သုခကမ္ဘာက ရှီဟောင် - Chapter - 646 ရက်စက်ကြမ်းတမ်းစွာ သတ်ဖြတ်ခြင်း
အင်ပါရီယာ နန်းတော်ကြီးအတွင်းမှ ညီလာခံခန်းမကြီးက မြင့်မားကာ မှော်ဆန်သည့် အသွင်ဖြင့် တည်ရှိနေလေပြီ။ နဂါးစွမ်းအားများက ထိုးထွက်လာခဲ့ပြီး ထိုနေရာတစ်ခုလုံးကို လွှမ်းခြုံနေတော့သည်။ ထိုနေရာက ခမ်းနားလှသည့် နတ်နယ်မြေတစ်ခုအလားပင်။
စစ်ဘုရင်၊ အစောင့်အိုကြီးနှင့် အခြားသူများအားလုံးက အလွန်အမင်းပင် ကျေနပ်နှစ်သိမ့်နေကြတော့သည်။ ဤအရှိန်နှုန်းအတိုင်းဆိုလျှင် မကြာခင်အချိန်တွင် မဟာဝင်္ကပါများအားလုံးကို ချခင်းထားနိုင်တော့ချေမည်။ လူသားအင်ပါယာ၏ တံဆိပ်တော်က ဤမျှအထိ ထိတ်လန့်စရာကောင်းကြောင်း သူတို့ မသိထားခဲ့ကြပေ။ အမှန်တကယ်ပင် မဟာဝင်္ကပါများအား တိုက်ရိုက်ပြင်ဆင်နိုင်စွမ်း ရှိနေလေသည်။
အချိန်များ ကုန်ဆုံးလာသည်နှင့်အမျှ ရှေးဟောင်းအင်ပါယာ နန်းတော်၏ မြင်ကွင်းများက အလွန်အမင်း ကွာခြားလာ၏။ ပိုပြီးတည်ငြိမ်လာသလို နတ်စွမ်းအားများကလည်း ပြည့်နှက်လာခဲ့သည်။ အလင်းတန်းများက အစွမ်းထက်သားရဲကြီးများ အသွင်ဖြစ်တည်လာခဲ့၏။ ထို့သို့သော ကြောက်မက်ဖွယ်ရာ ကောင်းသည့် ပြောင်းလဲမှုများက အဆင့်မြင့်နယ်မြေများသို့ ရောက်ရှိသွားသည့်အလား ခံစားရစေသည်။
ပြီးခါနီးနေပြီ .. ဝင်္ကပါရဲ့ ၉၀%ကို ပြန်ပြီး ပြင်ဆင်ပေးခဲ့ပြီးပြီ ..။ ဒီပုံအတိုင်းဆို သိပ့်ပြီးမကြာခင်မှာပဲ အားလုံး ပြီးဆုံးသွားတော့မယ် ..။ ”
စစ်ဘုရင်က ဖြည်းညင်းစွာဖြင့် ပြောကြားလာခဲ့သည်။
ရှီဟောင်သည်လည်း အလွန်အမင်း ကျေနပ်နေမိသည်။ ထိုကဲ့သို့သော လုပ်ဆောင်နိုင်စွမ်းက အလွန်ကျေနပ်ဖွယ်ကောင်းသည်။ နတ်ဝင်္ကပါများအားလုံးကို မဟာကပ်ဘေးကြီးအတွင်း တော်တော်များများ ဖျက်စီးခံလိုက်ရသော်လည်း ယခုအခါတွင်တော့ပြန်ကောင်းသွားချေပြီ။ ဤနည်းဖြင့် အင်ပါရီယာ နန်းတော်က ယခင်အတိုင်း ပြန်လည်စွမ်းအားကြီးမားလာပေမည်။ သို့ရာတွင် ဖြစ်စဉ်က လူတိုင်းကို ဆွံ့အစေနေသေးသည်။
အကြောင်းမူကား အင်ပါယာ ရတနာသိုက်အတွင်းမှ ရတနာများက အလိုအလျှောက် ထွက်ပေါ်လာကာ ဝင်္ကပါကို ပြင်ဆင်နေသောကြောင့် ဖြစ်သည်။ ရှီဟောင်ပင် ထိုမြင်ကွင်းကို ကြည့်ရင်း နောင်တရနေတော့၏။ မှော်ရတနာများက အလွန်ပင် ကုန်ဆုံးနေချေပြီ။
ထိုအစစ်အမှန် နတ်ရတနာများကား အလွန်အမင်း ရှားပါးလှသည်။ အားလုံးက မြင်ရခဲလှသည့် အဖိုးတန် ရတနာများ ဖြစ်ကြ၏။ သူတို့တစ်ခုချင်းဆီတိုင်းက နှစ်သန်းပေါင်းများစွာ ကြာမှ ပေါ်ထွက်လာနိုင်သည့် ရတနာကောင်းများ ဖြစ်ချေသည်။
ရှေးခေတ်အချိန်တည်းက ကျောက်တုံးတိုင်းပြည်တွင် တည်ရှိခဲ့သည့် နတ်ရတနာများ ဖြစ်ကြ၏။ ယခုအခါတွင်တော့ မဟာဝင်္ကပါထဲကိုသာ ထည့်သွင်းလိုက်ရချေတော့သည်။ အပြင်လောကတွင် ထိုရတနာများကို ရှာဖွေတွေ့ရှိနိုင်ဖို့ မဖြစ်နိုင်သလောက် ရှိလေသည်။ အဖိုးမဖြတ်နိုင်သည့် ရတနာများက ဤနည်းဖြင့် ကုန်ဆုံးနေချေပြီ။
အင်ပါယာ နန်းတော်အတွင်းတွင်တော့ မဟာဝင်္ကပါများ အများအပြား ရှိလာခဲ့ပြီ ဖြစ်သည်။ အားလုံးက ခမ်းနားကြီးကျယ်လှသည့် နတ်ဘုရားအဆင့် မဟာဝင်္ကပါများ ဖြစ်လေသည်။ ထို့ကြောင့်ပင် လိုအပ်သည့် ရတနာများက အလွန့်အလွန် အဆင့်မြင့်မားရပေမည်။ မဟာဝင်္ကပါတိုင်းကလည်း အချင်းချင်း ဆက်စပ်နေကြ၏။ မည်သို့ပင်ဆိုစေ ရှေးဟောင်း ဂါးဒီးယန်း အစောင့်အရှောက် ဝိညာဉ်တော်နှင့် အင်ပါယာတို့က နတ်ဘုရားများ ဖြစ်ခဲ့ကြသောကြောင့် ယခုကဲ့သို့ မဟာဝင်္ကပါကြီးများကို ချခင်းထားနိုင်ခဲ့ခြင်းပင်။
ဤမဟာဝင်္ကပါကြီးများကို ခင်းကျင်းသည့်အခါ ထည့်သွင်းရသည့် ရတနာများက အဆင့်အတန်းမြင့်မားရခြင်းမှာ သံသယဝင်ရန် မလိုတော့ချေ။
ထိုသို့ဖြင့် အားလုံး ပြီးဆုံးသွားသည့်အခါ စစ်ဘုရင် ကျယ်လောင်စွာ အော်ရယ်နေ၏။ ဂိုဏ်သုံးဂိုဏ်းမှ ကျွမ်းကျင်ပညာရှင်များ ထ သူတို့က တစ်ဖက်မှ ပြဿနာရှာလာမည်ဆိုလျှင်ပင် မည်သူမျှ ထွက်ခွာသွားနိုင်ခြင်းမရှိအောင် သူတို့ လုပ်နိုင်ကြလေပြီ။
ရှီဟောင်ကလည်း ခေါင်းညိတ်လိုက်သည်။ သို့ရာတွင် သူ မျက်မှောင်ကြုတ်လိုက်မိ၏။ အကြောင်းမူကား ပြဿနာအနည်းငယ်ကို သူ တွေးဆမိလိုက်သောကြောင့် ဖြစ်သည်။
ဒီ ဝင်္ကပါတွေက စွမ်းအားကြီးတယ်ဆိုပေမဲ့ အချို့အထက်တန်းစား မင်းသား မင်းသမီးတွေက ဝင်္ကပါအကြောင်းကို သိနေနိုင်တာမျိုးလည်း ဖြစ်နိုင်တယ် ..။ သူတို့က ပြဿနာရှာကြမယ်ဆိုရင် ပြဿနာတက်လိမ့်မယ် ..။ ”
ရှီဟောင်က အရေးကြိးသည့် အန္တရာယ်ကို ညွန်ပြလိုက်သည်။ ထိုပြဿနာက လွန်ခဲ့သည့် နှစ်ရက်လောက်က ဆူဘုရင် လုပ်ခဲ့သည့် ကိစ္စဖြစ်သည်။ သူက ဝင်္ကပါ၏ လျှို့ဝှက်ချက်ကို ကျွမ်းကျင်ပညာရှင်များအား ပြောပြကာ ချိုးဖျက်စေခဲ့သည်။
သူတို့ သိထားတာက အပြင်ဘက်အပေါ်ယံကြောလေးလောက်ပါပဲ .. ဒီတော့ များများစားစား ပြဿနာ မရှာရဲလောက်ပါဘူး .။ ”
စစ်ဘုရင်က ပြောသည်။ သို့သော် သူကိုယ်တိုင်လည်း ယုံကြည်မှု မရှိချေ။
ကျွန်တော်တို့က ဝင်္ကပါကို အသေအချာ အထပ်ထပ် ယဇ်ပလ္လင်လိုမျိုး ခင်းကျင်းလိုက်မယ်ဆိုရင် လုံလောက်မယ်လို့ ထင်တယ် ..။ ”
ရှီဟောင်က ရေရွတ်နေသည်။ သူ၏ လက်များက ညင်သာစွာဖြင့် အင်ပါယာ တံဆိပ်ကို ဖိနှိပ်ကာ နတ်စွမ်းအင်များကို ထိုးထည့်လိုက်၏။ မည်သို့ပင်ဖြစ်စေ အင်ပါရီယာ နန်းတော်အတွင်းတော့ ဤစည်းတံဆိပ်ကသာ အရေးပါဆုံးဖြစ်ကြောင်း ဟောင် နားလည်ထားသည်မှာ သိပ့်မကြာသေးချေ။
အမ် ..။ ”
ထိုခဏတွင်ပင် ထူးဆန်းသည့် မှော်သင်္ကေတများက ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းကာ ထွက်ပေါ်လာခဲ့သည်။ နားလည်ရန် ခက်ခဲလှသည့် အမျိုးမျိုးသော အလင်းတန်းများက ပေါ်ထွက်လာခဲ့၏။ ထိုမှော်သင်္ကေတများက ရှီဟောင်နှင့် ဆက်သွယ်လာကြသည်။ သူတို့ ဝင်္ကပါနှင့် ပတ်သက်ပြီး မည်ကဲ့သို့ လုပ်ဆောင်လိုကြောင်း မေးလာခဲ့ကြ၏။ ရှီဟောင် အလွန်အံ့သြသွားရချေပြီ။ ကျောက်စိမ်း တံဆိပ်တော်က ထိုမျှအထိ လုပ်ဆောင်နိုင်စွမ်း ရှိနေသည်လား။ သိသာစွာပင် ထိုတံဆိပ်တော်က စိတ်ဝိညာဉ် ရှိနေခြင်း ဖြစ်ရေပေမည်။
နတ်ဘုရား ပစ်ချက် ကျောက်တုံးလေးကလည်း မူလက သာမန်ကျောက်တုံးလေးတစ်တုံးသာ ဖြစ်ခဲ့သည်။ အချိန်ကြာမြင့်စွာ ကုန်ဆုံးသွားပြီးနောက် သူ၏ ခန္ဓာကိုယ်ပေါ်တွင် မှော်သင်္ကေတများ ထွင်းထုခံရကာ ဥာဏ်ရည်များ ရရှိလာလေတော့သည်။ ဤအရာကလည်း အလားတူ ဖြစ်ရပ်မျိုး ဖြစ်ပေမည်။
ရှီဟောင် ခေါင်းညိတ်လိုက်မိသည်။ ထို့နောက် အင်ပါယာ စည်းတံဆိပ်ကို မြောက်လိုက်လေ၏။ အင်ပါရီယာ နန်းတော်အတွင်းရှိ နတ်ဘုရား အဆင့် မဟာဝင်္ကပါများအားလုံးကို ဤစည်းတံဆိပ်ဖြင့် သူ ထိန်းချုပ်လိုက်တော့သည်။ ထို့နောက် တခြိမ်းခြိမ်း မြည်ဟိန်းသံများ ထွက်ပေါ်လာခဲ့၏။ အင်ပါယာ နန်းတော်တစ်ခုလုံးကလည်း တုန်ရီလာတော့သည်။ အခြေပြု စွမ်းအား ငါးမျိုးပင် လှုပ်ခါလာ၏။ အမျိုးမျိုးသော ဝင်္ကပါများက လှုပ်ရှားလာခဲ့ပြီး သူတို့၏ အခြေပြုစွမ်းအားများကလည်း ပြောင်းလဲသွားကြသည်။ ဝင်္ကပါ၏ ဖိအားများက ပြင်းထန်စွာ ပြောင်းလဲသွား၏။ ယခင်နှင့် အလွန့်အလွန် ကွာခြားသွားခဲ့ချေပြီ။ သူတို့က ဆင့်ကဲပြောင်းလဲသွားခဲ့ခြင်း ဖြစ်သည်။
ရှီဟောင် ကိုယ်တိုင်ပင် ထိန်းချုပ်ထားသူ ဖြစ်သော်လည်း မှင်သက်နေရသေးသည်။ သူ အော်ရယ်လိုက်မိတော့၏။ ဤမဟာဝင်္ကပါများက အလွန်ပြည့်စုံသွားခဲ့ချေပြီ။ နောက်ဆုံးတွင်တော့ အင်ပါယာ မင်းသား မင်းသမီးများထဲမှ မည်သူမျှ ပြဿနာရှာကာ လျှို့ဝှက်ချက်များ ပြောကြားလိုက်မည်ကို စိုးရိမ်စရာ မလိုတော့ပေ။ ဂိုဏ်းကြီး သုံးဂိုဏ်းမှ ကျွမ်းကျင်ပညာရှင်များက သူ၏ မဟာဝင်္ကပါအတွင်း ဝင်ရောက်လာမိကြပြီး မည်သို့ ကြုံတွေ့ရမည်ကိုသာ စိတ်ဝင်စားနေတော့သည်။
တကယ်ကို နတ်ရတနာဖြစ်ဖို့ ထိုက်တန်ပါပေတယ် …။ ”
ရှီဟောင် စိတ်အတွင်းမှ သက်ပြင်းချနေမိသည်။ လက်ရှိအချိန်တွင် စစ်ဘုရင် နှင့် အစောင့်အိုကြီး အပါအဝင်အားလုံးက မှင်သက်နေကြသည်။ သို့သော် ထိုလူများထဲမှ စစ်ဘုရင်နှင့် အစောင့်အိုကြီးတို့သာ ဟောင်က ကျောက်စိမ်း တံဆိပ်တော်ကို အသုံးပြုပြီး ဝင်္ကပါများကို ထိန်းချုပ်ခြင်းဖြစ်ကြောင်း သိကြ၏။ ထိုလူနှစ်ယောက်ကသာ သူ့အတွက် အယုံကြည်ရဆုံး လူများဖြစ်သည့်အတွက်ကြောင့်သာ ပြောပြထားခြင်း ဖြစ်လေသည်။
ဂိုဏ်းကြီး သုံးဂိုဏ်းမှ ကျင့်ကြံသူများက မဟာကပ်ဘေးကြီးအတွင်း ဤအင်ပါယာ တံဆိပ်တော်ကို ဖျက်စီးဖို့ ကြိုးစားခဲ့ကြသည်။ သို့သော် အင်ပါယာ တံဆိပ်တော်က အလယ်ပိုင်း ကောင်းကင်နန်းတော်အတွင်းသို့ ပျံသန်းဝင်ရောက် ပုန်းအောင်းနေခဲ့ခြင်း ဖြစ်လေသည်။ ထိုကျင့်ကြံသူများက အမှန်တကယ်ဖျက်စီးနိုင်မည်ဟု ထင်လိုက်ကြပုံရ၏။
အစောင့်အိုကြီးနှင့် စစ်ဘုရင်တို့က ဤလျှို့ဝှက်ချက်ကို ထိန်းသိမ်းထားကြမည်မှန်း သူ သိသည်။
သို့သော် အခြားသူများကတော့ မဖြစ်နိုင်ပေ။ ဤအရာက အမှန်ပင် ထူးခြားလေသည်။ အင်ပါယာ တံဆိပ်တော်တစ်ခုရှိရုံမျှနှင့်ပင် မဟာဝင်္ကပါများသာမက အင်ပါရီယာ နန်းတော်တစ်ခုလုံးကိုပါ ထိန်းချုပ်နိုင်သည်က ထူးဆန်းနေ၏။ ထို့အပြင် တံဆိပ်တော်ထဲတွင် တိုင်းပြည်တစ်ခုလုံး၏ ကံကြမ္မာစွမ်းအားများ တည်ရှိနေသည်။
မဟာကပ်ဘေးကြီး ကျရောက်လာပြီး အင်ပါရီယာ နန်းတော်တစ်ခုလုံးသာမက နတ်ဘုရားအဆင့် ဝင်္ကပါများအားလုံး ပျက်စီးသွားရမည်ဆိုလျှင်ပင် ရှီဟောင်က စိတ်သက်သာရနေဦးမည် ဖြစ်သည်။ အကြောင်းက သူ၏ လက်ထဲတွင် အင်ပါယာ ကျောက်စိမ်းတံဆိပ်တော် ရှိနေသောကြောင့် ဖြစ်သည်။ သို့ဖြစ်၍ သူက ကိစ္စများကို ကောင်းမွန်စွာ ကိုင်တွယ်နိုင်စွမ်း ရှိချေ၏။
°°°
ငါ့ကို မကွပ်မျက်ပါနဲ့ ..။ ”
နန်းရင်ပြင်တွင်တော့ ကွပ်မျက်ခံရတော့မည့် ဗိုလ်ချုပ်များက စွမ်းအားရှိသမျှ ရုန်းကန်နေကြတော့သည်။ သို့ရာတွင် အသုံးမဝင်ချေ။ အာဏာပါးကွပ်သားများက ထက်ရှကာ ကြောက်မက်ဖွယ်ရာကောင်းသည့် ဓားကြီးများကို မြောက်ပြီး အားနှင့်မာန်ဖြင့် ခုတ်ပိုင်းချသည်။ တဟူးဟူး မြည်သံများနှင့်အတူ သွေးများက ကောင်းကင်သို့တိုင် ပက်ဖျန်းသည်။ ဤနည်းဖြင့် သွေးများက နေရာအနှံ့သို့ စီးကျသွား၏။ ထိုဗိုလ်ချုပ်များအားလုံးကို ယခင်က ဖမ်းဆီးထားခဲ့ခြင်း ဖြစ်သည်။ ရှီဟောင်က သက်ညှာခြင်းအလျှင်းမရှိပဲ တစ်ယောက်ကိုမျှ လွှတ်မြောက်ခွင့် မပေးပေ။ ရှီဟောင်က အားလုံးကို ခေါင်းဖြတ်သတ်ရန် အမိန့်ပေးထားသည်။
အင်ပါယာ နန်းတော်ကို စောင့်ရှောက်ရသည့် စစ်သည်တော်များ သစ္စာဖောက်ခြင်းက တိုင်းပြည်ကို အရှက်ရစေသောကြောင့် သေချာပေါက် သတ်ဖြတ်ခံဖို့ သင့်ပေသည်။ သူတို့က ဂိုဏ်းသုံးဂိုဏ်းမှ ကျင့်ကြံသူများကို နန်းတော်အတွင်းသို့ ဝင်ရောက်ခွင့်ပြုခဲ့ချေသည်။ အင်ပါရီယာ နန်းတော်ကို ပျက်စီးခြင်း လမ်းကြောင်းပေါ်သို့ ရောက်ရှိသွားစေခဲ့ကြ၏။ ယခုကဲ့သို့ အပြစ်ပေးခြင်းကပင် နည်းနေသေးသည်ဟု ဆိုရချေသည်။ လက်ရှိအချိန်တွင်တော့ အရာရာတိုင်းက ငြိမ်းချမ်းသွားခဲ့လေပြီ။
ကိစ္စတော်တော်များကလည်း တည်ငြိမ်သွားပြီဟု ဆိုရပေမည်။ ရှီဟောင်က သူ၏ သတ်ဖြတ်ရှင်းလင်းခြင်းအတွက် မည်သည့်သနားညှာတာစိတ်မှ ဖြစ်ပေါ်လာခဲ့ခြင်း မရှိပေ။ အခြားသူများက ဘောင်ကျော်လာခဲ့လျှင် သူက ထိုသူများအား ကပ်ဘေးတစ်ခု ဖန်တီးပေးလိုက်မည်သာ ဖြစ်၏။ ဤအရာက အစသာလျှင် ရှိသေးသည်။
ယနေ့တွင်တော့ အင်ပါယာတစ်ခုလုံး အုတ်အော်သောင်းနင်းဖြစ်နေတော့သည်။ လူသား အင်ပါယာအသစ်က ရက်အနည်းငယ်ခန့် ပျောက်ကွယ်နေခဲ့ပြီး ပြန်ပေါ်လာခဲ့၏။ သို့သော် ထိုအချိန်တွင် သူက အင်ပါယာ သစ္စာဖောက်များအား ရက်ရက်စက်စက် အပြစ်ပေးနေတော့သည်။
” ဘာ .. သူက သူကိုယ်တိုင် ဦးဆောင်ပြီးလူတွေကို ခေါ်လာခဲ့တယ် .. ဟုတ်လား ..။ ”
စွမ်းအားကြီးသည့် ဗိုလ်ချုပ်တစ်ယောက်က တုန်ရီသွားခဲ့သည်။
မူလက သူတို့တွေးထားခဲ့သည်မှာ ဤကပ်ဘေးက ပြီးဆုံးသွားခဲ့ပြီဟူ၍ပင်။ သို့သော် မထင်မှတ်ထားခဲ့သည်က ရှီဟောင်က စစ်တပ်စခန်းသို့ ရောက်ရှိလာပြီး တရားဝင်အမိန့်များ ထုတ်ပြန်လာခဲ့ခြင်း ဖြစ်သည်။
ဟောင်က သူတစ်ဦးတည်း ရောက်ရှိလာခဲ့ခြင်း မဟုတ်ပေ။ မြောက်များစွာသော အင်ပါယာ သစ္စာခံ စစ်သည်တော်များကိုလည်း ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။
အင်ပါယာသစ်လေး .. မင်းက ရာဇပလ္လင်ကို ထိုင်မိရုံ ရှိသေးတယ် .. ငါတို့လို လူအိုကြီးတွေကို သတ်ချင်နေပြီပေါ့ ..။ ကောင်းကင်အောက်က လူသားတွေအားလုံးကို မင်းကို ခါးသီးစွာ မုန်းတီးနေကြမှာကို မင်း မစိုးရိမ်ဘူးလား ..။ ”
ထိုအကြောင်းအရာကို ထုတ်ဖော်ပြောဆိုလိုက်သည်မှာ တစ်ဖက်က သူ့ကို ဆိုးဆိုးရွားရွား အပြစ်မပေးလောက်ဟု ယူဆသောကြောင့် ဖြစ်သည်။ သို့တိုင်အောင် သူက ကြောက်လန့်မိနေသေးသည်။ လွတ်မြောက်နိုင်မည့်နည်းလမ်းကိုလည်း သူ အလောတကြီး တွေးတောနေတော့သည်။
သူ ထွက်ပြေးချင်နေခဲ့သည်မှာ ကြာမြင့်နေပြီ ဖြစ်သည်။ သို့ရာတွင် တစ်ချိန်လုံးစောင့်ကြည့်ခံနေခဲ့ရသောကြောင့် သူ့တွင် အခွင့်အရေးက မရှိခဲ့ချေ။ မူလက သူတွေးထားခဲ့သည်မှာ ဤကိစ္စကို သေချာပေါက် ကိုင်တွယ်နိုင်မည်ဟု ယုံကြည်ထားခဲ့သောကြောင့် ဖြစ်သည်။ ယခုတော့ ကျောက်တုံးညီငယ်လေးက ကိုယ်တိုင် ရောက်ရှိလာခဲ့ချေပြီ။ သူတော့ ပြီးဆုံးသွားလောက်ပြီ ဖြစ်သည်။
မင်းက သစ္စာဖောက်မှုကြီးကို ကျူးလွန်ခဲ့တာတောင် ဘယ်လိုမျက်နှာမျိုးနဲ့ အော်ဟစ်ရဲနေတာလဲ ..။ လက်ခံလို့ မရတဲ့ အပြုအမူပဲ ..။ ”
ရှီဟောင်က အေးစက်သည့် အသံဖြင့် ပြောလိုက်၏။ ထိုအချိန်မှာပင် စစ်သည်တစ်ယောက်က ပြေးထွက်လာခဲ့သည်။ ဟောင်က လက်တစ်ဖက်ကို ဝေ့ရမ်းလိုက်သည်။ ဟုန်းခနဲမြည်ဟိန်းသံနှင့်အတူ တစ်ဖက်သူ၏ လက်တစ်ဖက်က အပိုင်းပိုင်း အစစဖြစ်သွားတော့သည်။ ထိုနေရာက ချက်ချင်းပင် သွေးမြူများ ဖုံးလွှမ်းသွားတော့၏။ များစွာသော သူတို့၏ မျက်နှာက ကြောက်လန့်မှုကြောင့် ဖြူဖျော့သွားကြလေသည်။
ဤစစ်တပ်စခန်းအတွင်းတွင်ပင် ကွပ်မျက်ခံလိုက်ရသည့် အခြားသုံးယောက်လည်း ရှိနေသည်။ စစ်တပ်ခေါင်းဆောင်များသာ ကွပ်မျက်ခံရခြင်း ဖြစ်ပြီး စစ်သည်တော်များကိုတော့ အခြားနည်းဖြင့်သာ အပြစ်ပေးမည့်ပုံ ရသည်။ ဤအဖြစ်အပျက်ကြောင့် အားလုံးက စိတ်သက်သာရာ ရသွားကြတော့၏။
” ငါတို့တွေ သွေးနီရောင် ဖန်းငှက်ရဲ့ စခန်းဆီကို သွားသင့်ပြီ ..။ ”
ရှီဟောင်က ပြောလိုက်သည်။ သွေးနီရောင် ငှက်က အင်ပါရီယာ၏ မင်းတိုင်ပင်ခံတစ်ယောက်ဖြစ်ပြီး အလွန်စွမ်းအားကြီး၏။ သူက လွန်ခဲ့သည့်နှစ်များစွာပင် ဘုရင်အဆင့်သို့ ရောက်ရှိနေပြီး တိုင်းပြည်တစ်ခုလုံးတွင် စွမ်းအားအကြီးဆုံး ပုဂ္ဂိုလ်တစ်ယောက်ဖြစ်လေသည်။ သူက နတ်ဘုရား ဖြစ်တည်မှုအဆင့်သို့ ခြေချနိုင်ပြီ ဖြစ်သည့်လူတစ်ယောက်လည်း ဖြစ်၏။
ယခင်အင်ပါယာဟောင်း၏ အကြံပေးအရာရှိက အလွန်အမင်း စွမ်းအားကြီးသည့် ဖန်းငှက်ဖြစ်လေသည်။ ထို့ကြောင့် သွေးနီရောင် ငှက်ကလည်း ထိုဖန်းငှက်ထံတွင် တပည့်ခံခဲ့ခြင်းပင်။ ထို့ကြောင့်ပင် ဝါစဉ်ကြီးငယ်များကြားတွင်ပင် သူ့အား လူတိုင်းက လေးစားအားကျခဲ့ရသည်။
သွေးနီရောင် ဖန်းငှက်ရဲ့ စခန်းအတွင်းတွင်တော့ သေချာစွာ လေ့ကျင့်ပေးထားခဲ့ စစ်တပ်ကြီး ရှိ၏။ သူတို့က လက်ရွေးစင်များထဲမှ လက်ရွေးစင်များဟုပင် ဆိုရပေမည်။ သို့ရာတွင် ထိုတပ်အတွင်းမှ ဗိုလ်ချုပ်တစ်ယောက်က ပြဿနာကြီးတစ်ခုကို ရှာဖွေထားခဲ့လေသည်။
ထိုဗိုလ်ချုပ်က ထာဝရအင်မော်တယ် တောင်ကို ပျက်စီးစေခဲ့မှု အချို့ကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ယခင်အတိတ်နေ့ရက်များတွင် သူက ထိုအဖြစ်အပျက်ကြောင့် စိတ်ငြိမ်အောင် မနည်းထိန်းချုပ်ထားခဲ့ရ၏။
စစ်ဗိုလ်ချုပ်တစ်ယောက်က အင်အားကြီးသည့် စွမ်းအားကို ပိုင်ဆိုင်ထားကြလေ့ရှိသည်။ သူတို့က တပ်ဖွဲ့ခွဲ သိန်းပေါင်းများစွာအား ထိန်းချုပ်နိုင်ကာ အလွန်အင်အားကြီးမားသူ ဖြစ်ရပေမည်။ အမှားအယွင်း ရှိ၍လည်း မရချေ။ ထိုဗိုလ်ချုပ်က အတိတ်ကာလတွင် ကျူးလွန်ခဲ့သည့် ဆိုးရွားသည့်ဖြစ်ရပ်ကြောင့် ထွက်ပြေးချင်နေခဲ့၏။ သူက အရာရာကို စွန့်လွတ်ရမည်ဖြစ်သောကြောင့်လည်း ထွက်ပြေးရမည်ကို တုန့်ဆိုင်းမိနေခြင်း ဖြစ်သည်။
ထို့ကြောင့် သူ၏ လုပ်ဆောင်ချက်အားလုံးကို ဖျောက်ဖျက်ကာ လျှို့ဝှက်ချက်များအဖြစ် ထိန်းသိမ်းထားခဲ့သည်။ သို့သော် မည်သူမျှ မသိရှိခဲ့ဘူးဟု ယူဆခဲ့သည့်လျှို့ဝှက်ချက်များက ယနေ့တွင်တော့ ရောက်ရှိလာခဲ့ချေပြီ။
အင်ပါရီယာ ပြည့်ရှင်သစ်က လူကိုယ်တိုင် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ အနက်ရောင် လိပ်စခန်း၊ စစ်မှန်သော နဂါးစခန်းနှင့် အခြားသော အမျိုးမျိုးသော စခန်းများအားလုံးက ဆူပူအုံကြွလာခဲ့တော့သည်။ ရှီဟောင်က ကွပ်မျက်သင့်သည့် သူများကို ကွပ်မျက်ပြီး ခရီးဆက်နေခဲ့၏။ ဤသို့ဖြင့် သူက ကြီးမားလှသည့် စခန်းကြီးအနားသို့ ရောက်ရှိလာသည်။
ဝင်္ကပါ ခင်းလိုက်ကြတော့ ..။ ”
ထိုစခန်း၏ ဗိုလ်ချုပ်က မျက်နှာသေဖြင့် ပြော၏။ အင်ပါရီယာ ပြည့်ရှင်အသစ်က စခန်းအတွင်းသို့ ဝင်ရောက်လာပြီး ဖျက်ဆီးရဲလျှင် သူကလည်း သေချာပေါက် လှုပ်ရှားရပေမည်။ သူ ကြိုတင်ပြင်ဆင်ထားခဲ့ပြီး ဖြစ်သည်။ အင်မော်တယ် ထာဝရတောင်တွင် ထာဝရ ရှင်သန်သူ ကျွမ်းကျင်ပညာရှင်များ ရှိခဲ့သည်။ ထိုသူများက ဤအကြောင်းအရာများကို သိနေပြီးသား ဖြစ်ရပေမည်။ ထို့အပြင် မြင့်မြတ်သည့် လက်နက်တစ်ခုလည်း ရှိနေသေးသည်။ အရေးအကြီးဆုံးအချက်အနေဖြင့် သူတို့ မဟာဝင်္ကပါကို ချခင်းထားလိုက်ပြီ ဖြစ်သည်။
သို့ရာတွင် ရှီဟောင်ကလည်း ပြင်ဆင်ထားခဲ့ပြီးသာ ဖြစ်သည်။ သူ၏ လက်ထဲတွင်တော့ နတ်ဓားက ပေါ်ထွက်လာပြီး အားမာန်အပြည့်နှင့် ခုတ်ပိုင်းချလိုက်၏။ ထိုဟာက သာမန်လက်နက်တစ်ခုမဟုတ်ပဲ နတ်ဘုရား အဆင့် မှော်ရတနာလက်နက်ဖြစ်ချေသည်။ ထို့အပြင် စစ်ဘုရင်၊ အစောင့်အိုကြီးနှင့် အခြားသူများကလည်း တစ်ပြိုင်နက်တည်း တိုက်ခိုက်လာသောကြောင့် မဟာဝင်္ကပါကြီးလည်း အက်ကွဲထွက်သွားရတော့သည်။
ရှီဟောင် ကိုယ်တိုင်ပင် ရှေ့တက်ကာ လှုပ်ရှား၏။ ဓါးက အလင်းရောင်လက်လာသည့်အခါ နေမင်း၏ အလင်းရောင်ကိုပင် ဖုံးကွယ်သွားခဲ့သည်။
ဘုန်းခနဲမြည်သံနှင့်အတူ ဗိုလ်ချုပ်ဆိုသူ၏ ခေါင်းက တိုက်ရိုက်ပင် ပြတ်ကျသွားတော့သည်။ ကောင်းကင်ကို တောက်ပလှသည့် မှော်သင်္ကေတများနှင့် အလင်းတန်းများက ဝိုင်းပတ်သည်။ မြင်ကွင်းက ထူးဆန်းလှသဖြင့် မျက်စိကန်းမတတ် ကျိန်းတောက်နေတော့၏။
သွေးနီရောင်အလင်းတန်းများက စခန်းတစ်ခုလုံးကို တုန်လှုပ်သွားစေသည်။ လူတိုင်းပင် တုန်ယင်သွားကြ၏။
အားလုံးပဲ မင်းတို့ရဲ့ လက်နက်တွေကို ချပြီး ရောက်တဲ့နေရာမှာ ရပ်နေကြ ..။ မေ့လျော့ပြီး လှုပ်ရှားမိကြမယ်ဆိုရင်တော့ ဟန့် ..။ ငါ သက်ညှာနေမှာ မဟုတ်တော့ဘူး ..။ ”
ကောင်းကင်မှ ကျယ်လောင်သည့် အမိန့်ပေးသံကြီး ထွက်ပေါ်လာကာ လူတိုင်း၏ စိတ်ဝိညာဉ်ကို တုန်ခါသွားစေ၏။ အဆိုပါ ဖြစ်ရပ်တွင် ပါဝင်ခဲ့ကြသူများက ခေါင်းဆောင်ပိုင်းမှ ဖြစ်သောကြောင့် အကန့်အသတ် ရှိသည်။ လူတော်တော်များများက မည်သို့သော အရာများ ဖြစ်ပျက်သွားကြောင်း အကြောင်းစုံမသိသေးခင်မှာပင် အမိန့်တော်က ထွက်ပေါ်လာခဲ့ခြင်းပင်။ အင်ပါယာ အသစ်က နတ်ဘုရားတစ်ပါး ထွက်ပေါ်လာသကဲ့သို့ သူတို့အရှေ့သို့ ရောက်လာခဲ့ချေပြီ။ သူတို့အားလုံး ဦးညွတ်ရန်သာ ကျန်တော့သည်။
သူတို့အားလုံးက အသက်ရှည်ရှည်နေလိုကြသေးသည်။ ဤသို့ဖြင့် ခေါင်းဆာင်တစ်ချို့၏ အမိန့်ပေးသံနှင့်အတူ အညံ့ခံလိုက်ကြသည့်အသံကြီးက ကောင်းကင်သို့တိုင် ပျံ့လွှင့်သွားတော့သည်။
တစ်နေ့တည်းတွင်ပင် ရှီဟောင်က ဗိုလ်ချုပ်ဆယ့်သုံးယောက်ဆီသို့ အလည်သွားခဲ့၏။ ကျောက်တုံးတိုင်းပြည်တစ်ခုလုံးကိုပင် ထိုဖြစ်ရပ်က အံ့အားသင့်သွားစေ၏။ အင်ပါယာ အသစ်၏ လုပ်ရပ်များကို မျက်မြင်ကြုံတွေ့ခဲ့ရသူများက အထူးပင် အံ့သြထိတ်လန့်နေကြတော့သည်။ သူက ငယ်ရွယ်သေးသည်။ သူက ယခုထက်ပင် ရှေ့ဆက်ပြီး တိုးတက်နေဦးမည် ဖြစ်သည်။ အလွန့်အလွန်လည်း စွမ်းအားကြီးမြင့်နေပေဦးမည်။
ရှီဟောင်က အလွန်ပင် ထက်ရှလှသည့်သွင်ပြင်ကို ပိုင်ဆိုင်ထား၏။ သူက ကြောက်မက်ဖွယ်ရာကောင်းသည့် ပါရမီဖြင့် လုယက်တိုက်ခိုက်လေ့ရှိသော်လည်း ယခုကဲ့သို့ အကြင်နာတရားကင်းမဲ့သည့် ရက်စက်သည့်သတ်ဖြတ်မှုမျိုးကို ပြုလုပ်မည်ဟုတော့ မထင်ထားခဲ့ကြပေ။
များစွာသော လူများက ကြောက်လန့်တုန်လှုပ်ခဲ့ကြရတော့သည်။ အင်ပါယာအသစ်က အသက် ဆယ့်ငါးနှစ်သာ ရှိသေးသော်လည်း ခံစားချက်များက နက်နဲနေခဲ့ချေပြီ။ အပြစ်မကင်းသည့် လူတိုင်းကတော့ တုန်လှုပ်နေရ၏။
လက်ရှိအချိန်တွင် အင်ပါယာမြို့တော်က သိုင်းစည်းမျဉ်းအုပ်ချုပ်မှုအောက်တွင် ရှိနေသည်။ ထို့ကြောင့် မည်သည့်ရိုင်းစိုင်းကြမ်းတမ်းသည့် လှုပ်ရှားမှုမျိုးကိုမှ သူတို့ မလုပ်ရဲကြတော့ချေ။ ယခုကဲ့သို့ အခြေအနေတွင်ပင် လိုချင်သည့်ပစ္စည်းများကို စုဆောင်းပြီး ထွက်ပြေးချင်နေသည့် လူနှစ်ဦးလည်း ရှိနေသေးသည်။ အဆုံးတွင်တော့ သူတို့၏ အစီအစဉ်က ကျရှုံးသွားခဲ့ရတော့သည်။
ကျောက်တုံးညီငယ်လေးက အားလုံးကို ခေါင်းဖြတ်သတ်လိုက်တော့၏။ သူက ကိုယ်တိုင်ပင် သတ်ဖြတ်ကွပ်မျက်ခြင်း ဖြစ်သည်။
ကြမ်းတမ်းလိုက်တာ .. ဒါက အင်ပါယာတစ်ပါးမှာ ရှိသင့်တဲ့ အပြုအမူမျိုး မဟုတ်ဘူး ..။ ”
ပေါက်ကရတွေ လျှောက်ပြောမနေနဲ့ .. အဲ့ဒီလူတွေအားလုံးက တိုင်းပြည်ကို သစ္စာဖောက်တဲ့ ကောင်တွေချည်းပဲ ..။ သူတို့က မှားတာလုပ်လို့ မှားသလို ခံရတာ ..။ မင်းလည်း အမှားတွေ ကျူးလွန်မိရင်တော့ သေချာပေါက် ကွပ်မျက်ခံရမှာပဲ ..။ မှန်မှန်ကန်ကန် နေထိုင်တဲ့သူတွေကတော့ သေချာပေါက် ရှင်သန်နိုင်မှာပဲလေ ..။ ”
မြို့တော်အတွင်းရှိ လူတစ်ချို့ ဤအချင်းအရာများကို တီးတိုးဆွေးနွေးနေကြလေသည်။ အမျိုးမျိုးသော ကောလာဟလများကလည်း ပြန့်နှံ့လာခဲ့ပြီး လေထုအခြေအနေက တင်းကျပ်လာချေသည်။
အင်ပါရီယာ ပြည့်ရှင်သစ်က တိုင်းပြည်ကို မည်သည့်နည်းဖြင့် အုပ်ချုပ်မည်၊ မည်သည့်အတိုင်းအတာထိ အောင်မြင်မှုများ ရရှိသွားမည်ဆိုသည်ကို လူတိုင်းက သိချင်နေကြတော့သည်။ တစ်ချို့လူများက စိုးရိမ်နေကြသည်။ တစ်ချို့လူများကတော့ ခံစားချက်မဲ့ကုန်တော့သည်။
သိပ်မကြာခင်အချိန်အတောအတွင်းတွင် အင်ပါယာ နန်းတော်အတွင်းပိုင်းမှ သတင်းအချက်အလက်များ ပြန့်လွှင့်လာတော့၏။
တိုင်းပြည်အနှံ့ရှိ တပ်စခန်းများရှိ အမျိုးမျိုးသော မျိုးနွယ်စုများမှ ပြဿနာရှာတတ်သည့် ဗိုလ်ချုပ်ကြီးများ တစ်ယောက်ပြီးတစ်ယောက် ကွပ်မျက်ခံရကြောင်းပင်။ ထို့ကြောင့် မသက်ဆိုင်သည့် လူများအနေဖြင့် ဤကိစ္စကို တွေးတောပူပင်နေရန် မလိုအပ်ကြောင်းပင် ဖြစ်သည်။
ကွပ်မျက်ခံလိုက်ရသူတိုင်းက အပြစ်များကို ကျူးလွန်ခဲ့ကြသူများသာ ဖြစ်သည်။ အပြစ်ကျူးလွန်ခြင်း မရှိခဲ့သည့် လူများက စိုးရိမ်နေရန် မလိုအပ်သည့် ကြေငြာချက်လည်း ထွက်ပေါ်လာတော့သည်။ ထိုအခါမှသာ လူတိုင်းက စိတ်သက်သာရာ ရသွားကြတော့၏။ အနည်းဆုံးတော့ စစ်တပ်စခန်းများ၏ အခြေအနေကသာ ပြောင်းလဲသွားခြင်း ဖြစ်ချေသည်။ အချိန်အချို့ကုန်လွန်သွားပြီးနောက်တွင် အရာအားလုံးက ငြိမ်းချမ်းသွားခဲ့သည်။
အချို့သော အထက်တန်းစား မျိုးနွယ်စုများက အင်အားများကို ဖြန့်ကျက်ကာ တပ်ဖွဲ့များကို အုပ်ချုပ်၏။ သိသာစွာပင် အင်ပါယာသစ်က ရာဇပလ္လင်ကို ဆက်ခံပြီးနောက်တွင်တော့ ပြောင်းလဲမှုများ ဖြစ်ပေါ်လာခဲ့ပြီ ဖြစ်သည်။ ထို့အပြင် သူ၏ ခြေလှမ်းတိုင်းက ရပ်တန့်သွားခြင်း မရှိသေးပေ။
စစ်တပ်စခန်းများကို ထိန်းချုပ်ခဲ့ပြီးနောက် ဟောင်က သွေးနတ်ဓားကို တစ်ကြိမ်လွဲရမ်းလိုက်ပြန်သည်။
ဘာ .. အထက်တန်းလွှာတွေရဲ့ စံအိမ်တော်တွေကိုလည်း သူက လှုပ်ရှားလာဦးမှာလား ..။ ”
တစ်စုံတစ်ယောက်က ကြောက်လန့်တကြား အော်ဟစ်ပြန်သည်။ ထို့ကြောင့် အခြေအနေတွေက မည်သို့ဆက်ဖြစ်တော့မည်မှန်း မည်သူမှ မသိကြတော့ချေ။ ကြောက်ရွံ့ထိတ်လန့်မှုများသာ အားလုံး၏ ရင်ထဲတွင် နောက်တစ်ကြိမ်ဖြစ်ပေါ်လာကြပြန်သည်။
လွန်ခဲ့သည့် ရက်အနည်းခန့်က ရှီဟောင်က အင်ပါယာနန်းတော်အတွင်းသို့ ဝင်ရောက်သွားခဲ့သည်။ လမ်းတစ်လျှောက်ရှိ အရာတိုင်းကို သူက သတ်ဖြတ်ခဲ့၏။ ပြဿနာ ရှာတတ်သည့် ဘုရင်ခံများက ကျန်ရှိနေသေးသည်။ သူတို့က အပြင်ဘက်နယ်မြေမှ မဟာဂိုဏ်းကြီးများနှင့် ပူးပေါင်းခဲ့သည်။ အထူးသဖြင့် ဆူဘုရင်၊ လန်ဘုရင်၊ ခွန်ဘုရင်နှင့် အခြားသူများပင် ဖြစ်ကြသည်။ ထိုဘုရင်များအားလုံး တစ်ချိန်တည်းတွင် သတ်ဖြတ်ခံလိုက်ရသော်လည်း မျိုးနွယ်စုဝင်များက ကျန်ရှိနေသေး၏။
ထိုမျိုးနွယ်စုဝင်များကလည်း စစ်ဘုရင်နှင့်အဖွဲ့၏ ပစ်မှတ်ထားခံလိုက်ရသောကြောင့်လည်း မြို့တော်အတွင်းမှ မထွက်ရဲခဲ့ကြပေ။
လက်ရှိအချိန်တွင်တော့ အင်ပါယာအသစ်ကိုယ်တိုင် ရောက်ရှိလာကာ အားလုံးကို အပြောင်ရှင်းတော့မည့်ပုံ ရသည်။
လူတိုင်းက အချိန်တိုအတွင်း ဖြစ်ပျက်သွားခဲ့သည့်အရာများကို မနည်းပင် လိုက်မီအောင် တွေးတောနေကြရတော့သည်။ သူတို့က ဤကိစ္စများကို ရှီဟောင်က ဥာဏ်ပညာရှိရှိဖြင့် လျှို့ဝှက်စွာ ကိုင်တွယ်လိမ့်မည်ဟု ထင်မှတ်ထားခဲ့ကြ၏။ သို့သော် ယခုတွင်တော့ သူက တိုက်ရိုက်သတ်ဖြတ်ခြင်းကိုသာ အသုံးချနေသည်။
များစွာသော သူများက အေးစက်ကာ တုန်ယင်ကြရ၏။ အင်ပါယာ ပြည့်ရှင် အသစ်၏ အသက်က ငယ်ရွယ်သော်လည်း သူက ရက်စက်စွာ လှုပ်ရှားရဲနေခဲ့ပြီ ဖြစ်သည်။ သူက ရာဇပလ္လင်ကို ဆက်ခံခါစပင် ရှိသေးသည်။ မည်သည့်နွေးထွေးမှုကိုမျှ ထုတ်ဖော်ပြသခြင်းမရှိပဲ သေးစွန်းသည့် နည်းလမ်းကိုသာ ရွေးချယ်လေသည်။ သူက အမှန်ပင် သွေးအေးကာ ရက်စက်သည့် အင်ပါယာတစ်ပါး ဖြစ်လာချေတော့သည်။
ရှီဟောင်က ဆက်လက်၍ လှုပ်ရှား၏။ သူက လုပ်ဆောင်သင့်သည့် အရာအားလုံးကို လက်မနှေးပဲ လုပ်ဆောင်ခဲ့သည်။ ထိုဘုရင်ခံများက သူ့ကို ပြဿနာများ ရှာဖွေပေးခဲ့သောကြောင့် သူကလည်း အပြစ်ကြီးကြီး ပေးရပေမည်။ သူတို့အားလုံးကို အပြတ်ရှင်းလိုက်သည်ကား ပို၍ ကောင်းမွန်လေသည်။ ထပ်ပေါင်းပြောရလျှင် အင်ပါယာနန်းတော်ရှိ အပြင်ရတနာသိုက်တစ်ခုလုံး ပြောင်ရှင်းသွားရသည်မှာ ထိုကောင်စုတ်များကြောင့် ဖြစ်သည်။ ထို အပြင်ဘက် ရတနာသိုက်ကို ပြန်လည်ဖြည့်တင်းရန် လိုအပ်လာခဲ့သောကြောင့် အထက်တန်းစား စံအိမ်တစ်ချို့ကို ပစ်မှတ်ထားလာခဲ့ခြင်း ဖြစ်ချေသည်။
အထက်တန်းစား မျိုးနွယ်စုများက ရှည်လျှားလှသည့် သမိုင်းကြောင်းများ ရှိကြသည်။ ထို့ကြောင့်ပင် သူတို့တွင် မရေမတွက်နိုင်သည့် အရင်းအမြစ်များ ကြွယ်ဝကြပေမည်။ လျို့ဝှက်ရတနာများကလည်း အလွန်ပင် ပေါများပေလိမ့်မည်။ တစ်ချို့သော သူများက အင်ပါယာ မင်းသားမင်းသမီးများနည်းတူပင် ရတနာသိုက်အတွင်း ဝင်ခွင့်ရခဲ့သောကြောင့် အဖိုးတန် နတ်ရတနာများကို သေချာပေါက် ယူသွားခဲ့နိုင်လေသည်။
စစ်ဘုရင်၊ အစောင့်အိုကြီးနှင့် အခြားသူများကမူ နေရာခွဲကာ လှုပ်ရှားကြသည်။ သူတို့က လျှို့ဝှက်ခန်းများအတွင်း ဝင်ရောက်ခြင်း၊ ပစ္စည်းများကို နေရာချမျိုးများသာ လုပ်ဆောင်ကြလေသည်။ ရှီဟောင်ကတော့ အပြစ်ပေးသည့်နေရာတွင်သာ နေ၏။
ထိုနေ့တွင်ပင် ကျောက်တုံး အင်ပါယာမြို့တော်တစ်ခုလုံး ပြင်းပြင်းထန်ထန် လှုပ်ခါသွားသလို အပြောင်းအလဲကြီးကြီးမားမားလည်း ဖြစ်ပေါ်လာခဲ့သည်။ မြို့တော်တစ်ခုလုံး ကြီးစွာသော ကြောက်လန့်မှုကြောင့် တုန်ရီနေလေ၏။
ထိုအချိန်တွင်တော့ ရှီဟောင်က ကိစ္စတစ်ချို့ကို ဖြေရှင်းရန်အတွက် မိုးဘုရင်၏ စံအိမ်တော်အတွင်းသို့ ဝင်ရောက်သွားချေပြီ။