သုခကမ္ဘာက ရှီဟောင် - Chapter - 650 မဟာကျွမ်းကျင် ပညာရှင်တို့၏ တိုက်ပွဲ
ကျောက်တုံး ကောင်လေး ..။ နင် ပြောတာ ဒီလူ့ကိုလား ..။ ”
အင်ပါယာ နန်းမြို့ရိုး၏ အပြင်ဘက်တွင် တာအိုဝတ်စုံဝတ်ဆင်ထားသည့် သက်လတ်ပိုင်း အမျိုးသမီးတစ်ယောက် ရှိနေသည်။ သူမက စွတ်စွတ်ဖြူသည့် ဝတ်စုံအား ဝတ်ဆင်ထားခြင်း ဖြစ်ပြီး ပုံပန်းသွင်ပြင်က ထူးခြားလှပေလေ၏။ မျက်နှာကတော့ အေးစက်လို့ နေသည်။ သူမ၏ လက်ထဲတွင်တော့ မြင်းမြီးတုတ်တစ်ချောင်း ရှိလေသည်။
မြို့ရိုးနံရံပေါ်တွင် ရှိနေသည့် ကွန်မန်ဒါများ၏ အမူအယာများက ပြောင်းလဲသွားချေသည်။ ကျောက်တုံး ညီအစ်ကို နှစ်ယောက်၏ တိုက်ပွဲပြီးဆုံးခဲ့သည်မှ စ၍ ရှီဟောင်နာမည်ကား အလွန်အမင်းကျော်ကြားသွားခဲ့၏။ သို့ရာတွင် သက်လတ်ပိုင်း အမျိုးသမီးကလည်း အလွန်စွမ်းအားကြီးသူ ဖြစ်ချေသည်။
ရှီဟောင် လူသား အင်ပါယာ ပြည့်ရှင်တစ်ယောက် ဖြစ်လာသည်ကို သဘောမကျစွာ ပြောဆိုလာခဲ့သည်။ ဟောင်ကပင် သူမအား ကိုယ်တိုင်ထွက်ကြိုဆိုသင့်သည်ဟု ဆိုလေသည်။ အမှန်တကယ်လည်း ထိုသို့ဖြစ်လာခဲ့ချေ၏။ ရှီဟောင်ကား အပြင်သို့ ထွက်လာခဲ့လေပြီ။ ထို့အပြင် ကျောက်တုံး ကောင်လေး၏ ခေါ်လိုက်ခြင်းအားဖြင့် ငယ်ရွယ်သူများအား နောက်ပြောင်ခြင်းတစ်မျိုးပင်။ သူမက ပို၍ ဝါစင်ကြီးကြောင်း သွယ်ဝိုက်ပြောဆိုရာလည်း ရောက်ပေသည်။ တစ်ဖက်သူက မောက်မာသည့် ဟန်ပန်ကို ပြသထား၏။ တစ်ချိန်လုံးပင် ကျောက်တုံး အင်ပါယာအား အထင်တသေးကြည့်ရှုနေနိုင်သည်ဟု ထင်မှတ်နေပုံရလေသည်။
တာအိုပညာရှင် မိန်းမကြီး .. ခင်ဗျားက ကျုပ်ကို ရန်လာစနေတာလား ..။ ”
ရှီဟောင်၏ အသံကား အင်ပါယာနန်းတော်တွင်းမှ ထပ်မံထွက်ပေါ်လာ၏။ ကြောက်စရာကောင်းသည့် ထိုအသံကြီးက အေးစက်မှု အရှိန်အဝါအပြည့်ဖြင့် လူတိုင်းအား လွှမ်းခြုံသွားလေတော့သည်။
ကျောက်တုံး ကောင်လေး .. နင် ဒီနားထိတောင် ရောက်နေပြီလေ .. အဲ့ဒါကို ဘာဖြစ်လို့ အပြင်ကို ထွက်လာပြီး မတွေ့သေးတာလဲ ..။ ”
သက်လတ်ပိုင်း အမျိုးသမီးက ဆိုသည်။
တာအိုပညာရှင် .. မင်းရဲ့ ရိုင်းစိုင်းမှုတွေကို ရပ်တန်းက ရပ်လိုက်တော့ .. ကျေးဇူးပြုပြီး အင်ပါယာ ပြည့်ရှင်ကို ရိုးရိုးကျိုးကျိုး စကားပြောပါ ..။ ”
ကွန်မန်ဒါတစ်ယောက်က ဝင်ဟောက်သည်။
အင်ပါယာ ပြည့်ရှင်တစ်ယောက်အား ယခုကဲ့သို့ ရိုင်းစိုင်းစွာ ပြောနေခြင်းအား ကွန်မန်ဒါများက လက်ခံနိုင်ကြခြင်း မရှိပေ။ တိုင်းပြည်တစ်ခု၏ အင်ပါယာပြည့်ရှင်ကား အပြင်လူများက ရိုင်းစိုင်းစွာပြောဆိုနေခြင်းသည် မဖြစ်သင့်သည့်အရာဟု သူတို့က ယူဆထားလေသည်။
ဝိုး .. တိုင်းပြည်တစ်ခုလုံးက မင်းကို ကျောက်တုံး ကောင်လေးလို့ပဲ ညွန်းဆိုကြတာ မဟုတ်ဘူးလား ..။ မင်းက အရမ်းကို ထူးချွန်တဲ့ လူငယ်လေးတစ်ယောက် ဖြစ်ချင်ဖြစ်လိမ့်မယ် ..။ အားလုံးက မင်းကို ကျောက်တုံး ညီငယ်လေးလို့ပဲ ခေါ်ကြတာလေ ..။ ”
ထိုအမျိုးသမီးက တည်ငြိမ်သည့် အမူအယာဖြင့် ဆိုပြန်သည်။ သူမက မြို့ရိုးနံရံပေါ်တွင် အသာအယာသာ ရပ်နေ၏။
မင်း .. ရိုင်းစိုင်းလာပြန်ပြီလား ..။ ”
ကွန်မန်ဒါတစ်ယောက်က အော်ပြန်သည်။ သူက အင်ပါယာ စစ်သည်တော်များအား အမိန့်ပေးကာ ကြီးမားလှသည့် အနက်ရောင်လေးများကို အသင့်ပြင်စေလိုက်သည်။ ထိုမြှားတစ်ချောင်းဆီကပင် ထူးခြားလှသည့် ငှက်မွှေးများဖြင့် ပြုလုပ်ထားခြင်း ဖြစ်၏။ အနီရောင် မြှားခေါင်းကလည်း အလင်းရောင်များဖြင့် လှည့်ပတ်တောက်ပနေပေသည်။ သိသာစွာ ထိုမြှားများက မျက်စိကျိန်းမတတ် မှော်သင်္ကေတများကို ထွင်းထုထားခြင်းကြောင့်ပင်။
၄င်းက စိတ်ဝိညာဉ် အက်ကွဲခြင်း မြှား ဖြစ်၏။ စွမ်းအားကြီးသည့် ကျင့်ကြံသူများအား ကိုင်တွယ်ရာတွင် သီးသန့်သုံးပေသည်။ ကြောက်မက်ဖွယ်ရာကောင်းသည့် သားရဲဖြစ်စေ၊ အထက်တန်းလွှာ ပုဂ္ဂိုလ်ကြီးများဖြစ်စေ စိတ်ဝိညာဉ်အက်ကွဲခြင်း မြှားက သတ်ဖြတ်ပစ်နိုင်စွမ်း ရှိသည်။ မြှားပမာဏ အများအပြား မရှိသော်လည်း သူတို့က တစ်ပြိုင်နက်တည်း ထုတ်ယူပြင်ဆင်လိုက်သောအခါ ကောင်းကင်နှင့်မြေပြင်ပင် ပြာနှမ်းသွားမတတ် ဖြစ်သွားချေသည်။
လေးစားထိုက်တဲ့ ဧည့်သည်တော်တစ်ယောက်ကို လျစ်လျူရှုပြီး မင်းတို့က မြှားတွေနဲ့တောင် ချိန်ရွယ်ထားတယ်ပေါ့ ..။ မင်းတို့ကသာ တမင်သက်သက် ရန်စနေကြတာ မဟုတ်လား ..။ ”
အမျိုးသမီးက အေးစက်စွာ ပြောသည်။ သူမ ရပ်နေသည့်နေရာတွင် ခမ်းနားလှသည့် အဖြူရောင် မြူအလင်းတန်းများ တောက်ပလာတော့သည်။ ထိုအလင်းတန်းများက သူမ၏ ခန္ဓာကိုယ်ကို ဝိုင်းပတ်သွားခဲ့၏။ သူမထံမှ မမြင်ရသည့် အရှိန်အဝါများ ထွက်ပေါ်လာသည်။ ထိုစွမ်းအားများက နတ်ဘုရား အဆင့် ကျွမ်းကျင်ပညာရှင်တစ်ယောက်၏ အရှိန်အဝါများပင် ဖြစ်၏။ ထိုခဏတွင် သူမက အရာအားလုံးကို ဖိနှိပ့်ကာ တုန်ယင်ခြောက်ချားအောင် ပြုလုပ်နိုင်စွမ်း အပြည့်ရှိနေတော့သည်။
မြို့ရိုးနံရံပေါ်ရှိ လူများအားလုံး မင်သက်ကုန်ကြသည်။ သူတို့ ကြီးစွာသော ဖိအားများကို ခံစားနေရ၏။ ထိုအရှိန်အဝါများက နတ်ဘုရား အဆင့် ကျင့်ကြံသူများ၏ အစစ်အမှန် စွမ်းအားများပင် ဖြစ်သည်။ ကျင့်ကြံခြင်း အဆင့် ကွာခြားချက်က အလွန်ပင် ကြီးမားနေသဖြင့် အင်ပါယာ စစ်သည်တော်များက နှလုံးသားမှ ဖိအားများကို မခုခံနိုင်တော့ပဲ လဲကျကုန်တော့သည်။
သက်လတ်ပိုင်း အမျိုးသမီးက ငွေရောင်အလင်းတန်းတစ်ခုကို လွှတ်ထုတ်လိုက်ပြီး လျှင်မြန်စွာ ပြန့်နှံံံ့သွားစေသည်။ ထိုနေရာတွင် ကြီးမားသည့် အားလှိုင်းကြီးတစ်ခု ထွက်ပေါ်လာလေတော့သည်။ မြို့ရိုးနံရံတစ်ခုလုံးကိုပင် လွှမ်းခြုံသွားစေ၏။
ရိုင်းလိုက်တာ …။ ”
ကျယ်လောင်သည့် အသံက ထွက်ပေါ်လာခဲ့သည်။ ကောင်းကင် ဓားတစ်ချောင်းက လေထဲတွင် လှုပ်ရှားလာ၏။ ငွေရောင်အလင်းတန်းအား ထိုကောင်းကင်ဓားက ခုတ်ပိုင်းချလိုက်တော့သည်။ လေဟာနယ် ကြားခံနယ်မြေပင် အက်ကွဲသွားခဲ့၏။
အင်ပါယာ မြို့တော်အတွင်းတွင်တော့ ရှီဟောင်က မိန်းလမ်းမကြီးများ တစ်ခုပြီးတစ်ခု ဖြတ်သန်းကာ လျှောက်လှမ်းလာနေသည်။ သူက ရွှေရောင်တိုက်ပွဲဝင် ဝတ်စုံအား ဝတ်ဆင်ထားပြီး နတ်ခရင်းခွကို ကျောပိုးထား၏။ လက်ထဲတွင်လည်း ကိုင်ဆောင်နေကျ ရွှေရောင်နတ်မှော်ဓားက တဖိတ်ဖိတ်တောက်ပလို့ပင်။
သူ၏ အကြည့်က မီးလျှံများအလား တောက်ပနေ၏။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက အာဏာစက်ပြင်းထန်သည့် အရှိန်အဝါများ လွှမ်းခြုံနေသည်။ တကျိကျိ တရားရား အသံများအောက်တွင် ကြီးမားလှသည့် ကျောက်တံခါးကြီးက ဖြည်းညင်းစွာ ပွင့်လာခဲ့သည်။
ထိုကျောက်တံခါးကြီးမှတစ်ဆင့် ရှီဟောင်က တစ်လှမ်းချင်းထွက်လာပြီး သက်လတ်ပိုင်း အမျိုးသမီးအား စိုက်ကြည့်လိုက်၏။
ကျောက်တုံး ကောင်လေး .. ငါက နတ်နန်း ဂိုဏ်းကို ကိုယ်စားပြုတယ် ..။ နင်က တိုင်းပြည်တစ်ခုရဲ့ အင်ပါယာ ပြည့်ရှင်တစ်ယောက်ဖြစ်နေတယ်ဆိုရင်တောင်မှ ငါလာတယ်ဆိုရင် လေးစားမှုပြတဲ့အနေနဲ့ ကိုယ်တိုင်ထွက်ကြိုသင့်တာက ပုံမှန်ပဲ ..။ နင် ဧည့်သည်တစ်ယောက်ကို ဘယ်လိုမျိုး ကြိုဆိုရမလဲဆိုတာ နားမလည်တာလား ..။ ”
သက်လတ်ပိုင်း အမျိုးသမီးက ပြောသည်။
ကျုပ်က ခင်ဗျားကို ဝင်ခွင့်ပြုမယ်ဆိုရင်ရော ဝင်လာရဲပါ့မလား ..။ ”
ရှီဟောင်က ထိုအမျိုးသမီးအား အထင်တသေးကြည့်လိုက်၏။ သူမက နှစ်ပေါင်းများစွာကြာအောင် နေထိုင်အသက်ရှင်လာပြီး ကျင့်ကြံနေခဲ့သည့် နတ်ဘုရား အဆင့် ကျွမ်းကျင်ပညာရှင်တစ်ယောက် ဖြစ်သည်။ သူမ၏ စွမ်းအားက လောက၏ ထိပ်တန်းအဆင့်တွင် တည်ရှိသောကြောင့် သူမ သွားသည့်နေရာတိုင်းတွင် ပျူပျူငှာငှာ ဆက်ဆံခြင်းကို ခံရလေသည်။ သူမ မမြင်ဖူးသည့် စွမ်းအားကြီးပညာရှင်များက မရှိသေလာက်ဟုပင် ဆိုရပေမည်။ သို့သော် လူငယ်လေးတစ်ယောက်က သူမကို ယခုကဲ့သို့ ပြုမူဆက်ဆံနေခဲ့၏။ သူမ၏ အကြည့်များက ပို၍ပင် အေးစက်လာခဲ့သည်။
ကျောက်တုံးညီငယ်လေး၏ နာမည်ကား ပျက်သုန်းခြင်း နယ်မြေတွင်သာမက အပြင်ဘက်နယ်မြေများသို့တိုင် ပျံ့နှံ့ကျော်ကြားလေသည်။ သူမအနေဖြင့် ယခင်က ဟောင့်ကို မသိခဲ့သော်လည်း ကျော်ကြားထင်ရှားလာခဲ့ပြီးနောက်တွင်တော့ သတင်းသဲ့သဲ့ကို ကြားခဲ့ရပြီးသား ဖြစ်သည်။ ဟောင် ထုတ်ဖော်ပြသခဲ့သည့် စွမ်းအားများကြောင့်လည်း အလွန်ပင် ပါရမီကြီးရင့်သူတစ်ယောက်ဖြစ်သည်ကို မည်သူမဆို ချွင်းချက်မရှိ လက်ခံခဲ့ကြရသည်။ သို့ရာတွင် သူမ၏ မောက်မာမှုကို ဆက်လက်ထိန်းသိမ်းနိုင်ရန် လိုအပ်သည်။ ထို့အပြင် ဟောင်ကလည်း အင်မတန်ငယ်ရွယ်သေးသောကြောင့် သူမက ယခုကဲ့သို့သော နည်းလမ်းဖြင့် ဝင်ရောက်လာခဲ့ခြင်းပင်။
ဒီလောက် အသက်အရွယ်လေးနဲ့ အင်ပါယာအရှင်တစ်ယောက်ဖြစ်လာရတာက လွယ်ကူခဲ့မှာတော့ မဟုတ်ဘူး ..။ နင့်ရဲ့ စကားတွေထဲမှာ သေချာတဲ့ ယုံကြည်မှုတွေ ပါနေပေမဲ့ လောကကြီးက ကြီးမားလွန်းပါတယ် .. တစ်ယောက်ထက် တစ်ယောက် ပိုပိုပြီး သာလွန်တဲ့ သူတွေကလည်း ရှိနေဦးမှာပဲ ..။ နင်ကသာ လေးစားမှု နည်းနည်းလောက်ပြမယ်ဆိုရင် ငါကလည်း ဝါကြီးတဲ့ မျိုးဆက်တစ်ယောက်အနေနဲ့ နင့်ကို မျက်နှာပေးဖို့ တွေးထားခဲ့သေးတာ ..။ ”
တစ်ဖက်အမျိုးသမီးက ဆိုသည်။
ခင်ဗျား ကျုပ်ကို သင်ပြပေးဖို့ လိုတယ်လို့များ ကျုပ်ပြောမိလို့လား …။ ”
ရှီဟောင်၏ လေသံက ကြမ်းတမ်းကာ ပြတ်သား၏။
သက်လတ်ပိုင်း အမျိုးသမီး၏ အမူအယာက ပြောင်းလဲသွားတော့သည်။
အစတည်းက ယခုအချိန်ထိ ထိုလူငယ်က စကားများများစားစား မဆိုခဲ့့ချေ။ သို့သော် ပြောလိုက်သမျှ စကားလုံးတိုင်းက မောက်မာနေခဲ့ပြီး ပုံပန်းသွင်ပြင်နဲ့လည်း လိုက်ဖက်နေတော့သည်။ ဟောင်က သူမကို အထင်သေးနေသည်မှာ သေချာပေ၏။
ကောင်စုတ်လေး .. နင်က အရမ်းကို ပြိုင်ဘက်ကင်းလွန်းနေတယ်ပေါ့ ..။ ဟုတ်လား …။ ငါက နတ်ဘုရား အဆင့် ကျွမ်းကျင်ပညာရှင်ပဲ ..။ နင်က တိုင်းပြည်တစ်ခုရဲ့ အင်ပါယာဆိုရင်တောင် အခုလို ရိုင်းရိုင်းစိုင်းစိုင်း မဆက်ဆံသင့်ဘူး ..။ နင့်နေရာက အချိန်မရွေး ပြုတ်ကျသွားနိုင်တယ်ဆိုတာကို နားမလည်တာလား ..။ ဘယ်လိုကြောင့်များ အခုလောက်ထိ ရဲတင်းနေရတာလဲ ..။ ”
သက်လတ်ပိုင်း အမျိုးသမီးက ဆိုပြန်သည်။
ဒါက တန်ပြန်သက်ရောက်မှုပဲလေ ..။ ခင်ဗျားက ကျုပ်ကို ဒီလိုဆက်ဆံရဲမှတော့ ကျုပ်က ဒီလိုပြန်လုပ်ရဲတာ ပုံမှန်ပဲလို့ မထင်ဘူးလား ..။ ခင်ဗျား သေချင်တယ်ဆိုရင် ကူညီပေးမယ် ..။ မဟုတ်ရင်တော့ ထွက်သွားလိုက်တော့ ..။ ”
ရှီဟောင်က အေးစက်စွာ ဆို၏။
မြို့ရိုးပေါ်ရှိ ကွန်မန်ဒါများပင် မင်သက်သွားရသည်။ သက်လတ်ပိုင်း အမျိုးသမီး၏ မျက်နှာကလည်း ဖြူဖျော့သွား၏။ ၄င်းက တိုက်ရိုက်ဆန်လွန်းနေသည်။ သူက သူမအား မျက်နှာသာ မပေးသည့်အပြင် တိုက်ရိုက်ပင် မောင်းထုတ်နေခဲ့၏။ ပြောသင့်သမျှ ပြောပြီးသွားခဲ့ချေပြီ။ ထိုလူသား အင်ပါယာ ပြည့်ရှင်လေးက အလွန်ပင် တည်ငြိမ်နေသေး၏။ သူမကို အရေးကြီးသည့် လူတစ်ယောက်ဟုပင် မထင်ထားသည့်အလား ပြုမူပြနေချေသည်။ ထိုအချင်းအရာက သူမအား ဒေါသထွက်စေ၏။
ချိ ..။ ”
နောက်ဆုံးတွင်တော့ ရှီဟောင် လှုပ်ရှားလိုက်ချေပြီ။ သူ၏ လက်ထဲရှိ နတ်မှော်ဓားက အဖြူရောင်အလင်းတန်းများဖြင့် တောက်ပလာခဲ့သည်။ ရေကဲ့သို့ ကြည်လင်နေပြီး ကြယ်ကြွေသကဲ့သို့ ထင်မှတ်ရလောက်အောင် လှပ၏။ တစ်ချိန်တည်းတွင်ပင် ထူးဆန်းကာ အရည်အသွေးမြင့်မားဟန်ရသည့် စွမ်းအားများက ထိုအမျိုးသမီးထံသို့ ကျဆင်းသွားခဲ့သည်။
အုတ်မြစ်တည်ဆောက်ခြင်း အဆင့်လောက်ပဲ ရှိသေးတဲ့ မျိုးဆက်သစ်တစ်ယောက်က အခုလိုမျိုး ရန်စလာရဲတယ်ပေါ့ …။ ”
သက်လတ်ပိုင်း အမျိုးသမီးက အော်ဟစ်၏။
သူမက အော်ဟစ်ပြီးသည်နှင့် လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။ ထိုအခါ ငွေရောင်အလင်းများ ထွက်ပေါ်လာခဲ့၏။ ဓားအလင်းများဖြင့် ရင်ဆိုင်တော့သည်။ ကြီးမားလှသည့် ကြယ်မြစ်ကြီးတစ်စင်းက နှစ်ပိုင်းကွဲသည်အထိ ပေါက်ကွဲသွားရသည်။ ကောင်းကင်နှင့် မြေပြင်က အက်ကွဲ၏။ ရူးသွပ်တော့မတတ် ဖြစ်နေသည့် အားလှိုင်းများကလည်း ပဲ့တင်ထပ်ကာ ထွက်ပေါ်လာကြသည်။ ကံကောင်းသည်မှာ မဆုံးနိုင်သည့် ကောင်းကင် နဂါးစွမ်းအားများက အဖက်ဖက်မှ ထွက်ပေါ်လာခဲ့ချေပြီ။
ထိုနဂါးစွမ်းအားများက အဖျက်အဆီးအားလှိုင်းများအား ငြိမ်းအေးစွာ ချိတ်ပိတ်ထားလိုက်တော့သည်။ ထိုသို့မဟုတ်လျှင်တော့အင်ပါယာနန်းတော်တောင်မှ ပေါက်ကွဲသွားလောက်ပေ၏။ မည်သို့ပင်ဆိုစေ နတ်ဘုရား အဆင့် ကျွမ်းကျင်ပညာရှင်များ၏ တိုက်ခိုက်မှုက တောင်များကို အက်ကွဲစေပြီး ပင်လယ်ရေပြီးကို ခမ်းခြောက်စေသည်အထိ စွမ်းဆောင်နိုင်ကြလေသည်။
သက်လတ်ပိုင်း အမျိုးသမီးက အလွန်အမင်း အံ့သြသွားခဲ့ချေပြီ။ အသက်ဆယ့်ငါးနှစ်ခန့်သာ ရှိသေးသည့် လူငယ်တစ်ယောက်က သူမ၏ တိုက်ကွက်ကို တားဆီးထားနိုင်ခဲ့သည်။ ထို့အပြင် သူ၏ ထင်ရှားသည့် ပါရမီကိုလည်း ထုတ်ဖော်ပြသလိုက်သည်။ သူမတောင်မှ စိတ်ထဲတွင် လှုပ်ခပ်သွားရတော့၏။
ဒါက ပုံမှန် မဟုတ်တော့ချေ။ သူမက အဆင့်မြင့်နယ်မြေသို့ ခြေချနေနိုင်သည့် ကျင့်ကြံသူတစ်ယောက်ဖြစ်ကြောင်း တစ်ဖက်က သိထားသည့်တိုင်အောင် သူမကို ယခုလောက် စွမ်းအားမျိုးဖြင့် တားဆီးလာနိုင်သည်။ ထိုအရာက သဘာဝ မကျတော့ပါပေ။
ထိုအချိန်တွင် ရှီဟောင်က ရှေ့သို့ တစ်လှမ်းချင်းရှေ့သို့ လျှောက်လာသည်။ သူက အင်ပါယာမြို့တ်ာအတွင်းမှ ထွက်လာခဲ့ပြီးဖြစ်သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို သိပ့်သည်းလှသည့် နဂါးအရှိန်အဝါများက လွမ်းမိုးထား၏။ ကောင်းကင် နဂါးများက သူ့အား ဝိုင်းပတ်ထားသလိုမျိုး စွမ်းအင်မျှင်များကလည်း တစ်မျှင်ပြီးတစ်မျှင် ထူထပ်လာလေသည်။ မြင်ကွင်းက မင်သက်ဖွယ်ရာပင် ဖြစ်ချေသည်။
သတ်စမ်း …။ ”
သက်လတ်ပိုင်း အမျိုးသမီးကလည်း လက်ညိုးကို ဓားတစ်ချောင်းကဲ့သို့ ညွန်ပြ၏။ သူမ၏ လက်ညိုးထိပ်မှ ငွေရောင်အလင်းတန်းများ ထိုးထွက်လာစေလိုက်သည်။ ထိုအရာက ဓားကြီးတစ်စင်းကဲ့သို့ ဖွဲ့စည်းသွားခဲ့လေသည်။ တဖြည်းဖြည်း ကြီးမားလာခဲ့ရာမှ အရှည်အားဖြင့် ကျန်းရာချီ ပြန့်နှံ့သွား၏။ ထို့အပြင် နိုင်လိုမင်းထက် ဆန်လှသည့် အရှိန်အဝါအပြည့်ဖြင့် လွဲခုတ်လာတော့သည်။
ရှီဟောင်၏ လက်အတွင်းမှ ရွှေရောင်ဓားကလည်း လှုပ်ခါလာ၏။ ထိုရွှေဓားမှ ထုတ်လွှတ်လာသည့် အလင်းများက မျက်စိကျိန်းမတတ် တောက်ပလွန်းလှသည်။ နေမင်းတစ်စင်း အောက်သို့ နိပ့်ဆင်းလာသည်နှင့်ပင် တူသည်။
ငွေရောင် ဓားမှ အလင်းများနှင့် ပေါင်းစုံသွားပြီး နောက်ထပ် သိပ့်သည်းလှသည့် အားလှိုင်းများ ထွက်ပေါ်လာတော့သည်။ သိသာစွာပင် လောကတစ်ခုလုံးက ထိုအလင်းတန်းများကြောင့် အပြင်းအထန် လှုပ်ခါသွားချေသည်။ ငွေရောင်အလင်းများက အမှန်ပင် ခုတ်ပိုင်းခံလိုက်ရ၏။ မည်သည့်အရာမှ တည်ရှိမနေသည့် စကြာဝဠာအလွှာကိုပင် ထိုးဖောက်သွားတော့သည်။
” အင်ပါယာ နဂါးစွမ်းအင် ..။ ”
သက်လတ်ပိုင်း အမျိုးသမီးက နူးညံ့စွာ ရေရွတ်လိုက်သည်။ သူမ၏ မျက်ဝန်းများက အလင်းရောင်များဖြင့် တဖျက်ဖျက်လက်လာပြီး မင်သက်မှုကို ထုတ်ပြလိုက်၏။ ရက်မည်မျှသာ ကြာသေးသနည်း။ ကျောက်တုံးညီငယ်လေးကား တစ်ခဏတာမျှ နန်းတော်အတွင်း နေလိုက်ရသည့်တိုင်အောင် နဂါးစွမ်းအင် အဆီအနှစ်များကို သုံးစွဲနိုင်နေချေပြီ။
ရှီဟောင်၏ အပြုအမူအရ သူက သေချာပေါက်ပင် လျှို့ဝှက်ဆန်းကြယ်သည့်အဆင့်တစ်ခုသို့ ရောက်ရှိနေပေလိမ့်မည်။ ထိုသို့မဟုတ်လျှင် သူ မည်မျှပင် အံ့သြဖွယ်ကောင်းနေစေကာမူ သူမကဲ့သို့ နတ်ဘုရားအဆင့် ကျွမ်းကျင်ပညာရှင်အား တိုက်ခိုက်နိုင်လိမ့်မည် မဟုတ်ချေ။