သုခကမ္ဘာက ရှီဟောင် - Chapter - 473
မိစ္ဆာဝိဥာဉ်ရေကန်က ပင့်ကူကြီးရောက်လာခဲ့ခြင်းဖြစ်သည်။ မျှော်လင့်ထားသလိုပင် သူက တကယ့်အချိန်ကောင်းမှ ရောက်လာခဲ့ခြင်းဖြစ်၏။ ကောင်းကင်တွင် အနက်ရောင်တိမ်တိုက်တို့က ဖုံးလွှမ်းထားကာ မြို့တော်တစ်ခုလုံးပင် မှင်သက်သွားကြသည်။
နတ်ဖြစ်တည်မှုတစ်ခုက ရောက်ရှိလာခဲ့ပါပြီ။
ရှီဟောင့်လက်ထဲမှာရှိတဲ့ ကြီးမားလှသည့် ခက်ရင်းခွကြီးက မြှောက်တက်လာသော်လည်းပဲ ပြန်မကျဆင်းလာတော့ချေ။ ကြောက်မက်ဖွယ်ကောင်းလွန်းတဲ့ နတ်အလင်းတို့က သူ့ပတ်လည်တွင်ရှိသည့် အာကာသပြင်ကို လွှမ်းခြုံသွားကာ သူဟာ အတော်လေးပြင်းထန်သည့် ဖိအားကို ခံစားလိုက်ရလာသည်။
အောက်ဘက်တွင်တော့ ရှီကျီထျန်းရဲ့ မျက်နှာက ဖြူဖျော့နေခဲ့ပြီဖြစ်၏။ ကောင်းကင်ရဲ့ပြောင်းလဲမှုတွေကို မြင်လိုက်တဲ့အခါမှာ သူ့ရဲ့ မျက်နှာက သွေးရောင်ပြန်လွှမ်းလာသည်။
ထိုဟာက မိစ္ဆာပင့်ကူရဲ့ တကယ့်ခန္ဓာဆိုတာ သူ သိလေသည်။ တစ်ဖက်သူက တစ်ချက်လှုပ်ရှားလိုက်တာနဲ့ ဘုရင်အဆင့်က သူတောင်မှ မျှော်လင့်ချက် မရှိနိုင်ပေ။ သူတို့တွေသေချာပေါက် ဖျက်ဆီး အက်ကွဲခံရပေမည်။ မြို့တော်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားကာ မည်သည့်အသံမှ မထွက်တော့ပေ။
လက်ရှိတွင် ခံစားရသည့်ဖိအားက အလွန်အမင်းကို ပြင်းထန်လှကာ အားလုံး အက်ကွဲထွက်ရမတတ်ဖြစ်ရသည်။ ကြီးမားလွန်းလှသည့် ပင့်ကူကြီးက ကောင်းကင်တွင် ပေါ်လာကာ တောင်တစ်လုံးလောက် ကြီးမားသထက် ကြီးမားလာနေသည်။
ထိုစွမ်းအင်က သူတစ်ပါးကို မကောင်းကြံတော့သလိုမျိုး ခြိမ်းခြောက်မှုများ ပြည့်နှက်နေခဲ့သည်။ သာမန်လူတွေအတွက်တော့ ထိုမြင်ကွင်းက အလွန်ကြောက်မက်ဖွယ်ကောင်းပေသည်။ မိစ္ဆာနတ်ဘုရားက ကောင်းကင်မှ ဆင်းသက်လာသလိုမျိုး သူတို့ ခံစားနေရ၏။
ထိုဟာက ရှေးဟောင်းပင့့်ကူကြီးမဟုတ်ဘူးလား။ ဘယ်သူကများ ဒီလိုပင့်ကူကြီးနဲ့ ရင်ဆိုင်နိုင်မှာတဲ့လဲ။ ထိုစွမ်းအင်အရှိန်အဝါတစ်ခုတည်းနဲ့တင် အရာအားလုံးကို အက်ကွဲစေနိုင်စွမ်းရှိသည်။
ထိုအရာက နန်းတော်များ၊ အဆောက်အဦးများကို ဖုန်မှုန့်အဖြစ်ပြောင်းသွားစေလေ၏။ ကြီးမားလှသည့် ခန္ဓာကိုယ်ကြီးက လူတိုင်းရဲ့ အပေါ်ကို အုပ်မိုးသွားခဲ့ကာ ရှေးခေတ်က တစ်စုံတစ်ရာအသက်ရှင်လာသည့် ကျွမ်းကျင်ရှင်တစ်ယောက်လိုမျိုး ထင်ရစေသည်။ ထိုသူရဲ့ အကြည့်တွေက အေးစက်နေပြီး အောက်ဖက်က အရာအားလုံးကို လွှမ်းခြုံလို့သွားသည်။ သူက ရှီဟောင်ကို ကြည့်ပြီးသည့်နောက်ပြောလိုက်သည်။
“အစွမ်းအထက်ဆုံးလူငယ် ဟုတ်လား .. မင်းက ဒီလောက်ငယ်ငယ်လေးပဲ ရှိသေးတာတောင်မှ ဒီလောက်မောက်မာရိုင်းစိုင်းနေပြီပေါ့ .. မင်းသာ စောစောသေသွားမယ်ဆိုရင် ဒါတွေက ဘာမှ ဆက်ဖြစ်လာတော့မှာ မဟုတ်ဘူး .. မင်းက လေထဲမှာ ဖုန်မှုန့်လိုပဲ ပျောက်ကွယ်သွားရလိမ့်မယ် .. ”
ထိုအေးစက်တဲ့စကားတို့က သူ၏ တောင်တစ်လုံးအရွယ်ရှိသည့် ခန္ဓာကိုယ်မှ ထွက်လာခြင်းဖြစ်ကာ မဆုံးနိုင်သောခံစားချက်တို့ကို ပေးလေသည်။ ထို့ကြောင့် လူတိုင်းကို ကြောက်ရွံ့တုန်လှုပ်စေသည်။ သူတို့အားလုံးက ချက်ချင်းပင် အလောင်းဖြစ်သွားတော့မလို ခံစားလိုက်ကြရ၏။ မိစ္ဆာပင့်ကူကြီးရဲ့ စကားများက အလွန်နိုင်ထက်စီးနင်းဆန်သည်။ ထိုစကားတွေက ဒီလူငယ်လေးကို ချက်ချင်းပဲ သေသွားသလိုမျိုး ပြောလိုက်ခြင်းနဲ့ညီမျှကာ သူ့ကို အရွယ်ရောက်ဖို့ပင် အခွင့်အရေးပေးမယ့်ပုံ မပေါ်ချေ။
လူတိုင်းရဲ့ နှလုံးသားက ရှီဟောင်အတွက် ဝမ်းနည်းသွားကာ တုန်ယင်သွားကြရသည်။ ထိုဟာက ကောင်းကင်ကိုတောင် လွှမ်းခြုံနိုင်စွမ်းရှိတဲ့ ပါရမီရှင်တစ်ယောက်ဖြစ်သည်။ အဆုံးတွင်တော့ သူက အလွန်အမင်းတောက်ပနေခဲ့လေပြီး သူ့ကံကြမ္မာကို သူကိုယ်တိုင် ယူဆောင်ခဲ့သလိုမျိုးဖြစ်နေလေသည်။ အားလုံးက နောင်တရစွာခေါင်းခါလိုက်ကြ၏။
ရှီကျီထျန်း မတ်တပ်ရပ်လိုက်သည်။ သူ့ရဲ့ အမူအရာက ပုံမှန်ဖြစ်လာခဲ့ပါပြီ။ သူ့ရဲ့ နှုတ်ခမ်းထောင့်တို့မှ သွေးတို့ကို သုတ်လိုက်ရင်း အရာအားလုံးက အဆုံးသတ်ပြီဆိုတာ သိလိုက်သည်။ အကြောင်းကတော့ မိစ္ဆာနတ်ဘုရားကြီး ရောက်လာပြီ မဟုတ်လား။ ဒီတော့ ရှီဟောင်က အသုံးမဝင်တော့။ ဒီတစ်ကြိမ်မှာတော့ သူ့ရဲ့ခန္ဓာကိုယ် ကိုယ်တိုင်ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
“ မိစ္ဆာနတ်ဘုရား .. ဒါက ငါ့ရဲ့ မြို့တော်ဆိုတာကို မင်းမေ့သွားပြန်ပြီလား .. မင်းက မွေးနေ့ကို ဂုဏ်ပြုစကားပြောမလို့ဆိုပြီး ရောက်လာခဲ့တယ် .. ရင်းနှီးပတ်သက်ဖို့ လိုတယ်ဆိုပြီးတော့ ပြောလာခဲ့တာလေ .. ဒါကြောင့် ငါကြိုဆိုခဲ့တာပဲ .. ဒါပေမယ့် အခုလို သွေးလွှမ်းတဲ့ကပ်ဘေးတွေကို ယူဆောင်လာခွင့့်တော့ မပြုဘူးနော် .. ”
တည်ကြည်တဲ့အသံတစ်ခုက တော်ဝင်မြို့တော်ဆီမှ ဟိန်းထွက်လာခဲ့သည်။ လူတိုင်း တုန်ယင်သွားကြ၏။ ကျောက်တုံးအင်ပါယာမြို့တော် တစ်ခုလုံးတောင်မှ တုန်ယင်သွားခဲ့ကာ ထိုစကားတွေကြောင့် ကြောက်လန့်သွားကြပုံပေါ်သည်။ လူတိုင်းလူတိုင်း ယိုင်နဲ့ သွားကြလေသည်။
ဒီစကားတွေက တိုက်ပွဲတစ်ခုကို စတင်နေသယောင် ထင်ရကာ အလွန်အမင်းလည်း ကြောက်မက်ဖွယ်ကောင်းနေသည်။ ကျွမ်းကျင်ပညာရှင်နှစ်ယောက်တိုက်ခိုက်မယ်ဆိုပါက ပျက်စီးမှုတွေ ဘယ်လောက်များပြားမလဲဆိုတာကို ခန့်မှန်းလို့ပင် မရနိုင်ချေ။ သို့ရာတွင် လူတိုင်းသေချာတာကတော့ တစ်ခုရှိသည်။ တိုက်ပွဲစတင်လိုက်တာနဲ့ ရှေးဟောင်းမိစ္ဆာကြီးက အသက်ပြင်းပြင်းရှူလိုက်ဖို့သာလိုသည်။ ထိုအခါ သောင်းပေါင်းများစွာသော လူများက ဝါးမြိုခံရမည်ဖြစ်၏။
“ကျောက်တုံးအင်ပါယာ .. ငါက တကယ်ကိုပဲ ရိုင်းစိုင်းနေတဲ့လူသားလေးကို ဆုံးမစေချင်ရုံပါ .. ဒီကောင်စုတ်လေးက ငါ့ရဲ့ မိစ္ဆာဝိဥာဉ်ရေကန်က လူကိုတောင်မှ ရန်စရဲတယ်လေ .. ပြီးတော့ ငါ့လူတွေကိုတောင်မှ ဖမ်းထားရဲသေးတယ် .. ဒီတော့ သူ့ကို အပြစ်ပေးခွင့် ငါ့မှာ မရှိဘူးလား .. ”
ရှေးဟောင်းမိစ္ဆာပင့်ကူက ဆိုသည်။ မြို့တော်အတွင်းတွင်တော့ ကြောက်ရွံ့မှုတွေကို ခံရဆဲဖြစ်သည်။ ကျောက်တုံးကလန်က တည်ရှိနေခဲ့သည်မှာ အတော်အတန်ကြာနေခဲ့ပြီဖြစ်ကာ အင်ပါယာနန်းတော်က သတ်ဖြတ်ခြင်းဝင်္ကပါကို အသက်သွင်းလိုက်တာနဲ့ အစွမ်းအထက်ဆုံးကျွမ်းကျင်ပညာရှင်တောင်မှ သေချာပေါက်ခံစားရမည်ဖြစ်သည်။ ထို့အပြင် လူသားအင်ပါယာကိုယ်တိုင်ကပင် အလွန်စွမ်းအားကြီးသည်။
ထိုနေရာကို ရယူနိုင်ထားတာကို ကြည့်ရုံနဲ့ မြို့တော်တစ်ခုလုံးရဲ့ အရင်းအမြစ်တွေက သူ့ရဲ့ ပိုင်ဆိုင်မှုဖြစ်သွားတာကိုကြည့်ရုံနဲ့ သူဘယ်လောက်စွမ်းအားကြီးမလဲဆိုတာကို သိလိုက်သည်။ သူက နတ်မီးတောက်အောက်တွင် နှစ်ခြင်းမင်္ဂလာကို ပြုလုပ်ဖို့အထိ ကံကောင်းခဲ့သူလည်းဖြစ်ကာ သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်က အလွန်ကို နက်ရှိုင်းပြီး တိုင်းတာလို့ပင် မရနိုင်ချေ။
“ သူက ငါ့ရဲ့ကျောက်တုံးကလန်ရဲ့ အဖွဲ့ဝင်တစ်ယောက်ပဲ .. သူက မင်းကို အမှားလုပ်ခဲ့ရင်တောင်မှ ငါကပဲသူ့ကို ဆုံးမပိုင်ခွင့်ရှိတယ် .. မိစ္ဆာပင့်ကူ .. မင်း ဒီမှာ ဘာမှ ထပ်ပြောဖို့ မလိုအပ်တော့ဘူး .. ”
ကျောက်တုံးအင်ပါယာနန်းတော်ထဲက ထွက်လာခဲ့သည့် ထိုအသံက ကောင်းကင်သို့တိုင် ဟိန်းထွက်နေခဲ့သည်။
ထိုအခိုက် စွမ်းအားကြီးအင်အားစုတွေပါ လူသားအင်ပါယာကိုယ်တိုင် ပြောကြားလာသည့်အတွက် အံ့အားသင့်သွားကြသည်။ သူက ရှီဟောင့်ကို ကာကွယ်လိုပုံရ၏။ လူအုပ်ကလည်း အံ့အားသင့်သလို တစ်ချိန်တည်းမှာပင် မှင်သက်နေကြသည်။
လူသားအင်ပါယာက သူ့ရဲ့ ပင်ကိုယ်ပါရမီကို ထိုးဖောက်မြင်နိုင်သွားသည်များလား။ ရှီဟောင်က ကောင်းကင်တွင်းနက်ဆယ်ခုကိုတောင် ဖွင့်ထားနိုင်ခဲ့ကာ ပင်ကိုယ်နတ်ဘုရားအရိုးကို ထုတ်ယူခံရသည်တောင်မှ ထိုမျှအထိ စွမ်းအားကြီးနေခဲ့ခြင်းဖြစ်သည်။ သူက နတ်ဘုရားအဆင့်အတွင်းသို့ အသာလေး ဝင်နိုင်စွမ်းရှိသည်။
မိစ္ဆာပင့်ကူက နောက်ထပ်ဘာမှဆက်မပြောတော့ပဲ ဆင်းသက်လိုက်သည်။ ကြီးမားလှသည့်ပင့်ကူ ခြေထောက်ကြီးက ကောင်းကင်ထောက်တိုင်ကြီးအလား ထင်ရကာ သိုင်းအင်ပါယာစံအိမ်သို့ ကျဆင်းသွား၏။
” ဟုန်း .. ”
ရုတ်တရက် ရွှေရောင်အလင်းများက ပေါ်ထွက်လာသည်။ ထိုအရာက ကောင်းကင်နဲ့မြေကြီးကို ပျံ့နှံ့သွားခဲ့ကာ ထိုမိစ္ဆာပင့်ကူရှေ့ရှိ မြို့တော်တစ်ခုလုံးကို တုန်ခါသွားစေလေသည်။
ထို့ကြောင့် ပင့်ကူရဲ့ ခြေထောက်ကြီးအနေနဲ့ နောက်ပြန်ဆုတ်လိုက်ရတော့သည်။ လူသားအင်ပါယာကလည်း သူ့ရဲ့စွမ်းအင်ကို ဖော်ထုတ်ပြလိုက်လေ၏။ ရှီဟောင်က စိတ်ထဲတွင်တော့ ခါးသက်စွာ အော်ဟစ်ငိုကြွေးနေလေသည်။
တကယ်တန်းတော့ သူက လူသားအင်ပါယာကို ဝင်မပတ်သက်စေချင်ပေ။ သူက မိစ္ဆာပင့်ကူကိုသာ ကိုယ်တိုင်ဆင်းသက်လာစေချင်ကာ စေတီလေးရဲ့အကူအညီနဲ့ သတ်ဖြတ်ပစ်မည်ဖြစ်သည်။
” ငလူးမ .. လူသားအင်ပါယာ .. ခင်ဗျားကို ဒီအချိန်ထွက်လာပါလို့ ဘယ်သူက ပြောထားလို့လဲ .. ။ သူက ပါရမီရှင်တွေကို အရမ်းချီးမြှောက်တဲ့ပုံစံ လုပ်နေတာမဟုတ်ဘူးလား .. ။ သူက ဒီမိစ္ဆာပင့်ကူကိုတောင်မှ တကယ်တားဆီးလာနေသေးတယ် .. ။ *
သို့ရာတွင် ဟောင်က ဒီအရာများကို ထုတ်တော့ မပြောပါပေ။ သူ့ရဲ့ ရိုင်းစိုင်းချင်တဲ့ အမူအရာတွေကို ဖိနှိမ့်ထားဖို့သာ တတ်နိုင်လေ၏။ ထိုသို့မဟုတ်ပါက မိစ္ဆာပင့်ကူက သေချာပေါက် ရုန့်ရင်းကြမ်းတမ်းလာတော့ပေမည်။
သူ့လက်ထဲတွင် စေတီလေး ရှိတယ်ဆိုပေမယ့်လည်း ထိုပင့်ကူကို အပြည့်အဝရှင်းထုတ်နိုင်လိမ့်မယ်လို့ မထင်ထားပေ။
“ မင်း မလှုပ်ရှားရင် ဒီနေရာမှာ သွေးတွေ ထပ်မစွန်းစေလောက်ဘူးလို့ မျှော်လင့်တယ် .. ”
လူသားအင်ပါယာရဲ့ စကားတို့က အလွန်အမင်းတည်ငြိမ်နေကာ လူတိုင်းရဲ့ စိတ်ဝိဥာဉ်တွေကိုပါ တုန်ခါစေနိုင်စွမ်းရှိသည်။ ထိုဟာက အလွန်အမင်းဖိနှိမ့်နိုင်လွန်းသည့် စွမ်းအားဖြစ်သည်။
“မင်းလို ကျောက်တုံးတိုင်းပြည်ရဲ့ သခင်က ဒီစကားတွေပြောလာမှတော့ ငါမင်းကိုမျက်နှာပေးရမှာပေါ့ .. ”
မိစ္ဆာပင့်ကူက ဆို၏။
“ ဒါဆို အားလုံးအဆင်ပြေပြီ .. ”
နေရောင်ရွှေက အရောင်တောက်ပလာကာ ထိုအသံတို့ကို ထုတ်လွှတ်လာသည်။ ထိုအရာက သိုင်းအင်ပါယာစံအိမ်မှ လူတိုင်းကို တုန်ယင်စေပါ၏။
အဆုံးတွင်တော့ မိစ္ဆာပင့့်ကူနဲ့ လူသားအင်ပါယာတို့ထွက်ခွာသွားကြတဲ့အခါမှာတော့ တိုက်ပွဲက မဖြစ်ပျက်သွားခဲ့ချေ။ ကြောက်မက်ဖွယ်ကောင်းကာ ကြီးမားလွန်းလှသည့် ကောင်းကင်ပေါ်မှဖိအားက ပျောက်သွားကာ လူတိုင်းလူတိုင်း အသက်ပြင်းပြင်း ရှူမိကြတော့သည်။ ထို သန့်စင်သော သွေးမျိုးဆက်သတ္တဝါတစ်ကောင်ရဲ့ ဖိအားက အလွန်ကို ကြောက်မက်ဖွယ်ကောင်းလွန်းလှ၏။
လူတိုင်းလူတိုင်းက ထိုအကြောင်းအရာကို ဆွေးနွေးနေကြကာ ရှီဟောင်က ဒီတစ်ကြိမ်မှာတကယ်ကို လွတ်မြောက်သွားတဲ့အကြောင်း ပြောဆိုနေကြပေသည်။
ရှီဟောင်ကိုယ်တိုင်လည်း သက်ပြင်းချမိလေရင်း အခွင့်ကောင်းကို လက်လွတ်သွားတဲ့ အတွက် ကြိတ်မနိုင်ခဲမရဖြစ်နေလေသည်။ မကြာခင်အချိန်တွင် သူ့မျက်ခုံးတွေ ပြေလျော့သွား၏။
ထိုဟာက ပိုကောင်းတဲ့ အခွင့်အရေးလည်းဖြစ်နိုင်တာပဲ။ လူသားအင်ပါယာရဲ့မွေးနေ့က ရောက်လာတော့မှာပဲလေ။ အဲ့ဒီအချိန်ကျရင်တော့ ရှေးဟောင်းနတ်တောင်က သတ္တဝါတွေတောင်မှ ရှိနေနိုင်သေးတယ်။ တကယ်လို့ အဲ့ဒီသတ္တဝါတွေသာ သူ့ကို ခက်ခဲအောင် လာလုပ်မယ်ဆိုရင် သူကလည်းသူတို့ကို ရှင်းထုတ်ပစ်ရမှာပဲ။
မြို့တော်ရဲ့ အုတ်အော်သောင်းနင်းဖြစ်မှုအပြီးတွင်တော့ ဆွေးနွေးမှုတိုင်းက နေရာတိုင်းတွင် ပျံ့နှံ့နေတော့သည်။
ရှီဟောင်က ကြီးမားလွန်းလှသည့် အုတ်အော်သောင်းနင်းဖြစ်မှုကို ဖန်တီးလိုက်ခြင်းဖြစ်၏။ သူ့ရဲ့ နောက်ခံထွက်ပေါ်သွားတဲ့အခါမှာတော့ သူ့ရဲ့အကြောင်းအရာက လျှို့ဝှက်ချက်မဟုတ်တော့ပါပေ။ လူတိုင်း လူတိုင်းက ဒီနတ်ဆိုးကောင်လေးရဲ့အတိတ်ကို သိသွားကြကာ ထိုဟာက လူပြောအများဆုံးအကြောင်းအရာလည်းဖြစ်သွားလေသည်။ နောက်ပြီး ရှိကျီထျန်းကလည်း သူ့ရဲ့ လူတွေနဲ့အတူ ထွက်ခွာသွားခဲ့သည်။
ရှီဟောင်က သူတို့ကို တားဆီးခြင်းလည်းမပြုပေ။ လူသားအင်ပါယာရဲ့ ကြင်နာမှုကို ငြင်းဆိုရအောင်လည်း သူက ငတုံးမဟုတ်သေးပါဘူး။ ထို့ကြောင့် သူက ထပ်ပြီးတော့ မလှုပ်ရှားတော့ချေ။ လူသားအင်ပါယာ ဒီစကားတွေကို လာပြောတယ်ဆိုတာကလည်း သူ့ကို ကူညီဖို့အတွက် ဖြစ်ပေသည်။
“ အရမ်းအစွမ်းထက်တဲ့ လူငယ်တစ်ယောက်လို့ ခေါ်ဆိုဖို့ ထိုက်တန်ပါပေတယ် .. သူက ဘုရင်တစ်ပါးနဲ့တောင် တိုက်ခိုက်နိုင်သေးတယ် .. နောက်ပြီး ရှီကျီထျန်းကိုတောင် အနိုင်ယူလိုက်နိုင်တယ် .. တကယ်ပဲ လေးစားဖို့ကောင်းတယ် .. ”
“ သူနဲ့ငါနဲ့ကြားက ကွာခြားမှုက သူ့ရဲ့ အသက်တစ်ခုတည်းမဟုတ်ဘူးပဲ .. ငါ သူ့အရွယ်တုန်းကဆိုရင် ဒီလောက်အစွမ်းထက်မှာမဟုတ်ဘူး .. သူ ဘယ်လိုများကျင့်ကြံလိုက်တာလဲ .. အရမ်းကို စွမ်းအားကြီးလွန်းတယ် .. ”
“ ရှီကျီထျန်း ရှုံးသွားပြီးတော့ နဂါးသွေးခက်ရင်းခွကို ဆုံးရှုံးသွားရတယ် .. ဒါက သူ့အတွက် တကယ်ကို ကြီးမားတဲ့အရှက်ရမှုကြီးပဲ .. ဒီလောက်ဖြစ်လာမယ်လို့ တကယ်မမျှော်လင့့်ထားဘူး .. ”
တစ်ဖက်သူက တကယ်ကို လူငယ်လေးတစ်ယောက်သာဖြစ်ကာ သူတစ်ယောက်တည်းနဲ့ မိုးဘုရင်ရဲ့ စံအိမ်ကို စုတ်ဖြဲခဲ့သလို ရှီကျီထျန်းကိုလည်း အနိုင်ရခဲ့သည်။ သူကိုင်တွယ်လိုက်တဲ့နှစ်ဖက်လုံးကို နှစ်ကြိမ်လုံးတွင် အနိုင်ရယူနိုင်ခဲ့ခြင်းဖြစ်ကာ ရှီဟောင်ဆိုတဲ့နာမည်ကို မြို့တစ်မြို့လုံးသိသာသွားစေခဲ့သည်။
သူက တောက်ပလွန်းတဲ့ ကြယ်တစ်ပွင့်ဆိုတာ သံသယရှိစရာပင် မလိုချေ။ သူ့ရဲ့စွမ်းအင်တွေက ကြီးမားသထက်ကြီးမားလာဖို့သာရှိပြီး တောက်ပသထက် တောက်ပလာဖို့သာရှိသည်။
“ ဟိုနတ်မျက်လုံးနှစ်သွယ်ဆိုတဲ့ကောင်လေးပြန်လာရင်ရော .. ဘာတွေဖြစ်မယ်ထင်လဲ .. ”
လူတိုင်းလူတိုင်း ဒီပြဿနာကို တွေးမိသွားကြသည်။ ရှီကျီထျန်းရဲ့ကလေးက နတ်ဘုရားတစ်ပါးအဖြစ်လူသိများသည်။ ထိုသူသာ ပြန်လာပါက ရှီဟောင်နဲ့ လောကကို တုန်လှုပ်စေနိုင်လောက်တဲ့ တိုက်ပွဲဖြစ်ပွားလောက်ပေသည်။ ရှီရီအကြောင်းတွေးမိတဲ့အခါမှာတော့ အားလုံးသောအင်အားကြီးတွေ စိတ်ရှုပ်ထွေးသွားကြသည်။
ထိုလူငယ်ရဲ့ ပင်ကိုယ်စွမ်းအင်က အလွန်အံ့အားသင့်ဖွယ်ကောင်းသည်။ သူပြန်လာတာနဲ့ သူက သေချာပေါက်ကောင်းကင်အောက်တွင် တုန်လှုပ်စေနိုင်စွမ်းရှိသူဖြစ်သည်။ အတိတ်တွင်တော့ ဘယ်သူကမှ သူ့ကိုယ်ထဲက နတ်ဘုရားအရိုးအကြောင်းကို မသိကြပေ။
ဆယ်နှစ်သို့မဟုတ် ဒီထက်ပိုကြာသည် အထိတိုင်အောင်လည်း ဒီအကြောင်းအရာက မဖော်ထုတ်ခဲ့သေး။ သူက အလွန်တည်ငြိမ်ကာ ဒီနတ်ဘုရားအရိုးရဲ့ စွမ်းအင်အကြောင်းကို တစ်ခါမှ ထုတ်မပြောခဲ့ဘူးချေ။ ရှီဟောင်ရဲ့ ပေါ်ထွက်လာခြင်းကသာ လူတိုင်းသိသွားရခြင်းဖြစ်သည်။
ဤနတ်ဘုရားအရိုးနဲ့သာဆိုရင် ရှီရီရဲ့အနာဂတ် ရောက်ရှိနိုင်တဲ့စွမ်းရည်က ခန့်မှန်းလို့ပင် ရနိုင်မည်မဟုတ်တော့။ နတ်မျက်လုံးနှစ်သွယ်က အလွန်အမင်းကြောက်မက်ဖွယ်ကောင်းနေခဲ့ပြီ။ ဒါပေမယ့် နတ်ဘုရားအရိုးနဲ့ပူးပေါင်းလိုက်မယ်ဆိုရင်တော့ သူဘယ်အဆင့်ထိရောက်မယ်ဆိုတာကို တွေးကြည့်ဖို့ရာပင် ခက်ခဲသွားပါပြီ။
ဒီမေးခွန်းအကြောင်းကို တွေးမိတဲ့အခါမှာတော့ သူတို့ရဲ့ခေါင်းတွေကိုခါရမ်းလိုက်မိကြသည်။ အနာဂတ်က ရှီရီရဲ့ ကိုယ်ပိုင်ခေတ်များဖြစ်တော့မှာလား။
“ ရှီဟောင်က သူ့ရဲ့ နတ်ဘုရားကို ဆုံးရှုံးလိုက်ရတာတောင်မှ ဒီအဆင့်ထိရောက်လာတယ်ဆိုတော့ သူကလည်း တကယ်အစွမ်းထက်တဲ့ လူငယ်တစ်ယောက်ပဲ .. သူ နောက်ထပ်အံ့သြစရာတွေ ထပ်ပြီးယူဆောင်နိုင်မယ်လို့ ငါထင်တယ် .. အဲ့ဒီအချိန်ကျရင်တော့ သူက နတ်မျက်လုံးနှစ်သွယ်နဲ့ ကောင်စုတ်လေးကို တိုက်ခိုက်နိုင်လိမ့်မယ် .. ”
“ အဲ့လိုဖြစ်ဖို့ကတော့ အရမ်းခက်ခဲပါတယ် .. ”
ရှီဟောင်ရဲ့ မဆုံးနိုင်သော စွမ်းအင်တွေကို သူတို့မြင်ကြရပေမယ့်လည်း အဓိက အရေးပါတဲ့ လူတွေကတော့ ထိုတိုက်ပွဲက ဖော်ပြဖို့ခက်နေကြဆဲဖြစ်သည်။ တစ်ဖက်ရန်သူက ရှီဟောင်ရဲ့အဆင့်ထက် အလွန်ကို ပြီးပြည့်စုံသည့်အဆင့်သို့ ရောက်နေခဲ့ပြီဖြစ်သည်။
သူက ရှေးဟောင်းအထွတ်အမြတ်ခြံဝန်းထဲသို့ပင် ဝင်ခွင့်ရခဲ့ကာ ကောင်းကင်ဖာထေးသိုင်းကို တတ်မြောက်သွားတော့မည်ဖြစ်သည်။ သူက ဒီနတ်ဘုရားအရိုးနဲ့ ပတ်သက်တဲ့ပြဿနာကို သူ့ရဲ့ကိုယ်ခန္ဓာနဲ့ လိုက်လျောညီထွေဖြစ်ဖို့ဖြေရှင်းခဲ့ပြီးဖြစ်သည်။ သူပြန်လာခဲ့ရင်တော့ ဘယ်လိုကိစ္စတွေဖြစ်နေနိုင်မလဲဆိုတာကို အားလုံးတွေးကြည့်ရင်း စိတ်လှုပ်ရှားလာကြ၏။
ရှီဟောင်က သိုင်းအင်ပါယာစံအိမ်က ထွက်ခွာလိုက်တဲ့အခါ ဘယ်သူကမှ သူ့အား မတားကြပေ။ သူဟာ အဓိကလမ်းမပေါ်ခြေချလိုက်တဲ့အခိုက် မဆုံးနိုင်သောမျက်ဝန်းတို့က သူ့ကို အာရုံစိုက်လာကြသည်။
သို့ရာတွင် ဘယ်သူကမှ လှုပ်ရှားလာခြင်းမရှိသလို သူတို့အားလုံးက အဝေးကနေသာ သူ့ကို စောင့့်ကြည့်နေကြလေသည်။ ပထမဆုံးအကြောင်းပြချက်ကတော့ ရှီဟောင်က သူ့ကို တစ်ယောက်တည်းရင်ဆိုင်ဖို့အတွက် အရမ်းစွမ်းအားကြီးလွန်းသလို ရှီကျီထျန်းပင် တိုက်ခိုက်ခံရသည် မဟုတ်လား။
ထိုအရာက လူတိုင်းကို ရှေ့မတက်ခင်မှာ နှစ်ခါပြန်တွေးမိစေသည်။ ထို့အပြင် ကျောက်တုံးအင်ပါယာကိုယ်တိုင်က သူ့ကို ကာကွယ်ပေးနေသည်။
ဒီတော့ ဘယ်သူက သူ့ကို တိုက်ခိုက်ရဲတော့မည်နည်း။ အဓိကလမ်းမကြီးပေါ်တွင် လမ်းလျှောက်နေရင်း ရှီဟောင်စိတ်သက်သာရာရလာသည်။ သူ့အကြောင်းကို အားလုံးသိအောင် ဖော်ထုတ်လိုက်ပြီမို့ သူ့ရဲ့မိဘတွေနဲ့အဖိုးတွေ ဒီအကြောင်းကို ပြန်ကြားဖို့ မျှော်လင့်မိသည်။
သူဟာ ဒီလူတွေနဲ့ ထပ်ပြီးဆုံစည်းချင်ပါ၏။ ငွေရောင်ခေါင်းလောင်းသံံတွေလိုမျိုး ရယ်သံများက ပျံ့နှံ့လာကာ မိန်းမငယ်လေးတစ်ယောက်က ထောင့်တစ်ထောင့်တွင်ပေါ်လာသည်။
“ ငါတို့မိသားစုရဲ့ သခင်မလေးက နင့်ကို ဖိတ်ခေါ်ခိုင်းလိုက်တယ် .. ”
သူမကတော့ စုန်းမရဲ့ အစေခံဖြစ်သည်။သူမက ဆယ်နှစ်ကျော်လေးသာရှိကာ အလွန်အမင်းတက်ကြွသည်။ သူမရဲ့ကြီးမားလွန်းလှသည့်မျက်လုံးလေးက တဖျတ်ဖျတ်ခတ်နေလေရင်း အလွန်အမင်းဉာဏ်ကောင်းပုံလည်းရသည်။
ရှီဟောင် ပြုံးလိုက်၏။ တိုက်ပွဲက ပြီးဆုံးသွားပြီဖြစ်တာကြောင့် သူကိုယ်တိုင်လည်း ဘယ်သွားရမည်မှန်းမသိသေးပေ။ ထို့ကြောင့် စုန်းမဆီသွားလိုက်တာက အကြံဆိုးတော့မဟုတ်ချေ။