သုခကမ္ဘာက ရှီဟောင် - Chapter - 323
ကျယ်လောင်တဲ့ပေါက်ကွဲသံတွေနဲ့အတူ မီးစများမှာ နေရာအနှံ့တွင် ပျံ့နှံ့နေသည်။ ဓားကျိုးက ထုံးကျောက်တုံးထဲ စိုက်၀င်နေကာ ကျောက်အပိုင်းအစတွေကို ပဲ့ထွက်နေစေပြီး သူက အနည်းငယ်တုန်ခါနေပေသည်။
ရှီဟောင်လည်း မြင်ရော မျက်လုံးတွေပြူးပြီး ကောင်းကင်ကို အလန့်တကြားကြည့်လိုက်သည်။ ဘယ်သူ့ကိုမှ မတွေ့ရပါချေ။ ကလန်ကြီးကလူတွေရော၊ ရှေးဟောင်းအစောင့်အရှောက်သတ္တဝါတွေရော၊ ဆံပင်ဖြူအဘ်ိုးအိုကိုရော မတွေ့ရပါချေ။
ချွင် အသံတစ်ခုဖြင့် သူက ဓားကိုဆွဲထုတ်လိုက်သည်။ ထို့နောက် သူက သက်သာနေပြီဖြစ်တဲ့ ဌက်နီကြီးပေါ်တွင် သူနဲ့ချင်းဖုန်း၊ဌက်ကတုံးတို့ကို သယ်ဆောင်စေပြီး ပတ်၀န်းကျင်ကို ခိုးကြောင်ခိုးဝှက်ကြည့်သည်။
နည်းနည်းခပ်ဝေးဝေး ရောက်တော့ ထပ်နားလိုက်သည်။
ဒီဓားက ကျိုးနေပေမယ့်ကောင်းကင်မျိုစာဌက်ကို ဒဏ်ရာရအောင်လုပ်နိုင်သည်။ ချုံးကျိရဲ့အသားကို ခုတ်ဖြတ်နိုင်သည်။ ဒီဓားက သာမန်မဟုတ်ပေ။
သူ သရဲအဘိုးအိုအတွက်တော့ စိုးရိမ်မိပေသေးသည်။
ရှီဟောင် ခေါင်းရမ်းလိုက်၏။ အခုအချိန်က ဒါတွေ တွေးရမယ့်အချိန်မဟုတ်ဘူး။ သူ သတိထားပြီးနေရမယ့် အချိန်ပဲ။
သူ ခပ်ဝေးဝေးကို သွားလို့မရသေးပေ။ တစ်ခါ သူအပြင်ထွက်ကြည့်တော့ သင်္ကေတတွေပေါ်လာပြီး လမ်းကြောင်းကို ပိတ်ဆို့ခြင်းနဲ့ ကြုံရသည်။
သိပ့်မကြာသေးခင်ကတောင် ကံကောင်းလို့ ပါပဲ။
နောက်ဆုံးတွင် သူက စစ်မြေပြင်တွင် ရှိနေဆဲပါ။
သူ၏အကောင်းဆုံးရွေးချယ်မှုကတော့ လူစုလူဝေးနှင့်ရောနှောနေဖို့ဖြစ်ပြီး အရင်ဆုံးအသတ်မခံရဖို့ပါ။
တကယ်လို ရန်သူတွေကို သတ်နိုင်မယ်ဆိုရင်တော အကောင်းဆုံးပေါ့။
“ ကျွန်တော်တို့ လွတ်တော့မှာလား .. ”
ချင်းဖုန်းရဲ့ သွေးကြောတွေက နီရဲနေသည်။ သူက လမ်းတစ်လျှောက်မှာ ရန်သူတွေကို သတ်ခဲ့သေးသည်။
သူ့စိတ်ကတော့ တုန်လှုပ်နေလေသည်။ အကြောင်းမှာ စစ်ပွဲရဲ့အော်သံတွေက အဝေးကနေ ကျယ်လောင်စွာ ကြားနေရဆဲမို့ပင် ဖြစ်သည်။ စစ်မြေပြင်က ပိုမိုကျယ်ပြန့်လာသည်။ သူတို့နဲ့ အရမ်းဝေးကွာခြင်းပင်မရှိတော့။
ဝေါင်း …
သွေးသံရဲရဲဖြစ်နေတဲ့ ကျားနက်က ပြေးထွက်လာသည်။
“ ဟိုကောင်ပဲ .. ”
ရှီဟောင် အံ့သြသွားသည်။ ဒီကျားက နတ်နန်းကျောင်းတော်ရဲ့ တပည့်စမ်းသပ်မှု ဒုတိယအကြိမ်တွင်နတ်ဆိုးကြာပန်းနက်ကို စောင့်ကျပ်ရတဲ့ ကျားပင်ဖြစ်သည်။
ဤအနက်ရောင်ကျားသည် သာမန်ဆက်ခံသူတွေပင်ကိုင်တွယ်ရန် ခက်ခဲသည်။ သို့သော် အခုအခါမှာတော့ ဒဏ်ရာအပြင်းအထန်ရကာ ကိုယ်ခန္ဓာတစ်ခုလုံးမှာ သွေးထွက်သံယိုဖြစ်နေလေသည်။
နတ်နန်းကျောင်းတော်ရဲ့ တပည့်ဆယ်ယောက်ကျော်ကို သယ်ပြီး သယ်ဆောင်ကယ်ဆယ်ခဲ့လေကာ သူ့ ပခုံးတွင်တော့ အရိုးတွေပေါ်နေတဲ့အထိ ပြင်းထန်တဲ့ဒဏ်ရာတစ်ခု ရှိနေပြန်သည်။
ရှီဟောင် လှမ်းခေါ်ဖို့ ပြင်လိုက်တဲ့အချိန်မှာ ကျားနက်ရဲ့အမွှေးတွေ ထောင်ထပြီး နောက်ကနေ အနီရောင်အလင်းတွေနဲ့ နဂါးတစ်ကောင်ထွက်လာသည်။
ထိုနဂါးက ဆက်ခံသူနဂါးဖြစ်ကာ ကျားနက်ထက် ပိုလို့ စွမ်းအားကြီးသည်။
ကျားနက်က လက်သည်းကို သင်္ကေတတွေ ၀န်းရံစေပြီး တိုက်ခိုက်ပေမယ့် တစ်ဖက်က အမြှီးနဲ့ တစ်ချက်ရိုက်ရုံနဲ့ ခုခံသည်။
ပေါက်ကွဲသံထွက်လာပြီး အနီးအနားမှာရှိတဲ့ တောင်ထိပ်တွေက ပြိုကျသွားသည်။ဂျင် တစ်သောင်းကျော်အလေးချိန်ရှိတဲ့ ဧရာမကျောက်တုံးကြီး ၁၀ ခုခန့်က လှိမ့်ထွက်လာ၏။ စွမ်းအားကြီးသတ္တဝါနှစ်ကောင်က အပြင်းအထန်တိုက်ခိုက်ကြသည်။
သို့သော် ထိုအချိန်တွင် ပို၍ ဝေးကွာသောသစ်တောမှ ရွှေခြင်္သေ့တစ်ကောင်ပေါ်လာသည်။ ထိုသတ္တဝါရဲ့မျက်စိနှစ်လုံးက ရွှေမီးခွက်များကဲ့သို့တောက်ပနေပြီး ကိုယ်ခန္ဓာကလည်း တောင်ကဲ့သို့ မြင့်သည်။
ရှီဟောင်ဟာ ကြောက်လန့်လာခဲ့သည်။ ကံကောင်းထောက်မစွာ သူ အလျှင်စလိုမလုပ်မိခဲ့ပါဘူး။ ဒီမျိုးဆက်နှစ်ကောင်ပေါင်းလိုက်ရင်တော့ ကျွမ်းကျင်သူတွေကိုတောင် သတ်နိုင်စွမ်းရှိတာကြောင့်ပါ။
ကျားနက်သည်လည်း မျက်မှောင်ကြုတ်နေသည်။ ဒီသတ္တဝါနှစ်ကောင်နဲ့အတူ တိုက်ရင် ဒီနေရာက ဖရိုဖရဲဖြစ်သွားလိမ့်မယ်။ နှစ်ကောင်တစ်ကောင်ဆိုတော့ သူဟာ အခြားသူတွေကိုတောင် ကာကွယ်နိုင်မှာ မဟုတ်တော့ပါဘူး။
တပည့်ဆယ်ယောက်လုံးလည်း ကြောက်လန့်နေကြသည်။ သူတို့ ဒီနေ့ကြုံရတဲ့အဖြစ်က များလွန်းသည်။ ကလန်တွေရော၊ သတ္တဝါတွေရော ရောက်လာပြီး သူတို့ကို ကပ်ဘေးကျရောက်စေခဲ့၏။
ကျားနက်က အနားနီးတဲ့ နဂါးနဲ့အပြင်းအထန်တိုက်ခိုက်သည်။ သူက ဒီနဂါးကို အရင်ဖယ်ထုတ်နိုင်ဖို့ ကြံနေခြင်းဖြစ်သည်။
နဂါးကို တစ်ဖက်သို့ လွင့်ပျံစေလိုက်အပြီးမှာ ရွှေခြင်္သေ့က ရောက်လာသည်။ ရွှေရောင်အတိပြိးတဲ့ကိုယ်ကို ကြည့်ရုံနဲ့ သူက တစ်ဖက်သူရဲ့ ပြိုင်ဘက်မဖြစ်နိုင်မှန်း ကျားနက်သိသည်။
“ ငါက အနောက်ပိုင်းသချိုင်းတောင်ရဲ့ အရှင်ပဲ .. ။ မင်း ပြေးလို့ လွတ်မယ်ထင်လား .. ”
ခြင်္သေ့က လှမ်းအော်ကာ လိုက်သည်။ ကျားနက်က ချက်ချင်းထွက်ပြေး၏။ တစ်ဖက်က လွှတ်ထုတ်တဲ့ လှိုင်းတွေကြောင့် သူ့ကျောပေါ်က တပည့်ဆယ်ယောက်တွင် ရှစ်ယောက်လောက်က အရိုးအသားတွေရောနှောကာ သေချာပင်မကွဲပြားနိုင်လောက်အောင် ရုပ်ပျက်ဆင်းပျက် သေဆုံးနေလေပြီ။
ကျားနက်သည်လည်း ဒဏ်ရာအပြင်းအထန် ရနေပြီ ဖြစ်သည်။
ရှီဟောင် သက်ပြင်းချုလိုက်သည်။
* ကျားနက်က ကံဆိုးတာပဲ .. *
ရွှေခြင်္သေ့က သားရဲဘုရင်ဖြစ်သည်။ သူက သွေးမျိုးဆက်လည်းဖြစ်တော့ ကျားနက်အဖို့တော့ ရှီဟောင် ခေါင်းသာခါလိုက်သည်။
ဒီသတ္တဝါတွေက လွတ်မြောက်တဲ့သူတွေကို ဖမ်းဆီးသတ်ဖြတ်ဖို့ ရောက်နေကြတာဖြစ်သည်။
စစ်မြေပြင်က ထွက်ပြေးနိုင်ခဲ့တဲ့ကျောင်းတော်သားတွေမှာအခုလို လိုက်လံသတ်ဖြတ်ခံခြင်းမျိုးနဲ့ ကြုံရလေကာ သေကြေရပေသည်။
တစ်နေရာတွင် ရွှေရောင်ကျားတစ်ကောင်က ထွက်ပြေးတဲ့လူစုကို လိုက်လံတိုက်ခိုက်နေသည်။ ထိုအုပ်စုကို အကြီးအကဲတစ်ယောက်က ကာကွယ်ပေးသည်။
ဘိုးဘေးအကြီးအကဲက ရွှေကျားနှင့်စတင်တိုက်ခိုက်သည်။
အားလှိုင်းတွေကြောင့် တောင်တန်းများပြိုလဲသွားရကာ ရှေးဟောင်းသစ်ပင်များပြိုလဲသွားပြီး အမှိုက်များက တိမ်များထဲသို့ပျံသန်းတက်သွားသည်။
ရှီဟောင် လက်သီးတင်းတင်း ဆုပ်လိုက်သည်။ နတ်နန်းကျောင်းတော်ရဲ့ သန့်စင်နယ်မြေကလည်း ပျက်ဆီးသွားခဲ့ပါပြီ။
သူ့လိုမျိုး တပည့်တော်များသည်လည်း အကူအညီမဲ့နေကြသည်။ သူတို့က ငယ်ရွယ်နေသေးတာမို့လို့ ဒီစိတ်ပျက်စရာ သတ္တဝါကောင်တွေကိုစိန်ခေါ်လို့ မရနိုင်သေးပါဘူး။
သူမှာ ဓားကျိုးရှိနေပေမယ့်လည်း သူက အားနည်းနေဆဲဖြစ်သည်။ သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်က မလုံလောက်သေးတာကြောင့် စွမ်းအားကို အပြည့်အ၀ အသုံးချလို့ မရသေးတာပါ။
“ သွား ..”
ချင်းဖုန်း ဌက်နီကြီးနဲ့ ဌက်ကတုံးတို့နှင့်အတူ လမ်းပေါ်သို့ ပြန်တက်လိုက်သည်။ သူတို့ဟာ အခွင့်အလမ်းကိုစောင့်ဆိုင်းကာ သစ်တောများကြားမှ ခိုးကြောင်ခိုးဝှက် ချီတက်ခဲ့ကြသည်။
စီနီယာတစ်ယောက်က အနည်းငယ်သွားပြီးနောက် အော်ဟစ်ငိုကြွေးသံကို ကြားလိုက်ရသည်။
“ အကြီးအကဲ .. ”
အကြီးအကဲနှစ်ယောက်က ဒဏ်ရာအပြင်းအထန်ရနေကာ ကျောင်းသားတွေကို အတင်းထွက်ပြေးစေသည်။
“သွားကြ .. သွားကြတော့ .. ”
ကျောင်းသားတွေက ငိုယိုပြီး ပြေးကြ၏။
ထိုအခါမှ အကြီးအကဲနှစ်ယောက်က နောက်ကလိုက်နေတဲ့ သတ္တဝါတွေကိုကြည့်ကာ သူတို့ကိုယ် သူတို့ ဖောက်ခွဲလိုက်ကြသည်။
လေထုထဲတွင် သွေးနံ့တွေ ပြည့်နှက်သွား၏။
ရှီဟောင်ဟာ လက်သီးကို ခပ်တင်းတင်း ဆုပ်လိုက်မိသည်။ သူ့စိတ်ထဲ ထောင်းခနဲဖြစ်သွား၏။
သူက ဌက်နီကြီးရဲ့ကျောပေါ်ကို ဌက်ကတုံးနဲ့ ချင်းဖုန်းကိုတင်ပေးပြီး လွတ်အောင်ပြေးဖို ပြောလိုက်သည်။
သူကိုယ်တိုင်ကတော့ ဓားကျိုးကို တင်းတင်း ဆုပ်ကိုင်ထားသည်။
ရှေ့ကိုပြေးတက်ကာ ဓားကျိုးနဲ့ အားကုန်သုံးကာ သတ်ဖြတ်လေသည်။ သူဟာ ဆက်ခံသူတွေလောက်ကိုတော့ သူသတ်နိုင်ပေမယ့် အင်အားကြီးတဲ သတ္တဝါကြီးတွေကိုတော့ ဘာမှလုပ်နိုင်စွမ်းမရှိပါဘူး။ သူ့မှာ ထွက်ပြေးရပြန်သည်။
သူက ဌက်ကတုံးသင်ပေးထားတဲ့အတိုင်း ရုပ်ဖျက်ထားပေမယ့် ရုတ်တရက် ဓားလှိုင်းတစ်ခုက သူ့ဆီ တည့်တည့်တိုး၀င်လာလို့ သူဟာ မနည်းရှောင်လိုက်ရသည်။
ရှီဟောင် ကြောင်သွားပြီး ဌက်ကတုံးကို ကြည့်ကာ လှမ်းမေးလိုက်သည်။
“ ဒါ .. ဘာဖြစ်တာလဲ .. ”
“ မင်းကိုယ်ပေါ်ကို သစ်ခွလိုမျိုးအနံ့တစ်မျိုး သူတို့ဖြန်းထားတယ် …။ ဒီတော့ မင်းဘယ်လိုရုပ်ပြောင်းပြောင်း .. သူတို့ သိမှာပဲ .. ”
တောက ကျယ်လွန်းတာမို့ သူသာ ပုန်းနေရင်မိဖို့မလွယ်ပေ။ အခုကတော့ သူကိုယ်တိုင်ကိုက တိုက်ပွဲထဲ၀င်လာခဲ့တာမို့ တွေ့သွားကြခြင်းပင်။
ရှီဟောင့် ကျောတွင် အတောင်ပံက ပေါ်လာကာ ခွန်ပန်နည်းစနစ်ကို အသက်သွင်းလိုက်သည်။ သူဟာ ဘယ်လောက်ပဲ အစွမ်းထက်တဲ့ သိုင်းပညာကို ပိုင်ဆိုင်ထားပါစေ .. သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်က နိမ့်နေလွန်းသေးတာဟာ တစ်ဖက်က ကျွမ်းကျင်သူတွေကို ယှဉ်နိုင်ခြင်းမရှိစေပါဘူး။
လက်ရှိအချိန်တွင် ရှီဟောင်က သစ်တောထူထပ်သောနေရာသို့ ပြေးကာ သစ်တောများက သူ့ကို ဖုံးကွယ်ထားနိုင်ဖို့ အစွမ်းကုန်ကြိုးစားကာ ထွက်ပြေးနေလေသည်။
ရှီဟောင် ပြေးနေရင်း ရုတ်တရက်အသံကျယ်ကျယ်ကို ကြားလိုက်ရပြန်သည်။
“ ယွီဖုန်း .. မင်း ကျောင်းတော်ကို သစ္စာဖောက်တာပဲ .. ”
” ငါက အဖိုးတန်နည်းစနစ်ပဲ လိုချင်တာ .. ဒါဆိုရင် ရပြီလေ .. မဟုတ်ဘူးလား .. ”
ရှီဟောင် မျက်လုံးပြူးသွားသည်။
ယွီဖုန်းက မိုးကလန်ရဲ့အဖိုးတန်သိုင်းကို တတ်မြောက်ကာ မိုးကြိုးစွမ်းအားလည်း ကျွမ်းကျင်လို့ သူ့ကို ပါရမိရှင်အဖြစ် လူအများသိကြသည်။
သို့သော် သူက အခုကျောင်းတော်ကို သစ္စာပြန်ဖောက်နေလေပြီ။
မိုးကလန်ကလူတွေအားလုံးက အကြီးအကဲနှစ်ယောက်နဲ့ ကျောင်းတော်သားတွေကို ဝိုင်းထားသည်။
“ ယွီဖုန်း .. ငါတို့ မင်းကို ပါရမီရှင်အဆောင်ထဲထည့်ပြီး အဖိုးတန်သင်္ကေတတွေ သင်ပေးခဲ့တယ် .. ။ ဒါပေမယ့် မင်းက အခုလို ပြန်ကျေးဇူးဆပ်လိုက်တယ်ပေါ့ .. ”
ကျောင်းသားတွေက နာကျင်စွာ အော်ပြောနေကြသည်။
အချင်းချင်း သစ္စာဖောက်တာကမှ သူတို့ကို တကယ်နာကျင်စေသည်။
ရှီဟောင်လည်း အံကြိတ်ပြီး ဓားကျိုးကို ဆုပ်ကိုင်ကာ တိုက်ခိုက်လိုက်တော့ မိုးကလန်က လူများစွာ ထက်ပိုင်းပြတ်ကာ သေကုန်ကြသည်။ မိုးကလန်ရဲ့ ကျွမ်းကျင်သူတွေက ဆက်ပျံ့နေတဲ့အားလှိုင်းကို တားဆီးခဲ့လို့သာ ရှင်သန်ခဲ့ခြင်းဖြစ်သည်။
“ သူ့ကို သတ်ကြစမ်း .. ”
မိုးကလန်က လူတွေဟာ လာနှောင့်ယှက်တဲ့သကောင့်သားကို စိတ်တိုပြီး အော်ဟစ်ကာ ကြည့်လိုက်ကြသည်။
သို့သော် သူတို့ဟာ ရှီဟောင့်ကို ချက်ချင်းပဲ မှတ်မိသွားကြ၏။
“ အဲ့ဒါ နတ်ဆိုးကောင်ပဲ .. သူ့ကိုသတ်စမ်း .. ”
“ သူ့ကိုမလွတ်စေနဲ့ … ”
မိုးကလန်ကို ရှီဟောင်အရိုးထဲကနေကို မုန်းတီးသည်။ သူအံကြိတ်ပြီး လွတ်အောင်ပြေးရတော့သည်။ ကျင့်ကြံခြင်းအဆင့်က အရာရာဖြစ်နေသည်မဟုတ်လား။
သူ့ကိုယ်က သွေးသံရဲရဲဖြစ်သွားပေမယ့် သူ လွတ်မြောက်ခဲ့သည်။
အရင်ကဆို အကြီးအကဲ ရှုံးဖေးနဲ့ အကြီးအကဲကျောက်ယွန်တို့က သူ့တင်ပါးကို ရိုက်ချင်ခဲ့ကြသည်။ သို့ပေမယ့် အခုတော့ သူနဲ့ ကျောင်းသးတွေ လွတ်မြောက်ဖို့အတွက် အသက်ပေးသွားခဲ့သည်။
“ အကြီးအကဲ .. ”
လူတိုင်းက ကျယ်လောင်စွာငိုနေကြသည်။ ကျောင်းတော်သားတို့မှာ မခံစားနိုင်လောက်အောင် ၀မ်းနည်းနေကြသည်။
“ ဂျူနီယာတို့ .. သွားကြတော့ .. ငါ ခုခံထားပေးမယ် .. မင်းတို့က ပြေးကြ .. ”
အသက်နှစ်ဆယ့်ခြောက်နှစ်အရွယ်ရှိတဲ့ လင်းမူက ပြောလိုက်သည်။
“ စီနီယာအစ်ကိုလည်း အတူတူပြေးရအောင်ပါ .. စီနီယာအစ်ကို သူတို့က အားကြီးတယ် .. စီနီယာအစ်ကို လုံး၀မဖြစ်ပါဘူး ..”
ကျောင်းသားတွေက ငိုနေကြကာ လင်းမူကို ဆွဲခေါ်နေကြသည်။
“ မဟုတ်ဘူး .. အကြီးအကဲတွေ မရှိကြတော့ဘူး .. အခုဒီမှာ ငါက အသက်အကြီးဆုံးပဲ .. မင်းတို့သွားကြပါ .. ငါက မင်းတို့ကို ကာကွယ်ပေးမယ် .. သွားကြတော့ .. ငါက မင်းတို့အစ်ကိုကြီးနော် .. ငါ့ စကား နားထောင်ပေးကြ .. ”
ကျောင်းတော်သားတွေကို အော်ထုတ်ကာ အတင်းတွန်းလွှတ်တော့ အံကြိတ်ကာ ငိုနေကြရင်း ထွက်ပြေးကြလေသည်။ သူတို့ ရှိနေလည်း အသုံးမှမ၀င်ပဲလေ။
ရှီဟောင်လည်း ခံစားရပြီး ပုန်းနေရာကနေ ၀င်ပါလိုက်ပြန်သည်။ သူ့စိတ်သူ မထိန်းနိုင်ခဲ့ပါး။ ဓားကျိုးကိုကိုင်ကာ ခွန်ပန်နည်းစနစ်ကို အသက်သွင်းပြီး သတ္တဝါတစ်ကောင်ကို ခေါင်းဖြတ်လိုက်သည်။ ထို့ကြောင့် သူဟာ အားလုံးရဲ့ အာရုံစိုက်စရာ ဖြစ်သွားပြန်သည်။
“ ဂျူနီယာညီလေး .. မင်းနဲ့အတူတူ နောက်ဆုံးအကြိမ်မှာ တိုက်ခိုက်ရမယ်လို့ ငါမတွေးထားခဲ့မိဘူး .. ။ သွားပါ .. ငါ့ညီက ပြေးပါ .. အစ်ကိုကြီး ဒီ သဘောက်မသားတွေကို ထိန်းထားပေးမယ် .. ”
“ မဟုတ်ဘူး. ကျွန်တော်တို့ အတူသွားကြမယ် .. ။ အားလုံးအတူ လွတ်မြောက်ရမယ် .. ”
ရှီဟောင်က ဓားကျိုးကို ကိုင်ကာ တိုက်ခိုက်နေဆဲပါပဲ။
‘ တစ်ယောက်မှ မလွတ်ရဘူး ..”
သတ္တဝါတွေကလည်း အော်ဟစ်သည်။
“ ဂျူနီယာညီလေး .. အစ်ကိုက နတ်နန်းကျောင်းတော်ရဲ့ တားမြစ်ပညာကို အသက်သွင်းထားပြီးပြီ .. အစ်ကိုက သေရတော့မယ်လူဖြစ်သွားပြီ .. ဒါကြောင့် ဒီမှာ သေသွားလို့လည်း ဘာမှမဖြစ်ဘူး .. ငါ့ညီကတော့ ပြေးပြီး အသက်ရှင်ပါကွာ .. ”
လင်းမူရဲ့ ခန္ဓာကိုယ်တွင် စွမ်းအားတွေက ပိုလို့သာပြင်းထန်လာပြီး အလင်းရောင်တွေကြား တောက်ပလာလေသည်။
တားမြစ်ပညာက သူ့စွမ်းအားကို ဆယ်ဆတိုးတက်စေပေမယ့် ပြီးရင်တော့ သူဟာ သေကိုသေရမှာဖြစ်သည်။
ရှီဟောင် အံကြိတ်ကာ သတ္တဝါကြီးတွေနဲ့ ရဲ၀င့်စွာ တိုက်ခိုက်နေတဲ့ လင်းမူကို နောက်ဆုံးအကြိမ် ကြည့်လိုက်သည်။ ထို့နောက် သူဟာ ထွက်ပြေးလာခဲ့ရ၏။ လမ်းတစ်လျှောက်တွင် သူ့ပါးပြင်က မျက်ရည်တွေနဲ့ ပြည့်နေလေသည်။
ထို စစ်ကြီးပြီးသွားဖို့ တစ်ရက်နဲ့တစ်ည ကြာမြင့်ခဲ့သည်။
ရှီဟောင်က တောင်ထိပ်တစ်ခုတွင်ရပ်ကာ အောက်က မီးလောင်နေတဲ့ မြေပြင်ကျယ်ကို ကြည့်နေခဲ့သည်။
လက်ရှိမှာ သူ့ရဲ့စိတ်ထဲတွင် မှုန်မှိုင်းနေ၏။ ထို့နောက်မှာတော့ သူ့ရဲ့ မျက်နှာနုနုလေးဟာ ခါးသီးစွာပြုံးကာ လှည့်ထွက်လာခဲ့သည်။