သုခကမ္ဘာက ရှီဟောင် - Chapter - 352
“ ဒီမှာ ကျွန်တော့်ကို စောင့်နေပါ .. ”
ရှီဟောင်ဟာ ထိုနေရာက ထွက်လာရင်း ဟောင်လင်းအာ့အနားကို ရောက်လာသည်။
“ ဖက်တီးကြီး .. ကျေးဇူးတင်ပါတယ် .. ။ အနာဂတ်မှာ ငါသေချာပေါက် ပြန်ဆပ်မယ် ..”
မီးနိုင်ငံရဲ့စစ်တပ်က သူ့ကိုကူညီဖို့ လူသားအင်ပါယာက လွှတ်လိုက်မှန်း သူသိသလို ဟောင်လင်းအာ ကူပြောပေးခဲ့လို့မှန်းလည်း သူသိသည်။ သူ့ကို မကူညီနိုင်ခဲ့ကြပေမယ့်လည်း သူတို့တွေက ကွဲကြေတောင်တန်းတစ်ရာထဲတွင် အတူခရီးဆက်ခဲ့ကြဖူးသည်။
ဟောင်လင်းအာကတော့ သဘောကျရမည့်အစား ဒေါသတကြီးသာ အော်သည်။
“ ဘယ်သူက ဖက်တီးလဲ .. နင်ပဲ ဖက်တီး .. နင်တို့တစ်မျိုးလုံးသာ ဖက်တီး ..”
ရှီဟောင်က အသည်းအသန်ပြေးလွှားကာ ရွှေရောင်လမ်းကြောင်းနားရောက်လာသည်။ လမ်းတစ်လျှောက်တွင် လူတိုင်းက သှူုအတွက် လမ်းဖယ်ပေးကြသည်။
ထိုနတ်ဆိုးကလေးကား ရှေးဟောင်းနတ်တောင်မှ အကြီးအကဲတစ်ယောက်ကိုတောင် ရိုက်နှက်ရဲသည်ဖြစ်ရာ ဒီလောကတွင် သူ မလုပ်ရဲသည်တို့ ရှိလောက်မည်မထင်ပါဘူး။
ရွှေရောင်လမ်းပေါ်ပြန်ရောက်လာပြီးနောက် တွင်းနက်တစ်ခုကိုဖွင့်ကာ အပျက်အဆီးနေရာကို ပြန်သွားလိုက်သည်။
ထိုအခါ ကွက်လပ်မြေတွင် အမြစ်တွယ်ထားသည့် မိုးမခနတ်ဘုရားကို တွေ့ရလေသည်။
“ မိုးမခနတ်ဘုရား … ကျွန်တော် ရှေးဟောင်းကြောက်မက်ဖွယ်သားရဲသိုင်းကျမ်းဆယ်ခုအကြောင်း ကြားခဲ့တယ် .. ”
သူက အသေးစိတ်ကို ပြောပြလိုက်သည်။
အမှန်တိုင်းဆိုရလျှင် သူ အကြီးအကဲကိုမယုံကြည်နိုင်ပါ။ သွေးကျိန်စာမကလို့ ဘာကြီးပဲ လုပ်ပေးပေး သူမယုံနိုင်တာက အမှန်ဖြစ်သည်။ သို့ပေမယ့် မိုးမခနတ်ဘုရားကသာ လုပ်စေချင်လျှင်တော့ ကိစ္စက ကွာသွားပြီဖြစ်သည်။ မိုးမခနတ်ဘုရားက သူ့အတွက် လမ်းဖွင့်ပေးပြီး သူ့ကိုအချိန်မရွေးကယ်လို့ရသည်လေ။
“ ခွန်ပန်က ပြိုင်ဘက်ကင်းတဲ့ ကျွမ်းကျင်သူပဲ .. လွန်ခဲ့တဲ့နှစ်ပေါင်းများစွာ အကြာက သူသေဆုံးခဲ့တယ် .. ။ သူ့ရဲ့ ပြိုင်ဘက်ကင်းသိုင်းနည်းစနစ်က လောကပျောက်ကွယ်သွားတာ နှမြောစရာပဲ .. ”
မိုးမခပင်က ကွက်လပ်မြေတွင် အမြစ်တွယ်ကာ အကိုင်းတို့က ကောင်းကင်ကို ဖြန့်ကျက်ထားသည်။ တောက်ပနေသည့် အစိမ်းရောင်အလင်းတို့က ထူထဲလှသည့် သစ်ကိုင်းတို့ကို ၀န်းရံထားသည်။ သစ်ကိုင်းဆယ်ကိုင်းလောကက ကောင်းကင်သို့ ဖြန့်ကျက်ကာနေပုံမှာ လောကသစ်တစ်ခုကို ဖန်တီးတော့မည့် အလားဖြစ်သည်။
“ သူ့ရဲ့အဖိုးတန်သိုင်းသာ ကျန်ရှိဦးမယ်ဆိုရင် အဲ့ဒီပင်လယ်ပိုင်းမှာ ဖြစ်လောက်တယ် .. ”
မိုးမခနတ်ဘုရားက ဂရုတစိုက်တွေးကာပြောသည်။
“ ဒါဆို ကျွန်တော်သွားလို့ရမှာလား ..”
ရှီဟောင့်မျက်၀န်းတွေကား မျှော်လင့်ချက်တွေဖြင့် ကြည်တောက်နေသည်။
“ ရတယ် .. ။ မင်းသွားသင့်တယ် .. ”
မိုးမခပင်ရဲ့စကားကို ရတာနဲ့ ရှီဟောင် အပျော်လွန်ပြီး ခုန်ပေါက်လိုက်သည်။ ထို့နောက် အဖြစ်အပျက်တွေကို တစ်ခုမှ ထိန်ချန်မထားပဲနဲ့ မိုးမခပင်ကို ပြောပြလိုက်သည်။ သူက ရှေးဟောင်းနတ်တောင်က သူတွေနှင့်အတူသွားရမှာမို့ အန္တရာယ်အရမ်းများပေသည်။
“ မင်းသူ့ကို ဒီနယ်မြေမှ သတ်ပစ်လို့ရတယ် .. ”
မိုးမခပင်က ဆိုသည်။
“ ကံကောင်းတာက သူက စိတ်ကူးပြောင်းသွားတာပဲ .. ”
မိုးမခပင်က ဆိုပြန်သည်။
ရှီဟောင်သာ ဆယ်ခုမြောက်ကောင်းကင်တွင်းနက်ကို မဖွင့်နိုင်ခဲ့ပါက ထိုအကြီးအကဲနှင့် သေလုအောင်ပြင်းထန်သည့် တိုက်ပွဲကို ဆင်နွှဲရလောက်သည်။
လေပြင်းတွေတိုက်ခတ်ကာ မြူတွေက လေထဲပြည့်လာရင်း မိုးမခပင်က တစ်လောကလုံးကို ခြုံကြည့်လိုက်သလို ခံစားလာရသည်။ဒီအကန့်အသတ်မဲ့သည့် အပျက်အဆီးတွေကြားတွင် အမည်းရောင်သစ်ပင်ရဲ့ မျက်စိကျိန်းမတတ်တောက်ပနေသည့် အစိမ်းရောင်မိုးကြိုးသစ်ကိုင်းတို့ကို မြင်ရတာက အလွန်အမင်းလျှို့ဝှက်ဆန်းကျယ်နေပေသည်။
“ မိုးမခနတ်ဘုရား .. ကျွန်တော်ဆယ်ခုမြောက်ကောင်းကင်တွင်းနက်ကို ဖွင့်ပြီးပြီ .. ။ ဒီတော့ ကျွန်တော်နှစ်ခြင်းမင်္ဂလာ လုပ်လို့ရပြီလား .. ”
ရှီဟောင်က မေးလိုက်သည်။
“ မင်းက ငါခန့်မှန်းတာထက်တောင် သာလွန်နေသေးတယ် … ”
မိုးမခနတ်ဘုရားက ချီးကျုးသည်။ သူက ကူညီတဲ့အနေဖြင့် နှစ်ခြင်းမင်္ဂလာကိုလုပ်ပေးပြီး ဆယ်ခုမြောက်ကောင်းကင်တွင်းနက်ကို ဖွင့်စေချင်ခဲ့တာ ဖြစ်သည်။
ရှေးအခါကတည်းက အလွန်အမင်းအစွမ်းထက်လှပါသည်ဆိုတဲ့ ကျွမ်းကျင်သူတွေတောင်မှ အဆင့်တက်တဲ့အခါ အလွန်အမင်းထူးချွန်သည့်ပညာရှင်တို့က ကာကွယ်ပေးကြရသည်။ ရှီဟောင့်လိုမျိုး အရမ်းကို အန္တရာယ်များသည့်အခြေအနေတွင် တစ်ယောက်တည်း အဆင့်တက်တာမျိုးကို သူပင် တစ်ခါသော်မှ မမြင်ဖူးခဲ့ပါဘူး။
“ မင်း သူ့ကိုစကားပြန်ပြောပြီးသွားရင် မြန်မြန်ပြန်ခဲ့လိုက် .. ငါ နှစ်ခြင်းမင်္ဂလာလုပ်ဖို့ စီစဉ်ထားပေးမယ် .. ”
ရှီဟောင်ဟာ ၀မ်းသာသွားပြီး အော်ဟစ်ခုန်ပေါက်ကာပြန်သွားသည်။ သူက လျှင်မြန်စွာပင် ရွှေရောင်လမ်းကို ဖြတ်သွားသည်။
“ သူပြန်လာပြီ .. ”
သူ့ကိုတွေ့သည်နှင့် လူတိုင်း အသင့်အနေအထားဖြစ်သွားကြသည်။ ချက်ချင်းပင် လမ်းဖယ်ပေးကာခပ်ဝေးဝေးကို ခွာနေလိုက်ကြသည်။
“ မြန်မြန်ပြန်လာတယ်ဆိုတော့ ဆုံးဖြတ်လို့လည်း ပြီးပြီပေါ့ .. ”
အကြီးအကဲကပြုံးနေသည်။
“ ကျွန်တော် သဘောတူသေးတာမဟုတ်ဘူးနော် … ”
“ အိုး .. ဒါဆိုရင်လည်း ပြောပါဦး .. ”
ရှီဟောင်က ဦးချိုပါနဂါးပေါ် သူ့တင်ပါးကို ပစ်တင်ပြီး ထိုင်ချပစ်လိုက်သည်။ လူအုပ်ကားဆွံ့အလို့ပင်မဆုံးနိုင်တော့။
“ သူ့ကိုယ်ထဲက သင်္ကေတွေ ချေဖျက်ပေးပါ .. ”
ရှီဟောင်က ဦးချိုပါနဂါးရဲ့ အရိုးစာသားကိုရပြီး အဖိုးတန်သိုင်းကိုရနိုင်ဖို့ မျှော်လင့်တာဖြစ်၏။
“ မဖြစ်နိုင်ဘူး .. သူတို့ကိုယ်ထဲမှာ အမှတ်အသားတွေ လုပ်ထားပြီးသား .. မင်းသွားထိလိုက်တာနဲ့ ပေါက်ကွဲသွားမှာပဲ .. ”
“ ဟူး .. ဒါဆိုရင်တော့ စိတ်မကောင်းစရာပဲ .. ။ ကျွန်တော်က ခင်ဗျားတို့ကို ကူညီပြီး ဖွင့်ပေးပြီးသွားရင် ခင်ဗျားတို့က သတ်ပစ်လိုက်မှာလည်း စိုးရတယ် .. ။ကျွန်တော့်ကိုယ် ကျွန်တော် ကာကွယ်ဖို့ ဘာမှလည်းရှိတာမဟုတ်ဘူးလေ .. ”
အကြီးအကဲရဲ့ မျက်နှာက မည်းမှောင်လာသည်။
“ ကျွန်တော်က စိတ်ထားကောင်းလွန်းတော့ ၀င်ပေါက်ဖွင့်ပေးမှာပဲ .. ပြီးရင်တော့ ကိုယ့်ကိုယ်ကိုယ်တောင် မကာကွယ်နိုင်ဘူးဆိုရင် ဘယ်လောက်တောင်သနားဖို့ ကောင်းလိုက်မလဲ .. ”
“ မင်း ဘာလိုချင်နေပြန်တာလဲ .. ”
အကြီးအကဲရဲ့ လေသံက အေးစက်နေ၏။
ထိုနတ်ဆိုးကလေးတွင် အစွမ်းထက်သိုင်းတွေရော၊ အဖိုးတန်အရိုးတွေရော လက်နက်တွေရောရှိမှန်း သူသိသည်။
အကြီးအကဲရဲ့ မျက်နှာမည်းမှောင်နေတာမြင်တော့ သူက အမြန်ပြောလိုက်သည်။
“ ခင်များတို့ကလန်ရဲ့ အဖိုးတန်သိုင်း .. ”
“ ကလန်သားမဟုတ်ရင် သင်လို့မရဘူး .. ”
“ ဒါဆိုရင်လည်း ဘာမှတောင်းဆိုစရာ မရှိတော့ပါဘူး .. ဒါပေမယ့် လက်မောင်းကာ တစ်ဖက်ပေးထားမယ်ဆိုရင်တော့ အဆင်ပြေတယ် .. ”
“ အာ .. တစ်ဖက်ထဲပါ တစ်စုံလုံးမဟုတ်ဘူးလေ .. ”
“ မင်း .. ဒါကိုရလည်း ကွက်လပ်နတ်ဘုရားမြေ အပြင်ဘက်ကို ယူသွားလို့မရဘူး .. ”
“ ကျွန်တော်သိပါတယ် .. ကိုင်ကြည့်ဖူးချင်ရုံလေးပါ .. မဟုတ်ရင်တော့ မသွားနိုင်ဘူး .. ”
ထိုအချိန်မှာ လေထုက အေးစက်သွားကာ တိတ်ဆိတ်သွားသည်။ ရှီဟောင်က ထပ်ပြောလိုက်သည်။
“ ကျွန်တော်က ခဏဌားရုံပါ .. အဲ့နေရာက ပြန်လာမှ ကျွန်တော်ပြန်ပေးမယ်ဗျာ .. ”
အကြီးအကဲက မျက်မှောင်ကြုတ်ထားသည်။ ထိုနေရာတွင် သူတို့တွေပဲရှိနေမည်မဟုတ်၊ အခြားသော အစွမ်းထက်နယ်မြေကလူတွေအများကြီး ရှိနေကြမှာ ဖြစ်၏။ အားလုံးက အပြိုင်အဆိုင်နှင့် တိုက်ပွဲတွေပြည့်နှက်နေမည်မို့ နတ်ဆိုးကလေး သေသွားတာလည်း ဖြစ်နိုင်သည်။ သူသာ သေသွားခဲ့လျှင် လက်မောင်းကာတစ်ဖက်ကို ဆုံးရှုံးရတော့မည်။
“ ကောင်းပြီ … “
အကြီးအကဲမှာ အံကြိတ်ပြီး လက်မောင်းကာ တစ်ဖက်ကို ပေးလိုက်သည်။ ရှီဟောင် ပျော်ရွှင်စွာ အော်ဟစ်ရင်း လက်ခံလိုက်သည်။
သူသိသည်။ မည်သူမဆို ခွန်ပန်ရဲ့ပြိုင်ဘက်ကင်းသိုင်းကို ရဖို့အတွက် အစွမ်းကုန်ကြိုးစားကြပါလိမ့်မည်။
“ အဘိုး .. ဒီအစွမ်းထက်ဆုံးသောရတနာကို ဒီကောင့်ကို မပေးလိုက်နဲ့လေ .. ”
ခရမ်းရောင်မိန်းကလေးက ၀င်ပြောသည်။ သူမက ကျေနပ်ပုံမရ။
“ တကိုယ်ကောင်းဆန်လိုက်တာ .. နှမြောစရာပဲ .. မင်းက ၀တုတ်ပြီး ကြီးလာတာက တကယ် နှမြောစရာပဲ .. ”
ရှီဟောင်ကလည်း ခပ်တိုးတိုးရေရွတ်သည်။
“ နင်ကသာ ဝနေတာ .. ”
ရှီဟောင် လက်မောင်းကာကို တပ်ကြည်လိုက်သည်။
ထိုအခါ သူ့ဘယ်လက်တွင် ပေါက်ကွဲနိုင်လောက်အောင်ပြင်းထန်သည့် စွမ်းအားတို့ပြည့်နှက်လာသလို ခံစားလိုက်ရသည်။ သူက ကောင်းကင်ကိုတောင် ထိုးခွဲနိုင်သလို ထင်လာမိသည်။ သို့သော် ဒီလောကရဲ့ နိယာမတွေရဲ့ ဖိနှိပ်မှုကို ခံရပြီးနောက် ကောင်းကင်တွင်းနက်အဆင့်ထက်တော့ ကျော်လွန်နိုင်ခြင်းတော့ မရှိပါဘူး။
ရှီဟောင် ၀မ်းနည်းစွာနှင့် သူ့မိဘနှစ်ပါးတို့ရဲ့ ပုံစံကိုပြောပြကာ အကြီးအကဲကို ရှာဖွေခိုင်းလိုက်သည်။
အကြီးအကဲက ကြောင်သွားသည်။ သူ့ကို နောက်ကြောင်းလည်းမပြောဘဲ ပုံသဏ္ဍာန်ပဲ ပြောပြီးရှာခိုင်းနေသည်။ သို့သော် ထိုကောင်လေးရဲ့ နာကျင်နေတဲ့ပုံကိုမြင်တော့ သူ လက်ခံလိုက်သည်။
“ မင်းက ကောင်းကင်တွင်းနက်အဆင့်ရဲ့အထွတ်အထိပ်ကို ရောက်နေပြီပဲ .. မင်းအချိန်မရွေး အဆင့်တက်လို့ရနေပြီ .. ။ မင်းအဆင့်တက်ပြီးတာနဲ့ ငါတို့ကို အသိပေးပေါ့ … ”
အကြီးအကဲက ပြောပြီးသည်နှင့် ထွက်သွားဖို့ပြင်တော့ ရှီဟောင်က ပြောလိုက်၏။
“ မသွားပါနဲ့ဦးလား .. ကျွန်တော်တို့ စကားလေး ဘာလေးပြောရအောင်လေ .. ”
“ ငါ့မှာ လုပ်စရာတွေရှိသေးတယ် .. ”
အကြီးအကဲ၏ မျက်နှာက မသာမယာ ဖြစ်နေသည်။ သူ့လို အဆင့်အတန်းနှင့် ဒီကောင့်ဆီ မှာ အရိုက်ခံခဲ့ရသည်။ ဖြစ်နိုင်ရင် သူဟာ ဒီနတ်ဆိုးလးကို ဘယ်တော့မှ မတွေ့ချင်တော့ပါဘူး။
“ ဒီကောင့်တစ်ကိုယ်လုံးကို ထည့်ပြုတ်လိုက်ရမလား .. ”
ရှီဟောင်က ဦးချိုပါနဂါးကိုကြည့်ကာ ခပ်တိုးတိုးရေရွတ်သည်။
“ မင်းသူ့ကိုမစားသင့်ဘူး .. ငါနဲ့ပြန်ထည့်ပေးလိုက်ပါလား .. မင်းတို့တွေ တစ်လှေတည်းစီးရမယ့် ခရီးသွားတွေဖြစ်မှာလေ .. ”
“ မပေးပါဘူး .. မဟုတ်ရင် ကျွန်တော့်ကို လူတိုင်းက အနိုင်ကျင့်လို့ရတယ်လို့ ထင်သွားကြမှာပေါ့ .. ”
(A/N .. ဒီလူတိုင်းက လူသားဆိုတာကထက် သားရဲတွေကိုပါ ရည်ညွှန်းပါတယ် .. )
“ မင်း ဘာလုပ်ချင်တာလဲ .. ”
“ သူ့ကို အဖိုးတန်သိုင်းတစ်ခုခုနဲ့ လဲမလားလို့ .. ”
ရှီဟောင်က အလကားတော့ ပြန်လွှတ်ပေးချင်ပုံမရပါဘူး။
“ မင်း ဒီလိုတော့ မပြောသင့်ဘူး .. ။ သူများတွေပြောကြသလိုဆိုရင် မင်းတို့အချင်းချင်း မသိပဲ တိုက်ခိုက်ကြတာဆို .. ငါတို့သခင်ငယ်လေးက ပင်လယ်ထဲကို မင်းနဲ့အတူသွားရမှာပဲဟာ .. အချင်းချင်းသိသွားရင် ရယ်မောရင်းနဲ့ ပြဿနာတွေကို မေ့သွားမှာပဲလေ .. မဟုတ်ဘူးလား .. ”
ရှည်လျားသည့်အရပ်တွေနှင့် ပုံရိပ်တွေက အဝေးတွင်ပေါ်လာသည်။ သူတို့၏ ခန္ဓာကိုယ်က တောက်ပနေကာ လူသားပုံနှင့်ဖြစ်ကြပေမယ့် ရွှေရောင်ဆံပင်၇ှည်တွေက တစ်ကိုယ်လုံးကို ဖုံးအုပ်ထားကာ တောက်ပသည့်သင်္ကေတတွေကလည်း နေရာအနှံ့ရှိနေသည်မို့ ရွှေရောင်သားရဲတွေမှန်း သိလိုက်ရသည်။ သူတို့ကို နတ်အစေခံဟု အများကခေါ်ကြသည်။
အဝေးကကြည့်နေသည့် လူတိုင်းမှာ မျက်လုံးပြူးသွားရသည်။ ထိုကဲ့သို့သော အစေခံတို့ပိုင်ဆိုင်ကြသည့် ရှေးဟောင်းနတ်တောင်ကို မည်သူကထိရဲပေမည်နည်း။
“ မင်းတို့ အဲ့လိုပြောလို့မရဘူးလေ .. လူတိုင်းက ငါ့လာတိုက်ခိုက်ပြီးမှ စတာပါဆိုရင် ငါ့ကိုယ် ငါပဲ သတ်သေလိုက်တော့မယ် .. “
“ ငါ သွားပြီ .. ”
အကြီးအကဲက အရင်သွားဖို့ပြင်သည်။ နတ်ဆိုးလေးက ဦးချိုပါနဂါးကို တကယ်မသတ်မှန်း သူသိသည်။ ထိုကောင်က တမင် ငွေညှစ်ဖို့ ကြိုးစားနေသည် မဟုတ်လား။
အကြီးအကဲနှင့် မိန်းကလေးကို နတ်အစေခံနှစ်ယောက်က တရိုတသေ နှုတ်ဆတ်လိုက်ကြသည်။
“ မင်းကအရမ်းစွမ်းအားကြီးမှန်း ငါတို့သိပါတယ် .. ဒါပေမယ့် ရှေးဟောင်းနတ်တောင်ကလည်း အားမနည်းဘူးနော် .. ”
နတ်အစေခံတစ်ယောက်က ဆိုသည်။
“ မင်းတို့က ရန်စတာလား .. ”
ရှီဟောင်က ချက်ချင်းပင် ရှေ့တက်ကာ နတ်အစေခံနှစ်ယောက်ကို တိုက်ခိုက်လိုက်သည်။
လူအုပ်မှာ ပါးစပ်အဟောင်းသားပင် ဖြစ်နေသည်။ နတ်ဆိုးကလေးကား ရှေးဟောင်းနတ်တောင်ကို မျက်လုံးထဲပင် မထည့်ပါ။ နတ်အစေခံဆိုပေမယ့် သူတို့ကိုယ်တိုင်ကိုက အင်မတန်စွမ်းအားကြီးသူများဖြစ်ပေသည်။
“ မင်းက တကယ်ကို အစွမ်းထက်ပါတယ် .. ။ မင်းကို ငါတို့တွေ သခင်ငယ်လေးတစ်ယောက်လို့ အသိအမှတ်ပြုပါတယ် .. ”
နတ်အစေခံတို့မှာ လက်မြှောက်လိုက်ရသည်။
* အကြီးအကဲကိုတောင် တိုက်ခိုက်ရဲသည့်နတ်ဆိုးကောင်ကား သူတို့ကိုစားမပစ်ဘူးလို့ မပြောနိုင်ဘူးလေ .. ။ *
°°°°°
ကျောက်တုံးရွာတွင် လေပြင်းတွေက တိုက်ခတ်ကာ ကြီးမားလှသည့် မိုးမခပင်ကိုယ်က မြင့်တက်ရင်း တောက်ပသည့်အလင်းရောင်တို့ကို ထုတ်လွှတ်နေသည်။ တစ်ချိန်ထဲတွင် ေ၀၀ါးလှသည့်မြူထုက မူလစွမ်းအားတွေဖြင့် လှည့်ပတ်ရင်း လေထဲဝဲလို့နေသည်မှာ အလွန်မှော်ဆန်သည့် မြင်ကွင်းဖြစ်သည်။
ရှီဟောင်ပြန်လာခဲ့သည်မှာ လ၀က်ခန့်ကြာသွားလေပြီ။ ဒီအချိန်အတောအတွင်းတွင် မိုးမခနတ်ဘုရားက အမြဲတမ်းယခုကဲ့သို့ဖြစ်နေသည်။ သူက တစ်ခုခုကို ပြင်ဆင်နေပုံရသည်ပေ။ သူက အလွန်အမင်းတည်ငြိမ်ပြီးအလင်းတို့ဖြင့်သာ တောက်ပကာ အလင်းတို့ကလည်း ရေတွေလို တသွင်သွင်စီးဆင်းနေပေသည်။
လူတိုင်းဟာ အံ့သြနေရသည်။ မိုးမခနတ်ဘုရားကားတစ်ခုခုကို အသေအချာပြင်ဆင်နေပုံ ရသည်။
“ အခုက မင်းရဲ့နှစ်ခြင်းမင်္ဂလာပဲမဟုတ်ဘူး .. မင်း အပြည့်အစုံ ပြောင်းလဲနိုင်မှဖြစ်မယ် .. ”
မိုးခမ နတ်ဘုရားက ဆိုသည်။
ရှီဟောင်လည်း နားလည်ပေသည်။
ခွန်ပန်ဆိုသည်နှင့် ရောက်လာကြမည့် အစွမ်းထက်ပုဂ္ဂိုလ်တွေက မည်မျှ ကြောက်မက်ဖွယ်ရာဖြစ်မည်ကို တွေးဆနိုင်သည်။
ရှီဟောင် အရမ်းကို စွမ်းအားကြီးချင်လာသည်။