သုခကမ္ဘာက ရှီဟောင် - Chapter - 531 ကိုယ်တိုင်တိုးတက်ခြင်း
ထိုအရာနဲ့ပြန်ဆုံတွေ့ရတာက ရှီဟောင့်ရဲ့စိတ်ကို မုန်တိုင်းရိုက်ခတ်သလို ခံစားရစေသည်။
* တကယ်ပဲ ဒီလိုအရာက နှစ်တွေဘယ်လောက်ကြာပြီးတော့တောင် တည်ရှိနေရသေးတာလဲ။ ဘာလို့ ဒီနေရာမှာ ထပ်ပြီးပေါ်လာရတာလဲ။ ဒါက အရမ်းကို တိုက်ဆိုင်လွန်းမနေဘူးလား။ *
သို့ရာတွင် သူအများကြီးတွေးနေတယ်လို့လဲ ထင်လာရပေသည်။ ဒီလက်ဝါးအရွယ်လေးသာရှိတဲ့ စက္ကူလှေနက်လေးက သူ့အလိုလိုမျောပါနေခဲ့ကာ မြစ်ပေါ်သို့ ဖြာကျနေတဲ့ ကြယ်အလင်းရောင်နဲ့အတူ အပြိုင်စီးဆင်းနေခဲ့ပေသည်။
“ ဒါ တကယ်ပဲ ဘယ်လိုအရာများလဲ .. ”
ကောင်းကင်ပစ်ချက်ကျောက်တုံးလေးကလည်း အံ့အားတကြီးမှတ်ချက်ပြုလေသည်။
ရှီဟောင်ကတော့ စိတ်အတွင်းမှာ အမှန်ပင်တုန်လှုပ်နေခဲ့ပေ၏။
သူ့ရဲ့ဆံပင်တွေတောင်မှ ထောင်ထမလိုဖြစ်လာခဲ့သည်။ သူက အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်မိခဲ့သည်။ ထို့ကြောင့် ကိုယ့်ကိုယ်ကို ရင်းပြီးတိုက်ခိုက်တာမျိုး မလုပ်တော့ဖို့ ဆုံးဖြတ်လိုက်သည်။
ကြယ်မြစ်ကြီးက မျက်စိကျိန်းမတတ်တောက်ပတဲ့ သင်္ကေတတွေနဲ့ဖြာကျနေခဲ့သည်။ ထို့နောက် ထိုကြယ်တွေက အဆက်မပြတ်ကြီးမားလာကာ တစ်ခုပြီးတစ်ခုအက်ကွဲနေလေ၏။ တစ်စုံတစ်ရာလောကသစ်တစ်ခု ထွက်ပေါ်လာမည့်အလားထင်ရလေသည်။ ထိုထဲတွင်မှ နတ်ဘုရားနဲ့ နတ်ဆိုးတို့ရဲ့ ဟိန်းဟောက်ဟစ်ကြွေးသံတွေကိုပင် ကြားလာရသလို ထင်လာရလေသည်။
ရှင်းလင်းစွာပင် များပြားလှသော အဖိုးတန်သိုင်းတွေကို ပိုင်ဆိုင်ထားသည့် ထိုလှေငယ်လေးထံမှ ထွက်ပေါ်လာခြင်းပါပေ။ မဆုံးနိုင်တဲ့အလင်းစွမ်းအင်တွေက ထိုလှေငယ်ကို သွန်းလောင်းနေခဲ့သည်။ လက်ရှိနေရာကို ကပ်ဘေးတစ်ခုလုပ်တော့မလို ထင်လာရသည်။
ကြည့်ရတာ ပုံမှန်မဟုတ်တဲ့တိုက်ပွဲဖြစ်တော့မယ်ထင်တယ်။ ထိုလှေနက်ငယ်လေးက လေထဲတွင် လွင့်မြောသွားပြန်ကာ ကောင်းကင်တွင် အလင်းရောင်တွေနဲ့ ဖြာထွက်လာနေစေတော့သည်။ ထိုအလင်းတိုင်းအလင်းတိုင်းကလည်း အလွန်အမင်းကြောက်မက်ဖွယ်ကောင်းနေပြန်၏။
ရှီဟောင်က အခုလိုမျိုး ထူးခြားတဲ့အရာမျိုးနဲ့ ဘယ်အခါမှ မတိုက်ခိုက်ခဲ့ဖူးပါချေ။ ဒါက ရူးသွပ်တဲ့တိုက်ပွဲဖြစ်မှာသေချာနေလေတော့ သူ့ရဲ့စွမ်းအားအကုန်အသုံးပြုဖို့ လိုလာလောက်ပေသည်။ မရေမတွက်နိုင်အောင်များပြားလွန်းတဲ့ နတ်စွမ်းအင်တွေအားလုံးက လူတစ်ယောက်တည်း တောင့်ခံနိုင်လောက်တဲ့ အရာမျိုး မဟုတ်ပါပေ။ ရာပေါင်းများစွာသော၊ ထောင်ပေါင်းများစွာသော ကျွမ်းကျင်ပညာရှင်တွေတောင်မှ ပူးပေါင်းပြီး တိုက်ခိုက်ရလောက်တဲ့ စွမ်းအင်မျိုးကို ထိုလှေနက်က ထုတ်လွှတ်နေခြင်းဖြစ်၏။
သင်္ကေတတွေက များပြားလှစွာ၊ အဆုံးမသတ်နိုင်တော့သလိုမျိုး ကြယ်မြစ်ထဲတွင် ဖွဲ့တည်လာနေခဲ့သည်။ ထိုစက္ကူလှေလေးက ကြယ်မြစ်တစ်လျှောက်လွင့်မြောလာနေသည်။ အဖိုးတန်သိုင်းတစ်ခုကို သွန်းလုပ်လာသလိုထင်ရလေကာ သူ့အောက်ဘက်တွင် ရပ်နေခဲ့သည့်ရှီဟောင်ကို အရာအားလုံးကို အရင်းပြုပြီး တိုက်ခိုက်တော့မလို ထင်လာရစေပြန်သည်။ နောက်ဆုံးတွင်တော့ ကြယ်မြစ်က ပျောက်ကွယ်သွားခဲ့သည်။
ထိုသို့ဖြင့် ထိုလှေက ဖျော့တော့သွားလေခဲ့၏။ ဘယ်တော့မှ မပေါ်ထွက်ဖူးသလိုမျိုး ပျောက်ကွယ်သွားခဲ့လေပေသည်။ စွမ်းအင်မီးတောက်တွေတောင် မကျန်ရှိတော့သလို ဝေဝါးတဲ့ ကြယ်အလင်းတွေအဖြစ် မှိန်ဖျော့ကာ ပျောက်ကွယ်သွားခြင်းဖြစ်ပါ၏။
* ဘာဖြစ်ကုန်တာလဲ။ ဒါက ကျူးယန်တုန်းကနဲ့ ကွာခြားနေတယ်မဟုတ်ဘူးလား။ *
ရှီဟောင်လည်း ဘာတွေဖြစ်နေမှန်းကို နားမလည်တော့ချေ။ သူ အတွေးတွေ အရမ်းများနေတယ်လို့လဲ ခံစားလာရသည်။ သူ ဘယ်လောက်ပဲတွေးတွေး အဖြေမထွက်ဘဲဖြစ်နေလေ၏။ သူက လှေနက်ပျောက်ကွယ်သွားတဲ့နေရာကို ကြည့်လိုက်သည်။ မြောက်ပင်လယ်က ကိစ္စကိုတောင်မှ သူ သတိရသွားမိ၏။ ထိုအချိန်တုန်းကတော့ အခုလိုမျိုး မဟုတ်ခဲ့ပေ။ သို့သော် ထိုသွေးလွှမ်းတဲ့စာသားတွေက ဘာကိုဆိုလိုလဲဆိုတာကို ပြန်သတိရလိုက်သည်။
* ငါ တစ်ယောက်တည်းကျန်တော့တယ်…၊ *
သူ့ရဲ့စိတ်ထဲ သံသယပေါင်းများစွာနဲ့ ပြည့်နှက်နေလေတော့၏။ ရှီဟောင်က တိုက်ပွဲစင်မြင့်အဆုံးပိုင်းသို့ လျှောက်သွားနေလိုက်သည်။ သူက နံရံတွေကို ကြည့်ကာ သူ ကျောက်တုံးဝင်ပေါက်တွင် မြင်ခဲ့ရတဲ့ သတ္တဝါတွေနဲ့တူတဲ့ ရုပ်ထုတွေကို စိုက်ကြည့်နေဖြစ်သည်။ သို့သော် အပိုရုပ်ထုတစ်ခုကိုလည်း ထပ်တွေ့လိုက်ရ၏။
ထိုအရာက ဖြူဖွေးကာ တလက်လက်တောက်ပနေတဲ့လက်ဝါးကြီးဖြစ်ပြီး ကြီးမြတ်ကာ ခမ်းနားလှတဲ့ တစ်စုံတစ်ရာအလားထင်ရစေသည်။ ထို့အပြင် ထိုဟာက စက္ကူနဲ့လုပ်ထားတဲ့ အရာတစ်ခုလို့လည်း ထင်စရာမရှိပါပေ။ မှန်ပေသည်။ ထိုတစ်စုံတစ်ရာဆိုတာက ကြယ်မြစ်ထဲ လွင့်မြောနေပုံရသည့် လှေတစ်စင်းပုံ ဖြစ်ပေတော့သည်။ စာလုံးတစ်လုံးကတော့ ထိုအရာပေါ် ထွင်းထုထားလေ၏။
“ မျှော်လင့်ခြင်း .. ”
* ဒီနံရံထဲမှာ တကယ်ပဲ ဘယ်လိုအရာတွေရှိနေတာလဲ။ *
ရှီဟောင်က မှင်သက်စွာနဲ့စိုက်ကြည့်နေပြီး အချိန်အတန်ကြာသည်အထိ မလှုပ်ရှားဖြစ်တော့ပေ။ ကောင်းကင်ပစ်ချက်ကျောက်တုံးလေးလည်း စိတ်ရှုပ်နေလေ၏။ အချိန်အတန်အကြာကြီး စိုက်ကြည့်နေပေမယ့်လည်းပဲ သူက ဘာမှ နားမလည်ပြန်ပေ။
ရောင်စုံအလင်းတွေ တဖျတ်ဖျတ်တောက်လာခဲ့ကာ နံရံက တွန့်လိမ်ရှုံ့တွလာရင်းနေရာတစ်ခုပေါ်လာသည်။ ထိုအရာက မဆုံးနိုင်လောက်တဲ့ နှစ်တွေကတည်းက တည်ရှိနေပုံရသည့် မြစ်ကြီးဖြစ်ပေ၏။ ထိုမြစ်အလယ်ရှိ ဖြတ်သန်းနိုင်တဲ့လမ်းပေါ်တွင် စာသားတစ်ကြောင်းထိုးထားသည်။
* ပြန်လာ .. ပြန်လာ .. ပြန်လာ .. ။ *
“မင်း ဘယ်လိုထင်လဲ .. ”
ရှီဟောင်က ကျောက်တုံးကို လှမ်းမေးလိုက်သည်။
“ငါလည်း နားမလည်ဘူး .. ဒါပေမယ့် ဒီစက္ကူလှေရဲ့ပိုင်ရှင်က ဒီနတ်ဆိုးနဲ့ နတ်ဘုရားမြို့ရိုးကို ဖန်တီးခဲ့တဲ့သူတွေထဲက ခေါင်းဆောင်ပိုင်းတစ်ယောက်ယောက်ပဲဖြစ်လိမ့်မယ် .. အဲ့ဒီမိန်းကလေးက အခြားသူတွေနဲ့ ကွဲပြားတဲ့ပုံစံရှိလို့ အခုလိုမျိုး ထူးထူးဆန်းဆန်းတွေ လျှောက်လုပ်ခဲ့တာဖြစ်မှာပေါ့ .. ”
ရှီဟောင်လည်း ထိုစကားကို ကြားလိုက်ရော သူ့ရဲ့အမူအရာက သဘောတူသလို၊ ခေါင်းငြိမ့်လိုက်သလို ဖြစ်သွားခဲ့လေသည်။
မရေမတွက်နိုင်တဲ့ နှစ်ပေါင်းများစွာကြာနေတာတောင်မှ ထိုပစ္စည်းတွေက တည်ရှိနေသေးသည်။ ဒီလမ်းဆိုတာကလည်း တစ်စုံတစ်ရာထူးခြားနေမယ်ဆိုတာကို သူ သိနေပါ၏။ နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာညောင်းခဲ့လေတော့ ထိုသတ္တဝါအားလုံး ပျောက်ကွယ်သွားခဲ့သည်။ သို့ဆိုပါလျှင် ထိုလမ်းရဲ့နောက်ဘက်တွင် ဘာများရှိနေနိုင်သည်လဲ။
သူဟာ ထိုအတွေးတွေကို တွေးလိုက်မိတဲ့အချိန်တွင်ပဲ ကောင်းကင်ပစ်ချက်ကျောက်တုံးလေးက သဘောမတူတော့တာကို တွေ့လိုက်ရသည်။ ထိုကျောက်တုံးလေးက အလေးအနက်အမူအရာနဲ့ သက်ပြင်းချရင်း ပြောလာ၏။
“ကိစ္စက တော်တော်ထူးခြားနေတယ် .. ရှေးခေတ်ကတည်းက ဒီအရာတွေက တကယ်ရှိခဲ့တာဖြစ်လောက်တယ် .. အချိန်တစ်ခုကြာပြီးတဲ့အခါ ပြန်ပေါ်လာတာမျိုးတောင် ဖြစ်နိုင်သေးတယ် .. ”
သိသာစွာပင် နတ်ဆိုးနဲ့ နတ်ဘုရားတို့ရဲ့ မြို့ရိုးဆိုတာက ဘယ်သူမှ အဓိပ္ပါယ်သေချာရှင်းလင်းစွာမသိတဲ့ အရာမျိုးဖြစ်နေခဲ့သည်။ ထို့အပြင် ဒီမြို့ရိုးကို တည်ဆောက်ဖို့အတွက် များပြားလှသော စွမ်းအားကြီးသတ္တဝါတို့ကို စတေးခဲ့ရ၏။
“ငါတို့ အကူအညီပေးနိုင်ရင်တောင်မှ ဒီလိုအရာမျိုးက သွားရှုပ်သင့်တဲ့အရာမျိုးလို့ ငါမထင်ဘူး .. ဒီနေရာကို လာနှောင့်ယှက်တဲ့ လူအားလုံး ပျောက်ကွယ်သွားရတယ်တဲ့ .. ဘယ်တော့မှ ပြန်မတွေ့ရတော့ဘူးလို့ ဒဏ္ဏာရီရှိတယ် .. ”
ကောင်းကင်ပစ်ချက်ကျောက်တုံးလေးက နောက်ဆုံးတော့ သူသိထားတာတွေကို ပြောပြလာသည်။
ရှီဟောင့်ရဲ့စိတ်က ရှုပ်ထွေးနေ၏။ ခွန်ပန်ရဲ့အသိုက်က ဂိတ်အလင်းရောင်ကို သူ ပြန်သတိရလိုက်မိသည်။ အကြီးအကဲသစ်သားက ကောင်းကင်နဲ့မြေကြီးကို ဆက်သွယ်ထားတဲ့အရာဖြစ်သည်။ အထဲတွင်ဘာများရှိနေလဲ။ ဘယ်နေရာကို ဆက်သွယ်ထားလဲဆိုတာကို ဘယ်သူမှ မသိနိုင်ကြပေ။
“ ရန်စတယ်ဆိုတာကတော့ ငါလုပ်နေကြကိစ္စပါပဲ .. ဒါပေမယ့် ဒီဂိတ်ပေါက်ကတော့…။ ဒါပေမယ့် ငါ ဒီတစ်ရာ့နဲ့ရှစ်ခုသောဂိတ်ပေါက်တွေကို လိုက်ပြီး ဝင်ကြည့်နေလို့ကတော့ မဖြစ်နိုင်ဘူးလေ .. ”
သူ ခပ်တိုးတိုးရေရွတ်နေဖြစ်သည်။
ထို့နောက် ထိုနေရာက ထွက်လာခဲ့လိုက်တော့၏။ သူ ဒီနေရာကို ဝင်သွားမယ့်အစား အခြားဂိတ်ပေါက်တွေကို လိုက်ဖွင့်ကြည့်ဖို့သာ ဆုံးဖြတ်လိုက်သည်။ နောက်ထပ် ဂိတ်ပေါက်တစ်ခုကို ဖွင့်လှစ်ပြီးတဲ့အချိန်တွင်တော့ သူက တာအိုဝူနဲ့ ပြင်းထန်တဲ့တိုက်ပွဲကို ဆင်နွှဲရလေတော့သည်။ တိုက်ပွဲက အလွန်အမင်း ခက်ခဲကြမ်းတမ်းကာ ဖော်ပြဖို့ပင် မတတ်နိုင်လောက်အောင် ပြင်းထန်ပေသည်။ သူ အနိုင်ရပြီးသည့်နောက် နောက်ထပ်ကျောက်တုံးတံခါးပေါက်တစ်ခုဆီသို့ သူ လိုက်ကြည့်ပြန်၏။
ထိုသို့ဖြင့် သူက တိုက်ပွဲခြောက်ခုလုံးကို ဆက်တိုက် တိုက်ခိုက်လိုက်သည်။ သူ့ရဲ့ခန္ဓာကိုယ်နဲ့ စိတ်ဝိဉာဉ်တွေက ခါချမတတ်ဖြစ်နေခဲ့ပြီး တွေ့ခဲ့သမျှ သတ္တဝါတွေအားလုံးကလည်း အလွန်အမင်းကြောက်မက်ဖွယ်ကောင်းနေခဲ့ပြန်သည်။ အားလုံးက သန့်စင်တဲ့သွေးမျိုးဆက် သတ္တဝါတွေ ဖြစ်ကြသည်။ သူတို့ မျိုးဆက်တိုင်းတွင် တစ်ဖက်သူကို အားအင်မဲ့လောက်အောင် တကယ့်အကျော်အမော်တွေ ဖြစ်ကြပေသည်။
သို့သော် လှေနက်လေးပေါ်ခဲ့တဲ့ တိုက်ပွဲစင်မြင့်နေရာမျိုးကိုတော့ သူမတွေ့ခဲ့ရပေ။ အခြားနေရာတွေ အားလုံးကတော့ ကျူးယန်လိုမျိုး အလားတူတဲ့နေရာတွေသာဖြစ်ကာ ထွင်းထုထားတဲ့ သတ္တဝါအလိုက် တိုက်ခိုက်ရသည်သာဖြစ်ပေသည်။ ထပ်ပေါင်းပြောရလျှင် အားလုံးက စိတ်အာရုံထွင်းထုခြင်းအဆင့်တွေသာဖြစ်ကြပေသည်။ ဒါတွေအားလုံးက သူ့အတွက် အလျှင်းသင့်သလို ပြင်ဆင်ပေးထားသလို ဖြစ်နေပါ၏။
“နတ်ဘုရားနဲ့ နတ်ဆိုးတွေရဲ့ ကြောက်မက်ဖွယ်အကောင်းဆုံးအပိုင်းက အဲ့ဒီနေရာပဲ ဖြစ်လောက်တယ် .. အထဲမှာ သတ္တဝါတွေအားလုံးရဲ့ စွမ်းအားတွေကို အလိုအလျောက် သိမ်းဆည်းထားပြီး ဝင်သမျှလူတွေအားလုံးကို အဆင့်တူအလိုက် တိုက်ခိုက်ဖို့ လုပ်ထားတာကတော့ တကယ်ထူးခြားတာပဲ .. ”
ကောင်းကင်ပစ်ချက်ကျောက်တုံးက ဆိုသည်။
ရှီဟောင်က ပြန်လည်မွေးဖွားခြင်းရေကန်ကို တစ်ချက်လှည့်ကြည့်လိုက်သည်။ ဟောင်လင်းအာက မနိုးထသေးတာကို သူတွေ့လိုက်ရ၏။ ထိုအခါ နတ်ဘုရားနဲ့ နတ်ဆိုးတို့ရဲ့ မြို့ရိုးဘက်သို့ သူပြန်လှည့်လိုက်တော့သည်။
“မင်း သေမှာ မကြောက်ဘူးမလား .. မင်းတိုက်ခိုက်တာကို အရမ်း ရူးသွပ်စွဲလမ်းနေပြီလား ..”
ကောင်းကင်ပစ်ချက်ကျောက်တုံးလေးက မှင်သက်စွာပြောတော့သည်။ ဒီနေရာကအမှန်တကယ်ကို အလွန်အမင်းကို အန္တရာယ်များတာ သေချာနေပါ၏။
“ဒါက အကောင်းဆုံးလေ့ကျင့်တာပဲလေ ..” ရှီဟောင်ကလည်း ဂရုမစိုက်သလို ထိုစကားကိုသာပြောသည်။
သူ ပြောတာလည်း မမှားပါပေ။ သူ့ရဲ့လက်ရှိအနေအထားအရ ပြိုင်ဘက်ကောင်းကို တွေ့ဖို့ဆိုတာက အလွန်ကို ရှားပါးသွားခဲ့ပေပြီ။ ထို့အပြင် ဒီနေရာက သူ့အတွက်တော့ ရတနာသိုက်လိုဖြစ်နေပါ၏။ အလွန်အမင်းအစွမ်းထက်တဲ့ရန်သူတွေနဲ့ လေ့ကျင့်တာက ခက်ခဲပင်ပန်းနာကျင်ရတယ်ဆိုပေမယ့် သူ့ကို ကြီးစွာသော တိုးတက်မှုတွေကို တစ်ပြိုင်တည်းဖြစ်စေနိုင်ပေသည်။
သူက ဒီလိုတိုက်ခိုက်မှုမျိုးကို အမြဲလိုလားတောင့်တခဲ့တာ မဟုတ်လား။ ဒီနည်းနဲ့ သူ့ကို ပိုထက်ရှအောင်သွေးနိုင်ဖြစ်ပေသည်။ ဉာဏ်အလင်းပွင့်မှုတွေကိုလည်း တိုက်ပွဲအတွင်း ရရှိနိုင်သေးပါ၏။
ရလဒ်အနေနဲ့တော့ရှီဟောင်က သူ့ကိုယ်သူ ဆက်လက်လေ့ကျင့်တယ်လို့ သဘောထားလေရင်း တိုက်ပွဲတွေကို တစ်ပွဲပြီးတစ်ပွဲတိုက်ခိုက်လေတော့သည်။ သူက အနည်းငယ်တောင်မှ နောက်မဆုတ်လေဘဲ တံခါးပေါက်တစ်ခုပြီးတစ်ခုကို တွန်းဖွင့်ကာ ဝင်ရောက်တိုက်ခိုက်နေလေတော့၏။ သူ့ရဲ့ကောင်းကင်တွင်းနက်ဆယ်ခုနဲ့ ခွန်ပန်ရဲ့အဖိုးတန်သိုင်းကို အပြည့်အဝ ထုတ်ဖော်သုံးစွဲကာ အခြားသူတွေ ကြောက်ရွံ့စေလောက်တဲ့ သိုင်းမျိုးတွေနဲ့ တိုက်ခိုက်လေတော့သည်။
သူက သူ့တွင်ရှိသည့်အဖိုးတန်သိုင်းတိုင်းကို ထုတ်ကာ ခက်ခဲပင်ပန်းစွာနဲ့ တိုက်ခိုက်နေလေ၏။ ထို့ကြောင့် ကြမ်းတမ်းခက်ခဲစွာ အသုံးချပြီးနောက်တွင်တော့ သူ့ရဲ့သိုင်းတွေက ပြီးပြည့်စုံတဲ့အဆင့်နားသို့ နီးသထက်နီးကပ်လာခဲ့သည်။ ထိုအချိန်အတောအတွင်းတွင် သူက အပြင်းအထန်ဒဏ်ရာရကာ သွေးပေါင်းများစွာလည်း ဆုံးရှုံးရသည်။ သို့ရာတွင် ရှီဟောင်က ဒေါသမထွက်ပေ။ အဲ့ဒီအစား ပျော်တောင်ပျော်နေသေး၏။ ဒဏ်ရာရတယ်ဆိုတာက အချိန်တန်ပြန်ကောင်းသွားမှာဖြစ်သည်။ သို့သော် ထိုကဲ့သို့သော ဉာဏ်အလင်းပွင့်မှုတွေကတော့ သူ့ကိုများစွာသော စွမ်းအားတို့ကို တိုးလာစေနိုင်သည်။ ပြီးပြည့်စုံတဲ့အဆင့်ကို ရောက်ရှိလာနိုင်လေရင်း နောက်လာမယ့်တိုက်ပွဲအတွက် သူ့ကိုစွမ်းအားကြီးလာနိုင်စေပေသည်။
ရှီဟောင်က တစ်လလုံးသတ်ဖြတ်နေခဲ့သည်။ သူက ကြောက်မက်ဖွယ်ကောင်းလွန်းတဲ့ အဆင့်ကိုတောင်မှ ကျော်လွန်သွားခဲ့ပြီး မျိုးစိတ်တိုင်းက သားရဲတိုင်းကို သတ်ဖြတ်နိုင်ခဲ့သည်။ ထို့နောက်ကောင်းကင်တွင်တောင်မှ အားလုံးကို သတ်ဖြတ်ပစ်ကာ ရုန့်ရင်းကြမ်းတမ်းတဲ့ သားသတ်သမားတစ်ယောက်လိုမျိုး ဖြစ်လာလေတော့သည်။
“သေစမ်း .. ဒီကောင်က ရူးနေပြီပဲ .. ”
တိုက်ပွဲတစ်ပွဲပြီးတစ်ပွဲတိုင်းကို အရူးလိုမျိုးတရစပ်တိုက်ခိုက်နေတဲ့ ရှီဟောင့်ကိုကြည့်ကာ ကောင်းကင်ပစ်ချက်ကျောက်တုံးလေးက မတုန်လှုပ်ဘဲမနေနိုင်တော့ပေ။ သွေးတွေနဲ့ စိုရွှဲနေတဲ့ရှီဟောင်ဟာ ပင်ပန်းပုံမရလေဘဲ ပျော်ရွှင်စွာနဲ့တိုက်ခိုက်နေတာက တကယ်ကို ရူးသွပ်နေတဲ့သူနဲ့တူနေပေသည်။
ထို့နောက် သူက ဒဏ်ရာအပြင်းအထန်ရသွားတဲ့အခါ ပြန်လည်မွေးဖွားခြင်းရေကန်သို့ ပြန်ပြီးဆေးကြောသည်။ ဒီလိုနဲ့တစ်လလုံးလည်ပတ်နေခဲ့၏။ သို့သော် သူ့ရဲ့ မျက်လုံးတွေကတော့တောက်ပနေခဲ့သည်။ တစ်နေ့ပြီးတစ်နေ့ဖြတ်သန်းလေရင်းအောင်မြင်မှုတိုင်း အောင်မြင်မှုတိုင်းကို ရရှိပြီးတဲ့နောက်မှာ သူက ပိုမိုအတွေ့အကြုံကြွယ်ဝလာခဲ့ကာ တကယ့်ကို သွေးပြီးသား ဓါးတစ်လက်လို ဖြစ်လာနေခဲ့ပေသည်။ သူ့ရဲ့ နားလည်သဘောပေါက်မှုတွေဟာလည်း တိုးတက်လာပြီး သင်္ကေတက ပမာဏများစွာ နက်ရှိုင်းသိပ်သည်းလာစေခဲ့သည်။ သူ့ရဲ့ ကိုယ်ပိုင်သိုင်းပညာကို ထွင်းထုတာကလည်း အမှန်တကယ်အလုပ်ဖြစ်လာလေ၏။
သူ့ရဲ့ ခန္ဓာကိုယ်ကလည်း သန်မာလာခဲ့သလို သူ့ရဲ့စိတ်ဓါတ်ကလည်း မာကြောလာလေတော့သည်။ ထိုကဲ့သို့သော အခွင့်အရေးကို အခြားဘယ်နေရာမှာမှ ရနိုင်မည်မဟုတ်ပါချေ။ သူ့အတွက် ဒီနေရာကတော တကယ့်ကို ရတနာသိုက်ဖြစ်နေ၏။
နန်းတော်ဟောခန်းရဲ့အပေါ်တွင်တော့ ဝေဝါးနေတဲ့ မြူထုက တွန့်ကွေးနေလေသည်။ ခပ်ဖျော့ဖျော့ ရွှေရောင်အလင်းတွေက တဖျတ်ဖျတ်လက်နေခဲ့လေ၏။ တစ်လလုံးလုံး ထိုနေရာက ထိုကဲ့သို့ဖြစ်နေခဲ့သည်။ အပြင်လောကတွင်တော့တစ်ရက်သာ ကုန်ဆုံးခဲ့သေးသည်။
ရှီဟောင်က သူ့ရဲ့ကျင့်ကြံခြင်းတွင်သာ နစ်မြုပ်နေခဲ့သည်။ သူက အနက်ရောင်တိုက်ပွဲစင်မြင့်ပေါ်တွင် ထိုင်နေခဲ့ကာ အတိတ်နေ့ရက်တွေအကြောင်းကို ပြန်တွေးနေလေ၏။ သူ့ရဲ့ခန္ဓာကိုယ်က ဒဏ်ရာသက်သာသွားပြီးတာနဲ့ ဖြေးညှင်းစွာထရပ်လိုက်သည်။ သူ့ရဲ့ ခန္ဓာကိုယ်အခြေအနေက အရင်နဲ့ လုံးဝ မတူညီတော့ပါပေ။ သူက ကောင်းကင်ဓါးတစ်ချောင်းလို ဖြစ်နေခဲ့လေသည်။ ယခင်ကတော့ အညစ်အကြေးတွေ ဖုံးလွှမ်းနေပေမယ့် အခုအချိန်မှာတော့ သွေးလို့ပြီးသွားခဲ့ကာ ရှင်းသန့်တောက်ပြောင်ဝင်းလက်နေပေတော့သည်။
သူသာ တိုက်ခိုက်မယ်ဆိုရင် ပြင်းထန်လွန်းကာ စွမ်းအားကြီးမားလွန်းလှတဲ့အရှိန်အဝါက အလိုအလျောက်ထွက်ပေါ်လာမည်ဖြစ်၏။
သူ တိုက်ခိုက်ခဲ့သည့်အတွင်းတွင် သူ့ထက်စွမ်းအားကြီးကာ အဆင့်မြင့်တဲ့သူတွေလည်း ပါခဲ့သည်။ သို့သော် ထိုသူတွေအားလုံးကို သူက သွေးနဲ့ချွေးတို့ရောကာ ပြင်းထန်စွာတိုက်ခိုက်ခဲ့ရပြီးမှ အနိုင်ရနိုင်ခဲ့သည်။ ရှီဟောင် ပြန်လည်မွေးဖွားခြင်းရေကန်ကို ပြန်လာလိုက်ကာ ရက်အနည်းငယ် ပြန်စောင့်ဆိုင်းလိုက်သည်။ နောက်ဆုံးတော့ အလင်းတွေ တဖျတ်ဖျတ်လက်ကာ သွေးနီရောင် အလင်းတန်းတွေဖြာကျလာလေရင်း အက်ကွဲသံတွေကို ကြားလာရသည်။
ဟုန်း။
ပိုးမျှင်အိမ်က အက်ကွဲသွားကာ မွှေးပျံ့တဲ့ရနံ့တွေနဲ့ မီးတောက်တွေက လိမ့်တက်လာရင်း ထိုနေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။ ကောင်းကင်ပစ်ချက်ကျောက်တုံးလေးက မှင်သက်သွားခဲ့ပြီး တုန်တုန်ယင်ယင်နဲ့နောက်ဆုတ်လေတော့သည်။
ရှီဟောင်က ထိုနေရာတွင်သာ မလှုပ်မယှက်ရပ်နေခဲ့လိုက်သည်။
တာအိုအသံက ထိုပိုးအိမ်ထဲမှ ထွက်ပေါ်လာခဲ့သည်။ လှပတဲ့ ဆံပင်ကွေးလေးတွေနဲ့ ပြစ်မျိုးမှဲ့မထင် လှပတဲ့ခန္ဓာကိုယ်လေးက ထွက်ပေါ်လာခဲ့သည်။ ထို့နောက်ဆောင်းရာသီရဲ့ ရေနွေးငွေ့တွေလိုမျိုး နူးညံ့ယစ်မူးဖွယ်မျက်လုံးတစ်စုံကလည်း ထွက်ပေါ်လာခဲ့ပြန်သည်။ ထိုသူကတော့အလွန်အမင်းလှပလွန်းလှသည့် ဟောင်လင်းအာဖြစ်ပေ၏။
ဟောင်လင်းအာ ပြန်လည်မွေးဖွားလာခဲ့သည်။
သူမက ဆင့်ကဲပြောင်းလဲမှုတွေကို ကြုံဆုံပြီးသွားခဲ့၏။ အသက်တစ်ခုရသွားသလိုမျိုး သူမရဲ့သေမျိုးခန္ဓာကိုယ်က အသစ်တစ်ဖန်ပြန်လည်မွေးဖွားသယောင်ဖြစ်လာခဲ့ပေသည်။ အလှအပကလည်း အလွန်အမင်း စိတ်လှုပ်ရှားဖွယ်ကောင်းလောက်အောင် လှပသွားခဲ့ပါပြီ။ နှင်းလိုဖြူဖွေးတဲ့ ခန္ဓာကိုယ်က တောက်ပနေခဲ့ပြီး မီးတောက်တွေ ဝေ့ဝဲနေပုံက အမှန်တကယ်ကိုပင် နတ်ဘုရားမအလား ထင်ရပေတော့သည်။
ထို့အပြင် သူမရဲ့နောက်ဘက်တွင် အလင်းရောင်တွေလက်နေတဲ့ သွေးနီရောင်တောင်ပံတစ်စုံရှိနေခဲ့သေးသည်။ တောင်ပံတွေကို တဖျပ်ဖျပ်ခတ်တဲ့အခါ ရောင်စုံအလင်းတွေ ထွက်သည်။ စိတ်ဝိဉာဉ်တောင်မှ ကခုန်ဖွယ်၊ ယစ်မူးဖွယ်ကောင်းပေ၏။ ထိုအရာက သွေးနီရောင်နတ်ငှက်ရဲ့အတောင်ပံ ပါပဲ။
“ မင်း အနောက်ဘက်ကို မမြင်ရဘူးမလား .. ငါမင်းကို ကြည့်လို့ရအောင်လုပ်ပေးရမလား .. ”
ရှီဟောင်က ထိုသို့ပြောလိုက်သည်။
“ဟမ့် .. ” ဟောင်လင်းအာက နှုတ်ခမ်းကိုက်လိုက်သည်။ သူမက သူ့ကို လှည့်ကိုပင်မကြည့်ဘဲ။
“ယိ .. မင်း ငါ့ကို အထင်တသေးကြည့်နေမယ့်အစား ကိုယ့်ကိုယ်ကို လုံလုံခြုံခြုံဖြစ်အောင် ဝတ်သင့်တယ်လို့ ထင်တယ်နော် .. တကယ်လို့ စိတ်ဆိုးနေတယ်ဆိုရင်လည်း အရင်ဆုံးအထင်တသေး ကြည့်နေမယ့်အစား အပြစ်သာ ပေးလိုက်ပါတော့လား .. ”
ရှီဟောင်က ရယ်ရင်နောက်လိုက်၏။
“ငါနင့်ကို လစ်လျူရှုထားမှာ .. ” ဟောင်လင်းအာက ထိုသို့ပြောလိုက်ပြန်ကာ အဝေးကို လျှောက်သွားသည်။ သို့ရာတွင် သူမက အံကြိတ်ထားသေးကာ တကယ်ကိုပဲ ရှီဟောင့်ကို ရိုက်နှက်ချင်နေပုံပေါ်နေလေ၏။