သုခကမ္ဘာက ရှီဟောင် - Chapter - 286
Chapter – 286
မြွေအမြှီးက ပါးစပ်ထဲကပြန်ချော်ထွက်သွားသည်။ ထိုအမြှီးက လှုပ်ခါနေကာ လွတ်မြောက်အောင်ထွက်ပြေးချင်နေပုံရသည်။ ရွှေရောင်အလင်းတွေကလည်း နေအသေးစားလေးလိုမျိုးတောက်ပနေလေသည်။ အလင်းတွေက ထူထဲလွန်းတာမို့ သေချာမြင်ရဖို့တောင်ခက်ပေသည်။
ဟောင့်ကလည်း အသည်းအသန်လိုက်ဖမ်းရင်း နောက်တော့ ဆုပ်ကိုင်မိသွားသည်။ သို့ပေမယ့် မြွေအမြှီးက မြွေငါးကောင်အဖြစ်ပြောင်းသွားကာ ငါးနေရာခွဲပြေးသည်။
“ ပြေးလို့လွတ်မယ်ထင်လား .. ဟမ် ..”
ဟောင်က လက်ကိုလျှင်မြန်စွာအလုပ်ပေးလိုက်ကာ မြွေငါးကောင်လုံးကိုဖမ်းပြီး ပါးစပ်ထဲပစ်ထည့်လိုက်သည်။ သူက ဝါးစားဖို့ကြိုးစားပေမယ့် မတတ်နိုင်လေဘဲ ရွေရောင်အလင်းတွေကြောင့် သူ့ပါးစပ်ပါ ဖောင်းကားလာလေသည်။
“ ဒါ တကယ်ပဲ ထာ၀ရစမ်းချောင်းကိုး .. ။ ငါကတော့ ခမ်းသွားတယ်ထင်နေတာ တကယ်တော့ ပုံစံပြောင်းသွားတာကိုး … ။ “
အရူးကျောက်တုံးက ပြောတော့ ဟောင် သူ့ပါးစပ်ကိုလက်နဲ့ အုပ်ကာထားလိုက်ပြီး
“ ဒီမြွေတွေကို ဘယ်လိုသိမ်းထားရမလဲ သိလား ..”
“ ကျောက်စိမ်းဘူးထဲ ထည့်ထားလိုက်လေ .. ။ သူတို့ ထွက်မပြေးနိုင်တော့ဘူး ..”
ဟောင်လည်း ချက်ချင်းပဲ ကျောက်စိမ်းဘူးတစ်ဘူးထုတ်ပြီး မြွေတွေထည့်လိုက်သည်။
ကျောက်စိမ်းဘူးကိုကြည့်နေရင်း ဒီကျောက်တုံးက တော်တော်များများသိနေတာပါလားလို့ တွေးဖြစ်သည်။
“ မင်းက တော်တော်များများသိတာပဲနော်.. ။ ပြောစမ်းပါဦး .. မင်းကိုယ်ထဲမှာ ထာ၀ရရေတွေရှိတယ်မဟုတ်လား ..”
“ မရှိပါဘူး .. ရှိစရာလား .. ဟေ့ကောင် .. မင်း ပေါက်ကရတွေ တွေးမနေနဲ့နော် ..”
ကျောက်တုံးက ဟောင်နဲ့ခပ်ဝေးဝေးကိုသွားလိုက်ပြီး ဟောင့်ကိုသတိအနေအထားနဲ့ကြည့်နေသည်။
ဟောင် ထပ်မမေးတော့ချေ။ အချိန်ကအရေးကြီးတယ်မဟုတ်လား။ နောက် သူက ရွှေရောင်မြွေလေးတွေကို ကြည့်နေလိုက်သည်။ သူသာနောက်ကျသွားရင် မြွေအရွယ်သာရှိတဲ့ နဂါးသေးသေးလေးတွေကို အခြားသတ္တဝါတွေရသွားတော့မည်။
“ လိုက်ရှာနေလည်းမထူးဘူး .. ဖမ်းလို့ မိမှာမှမဟုတ်တာ .. ဒီလူတွေ မျှော်လင့်ထားသမျှ ဘာမှဖြစ်မလာစေရဘူး .. ။ထာ၀ရရေကန်က အသွင်ပြောင်းပြီးအသက်၀င်လာမှတော့ ကောင်းကင်ကို ထိုးတက်နိုင်သလို မြေကြီးထဲလည်းဖောက်၀င်နိုင်မှာပဲ .. ။ ဘယ်သူမှဖမ်းနိုင်မှာမဟုတ်ဘူး .. ။”
ကျောက်တုံးအရူးလေးက ဆရာကြီးလေသံနဲ့ဆိုသည်။
နတ်စွမ်းအားတွေပိုင်ဆိုင်တဲ့ ဒီနဂါးလေးတွေက စွမ်းအားတွေသာလုံလုံလောက်လောက်စုစည်းနိုင်ခဲ့ရင် အစောင့်အရှောက်သားရဲတွေအဖြစ် ပြောင်းလဲသွားနိုင်သည်။
အရူးကျောက်တုံးလေးကတော့ ထာ၀ရစမ်းရေရှိခဲ့တဲ့နေရာကို ပစ်၀င်ပြီး အားရပါးရ စားနေလေသည်။ ရွှေရောင်အလင်းတွေကလည်း ထိုနေရာတစ်ဝိုက်တွင်တလက်လက်ဖြစ်နေ၏။
ထာ၀ရရေမရှိတော့ပေမယ့် ဒီနေရာရဲ့ဖိအားက ပြောင်းလဲမှုမရှိပေ။
ရွှေရောင်နဂါးလေးတွေမရှိတော့တာတောင် ဒီနေရာက နတ်ဘုရားအလင်းတွေနဲ့တောက်ပနေဆဲပင်။ စမ်းချောင်းကြောင့်ဖြစ်ပေါ်ခဲ့တဲ့သဲတွေကလည်း အချိန်အတော်ကြာရေနဲ့အတူ ထိတွေ့ခဲ့ရသည်မို့ ကိုယ်ပိုင်ဝိဥာဉ်စွမ်းအားတွေရှိနေပေပြီ။
“ ငါ့ဆီက ထပ်လုဖို့မကြိုးစားနဲ့ .. ။မင်းဆီမှာ ရေတွေရှိနေပြီနော် .. ငါ့ဆီက လာမလုတော့နဲ့ .. ”
အရူးကျောက်တုံးက ဟောင့်ကိုလှမ်းဟောက်ဖို့လည်းမမေ့ပေ။
“ ငါက မိုးမခနတ်ဘုရားဆီယူသွားပြီး သူ့ကိုအားပြန်ဖြည့်ဖို့ ပေးမလို့ .. ။ ငါနောက်ထပ် အစောင့်အရှောက်သားရဲတစ်ကောင် မွေးဖို့ကြံနေတာလေ .. ”
ဟောင်က ပြောလည်းပြောပြီးရော သားရဲအိတ်တွေထုတ်ကာ မြေကြီးတွေ ကောက်ထည့်သည်။ ကျောက်တုံးလေး စားနေတဲ့နေရာကနေကို လုကာ အသည်းအသန်တွေထည့်သည်။
အရူးကျောက်တုံးကတော့ ဒေါသထွက်ပြီး ဟောင်နဲ့တိုက်ခိုက်သည်။ သူတို့နှစ်ယောက်သား တိုက်ခိုက်ရင်း လုစားကြရာ ခဏအကြာမှာတင် ရွေရောင်အလင်းတောက်ပတဲ့ မြေဆီလွှာတွေကုန်သွားသည်။
“ ဗိုက်ကို ကားသွားတာပဲကွာ .. ”
အရူးကျောက်တုံးက စိတ်ကျေနပ်သွားပုံရကာ ပြုံးဖြီးနေသည်။ သူ့ပါးစပ်ကနေ အလင်းရောင်တွေထွက်နေ၏။
ဟောင် မျက်လုံးပြူးသွားသည်။ နွံအိုင်က သူ့ကိုယ်ထက်တောင်ကြီးတဲ့ပမာဏရှိတာကို ဒီကျောက်တုံးလေးက တစ်၀က်ကျော်ကျော် စားပစ်လိုက်သည်တဲ့။ ဒါတောင်မှ ဘာမှထူးခြားသွားတဲ့ပုံမရပေ။
“ မင်းအားလုံးကို အစာချေလိုက်ပြီလား .. “
ဟောင် မျက်လုံးတွေမှေးစင်းပြီးမေးသည်။
အရူးကျောက်တုံးလေးက အရက်မူးနေသလို မျက်လုံးက လေးကန်ကန်ဖြစ်နေသည်။
“ ဘယ်က အစာကျေရမှာလဲ .. ။ ထာ၀ရရေကန်ရဲ့ ရွံနွံတွေက ရေတွေနဲ့အချိန်အကြာကြီးရှိခဲ့တာ .. ။ ဝိုင်ကောင်းဖို့ဆိုရင် အချိန်ကြာကြာထားဖို့လိုတယ်တဲ့ မင်းကြားဖူးလား .. ။ ဒီရွံတွေလည်း ဒီလိုပဲလေ .. ။ အချိန်ကြာကြာထားလေ နတ်စွမ်းအားပိုထွက်လေ .. ။ အရင်တစ်ခါကလည်း အဲ့လိုပဲ ငါတစ်နေရာရာမှာ သိုလှောင်ထားလိုက်တာ .. ။ ပြီးမှ နည်းနည်းချင်းဆီထုတ်ပြီး အစာချေသန့်စင်ရတာ ..”
ကျောက်တုံးက သတိမထားမိဘဲ ပြောနေရင်းမှ ရုတ်တရက်သတိရပြီး ပါးစပ်ပိတ်လိုက်သည်။
ဟောင် ချက်ချင်း အရူးကျောက်တုံးလေးကိုကောက်လိုက်ပြီး ပွတ်လိုက်သည်။
“ မင်းပြောသလိုဆိုရင် ဒီထာ၀ရရေကန်က ခမ်းသွားတာရော ဟုတ်ရဲ့လား .. ။ မင်းများ အကုန်သောက်လိုက်တာလား ..”
“ မဟုတ်ပါဘူး သောက်စရာလား .. ။ ငါ ဒီကိုတောင်မရောက်ဖူးဘူး .. ”
ကျောက်တုံးက အသည်းအသန်ငြင်းသည်။
“ ဟုတ်လား .. ။ မင်းပြောတော့ မင်းက သိုလှောင်နိုင်စွမ်းရှိတယ်ဆို .. ဟင် ..”
ဟောင်နတ်ဆိုးလိုပြုံးပြီး ကျောက်တုံးကိုဖိပွတ်လိုက်သည်။
“ အား.. နာတယ် .. နာတယ် .. ငါ ကွဲအက်တော့မယ် ငါကွဲအက်တော့မယ် .. ။ မလုပ်ပါနဲ့ ငါ၀န်ခံပါ့မယ် ..”
“ ပြောပါဦး .. ထာ၀ရရေကန်ကို မင်း အကုန်သောက်လိုက်တာမလား .. ”
ဟောင်က စစ်မေးတော ကျောက်တုံးက
“ ငါက ကျောက်တုံးတွေလိုဟာမျိုးပဲ စားလို့ရတယ် .. ။ ရေတွေ သောက်လို့မရဘူး .. ငါနွံတွေ၊သဲတွေပဲ စားတာ .. ”
“ ဒါဆို မင်းဘယ်လောက်များများ စားထားပြီးပြီလဲ .. ”
“ ပထမတစ်ကြိမ် ငါရောက်တော့ ဂျင်သုံးရာဖိုးလောက်စားတယ် .. ။ နောက်တစ်ခေါက်ကျ အဲ့ထက်နည်းတယ် .. ။ နောက်တစ်ခေါက်လည်း အဲ့လိုပဲနည်းတယ် .. ။ အခု ဒါကတော့ လေးကြိမ်မြောက်ပေါ့ .. ။”
သူ့စကားအသွားအလာအရ အခုတစ်ကြိမ်မှာတော့ စိတ်ကျေနပ်သွားပုံရပေသည်။
“ ဒါဆိုရင် ထာ၀ရရေက ဘယ်လိုဖြစ်လို့ အခုလိုပြောင်းသွားတာလဲ .. ”
“ သူ့မှာအသိစိတ်ရှိလာတော့ လွတ်လွတ်လပ်လပ် အသက်၇ှိတဲ့ပုံပြောင်းဖို့ ကြိုးစားတယ်လေ .. အဲ့ဒီအကျိုးရလဒ်အရ ရေတော်တော်များများ ခမ်းကုန်တယ် .. ။ နောက်တော့ မြွေအရွယ် နဂါးတစ်ကောင်ပုံပြောင်းသွားတော့တာပဲ .. ။”
“ နှမြောစရာပဲ .. နောက်ဆိုရင် ထာ၀ရရေကန်ဆိုတာကို မြင်ခွင့်ရပါ့မလားတောင်မသိတော့ဘူး .. ”
ဟောင်စိတ်ပျက်လက်ပျက်ပြောတော့ အရူးကျောက်တုံးလေးက
“ မင်းမှာ နဂါးပေါက်တွေရှိတာပဲလေ .. နောင်အနာဂတ်ကျရင် အဲ့ကောင်တွေက ထာ၀ရရေတွေ ပြန်ထုတ်ပေးနိုင်မှာပါ .. ”
ရှီဟောင်တစ်ယောက်ကတော့ သူ့မှာရှိတဲ့ ထာ၀ရနဂါးရေစက်ကို ကျောက်ခေတ်ရွာက ဘယ်သူ့ကို ပေးမယ်၊ ဘယ်သူ့ကိုမပေးဘူးဆိုတာ တွေးတောနေလေသည်။ ဘယ်သူ့ကိုပေးမယ်ဘာညာရေတွက်ရင်း သူ့မှာရှိနေတာက နည်းပါးနေတယ်ဆိုတာကို သိလိုက်ရလေသည်။ သူ့အတွက်တောင်မကျန်နိုင်တော့လေတော့ တွက်ချေပင်မကိုက်သလိုဖြစ်နေသည်။
ရုတ်တရက် ဟောင်တစ်စုံတစ်ခုကို ခံစားမိကာ ကျောက်တုံးကိုလှည့်အော်လိုက်သည်။
“ ဟေ့ကောင် မင်းငါ့ရွံတွေ ခိုးစားနေတယ်ပေါ့ .. ”
“ မစားပါဘူး .. မစားပါဘူး ..”
အရူးကျောက်တုံးလေးက ဘေးဘက်ကိုလှိမ့်ရင်း မစားကြောင်းညာသည်။
“ နေဦး .. ငါတစ်ခုသတိရပြီ .. မင်းပြောခဲ့တဲ့ နတ်ဘုရားဆေးပင်ကရော ဘယ်မှာလဲ .. အဲ့ဒီဆေးပင်ကြောင့် မင်းအသိဥာဏ်ရခဲ့တယ်ဆိုတာ မဟုတ်ဘူးမလား ..”
“ ဟုတ်မလား .. အဲ့ကောင်က ငါနဲ့လုစားတဲ့အကောင်လေ .. ။ သူက လောဘလာ ကြီးနေတာ .. နောက်တော့ ထွက်ပြေးသွားရော .. ”
“ ဘာ .. အဲ့ဒါနတ်ဘုရားအဆင့် ဆေးပင်ဟ။ အဲ့အပင် ဘယ်ကိုထွက်ပြေးသွားတာလဲ .. ”
“ ငါ သူ့ကိုတစ်ကိုက်လောက် စားလိုက်တော့ ထွက်ပြေးသွားတော့တာပဲ .. ။ ငါ့အထင်တော့ ဆေးခင်းထဲမှာပဲရှိလိမ့်မယ် .. ”
“ မင်း စားလိုက်တယ်ဟုတ်လား .. မင်း စားလိုက်တယ် .. မင်း တကယ်စားလိုက်တယ်ပေါ့ .. ”
ဟောင် ကျောက်တုံးကို အော်ငေါက်တော့ အရူးကျောက်တုံးက ပြုံးဖြီးကာ ဂုဏ်ယူနေဟန်နဲ့
“ စားလိုက်တယ်လေ ..။ နတ်ဘုရားဆေးပင်က သာမန်မှမဟုတ်တာ မစားစရာလား ..။ ငါချက်ချင်းတော့ မဖြုန်းတီးပစ်ပါဘူး .. မြေကြီးပေါ်ချ သေချာကြိတ်ပြီးမှ စားလိုက်တာ .. ။ “
“ သြော် .. ဟုတ်လား .. ဒါဆိုပြောပါဦး .. မင်းဘယ်နေရာမှာသိမ်းထားလဲ .. ။ “
ဟောင် ကျောက်တုံးကို မြေကြီးပေါ်ပစ်ချပြီး တက်နင်းတော့ ငယ်သံပါအောင် အော်ဟစ်တော့သည်။
“ ရပ်ပါတော့ .. သေတော့မယ် .. ငါသေတော့မယ် .. အား…. နာလိုက်တာ.. နာလိုက်တာ… တော်ပါတော့ .. တော်ပါတော့ .. နောက်ခါ မင်းနတ်ဆေးပင်ကိုဖမ်းရင် ငါကူညီပါ့မယ်ကွာ .. ”
ဟောင်ကတော့ တော်တော်ဒေါသထွက်နေသည်။
* နတ်ဘုရားအဆင့်ဆေးပင်ဆိုတာ ဘယ်လောက်တောင် အဖိုးတန်လိုက်လဲ .. ဒါကို ဒီကျောက်တုံးက စားသောက်လိုက်သေးတယ်တဲ့ .. *
“မင်းဒီက မြန်မြန်ထွက်သွားသင့်တယ်နော် .. ။ နဂါးပေါက်တွေကို သူတို့ဖမ်းလို့မရမှန်းသိသွားရင် သန့်စင်တဲ့ရှေးဟောင်းသားရဲတွေ အကုန်ပြန်လာပြီး မင်းဆီကနေ လုလိမ့်မယ် .. ။ မင်းထွက်ပြေးသင့်ပြီ ..”
ကျောက်တုံးက ဟောင့်ကိုအာရုံပြောင်းလိုက်သည်။
ရှီဟောင် သူလိုချင်တဲ့ ထာ၀ရရေစက်လည်းရပြီးပြီဆိုတော့ လာရတဲ့ရည်ရွယ်ချက်နည်းနည်းအောင်မြင်တယ်လို့ ပြောနိုင်သည်။
ဒါကြောင့် သူ ရွံနွံတွေထည့်ထားတဲ့ အိတ်ငါးခုကို ကျောမှာလွယ်လိုက်ပြီး သုံးခုကိုတော့ ကျောက်တုံးကို ပေးလိုက်သည်။
သူတို့တွေ နတ်ဆေးခင်းထဲ ထွက်လာတော့ဆေးပင်ခူးနေခဲ့ကြတဲ့ သားရဲတွေအကုန်သေကုန်ကြသည်ကို တွေ့ရသည်။ သန့်စင်တဲ့သွေးမျိုးဆက်တွေက သတ်သွားခဲ့ကြတဲ့ပုံပင်။
ဟောင် ကောင်းကင်နဲ့မြေကြီးအိတ်ကိုဖွင့်ပြီး အားလုံးကိုစုပ်ယူတော့သည်။
သူ့လက်ထဲကိုင်ထားတဲ့ အရုးကျောက်တုံးက တုန်ယင်လာကာ
“ ဟေ့ကောင် .. မင်းဘာဆက်လုပ်မလို့လဲ ..”
“ နတ်ဆေးပင်ကိုရှာမယ် .. ။ အဖိုးတန်တာလေး တစ်ခုခုရမလားကြည့်ဦးမယ် .. ”
“ ဒါဆိုလည်း မင်းဘာသာသွားလေကွာ .. ။ ငါတို့ရေစက်ဆုံရင် အနာဂတ်မှာ ပြန်တွေ့ကြတာပေါ့ .. ”
“ ငါက မင်းကမ္ဘာကြီးကို မြင်နိုင်အောင် ပြမလို့လေ .. ”
ဟောင်က ဆေးပင်၇ှစ်ပင်လောက်ကို အမြစ်ကနေ တူးလိုက်သေးသည်။ ဒါတွေကို ကျောက်ခေတ်ရွာမှာပြန်စိုက်လိုက်ရင်တော့ အနာဂတ်အတွက် အဆင်ပြေပြီ။
ဒီနေရာမှာ ရှေးဟောင်း နတ်ဆေးပင်တွေအများကြီးရှိပေမယ့် ဖိအားကလည်း ပြင်းထန်လွန်းတာမို့ တူးထုတ်လို့ရလာတဲ့အများစုက ပျက်ဆီးကုန်လေသည်။
ဒီအချိန်မှာ အခြားသော ရှေးဟောင်းသတ္တဝါတွေကလည်း ထာ၀ရနဂါးအကြောင်းသိကာ ပူးပေါင်းပြီး ၀င်ရောက်ရှာဖွေကြသည်။ သို့ပေမယ့် အဆုံးမှာတော့ ဘာမှမရှာတွေ့ကြတော့ပေ။
လမ်းတစ်လျှောက်မှာ ကျူးကျန်းနဲ့ဟောင်တို့တွေ့ကာ တိုက်ခိုက်ကြပြန်ရာ ပြင်းထန်တဲ့တိုက်ပွဲတစ်ခုဖြစ်ခဲ့သည်။အဆုံးမှာတော့နောက်ထပ်အသားတစ်ဖဲ့ကို သူထပ်ရလိုက်သည်။
နောက်တော့ ခရမ်းရောင်မိန်းကလေးနဲကတွေ့ကာ ကျောက်တုံးနဲ့တစ်ခေါက်ပစ်နိုင်ခဲ့သည်။ထို့ကြောင့် မိန်းမလှလေးက အရမ်းဒေါသထွက်ခဲ့ရသည်။
အခုတော့ ဟောင်ထွက်ပြေးနေရသည်။ တစ်ဖက်က သတ္တဝါတွေက သူတို့နဂါးတွေကိုမဖမ်းနိုင်မှန်းလည်းသိရော အားလုံးပူးပေါင်းပြီး ဟောင့်ဆီက အမြှီးပိုင်းကိုလာလုကြသည်။ သူတို့အားလုံးက ပူးပေါင်းထားတော့ ဟောင်ဒုက္ခရောက်ရပြီ။
“ မင်းတို့ ကောင်တွေ ယုတ်မာလှချည်လား .. ဟမ် …”
ဟောင်လည်း ဒေါသထွက်ရသည်။
* ဒီကောင်တွေက ပူးပေါင်းစရာလား .. ဟမ် .. *
***