သုခကမ္ဘာက ရှီဟောင် - Chapter - 524 မီးတောက်တွေကြားက ထွက်ပေါ်လာခဲ့သည့် ရွှေသားခန္ဓာကိုယ်
- Home
- သုခကမ္ဘာက ရှီဟောင်
- Chapter - 524 မီးတောက်တွေကြားက ထွက်ပေါ်လာခဲ့သည့် ရွှေသားခန္ဓာကိုယ်
အထွတ်အမြတ်ဝင်ပေါက်တွေကို ဖြတ်သန်းသွားပြီးသည့်နောက် စစ်မှန်တဲ့ မီးတောက်တွေရဲ့နှစ်ခြင်းမင်္ဂလာပြုခြင်းကို ခံရမည်ဖြစ်သည်။ ဟောင်လင်းအာ မျက်ခုံးကြားက နေရာက တဖျတ်ဖျတ်လက်လာခဲ့သည်။ သေးငယ်လှတဲ့ အနီရောင်အမှတ်အသားက ကြာပွင့်သဏ္ဍာန်လိုမျိုး ဖြစ်လာပြီး နီရဲတောက်ပလာသလို အလွန်အမင်းတောက်ပနေသေးသည်။
သူမရဲ့ဆံပင်အနက်ရောင်တို့ကလည်း လွင့်နေပြီး ကျောက်စိမ်းလိုခန္ဓာက နှလုံးသားကိုတောင် အလွယ်တကူ လှုပ်ရှားနိုင်လောက်တဲ့ လှခြင်းတရားမျိုးနဲ့ တောက်ပနေလေတော့သည်။ ထိုအခိုက် သူမရဲ့ ပုံပန်းသွင်ပြင်တစ်ခုတည်းနဲ့တင် သက်ရှိအရာတွေတိုင်းကို စေခိုင်နိုင်စွမ်းရှိနေသလိုပင် ထင်ရစေသည်။ ထိုဆွဲဆောင်မှုအောက်က လွတ်မြောက်အောင်ရုန်းထွက်နိုင်ဖို့က အလွန်အမင်းခက်ခဲလှပါ၏။
သူမရဲ့နှင်းလိုဖြူဖွေးနေတဲ့ ခန္ဓာကိုယ်ကအသာအယာ လှုပ်ရမ်းလိုက်သည်။ ဟောင်လင်းအာက ရှေ့တိုးလာပြီး သူမရဲ့ ခန္ဓာကိုယ်မှ မွှေးရနံ့တွေက လွှမ်းခြုံလာတော့သည်။ သူမမျက်လုံးတွေက အနည်းငယ် စိတ်ရှုပ်ထွေးနေပုံရ၏။ သူ့ရှေ့က သူကိုကြည့်ရင်းသူမ မျက်လုံးတွေက ပြူးကျယ်နေခဲ့ပေသည်။
သူမ နှုတ်ခမ်းကိုက်ရင်းပြောလိုက်၏။ ဒီကောင်စုတ်က အရမ်းမောက်မာပြီး ရိုင်းစိုင်းတတ်တယ်၊ ဒါပေမယ့် ဒီနေ့ကျတော့ သူမကို အရမ်းအလိုလိုက်ပြီးတော့ သူ့ရဲ့ အရမ်းမိုက်သလို ဟန်ဆောင်တဲ့ပုံစံတွေတောင် ပျောက်ဆုံးနေပါလား…။
“သူမ တကယ် ရှေ့တိုးလာရဲသေးတာပဲ .. ငါ့ကို ဒါနဲ့ပတ်သက်ပြီးအပြစ်တင်လို့ မရဘူးနော် .. ဖက်တီးအလှလေး .. မင်းဒီအတိုင်းသာ ဆက်လုပ်နေမယ်ဆိုရင်တော့ ငါတကယ်ဖက်ချင်လာလိမ့်မယ်နော် .. မင်းက လူသားမျိုးနွယ်တွေရဲ့ တောက်ပမှုထက်တောင်မှ ကျော်လွန်နေခဲ့ပြီ .. ဒီတော့ သေချာပေါက် ဂုဏ်ပြုပွဲ ကျင်းပသင့်တာပေါ့ .. ”
နတ်ဆိုးကောင်စုတ်လေးရဲ့ အကြည့်တွေက ကြောက်မက်ဖွယ်ကောင်းလာခဲ့သည်။ သူက လက်မောင်းနှစ်ဖက်ကို ဖွင့်လိုက်ကာ မျက်စိရှေ့က အလွန်အမင်းလှပလွန်းတဲ့ ခန္ဓာကိုယ်လေးကို စိတ်လှုပ်ရှားစွာ ဖက်မည်ပြင်တော့သည်။
ဟောင်လင်းအာက ဘာဂုဏ်ပြုတာမျိုးကိုမှ မလုပ်ချင်နေပေ။ အထွတ်အမြတ်တံတားကို ဖြတ်နိုင်ခဲ့တဲ့အတွက် သူမအလွန်အမင်းစိတ်လှုပ်ရှားနေခဲ့ပေသည်။ ရှီဟောင်က ပွေ့ဖက်သင့်တယ်လို့ ပြောလာတဲ့အချိန်မှာ သူမနောက်ပြန်ဆုတ်မယ်ပြင်လိုက်ပေမယ့် နတ်ဆိုးကောင်စုတ်လေးက ရှေ့တိုးလာတော့သည်။ သူမက ရှီဟောင်ရဲ့ ကွဲပြားနေတဲ့ ပုံစံကို မျက်လုံးပြူးကာ ကြည့်နေမိ၏။
ထိုပွေ့ဖက်တယ်ဆိုတာမျိုး ပြုပြီးမှသာ ထိုအရိုင်းအစိုင်းကလေးက ဘာကြောင့် တည်ငြိမ်မှုတွေ ပျောက်ဆုံးနေလဲဆိုတာကို သူမသိလိုက်ရတော့သည်။ သူမ မျက်လုံးတွေ ပြူးကျယ်သွား၏။
“ အား .. ”
ကျယ်လောင်လွန်းတဲ့အသံက သတ္တုတွေ၊ ကျောက်တုံးတွေကိုတောင်မှ ထိုးဖောက်နိုင်စွမ်းရှိလောက်အောင် စူးရှလွန်းပေသည်။ အထွတ်အမြတ်အင်ပါယာ နန်းတော်ကြီးတစ်ခုလုံးနဲ့ ပတ်ဝန်းကျင် ချော်ရည်တွေတောင်မှ လှုပ်ခါသွားစေနိုင်ပေ၏။
ဒီခံစားချက်က…။
သူမအနေနဲ့ မတွေးပင် မတွေးရဲတော့ပေ။ ဟောင်လင်းအာလည်း အခုမှသာ သူမခန္ဓာကိုယ်ရဲ့အခြေအနေကို သူမသိတော့သည်။
“ငါ့နားတွေလည်း ကန်းကုန်ပါအုံးမယ်ဟာ .. ”
ရှီဟောင်က သူ့နားထဲ တဝှီဝှီမြည်သံတွေ ထွက်နေတယ်လို့တောင် ခံစားလိုက်ရသည်။ သူ့ရဲ့လက်မောင်းတွေကတော့ တဖျတ်ဖျတ်လက်နေတဲ့ ကျောက်စိမ်းခန္ဓာကိုယ်ဝန်းကျင်တွင် သိုင်းဖက်လျက်ရှိနေသေးသည်။ ရှီဟောင့်လက်တွေ လှုပ်ရှားလိုက်တဲ့အခါ ဟောင်လင်းအာ အော်ဟစ်လိုက်တော့သည်။ ဒီနတ်ဆိုးကောင်စုတ်က တကယ်ရိုင်းစိုင်းကြမ်းတမ်းတာပဲ…။
“ သွား သေစမ်း .. ”
သူမ နောက်ဆုံးတွင်တော့ အသိပြန်ဝင်လာခဲ့ပြီး ရှီဟောင့်ကို တွန်းထုတ်ပစ်လိုက်သည်။ အတင်းတွန်းနေလေတော့ နတ်ဆိုးကောင်စုတ်လေးက လက်တခါခါနဲ့ နောက်ဆုတ်လိုက်ရ၏။ ဟောင်လင်းအာ ကြောက်လန့်စွာ အော်ဟစ်လိုက်သည်။
တစ်ချိန်တည်းတွင်ပင် ဆံပင်မွှေးတွေတောင်မှ ထောင်ထမလိုဖြစ်သွား၏။ နှင်းလိုဖြူဖွေးတဲ့ ခန္ဓာကိုယ်ပေါ်မှ နာကျင်ကိုက်ခဲသလိုမျိုးတောင် ခံစားလိုက်ရပေသည်။ ရုတ်တရက် သူမချက်ချင်း နောက်ခုန်ဆုတ်လိုက်လေ၏။
အဖြစ်အပျက်က မြန်ဆန်လွန်းလှပေသည်။ သူတို့ရဲ့ အာရုံစိုက်မှုတွေအားလုံးဟာ တစ်ခဏအတွင်းတွင်ပင် ပြောင်းလဲသွားခဲ့ရသည်။
ဟောင်လင်းအာရဲ့ ကြီးမားတဲ့ မျက်ဝန်းတွေက အလွန်အမင်း ပြူးကျယ်နေခဲ့သည်။ ခန္ဓာကိုယ်တစ်ခုလုံးကတော့ နေမကောင်းဖြစ်သလိုမျိုး အပူငွေ့တွေ လွှတ်ထုတ်နေခဲ့သည်။ ကျောက်စိမ်းလိုဖြူဖွေးတဲ့အသားအရည်က ပန်းရောင်သန်းသွားလေကာ တောက်ပလာလေ၏။ ဒါက သူမ မမျှော်လင့်ထားတဲ့ ကိစ္စဖြစ်၏။
“နင် .. ”
သူမ ဘာပြောရမှန်းပင် မသိတော့ပေ။ နတ်ဆိုးကောင်စုတ်လေးက မျက်နှာသေနဲ့ ရှေ့ကိုသာ ကြည့်နေသည်။
“နောက်ကိုလှည့်လိုက် .. အခြားဘက်ကို ကြည့် .. ”
ဟောင်လင်းအာကလည်း ထိုသို့ပြောလိုက်သည်။
သူမရဲ့ သိုလှောင်မှော်လက်နက်တစ်ခုထဲမှ တုန်တုန်ယင်ယင်နဲ့ အနီရဲရဲအဝတ်အစားတစ်စုံကို ထုတ်လိုက်သည်။ ရှီဟောင်က အလွန်အမင်းနာခံနေခဲ့ကာ သူမအမိန့်ပေးတဲ့အတိုင်းလုပ်ဆောင်နေလေ၏။ သူ့ကိုယ်ကို လှည့်ပေမယ့် ခေါင်းကတော့ ကျန်ရှိနေကာ ဆက်ကြည့်နေခဲ့သည်။
“နင် ခေါင်းလှည့်လေ .. ” ဟောင်လင်းအာကလည်း အော်ဟစ်လိုက်သည်။
“ငါပြောတဲ့အတိုင်း လိုက်လုပ်နေတာပဲ .. ”
ရှီဟောင်ကလည်း ခပ်တိုးတိုးရေရွတ်သည်။
ဟောင်လင်းအာရဲ့ မျက်လုံးထဲ အလင်းတွေလက်လာခဲ့၏။ သူမအကြည့်တွေက သတ်ဖြတ်ခြင်းအရှိန်အဝါတွေပါလာခဲ့သည်။ ကံကောင်းသည်ကတော့ သူမရဲ့ ကျွမ်းကျင်စွာ လှုပ်ရှားမှုနဲ့ အနီရဲရဲဝတ်စုံကို လဲလှယ်လို့ ပြီးသွားသည်။ သို့ရာတွင် မျက်နှာကတော့ နီရဲနေဆဲဖြစ်ကာ အသက်ရှူသံတွေလည်း လေးလံနေ၏။
“ဘာလဲ .. စိတ်လှုပ်ရှားဖို့မကောင်းဘူးလား .. ” ရှီဟောင်က မေးလိုက်သည်။
“နင် .. ” ဟောင်လင်းအာက လက်ညှိုးထိုးရင်း ဒေါသတကြီးသာ ဆိုနေလေ၏။
မြင်ကွင်းက တစ်ဖန်ငြိမ်းချမ်းသွားတော့ပြန်သည်။ ဟောင်လင်းအာ နောက်ဆုံးမှသာ စိတ်ငြိမ်သွား၏။ ဖြစ်ပျက်ခဲ့တဲ့အကြောင်းကို ပြန်တွေးပြီးနောက် ရူးသွပ်တော့မလိုဖြစ်သွားပြန်သည်။ သူမ ရှီဟောင်ကို အမှန်တကယ်ကို ရိုက်နှက်ချင်နေပေ၏။
“ဒီကိစ္စက မပြီးသေးဘူး .. အပြင်ရောက်တာနဲ့ နင့်ကို သေချာရိုက်နှက်ပြမယ် .. ”
“ကောင်းပြီ .. ”
ရှီဟောင် ရှေ့ကို လျှောက်လာပြန်သည်။
“ရပ်စမ်း .. ”
ဟောင်လင်းအာကလည်း တစ်စုံတစ်ရာကို တွေးမိပုံရသွားရင်း အော်ဟစ်လိုက်ပြန်သည်။
သို့ရာတွင် နောက်ကျသွားခဲ့၏။ ကြောက်မက်ဖွယ်အလင်းတန်းတွေက တိုးဝင်လာခဲ့ကာ မီးတွေက တောက်လောင်လာခဲ့ပြန်သည်။ ထိုမီးတောက်တွေအားလုံးက ရှီဟောင့်ကို လောင်ကျွမ်းသွား၏။
အထွတ်အမြတ်ဂိတ်နေရာတွင် ဖြစ်နေသည်မို့ ရက်စက်မှုတွေအားလုံးကို တောင့်ခံကာပြင်းထန်တဲ့ပြိုင်ပွဲလိုမျိုး ကြံ့ကြံ့ခံရင်ဆိုင်နေရမည်ဖြစ်သည်။ ဆယ်ယောက်လာရင် ကိုးယောက်သေတတ်တဲ့ ထိုနေရာက အလောင်းပင်ချန်ရစ်လေ့မရှိဘဲ အားလုံးကို ပြာအဖြစ်ပြောင်းပေးသွားခဲ့တာဖြစ်သည်။
နန်းတော်နားတွင်ရှိနေသည့်ပြာပုံက ထိုကောလဟာလကို သက်သေတည်နေပါ၏။ လူသားသဏ္ဍာန်သတ္တဝါဖြစ်ဖြစ်၊ ဘယ်လိုသတ္တဝါဖြစ်ဖြစ် အားလုံးသေဆုံးရသည်သာဖြစ်သည်။ မီးကလန်သားတွေတောင်မှ မျှော်လင့်ချက်မရှိခဲ့ပေ။ လူနည်းစု ကံကောင်းသူတွေကသာ ဟောင်လင်းအာလို ရှင်သန်လွတ်မြောက်ကြတာဖြစ်သည်။
ဟောင်လင်းအာ မျက်လုံးတွေက ပြူးကျယ်သွားကာ ပြောလိုက်သည်။ မြန်မြန်နောက်ဆုတ်စမ်း။
ကံဆိုးတာကတော့ နောက်ကျသွားခဲ့ပြီ။ ထိုနယ်မြေက ကြောက်မက်ဖွယ်အလင်းတွေနဲ့ တောက်ပသွားခဲ့ကာနောက်ပြန်ဆုတ်ရင်တောင်မှ သူ့ရဲ့ခန္ဓာကိုယ်က မီးတောက်တွေနဲ့ လောင်ကျွမ်းခံရပြီးသားဖြစ်လေပြီ။ ထို့ကြောင့်လွတ်မြောက်ဖို့ခက်ခဲပေ၏။ ထိုမီးတောက်တွေအားလုံးက စမ်းသပ်စစ်ဆေးမှု မပြီးမချင်းပယ်ပျက်သွားလိမ့်မည်မဟုတ်ပေ။
“ပြီးသွားပြီ .. ”
ဟောင်လင်းအာရဲ့အမူအရာကပြောင်းလဲသွားခဲ့သည်။ မီးကလန်သားတွေအပေါ် စမ်းသပ်စစ်ဆေးမှုတွေပြင်ဆင်ထားတဲ့ အထွတ်အမြတ်နေရာအကြောင်း သူမသေချာသိသည်။ အနီရဲရဲနတ်ငှက်ရဲ့သွေးပိုင်ဆိုင်ထားတဲ့သူတွေတောင်မှ သေဆုံးကြရသည်သာဖြစ်သည်။
ထိုထဲက သွေးပိုင်ဆိုင်မှုအများဆုံး၊ အလားအလာအကောင်းဆုံးသူတွေကသာ ဝင်ခွင့်ရရှိခြင်းဖြစ်ပေသည်။ သို့သော် ရှီဟောင်တွင်တော့ ထိုသွေးမျိုးဆက် မပါရှိနေခဲ့ပေ။ တစ်စုံတစ်ယောက်က ဒီနေရာမှ နိုးထလာခဲ့ကပြီး သွေးမျိုးဆက်နဲ့အတူ ရှင်သန်နိုင်လောက်တဲ့ သူကသာ မီးတောက်ထဲမှာ ရပ်တည်နိုင်စွမ်းရှိလိမ့်မည်ဖြစ်ပေသည်။ ထိုအခါ သူတို့ရဲ့ခန္ဓာကိုယ်က အကျိုးကျေးဇူးများစွာ ရရှိမည်ဖြစ်ရာ တိုးတက်မှုတွေလည်း မြောက်မြားစွာပိုင်ဆိုင်သွားတော့မှာဖြစ်သည်။ တောင့်တင်းသန်မာမှုတွေနဲ့အတူ မီးတာအိုကိုပါ နားလည်ဆင်ခြင်နိုင်စွမ်းရှိနိုင်ပေ၏။
သို့ရာတွင် မီးကလန်သားမှ မဟုတ်တဲ့သူတွေကတော့ သေချာပေါက် ကပ်ဘေးကို ကြုံရမည်ဖြစ်သည်။
“အရမ်းနာတာပဲ .. ”
ထိုအသံကြားတာနဲ့ဟောင်လင်းအာ အသိပြန်ဝင်လာခဲ့သည်။ ရှီဟောင့်ရဲ့အသံက ဖျော့တော့နေကာ မီးတောက်ထဲမှ ထွက်ပေါ်လာနေ၏။ ပြင်းထန်တဲ့နာကျင်မှုကို ခံစားနေရပုံပေါ်သည်။
“နင် အဆင်ပြေတာလား .. ” မီးနိုင်ငံရဲ့ မင်းသမီးလည်း အံ့အားသင့်သွားတော့သည်။
ရှီဟောင်က ပြင်းထန်တဲ့နာကျင်မှုကို ခံစားနေရကာ သူ့ခန္ဓာကိုယ်တစ်ခုလုံးက နီရဲနေသည်။ သူ့ရဲ့ အသားအရေတွေတောင်မှ မီးတောက်ရောင်ပေါက်နေတော့သည်။ သူက တကယ်ကို တစ်ကိုယ်လုံး ချက်ပြုတ်ခံထားရသလိုမျိုး ဖြစ်နေပေသည်။
ငှက်နီနဲ့အရင်တွေ့ပြီး ငှက်နီရဲ့ မီးတောက်ဒဏ်ကိုသာ သူမခံထားဖူးဘူးဆိုရင်၊ ထို့အပြင် ထိုမီးတောက်ကြောင့် လောင်ကျွမ်းပြီး မဲနက်တဲ့အထိ လေ့ကျင့်သလိုမျိုး မကြုံထားခဲ့ရဘူးဆိုရင် ဒီအခြေအနေကို ခံနိုင်ရည်ရှိလောက်မည် မထင်ပေ။ သို့သော် လက်ရှိအချိန်ကတော့ ပိုလို့သာ နာကျင်နေသေးပေသည်။ သို့ရာတွင် သူ ပြာအဖြစ်မပြောင်းသွားပေ။ သူ့ရဲ့တတ်နိုင်တဲ့ စွမ်းအားအရာအားလုံးကို အသုံးပြုကာ ဒီစစ်မှန်တဲ့မီးတောက်ကို ခုခံနေပေ၏။
ထိုအခိုက် သူ့ရဲ့အရေပြားတွေက ပြောင်းလဲလာကာ တောက်ပလာရင်း ခန္ဓာကိုယ်အသစ်တစ်ခုထွက်ပေါ်လာသလို ထင်ရလေသည်။ နာကျင်ကိုက်ခဲနေပေမယ့် ရှီဟောင်က အက်ကွဲမထွက်နိုင်အောင်တော့ လုပ်ဆောင်နိုင်ခဲ့သည်။ အဲ့ဒီအစားကြောက်မက်ဖွယ်အလင်းတွေက သူ့ခန္ဓာကိုယ်ကိုတောင်မှ အားဖြည့်ပေးလာသေး၏။ သူကလည်း ထိုကြောက်မက်ဖွယ်မီးစွမ်းအင်တွေကို ကြိုဆိုနေခဲ့သည်။
“ကောင်းတယ် .. ဒါကမှ တကယ့်အဓိပ္ပါယ်ပဲ .. မီးတောက်တွေကိုသုံးပြီး ရွှေရောင်ခန္ဓာကိုယ်ကို သန့်စင်ရမယ် .. ”
ဟောင်လင်းအာက နားလည်သွားသည်။
သူတို့က မီးကလန်မှ အဖွဲ့သားတွေ မဟုတ်ခဲ့ဘူးဆိုရင် တစ်နည်းတည်းသာရှိသည်။ ထိုနည်းကတော့ ဒီကြောက်မက်ဖွယ်အကောင်းဆုံး ရုပ်ပိုင်းဆိုင်ရာသိုင်းတွေကို အသုံးပြုကာ မီးတောက်တွေကို ဖြေးညှင်းစွာ သန့်စင်ဖို့သာဖြစ်သည်။ ထိုနည်းနဲ့သာ ထူးခြားလှသည့် အကျိုးကျေးဇူးတွေကို ရရှိနိုင်မည်ဖြစ်သည်။
ရှီဟောင်က ရှီရီနဲ့ တိုက်ခိုက်ခဲ့တာကို ဟောင်လင်းအာပြန်သတိရလိုက်သည်။ ထိုသို့ဖြင့် သူ့ရဲ့ခန္ဓာကလည်း ကြောက်မက်ဖွယ်စွမ်းအားတွေကို ပိုင်ဆိုင်ထားကြောင်း သတိရလိုက်မိတော့၏။ အနောက်ပိုင်းကောင်းကင်ဘုံရဲ့ မပျောက်ပျက်နိုင်တဲ့ ဗာဂျရာခန္ဓာကိုယ်နဲ့တောင်မှ ယှဉ်နိုင်စွမ်းရှိပေသည်။
ထိုအခိုက် သူ့ရဲ့ ကြောက်မက်ဖွယ်ကောင်းလွန်းလှတဲ့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်စွမ်းအားတွေက ထွက်ပေါ်လာတော့သည်။ စစ်မှန်တဲ့ ရွှေရောင်ခန္ဓာကိုယ်က မီးတောက်တွေနဲ့ သန့်စင်ခံရတော့၏။
“အရမ်းစွမ်းအားကြီးတာပဲ .. ဒီပြောင်းလဲမှုက ဒဏ္ဏာရီထဲမှာရှိတဲ့လောကကို တုန်လှုပ်နိုင်တဲ့ ရှေးခေတ်က ကျွမ်းကျင်ပညာရှင်တွေသာလုပ်နိုင်တဲ့ ပြောင်းလဲမှုမျိုးပဲ .. ”
ဟောင်လင်းအာ သက်ပြင်းချသည်။ အလွန်အမင်းလည်းအံ့အားသင့်နေရ၏။ ဒီကောင်စုတ်က ရှေးခေတ်က စွမ်းအားအကြီးဆုံးသူတွေနဲ့တောင် တူနေသေးသည်။
“နာကျင်လို့ သေတော့မယ်ထင်တယ် .. ”
နတ်ဆိုးကောင်စုတ်လေးက အော်ဟစ်နေတော့သည်။ သို့သော် ဘယ်လိုပဲကြည့်ကြည့် သူက ဒီနေရာမှာ ဖျက်ဆီးမခံရမှန်း သိသာနေမှတော့ ဟောင်လင်းအာလည်း ဂရုမစိုက်တော့ပေ။
သူ့တွင် သွေးနီရောင်နတ်ငှက်ရဲ့ စစ်မှန်တဲ့ သွေးမျိုးဆက်ကို မပိုင်ဆိုင်ထားပေမယ့် သူ့ကိုယ်က မီးတာအိုနဲ့လည်း ဆက်စပ်မနေခဲ့ပေ။ သို့သော် သူက ပြင်းထန်လှတဲ့ ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်ကို အသုံးပြုပြီး မီးတောက်တွေကို ကြံ့ကြံ့ခံကာ သန့်စင်ဖို့ ကြိုးစားနေသည်။ပြင်းထန်တောက်ပတဲ့ မီးတောက်တွေက သူ့ကိုယ်ကို လောင်ကျွမ်းကာ အရေပြားတွေကိုဝင်ရောက်ပြီး ကိုယ်တွင်းအင်္ဂါတွေအထိဝင်ရောက်သည်။ ထို့နောက် အရိုးတွေဆီ ဝင်ရောက်သွား၏။ လောကရဲ့ စစ်မှန်တဲ့ မီးတောက်ကို ကျင့်ကြံတဲ့နည်းက ထိုသည်သာဖြစ်သည်။ မီးတောက်တွေအားလုံးကို လက်ခံရကာ ကိုယ်တွင်းထဲဆွဲယူပြီး သန့်စင်ရမှာဖြစ်ပေ၏။
အချိန်တွေက ကုန်ဆုံးသွားခဲ့ကာ နောက်ဆုံးတွင်တော့ မဲနက်နေတဲ့ သူ့အသားအရောင်က ကွာကျတော့သည်။ တဖျတ်ဖျတ်လက်လာကာ နူးညံ့ချောမွေ့တဲ့ အသားအရောင်လေးက ထွက်ပေါ်လာပြီး တဖျတ်ဖျတ်လက်နေတော့သည်။ သူ့ရဲ့အရိုးတွေထဲမှ တောင်မှ မီးတောက်တွေက ထွက်ပေါ်နေခဲ့သည်။ သိပ်မကြာခင်အချိန်တွင်ပင် ထိုနေရာတစ်ခုလုံးက ပြန်လည် ငြိမ်းချမ်းသွားတော့သည်။
ဟူးခနဲအသံနဲ့အတူ နောက်ဆုံးမီးတောက်က ထွက်ပေါ်လာပြီး ပျောက်ကွယ်သွားတော့သည်။ ထို့နောက် ဂိတ်တံခါးက ပြန်လည်ငြိမ်းချမ်းသွားပြန်သည်။
ရှီဟောင်ကတော့ နာကျင်လို့ အော်ဟစ်နေဆဲဖြစ်သည်။ သူ့ရဲ့ ခန္ဓာကိုယ်က ပြင်းထန်တဲ့နာကျင်မှုကို ခံစားနေခဲ့ရသည်။ သူ့ရဲ့စွမ်းရည်ကြောင့် ဒဏ်ရာတွေကလည်းလျင်မြန်စွာ ပြန်လည်ပျောက်ကွယ်နေခဲ့ရသည်။
ထိုထဲတွင် တာအိုမီးတောက်ရဲ့ နတ်စွမ်းအင်တွေလည်း ပါဝင်နေခဲ့သည်။ ပထမတော့ ဓါးတွေက ခန္ဓာကိုယ်ကို လှီးဖြတ်နေသလို ခံစားရမည်ဖြစ်သည်။ သို့သော် အဆုံးတွင်တော့ ရေနဲ့ရေချိုးသလိုသာ ခံစားရနိုင်တော့၏။ ထိုဟာက သူ့ရဲ့ခန္ဓာကိုယ်ကို မီးတောက်တွေနဲ့ အားဖြည့်ကာသက်သာအောင် လုပ်ဆောင်နေခြင်းဖြစ်ပေသည်။
လက်ရှိတွင် သူ့ရဲ့ လက်တွေ၊ ခြေထောက်တွေကို လှုပ်ရှားကြည့်လိုက်ကာ စွမ်းအားအလွန်ကြီးနေကြောင်း ခံစားလိုက်ရတော့သည်။ စိတ်အာရုံထွင်းထုခြင်းအဆင့်တွင်နာကျင်စွာ သန့်စင်ခံရသည့် သူ့ရဲ့ ခန္ဓာကိုယ်အတိုင်း မဟုတ်လေတော့ပဲ ထို့ထက်ပိုပြီး မြင့်မားတဲ့ အဆင့်အထိသို့ရောက်သွားလေသည်။ သဘာဝနိယာမတွေ၊ တာအိုတွေအပေါ် အာရုံစိုက်ရုံနဲ့ အဆင့်တက်နိုင်မယ်လို့ ယုံကြည်လာတော့သည်။
မီးတောက်တွေနဲ့ လောင်ကျွမ်းခံကာ သန့်စင်ရင်း ရွှေသားခန္ဓာကိုယ်ကို သူရအောင် လုပ်နိုင်ခဲ့သည်။ စိတ်အာရုံထွင်းထုခြင်းအဆင့်တွင် သူ့ရဲ့အသားတွေကို သန့်စင်တဲ့အဆင့်ကိုတော့ ပြီးမြောက်သွားလေပြီဖြစ်သည်။
ရှီဟောင် အရူးတစ်ယောက်လိုမျိုး ရယ်လိုက်သည်။ ဒီလိုမီးတောက်နဲ့ ပြိုင်ပွဲဝင်သလိုမျိုး ရင်ဆိုင်လိုက်ရတာက ခါးသက်စွာ ကျင့်ကြံခြင်းနဲ့ ညီမျှသည်။ ထိုကဲ့သို့ ပြင်းထန်တဲ့ ပြောင်းလဲမှုတွေကို ကြုံဆုံလိုက်ရသည့်အခါ ရလဒ်က သူ့ကို စိတ်ကျေနပ်စေပေသည်။
သိပ်မကြာခင်အချိန်တွင်ပင် သာမန်မဟုတ်တဲ့အခြေအနေကို သူသတိထားလိုက်မိသည်။
သူ့ရဲ့အဝတ်အစားတွေအားလုံး လောင်ကျွမ်းကုန်ပြီဖြစ်လေရာ ထိုတစ်ခဏတွင်တော့ သတိမထားမိပေမယ့် ဟောင်လင်းအာကတော့ တစ်ဖက်ကို လှည့်နေခဲ့သည်။
နတ်ဆိုးကောင်စုတ်လေးက တည်ငြိမ်စွာနဲ့ အဝတ်တွေ လဲလှယ်လိုက်ကာ အလျင်မလိုတဲ့ အမူအရာနဲ့ ဆိုလိုက်သည်။
“ နင် အောင်မြင်သွားတယ်ဆိုပေမယ့် ငါ့အတွက်လည်း ဂုဏ်ပြုပွဲကျင်းပဖို့လိုသေးတယ် .. ဘာပဲဖြစ်ဖြစ် ငါလည်း အောင်မြင်သွားခဲ့တာပဲလေ .. ဘာရဲ့ ဖိနှိမ့်တာမျိုးကိုမှ မခံရဘူး .. ”
နတ်ဆိုးကောင်စုတ်လေးက ထိုသို့ပြောလိုက်သည်။
“နင် အရေတော်တော်ထူတာပဲ .. ”
ဟောင်လင်းအာကလည်း အော်ဟစ်လိုက်သည်။
ကျယ်ပြောလှတဲ့ဟောခန်းမကြီးက မှော်ဆန်လွန်းလှကာ ခမ်းနားစွာ တည်ရှိနေခဲ့သည်။ ထိုနေရာရဲ့အဆုံးကိုပင် မမြင်ရနိုင်သည်မို့ ထိုနေရာက အလွန်ကြီးမားကြောင်း သိနိုင်ပေ၏။
ထိုကြီးမားလှတဲ့နန်းတော်ကြီးက လောကတစ်ခုထဲတွင် ကိုယ်ပိုင်တည်ရှိနေသလိုမျိုး ထင်ရစေသည်။ မြူထုတွေက ကွေးကောက်စွာတည်ရှိနေခဲ့သလို သွေးနီရောင် ရောင်စုံအလင်းတွေကလည်း တဖျတ်ဖျတ်လက်နေခဲ့သည်။ သူတို့ရှေ့ဆက်သွားခဲ့ရာ အကြည့်တွေကတော့ ကြီးမားလှတဲ့ ကျောက်တိုင်ကြီးတွေဆီသို့ ရောက်ရှိနေခဲ့သည်။ ထိုကျောက်တိုင်ကြီးတွေက ကောင်းကင်အထိ ထိုးတက်နေပုံရ၏။
ခမ်းနားလှတဲ့ နန်းတော်ကြီးက ဗြောင်ရှင်းကာ ဘာမှ ရှိမနေခဲ့ပေ။ သူတို့နှစ်ယောက် အထဲဝင်သွားတဲ့အခါ ဘယ်သက်ရှိသတ္တဝါကိုမှ မမြင်ရပြန်ချေ။
ရုတ်တရက် ပြင်းထန်တဲ့ ဆူထရာဂါထာ မန်းမှုတ်သံအသံမျိုးကို ကြားလိုက်ရသည်။ သူတို့ရဲ့ စိတ်ဝိဉာဉ်ကိုတောင်မှ လှုပ်ခါစေခဲ့ပြီး ကြောင်အသွားကြတော့သည်။ ထို့နောက် တစ်စုံတစ်ရာက ပေါက်ထွက်လာပုံရသည်။ သူတို့ရှေ့ကို သွားလေလေ အသံက ကျယ်လာလေလေဖြစ်သည်။ တိုက်ခိုက်လိုစ်ိတ်ပြင်းပြသည့် အဆင့်သို့ပင်ရောက်ရှိလာသည်။
“ဘာကြီးလဲ .. ”
ရှီဟောင် နူးညံ့ညင်သာစွာမေးလိုက်သည်။
သူ့နားထဲတော့ ဝူးဝူးဝါးဝါးအသံတွေသာကြားနေခဲ့ရပြီး တကယ့်အဓိပ္ပါယ်ကို နားမလည်ခဲ့ပေ။
ဟောင်လင်းအာကလည်း မျက်မှောင်ကြုတ်လိုက်သည်။ ထို့နောက် သူက အလန့်တကြားအော်ဟစ်လိုက်၏။
“ ဒါ မီးတာအိုရဲ့ အစွမ်းထက်ဆုံး အဖိုးတန်ကျမ်းစာပဲ .. ”