သုခကမ္ဘာက ရှီဟောင် - Chapter - 477
ခမ်းနားကြီးမားလှသော တံခါးကြီးတွင် များစွာသောလူတို့က အုံဖွဲ့နေသည်။ ထိုသူတို့အုံဖွဲ့နေတဲ့သူကတော့ မိန်းမငယ်လေးတစ်ယောက်ဖြစ်ပြီး လတစ်စင်းကို၀န်းရံနေတဲ့ ကြယ်တွေအလားထင်ရစေသည်။
သူမလေး အရပ်ဟာ သာမာန်မိန်းကလေးတွေအရွယ်လောက်သာဖြစ်ပေမဲ့လည်း သူမလေးရဲ့ ထင်းထွက်နေတဲ့၀တ်စုံက အပေါ်အောက်တွန်းတက်နေသည်မို့ သူမလေးရဲ့ကိုယ်လုံးကိုယ်ပေါက်ကို ပေါ်စေသည်။ သူမလေးရဲ့ မျက်နှာက ကြက်သရေရှိလှပြီး နှင်းလိုဖြူဖျော့တဲ့လည်တိုင်သွယ်သွယ်လေးနဲ့ ပြည့်မောက်နေတဲ့ရင်ဘက်ကြောင့် အတော်ကြည့်ကောင်းလှသည်။ သူမလေးရဲ့သေးသွယ်တဲ့ခါးသိမ်သိမ်လေးတွေနဲ့ လှပရှည်သွယ်လွန်းလှသည့် ခြေချောင်းလေးတွေကလည်း ကြည့်ကောင်းနေပြန်၏။
ခြုံငုံကြည့်လိုက်မယ်ဆိုရင်တော့ သူမလေးက ပြီးပြည့်စုံတယ်လို့ ပြောရသည်အထိ လှပလွန်းပေသည်။ ကျောက်တုံးမြို့တော် တော်၀င်နန်းတော်က လူတိုင်းလူတိုင်းက သူမကိုကြိုဆိုကြကာ ကြည့်ရသည်မှာ သူမက အရေးပါအရာရောက်သည့် ဧည့်သည်တော်လို့ထင်ရသည်။
“ မီးနိုင်ငံရဲ့ မင်းသမီးက မီးအင်ပါယာရဲ့နေရာဆီကိုလာပြီးတော့ ဂုဏ်ပြုစကားပြောဆိုဖို့ ကမ်းလှမ်းခံရတယ် .. ။ သူကကျောက်တုံးအင်ပါယာမှ အလွန်အစွမ်းထက်လွန်းတဲ့လူငယ်တစ်ယောက်ဖြစ်ကာ ကောင်းကင်ဘုံရဲ့ ကျက်သရေတို့ကို ပိုင်ဆိုးထားသူဖြစ်တယ် .. ”
တစ်စုံတစ်ယောက်က ကြေငြာလိုက်သည်။ လူတိုင်းလူတိုင်း အံ့အားသင့်သွားကြ၏။ နောက်ထပ်လူသားအင်ပါယာတစ်ယောက်ကလည်း သူ့ရဲ့ဂုဏ်ယူချီးမြောက်မှုကို လာရောက်ပေးဆိုဖို့ ကမ်းလှမ်းနေခဲ့ပြီ။
“ ဖက္တီး .. ”
ရှီဟောင်က အဝေးကနေ လက်လှမ်းပြလိုက်ရင်း စိတ်အားထက်သန်စွာ အော်လိုက်သည်။ ဟောင်လင်းအာရဲ့ အရမ်းလှပလွန်းတဲ့ စိတ်လှုပ်ရှားနေတဲ့အပြုံးလေးနဲ့အတူ အလွန်အစါမ်းထက်လှတဲ့ပုဂ္ဂိုလ်တို့ ၀န်းရံနေသည်မှာ ကောင်းကင်နတ်သမီးအလား ထင်ရသည်။
သို့သော် ထိုဖက်တီးဆိုတဲ့စကားသံ ဟိန်းထွက်လာတဲ့အခါမှာတော့ သူမလေးက ချက်ချင်းပင် ရင်းနှီးကျွမ်း၀င်တဲ့ခံစားချက်ကို ရလိုက်ကာ အမူအရာပြောင်းသွားတော့သည်။
အကြောင်းကတော့ ရှီဟောင်က သူမရှိရာဘက်ကို လမ်းလျှောက်လာနေသောကြောင့်ဖြစ်သည်။ သူမလေးက အံတင်းတင်းကြိတ်လိုက်၏။
* ဒီနတ်ဆိုးကောင်နဲ့ နှစ်နှစ်မတွေ့ရတာတောင်မှ ဒီကောင်က အခုထိမပြောင်းလဲသေးဘူး .. ။ သူမကို ဆက်ပြီး ဖက်တီးလို့ခေါ်နေတုန်းပဲ .. ။ *
သူမက ဒေါသထွက်လွန်းလို့သေတော့မတတ်ဖြစ်လာသည်။ ထိုအရာက အရမ်းကို ဆိုးရွားလွန်းသည်။ တဟူးဟူးအသံတွေနဲ့အတူ အစွမ်းထက်လွန်းလှသည့် ပါရမီရှင်တွေအားလုံးက ဘေးသို့ရွှေ့လိုက်ကြသည်။
ထိုသူများအားလုံးက ဒီအရိုင်းအစိုင်းကောင်က ဘယ်လောက်တောင်အစွမ်းထက်လွန်းတယ်ဆိုတာကို သိကြကာ ဘယ်သူကမှ သူ့အားရင်မဆိုင်ချင်ကြပေ။ ဟောင်လင်းအာ နှုတ်ခမ်းမဲ့နေတာကိုမြင်တော့ ရှီဟောင် ချက်ချင်းပင်ရပ်တန့်လိုက်ပြီး သူမကို ဆက်ပြီးတော့ ဖက်တီးလို့ မခေါ်တော့ပေ။
“ ဂျူနီယာညီမလေး .. ဂျူနီယာညီမလေးက လွန်ခဲ့တဲ့နှစ်နှစ် ငါတို့နောက်ဆုံးတွေ့တာထက်တောင်ပိုပြီးတော့ လှလာသေးတယ်နော် .. ။ ၀တဲ့အပိုင်းတွေကတော့ ပိုပြီးတောင်၀လာသေးတယ် .. ”
ပထမစကားကြားရတဲ့အခါမှာတော့ ဟောင်လင်းအာပျော်ရွှင်သွားရပေမဲ့ ဒုတိယစကားကို ကြားတဲ့အခါမှာတော့ မျက်နှာအမူအရာက အရမ်းကိုပြောင်းလဲသွားလေသည်။
“ နင် .. ဒီနှစ်နှစ်အတွင်းမှာ မြောက်ပိုင်းပင်လယ်ကိုသွားတယ်ဆို .. ”
ဟောင်လင်းအာရဲ့ တဖျက်ဖျက်လက်နေတဲ့အဖြူရောင်နှဖူးလေးကိုပင့်မော့လိုက်ပြီး သူမက ကိုယ့်ကိုယ်ကိုခက်ခက်ခဲခဲ စိတ်ထိန်းချုပ်ထားရသည်။
“ ဂျူနီယာညီမလေး .. စိုးရိမ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် .. ။ ငါက နှလုံးသားမဲ့တဲ့သူတွေနဲ့ အတူ မြေက်ပိုင်းပင်လယ်ကို သွားခဲ့ပြီးတော့ တစ်ချိန်လုံး ငါးတွေပဲ စားနေခဲ့ရတယ်လေ .. ။ တော်တော်ဆိုးရွားခဲ့တာပါ .. ”
သူဟာ အဝေးက လူအုပ်ကို ဆိုးဆိုးရွားရွားကြည့်နေပြီး ထိုစကားတို့ကိုပြောလိုက်ခြင်းဖြစ်သည်။ ထိုလူတွေလည်း ရောက်လာကြ၏။ ထိုလူတွေကတော့ ရှေးဟောင်းနက်တောင်ရဲ့ဆက်ခံသူတွေဖြစ်ကြသည်။
“ နင်အဆင်ပြေရဲ့လား .. ”
ဟောင်လင်းအာက စိုးရိမ်သောအမူအရာဖြင့်မေးလိုက်လေ၏။ မြောက်ပိုင်းပင်လယ်က ကြောက်မက်ဖွယ်ကောင်းလွန်းတဲ့ တိုက်ပွဲနဲ့ပတ်သက်ပြီး သတင်းတွေတော်တော်များများသူကြားခဲ့ရသည်။ အရမ်းအစွမ်းထက်တဲ့ ပါရမီရျင် ကျွမ်းကျင်သူတွေတောင်မှ ကျဆုံးခဲ့ရကာ နတ်ဆိုးကောင်လေးက အခုထိတိုင်ရှိနေဆဲဆိုတာက အတော်လေးကို ထူးဆန်းနေပေသည်။
နောက်ပြီး ကောလဟာလတွေအရ နတ်ဆိုးကောင်လေးက အလွန်ကြောက်မက်ဖွယ်ကောင်းလှကာ အချို့သော အစွမ်းထက်လွန်းသည့် ဝိဥာဉ်ပညာရှင်တွေရဲ့ ခန္ဓာကိုယ်တွေကိုတောင်မှ သတ်ပစ်ခဲ့တယ်လို့ ဆိုသည်။ အဆုံးတွင်တော့ သူက ခွန်ပန်အသိုက်ထဲတွင် သတ်ခံခဲ့ရတယ်လို့ ပြောကြပြန်၏။ ထိုသတင်းတွေကြားရတဲ့အခါမှာတော့ သူက လွတ်မြောက်ပြီးပြန်လာမယ်လို့ ယုံကြည်ခဲ့သည်။
“ငါ တကယ် အဆင်ပြေတယ် .. ။ ဆားငံငါးတွေလည်း အများကြီးစားခဲ့ရတယ်လေ .. ။ ပြီးတော့ ရှေးဟောင်းနတ်တောင်က သန့်စင်တဲ့ သွေးမျိုးဆက်အသားတွေကို အခုချိန်ထိ စားချင်နေတုန်းပဲ .. ။ အရသာကတော်တော်ရှိမှာ .. ”
ရှီဟောင်ပြောလိုက်သည်။ ပတ်၀န်းကျင်ကလူတွေ ထိုစကားကိုကြားတဲ့အခါမှာတော့ အံ့အားသင့်သွားကြသည်။ ဒီကောင်စုတ်လေးက သန့်စင်တဲ့သွေးမျိုးဆက်တွေကို သတ်ဖူးလို့လား။ သူကအရမ်းကိုကြောက်ဖို့ကောင်းတာပဲ။
“ နောက်မှပြောကြတာပေါ့ .. ။ ငါ့အဖေရဲ့နေရာကိုသွားပြီး ကျောက်တုံးအင်ပါယာကို ဂုဏ်ပြုစကားပြောခွင့်ပေးဦး .. ”
ဟောင်လင်းအာပြောလိုက်ပြီးသည့်နောက် သူမက နန်းတွင်းအစေခံနဲ့အတူ ထွက်ခွာသွားလေသည်။ ထိုအချိန်တွင် သတ္တဝါလေးတစ်ကောင်က ရင်လေးကော့ပြီး တအူးအူးအသံကို အော်လိုက်သည်။ ထိုအရာက ရှီဟောင်၏ ကိုယ်ပေါ်သို့ ခုန်ချလိုက်၏။
“ နင် .. ”
ဟောင်လင်းအာ ဒေါသထွက်သွားသည်။ နှစ်အချို့ကြာသွားသည့်အခါ ထိုလူငယ်နတ်ဘုရားလေးကို ဒီကောင့်က မေ့သေးပုံမရပေ။ ဒီဝံပုလွေပေါက်လေးက အခုအချိန်ထိ ရှီဟောင့်ကို လက်လွှတ်ခံချင်သေးပုံမရ။ ဒီတော့ ဟောင်လင်းအာလည်း ထိုဝံပုလွေလေးကို ခဏစွန့်ပစ်လိုက်ပြီး ကောင်းကင်နန်းတော်သို့သာထွက်သွားလိုက်သည်။
“ မဆိုးပါဘူး .. မင်းက ကျေးဇူးကန်းတဲ့ကောင် .. ။ ပြီးတော့ ငါ့ကိုမေ့သွားမယ်လို့ထင်နေတာ .. ”
ရှီဟောင် ရယ်ရင်း ထိုကောင်လေးကိုပွေ့ထားလိုက်သည်။ ဒီဝံပုလွေလေးရဲ့အရွယ်အစားမပြောင်းသေးတာကို တွေရ့ပေမဲ့လဲ ထူးခြားတဲ့ နတ်စွမ်းအင်ကတော့ အထဲမှစိမ့်ထွက်နေတာကို သူခံစားမိပေသည်။
သို့ရာတွင် သူ ဘယ်လောက်ပဲ ရှာဖွေရှာဖွေ ဘာသင်္ကေတကိုမှ မတွေ့ရပါချေ။ သူက ဒါကဘာကြောင့်ဖြစ်နေလဲဆိုတာကိုလည်း နားမလည်သေး။ ဒီလူငယ်နတ်ဘုရားလေးမှာ ပြဿနာတစ်စုံတစ်ရာများ ရှိနေလို့လား။
သိပ်မဝေးသည့်နေရာမှာတော့ သတ္တဝါတစ်စုက လမ်းလျှောက်လာကြသည်။ သူတို့ကအံ့အားသင့်လွန်းတဲ့အမူအရာတွေကို ပိုင်ဆိုင်ထားကြ၏။ ထိုလူတွေကတော့ အလွန်ငယ်ရွယ်သော မိန်းကလေးတွေနဲ့ ကောင်လေးတွေသာဖြစ်ကြသည်။
သူတို့ကကြောက်မက်ဖွယ်ကောင်းလွန်းတဲ့ပါရမီတို့ကို ပိုင်ဆိုင်ထားကြသည်။ ထိုအဖွဲ့တွင် လူဆယ်ယောက် သို့မဟုတ် ထိုထက်ပိုများသောပမာဏပါ၀င်လေကာ အ၀တ်အစားတွေကလည်း တောက်ပလွန်းလှသည့် သားမွေးထည်တွေဖြစ်ကြသည်။
ထို့ကြောင့် မျက်စိကြိမ်းမတတ်တောက်ပတဲ့ သံချပ်ကာ၀တ်စုံတွေ၀တ်ဆင်ထားကြသည်။ အချို့ကတော့ အလွန်အမင်းလှပသည့် ပွဲတက်၀တ်စုံတွေဖြစ်၏။ ထိုကောင်လေးတွေဆိုရင် သူရဲကောင်းဆန်တဲ့ အမူအရာကို ပိုင်ဆိုင်ထားကြပြီး ကောင်မလေးတွေကတော့ အလွန်အမင်းလှပကြသည်။ သူတို့အဖွဲ့က လူအုပ်ရဲ့အာရုံကို ဆွဲဆောင်ထား၏။
“ ဒါ ရှေးဟောင်းနတ်တောင်ရဲ့ သတ္တဝါတွေမဟုတ်လား .. ။ ကြည့်ပါဦး .. အဲ့ဒီအဖွဲ့တစ်ဖွဲ့လုံးက ကြောက်မက်ဖွယ်ကောင်းလောက်အောင် စွမ်းအင်တွေပိုင်ဆိုင်ကြတယ် .. ။ အနာဂတ်မှာ ဒီပုဂ္ဂိုလ်တွေက ပျက်သုဉ်းခြင်းနယ်မြေကဘယ်လိုမမျှော်လင့်ထားတဲ့ အဖြစ်အပျက်တွေ လုပ်မယ်ဆိုတာ စောင့်ကြည့်ရမှာပဲ .. ”
အထက်တန်းလွှာဘုရင်တစ်ပါးက သက်ပြင်းချပြီးပြောသည်။
“ မင်းက ရှီဟောင်ပေါ့ .. ။ အရမ်းနာမည်ကြီးနေတဲ့ အရိုင်းအစိုင်းလူငယ်ဆိုတာ ဟုတ်လား .. ”
ထိုလူအုပ်ထဲက တစ်ယောက်ဟာ လျှောက်လာရင်း ပြော၏။ သူက ရှီဟောင့်ကို အေးစက်တဲ့အကြည့်တို့ဖြင့်ကြည့်သည်။
“ ဟုတ်တယ် .. ငါပဲ .. ။ မင်း ငါ့ဆီက လိုချင်တာရှိလို့လား .. ”
ရှီဟောင်ကလည်း စိတ်ထဲမထားပဲ ပြန်ဖြေသည်။ သူ့ရဲ့အကြည့်ကတော့ ထိုသူတို့ရဲ့ခန္ဓာကို ထွင်းဖောက်ကျော်ဖြတ်ရင်း အနောက်ဘက်ပိုင်းတွင်ရှိသည့် လှပလွန်းလှသည့် ခရမ်းရောင်၀တ်စုံနဲ့ ယွန်စီကို ကြည့်နေသည်။
ရှီဟောင်က သူလိုချင်တဲ့အတိုင်း ပြုမူတတ်သည်။ သူရှေ့က ရှေးဟောင်းနတ်တောင်က သတ္တဝါတွေဖြစ်နေတာတောင်မှ သူက လုံးဝကို ဂရုစိုက်ဟန်မရပဲ ထိုသူတွေရဲ့ မျက်နှာကို ဒေါသတကြီးဖြစ်စေသော စကားတို့ကို ဆိုတတ်သေး၏။
သို့သော် ထိုရှေးဟောင်းနတ်တောင်မှ အချို့သော လူငယ်တို့ရဲ့မျက်နှာကတော့ မပြောင်းမလဲပဲ ရှိနေသည်။ သူတို့က အလွန်ထူးချွန်ထက်မြတ်မယ့် ပုံပန်းသွင်ပြင်တွေရှိနေကာ မည်သည့်ပြောင်းလဲဟန်အမူအရာကိုမှ မပြပါချေ။
ထိုလူတွေက အမှန်တကယ်ကို အစွမ်းထက်ကြသည်။ သူတို့ရဲ့ မိသားစုနောက်ခံဟာ အလွန်တောက်ပပြီး သူတို့ရဲ့ သွေးမျိုးဆက်ကိုက အထက်တန်းလွှာဆန်သည်။ သူတို့ရဲ့သွေးမျိုးဆက်ဆိုသည်မှာ ရှေးခေတ်ကတည်းက တည်မြဲလာခဲ့သည့် အထက်တန်းစားမျိုးရိုးဖြစ်သည်။ သူတို့ရဲ့ ဘိုးဘေးတွေဆိုတာကလည်း နတ်ဘုရားတွေအဖြစ် လူသိများကြကာ အချို့ကတော့ နတ်ဆိုးတွေအဖြစ်လူသိများကြသည်။ သူတို့တွေဟာလည်း ကောင်းကင်နဲ့မြေကြီးကို လွတ်လပ်စွာ သွားလာလှုပ်ရှားနိုင်သူတွေဖြစ်ကြသည်။
ထိုအခိုက် လူသားမျိုးနွယ်ဟာ အင်အားနည်းနေခဲ့သည်။ သူတို့တွေဟာ ရှေးဟောင်းနတ်တောင်က သတ္တဝါတွေနဲ့ မျက်နှာချင်းဆိုင်ရသည့်အခါ နတ်ဘုရားတွေနဲ့ကြုံတွေ့ရသလိုမျိုးသာ ခံစားကြရသည်။ ရှေးခေတ်အချိန်ကတည်းက လက်ရှိအချိန်အထိ လူသားတွေလိုမျိုး ထိုရှေးဟောင်းနတ်တောင်က သတ္တဝါတွေက သွားလာလှုပ်ရှားနေခဲ့ကြကာ လူသားတွေကို လုံးဝ ဂရုမစိုက်ကြချေ။ သူတို့သွားလာတဲ့နေရာတိုင်းမှာ လူသားများက ဝန်းရံရတဲ့သူတွေသာ ဖြစ်နေကြရပြီး မရေမတွက်နိုင်တဲ့လူသားကပဲ သူတို့ကို ဖိတ်ခေါ်နေကြရသည်။ ထိုအရာက လူသားမျိုးနွယ်ကို အမှန်ပင် အရှက်ရစေ၏။
ရလဒ်အနေနဲ့တော့ စွမ်းအားကြီးမှသာ လေးစားခံရမည်ဖြစ်ကြောင်း အားလုံးသဘောပေါက်မိရသည်။ သို့သော် ရှီဟောင် ယခုလိုမျိုး တစ်ဖက်သားကို ဒေါသထွက်စေတာကို မြင်ရပြန်တဲ့အခါမှာလည်း သူတို့လေးစားစိတ်သာ ဖြစ်မိကြရသည်။
သဘောမကျဖြစ်သွားတဲ့ လူငယ်လေးတွေတော့ ရှိနေကြသေးသည်။ သူတို့ရဲ့အမူအရာက အေးစက်သွားပြီး အကြည့်တွေက ကျောချမ်းဖွယ်ဖြစ်လာသည်။ သူတို့ထဲက တစ်ယောက်က ပြော၏။
“ ငါတို့ မင်းကို ပြောနေတာလေ .. မင်းရဲ့စိတ်က တစ်ကယ်ဆန်းကြယ်တာပဲ .. မင်းက ငါတို့ကို ဂရုတောင်မစိုက်ဘူးပေါ့ .. ဘာအဓိပ္ပါယ်လဲ .. ”
ရှီဟောင်က သူ့ကို တစ်ချက်ငဲ့ကြည့်လိုက်လေရင်း ပြောလိုက်သည်။
“ မင်းက ဘယ်သူမို့လို့ ငါက ဂရုစိုက်ရမှာလဲ .. မင်းကိုယ်မင်း ငါ့ရှေ့ရောက်လာတာနဲ့ အရမ်းအဆင့်အတန်းမြင့်နေတယ်လို့ ခံယူထားနိုင်လို့လား .. မင်းရဲ့ပါးစပ်က အသံထွက်လိုက်ပြီဆိုတာနဲ့ တစ်ယောက်ယောက်ကို သင်ခန်းစာပေးဖို့ ပြင်နေတော့တာပဲလား .. မင်းက ငါ့ကိုရော တရိုတသေဆက်ဆံစေချင်တာလား .. ငါ့ဆီကလေ .. အဲ့ဒီအစား ငါက မင်းကို စားပဲစားချင်တာ .. ”
လူအုပ်က ချက်ချင်းပင် ကြက်သေသေသွားကြရသည်။
ထိုအရာက ဒဲ့ထိုးဆန်လွန်းအားကြီး၏။ ဒီကောင်လေးက သူ့ရဲ့ ရိုင်းစိုင်းတဲ့ ပင်ကိုယ်သဘာဝကို ဖျောက်ဖျက်ချင်ပုံ မရပေ။
ကြည့်ရတာတော့ မတိုင်မီက သူတို့တွေ ကြားခဲ့ရသည့် ကောလဟာလတွေက မှန်နေလောက်သည်။ သူတို့အတွက် ထိုကဲ့သို့သော ရိုင်းစိုင်းတဲ့ ဒဲ့ထိုးဆန်တဲ့စကားတွေကို အကျင့်ဖြစ်ဖို့ အချိန်လိုအပ်နေသေးသည်။
“ မင်း .. ”
“ မင်း ဘာဖြစ်လဲ .. ဘာကို မင်းလည်း .. သွားချင်တဲ့နေရာကိုသွားပြီး အေးအေးဆေးဆေး သွားဟောင်နေစမ်းပါကွာ .. ။ ငါ့ရှေ့မှာလာပြီး မျက်စိနောက်စရာကောင်းအောင် လာလုပ်မနေနဲ့ .. ”
ရှီဟောင်က အထင်သေးစွာနဲ့ ထိုအဖွဲ့တစ်ဖွဲ့လုံးကိုကြည့်လိုက်သည်။ ရှေးဟောင်းနတ်တောင်မှ လူငယ်အဖွဲ့ဟာ ချက်ချင်းပင် ဆွံ့အသွားရတော့၏။ ထိုထဲက လူငယ်လေးတွေက ချက်ချင်းပင် အော်ဟစ်လိုက်ကြကာ ဖြူဖျော့တဲ့မျက်နှာတွေနဲ့ ရှီဟောင့်ကို လိုက်ကြည့်လိုက်ကြသည်။
* ဒီကောင်စုတ်က အရမ်းကိုမောက်မာလွန်းမနေဘူးလား .. ။ ပုံမှန်အားဖြင့် သူတို့ကပဲ အခြားသူတွေကို မောက်မာနေကြလေ .. ။ *
ဒါပေမယ့် ဒီနေ့အခါမှာတော့ ပြောင်းပြန်ဆက်ဆံခံလိုက်ရပြီဖြစ်သည်။
“ငါ့ရဲ့နတ်တောင်က အစွမ်းထက်တဲ့ပုဂ္ဂိုလ်တွေကို မင်းက စိန်ခေါ်နေတာလား .. ”
ထိုလူငယ်က လွန်ကြူးတဲ့အမူအရာနဲ့ မေးလိုက်သည်။
“ မင်းကရော .. ငါ့ရဲ့ လုပ်နိုင်စွမ်းကို စိန်ခေါ်နေတာလား .. ”
ရှီဟောင်ကလည်း အေးစက်စွာပြန်ပြောလိုက်၏။ ထိုစကားတွေဟာ အလွန်အမင်းရိုးရှင်းသည်။ သို့သော် ပုန်းအောင်းနေတဲ့အဓိပ္ပါယ်ကတော့ ကွာခြား၏။ တစ်ဖက်သူက နတ်တောင်လို့ ဆိုညွှန်းလိုက်ပေမယ့်လည်း သူကတော့ သူကိုယ်တိုင်ကိုသာ ဆိုညွှန်းသည်။
အဓိပ္ပါယ်က တစ်ဖက်သူက နတ်တောင်က သတ္တဝါပေါင်းများစွာနဲ့ ခေါ်လာပြီး တိုက်ခိုက်ခိုင်းရင်တောင်မှ ရှီဟောင်ကတော့ တစ်ယောက်တည်း ရင်ဆိုင်မယ်ဆိုတဲ့ အဓိပ္ပါယ်ပင်။
“ ငါတို့ကြားထားသလောက်တော့ မင်းက အရမ်းမောက်မာတယ်ဆိုပြီးတော့ ကြိုသိထားပါတယ် .. ဒါပေမယ့် အခုလောက်ထိ ဆိုးနေမယ်လို့တော့ မထင်ထားဘူး .. မင်းကိုယ်မင်းကောင်းကင်အောက်မှာ ပြိုင်ဘက်ကင်းလို့များတွေးနေတာလား .. ”
ထိုလူငယ်က အေးစက်တဲ့လေသံနဲ့ ရန်စပြန်၏။
“ မင်းကသာ ငါ့ရဲ့စိတ်ရှည်မှုကို စမ်းသပ်နေတာလို့ ငါထင်တယ် .. ဒီထက် ပိုပြီးတော့ လွန်လွန်ကြူးကြူး မလုပ်လာနဲ့ .. ”
ရှီဟောင်ဟာ တော်တော်လေးကို စိတ်ရှုပ်လာပြီဖြစ်သည်။ ထို့အပြင် တစ်ဖက်သူကိုလည်း သူက လုံးဝ မျက်နှာသာ ပေးချင်ပုံလည်း မရ။ ထိုစကားတွေ ပြောဆိုလိုက်တဲ့အခါမှာတော့ လေထုက ချက်ချင်းပင် အေးစက်သွားလေကာ တစ်ဖက်လူအုပ်ကလည်း ထွက်ခွာသွားခြင်းမရှိတော့ပေ။
အဲ့ဒီအစား သတ်ဖြတ်ခြင်းအရှိန်အဝါတွေကိုသာ လွှတ်ထုတ်လိုက်ကြကာ အလွယ်တကူ တိုက်ခိုက်ဖို့ အသင့်ပြင်ထားလိုက်ကြတော့သည်။ သူတို့ မတိုက်ခိုက်ပဲ မနေနိုင်တော့လောက်အောင် ဒေါသထွက်နေပြီဖြစ်၏။
“ မင်းတို့အားလုံးက တစ်ပြိုင်တည်းလာပြီး ငါ့နဲ့ရင်ဆိုင်ချင်နေတယ်ပေါ့ .. ”
ရှီဟောင်မေးလိုက်သည်။
“ညီငယ်လေးက နားလည်မှုလွဲနေပြန်ပါပြီ .. ငါတို့က ညီငယ်လေးနဲ့ ပညာ ဖလှယ်ချင်တာပါ .. ညီငယ်လေးနဲ့တွေ့ဖို့ ငါတို့ ဘယ်လောက်စောင့့်ဆိုင်းနေလိုက်ရလဲ .. ဒါပေမယ့်တစ်ခါမှ အခွင့်အရေးမရခဲ့ဘူး .. ဒီနေ့အခါမှာတော့ အခွင့်အရေးက ရောက်လာပြီလေ …”
လူငယ်တစ်ယောက်က ပြုံးရင်းပြောလာသည်။ သိပ်မကြာခင်အချိန်တွင် ထိုလူအုပ်က လူခွဲကြတော့သည်။ ရှစ်ယောက် သို့မဟုတ် ကိုးယောက်သော လူငယ်တွေကတော့ ဘေးဘက်သို့ ထွက်ရပ်ကြကာ အခြားသူတွေနဲ့ မပူးပေါင်းကြပေ။
ထိုသူတွေဟာ ညင်သာနူးညံ့ပုံရပြီး ကြောက်မက်ဖွယ်ကောင်းတဲ့အရှိန်အဝါတွေကိုလည်း မထုတ်ဖော်ထားကြချေ။ အခြားပုဂ္ဂိုလ်ဆိုတဲ့့ကောင်လေးရဲ့ မျက်နှာကတော့ အေးစက်နေကာ အမူအရာကတော့ အရုပ်ဆိုးနေကြသည်။
လွန်ခဲ့သော နှစ်အတောအတွင်းတွင် ကွက်လပ်နတ်ဘုရားနယ်မြေက အရိုင်းအစိုင်းကလေးဆိုတဲ့သတင်းများက အလွန်ကို ကျယ်ပြန့်နေခဲ့သည်။ ထို့ကြောင့် ရှေးဟောင်းနတ်တောင်ဟာလည်း ဒီအကြောင်းကို ကြားတဲ့အခါမှာတော့ တစ်ဖက်လူသားမျိုးနွယ်ရဲ့ မောက်မာရိုင်းစိုင်းတဲ့ အစွမ်းထက်လှတဲ့ ကောင်းကင်တွင်းနက်ဆယ်ခုကိုတောင် ဖွင့်ထားနိုင်ခဲ့တဲ့ ပါရမီရှင်ဆိုတာကို တွေ့ချင်နေကြသည်။
ရလဒ်အနေနဲ့တော့ သူတို့က အမြဲတမ်း မုန်းတီးနေကြ၏။ သူတို့တောင်မှ မမောက်မာရသေးခင် လက်ရှိအချိန်မှာတော့ တစ်ဖက်သူက သူတို့ထက် ပိုပြီးမောက်မာနေခဲ့ပြီ။ တစ်ချို့သူတွေကတော့ ဘေးမှာထွက်ကာ ရပ်နေကြသည်မှာ ထိုအရိုင်းအစိုင်းကောင်လေးရဲ့အလားအလာကို သတိပြုမိလို့ဖြစ်ပြီး အလကားနေရင်း ရန်မစချင်သောကြောင့်လည်း ပါဝင်ပေသည်။
ရှေးဟောင်းနတ်တောင်မှ အချို့သော ပုဂ္ဂိုလ်အနည်းငယ်လောက်သာ ရှီဟောင့်ကို ရန်စချင်တာဖြစ်ပြီး သူတို့ရဲ့မွေးကတည်းက ပါလာခဲ့တဲ့ မောက်မာမှုဟာလည်း ထိန်းမနိုင်သိမ်းမရ ဖြစ်နေခဲ့ပေသည်။ သူတို့ကိုယ်သူတို့လည်း အလွန်အစွမ်းထက်သည်ဟု ယုံကြည်ထားတာလည်း ပါဝင်၏။
“ ယွန်စီ .. အရင်တစ်ခေါက်က မင်းငါ့ကို မြောက်ပင်လယ်သွားဖို့ အရူးလုပ်ခဲ့တယ်နော် .. ငါ့မှာတော့ နှစ်နှစ်လုံး ငါးပဲ စားခဲ့ရတယ် .. ဒါပေမယ့် အဆုံးသတ်မှာ ငါဘာမှလည်း မရခဲ့ဘူး .. ငါ့ရဲ့ သနားစရာ အသက်လေးတောင် ဆုံးရှုံးတော့မလိုဖြစ်ခဲ့သေးတယ် .. ဒီနေ့မှာတော့ နင်က အုပ်လိုက်ကြီးခေါ်လာပြီး ငါ့ကို ရန်စခိုင်းတယ်ပေါ့ .. ဟုတ်လား .. ”
ရှီဟောင် မေးလိုက်သည်။ ခရမ်းရောင်ဝတ်စုံဝတ်ထားတဲ့ ယွန်စီဟာ ဘေးဘက်တွင် ရပ်နေခဲ့ရာမှ မျက်မှောင်ကြုတ်လိုက်သည်။