သုခကမ္ဘာက ရှီဟောင် - Chapter - 255
Chapter – 255
ကျောက်တုံးပေါ်က ကောင်လေးရဲ့ကိုယ်မှာ မျက်စိကျိန်းစေတဲ့ရောင်ဝါတွေ ထွက်ပေါ်နေသလို သင်္ကေတတွေကလည်း ဆက်လက်လှုပ်ရှားနေလေသည်။ သူ့ကိုယ်ထဲတွင် ရိုက်ခတ်မှုတွေဖြစ်နေတာက နတ်ဘုရားရေက အပြင်းအထန်ခုခံနေကြောင်း ပြသနေသလိုပင်။
တဖြေးဖြေးနဲ့ နတ်ဘုရားရေတွေက ရှီဟောင်နဲ့ပေါင်းစပ်လာလေသည်။ ရှီဟောင်ရဲ့သန့်စင်မှုက အောင်မြင်တဲ့အလားအလာပင်။ ဒါကြောင့်မို့ သူ့စွမ်းအားတွေ အရင်ကထက် တိုးလာလေသည်။
သို့ပေမယ့် ဒါက အနည်းငယ်သာသန့်စင်နိုင်သေးတာဖြစ်သည်။ တကယ်လို့ အကုန်လုံးကိုသန့်စင်ဖို့ကြိုးစားမယ်ဆိုရင် အရမ်းကိုခက်ခဲမယ့်အပြင် သူ့ကိုယ်ကိုပါ အန္တရာယ်ဖြစ်လာနိုင်စေသေးသည်ပေ။
ရှီဟောင်က ေ၇ှးကျတဲ့ကောင်းကင်အဆင့် ကြောက်မက်ဖွယ်သားရဲတစ်ကောင်လို ခန္ဓာရှိထားလို့သာ အခုလို ခံနိုင်ရည်နေခဲ့ခြင်းပင်။ မဟုတ်ပါက ပေါက်ကွဲထွက်သွားတာကြာလေပြီ။
“ ဝူးဝူးဝူး မဟုတ်ဘူး ဒီအတိုင်းတော့ လက်မလျှော့နိုင်ဘူး”
ရှီဟောင် ပါးစပ်ကိုအုပ်ထားရင်း အော်လေသည်။ နတ်ဘုရားရေတွေကလည်း သန့်စင်ခံရမှာစိုးလို့ အပြင်းအထန် ခုခံလာလေရာ သူ့ကိုယ်မှာ မီးတွေပင် ထတောက်မတတ်ဖြစ်လာလေသည်။
“ ဟ့ သူ ပေါက်ကွဲတော့မှာမလား ငါဒီနားကနေ စောင့်နေရုံပဲ”
ဌက်နီကြီးကလည်း ပါးစပ်ကပြန်ထွက်သွားတဲ့ နတ်ဘုရားရေကို ပြန်မြိုလိုက်ရင်း ရှီဟောင့်ဆီက ထွက်လာမယ့်နတ်ဘုရားရေကို စောင့်နေလေသည်။
ရှောင်ထျန်း ဌက်နီကိုကြည့်ရင်း ထုရိုက်ချင်လာလေသည်။
နတ်ဘုရားရေကြောင့် အန္တရာယ်များနေတာကိုတောင် ဒီဌက်နီက အသုံးချဖို့ တွေးနေသေးသည်။ ဒီဌက်က ကောင်းတဲ့ကောင်မဟုတ်ပေ။
နတ်ဘုရားရေတွေနဲ့ ပြင်းပြင်းထန်ထန်တိုက်ခိုက်နေတဲ့ ရှီဟောင့်ပါးစပ်က အနည်းငယ်ဖောင်းလာကာ ပါးစပ်မပွင့်ပဲနဲ့ ပြောလာလေသည်။
“ ဒီနည်းနဲ့အလုပ်မဖြစ်ဘူးဆိုတော့လည်း လက်နက်တွေပေါ် သန့်စင်ဖို့ကြိုးစားရတော့မှာပေါ့ကွာ”
သူ့ဘ၀တစ်လျှောက်လုံး ဆော့ကစားရင်းနဲ့ကုန်လာခဲ့တာမဟုတ်ပေ။ အများကြီး ြ့ကုံတွေ့လာခဲ့ပြီးနောက်မှာတော့ ဒီလိုအဖိုးတန်တဲ့ နတ်ဘုရားရေကို အလကားတော့အဖြစ်မခံပေ။ အဲ့ဒိအစား လက်နက်တွေအပေါ် သန့်စင်ပြီး အဆင့်တက်လာစေလိုက်ပေမည်။
ရှီဟောင့်အရေပြားတွေက နတ်ဘုရားရေကြောင့် စုတ်ပြဲလာပြီး အရိုးတွေကပင် အသံတွေ ထွက်လာလေသည်။ မကြာခင်မှာပင် အလောင်းဘဝရောက်တော့မည်ကဲ့သို့ အခြေအနေတွေက ဆိုးရွားလာသည်။
ထိုအချိန်တွင် သူ့ကိုယ်ထဲက အစာအိမ်က အလင်းတွေတောက်ပလာပြီး အပူချိန်တွေမြင့်တက်လာလေသည်။ အလင်းတွေကလည်း တောက်ပလိုက်၊ မှိတ်သွားလိုက်ဖြစ်ကာ တက်လိုက်ကျလိုက်ဖြစ်နေသည်။ သူ့ကိုယ်ထဲတွင် အလင်းရောင်တွေနဲ့ပြည့်နှက်လာ၏။ ရုတ်တရက် ကောင်းကင်သည်လည်း ရောင်စုံပြောင်းလာသည်။
ကောင်းကင်က တိမ်တွေကလည်း ထစ်ချုန်းမြည်ကာ လှိုင်းလုံးတွေလို လိမ့်နေလေသလို သူ့အစာအိမ်နဲ့အပြိုင် တက်လိုက်၊ကျလိုက်ဖြစ်လာသည်။
သူရှိရာတောင်ပင် ထစ်ခြုန်းမြည်သံတွေထွက်လာကာ ပတ်၀န်းကျင်တစ်ခုလို ပေါက်ကွဲထွက်တော့မလိုဖြစ်လာလေသည်။
ငွေရောင်၀တ်စုံနဲ့လူငယ်မှာ ရှေ့ကမြင်ကွင်းကို အံ့သြတကြီးငေးကြည့်နေလေသည်။ လန့်သွားပြီး အဖိုးတန်ပစ္စည်းတစ်ခုထုတ်ကာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ထားလိုက်လေသည်။
သူ့ထက်အဖြစ်ဆိုးတာကတော့ ဌက်နီကြီးပင်ဖြစ်သည်။ ပါးစပ်အဟောင်းသားဖြစ်နေပြီး မျက်စိရှေ့က မြင်ကွင်းကို ငေးကြည့်နေလေသည်။ သူ့တောင်ပံတွေလို စိတ်လှုပ်၇ှားပြီး ပလာပလာ အသံထွက်တဲ့အထိ ခတ်နေလေသည်။
လူငယ်လေးရဲ့ရင်ဘတ်ကား ဖောင်းလိုက်ကျလိုက်ဖြစ်နေသလို ကိုယ်ထဲက အရိုးတွေကလည်း အရောင်တွေတောက်ပကာ ကြီးထွားလာလေသည်။ ဒီမြင်ကွင်းက လူတိုင်းကို အံ့သြနပန်းဖြစ်စေလေသည်။ သူ့ဆီက ထွက်လာတဲ့အ၇ှိန်အဝါတွေအရ ပြိုင်ဘက်ကင်းတဲ့နတ်ဘုရားတစ်ပါး မွေးဖွားလာသလို၊ ဖြစ်တည်လာသလို ထင်ရစေသည်။
စစ်မှန်တဲ့နတ်ဘုရားရေတွေက အစိတ်အပိုင်းသေးသေးလေးတွေအဖြစ် ခွဲထွက်ကာ ထွက်ပြေးဖို့ကြိုးစားခဲ့ပေမယ့် နောက်ဆုံးတော့ တက်ကြွစွာ စိတ်လှုပ်၇ှားသလိုဖြစ်လာပြီး ငြိမ်သက်သွားတော့သည်။ ရောင်စုံအလင်းတွေက ရှီဟောင့်အစာအိမ်ထဲကိုသာ တိုး၀င်ကုန်လေသည်။
ဒီနေရာမှာ နေမင်းတစ်စင်းရှိနေသလို အလွန်းအမင်းကို တောက်ပလာကာ မျက်လုံးနဲ့ပင် မြင်ရဖို့မစွမ်းသာတော့ပေ။ နေမင်းရဲ့အလင်းကတောင်မှ ရှီဟောင့်ကိုယ်ကို မထွင်းဖောက်နိုင်သကဲ့သို့ ထင်ရလေသည်။
သူ့ကိုယ်က သွေးအဆီအနှစ်တွေကလည်း ကြယ်တွေလိုတောက်ပလာနေကာ နောက်ကလိုက်ပြီး သန့်စင်ဖို့လုပ်လေသည်။
စစ်မှန်တဲ့နတ်ဘုရားရေက အာဟာရဓာတ်ပါရုံသာရှိတာမို့ သွေးအဆီအနှစ်တွေရဲ့ ဝါးမြိုမှုကို ခံလိုက်ရလေသည်။ ထိုနေရာတွင် နေအသေးစားတစ်စင်းလိုဖြစ်လာတာဟာ အဆင့်တန်းမြင့် တောရိုင်းကောင်တစ်ကောင် မွေးဖွားလာခဲ့သလိုကို တောက်ပလွန်းလေသည်။
ရှီဟောင်ရဲ့စိတ်ထဲမှာတော့ ထူးခြားပြီး ရင်းနှီးတဲ့ ဒီစွမ်းအားကိုသာ သိတော့လေသည်။ ကြောက်မက်ဖွယ်ကောင်းတဲ့ စွမ်းအားတချို့ နိုးထလာသလိုလည်း ခံစားလာရကာ ပျက်ဆီးနေတဲ့ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကိုလည်း သူ့ဘာသာကုစားနေလေသည်။ တဖြေးဖြေးနဲ့ မှတ်မိလာတာက ဒီစွမ်းအားတွေဟာ သူငယ်ငယ်တုန်းကလည်း တစ်ခါပေါ်လာခဲ့ဖူးတာကိုပင်။
“ နတ်ဘုရားအဆင့် အရိုးတွေဖြစ်တည်လာခြင်း”
ငယ်စဉ်ကမှတ်ဥာဏ်တွေက အနှေးပြကွက်တစ်ခုလိုမျိုး မျက်လုံးထဲ ပေါ်လာလေသည်။ သူ့ရဲ့အဖိုးတန်အရိုးကို ထုတ်ယူခံရတာတွေ၊ ထွက်ပြေးခဲ့ရတာတွေ အကုန်လုံးကို မြင်ယောင်လာလေသည်။ သူ့မိဘတွေ အသက်၇ှိသေးလား၊ သေသွားပြီလားဆိုတာကိုလည်း ဘယ်သူမှမသိကြပေ။ ဒါတွေအားလုံးက ဒီအရိုးကြောင့်ဖြစ်ခဲ့တာပင်။
သူ့ကိုယ်ထဲက နတ်ဘုရားအရိုးနဲ့သွေးအဆီအနှစ်ကို ရှိရီကိုယ်ထဲ ထည့်လိုက်ကြပေမယ့် သူ့ကိုယ်ထဲတွင် နောင်တစ်ဖန်မွေးဖွားလာခဲ့သည်။ ဒါက နေအသေးစားတစ်လုံးလိုပင်ဖြစ်ကာ ရှီဟောင့်ကိုလည်း ပူလောင်နေစေသလို အပြင်လူတွေကိုလည်း တည့်တည့်မကြည့်နိုင်လောက်အောင် တောက်ပစေလေသည်။
သူ့ကိုယ်ထဲက တဖန်ပြန်လည်မွေးဖွားလာတဲ့ သွေးအဆီအနှစ်ကို သူသေချာမခံစားနိုင်ပေမယ့် ထိုသွေးအဆီအနှစ်တွေက နောက်ထပ် နတ်ဘုရားအရိုးတွေ နောက်ထပ်တခြားသော အစိတ်အပိုင်းတွေက အရိုးတွေကိုပါ နတ်ဘုရားအရိုးတွေအဖြစ် ပြောင်းလဲချင်နေပုံရမှန်းတော့ ခံစားမိလေသည်။
“ မိုးမခ နတ်ဘုရားပြောတာ မှန်နေတာပဲ”
ရှီဟောင် ခပ်တိုးတိုးရေရွတ်လေသည်။
ခရီးလမ်းတစ်လျှောက်လုံးမှာ ရယ်မောခံရတာတွေ၊ လှောင်ပြောင်ခံရတာတွေနဲ့ စော်ကားခံရတာတွေရှိခဲ့တယ်။ ဒါပေမယ့် ရှီဟောင့်စိတ်က သန့်စင်ပြီး ဖြူစင်နေဆဲပဲ။ သူ့မှာ ရည်မှန်းချက်တစ်ခုပဲရှိတယ်၊ တစ်နေ့မှာ စွမ်းအားကြီးတဲ့လူတစ်ယောက်ဖြစ်လာရမယ်ဆိုတာပဲ။
သူ့၀မ်းဗိုက်က နီရဲကာ ပူလောင်နေလေသည်။ ဒီထဲမှာ နတ်ဘုရားအရိုးရှိတယ်။ ဒီအရိုးက သူ့ကိုနှိုးလာဖို့စောင့်ဆိုင်းနေတဲ့ပုံပဲ။
“ အနှေးနဲ့အမြန် ငါ့ရဲ့နတ်ဘုရားအရိုး ကြီးထွားလာမယ့်အချိန်ရောက်လာမှာပါ”
ရှီဟောင်လက်သီးကို တင်းတင်းဆုပ်ပြီး ရေရွတ်လိုက်သည်။
အခုသူ့ကိုယ်ထဲက နတ်ဘုရားအရိုးတွေက အပြည့်အ၀မဖြစ်သေးပေမယ့် နတ်ဘုရားရေကြောင့် အနည်းငယ်မွေးဖွားလာခဲ့ပြီ။ တစ်နေ့မှာတော့ သူ့နတ်ဘုရားအရိုးတွေ အပြည့်အ၀နိုးလာထားပြီး သူက လောကကြီးရဲ့ကန့်သတ်ချက်ကိုကျော်လွန်ပြီး နတ်ဘုရားမီးတောက်တွေနဲ့ ၀န်းရံနေမယ့် အင်အားကြီးသထက်ကြီးလာတဲ့သူဖြစ်လာလိမ့်မယ်။
နတ်ဘုရားရေက အရမ်းကိုစွမ်းအားကြီးမားလေသည်။ စွမ်းအားကြီးမားတဲ့သူတို့တောင် အနည်းငယ်သာ သုံးစွဲရဲပေ၏။ အခုရှီဟောင်က အများကြီးသောက်ထားတဲ့အပြင် အကုန်နီးပါးက အစာအိမ်ထဲရောက်သွားကြလေပြီ။
သူ့ကိုယ်က ထွက်ပေါ်နေတဲ့ ရောင်စုံအလင်းတွေ တဖြေးဖြေးပျောက်ကွယ်သွားပြီး အကုန်အစင် သန့်စင်လိုက်နိုင်လေသည်။
“ စွမ်းအားကြီးလိုက်တာ”
အဝေးက ဌက်နီကြီးမှာ အခုမှ သက်ပြင်းချနိုင်လေသည်။ သူ့မှာလန့်လိုက်ရတာ…..
ဒီကောင်လေးရဲ့ဗိုက်က တောက်ပနေပြီး သူအသက်ရှူတဲ့အတိုင်း ကမ္ဘာကြီးကပါ ပဲ့တင်ထပ်သံတွေ ကြားနေရတာက တော်တော်ကို ကြောက်ဖို့ကောင်းလေ၏။
သို့သော် သူသက်ပြင်းချလို့မှ မဆုံးသေး ထိုကောင်လေးကိုယ်က အလင်းတွေပြန်ထွက်လာပြန်ကာ မီးတောင်အသေးလေးတစ်ခုက ကိုယ်ထဲ ဖွဲ့တည်လာသလိုထင်ရလေသည်။ အကာအ၇ံကိုပင်ကျော်တက်သွားတဲ့အထိ တောက်ပတဲ့အလင်းတွေက ပတ်၀န်းကျင်ကိုပြန့်နှံ့သွားပြန်လေသည်။
“ ဒီလိုပဲ အဆင့်တက်သွားရောလား”
နောက်တစ်ကြိမ်ပေါက်ကွဲမှုဖြစ်တယ်ထင်ပြီး အကာအကွယ်တွေထုတ်ဖို့ပြင်နေတဲ့ ေ၇ှာင်ထျန်းပင် ကြောင်သွားလေသည်။ သူရော၊ ဌက်နီကြီးပါ ရှီဟောင်ကို မျက်လုံးပြူးပြီးကြည့်နေလေသည်။
ဘာသတိပေးချက်မှမရှိဘဲ သူ့ရဲ့ရှစ်ခုမြောက်ကောင်းကင်မီးလျှံတွင်းနက်က ပွင့်သွားလေပြီ။
ရှစ်ခုမြောက်ကောင်းကင်တွင်းနက်ဖွင့်နို်င်တဲ့သူက ရှားပါးပြီး ခက်ခဲလွန်းတာမို့လို့ ေ၇ှာင်ထျန်းနဲ့ ဌက်နီတို့ သင်္ကာမကင်းဖြစ်သွားကြလေသည်။ ဒါက အရမ်းလွယ်မနေဘူးလားဟမ်
သူ့အလားအလာအရ အခုလို ရှစ်ခုမြောက်ကိုတောင် လွယ်လွယ်ဖွင့်နိုင်နေရင် ကိုးခုမြောက်ကိုရော ဖွင့်နိုင်တယ်လို့ ဆိုလိုတာလား….
ကိုးခုမြောက်ကောင်းကင်မီးလျှံတွင်းနက်ကတော့ ဒဏ္ဍာရီထဲမှာသာ တည်ရှိလေသည်။
ကောင်ငယ်လေး မတ်တပ်ထရပ်လိုက်တဲ့အခါ ရှစ်ခုမြောက်ကောင်းကင်မီးလျှံတွင်းနက်ရဲ့ စွမ်းအားကို ခံစားမိလေသည်။ သူ့ခန္ဓာကိုယ်ကလည်း အရင်ကထက် အများကြီး အစွမ်းထက်လာ၏။
***