ယောက်၏ အဖွဲ့အစည်းကို ဝင်ရန် မလိုအပ်ပေ။ သူ၏ အားသာမှုများနှင့်ဆိုလျှင် သူက တခြားသူများ သတိမထားမိသည့် သတင်းအချက်အလက်များကို သိထား၏။ ထို့ကြောင့် သူက အနာဂါတ်တွင် မည်သို့ လုပ်ရမည်ကို ကောင်းကောင်း သိ၏။ မြေအောက်ကမ္ဘာကသာ သူ့ကို တန်းတူအခွင့်အရေးဖြင့် အကျိုးတူပူးပေါင်းမည်ဆိုလျှင် သူကလည်း ထိုကိစ္စကို စဉ်းစားပေးနိုင်သည်။ သို့သော်လည်း သူ့အတွက် မြေအောက်ကမ္ဘာ၏ အဖွဲ့ဝင်နေရာက တစ်စုံတစ်ယောက်၏ ကျွန်တစ်ယောက်နှင့် မခြားနားပေ။
ယခု သူ၏ အလုပ်ရုံကြီးတစ်ခုကိုလည်း စတင်တည်ထောင်နေပြီဖြစ်သည်။ သူ၏လက်ရှိ ရည်မှန်းချက်က အစည်းအရုံးကြီးတစ်ခုကို တည်ထောင်ရန်ဖြစ်သည်။ ထို့ကြောင့် သူက မြေအောက်ကမ္ဘာကို ဝင်ရန် မလိုအပ်ပေ။ မြေအောက်ကမ္ဘာမှ ရရှိသော နတ်ဘုရားနယ်မြေ၏ သတင်းအချက်အလက်များက တခြားသူများ၏ မျက်လုံးထဲတွင် အလွန်အဖိုးတန်သော်လည်း ရှီဖုန်းအတွက်ကတော့ သာမန်မျှသာ ဖြစ်သည်။
သူက စကားများများပြောနေသည့် အကြောင်းရင်းမှာ မြေအောက်ကမ္ဘာအကြောင်းကို ပိုသိချင်၍ ဖြစ်သည်။
“မင်း ဘာပြောလိုက်တာလဲ… “ တောင်ပိုင်းဝံပုလွေက နားကြားမှားလေသလားဟုပင် တွေးလိုက်သည်။ သူက အချိန်တော်တော်ကြအောင် ရှင်းပြပြီးနောက်တွင် ရှီဖုန်းက ငြင်းပယ်လိမ့်မည်ဟု မထင်ထားခဲ့ချေ။
“ငါ မြေအောက်ကမ္ဘာကို ဝင်ဖို့ စိတ်မဝင်စားဘူး… မင်း တခြားတစ်ယောက်ယောက်ကို ရှာသင့်တယ်… “ ရှီဖုန်းက နောက်တစ်ကြိမ် ထပ်မံ၍ ငြင်းပယ်လိုက်သည်။
“မင်းက ငါ့ကို ကစားနေတာလား… “ တောင်ပိုင်းဝံပုလွေက ဒေါသတကြီး ပြောလိုက်သည်။
“မင်းရဲ့ အပြုအမူက ဘယ်လိုအကျိုးဆက်တွေ ဖြစ်လာမလဲဆိုတာ မင်း သိလား… “
“မင်းပဲ ငါ့ကို အရင်ဆုံး ဆက်သွယ်တာ မဟုတ်ဘူးလား… အခု ငါက မြေအောက်ကမ္ဘာကို မဝင်ချင်တာနဲ့ပဲ ငါ့ကို ခြိမ်းခြောက်ဖို့ ကြိုးစားနေတာလား… “ ရှီဖုန်းက လှောင်ပြောင်လိုက်သည်။
“မင်းက ငါနဲ့ ကစားရဲမှတော့… ဒီအတွက် မင်း ပြန်ပေးဆပ်ရမယ်… မီးတောက်ကို ပေးလိုက်ပါ… ဒါဆို ဘာမှမဖြစ်ခဲ့ဘူးလို့ ငါ မှတ်လိုက်မယ်… မဟုတ်ရင် မြေအောက်ကမ္ဘာရဲ့ ဒေါသကို ခံစားဖို့ ပြင်ထားလိုက်တော့… “ တောင်ပိုင်းဝံပုလွေက ခြိမ်းခြောက်လိုက်သည်။
“ဟဟဟ… နောက်ဆုံးတော့ မင်းရဲ့ မြေခွေးအမြီး ပေါ်လာပြီပေါ့… အစကတည်းက မင်းရဲ့ ရည်ရွယ်ချက်က မီးတောက်ကို ယူဖို့ပဲ ဟုတ်တယ်မလား… ငါ့ရဲ့ မီးတောက်က သာမန်မဟုတ်တာကို အကြွင်းမဲ့ကောင်းကင်ဘုံဆီကနေ သိပြီး ယူချင်နေတာမလား… “
ရှီဖုန်းက တည်ငြိမ်စွာ ဆက်ပြောလိုက်သည်… “ငါကလည်း မင်းကို စကားတစ်ခွန်းတော့ ပြောလိုက်ချင်တယ်… မင်းမှာ အစွမ်းရှိရင် လာခဲ့လိုက်… “