သုခကမ္ဘာက ရှီဟောင် - Chapter - 621 နယ်မြေများနှင့်ပတ်သက်သော အမှန်တရား
ရှီဟောင်ရဲ့ မျက်လုံးများက စူးရှလာခဲ့၏။ သူဟာ အနီရောင် သစ်သားစားပွဲပေါ်တွင်ထိုင်ကာ သူမကို တိတ်ဆိတ်စွာ ကြည့်နေလေသည်။ တိကျစွာပင် သူမဆီကနေ မည်သည့်လျှို့ဝှက်အချက်အလက်များကို ဖော်ထုတ်နိုင်မည်နည်း။
နတ်မိမယ် ယွီချန်ရဲ့ ဖြူ ဖွေးသန့်စင်လှတဲ့ မျက်နှာလေးကတော့ ဖော်ပြခြင်းငှာ မစွမ်းသာအောင် ကျက်သရေရှိလို့နေသည်။ သူမဟာ သူမ၏ ဆံပင်များကို သပ်တင်လိုက်ပြီး ပြောလိုက်၏။
” နင် အာ့ဒါကို ကြားရင် အရမ်းကို အံ့အားသင့်သွားရလ်ိမ့်မယ် .. ”
” ငါ အာ့ဒီလို အဖြစ်အပျက်မျိုးကို ကြုံခဲ့ရပြီးပြီလေ .. ပြောမဲ့သာ ပြောပါ .. ”
ရှီဟောင်က တုံ့ပြန်လိုက်၏။
” ကန္တာရဒေသက နယ်နှင်ဒဏ် ပေးခံထားရတဲ့ နေရာတစ်ခုဆိုတာကို နင် ကြားဖူးတယ်မလား .. ဒါက ရေခဲတောင်နယ်မြေရဲ့ အစပိုင်းလေးပဲ ရှိသေးတာ .. ”
နတ်သမီး ယွီချန်က ငြင်သာစွာ ပြောလိုက်သည်။ သူမ၏ အကြည့်များက အခန်းတွင်းမှ တဆင့် ပြတင်းပေါက်ကို ကျော်ဖြတ်ကာ အပြင်ဘက်မှ အတားအဆီးများကို ထိုးဖောက်မြင်နေသလိုပါပင်။ သူမ၏ စကားသံများကလည်း ဖြေးဖြေးခြင်း တိမ်၀င်လာခဲ့သည်။
” ဆက်ပြောပါ .. ”
ရှီဟောင်က သူမ၏ အပြုအမူများကို လျစ်လျူ ရှုထားလိုက်လေသည်။
” နယ်မြေကြီး ရှစ်ခုဆိုတာ ကမ္ဘာကြီးနဲ့ တန်းတူပဲလို့ နင် ထင်နေတာလား .. ”
နတ်သမီး ယွီချန်က သူ့ဘက်သို့ လှည့်လာပြီး မေးလိုက်၏။
” အဲ့ဒီလို မဟုတ်ဘူးလား .. ” ရှီဟောင်က ပြန်မေးလိုက်သည်။
ယွီချန်က အေးဆေးငြိမ်သက်စွာပင် ခေါင်းခါပြသည်။
” ကောင်းကင် . မြေကြီး . လျှို့ဝှက်နက်နဲမှု . ဟင်းလင်းပြင် . အာကာသ . ပြင်ပ . သမုဒ္ဒရာနဲ့ ပျက်သုန်းခြင်းနယ်မြေတွေကို ထောင်ကမ္ဘာရှစ်ခုလို့ ငါ ပြောရင် နင် ယုံမှာလား .. ”
ရှီဟောင်က တိတ်ဆိတ်ငြိမ်သက်စွာပင် ထိုင်နေ၏။
သို့သော် သူ၏ မျက်လုံးများမှ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ အလင်းတန်းများက အခန်းတစ်ခုလုံးကို လင်းထိန်သွားစေသည်။ အဆိုပါ သတင်းအချက်အလက်များက အလွန်အံ့အားသင့်စရာကောင်းပြီး လက်ခံနိုင်ရန် ခက်ခဲပေသည်။
” နင် .. ဒါကို လက်မခံနိုင်ဘူးမလား .. ဒါပေမဲ့ ဒါက အမှန်တရားပဲ .. ”
နတ်သမီး ယွီချန်က ညင်သာစွာပင် ပြောလိုက်သည်။ ထို့နောက် သူမဟာ ဝိုင်ကို ဖြည်းငြင်းစွာ သောက်လိုက်ပြီး စားပွဲပေါ် ချလိုက်လေသည်။
ရှီဟောင် တိတ်ဆိတ်သွားသည်။ ထိုသတင်းအချက်အလက်များသည် အမှန်တကယ် ထိတ်လန့်စရာကောင်းနေသည်။ ထိုဟာက အစစ်အမှန်ပဲလား။ သူ၏ စိတ်ခံစားမှုများက အမျိုးမျိုးပြောင်းလဲနေပြီး ဖြစ်ပျက်နေသည်များအား မယုံနိုင်လောက်အောင် ဖြစ်နေသည်။
နယ်မြေတွေဟာ မည်မျှပင် ကျယ်ပြောစေကာမူ နယ်နိမိတ်များ တူညီမှုမရှိပဲ အစစ်အမှန်အားဖြင့် အကျဉ်းထောင် ရှစ်ခုသာ ရှိနေခြင်းဖြစ်သည်။ ထိုသို့သော အဖြစ်အပျက်ကို အဘယ်သူက ပြုလုပ်ခဲ့လေသနည်း။ ထိုကဲ့သို့သော အရာ၏ အတိုင်းအဆသည် အလွန်ပင် ကြီးမားလွန်းလှသည်။ ထိုအချိန်အတွင်း ရှီဟောင်က များစွာသော အရာများကို စဉ်းစားမိသွားလေသည်။ သူ၏ စိတ်ထဲတွင် အချက်အလက်အားလုံးပေါ်လာပြီး ထိုအရာအားလုံးကို ယုံကြည်ဖို့ အခက်တွေ့နေလေသည်။
” လက်ခံဖို့ ခက်ခဲနေတာလား .. ”
နတ်သမီး ယွီချန်က သူ ဘာမှ ပြန်မပြောတာကို မြင်ပြီး မေးလိုက်သည်။ ထို့နောက် သူမက ဆက်ပြော၏။
” ငါတို့ရဲ့ ကြီးမားကျယ်ပြန့်လွန်းတဲ့ နယ်မြေက ကမ္ဘာကြီးဖြစ်တယ်ဆိုပေမဲ့ သူတို့က ထောင်ကမ္ဘာရှစ်ခုပဲ .. ဒါက သံသယဖြစ်စရာ မလိုလောက်အောင်ကို သေချာတယ် .. ”
ရှီဟောင်က ဘာမှ ပြန်ပြောမနေတော့ပဲသူ့ဘာသာ စဉ်းစားခန်းဝင်နေလိုက်၏။ သူသည် စုန်းမနဲ့ တွေ့ဆုံစဉ်အခါတုန်းကလည်း လျှို့ဝှက်ချက်အနည်းငယ်ကို ကြားခဲ့ရသည်။ သို့သော် ထိုအကြောင်းအရာများက အပြည့်အစုံဖြစ်ရန် ဝေးကွာနေခဲ့သည်။
ရှီဟောင်က ခဏမျှ စဉ်းစားပြီးနောက် အလွန်တုန်လှုပ်သွားသော်လည်း သူက ထိုစကားလုံးများကို အတော်အတန် ယုံကြည်လာခဲ့လေသည်။ နတ်သမီး ယွီချန်၏ စကားများသည် အပျက်သဘောဆောင်သည့် ရည်ရွယ်ချက်ရှိသော်လည်း သူ့ကို လှည့်စားဖို့ အကြောင်းပြချက် မရှိပေ။
” မယုံသေးဘူးလား .. “နတ်သမီး ယွီချန်က မေးသည်။
ရှီဟောင်က ဘာမှ မပြောပဲ သူမကိုသာ ကြည့်နေလိုက်၏။ သူ့ရဲ့အကြည့်တွေကတော့ ခြိမ်းခြောက်မှုများ အနည်းအကျဉ်း ပါဝင်နေသည်။ လေထဲတွင် သင်္ကေတများပေါ်ထွက်လာပြီး အသံမြည်လာကြ၏။ ထိုဟာက အချိန်မရွေး ဖိနှိပ်လိုက်ဖို့အတွက် အဆင်သင့်ဖြစ်နေပြီး ရှီဟောင်၏ စိတ်ဝိညာဉ်အတွင်းမှ စွမ်းအားတစ်မျိုး ဖြစ်လေသည်။
” ဒီအကြောင်းကို ပထမဆုံးကြားရတဲ့ ဘယ်သူမဆို လက်ခံနိုင်ဖို့ အတော်လေးကို ခက်ခဲကြပါလိမ့်မယ် .. ဒါပေမဲ့ အခုအချိန်မှာ ငါတို့ ပြန်လည်ပြီး တွန်းလှန်မယ်ဆိုရင် ဖြစ်ဖြစ်မြောက်မြောက်တိုက်ခိုက်နိုင်လိ့မ်မယ်လို့ ထင်လား .. ” နတ်သမီ းယွီချန်က ဖျော့တော့စွာ ပြုံးလိုက်ပြီး အလွန်အမင်း တည်ငြိမ်နေသည်။
” ဒါဆိုရင် ဒါက ထောင်ကမ္ဘာ ရှစ်ခုပေါ့ .. ဘယ်လိုကြီးလဲ .. ငါ့ကို ဒီမှာပဲ မွေးဖွားလာခဲ့တာလေ .. ဒါ့ကြောင့် ငါ့ကို ဘယ်သူတွေက အတင်းခေါ်သွားလို့ ရမလဲ … ”
ရှီဟောင်ရဲ့ စကားသံတွေထဲမှာ သတ်ဖြတ်လိုတဲ့ စိတ်ဆန္ဒတစ်ခု ပါဝင်လို့နေသည်။
” ထောင်ကမ္ဘာ ရှစ်ခုက အရွယ်အစားပေါ် မူတည်ပြီး ကောင်းကင်နဲ့ မြေကြီးက ကြီးမားကျယ်ပြန့်ကြတယ် .. အဲဒီတော့ ဘယ်လောက်တောင် ကြီးမားနေမလဲဆိုတာ နင့့်ဘာသာ မြင်ယောင်ကြည့်လိုက်တော့ .. နင့်ရဲ့ ဘဝကို လှောင်အိမ်ထဲ ထည့်ထားချင်စိတ် ရှိသေးရဲ့လား .. ” နတ်သမီး ယွီချန်းက မေးလိုက်သည်။
အကယ်၍ သာမန်လူတစ် ဦး သည်ဤကဲ့သို့သောသတင်းအချက်အလက်မျိုးကိုကြားလျှင် ၎င်းတို့သည် ချက်ချင်းပင် စိတ်ပျက်အားလျော့သွားလိမ့်မည်။ မဟာနယ်မြေကြီး ရှစ်ခုကဲ့သို့သော အတိုင်းအဆမဲ့ ကျယ်ပြောလှသည့် နယ်နိမိတ်ချင်း ထိစပ်နေသောကြောင့် ကျင့်ကြံသူ သူရဲကောင်းအများစုသည် မိမိတို့နှင့် နီးကပ်နေသည့် နယ်မြေသို့ပင် ခရီးမသွားနိုင်ကြချေ။ သို့သော် လက်ရှိမှာတော့ နတ်သမီး ယွီချန်က သူ့အား အကျဉ်းထောင် ရှစ်ခုဟုသာ ပြောလေသည်။
ထို့ကဲ့သို့သော ဟာသမျိုးသည် အမှန်တကယ်ကိုပင် အလွန်အမင်း ကြီးမား၏။ ဒါက ရူးသွပ်သွားမတတ် ဒေါသထွက်ဖို့ လုံလောက်နေပြီ ဖြစ်သည်။
အဆင့်လွန် ကျွမ်းကျင်ပညာရှင်များပင် ထိုအကြောင်းအရာကို ကြားလျှင် ဒေါသထွက်ပြီး ကောင်းကင်ကိုပင် ဟိန်းဟောက်ကြပေလိမ့်မည်။ အဆိုပါ ရည်ရွယ်ချက်က မည်သို့နည်း။ နယ်မြေကြီး ရှစ်ခုအတွင်းရှိ သားစဉ်မြေးဆက်များသည် မွေးဖွားလာစဉ်တည်းက အကျဉ်းသားများ ဖြစ်နေမည်ဟု မည်သူက သိနိုင်မည်နည်း။
နယ်မြေကြီး ရှစ်ခုတွင် မွေးဖွားလာသည်နှင့် အကျဉ်းသားအဖြစ် တံဆိပ်တပ်ခံရပြီးသား ဖြစ်လေသည်။ မည်သို့မှ လွတ်လပ်ခွင့် မရှိတော့ချေ။ ၄င်းတို့အားလုံးသည် အပြစ်သားများမှ ဆင်းသက်လာကြသော အကျဉ်းသားများသာ ဖြစ်ကြလေသည်။ ထိုအရာက အလွယ်တကူ ခွဲထုတ်နိုင်ခွင့် မရှိသော ကံကြမ္မာသာ ဖြစ်၏။
” ခင်ဗျား ပြောတာကို အခြေခံပြီး ပြောရရင် ခင်ဗျားလည်း ထောင်ကမ္ဘာထဲမှာ မွေးဖွားလာတာကြောင့် အကျဉ်းသားပဲ ဖြစ်သင့်တယ်လေ .. ”
ရှီဟောင်က စကားပြောနေစဉ်အချိန်မှာပဲ နတ်သမီး ယွီချန်ကို စူးစိုက်ကြည့်နေလေသည်။ ထို့နောက် သူ၏ စကားများသည် ပိုမိုပြင်းထန်လာကာ အော်ဟစ်လိုက်၏။
” နယ်မြေကြီး ရှစ်ခုထဲမှာ ခင်ဗျားက မွေးဖွားလာတာတောင် ခင်ဗျားရဲ့ ဘဝကို ပိုပြီးအဆင့်မြင့်လာစေဖို့ ကူညီပေးစေချင်နေသေးတယ် .. ခင်ဗျားက သစ္စာဖောက်ပဲဗျ .. ”
” မောင်လေး ရှီ … နင်က ငါ့ကို တပ်အပ်ကို ခေါင်းစဉ်တပ်ပြီး စွပ်စွဲနေတော့တာပဲ .. ငါ့ကို အဲ့ဒီလိုတော့ မစွပ်စွဲသင့်ဘူး .. ”
နတ်သမီး ယွီချန်က ခေါင်းခါလိုက်သည်။ သူမသည် ဒေါသထွက်ခြင်း အလျဉ်းမရှိပဲ ထိုအစား သူမ၏ မျက်နှာပေါ်တွင် အပြုံးများ ဖြစ်ပေါ်လာသည်။
” ဒီ ထောင်ကမ္ဘာထဲမှာ မွေးဖွားလာတဲ့သူတိုင်းက သူတို့ရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ရယူပိုင်ခွင့် ရှိတယ် .. နင် ဒီ အကျဉ်းထောင် ကမ္ဘာကနေ လွတ်မြောက်ချင်စိတ် ရှိလား .. နတ်သမီး ယွီချန်က မေးသည်။
ဒါက .. ခင်ဗျား ပြောချင်တာက အဆင့်မြင့် ကမ္ဘာကို မှီခိုနိုင်တယ်လား .. ” ရှီဟောင်က အေးအေးဆေးဆေး မေးလိုက်သည်။
” အပြစ်သားလို့ ခေါ်တဲ့ သူတွေအားလုံးက ကြီးလေးတဲ့ ပြစ်မှုကြီးတွေကို ကျူးလွန်ခဲ့ကြတာ .. အကျဉ်းသားတွေအားလုံးက မယုံနိုင်လောက်အောင် ဆိုးသွမ်းကြတဲ့ မကောင်းဆိုးရွားတွေချည်းပဲ .. အဲ့ဒီ အဆင့်မြင့် ကမ္ဘာက အရှင်သခင်က သူ့ရဲ့ တာအိုစည်းတွေကို အဆင့်နိမ့် နယ်မြေတွေက သူတွေ နောင်တရပြီး ချိုးဖျက်နိုင်တယ်လို့ အမိန့်ထုတ်ပြန်ထားတယ် .. ဒါက ဘာတွေများ မှားလို့လဲ .. လူတစ်ယောက်က သူ့ရဲ့ ဘဝတစ်လျှောက်လုံး အပြစ်တွေကို သယ်ဆောင်ထားပြီး ဒီလိုနေရာမျိုးမှာ ဘယ်လိုလုပ်ပြီး ပိတ်မိခံနိုင်မှာလဲ .. ” နတ်သမီး ယွီချန်က ပြန်လည် ဖြေကြားလိုက်သည်။
” ငါ့မှာ အပြစ်ရှိတာလား .. ခင်ဗျားပြောတဲ့ ထောင်ကမ္ဘာ ရှစ်ခုက အစစ်အမှန် ဖြစ်တယ်ဆိုရင်တောင် ကျုပ်တို့ရဲ့ ဘိုးဘေးတွေက အမှားတွေ ကျူးလွန်ခဲ့ကြတာလေ .. ဒါ့အပြင် ကျုပ်တို့ကိုတောင် အမှန်တရားကို အချိန်အကြာကြီးတည်းက ဖုံးကွယ်ထားတဲ့ အမှားမျိုးကို လုပ်ခဲ့ကြတယ် .. အဲ့ဒီ အရာတွေအားလုံးက ငါတို့နဲ့ လုံးဝမပတ်သက်ဘူး .. အပြစ်ကျူးလွန်ခဲ့တဲ့ မျိုးဆက်တွေက တစ်ဆက်ပြီးတစ်ဆက် ကူးပြောင်းသွားတာတောင် အပြစ်သားတွေအဖြစ် သတ်မှတ်ခံထားရတုန်းလား .. ”
ရှီဟောင်က ထိုစကားများကို ပြောနေချိန်မှာပဲ သူ၏ မျက်နှာက မဲမှောင်လာခဲ့သည်။ သူက သူ့ရဲ့ ဒေါသများကို ထိန်းချုပ်နိုင်ဖို့အတွက် အတော်လေးကို ခက်ခဲလို့နေသည်။
သူ မွေးဖွားလာခဲ့သော နယ်မြေသည် အမှန်ပင် အပြစ်ကျူးလွန်ခဲ့သော နယ်မြေဖြစ်နေခဲ့သည်။ သူတို့က နာမည်ဆိုးနဲ့ ကျော်ကြားသော အပြစ်သားတို့၏ သားစဉ်မြေးဆက်များအဖြစ် လူသိများပေတော့မည်။ ထိုအရာက ဘယ်လို နိယာမများနည်း ..။
သူက ကောင်းကင်ကို ဖြတ်သန်းပြီး အဆင့်မြင့်ဘုံသို့ ထိုးဖောက်ဝင်ရောက်ကာ အရာအားလုံးကို ပြောင်းပြန်လှန်လိုချင်စိတ်များ ဖြစ်ပေါ်လာသည်။
သဘာဝကျကျ ပြောရရင် သူက နတ်သမီး ယွီချန်ရဲ့ စကားတွေကို အလုံးစုံ အတည်မယူသေးပါဘူး။
ဘာ အကျဉ်းသားလဲ ..။ ဒါတွေအားလုံးက အလကားပဲလေ ..။ တောခြုံ အုံကြားဒေသမှာ ကြီးပြင်းလာပေမဲ့ ကြီးမြတ်တဲ့ အဆင့်ကို တက်လှမ်းတာက ရှက်စရာမှ မဟုတ်တာ။
မောင်လေး ရှီ .. နင် ဘယ်လောက် ဒေါသထွက်နေပြီး စိတ်တွေ မတည်မငြိမ် ဖြစ်နေမလဲဆိုတာကို ငါ မြင်နိုင်ပါတယ် .. ဘာပဲဖြစ်ဖြစ် နင် ကောင်းကောင်းနားထောင်မပေးနိင်တာကို ငါ နားလည်ပါတယ် ..
နတ်သမီး ယွီချန်က ပေါ့ပေါ့တန်တန်ပဲ သက်ပြင်းချလိုက်၏။ သူမ၏ တောက်ပနေသော ခန္ဓာကိုယ်က မွေးပျံံ့သော ရနံ့ကို ဖြစ်ပေါ်စေလေသည်။ သူမက အနည်းအငယ် စိတ်ပျက်လက်ပျက် ဖြစ်နေသော အသံဖြင့် ပြောလိုက်သည်။
နင် ဒေါသထွက်နေရတဲ့ အချက်က ဘာများလဲ .. နင် ဒီနေရာက ထွက်သွားလို့ ရတာနဲ့ တစ်ပြိုင်နက် လွတ်လပ်သွားပြီလေ .. အရာအားလုံးကို လေ့လာခြင်းက ပိုပြီး ကောင်းပါတယ် .. ဒီနေရာကို စွန့်ခွာတော့မဲ့ လူတစ်ယောက်အနေနဲ့တော့ မဟာစွမ်းအားရှိဖို့တော့ လိုတာပေါ့ ..
ပါးစပ် ပိတ်ထားစမ်း .. ရှီဟောင်က အသံရှည်ကြီးနဲ့ အော်ဟစ်လိုက်ချိန်မှာ သူတို့ရဲ့ ပတ်ဝန်းကျင်က အလင်းတန်းများဟာ ယာယီပြိုကွဲသွားလေသည်။ ထို စွမ်းအား အရှိအဝါများက နတ်သမီး ယွီချန်ကို ဝိုင်းရံသွားပြီး သူမကို ဖိနှိပ့်ဖို့ ကြိုးစားနေချိန်မှာပင် ရောင်စုံအလင်းများဖြင့် ပြည့်နှက်နေသော တိမ်တိုက်များကဲ့သို့ ဖြစ်ပေါ်လာသည်။
နတ်သမီး ယွီချန်က အ့ံ့အားသင့်ခြင်း မရှိခဲ့ချေ။ သူမ၏ ကျောက်စိမ်းဖြူရောင် ခန္ဓာကိုယ်က အလင်းရောင်များဖြင့် တောက်ပနေလေသည်။ ထို့နောက် သူမ၏ ခန္ဓာကိုယ်မှ စွမ်းအားလှိုင်းတစ်ချို့ ဖြာထွက်သွားခဲ့ပြီး ရှီဟောင် ထုတ်လွတ်လိုက်သည့် အလင်းတန်းများကို ပိတ်ဆို့လိုက်လေသည်။
ဟုန်း .. ။
ရှီဟောင်၏ ခန္ဓာကိုယ်မှ ကောင်းကင်တွင်းနက် ဆယ်ခု ထွက်ပေါ်လာလေသည်။ သူတို့က ပတ်ဝန်းကျင်တစ်ခုလုံးကို အေးစက်သည့် အော်ရာများ ပြည့်နှက်သွားစေ၏။
ယွီချန်က ပြောလိုက်သည်။
” ငါလည်း တာအိုရဲ့ အသီးအပွင့်တွေကို ပိုင်ဆိုင်ထားပါသေးတယ် .. နင် ငါ့ကို ဒီလိုမျိုး လုပ်လိုက်ရင်လည်း ရွေးချယ်စရာ အများကြီးရှိမှာတော့ မဟုတ်ဘူးလေ .. ငါတို့တွေ တကယ်တမ်း တိုက်ခိုက်ကြမယ်ဆိုရင်တောင် ဘယ်သူ နိုင်မယ် ဘယ်သူ ရှုံးမယ်ဆိုတာကို ဆုံးဖြတ်ဖို့ ခက်ခဲလိမ့်မယ် .. ဒီလိုမျိုး ကတောက်ကဆတ် ဖြစ်စရာအကြောင်းမှ မရှိတာ .. ”
” နယ်မြေကြီး ရှစ်ခုမှာ မွေးဖွားလာလို့ မင်းကိုယ်မင်း အပြစ်သားတွေရဲ့ သားစဉ်မျိုးဆက်တစ်ယောက်ဖြစ်တယ်ဆိုတာကို ယုံလား .. အထက်ဘုံကို မှီခိုပြီး နိပ့်ကျတဲ့ နယ်မြေက အရာတွေကို ကိုင်တွယ်ဖြေရှင်းလိုက်တာနဲ့ မင်းတစ်ခုခုကို ပြီးမြောက်အောင်မြင်အောင် လုပ်သွားနိုင်မယ်လို့ ခံစားရလား .. ”
ရှီဟောင်က အေးစက်စွာ ပြောလိုက်၏။
” သားစဉ်မြေးဆက်တွေက အပြစ်သားဘိုးဘေးတွေကြောင့် အပြစ်သားတွေပဲ ဖြစ်ကြရတယ်လို့ ငါ တစ်ခါမှ မပြောမိဘူးလေ .. အဲ့ဒါက အဲ့ဒီအချိန်တုန်းက ဆုံးဖြတ်ခဲ့ကြတာပဲ .. ငါကတော့ ကိုယ်အတွက်ကိုယ်ပဲ စဉ်းစားပြီး နင့်ကို ဒီအကျဉ်းထောင်နယ်မြေထဲကနေ လွတ်မြောက်ရုန်းထွက်သွားဖို့ အခွင့်အရေးရှာစေချင်တယ် .. ”
နတ်သမီး ယွီချန်က သက်ပြင်းချပြီး ပြောလိုက်သည်။ ထို့နောက် သူမက ရှက်ကြောက်ခြင်း ကင်းမဲ့စွာပင် အတော်လေးကို အေးဆေးတည်ငြိမ်နေလေသည်။
” နောက်ပြီး ငါက နယ်မြေကြီး ရှစ်ခုမှာ မွေးဖွားကြီးပြင်းလာခဲ့တာ မဟုတ်ဘူး .. ဒါ့ကြောင့် ငါက နောက်ဆုံးမှာ အဆင့်မြင့် ဘုံကို ပြန်သွားရမှာ .. ”
သူမ၏ စကားကြောင့် ရှီဟောင်ရဲ့ မျက်လုံးများက အေးခဲသွားပြီး တုန်လှုပ်သွားရလေသည်။
နတ်သမီး ယွီချန်းက အဆင့်မြင့် ဘုံမှ တစ်စုံတစ်ယောက် ဖြစ်နေသလော ..။ ထိုအရာက သူ မကြားဘူးသေးသောအရာများမှ ပထမဆုံးအကြိမ်ဖြစ်လေသည်။ ထို့ကြောင့် သူက ဒီလောကနဲ့ ပတ်သက်ခြင်း မရှိသော တည်ရှိမှုတစ်ခုနှင့် စကားပြောနေရခြင်း ဖြစ်ကြောင်း ပထမဆုံးအကြိမ် နားလည်သဘောပေါက်သွားလေသည်။
သူ၏ မျက်လုံးမှ ရွှေရောင်အပိုင်းအစများကဲ့သို့ အလင်းရောင်များက လေထဲတွင် ပြန့်လွှင့်လာခဲ့သည်။ သူက အရာရာတိုင်းကို ထိုးဖောက်ကြည့်ရှုနိုင်သကဲ့သို့ သူ၏ ရှေ့မှောက်မှ အမျိုးသမီးကို အသေအချာ အကဲဖြတ်နေသည်။
အချို့သော အရာများက နားလည်ရန် ပိုမိုလွယ်ကူလာပုံ ရ၏။ နတ်နန်းကလန် . အင်မော်တယ် ထာဝရ တောင် နှင့် အခြားသော အရာအားလုံးက ထိုကဲ့သို့ ဖြစ်တည်မှုများ ဖြစ်နေမည်လား ..။
ရှီဟောင်က ဖြစ်နိုင်ချေရှိတဲ့ အရာတွေကို စဉ်းစားမိလိုက်ပြီး စိတ်ထဲမှာ အလွန်တုန်လှုပ်သွားခဲ့သည်။ နယ်မြေဒေသကြီး ရှစ်ခုတွင် ကျင့်ကြံသူများ ချဲ့ထွင်နေထိုင်ကြသည့် နောက်ကွယ်က အကြောင်းပြချက်က ဘာများလဲ ..။ သူတို့တွေ ဘာတွေများ စီစဉ်ထားခဲ့ကြသနည်း။ ထို့ထက် ပိုမိုသော အကြောင်းချင်းရာများ ရှိခဲ့လေသလော ..။
” နင် တစ်ချို့အရာတွေကိုတော့ မှန်းဆမိပြီလို့ ငါထင်တယ် .. တစ်ချို့သော တာအိုနိယာမတွေက အရမ်းကို မြင့်မားတဲ့အဆင့်အတန်းတစ်ခုကို ပိုင်ဆိုင်ထားကြတယ် .. ဒါ့ကြောင့်လည်း သူတို့တွေကို ပိုင်ဆိုင်ထားတဲ့ သူတွေက အပြစ်သားတွေ မဟုတ်ကြတော့ဘူး .. ”
နတ်သမီး ယွီချန်က ပြောလိုက်သည်။
” တာအိုနိယာမ တစ်ခုခုကို ပိုင်ဆိုင်ထားရင် အပြစ်သားတွေ မဟုတ်တော့ဘူးလား .. ”
ရှီဟောင်က ပြသနာတစ်ခုကို လျှင်မြန်စွာပဲ တွေးမိသွားလေသည်။
ကြီးမြတ်သော တာအို နိယာမတစ်ခုသည် အဆင့်မြင့် ဘုံမှ ဆင်းသက်လာဖို့ လွယ်ကူခြင်း မရှိပေ။ နတ်နန်းကျောင်းတော်. အင်မော်တယ် ထာဝရ နတ်တောင် နှင့် တခြားသော ပါရမီမြင့်မားသည့် တပည့်များအားလုံးသည် အဆင့်မြင့် ဘုံမှ လာခဲ့ကြခြင်း မဟုတ်ချေ။ ထိုသူများအားလုံးသည် နယ်မြေဒေသကြီး ရှစ်ခုမှ စုဆောင်းထားခြင်းသာ ဖြစ်သည်။ နတ်သမီး ယွီချန်ကတော့ အဆင့်မြင့် ဘုံမှ အထူးလာရောက်ခြင်း ဖြစ်လေသည်။
” ငါ ငယ်ငယ်တည်းက အဆင့်မြင့် ဘုံကနေ ဒီကို ရောက်လာခဲ့တာပါ .. ဒီအကြောင်းကိုလည်း သိပ့်မကြာသေးတဲ့ နှစ်တွေတုန်းကမှ သိလာခဲ့တာ .. ဒါက အရမ်းကို ခက်ခဲကြမ်းတမ်းတဲ့ လေ့ကျင့်မှု တစ်ခုဆိုလည်း မမှားဘူးရယ် .. နောင် အနာဂတ်မှာတော့ ငါ သေချာပေါက် အဆင့်မြင့် ဘုံကို ပြန်သွားမှာပဲ .. ”
နတ်သမီး ယွီချန်က ဂရုမထားဟန်ဖြင့် ပြောလိုက်၏။
” ဟား .. ဟား .. ငါ့လိုမျိုး အပြစ်သားက အဆင့်မြင့် ဘုံက လာရောက်တဲ့ အလှလေးနဲ့ အခုလိုမျိုး မျက်နှာချင်းဆိုင် တွေ့ရလိမ့်မယ်လို့ တစ်ခါမှ မတွေးထားခဲ့မိဘူး .. ငါ့ကိုငါ အရမ်းတွေ ဂုဏ်ယူမိနေပါပြီ .. ”
ရှီဟောင်က လှောင်ပြောင်ရယ်မောလိုက်လေသည်။ သို့သော် သူ၏ စိတ်ထဲတွင်တော့ တည်ငြိမ်ဖို့ရန်အတွက် အတော်လေးကို ခက်ခဲလို့ နေသည်။
ယခုအချိန်မှာတော့ သူဟာ အကြောင်းအရာများစွာကို စဉ်းစားမိခဲ့သည်။ နယ်မြေဒေသကြီး ရှစ်ခုလုံးက အကျဉ်းထောင် ကမ္ဘာရှစ်ခုဖြစ်နေခဲ့လျှင်ပင် ရှေးဟောင်း ထူးခြားသည့် သင်္ကေတများက မည်သည့်နေရာများမှ စတင်ဖြစ်ပေါ်လာခဲ့ကြသနည်း။
ပြောရရင် ခွန်ပန်နှင့် အစစ်အမှန် ဖီးနစ်ကဲ့သို့သော အလွန်အမင်းကို ရက်စက်ကြမ်းကြုတ်လှသည့် ကောင်းကင်သားရဲဆယ်ကောင်က အဆင့်မြင့် ဘုံမှ ပေါ်ထွက်လာခဲ့ပြီး ပျက်စီးသွားခဲ့ကြခြင်းပေလော။ ထိုသို့မဟုတ်ပဲ အခြားသော လျှို့ဝှက်သည့် အကြောင်းချင်းရာများ ရှိခဲ့လေပြန်သလား ..။
ထို့အပြင် အဆင့်မြင့်ဘုံမှ ကျင့်ကြံသူများသည် အဖိုးတန် သိုင်းပညာများနှင့် အခြားသော သိုင်းပညာများနဲ့ဆက်စပ်လျှက်ရှိသော အရာများကို ရှာဖွေနေကြခြင်း ဖြစ်ပေမည်။
ရှီဟောင်၏ စိတ်ထဲမှ တုန်လှုပ်လာခဲ့သည်။ နယ်မြေဒေသကြီး ရှစ်ခုသည် အကျဉ်းထောင်များသာ ဖြစ်ကြ၏။ သို့ဖြစ်သောကြောင့် ထိုအကြောင်းအရာများကို ကမ္ဘာကြီးအား အသိပေးကြေငြာလိုက်မည်ဆိုလျှင် အဆိုပါ သက်ရောက်မှုက အလွန်အမင်းပင် ကြီးမားသွားနိုင်ကာ စွမ်းရည်ရှိသူ သူရဲကောင်းအမြောက်အများပင် ပါဝင်လာနိုင်သည်။ ထိုအချင်းအရာကြောင့် အလယ်ပိုင်းနယ်မြေသည် ကပ်ဆိုးကြီး၏ အချက်အချာအဖြစ် လုံးဝပျက်စီးသွားရပေမည်။ အတိအကျပင် သူတို့က မည်သည့်အခန်းကဏ္ဍမှ နေ၍ ကစားပွဲထဲ ပါဝင်လာကြပေမည်နည်း။
ရှီဟောင်၏ မျက်လုံးများက အလင်းတန်း တဖျက်ဖျက် လင်းလက်ကာ တုန်ခါလာသည်။ သူ၏ မျက်လုံးများက စွမ်းအားများ ပြည့်လျှံနေသောကြောင့် ခွန်အားများ ပိုပိုပြီး များပြားလာ၏။
” ငါ နင့်ကို အများကြီး ပြောပြီးပြီနော် .. နင့်အနေနဲ့ ဒီလှောင်အိမ်ထဲကနေ အမှန်တကယ် လွတ်မြောက်ချင်ပြီး ကြီးမြတ်တဲ့ အဆင့်မြင့် ကမ္ဘာထဲကို ဝင်ဖို့အတွက် ကန့်သတ်ချုပ်ချယ်မှုတွေကို မခံယူချင်ဘူးမလား .. ဒါက ထောင်ပဲ .. ပျက်စီး ယိုယွင်းနေတဲ့ နေရာဆိုးတစ်ခုပဲလေ ..။ ”
နတ်သမီး ယွီချန်းက ပြောသည်။
” ငါက အပြစ်သားတစ်ယောက်လေ .. ငါရဲ့ ခန္ဓာကိုယ်ထဲမှာ ဘိုးဘေးတွေရဲ့ အပြစ်သွေးတွေ စီးဆင်းနေတာကြောင့် ပိုပြီး မြင့်မားတဲ့အဆင့်ကို တက်ရောက်နိုင်ဖို့ အခွင့်အရေး မရှိနိုင်ဘူး .. ဒါပေမဲ့ ငါက အဆင့်မြင့်ဘုံကို ဝင်ချင်ရင်တောင် ကိုယ့်ကိုကိုယ် သတ်သေသလို ဖြစ်နေလိမ့်မယ် ..”
ရှီဟောင်ရဲ့ အကြည့်တွေက ကြောက်မက်ဖွယ်ရာ ကောင်းလာခဲ့၏။
နတ်သမီး ယွီချန်က မြန်မြန်ဆန်ဆန်ပဲ ထောက်ခံလိုက်သည်။ ထိုအချိန်မှာပဲ အဆုံးမဲ့သည့် နတ်ဘုရားအလင်းများ ထွက်ပေါ်လာခဲ့၏။
ဝုန်း ခနဲ အသံကြီးပေါ်ထွက်လာပြီးနောက် အခန်းတစ်ခုလုံးက ပေါက်ကွဲထွက်သွားခဲ့သည်။ မိုး စားသောက်ဆိုင်ကြီးမှ မီးလျှံသင်္ကေတများက ကောင်းကင်ကို ထိုးတက်သွားသည်။ ထိုစားသောက်ဆိုင်ကြီးသည် သာမန်ဖွဲ့စည်းမှုများဖြင့် တည်ဆောက်ထားခြင်း မဟုတ်ပဲ စွမ်းရည်ပြည့်ဝလှချေသည်။ သို့သော် ၄င်းက စွမ်းအားလှိုင်းဒဏ်ကို တောင့်ခံနိုင်ခြင်း မရှိပဲ လုံးဝပြိုကျပျက်စီးသွားရချေပြီ။
ရှီဟောင်နှင့် နတ်သမီး ယွီချန်တို့နှစ်ယောက်စလုံးက ကောင်းကင်သို့ ပျံတက်သွားခဲ့ကြပါပြီ။ ထို့နောက် သူတို့က အပြင်းအထန်ပင် တိုက်ခိုက်လိုက်ကြသည်။ သူတို့က လျှင်မြန်စွာပင် သူတစ်ပြန် ကိုယ်တစ်ပြန် တိုက်ခိုက်နေကြပြီး စွမ်းအားသင်္ကေတများကို ကောင်းကင်ကို ဖုံးလွမ်းနေစေတော့သည်။ ထို့အပြင် လျှို့ဝှက်ဆန်းကြယ်ကာ လေးနက်လှသည့် တာအိုအရှိန်အဝါများကိုပါ ထုတ်ဖော်ထားကြလေသည်။
ဒီ တိုက်ပွဲက အရမ်းကို ထိတ်လန့်တုန်လှုပ်စရာကောင်းတာပဲ …
လူများစွာက ရုတ်တရက် ဖြစ်ပေါ်လာခဲ့သည့် တိုက်ပွဲကြီးကြောင့် အလွန်အမင်းကို ထိတ်လန့်တုန်လှုပ်နေကြ၏။
ထိုတိုက်ပွဲကြီး၏ ပြင်းထန်မှုက ကြီးမားလွန်းလှလေသည်။ အဆင့်လွန် ကျွမ်းကျင်ပညာရှင် နှစ်ဦး တိုက်ခိုက်နေသကဲ့သို့ပင် ထင်မှတ်ရပေသည်။
သို့သော် တိုက်ပွဲစတင်ဖြစ်ပေါ်လာချိန် ကြာမြင့်ခြင်း မရှိသေးခင်မှာပဲ ချက်ချင်းပြီးဆုံး သွားခဲ့လေသည်။ နတ်သမီး ယွီချန်က ကျောက်စိမ်း ဓါးကို ပေါ့ပေါ့ပါးပါးပင် ကိုင်ဆောင်ထားပြီး လေဟာနယ်ကို ဖြတ်သန်းသွားလိုက်သည်။ သူမက ထိုနေရာ၏ ထိန်းချုပ်မှုမှ လွတ်မြောက်သွားလေ၏။
ထိုအချိန်မှာပင် ရုတ်တရက် ဆိုသလို ရှီဟောင် မျက်မှောက်ကြုတ်လိုက်သည်။ သူက အင်ပါရီယာ နန်းတော်ကြီး တည်ရှိရာဘက်ကို မျော်ကြည့်၏။ ထိုနေရာမှ နဂါးအော်ရာများ ပြည့်နှက်လာနေသည်ကို သတိပြုမိလိုက်သည်။ နဂါးတစ်ကောင်က ရွေ့လျားနေပုံရပြီး အစစ်အမှန် နဂါးတစ်ကောင် ပြန်လည်မွေးဖွားလာသည်နှင့် တူညီသည့် လေထုဖိအားများ ဖြစ်ပေါ်လာခဲ့၏။
” အင်ပါရီယာအဆင့် တာအို အော်ရာ .. ကျောက်တုံးအင်ပါယာဆီကနေ ကျန်ရစ်ခဲ့တဲ့ အရာတစ်ခုခု … ”
ရှီဟောင်က သူ့ဘာသာ ခပ်တိုးတိုးရေရွတ်လိုက်သည်။ ထို့နောက် သူက ချက်ချင်းပဲ လှည့်ထွက်သွားခဲ့ပြီး နတ်သမီး ယွီချန်ကို ဂရုမစိုက်တော့ချေ။ သူက အင်ပါရီယာ နန်းတော်သို့ တည့်တည့်ပြေးသွားလိုက်သည်။
” ကျတော်တို့ သူ့ကို တားလိုက်ရမလား .. ”
နတ်သမီး ယွီချန်၏ နောက်မှ လူအများအပြားထွက်ပေါ်လာခဲ့သည်။
” မလိုဘူး .. လက်ရှိ ကမ္ဘာမှာ သူ့ကို ရပ်တန့်စေနိုင်တဲ့ သူက နှစ်ယောက် သုံးယောက်ထက် မပိုဘူး .. နင်တို့ အားလုံးသွားရင် အရမ်းကို အန္တရာယ်များလိမ့်မယ် .. ”
နတ်သမီး ယွီချန်းက ပြောလိုက်သည်။
” နတ်နန်း ကလန်ထဲကို ဝင်ပြီးတည်းက မင်း တစ်ခါမှ သွေးမကြောင်ခဲ့ဖူးဘူး .. ရန်သူတစ်ယောက်ရဲ့ ရှေ့မှာ ငါတို့ ဘယ်လိုလုပ်ပြီး ဒီလိုလုပ်နိုင်မလဲ .. ”
ခရမ်းရောင် ဝတ်စုံဝတ်လူငယ်လေးတစ်ယောက် ရုတ်တရက်ဆိုသလို ပေါ်ထွက်လာခဲ့သည်။ သူက သူ့ရဲ့ အဖိုးတန် ရှေးဟောင်းလက်နက်ကို ထုတ်ယူလိုက်ပြီး ရှီဟောင်၏ နောက်ကျောကို စိုက်ကြည့်ုလိုက်သည်။
အမှန်စစ်စစ်အားဖြင့် သူ့အနေနှင့် နတ်သမီး ယွီချန်ပြောတာကို လက်မခံချင်တာကြောင့်တော့ မဟုတ်ချေ။ နတ်သမီး ယွီချန်က နှစ်သက်ဖွယ်ကောင်းလွန်းလှပြီး နတ်နန်းကလန်ကြီးသို့ ဝင်ရောက်လာခဲ့ဖူးသော နယ်မြေဒေသကြီး ရှစ်ခုလုံးမှ ပါရမီရှင်များထဲမှ တစ်ဦးအပါအဝင်ဖြစ်သည်။ ထို့အတူပင် ခရမ်းရောင် ဝတ်စုံဝတ် လူငယ်လေးကလည် အလားတူပင် ဖြစ်သောကြောင့် သူ့ကိုယ်သူ အခြားသော သူထက် နိပ့်ကျသည်ဟု အဘယ်ကြောင့် ဝန်ခံရမည်နည်း။
သူတို့က ကွက်လပ် နတ်ဘုရားနယ်မြေတွင် ထိပ်တိုက်တွေ့ဆုံခဲ့ဖူးကြ၏။
ထိုစဉ်အချိန်တုန်းက သူနှင့် နတ်သမီး ယွီချန်တို့က သူတို့ရဲ့ အစွမ်းထက်ဆုံးသော ထိတ်လန့်ကြောက်မက်ဖွယ်ရာ တိုက်ကွက်များဖြင့် တိုက်ခိုက်ခဲ့ကြဖူးလေသည်။
ဝုန်း ..။
ရှီဟောင်က လှည့်ကြည့်လိုက်၏။
ထိုအခါ သူ၏ မျက်လုံးများမှ ခရမ်းလျှပ်စီးများ ထွက်ပေါ်လာခဲ့ပြီး ခရမ်းရောင် ဝတ်စုံဝတ် လူငယ်လေး ပစ်လွတ်လိုက်သည့် အဖိုးတန် လက်နက်နှင့် ထိပ်တိုက်တွေ့ဆုံသွားကြပြီး မြေပြင်သို့ ပြုတ်ကျသွားလေသည်။ ထို့နောက် သူက အင်ပါရီယာ နန်းတော်ဆီသို့ ဦးတည်သွားလိုက်ပြန်သည်။
” ကျောက်တုံး အင်ပါယာက ဘာတွေများ ချန်ထားရစ်ခဲ့တာလဲ .. ”
ထိုအရာက သူ အမှန်တကယ်ကို သိချင်နေခဲ့သော အရာ ဖြစ်လေသည်။