သုခကမ္ဘာက ရှီဟောင် - Chapter - 518
ဖုန်း .. ။
ရုတ်တရက် ရွှေရောင်အလင်းတွေက ရေကန်ကြီးထဲမှ လင်းထွက်လာခဲ့သည်။ မီတာတစ်ဝက်လောက်ရှည်တဲ့ ငါးအချို့က လှိုင်းကြီးတွေကို ဖြစ်ပေါ်လေစေသည်။ ချော်ရည်တွေက ထိုးထွက်လာရင်း အမျိုးမျိုးသော သင်္ကေတတွေကလည်း လိုက်ပါလာခဲ့သည်။
မြောက်မြားလှစွာသောလူတို့က ငယ်သံပါအောင်အော်ဟစ်လိုက်ကြသည်။ သူတို့အားလုံးက လှဲကျင်းခံလိုက်ရသလိုမျိုး အသွေးနဲ့အသားတွေအားလုံးက ရှင်းလင်းခံလိုက်ရပြီး ခြောက်ကပ်တဲ့အရိုးတွေသာ ကျန်ရစ်တော့သည်။
တစ်ချိန်တည်းတွင်ပင် လျှပ်စီးတွေက ကောင်းကင်မှ ဆင်းသက်လာခဲ့ကာ ပစ်ခတ်တော့သည်။ အနက်ရောင်တိမ်နက်တွေကလည်း လှုပ်ရှားလာရင်း ရှီဟောင့်ကို တိုက်ခိုက်လာတဲ့လူတွေကို ဖိအားပေးလာတော့၏။
ထိုတစ်ခဏတွင်တော့ ရေကန်ကြီးထဲက ရွှေရောင်အလင်းတွေက ပိုပြီး မျက်စိကျိန်းမတတ်ဖြစ်လာခဲ့ရာ ကောင်းကင်ကိုတောင် လွှမ်းခြုံသွားတော့မယ့်အလင်းတွေကို ထုတ်ဖော်လာလေတော့သည်။ ယန်ငါးအုပ်က လက်ရှိတွင်တော့ တကယ်ကို ဒေါသတကြီးဖြစ်နေပုံရ၏။
ထို့အပြင် ရှီဟောင်ထွင်းထုထားတဲ့ ဝင်္ကပါကလည်း ရှိနေသေးသည်မဟုတ်လား။ ထိုထောင်ပေါင်းများစွာသော သတ္တဝါတွေအားလုံးက သူတို့ရဲ့သင်္ကေတတွေကို အတူတကွထုတ်ဖော်လိုက်ကြသည်။
“မကောင်းတော့ဘူး .. မြန်မြန် နောက်ဆုတ်ကြတော့ .. ”
ချိခနဲအသံနဲ့အတူ မြောက်မြားလှသော သင်္ကေတတွေအားလုံးက ရေကန်ထဲမှ မြောက်တက်လာခဲ့ပြီး ကောင်းကင်ကို လွှမ်းခြုံသွားခဲ့သည်။ လူတစ်ဝက်လောက်က ချက်ချင်းပင် အပိုင်းပိုင်းအစစဖြစ်ကြရလေသည်။ သူတို့က တစ်ချက်လောက်တောင်မှ ပြန်မတိုက်ခိုက်လိုက်နိုင်ကြချေ။
ထိုလူတွေက အားနည်းလို့မဟုတ်ပဲ ယန်ငါးအုပ်ရဲ့ ပမာဏက အလွန်များပြားလွန်းသည်ကြောင့် အလွန်သန်မာသွားခဲ့ခြင်းဖြစ်ပေသည်။ ထိုထဲတွင် တကယ့်ကို မွန်းစတားအိုကြီးတွေလည်း ပါဝင်သလို၊ မြောက်မြားလှတဲ့ငါးအုပ်ကြီးအဖြစ်ပြောင်းလဲသွားတဲ့အခါမှာတော့ စွမ်းအားက မယုံနိုင်လောက်အောင် ကြီးမားသွားခဲ့ခြင်းဖြစ်၏။
အလွန်စွမ်းအားကြီးမားလှတဲ့ လူအချို့သာ ကျန်ရစ်တော့သည်။ သူတို့ရဲ့ မျက်လုံးတွေက သတိအနေအထားနဲ့ တလဲ့လဲ့တောက်ပနေလေသည်။ သူတို့က အဖိုးတန်သိုင်းတွေကို အသက်သွင်းလိုက်ကြပြီး လက်နက်တွေကိုပါ အသင့်ပြင်ထားလိုက်ကြသည်။ သူတို့က ဘေးဘက်မှ အားနည်းမယ်ထင်ရတဲ့ ငါးအုပ်တွေကို တိုက်ခိုက်ပြီးဖမ်းဖို့ ပြင်လိုက်တော့သည်။
ထိုငါးတွေက အလွန်ကိုစွမ်းအားကြီးမားလှသည်။ လက်ရှိအချိန်တွင် စွမ်းအားပေါင်းစည်းလိုက်တဲ့အခါမှာ ကြောက်မက်ဖွယ်ကောင်းလွန်းသွားခဲ့သည်။ သို့ရာတွင် ရေက ရှီဟောင် ချိတ်ပိတ်ထားပြီဖြစ်တာကြောင့် သူတို့ထွက်ပြေးလို့မရပဲရှိနေလေကာ ရူးသွပ်သွားတော့သည်။
ရှီဟောင်က တိတ်ဆိတ်စွာပင် သူ့ကိုယ်သူအထဲကို နစ်မြုပ်စေလိုက်လေသည်။ ထိုအခိုက် သူ့ရဲ့ကောင်းကင်တွင်းနက်ဆယ်ခုလုံးက ထွက်ပေါ်လာခဲ့ပြီး ငါးအုပ်ကို အလျင်အမြန်ပင် သူ ရှိရာတဝိုက်တွင် ချိတ်ပိတ်ထားလိုက်တော့သည်။ သူက ကောင်းကင်ပြောင်းလဲခြင်းအိုးကို ထပ်မံထုတ်လိုက်ပြန်ရာ ငါးတွေကို အလျင်စလို ဖမ်းဆီးယူတော့သည်။
စွမ်းအားကြီးမားတဲ့လူတွေကလည်း တကယ်ကို စွမ်းအားကြီးမားပေသည်။ သူတို့ထဲတွင် စိတ်အာရုံထွင်းထုခြင်းအဆင့်နှောင်းပိုင်းသို့ရောက်ရှိနေတဲ့အစေခံအိုကြီးများ ပါရှိနေရာ အလွန်စွမ်းအားကြီးမားတော့သည်။ ယန်ငါးတွေက ရှင်သန်ဖို့အတွက် ရုန်းကန်ကြသည်။ ထိုအုပ်စုတွေကို ချိုးဖျက်ထွက်ပြေးဖို့ ပြင်တော့သည်။ ထိုလူတွေကလည်း ရုန့်ရင်းကြမ်းတမ်းစွာ ငါးတွေကို ဖမ်းဖို့ပြင်ကြ၏။ သို့သော် ဖမ်းမိသမျှငါးတွေကလည်း အပြင်းအထန်တိုက်ခိုက်ကြရာ သူတို့ အလူးအလဲခံကြရတော့သည်။
ဟုန်း .. ။
လျှပ်စီးအလင်းတန်းတွေလက်လာပြန်ပြီး ချော်ရည်တွေက ကောင်းကင်ထိတိုင်ထိုးတက်လာပြန်သည်။ အဆုံးတွင်တော့ ယန်ငါးအုပ်က လွတ်မြောက်သွားပြီး အဖက်ဖက်သို့ ထွက်ပြေးတော့သည်။
သူတို့ထဲက ဘယ်သူကမှ ထွက်သွားခွင့်ပေးနိုင်လိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် အလျင်စလိုလိုက်လံ ဖမ်းဆီးကြသည်။ ငါးတွေအားလုံးကို အလျင်စလိုဖမ်းနေကြရင်း ငါးကြီးတွေတောင်မှ သူတို့ အချို့သာ ဖမ်းမိနိုင်ကြသည်။
ချိ။
ရွှေရောင်အလင်းတွေတောက်ပနေပြီး စိတ်အာရုံထွင်းထုခြင်းအဆင့်နှောင်းပိုင်းအဆင့်တွင် ရောက်နေတဲ့ ကျွမ်းကျင်ပညာရှင်က ပြာအဖြစ်ပြောင်းသွားခဲ့လေသည်။ ထိုမြင်ကွင်းက ကြောက်မက်ဖွယ်ကောင်းလွန်းလှပေသည်။ လူအုပ်က အနည်းငယ်နှေးသွားတဲ့အခါမှာတော့ ငါးအုပ်က ပိုသွက်သွားခဲ့ပြီး လွတ်မြောက်သွားခဲ့သည်။
ရေကန်၏ နက်ရှိုင်းတဲ့အပိုင်းတွင်တော့ ခမ်းနားလှတဲ့အလင်းရောင်သာ လက်နေလေတော့သည်။ တောက်ပစွာလောင်ကျွမ်းနေပြီး အလွန်အမင်းစွမ်းအားကြီးမားသလို အလင်းစွမ်းအားကြီးပုံရတဲ့ အလင်းတွေက ချီအပြည့်ရှိနေ၏။
စစ်မှန်တဲ့ ငါးဘုရင်က ထိုနေရာတွင် တည်ရှိသည်။ ထိုအရာက တစ်မီတာလောက်ရှည်ကာ ရွှေရောင်နဂါးတစ်ကောင်နဲ့ တူသည်။
ရှီဟောင် မှင်သက်သွား၏။ ဒီယန်ငါးက တကယ်ကို စွမ်းအားကြီးမားလွန်းလှသည်။ သာမန်အထက်တန်းလွှာ ဘုရင်အဆင့်လောက်အထိ ထင်မြင်စေနိုင် စွမ်းရှိသည်။ မပျောက်ပျက်နိုင်တဲ့ ရွှေသားခန္ဓာကိုယ်နဲ့ သူပေါင်းစည်းထားပြီး ထိုယန်ငါးနဲ့ရင်ဆိုင်ဖို့ ပြင်လိုက်တော့သည်။
သို့ရာတွင် သူ မမျှော်လင့်ထားတာကတော့ ထိုယန်ငါးက အလွန်ထက်မြက်နေခြင်းဖြစ်သည်။ အဆုံးတွင်တော့ ထိုအရာက တိတ်ဆိတ်စွာဖြင့် ယန်ငါးအုပ်ကို နက်ရှိုင်းတဲ့ ပင်လယ်ထဲသို့ ဦးဆောင်ခေါ်သွားနိုင်ခဲ့သည်။ သူတို့က အဝေးကို ကူးခတ်သွားခဲ့ကာ ချော်ရည်ထဲတင် ပျောက်ကွယ်သွားပါ၏။
“ ဒီသိုင်းညီအစ်ကိုလေးကို တွေ့ရတာ ဝမ်းသာပါတယ်နော် .. ” ဦးချိုနဲ့လူငယ်တစ်ယောက်က ရှီဟောင့်ကို နှုတ်ဆက်သည်။
ထိုအချိန်တွင် စွမ်းအားကြီးမားတဲ့ အဖွဲ့သုံးဖွဲ့ထဲက လူတွေကလည်း တစ်ဖန်လှုပ်ရှားလာကြပြန်သည်။ သို့သော် လူကတော့ သိပ်အများကြီး မကျန်တော့ပါချေ။ ခြောက်ယောက်ခုနစ်ယောက်လောက်သာ တစ်ဖွဲ့စီမှာ ကျန်ရစ်တော့၏။
ထိုထဲက တစ်ဝက်လောက်ကတော့ အသက်တွေဆုံးရှုံးသွားခဲ့ရပြီဖြစ်၏။ ပြီးတော့ ရှီဟောင်က ထိုလူတွေကို အာရုံမစိုက်ပေ။ ဒီလူတွေက သူဖန်တီးထားတဲ့အဖြစ်အပျက်ကို ဖျက်ဆီးခဲ့တဲ့လူတွေဖြစ်ကြသည်။ ဒီလူတွေကြောင့်သာ သူ့အကြံအစည်ပျက်စီးခဲ့ရသည်ကြောင့် မျက်လုံးတွေက အေးစက်နေတော့သည်။
“ သိုင်းညီအစ်ကိုလေး .. ကြင်နာမှုအချို့နဲ့ မင်းရထားတာတွေကို ငါတို့ကို ပြန်ခွဲပေးသင့်တယ်လို့ မထင်ဘူးလား .. ” အခြားတစ်ဖက်က မျက်လုံးနက်နက်နဲ့ လူငယ်တစ်ယောက်က ထိုသို့ပြောလိုက်သည်။
ထို့အပြင် သူ့ရဲ့အဖွဲ့တွေကလည်း ရှီဟောင့်လမ်းကြောင်းကို ပိတ်ကာ ထွက်သွားခွင့်မပေးမည့်ဟန် ပြင်လေသည်။
“မင်းတို့က မင်းတို့အတွက် အကျိုးအမြတ်ရအောင် ကြိုးစားချင်နေကြတာလား .. ” တတိယတစ်ဖွဲ့က ပြောလိုက်ပြန်သည်။
သူတို့ဟာ ဒီနယ်မြေက လူသားတွေဖြစ်ကြသည်။ သူတို့က အလွန်အမင်းစွမ်းအားကြီးမားတဲ့ စွမ်းအင်တွေကို ပိုင်ဆိုင်ထား၏။ ပြီးတော့ ကလန်ကြီးတွေက လာကြခြင်းလည်းဖြစ်ပေသည်။
ကြည့်ကောင်းလွန်းလှတဲ့ အမျိုးသမီးနှစ်ယောက်ကလည်း ထိုအဖွဲ့ကို ဦးဆောင်လာခြင်းဖြစ်သည်။
“ ဘယ်လိုလဲ .. ငါတို့သုံးဖွဲ့က အညီအမျှခွဲမယ်ဆိုရင်ရော .. ” မျက်လုံးလေးလုံးနဲ့လူကပြောလိုက်သည်။
“ ဘာ .. ငါတို့ ဦးချိုပါမျိုးစိတ်က ဒီကို အရင်ရောက်လာခဲ့တာ .. ပြီးတော့ ဒီနေရာက ငါးအုပ်ကို သတိပြုမိတာပဲ .. ဒီတော့ ဒါတွေအားလုံးက ငါတို့နဲ့ပဲ သက်ဆိုင်တယ် .. ” ဦးချိုပါတဲ့လူငယ်က ပြောပြန်သည်။
ရှီဟောင်က ဒီလူတွေကို အေးစက်စွာသာ ဘေးထွက်ကြည့်နေလိုက်သည်။ ဒီလူတွေအားလုံးက သူ့ကို စားစရာတစ်ခုလိုများ ပြုမူနေကြသည်ပဲ။ သူတို့က သူ့ကိုတောင် ဂရုစိုက်ပုံမရပဲ သူ ပိုင်ဆိုင်တာတွေကို ခွဲဝေဖို့ ပြင်ဆင်နေကြသေးသည်။
“ယန်ငါးတွေကို ဒီကောင် ဘယ်လောက်များများဖမ်းဆီးထားလဲဆိုတာကို အရင်ကြည့်ကြတာပေါ့ .. ” ထိုထဲက မိန်းကလေးနှစ်ယောက်က ပြောလေသည်။ ရှီဟောင့်ဆီက ယန်ငါးတွေကို ထုတ်ပေးဖို့ အမူအရာပြသည်။
ရှီဟောင်အေးစက်စွာသာ ရယ်လိုက်တော့၏။ “ငါ့မှာလည်း တူညီတဲ့အတွေးရှိတယ် .. မင်းတို့အားလုံးကလည်း ယန်ငါးတွေကို ဖမ်းမိသေးတာဆိုတော့ ဘယ်လောက်များများဖမ်းမိခဲ့လဲဆိုတာကို ငါသိချင်တယ် .. ငါရှုံးမယ်ထင်ရင်တော့ ဒီကိစ္စကိုမေ့လိုက်ပေးမယ် .. တကယ်လို့ အဲ့လိုမှမဟုတ်ဘူးဆိုရင်တော့ မင်းတို့ကို ရေကန်ထဲပစ်ချပြီး ယန်ငါးစာ ကျွေးရလိမ့်မယ် .. ”
ဒီလူတွေကို သူ သည်းခံတာများနေခဲ့ပြီဖြစ်သည်။ ဒီလူတွေက သူ ယန်ငါးဖမ်းတာကို နှောက်ယှက်ရုံတင်မကပဲ သူ့ကို လေလိုမျိုး လစ်လျူရှုကာ အလွယ်တကူသတ်ဖြတ်နိုင်မယ်လို့ တွေးထင်နေပုံရသေးသည်။
ရှီဟောင့်ရဲ့စွမ်းရည်ကို အာရုံခံမိကြပြီး သွားရှုပ်လို့မသင့်ဘူးဆိုတာကို သိလိုက်ကြပုံရသည်။
“ ဘာမှ တောင်းပန်စရာမလိုဘူး .. ဘာလို့မင်းတို့တွေ ဖမ်းမိထားတဲ့ ယန်ငါးတွေ မထုတ်ပေးသေးတာလဲ .. ” ရှီဟောင်ကလည်း အေးစက်စွာပြန်ပြောလိုက်သည်။
“ငါတို့ကို ဒီလိုအလွယ်တကူအနိုင်ကျင့်လို့ရမယ်လို့ မထင်နဲ့ .. ” ဦးချိုပါတဲ့လူငယ်ကလည်း မြင့်လာတဲ့လေသံနဲ့ပြောလိုက်သည်။
“ဘယ်သူက အရင်အနိုင်ကျင့်တာလဲ .. မင်းတို့တွေက ငါတို့ ငါးစာချပြီးဖမ်းထားတာကိုလည်း နှောက်ယှက်သေးတယ် .. ပြီးတော့ ငါ့ကံကြောင့်ရတဲ့ အကျိုးအမြတ်ကိုလည်း ခွဲဝေချင်နေသေးတယ် .. ဒါတောင်မှ ငါ့ကို ရန်စဖို့ ပြင်နေသေးပြန်တယ် .. ငါသာ မင်းတို့ကို ရန်မစဘူးဆိုရင် ငါကြိုးစားထားတာ အလကားဖြစ်ကုန်မှာပေါ့ .. ” ရှီဟောင့်ရဲ့အသံက အေးစက်လာခဲ့ပြီဖြစ်သည်။
“လှုပ်ရှားကြတော့ .. ဒီကောင့်ကို သတ်လိုက်တော့ .. ” ဦးချိုပါ လူငယ်က သခင်လေးတစ်ယောက်ဖြစ်ကာ တစ်ခါမှ မရှုံးဖူးပေ။
ထို့ကြောင့် ပျက်သုဉ်းခြင်းနယ်မြေကို ဝင်လာပြီးတဲ့နောက်မှာလည်း အရာရာကို မောက်မာစွာသာပြုမူနိုင်ခဲ့ခြင်းဖြစ်သည်။
သူ့ပတ်ဝန်းကျင်တွင်ရှိသည့် သက်လတ်ပိုင်းအရွယ်အစေခံအချို့က မျက်မှောင်ကြုတ်လိုက်ကြသည်။ အဆုံးတွင်တော့ သူတို့က အမိန့်ကိုသာ နာခံကြရပြီး အတူတကွလှုပ်ရှားလိုက်ကြရတော့သည်။
“ အမှိုက်တွေက ရှင်သန်တာနဲ့ သေဆုံးတာကြားက ကွာခြားချက်ကို မသိဘူးပဲ .. ကွက်လပ်နတ်ဘုရားနယ်မြေကို မင်းတို့ မဝင်ခဲ့ဖူးဘူးလား .. အဲ့ဒီက တိုက်ပွဲကိုရော ကြည့်ဖူးလား .. ကောင်းပြီ .. အနာဂတ်မှာ မင်းတို့သာ အသက်ရှင်နေအုံးမယ်ဆိုရင်တော့ ဒီတိုက်ပွဲကို ကြည့်နိုင်ဖို့ အခွင့်အရေးရှိနိုင်မှာပါ .. ” ရှီဟောင် ထိုသို့ပြောလိုက်သည်။
ထိုသက်လတ်ပိုင်းလူငယ်တွေက အလွန်အမင်းကို စွမ်းအားကြီးမားလှတဲ့ ကျွမ်းကျင်ပညာရှင်တွေဖြစ်ကြသည်။ ထို့အပြင် စိတ်အာရုံထွင်းထုခြင်းနှောင်းပိုင်းအဆင့်တွင် ရှိကြသည်။ သူတို့အားလုံးက သက်လတ်ပိုင်းအရွယ်လို့ ထင်ရပေမယ့် တကယ့်တကယ်တမ်းမှာတော့ ခုနစ်ဆယ်ရှစ်ဆယ်အရွယ်တွေဖြစ်ကြသည်။ သူတို့အားလုံးက အချိန်အကြာကြီး ကျင့်ကြံလာခဲ့ကြသူတွေဖြစ်ကြ၏။
ဟုန်း။
သူတို့က ကြောက်မက်ဖွယ်ကောင်းလွန်းတဲ့ မီးပြင်းဖိုကြီးလိုမျို းပြောင်းလဲလိုက်ကာ ရှီဟောင့်ကို ဖိနှိမ့်ဖို့ကြိုးစားတော့သည်။ ကြောက်မက်ဖွယ်ကောင်းလွန်းလှတဲ့ သွေးရောင်မီးတောက်တွေက ရုန့်ရင်းကြမ်းတမ်းစွာ ထွက်ပေါ်လာ၏။
ရှီဟောင်က မပြောင်းလဲ ရှိနေဆဲပါပဲ။ သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးက အနက်ရောင်အလင်းတွေနဲ့ တောက်ပလာခဲ့ရာ မျက်ခုံးကြားမှ အနက်ရောင်ငါးတစ်ကောင်ထွက်လာသည်။
ထိုအရာက ခြေချောင်းတစ်ချောင်းစာသာ ရှည်သည်။ သို့သော် သင်္ကေတတွေနဲ့ ဖွဲ့စည်းထားခြင်းဖြစ်ပေသည်။ အနက်ရောင်အားလှိုင်းတွေကလည်း ကောင်းကင်ထိတိုင်ထိုးတက်သွားတော့၏။
သူက ခွန်ပန်ရဲ့အဖိုးတန်သိုင်းကို စမ်းသပ်ချင်နေခဲ့တာ ကြာပြီဖြစ်သည်။ တဟုန်းဟုန်းမြည်သံတွေနဲ့အတူ ထိုအနက်ရောင် နတ်ငါးရဲ့ မီးက သွေးနီရောင် နတ်မီးတောက်တွေကို အပိုင်းပိုင်းအစစဖြစ်သွားစေခဲ့သည်။
“ ဘာ .. ” ထိုလူတွေအားလုံး အံ့သြသွားကြရ၏။
ထို့နောက်တွင်တော့ ငါးက လေထဲတွင် ကူးခတ်ကာ သူ့ရဲ့ ပါးစပ်မှ အနက်ရောင်စစ်မှန်တဲ့ရေတွေကို မှုတ်ထုတ်သည်။ ထိုထဲတွင် လရဲ့စွမ်းအားတွေ ပါဝင်လေ၏။ သက်လတ်ပိုင်းလူတွေအားလုံး အလန့်တကြားဖြစ်သွားကြတော့သည်။
“မဟုတ်ဘူး .. ” သူတို့အားလုံး ကျယ်လောင်စွာအော်ဟစ်လိုက်ကြတော့သည်။ သူတို့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးက အေးခဲသွားသလိုခံစားလိုက်ကြရ၏။ သူတို့သင်္ကေတတွေကို ထုတ်ဖော်သွားတာတောင်မှ နောက်ဆုံးတွင်တော့ ပြိုပျက်ကြရသည်။
သိပ်မကြာခင်အချိန်တွင်ပင် ထိုလူတွေအားလုံး အေးခဲသွားကြရသည်။ သူတို့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးက တစ်လက်မပြီးတစ်လက်မ အေးခဲလာကြပြီး အနက်ရောင်ဖုန်မှုန့်တွေအဖြစ် ပြောင်းလဲသွားခဲ့သေးသည်။
သူတို့ တကယ်ကို အနိုင်ကျင့်ခံလိုက်ရခြင်းဖြစ်ပေသည်။
ဦးချိုပါတဲ့လူငယ်က အလန့်တကြားအော်ဟစ်လိုက်တော့သည်။ သူ့ရဲ့မျက်နှာတွင်တော့ သေလုအောင်ကြောက်ရွံ့နေကာ ဖြူဖွေးနေခဲ့ပြီဖြစ်သည်။ သူ့ရဲ့စိတ်ဝိဥာဉ်တောင်မှ ခန္ဓာကိုယ်က ထွက်ခွာသွားတော့မလိုဖြစ်နေလေ၏။ သူက ပတ်ပတ်လည်ကိုကြည့်ကာ ထွက်ပြေးတော့သည်။
အဆုံးတွင်တော့ ရှီဟောင်ဖမ်းဆီးတာကို ခံလိုက်ရသည်။ သူက မြေပြင်တွင် ခြေထောက်နဲ့တက်ဖိတာကို ခံလိုက်ရသည်။
“ငါ့ရဲ့စကားတွေက ပေါက်ကရတွေ လျှောက်ပြောနေတာလို့ ထင်နေတာလား .. မင်းရဲ့ခမ်းနားလှတဲ့ ယန်ငါးတွေကို ထုတ်ပေးလိုက် .. မဟုတ်ရင်တော့ ငါက ဒီအတိုင်း လွှတ်ပေးမှာမဟုတ်ဘူး .. ” ရှီဟောင်က အလွန်အမင်းအေးစက်တဲ့လေသံနဲ့ပြောလိုက်သည်။
တစ်ချိန်တည်းတွင်ပင် သူက အခြားနှစ်ဖွဲ့ကိုလည်းကြည့်လိုက်သေးသည်။
“သိုင်းညီအစ်ကို .. ငါတို့ တကယ်ကို တောင်းပန်ပါတယ် .. ငါတို့ မင်းကို မမျှမတဆက်ဆံခဲ့မိတယ် .. အရင်ဆုံး ဒီအကြောင်းဆွေးနွေးရအောင်လား .. ” မျက်လုံးလေးလုံးပါတဲ့လူငယ်က ရိုသေတဲ့အသံနဲ့ပြောသည်။ သူ့မျက်နှာကတော့ တကယ်ကို မဲ့ရွဲ့နေပေသည်။
“ငါ ဘာစကားမှ ဆက်မကြားချင်တော့ဘူး .. မင်းတို့ရဲ့အဖိုးတန်လက်နက်တွေကို လွတ်ပစ်ပြီး ယန်ငါးတွေကိ်ုသာ ထုတ်လိုက် .. မင်းတို့ကို အသက်ရှင်ခွင့်ပေးသင့် မပေးသင့်က ငါဆုံးဖြတ်မယ် .. ” ရှီဟောင်က ထိုသို့ အေးစက်စွာပြောလိုက်တော့သည်။
အခြားတစ်ဖက်တွင်တော့ လူသားမိန်းကလေးတွေရဲ့ အစေခံတွေက မကျေနပ်တဲ့အမူအရာတွေဖြစ်သွားကြသည်။ သူတို့ထဲတွင် မိန်းကလေးတစ်ယောက်က သူမ မှားကြောင်းဝန်ခံသည်။ ထို့နောက် မောက်မာတဲ့လေသံနဲ့ပဲသူမက ဆက်ပြော၏။
“ ငါတို့ မြူထုနန်းတော်ကလာတယ်ဆိုတာကို နင်သိလား .. ကလန်အချို့တောင်မှ မြူထုနန်းတော်ကို ရန်စရဲတာ မဟုတ်ဘူး .. နင်သာ ရန်စလိုက်မယ်ဆိုရင် နင့်ရဲ့ဆရာတွေဆီကိုပါ ကပ်ဘေးကြီးရောက်လာလိမ့်မယ်ဆိုတာရော သိလား .. ”
ဖြန်း .. ။
ခွန်ပန်ရဲ့နတ်စွမ်းအင်အရှိန်ကြောင့် ရှီဟောင့်ခန္ဓာကိုယ်က အရှေ့သို့မြောက်တက်သွားခဲ့ပြီး ထိုကောင်မလေးရဲ့ပါးကို ရိုက်လိုက်သည်။ ထိုမိန်းကလေးမှာ လွင့်ထွက်သွားလေ၏။
“ အခြားသူတွေ ငါ့ကို ဒီလိုပြောတာကို ငါလုံးဝ မကြိုက်ဘူး .. ”
ထိုကြည့်ကောင်းလှတဲ့ မိန်းကလေးကတော့ မှင်သက်သွားရတော့သည်။ ထို့နောက်သတိပြန်ဝင်လာကာ ကျယ်လောင်စွာ အော်ဟစ်၏။
“ မြူထုနန်းတော်က ပျက်သုဉ်းခြင်းနယ်မြေကို ဝင်လာပြီ .. နင်တို့ ကလန်သခင်တွေအတွက် နင်တကယ်ကို ကပ်ဘေးကြီး ဆွဲဆောင်လိုက်တာပဲ .. ”
ဖုန်း .. ။
ရှီဟောင်က ကောင်းကင်ကို ဖြတ်ပျံသန်းသွားပြီး ခြေကန်ချက်တစ်ချက်နဲ့ သူမကို လွင့်ထွက်သွားစေခဲ့သည်။ ထို့နောက်မြေပြင်ကို ပြုတ်ကျကာ ပါးစပ်မှ သွားများပင် ပြုတ်ကျလာခဲ့သည်။ ထိုသို့ဖြင့် သူမ စကားပြောနိုင်လိမ့်တော့မည် မဟုတ်။
“သူ့ကို သတ်စမ်း .. ” အခြားမိန်းကလေးတစ်ယောက်က အော်ဟစ်လိုက်သည်။ သူမလည်းပဲ မလှုပ်ရှားလျှင် နောက်ကျသွားတော့မယ်ဆိုတာကို သိနေပေသည်။ နောက်ထပ် တိုက်ပွဲတစ်ခုက ရှောင်ရှားလို့မရပဲ ဖြစ်ပျက်လာပြန်သည်။ နတ်ငါးတွေရဲ့ ဖိအားအောက်တွင် အမျိုးမျိုးသော အဖိုးတန်လက်နက်တွေက အက်ကွဲထွက်ကုန်ရသည်။ အစေခံအိုကြီးတွေအားလုံး အသက်ခံရ၏။
ဖူး .. ။
ရှီဟောင့်ရဲ့ ခြေထောက်သက်ဆင်းလာတဲ့အခါမှာတော့ ထိုထဲက မိန်းကလေးတစ်ယောက်က သေဆုံးသွားရသည်။
ထိုအင်အားစုတွေရဲ့အားလုံးထဲတွင် လူတစ်ယောက်သာ ကျန်ရစ်တော့သည်။ အကြောင်းကတော့ ထိုသူ့ကို မေးခွန်းတွေမေးဖို့အတွက် ရှီဟောင်ချန်ထားခြင်းဖြစ်သည်။
အနည်းငယ်စစ်ဆေးပြီးတဲ့နောက်မှာတော့ ရှီဟောင့်ရဲ့အမူအရာက ပျော်ရွှင်လာပုံရသည်။ ဒီလူတွေက သူ ငါးဖမ်းတာကို နှောက်ယှက်ခဲ့ပေမယ့် ဆုံးရှုံးမှုကို ပြန်ကာမိသွား၏။ ထိုလူတွေအားလုံးက ငါးရာကျော်ခြောက်ရာကျော်လောက် ဖမ်းမိထားခဲ့သည်မဟုတ်လား။
သူ့ရဲ့ကိုယ်ပိုင် ယန်ငါးတွေနဲ့သာ ပေါင်းစပ်လိုက်ရင်တော့ တစ်ထောင်ကျော်သွားလိမ့်မည်ဖြစ်သည်။ ထိုဟာက တကယ်ကိုများပြားတဲ့ ရိတ်သိမ်းမှုဖြစ်၏။
တကယ့်တကယ်တမ်းတွင် ဘယ်သူကမှ သူ့ကို မနှောက်ယှက်ခဲ့ရင်တောင်မှ သူအားလုံးကို ဖမ်းမိနိုင်လိမ့်မည်မဟုတ်ပေ။ သူအများဆုံးဖမ်းနိုင်တဲ့ပမာဏကို ယခုဖမ်းနိုင်ခဲ့ပြီးသားဖြစ်သည်။
ရှီဟောင်က ကျန်ရှိနေတဲ့လူကို မနှောက်ယှက်တော့ပဲ အဲ့ဒီအစား အဖိုးတန်လက်နက်တွေကိုသာ ဖိအားပေးပြီး ထုတ်ခိုင်းလိုက်သည်။ ထို့နောက်ယန်ငါးတွေကို ကောင်းကင်ပြောင်းလဲခြင်းအိုထဲသို့ထည့်ပြီး သန့်စင်တော့၏။
ရွှေရောင်အရည်တွေက သေးငယ်သောအိုးလေးထဲတွင်ပြည့်နှက်လာခဲ့ပြီး မယုံနိုင်လောက်အောင်တောက်ပလာခဲ့သည်။ နတ်စွမ်းရည်တွေကထိုထဲတွင် ဖြတ်သန်းစီးဆင်းနေပုံရသည်။
ရှီဟောင်က ဒီတစ်ခါတော့ တကယ်ကို ရိတ်သိမ်းမှုကြီးကြီး ရခဲ့ခြင်းဖြစ်သည်။
ရှီဟောင် တံခါးပိတ်ကျင့်ကြံဖို့ ပြင်လိုက်သည်။ သူက လျှို့ဝှက်နေရာတစ်ခုကို ရှာကာ ကျင့်ကြံခြင်းအဆင့်ကို တိုးမြှင့်ဖို့လုပ်တော့၏။
သူဟာ ပြန်လည် ပေါ်ထွက်လာတဲ့အချိန်တွင်တော့ စိတ်အာရုံထွင်းထုခြင်းအဆင့်ရဲ့ နှောင်းပိုင်းအဆင့်သို့ ရောက်ရှိနေလောက်ပေပြီ။