သုခကမ္ဘာက ရှီဟောင် - Chapter - 672 အဆင့်မြင့်နယ်မြေမှ လက်ရွေးစင်များ
ရွှေရောင်လူသွားလမ်းသည် အပြင်ဘက်ကို ဆန့်ထွက်လာပြီး ပန်းဖတ်လေးများလည်း လေပေါ်ပျံဝဲနေကြသည်။
လူတစ်စုပေါ်လာပြီး သူတို့သည် အလွန်အရေးကြီးသောပုဂ္ဂိုလ်များကို ကာကွယ်ရန်အတွက် ရပ်နေကြသည်။ သူတို့သည် ထို ကျန်းပေါင်း တစ်သောင်းကျော်ရှည်သောလှေကြီးကို စီးမည့်သူများပင် ဖြစ်ပေမည်။
ဤနေရာသည် အလွန်ခမ်းနားလှသည်။ စွမ်းအားကြီးသော မှော်ပစ္စည်းတစ်ခုပွင့်လာပြီး ရွှေရောင်လမ်းကြောင်းတစ်ခုပေါ်လာကာ ပန်းမိုးများလည်း ရွာလာခဲ့သည်။
“ပိုလိုက်တာ” ဤအရာသည် လူတိုင်း၏စိတ်ထဲတွင် ပြောနေသော စကားဖြစ်ပြီး မည်သူမျှတော့ အပြင်တွင် ထုတ်မပြောရဲပေ။ အဆင့်မြင့်နယ်မြေမှလူများကို ရင်ဆိုင်ရလျှင် သူတို့သည် အလိုလိုပင်ကြောက်လန့်နေကြ၏။
အဆင့်မြင့်နယ်မြေမှ လူများရောက်လာကြသည့်အတွက် နယ်မြေအသီးသီးမှ လူများသည် တုန်လှုပ်သွားကြသည်။ သူတို့သည် ထိုသူများကို လေးလေးစားစားဖြင့် ဆက်ဆံရမည်သာ။ သို့မဟုတ်ပါက သူတို့ဘယ်လို ကပ်ဒုက္ခမျိုးကို ရင်ဆိုင်ရမည်ဆိုသည်ကို မည်သူမျှ မသိနိုင်ပေ။
ထာဝရတောင်ကဲ့သို့ အဆင့်မြင့်နယ်မြေနှင့် အဆက်အသွယ်ရှိသောသူများသာ အေးအေးဆေးဆေးနေနိုင်ကြပြီး တစ်ခြားကျင့်ကြံသူများမှာ သူတို့၏မာနများကို ချိုးနှိမ်ထားကြရသည်။
ချန်းမန်နှင့် တစ်ခြားသူများလည်း နောက်ဆုတ်သွားကြသည်။ သူတို့သည် မျက်နှာသာရအောင် ဦးမညွှတ်ကြသော်လည်း ထိုသူများနှင့် နီးနီးကပ်ကပ်မနေလိုပေ။
ရှီဟောင်၏မျက်လုံးများ အရောင်လက်သွားသည်။ သူ ထူးဆန်းသော နယ်မြေသို့ရောက်သည်နှင့် ဤမြင်ကွင်းကို တွေ့ရလိမ့်မည်ဟုမထင်ထားခဲ့ပေ။ မြင့်မြတ်သောအမျိုးသမီးများနှင့် သူရဲကောင်းများ ဆင်းလာမည်ဟု သူကြားထားသော်လည်း ယနေ့တွင် သူကိုယ်တိုင်တွေ့ရလိမ့်မည်ဟု မထင်ထားခဲ့ပါ။
ကြီးမြတ်သော ပုဂ္ဂိုလ်များသည် လှေပေါ်မှ မဆင်းနိုင်ကြပေ။ သူ့တို့ကို အင်အားကြီးသော တစ်စုံတစ်ခုက ဟန့်တားထားလေသည်။ သို့သော် အသက်ငယ်သောမျိုးဆက်များကိုတော့ ထိုအရာက မဟန့်တားနိုင်ပေ။ သူတို့သည် တည်တည်ငြိမ်ငြိမ်ဖြင့်ပင် ဆင်းလာကြသည်။
ကျန်း ၁ သောင်းခန့်ရှည်သော သင်္ဘောကြီးသည် ထူးဆန်းသောနယ်မြေ၏ နေရာအများအပြားသို့ လည်ပတ်နေပြီး အရေးကြီးသော နေရာအနည်းငယ်တွင်သာ ရပ်တန့်၏။
အဆင့်မြင့်နယ်မြေမှ တစ်ယောက်သည် လှေအတွင်းသို့ ဝင်သွားချိန်တွင် သင်္ဘောကပ်ပတိန်နှင့် အခြားဝန်ထမ်းများက သူ့ကို လေးလေးစားစား ကြိုဆိုကြသည်။
ထိုပုဂ္ဂိုလ်သည် ထူးဆန်းသောနယ်မြေကို လည်ပတ်လိုခြင်းဖြစ်၏။ သူ၏ရည်ရွယ်ချက်မှာ နယ်မြေများ၏ အရေးကြီးသောဒေသများကို နားလည်ပြီး အဆင့်နိမ့်နယ်မြေများ၏ အခြေအနေများနှင့် ဓလေ့များကို နားလည်လိုခြင်းဖြစ်သည်။
“သူတို့လည်း ဒီလှေကို စီးကြတာလား” ရှီဟောင်၏မျက်လုံးတွင် အလင်းတန်းလေး ဖြတ်ပြေးသွားသည်။
“သူတို့ အဆင့်နိမ့်နယ်မြေကို ရောက်နေတာ နည်းနည်းကြာပြီ။ သူတို့ တောင်တွေ မြစ်တွေဆီကို သွားလည်ကြပြီးပြီ။ ဒီလှေလာမယ်ဆိုတာကြားလို့ ဒီလှေစီးပြီး ထူးဆန်းတဲ့နယ်မြေကို ခြေဆန့်ဖို့ ဒီကိုရောက်လာကြတာ” အတွင်းသတင်းများကို သိနေသော လူတစ်ယောက်က ပြောပြ၏။
“သူတို့ထဲမှာ ငါ့ရဲ့ ထာဝရတောင်က သူတွေတောင် ပါနိုင်တယ်”သူသည်လည်း ကလန်ထဲမှ အတွင်းသတင်းများ ရရှိထား၏။
ချန်းမန်သည် သူတို့အကြောင်းပိုသိချင်မိသည်။ သူသည် ထိုထဲမှ တစ်ယောက်ယောက်နှင့် ဆက်ဆံရေးတစ်ခုတည်ဆောက်နိုင်သည်နှင့် အနာဂတ်တွင် သူ၏ ဂုဏ်ပုဒ်မှာ တစ်ရှိန်ထိုး ထိုးတက်လာမည်ဖြစ်၏။ သို့သော် သူသည် မလိုလားသော ပြဿနာများရှာမိပြီး ဒုက္ခရောက်မည်ကိုလည်း စိုးရိမ်သည်။
ရှီဟောင်သည် တည်တည်ငြိမ်ငြိမ်ဖြင့်ပင် ထိုသူများကို လေ့လာနေ၏။ ထိုသူများသည် မည်သူဖြစ်သည်ကို သူ မရှာဖွေချင်သကဲ့သို့ ထိုသူများကို စိတ်လည်းမဝင်စားပေ။
ထိုအချိန်တွင် ကျင့်ကြံသူများသည် လှေနားသို့သွားပြီး ထိုသူများကို အလွန်ရိုရိုကျိုးကျိုးဖြင့် သွားရောက်နှုတ်ဆက်ကြသည်။
ဤနေရာသည် ငြိမ်းချမ်းသော နေရာမဟုတ်ပေ။ လှေကြီးသည် နေ့တစ်ဝက်ခန့်ရပ်နေပြီး နယ်မြေမှလူများ တစ်ယောက်ပြီး တစ်ယောက် ဝင်သွားကြ၏။ ချန်းမန်သည်လည်း ဝင်သွားပြီး မည်မျှပင်မကြာလိုက်ချေ ပြန်ဆင်းလာသည်။ သူပြန်လာသောအခါ သူ၏ပုံစံမှာ ပုံမှန်မဟုတ်ပေ။ သူသည် တစ်ခုခုပြောချင်သည့်ပုံ ဖြစ်နေ၏။
ရှီဟောင်သည် ဘာမှမပြောပဲ ချန်းမန်ကိုသာ ကြည့်နေသည်။
“အဆင့်မြင့်တဲ့အခန်းတွေက အဆင့်မြင့်နယ်မြေကလူတွေ ယူပြီးသွားပြီ။ ငါတို့ အဆင့်နိမ့်တဲ့အခန်းပဲ ရမှာ”
ရှီဟောင်သည် နှာခေါင်းရှုံ့လိုက်ပြီး “မြင့်မြတ်လှတဲ့ ထာဝရတောင်၊ နယ်မြေ ၈ ခုလုံးကို လွှမ်းမိုးနိုင်မယ့်ဒီနေရာက ဒီလောက်ပဲ အရေးပါတာပေါ့။”
“မင်းဘာစကားပြောတာလဲ” ဘေးတွင် မကျေနပ်သောသူများရှိနေပြီး ထိုသူများက သူ့ကို ရန်လိုကြ၏။
ရှီဟောင်သည် ထိုသူကို ကြည့်လိုက်ပြီး “အမှန်အတိုင်းပြောတာပဲလေ။ ခင်ဗျားတို့အားလုံး အစွမ်းရှိကြတာပဲလေ။ ကျွန်တော်ထင်တာမမှားရင် အဲဒီအခန်းတွေက ခင်ဗျားတို့ဟာမလား။ ဒါပေမဲ့ သူများယူသွားတာ ခံလိုက်ရပြီး ခင်ဗျားတို့ကလည်း သူတို့ကို ဘာမှပြန်မပြောရဲကြဘူးလေ”
ချန်းမန်နှင့်အခြားသူများ၏မျက်နှာသည် မဲမှောင်လာကြပြီး ဘာမျှပြန်မပြောနိုင်ကြတော့ပေ။
“လှေမစီးပဲနဲ့ ခဏစောင့်ကြတာပေါ့။ ဒီသတင်းသာ အပြင်ဘက်ကမ္ဘာကို ပေါက်ကြားသွားရင် ထာဝရတောင်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်သွားလိမ့်မယ်” ရှီဟောင် ခနဲ့လိုက်သည်။
ချန်းမန်သည် ပြန်ငြင်းချင်သော်လည်း တုံ့ဆိုင်းသွားရသည်။ ကျောက်တုံးလေးသည် မည်မျှအစွမ်းထက်သည်ကို သူသိသောကြောင့် ဤကိစ္စကြောင့် သူတို့ကြားမှ ဆက်ဆံရေးပြောင်းလဲသွားမည်ကို မလိုလားပေ။ “ခဏစောင့်ကြတာပေါ့” ချန်းမန်ပြောလိုက်သည်။
ထာဝရတောင်သည် ထူးဆန်းသောနယ်မြေတွင် စွမ်းအားအကြီးဆုံးဖြစ်သောကြောင့် သူသည်လည်း သူ၏အဆက်အသွယ်များ ရှိသည်။ ဤလှေကြီး၏နောက်ခံသည် အလွန်လျှို့ဝှက်သော်လည်း သူတို့အဆက်အသွယ်များထဲတွင် ဤလှေလည်း ပါဝင်သည်။ သူတို့သည် လှေပိုင်ရှင်ကို တိုက်ရိုက်ဆက်သွယ်လိုက်ပြီး ဤအခြေအနေကို ဖြေရှင်းပေးရန် ပြောလိုက်သည်။
“အဲဒီလိုမျိုးလား။ အရေးပေါ်အတွက်သုံးတဲ့ အဆင့်မြင့်အခန်းတွေရှိတယ်။ အဲဒါတွေကို ယူလိုက်ပါ။”
ပြဿနာသည်ချောချောမွေ့မွေ့ပင် ဖြေရှင်းပြီးသွား၏။ ချန်းမန်သည် ရှီဟောင်ထံသို့ လျင်မြန်စွာပြန်လာပြီး လှေပေါ်တက်လို့ရကြောင်း ပြောလိုက်သည်။ သူသည် အပြင်တွင် ကြာကြာနေပြီး လူအများ၏ အာရုံစိုက်မှုကို မခံချင်ပေ။ ပြဿနာများ ဖြစ်လာနိုင်သောကြောင့်ပင်။
ရှီဟောင် အံ့အားသင့်သွားသည်။ အဆင့်မြင့်အခန်းများတွင် အုတ်မြစ်တည်ဆောက်ခြင်းစွမ်းအားများဖြင့် ပြည့်လျှံနေသည်မှာ ထိုစွမ်းအားသည် အရည်အဖြစ်ပင် ပြောင်းလဲတော့မည်ဖြစ်၏။ ဤနေရာတွင် စွမ်းအားကြီးသော ဝိဉာဉ်စုဝေးစေသည့်အရာများ ရှိနေသည်။
ထို့အပြင် စားပွဲနှင့်ထိုင်ခုံများမှာ အုတ်မြစ်စုဝေးခြင်းကျောက်များဖြင့် ပြုလုပ်ထားသည်။ ထိုကျောက်များသည် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ စိတ်ဝိဉာဏ်များကို သယ်ဆောင်နိုင်ပြီး နေရာအနှံ့မှ ဝိဉာဉ်စွမ်းအားများကို စုဆောင်းနိုင်သည်။ ထိုစွမ်းအားများသည် ကျင့်ကြံသူများအတွက် အလွန်အကျိုးရှိသည်။
ထိုအရာအပြင် ဖောက်ထွင်းမြင်ရသော မှန်များလည်း ရှိသေး၏။ ထိုမှန်မှတဆင့် အပြင်အဝေးမှ အရာများကို ရှင်းရှင်းလင်းလင်းမြင်နိုင်သည်။
“ဒါတွေက နှောင်ဖွဲ့မှုမျက်လုံးဖွဲ့စည်းခြင်းပဲ။ ဒီကနေတစ်ဆင့် မင်း အဆုံးမရှိတဲ့ တောင်တွေ မြစ်တွေ ကြည့်လို့ရတယ်။ မင်း ထူးဆန်းတဲ့နယ်မြေရဲ့ ရှုခင်းကို ဒီကနေ ကြည့်လို့ရတယ်။” ချန်းမန်သည် ဂုဏ်ယူသော လေသံဖြင့် ရှင်းပြလိုက်သည်။
ရှီဟောင်သည် နှာခေါင်းရှုံ့လိုက်ပြီး ပြောလိုက်သည်။ “ဒါက နောက်ထပ်လှောင်အိမ်တစ်ခုသပ်သပ်ပဲ။ ဒါကို မသေမျိုးမိသားစုနေနေတဲ့အိမ်လိုမျိုး ပြောမနေနဲ့။ မင်းက အနောက်ကောင်းကင်ဘုံနယ်မြေအားလုံကို သေချာမမြင်ဖူးသေးပဲနဲ့ ငါ့ကိုဖိတ်တယ်ပေါ့”
ချန်းမန်မျက်နှာသည် ချက်ချင်း မဲမှောင်သွားသည်။ သူသည် ထူးဆန်းသောနယ်မြေကိုရောက်သည်နှင့် ယုံကြည်ချက်ရှိလာသော်လည်း သူမထုတ်ပြရဲပေ။
သူတို့ဘေးတွင် ရပ်ပြီး စောင့်ကြပ်ပေးနေသည့် ကျွမ်းကျင်သူ ၁၀ ယောက်ရှိပြီး သူတို့သည် လူသတ်ချင်သောအငွေ့အသက်များ ထုတ်လွှတ်နေကြသည်။
ရှီဟောင်သည် သူတို့ကို တစ်ချက်ကြည့်လိုက်ပြီး “ငါ့ကို သတ်ချင်နေတဲ့သူတွေ မင်းတို့ မြန်မြန်ထွက်သွားလိုက်ကြ။ မင်းတို့ကို ငါသတ်မှ ငါရိုင်းတယ်ဆိုပြီး အပြစ်မတင်နဲ့။ ငါ ရန်သူကို ငါ့ဘေးမှာ မထားချင်ဘူး”
“ဒါက အနောက်ဘက်ကောင်းကင်ဘုံနယ်မြေမဟုတ်သလို မင်းရဲ့နန်းတော်လည်း မဟုတ်ဘူး။ ကျေးဇူးပြုပြီး ထာဝရတောင်ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာပေးပါ” တစ်စုံတစ်ယောက်သည် မယဉ်ကျေးစွာ ပြောလိုက်သည်။
“ဒါက ဘယ်သူအိမ်ကကလေးလဲ။ သူ့ကို မြန်မြန်ဆွဲထုတ်သွား” ရှီဟောင်သည် ချင်းမန်ကို တစ်ချက်ကြည့်လိုက်သည်။
“ခင်ဗျား…”ကောင်လေးသည် စိတ်တိုလွန်းသဖြင့် ဆံပင်များပင် ထောင်ထလာသည်။
ချန်းမင်သည် ကောင်လေးကို သူ၏ဘေးနားသို့ဆွဲလိုက်ပြီး “အဆင့်လွန်ကျွမ်းကျင်သူ ၂ ယောက်ကို သတ်ထားတဲ့သူက မင်းကို အပိုစကားတွေ ပြောနေမှာမဟုတ်ဘူး။”
ကောင်လေး၏ခန္ဓာကိုယ်သည် တောင့်ခဲသွားပြီး အချိန်အတော်ကြာပြီးမှသာ စိတ်ငြိမ်သွားပြီး အခန်းထဲမှ ထွက်သွားလေသည်။
ထိုကဲ့သို့ပင် အခြားသူများလည်း ထွက်သွားကြသည်။ သူတို့သည် ကျောက်တုံးလေး၏ခွန်အားကိုသိသော်လည်း သူတို့၏ ဒေါသကို ပြခဲ့မိကြ၏။ ထို့ကြောင့် အခန်းထဲမှ ထွက်သွားခြင်းကသာလျှင် သူတို့အတွက် အကောင်းဆုံးနည်းလမ်းဖြစ်၏။
ရှီဟောင်သည် ရုတ်တရက် လက်ကိုမလိုက်ပြီး သူ၏ကိုယ်မှ ကျမ်းစာအသံများ ထွက်လာသည်။ မြင့်မြတ်သော ကောင်းကင်လမ်းကြောင်း ၁၀ ခု ထွက်ပေါ်လာပြီး ချန်းမန်အပါအဝင် အားလုံးကို လွှမ်းခြုံလိုက်သည်။ ထိုစဉ် သူတို့အားလုံး သတိလစ်သွားတော့သည်။
ရှီဟောင်သည် ထရပ်လိုက်ပြီး တစ်ယောက်ပြီး တစ်ယောက် သူတို့၏စိတ်အတွင်းသို့ ရှာဖွေလိုက်သည်။ သို့သော် သူသည် အတွင်းဆုံးအပိုင်းများကိုတော့ မဖွင့်ရဲပေ။ ထိုနေရာများတွင် ကန့်သတ်ချက်များရှိပြီး သူသာ အတင်းဖွင့်ပြီး သူတို့ ကလန်၏နည်းလမ်းနှင့် တစ်ခြားအရာများကို ယူလိုက်ပါက သူတို့၏ဦးခေါင်းများ ပေါက်ကွဲသွားမည်ဖြစ်၏။
သူသည် ထာဝရတောင်၏လက်ရှိအခြေအနေနှင့် သူ၏မိဘများနှင့် အဖိုးတို့၏ အကြောင်းကိုသာ သိလိုခြင်း ဖြစ်သည်။
သို့သော် သူစိတ်ပျက်သွားရသည်။ သူတို့သည် ဘာကိုမျှ သိပ်မသိကြပေ။ သူတို့သိထားကြသည့်အချက်များမှာလည်း သူဟိုးအရင်ကတည်းက သိထားပြီးသားပင်။
တစ်ခဏအကြာတွင် သူတို့ သတိပြန်လည်လာသည်။ သူတို့သည် စိတ်ရှုပ်နေကြပြီး ထိတ်လန့်နေကြပြီး တစ်ချက်မျှပင် လှည့်မကြည့်ပဲ ထွက်သွားကြသည်။
“စိတ်ဝင်စားစရာပဲ၊ ကြည့်ရတာ ဟိုဘက်အခန်းမှာ အင်အားကြီးတဲ့သူ တစ်ယောက်ယောက်ရှိတယ်ထင်တယ်။ ငါ ကောင်းကင်လမ်းကြောင်း ၁၀ ခုရဲ့ စွမ်းအားကို အာရုံခံမိတယ်” တစ်ခြားအဆင့်မြင့်အခန်းမှ အမျိုးသမီးတစ်ယောက်မှ ပြုံးပြီး ပြောလိုက်သည်။
သူမ၏ခန္ဓာကိုယ်သည် ရှင်းရှင်းလင်းလင်းမမြင်ရပေ။ သူမဘေးပတ်လည်တွင် မသေမျိုးဝိဉာဉ်စွမ်းအားများ တည်ရှိနေသည်။
“နတ်သမီး လန်ရဲ့ အာရုံတွေက တကယ်ကို စူးရှတာပဲ။ ကျွန်တော်လည်း ခံစားမိတယ်” လူငယ်လေး တစ်ယောက်က ပြန်ပြောလိုက်သည်။
“ဟီး ဟီး ဒီအဆင့်နိမ့်နယ်မြေမှာလည်း ဒီလိုလူမျိုး ရှိတယ်ပေါ့။ ဒီရှေးဟောင်းလှောင်အိမ်က သူ့ရဲ့ ဂုဏ်သတင်းတွေနဲ့ ထိုက်တန်ပါတယ်။ အရင်တုန်းက လွှမ်းမိုးနိုင်ခဲ့တဲ့ ဘီလူးတွေရဲ့ မျိုးဆက်တွေထဲမှာ ဒီလိုမျိုး ထူးချွန်တဲ့သူ ရှိတယ်ပေါ့” အမျိုးသမီးလေးသည် ရယ်မောရင်း ပြောလိုက်သည်။
ဤအခန်းတွင် လူ ၁၀ ယောက်ရှိပြီး သူတို့သည် သာမန်လူများ မဟုတ်ပေ။ သူတို့၏ကိုယ်တွင် နတ်အရှိန်အဝါများ ထွက်နေပြီး ဤကမ္ဘာ၏ မသန့်စင်သော သေမျိုးစွမ်းအားများမှ သူတို့ကိုယ်သူတို့ ကာကွယ်ထားသလိုပင်။
“စိတ်ဝင်စားစရာပဲ။ သူဘယ်သူလဲဆိုတာကြည့်ဖို့ သူ့ကို ဒီဘက်အခန်း ဖိတ်လိုက်ရင်ရော” တစ်ခြား အမျိုးသားတစ်ဦးက ပြောလိုက်သည်။ သူ၏မျက်လုံးများသည် မြေအောက်ကိုပင် ထိုးဖောက်မြင်နိုင်လောက်အောင် စူးရှလှသည်။
“ဒီလိုလုပ်ရအောင်။ သူက ချောမောတဲ့ သူရဲကောင်းပဲ ဖြစ်ရမယ်။ သူ အစ်မကြီးကို ဒီအဆင့်နိမ့်နယ်မြေမှာ နေအောင်လုပ်နိုင်ရင် သူတို့ကြားမှာ အချစ်ဇာတ်လမ်းတွေ ရှိလာနိုင်တယ်။”
“ဟုတ်တယ် အဆင့်မြင့်နယ်မြေကသူတွေက အဆင့်နိမ့်နယ်မြေက လူသားတွေနဲ့ ချစ်ကြိုးသွယ်တဲ့ နတ်သမီးပုံပြင်တွေ ရှိတယ်မလား။ ဒီမှာရှိတဲ့ အစ်မကြီးတွေလည်း အလုပ်ကြိုးစားဖို့ လိုနေပြီ”
တက်ကြွနေသော အမျိုးသမီးလေး ၂ ယောက်ရှိသည်။ သူတို့သည် အချင်းချင်းစကားပြောပြီး ရယ်မောနေကြ၏။
သူတို့သည် မျိုးရိုးအမျိုးမျိုးမှ လာကြပြီး လူမျိုးမတူကြပေ။ သူတို့ကြားတွင် သူငယ်ချင်းဆက်ဆံရေးတစ်ချို့ရှိသော်လည်း အများစုမှာ ပြိုင်ဘက်များ ဖြစ်သည်။
“လူကိုယ်တိုင်သွားတာ ပိုကောင်းပါတယ်။ မယဉ်ကျေးရာ မရောက်တော့ဘူးပေါ့” အပြာရောင် အဝတ်အစားများ ဝတ်ထားသော အမျိုးသမီးက ပြောလိုက်သည်။ သူမ၏ရှည်လျားပြီး ပိန်ပါးသောခန္ဓာကိုယ်တစ်ဝိုက်တွင် အပြာရောင်အလင်းရောင်သည် မီးတောက်ကဲ့သို့ လောင်ကျွမ်းနေ၏။
ရှီဟောင်အခန်းအပြင်တွင်ရှိသော လူ ၁၀ ယောက်လောက်သည် အဆင့်မြင့်နယ်မြေမှ လက်ရွေးစင်တပည့်များကို မြင်လိုက်သောအခါ တုန်လှုပ်သွားကြသည်။
ချန်းမန်သည် တံခါးခေါက်သံကြား၍ တံခါးသွားဖွင့်လိုက်သည်။ သူသည် ထိုသူများကို တွေ့သောအခါ တုန်လှုပ်သွားပြီး အလျင်အမြန်ပင် ခရီးဦးကြို ပြုလိုက်သည်။
“ရုတ်တရက်ကြီး ရောက်လာတဲ့အတွက် ခွင့်ပြုပေးပါရှင့်” အပြာရောင်ဝတ်ထားသော အမျိုးသမီးသည် ယဉ်ယဉ်ကျေးကျေး ပြောလိုက်သည်။ သူမကို ဝန်းရံထားသော ရောင်စဉ်တန်းများကြောင့် သူမကို မမြင်ရသော်လည်း သူမ၏အသံမှာ ချိုသာပြီး နားထောင်ကောင်းသည်။
ရှီဟောင်သည် မတ်တပ်ရပ်လိုက်ပြီး တည်ငြိမ်စွာဖြင့် တုံ့ပြန်လိုက်သည်။ “ခရီးက အကြာကြီးသွားရဦးမှာ ဆိုတော့ ဧည့်သည်လာတာက ကံကောင်းတာပါပဲ”
အဆင့်မြင့်နယ်မြေမှ လက်ရွေးစင် ၆ ယောက် ၇ ယောက်ခန့်သည် အခန်းထဲသို့ဝင်လာကြသည်။ အများစုမှာ မိန်းကလေးများဖြစ်နေသောကြောင့် ချန်းမန်သည် အကြောက်တရားကို ပိုခံစားလာရပြီး မကြာခင် မုန်တိုင်းတစ်ခုရောက်လာတော့မည်ဟု ခံစားနေရသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ကျောက်တုံးလေး၏ ရဲတင်းမှုကို သိနေသောကြောင့်ဖြစ်၏။ ရီဟောင်သည် ထိုအမျိုးသမီးများကို ပြန်ပေးဆွဲပြီး အဆင့်မြင့်နယ်မြေ၏ နတ်သမီးများကို စော်ကားမိမည်စိုးသောကြောင့် ဖြစ်သည်။ Heaven mendinf sect ၏ နတ်သမီးပျောက်ဆုံးနေမှုမှာ ရီဟောင်နှင့် ပတ်သက်မှုရှိသည်ဟု ကောလဟာလ ထွက်နေသောကြောင့်ဖြစ်၏။
အပြာရောင်ဝတ်ထားသော အမျိုးသမီးသည် ရီဟောင်ကို ကြည့်ပြီး ထိတ်လန့်သွားသည်။ ကောင်လေး၏အသက်သည် ထိုမျှလောက်မကြီးသေးသော်လည်း သူ၏ခွန်အားမှာ အတိုင်းအဆမဲ့ပင်။
“အစ်ကို ရှီရဲ့ အသက်ဘယ်လောက်ရှိပြီလဲဆိုတာ မေးလို့ရမလား” အပြာရောင်ဝတ်ထားသော အမျိုးသမီးက မေးလိုက်သည်။
“၁၅ နှစ်” ထိုစကားကို ကြားသောအခါ အမျိုးသမီးငယ်များသည် ဆွံ့အသွားကြသည်။ သူတို့သည် ရှီဟောင်ကို မယုံကြည်နိုင်စွာ ကြည့်နေကြ၏။
အခြားအခန်းတွင် လိုက်မသွားသော ယောက်ျားလေးများနှင့် မိန်းမပျိုလေး ၂ ယောက်သည် တစ်ဖက်က မူမမှန်မှုကို ခံစားမိပြီး မိန်းမပျိုလေးတစ်ယောက်က ရယ်မောပြီး ပြောလိုက်သည်။ “သူတို့တကယ် ဂျီးနီးယပ်စ်တစ်ယောက်နဲ့ တွေ့နေတာလား”
တစ်ခြားမိန်းမပျိုးလေးက စလိုက်သည်။ “သေမျိုးကမ္ဘာကို ရောက်လာပြီး ဒီမှာနေသွားတဲ့ နတ်သမီး ပုံပြင်တွေရှိလား”