ပြန်လည်မွေးဖွားလာသော ဓားနတ်ဘုရား - Chapter - 155 နောက်တစ်ကြိမ် ဝါးမြိုခြင်း
Chapter – 155 နောက်တစ်ကြိမ် ဝါးမြိုခြင်း
အချိန်တော်တော်ကြာအောင် လှုပ်ရှားပြီးနောက် ဘလက်ကီနှင့်အဖော်မဲ့နှင်းက ရွှေငါးတစ်ကောင်ကို ဖမ်းနိုင်သွား၏။
ထိုအချိန်တွင် သူတို့က ဖော့စ်၏တာဝန်ကို အထင်သေးခဲ့မိကြောင်း နားလည်သွား၏။ တစ်ပိုင်းတစ်စ ဒဏ္ဍာရီအဆင့် အိုင်တမ်ပင် မဆိုထားနှင့် မဟူရာရွှေအဆင့် အိုင်တမ်တစ်ခုတောင် အိမ်မက်အဖြစ်သာ ရှိနေပေလိမ့်မည်။
“ဒီဖိုးဖိုးက မင်းတို့ကို အစောကြီးကတည်းက ပြောပါတယ်… မင်းတို့လေးတွေ အရမ်းအားနည်းသေးတယ်… ကောင်းကင်ဘုံနဂါးရဲ့ ဝင်သက်တစ်ရှိုက်ကို မေ့ထားပြီး ဖြစ်နိုင်တာကိုပဲ တွေးကြ… မဟုတ်ရင် နောက်ဆုံးမှာ မင်းတို့တွေ ဘာမှမရဘဲ နေဦးမယ်… “ လေထဲတွင် မျောနေသော ဖော့စ်မှ ပြုံးပြီး လှမ်းပြောလိုက်သည်။
အမှန်တစ်ကယ်တွင် ဖော့စ်က တစ်ပိုင်းတစ်စ ဒဏ္ဍာရီအဆင့် အိုင်တမ်ဖြင့် ရှီဖုန်းတို့အဖွဲ့အား ကျီစယ်လိုက်ခြင်းဖြစ်သည်။
နတ်ဘုရားနယ်မြေတွင် တစ်ပိုင်းတစ်စ ဒဏ္ဍာရီအဆင့် အိုင်တမ်များသည်လည်း အလွန်အမင်း အဖိုးတန်သည့် အိုင်တမ်များဖြစ်သည်။ ၎င်း၏ တန်ဖိုးက အံ့ဖွယ်အိုင်တမ်၏ တန်ဖိုးထက် ၁၀မက ပိုများ၏။ တစ်စုံတစ်ယောက်က ကံကောင်းလျှင် တစ်ပိုင်းတစ်စ ဒဏ္ဍာရီအဆင့် အိုင်တမ်မှ ဒဏ္ဍာရီအဆင့် အိုင်တမ်သို့ တိုးမြှင့်နိုင်ပေလိမ့်မည်။ ထို့ကြောင့် တစ်ပိုင်းတစ်စ ဒဏ္ဍာရီအဆင့် အိုင်တမ်ကို ရရှိထားသော လူတိုင်းက တခြားသူများအား ပြန်ရောင်းရန် စိတ်ကူး မရှိကြပေ။
ထို့ကြောင့်လည်း ဖော့စ်က တစ်ပိုင်းတစ်စ ဒဏ္ဍာရီအဆင့် အိုင်တမ်အတွက် မဖြစ်နိုင်သော ရွှေငါးအရေအတွက်ကို ချပေးထားခြင်းဖြစ်သည်။
“တော်တော်ညစ်ပတ်တဲ့ အဖိုးကြီးပဲ… သူက ငါတို့နဲ့ ကစားနေရာ အရမ်းသိသာတယ်… “ ဘလက်ကီက အဖွဲ့စကားပြောခန်းမှ ကျိန်ဆဲလိုက်သည်။
“ခေါင်းဆောင်… ငါတို့ ဘယ်လိုလုပ်ကြမလဲ… ငါတို့ တစ်ပိုင်းတစ်စ ဒဏ္ဍာရီအဆင့် အိုင်တမ်နဲ့ မဟူရာရွှေအဆင့် အိုင်တမ်တွေကို လက်လျှော့ပြီး ရွှေစင်အဆင့်အိုင်တမ်အတွက်ပဲ ကြိုးစားရတော့မှာလား… “ အဖော်မဲ့နှင်းက မရနိုင်သော အိုင်တမ်ကို လက်လျှော့ချင်နေလေပြီ။
ရှီဖုန်းက ခေါင်းခါပြီး ပြောလိုက်သည်… “မင်းတို့နှစ်ယောက်က ရွှေငါးတွေကို ဆက်ဖမ်းဖို့ပဲ အာရုံစိုက်ထားပါ… ငါက ငါ့ဘာငါ ကြိုးစားကြည့်ဦးမယ်… “
ရှီဖုန်းက တစ်ပိုင်းတစ်စဒဏ္ဍာရီအဆင့် အိုင်တမ်ကို သည်အတိုင်း အလျှော့မပေးချင်ပေ။ သူက နောက်ထပ် တစ်ပိုင်းတစ်စဒဏ္ဍာရီအဆင့် အိုင်တမ်ကို ဘယ်အချိန်ရောက်မှ ထပ်ပြီး တွေ့နိုင်မည်ကို မည်သူမှ မသိနိုင်ပေ။ ထို့အပြင် အိုင်တမ်ကို ရယူရမည့်အခက်အခဲကလည်း ယခုထက် ပို၍ ခက်ခဲလာနိုင်သည်။ ယခုကတည်းက သူသည် တစ်ပိုင်းတစ်စ ဒဏ္ဍာရီအဆင့် အိုင်တမ်ကိုပင် ရအောင် မယူနိုင်လျှင် အနာဂါတ်၌ ဒဏ္ဍာရီအဆင့်ကို ဘယ်လိုလုပ်ပြီး ရယူနိုင်မည်နည်း။
ရှီဖုန်းက ငွေရောင်မြစ်ထဲတွင် ကူးခတ်နေသော ရွှေငါးများဆီသို့ ရုတ်ချည်း ပြေးဝင်သွားသည်။
“ခုတ်ချက်… “
အနက်ရောင်အလင်းတန်းက ရွှေငါး၏ နူးညံ့သော ဝမ်းဗိုက်ကို ထိမှန်သွားပြီး ရွှေငါး၏ ခေါင်းပေါ်တွင် ထိခိုက်မှု -၁၄၀၀ ကျော် ပေါ်လာသည်။ ချက်ချင်းဆိုသလိုပင် ရှီဖုန်းက သာမန်ဓားချက်ဖြင့် ထပ်မံတိုက်ခိုက်လိုက်ရာ ထိခိုက်မှု -၈၀၀ ကျော် ပေါ်လာသည်။
ထို့နောက် ရှီဖုန်းက ငွေရေကန်ဓားကို ဝေ့ယမ်းလိုက်ရာ လျှပ်စီးကြောင်း ၃ခုက ရွှေငါး ၈ကောင်ကို ဖြတ်သွားပြီး ထိခိုက်မှု -၁၀၅၆၊ -၁၃၈၄နှင့် -၁၇၅၈ က သူတို့ခေါင်းပေါ်တွင် ပေါ်လာသည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ရွှေငါးက HP 6000 ကျော် ဆုံးရှုံးသွား၏။
ထိုတိုက်ခိုက်မှုစွမ်းအားက ဖော့စ်ကိုပင် အံ့အားသင့်သွားစေသည်။
“မဆိုးဘူး… “
ဖော့စ်က မုတ်ဆိတ်မွှေးများကို ပွတ်သပ်လိုက်သည်။ သို့သော်လည်း ရှီဖုန်းက ကောင်းကင်ဘုံနဂါး၏ ဝင်သက်တစ်ရှိုက်ကို ရယူနိုင်မည်ဟု မယုံကြည်သေးပေ။ မဟူရာရွှေအဆင့် အိုင်တမ်တစ်ခုကို ရနိုင်ချေတော့ များ၏။
“အစ်ကိုဖုန်း… “
“ခေါင်းဆောင်… “
ရှီဖုန်း၏ တိုက်ခိုက်မှုစွမ်းအားကို မြင်ပြီး ဘလက်ကီနှင့် အဖော်မဲ့နှင်းက ရွှေငါးများကို ဆက်လက်တိုက်ခိုက်ရန် မေ့လျှော့သွားလေသည်။ သူတို့နှစ်ယောက်၏ မျက်လုံးထဲတွင် စိတ်လှုပ်ရှာမှုများဖြင့် ပြည့်နေ၏။ ထိုတိုက်ခိုက်မှုစွမ်းအားဖြင့်ဆိုလျှင် သူတို့က တာဝန်ကို ပြီးမြောက်ရန် မျှော်လင့်ချက်လေး ပေါ်လာလေပြီ။
“ငါ့ကို စိုက်ကြည့်မနေနဲ့… ရွှေငါးကို ဆက်ပြီး တိုက်ခိုက်နေ… “ ရှီဖုန်းက တိုက်ခိုက်နေရင်း အဖွဲ့စကားပြောခန်းမှ သတိပေးလိုက်သည်။
ရှီဖုန်း၏ တရစပ်တိုက်ခိုက်မှုများအောက်တွင် ရွှေငါး၏ HP က ဆက်တိုက် ကျဆင်းနေလေသည်။
အဆုံးတွင် ရှီဖုန်းက ရွှေရောင်ငါးတစ်ကောင်ကို ဖမ်းဆီးရန် စက္ကန့် ၁၀၀ ခန့် အချိန်ပေးလိုက်ရသည်။ သူက ရွှေငါးတစ်ကောင်ကို ဖမ်းရန် ဘလက်ကီနှင့်အဖော်မဲ့နှင်း၏ ကြာချိန် ၅ပုံ ၂ပုံခန့်သာ အချိန်ယူခဲ့ရသည်။
“ထင်ထားတဲ့အတိုင်း မလုံလောက်သေးဘူးပဲ… “ ရှီဖုန်းက အနည်းငယ် မျက်မှောင်ကျုံ့သွား၏။
ဤနှုန်းအတိုင်းဆိုလျှင် သူက ရွှေငါးများကို မရပ်မနား တိုက်ခိုက်လျှင်တောင် ရွှေငါး ၁၇၀မှ ၁၉၀ထိသာ အများဆုံး ဖမ်းနိုင်ပေလိမ့်မည်။ ရွှေငါးကောင်ရေ ၁၀၀၀ ပြည့်ရန် အဝေးကြီး လိုသေး၏။
“ဟဟဟ… ကောင်လေး… မင်းက ငါ့ကို အံ့အားသင့်စေတာပဲ… ဒါပေမဲ့ ငါ အရင်က ပြောသလိုပဲ တစ်ပိုင်းတစ်စ ဒဏ္ဍာရီအဆင့် အိုင်တမ်ကို လက်လျှော့သင့်တယ်…… မင်းတို့ ၃ယောက် ပေါင်းလိုက်ရင်တော့ မဟူရာရွှေအဆင့်အိုင်တမ် ၁ခု ဒါမှမဟုတ် ၂ခု လောက် ရနိုင်တယ်… “ ဖော့စ်က ရယ်မောပြီး ပြောလိုက်သည်။
သာမန်အားဖြင့် ရှီဖုန်းကလည်း ဖော့စ်၏ စကားကြောင့် လက်လျှော့လိမ့်မည် မဟုတ်ပေ။
ရုတ်တရက်ဆိုသလိုပင် အပြာရောင်မီးတောက်တစ်ခုက ရှီဖုန်း၏ လက်ဝါးထဲတွင် ပေါ်လာသည်။ အပြာရောင်မီးတောက်က ရှီဖုန်း၏ တစ်ကိုယ်လုံးကို လျင်မြန်စွာ ဖုံးလွှမ်းသွားပြီး ရှီဖုန်း၏ တိုက်ခိုက်မှုစွမ်းအားကို ၂၀% တိုးပေးလိုက်သည်။
“ငါ မင်းကို အထင်သေးခဲ့မိတာပဲ… မင်းက ထူးခြားမီးတောက်ကိုတောင် ထိန်းချုပ်နိုင်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး… “
ဖော့စ်က ရေခဲပြာနတ်ဆိုးမီးတောက်ကို မြင်ပြီး အံ့ဩသွားပြန်သည်။
“ထူးခြားမီးတောက်ရဲ့ စွမ်းအားကို ကြည့်ရရင် အလွှာ ၂ ထူးခြားမီးတောက်ပဲ… ဒီလိုငယ်ငယ်ကတည်းက အလွှာ ၂ ထူးခြားမီးတောက်ကို ထိန်းချုပ်နိုင်တယ်ဆိုတော့ မင်းက မြင်ရသလောက် မရိုင်းရှင်းဘူးပဲ… ကံဆိုးတာက ဒါလည်း မလုံလောက်သေးဘူး… “
ရေခဲပြာနတ်ဆိုးမီးတောက်၏ ထောက်ပံ့မှုကြောင့် ရှီဖုန်း၏ တိုက်ခိုက်မှုစွမ်းအားများက နောက်တစ်ဆင့်သို့ မြင့်တက်သွားခဲ့သည်။ ထို့နောက် သူက အားကြိုးမာန်တိုက်ဖြင့် တိုက်ခိုက်လိုက်ရာ ကောင်းကင်ထက်တွင် ဓားပုံရိပ်များဖြင့် ပြည့်သွားလေသည်။
ယခု သူ၏ သာမန်ဓားချက်တစ်ချက်က ထိခိုက်မှု တစ်ထောင်ကျော် ဖြစ်စေပြီး ခုတ်ချက်က ထိခိုက်မှု -၁၇၀၀ ကျော် ဖြစ်စေသည်။ ကြောက်စရာအကောင်းဆုံး တိုက်ခိုက်မှုကတော့ မိုးကြိုးမီးတောက်ပေါက်ကွဲခြင်းဖြစ်ပြီး ထိခိုက်မှု -၃၀၀၀ကျော် ဖြစ်စေလေသည်။
ရလဒ်အနေဖြင့် ရှီဖုန်းက ရွှေငါးတစ်ကောင်ကို ဖမ်းရန် ၁မိနစ်ဝန်းကျင်သာ အချိန်ပေးရလေတော့သည်။ ထို့အပြင် မိုးကြိုးလျှပ်စီး၊ မြေခွဲတိုက်ကွက်နှင့် မိုးကြိုးမီးတောက်ပေါက်ကွဲခြင်းကြောင့် တခြားရွှေငါးများကိုပါ ထိခိုက်ဒဏ်ရာ ရစေသည်။ ထိုစကေးများ၏ အသုံးပြုရန် ကြာချိန်က အလွန်ကြာပြီး ရွှေငါးများက တစ်နေရာထဲတွင် အငြိမ်မနေဘဲ ငွေရောင်မြစ်ထဲတွင် ကူးခတ်နေသောကြောင့် ထိုAOE စကေးများ၏အကျိုးသက်ရောက်မှုက အလွန်ကန့်သတ်ခံရ၏။
မရပ်မနား တိုက်ခိုက်နေမည်ဆိုလျှင် ရှီဖုန်းက ၅နာရီအတွင်း ရွှေငါး ၃၀၀ကျော် ဖမ်းနိုင်လိမ့်မည်ဖြစ်သည်။ သို့သော်လည်း ရွှေငါး ၁၀၀၀ပြည့်ရန် အလှမ်းဝေးနေသေး၏။
‘ငါ တစ်ကယ်ပဲ တစ်ပိုင်းတစ်စ ဒဏ္ဍာရီအဆင့်အိုင်တမ်ကို မရနိုင်တော့ဘူးလား… ‘
ရှီဖုန်းက ထိုအဖြစ်ကို လက်မခံနိုင်ဖြစ်နေလေသည်။ မည်သို့ပင်ဆိုစေကာမူ တစ်ပိုင်းတစ်စ ဒဏ္ဍာရီအဆင့်အိုင်တမ်မှာ အလွန်အမင်း ရှားပါး၏။ အိုင်တမ်တစ်ခု တွေ့ခြင်းကပင် ကောင်းကင်ကို ဆန့်ကျင်နေသည့် ကံကောင်းမှုကြောင့် ဖြစ်သည်။
“ဟဟဟ… စိတ်ဓာတ် မကျပါနဲ့ ကောင်လေး… မင်းသာ ကောင်းကောင်းကြိုးစားပါ… ရွှေငါး ၄၀၀ ပြည့်အောင် ဖမ်းနိုင်ရင် အံ့ဖွယ်အဆင့် အိုင်တမ်တစ်ခုနဲ့ လဲပေးမယ်… ဒါက မင်းရဲ့ ကြိုးစားမှုအတွက် ဆုလဒ်ပဲ… “ ဖော့စ်က နှစ်သိမ့်လိုက်သည်။
သို့သော်လည်း ရှီဖုန်းနှင့် တခြားသူများ၏ လက်ရှိစွမ်းအားဖြင့်ဆိုလျှင် အံ့ဖွယ်အဆင့် အိုင်တမ်ကို ရရန် မဖြစ်နိုင်သေးပေ။
“ဒီညစ်ပတ်တဲ့ အဖိုးကြီးက ငါတို့ကို ကစားနေတာပဲ… ငါတို့က ၅နာရီအပြည့် ကြိုးစားမယ်ဆိုရင်တောင် ရွှေငါး ၄၀၀ ပြည့်ဖို့ ရာခိုင်နှုန်းက ၄၀% အောက်မှာပဲ ရှိတယ်… “ ဘလက်ကီက အဖွဲ့စကားပြောခန်းထဲမှ ကျိန်ဆဲလိုက်သည်။ သူက သင်ခန်းစာ ပေးခံရပြီးကတည်းက စကားသံထွက်၍ မကျိန်ဆဲရဲတော့ချေ။
“ငါရဲ့ တိုက်ခိုက်မှုစွမ်းအားက နိမ့်နေသေးတယ်… ပြီးတော့ ငါ့ရဲ့ တိုက်ခိုက်မှုနှုန်းကလည်း နှေးနေသေးတယ်… ငါရဲ့ တိုက်ခိုက်မှုစွမ်းအားနဲ့ တိုက်ခိုက်မှုနှုန်းကို မြင့်တင်ဖို့ လိုတယ်… “
ရှီဖုန်းက သူ၏စွမ်းရည်းများကို တိုးတက်စေရန်အတွက် နည်းလမ်းတစ်ခုကို ကြိုးစား၍ စဉ်းစားလိုက်သည်။
သူက အလယ်အလတ်အဆင့် အေးခဲဗုံးများဖြင့် ၃ယောက်ပေါင်း၍ အသုံးပြုမည်ဆိုလျှင် ရွှေငါး ၄၀၀ကျော် ဖမ်းမိနိုင်သည်။ သို့သော်လည်း ပြဿနာကား သူ့ထံ၌ အလယ်အလတ်အဆင့် အေးခဲဗုံးအရေအတွက် အလုံအလောက် မရှိခြင်းပင် ဖြစ်သည်။ ထို့အပြင် အလယ်အလတ်အဆင့် အေးခဲဗုံးတစ်လုံးကို ငွေပြား ၁၀ပြား တန်ဖိုးရှိ၏။
အလယ်အလတ်အဆင့် အေးခဲဗုံးတစ်လုံးက ရွှေငါးကို ထိခိုက်မှု -၅၀၀ကျော်သာ ပေးနိုင်ပေလိမ့်မည်။ သူတို့က ရွှေငါးတစ်ကောင်ကို သတ်ရန် အလယ်အလတ်အဆင့် အေးခဲဗုံး ၂၀၀ လိုအပ်ပြီး ရွှေပြား ၂၀ ကုန်ကျလိမ့်မည်ဖြစ်သည်။ အေးခဲဗုံး၏ ဧရိယာသက်ရောက်မှုကို ထည့်တွက်လျှင် အေးခဲဗုံး ၂၀၀က ရွှေငါးကောင်ရေ ၂၀ ဝန်းကျင် သတ်နိုင်ပေလိမ့်မည်။ ထိုနှုန်းဖြင့်ဆိုလျှင်တောင် ရွှေငါးတစ်ကောင်၏ တန်ဖိုးက ရွှေပြား ၁ပြားနှင့် ညီမျှနေသည်။ ထိုစဉ်တွင် ရွှေငါးကောင်ရေ ၁၀၀၀အတွက် ရွှေပြား ၁၀၀၀ ကျသင့်မည်ဖြစ်သည်။
တစ်ပိုင်းတစ်စ ဒဏ္ဍာရီအဆင့် အိုင်တမ်တစ်ခုအတွက် ရွှေပြား ၁၀၀၀ဖြင့် ဝယ်ယူခြင်းက နေခင်းကြောင်တောင် ဓားပြတိုက်ခြင်းနှင့် တူသော်လည်း ရှီဖုန်းတွင် ထိုမျှသော ရွှေပြားပမာဏကို မပိုင်ဆိုင်ထားပေ။ ထို့ကြောင့် ထိုနည်းလမ်းက မဖြစ်နိုင်ချေ။
‘ငါ ဘာလုပ်သင့်လဲ… ‘
‘ငါ့ရဲ့ တိုက်ခိုက်မှုစွမ်းအားကို တိုးအောင် ဘယ်လိုလုပ်ရမလဲ… ‘
ရှီဖုန်းက နည်းလမ်းတစ်ဒါဇင်ကျော်ကို စဉ်းစားနိုင်ခဲ့သော်လည်း မည်သည့်နည်းလမ်းကမျှ ဖြစ်နိုင်ချေ မရှိပေ။
ထိုအခိုက်အတန့်တွင် ရှီဖုန်းက နေဘုရားကျောင်းမှ ရရှိခဲ့သော အဆင့် ၁၀ ရွှေစင်အဆင့် မဟာဓားကြီးကို အိတ်ထဲတွင် တွေ့သွား၏။ ထိုမဟာဓားကြီးက အသူရာဓားကို အဆင့်မြင့်ရန်အတွက် ပြင်ဆင်ထားသည့် အိုင်တမ်တစ်ခု ဖြစ်သည်။ သူက အလုပ်များနေသောကြောင့် ထိုကိစ္စကို လုံးလုံးလျားလျား မေ့နေခဲ့သည်။ ယခု သူ့ထံတွင် ငွေရောင်မိုးသောက်ဓား ၁၀လက်ကျော် ရှိသောကြောင့် အသူရာဓားကို အဆင့်မြင့်တင်နိုင်ပြီဖြစ်သည်။
‘ဟုတ်ပြီ… ငါသာ အသူရာဓားကို အဆင့် ၁၀ထိ မြင့်လိုက်ရင် အသူရာဓားရဲ့ အရည်အချင်းအမှတ်တွေက အများကြီး မြင့်တက်သွားလိမ့်မယ်… ‘
ရှီဖုန်းက ထိုအကြောင်းကို တွေးမိပြီး အလွန်ပျော်ရွှင်သွား၏။
ယခု အသူရာဓားက အဆင့် ၅တွင်သာ ရှိသေးသော်လည်း အဆင့် ၁၀ လျှို့ဝှက်ငွေအဆင့်လက်နက်ကို ယှဉ်နိုင်သည်။ အသူရာဓားကသာ အဆင့် ၁၀ သို့ ရောက်သွားလျှင် ဓားက ဘယ်လောက်ထိ အစွမ်းထက်သွားမည်ကို မည်သူမှ မသိနိုင်ပေ။ အသူရာဓားက ရွှေစင်အဆင့် လက်နက်တစ်ခုနှင့် လျှို့ဝှက်ငွေအဆင့် လက်နက်၁၀ခုကို ဝါးမြိုလိုက်လျှင် အသူရာဓားက ယခင်ကထက် များစွာ အစွမ်းထက်သွားမည်မှာ ကျိန်းသေလှသည်။
“ဝါးမြိုဖို့ စတင်လိုက်တာပေါ့… “
ရှီဖုန်းက ချက်ချင်း အဆင့်မြင့်ရန် ရွေးချယ်လိုက်ရာ အသူရာဓားကလည်း ဝါးမြိုခြင်ဖြစ်စဉ်ကို စတင်လိုက်သည်။