သုခကမ္ဘာက ရှီဟောင် - Chapter - 675 ချင်းမိသားစု
လူအုပ်ကြီး၏ မျက်နှာများသည် ဒေါသကြောင့် နီရဲနေပြီး သူတို့မျက်လုံးများသည် မီးတောက်တော့မတတ်နီရဲနေသည်။ သူတို့၏အသက်ရှူသံများလည်း မြန်ဆန်လာ၏။ သူတို့သည် ဤကဲ့သို့သော အခြေအနေမျိုးကို မမျှော်လင့်ထားခဲ့ပေ။
“လူကြီးမင်းနဲ့ အမျိုးသမီးတို့…. နတ်ဘုရားရှေးမျိုးဆက်ရဲ့ အမိန့်စာကိုအရိုအသေမပေးတာက ရိုင်းစိုင်းတဲ့ အပြုအမူပါပဲ။ ဒီမှာ ဘိုးဘွားဘီဘင်တွေရဲ့ တံဆိပ်ပါတာတောင် အရိုအသေမပေးဘူးဆိုတော့ ခင်ဗျားတို့က စည်းမျဉ်းကို ဆန့်ကျင်ပြီးတော့ ပုန်ကန်ချင်တာလား”
ရှီဟောင်သည် ပျင်းတိပျင်းရွဲ့ အားမရှိသည့် ပုံစံဖြင့်ပြောလိုက်သည်။ သို့သော် သူ၏အသံကို ကြားလိုက်ရသောသူတိုင်းသည် သူတို့၏အသွေးအသားကို ဓားဖြင့်မွှန်းသကဲ့သို့ ခံစားလိုက်ကြရ၏။
‘ဖူထုန်’
တစ်စုံတစ်ယောက်သည် ဒူးထောက်လိုက်ပြီး မျက်နှာမသာယာစွာဖြင့် “မျိုးရိုးသခင် အသက်ရှည်ပါစေ။ အရှင့်ရဲ့ နတ်ခန္ဓာကိုယ်ဖြင့် အဆုံးမရှိသော ပိုင်နက်များကို အုပ်စိုးနိုင်ပါစေ”
တစ်ယောက်စလိုက်သည်နှင့် ကျန်သောသူများသည်လည်း ဒူးထောက်လာကြသည်။ ဖူထုန်အသံသည် ဆက်တိုက်ထွက်လာပြီး သူတို့၏မျက်နှာများသည်လည်း ရှက်ရွံ့မှုကြောင့် နီရဲလာသည်။ အစပိုင်းတွင် သူတို့သည် ရှီဟောင်ကို ပညာပြချင်သော်လည်း အဆုံးတွင် သူတို့သာ ပညာပြန်ပြခံလိုက်ရသည်။
“ခင်ဗျားတို့ ထလို့ရပြီ။ ကြမ်းပြင်က နည်းနည်းအေးတယ်” ရှီဟောင်သည် အမှုမဲ့အမှတ်မဲ့ပင် ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်သည်နှင့် လူအုပ်ကြီးသည် သွေးများ စောင့်တက်လာသည်။ လူအုပ်ကြီး မတ်တပ်ရပ်လိုက်သောအခါ လေထုမှာ ပို၍တင်းမာလာသည်။ သူတို့သည် ပေါက်ကွဲထွက်တော့မတတ် ဒေါသထွက်နေကြသည်။
အမိန့်စာကို အရိုအသေးပေးခြင်းသည် ကျောက်တုံးလေး ခြေထောက်ကို အရိုအသေပေးသည်နှင့် အတူတူပင် ဖြစ်သည်။ စက်ဆုပ်ဖွယ်ကောင်းသော အချက်မှာ ထိုငနဲသည် အမိန့်စာစာရွက်ကို အမှိုက်လိုမျိုး လုံးချေထား၏။ သူထုတ်လိုက်သောအခါမှ ပြန်ဖြန့်လိုက်သည်ကို လူတိုင်းမြင်လိုက်ရသည်။
“မင်းက မှော်အမိန့်စာကို ထိခိုက်အောင်လုပ်တယ်။ မင်းရဲ့ပြစ်မှုကို ခွင့်လွှတ်ပေးလို့ မရဘူး” ချင်းချောင် အစ်ကို ချင်းလိ က အော်ပြောလိုက်သည်။
“မင်းဘာတွေ ပြောနေတာလဲ” ရှီယောင်သည် သူ့ကို ကြည့်လိုက်သည်။ ထို့နောက် သူတစ်ချက်ခါလိုက်သည်နှင့် အမိန့်စာတစ်ခုလုံးသည် ရွှေရောင်အလင်းတန်းများ ဖုံးလွှမ်းသွားပြီး အမိန့်စာမှာ ခေါက်ရာပင် မရှိတော့ချေ။
ဤစာရွက်များသည် အလွန်ပင် တန်ဖိုးရှိသည်။ အဘယ်ကြောင့်ဆိုသော် ဤစာရွက်ကို ရှားပါးပြီး အဖိုးတန်သော ပစ္စည်များဖြင့် ပြုလုပ်ထားသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ဤစာရွက်ကို ဖျက်ဆီးရန်မှာ ခက်ခဲလှတယ်။ ထို့ကြောင့် သူ့ကို အနည်းငယ် ဆွဲဆန့်လိုက်ယုံဖြင့် မူလ အနေအထားကို ပြန်လည် ရရှိနိုင်၏။
“သူ့ကို နတ်ဘုရင်နန်းတော်ကို ခေါ်လာခဲ့” ဆက်ကြည့်မနေနိုင်သော အကြီးအကဲတစ်ယောက်က ပြောလိုက်သည်။ ဒီအတိုင်းသာ ဆက်သွားနေလျှင် ဘာဆက်ဖြစ်မည်ကို မည်သူမျှ မသိနိုင်ပေ။
ကျောက်တုံးလေးသည် သာမန်လူမဟုတ်သည်ကို လူတိုင်း သတိထားမိသွားသည်။ ဤအဖြစ်အပျက်သာ အဆင့်မြင့်နယ်မြေသို့ ပေါက်ကြားသွားသည်နှင့် သူတို့သည် ပျက်လုံးကြီးဖြစ်သွားမည်ဖြစ်၏။
ရှီဟောင်သည် ဘေးပတ်လည်ကို အေးဆေးစွာ လည့်ပတ်ကြည့်လိုက်သည်။ ဤ အဖိုးတန်သောနယ်မြေတွင် ခရမ်းရောင်စွမ်းအင်များ လှည့်ပတ်နေကြပြီး အဖိုးတန်သော သဘာဝရှုခင်းများစွာကို မြင်တွေ့နိုင်သည်။ သူသည် အပူအပင်ကင်းမဲ့စွာပင် လှည့်ပတ်ကြည့်နေ၏။
“ငါဒေါသထွက်လို့ သေတော့မယ်” ချင်းလိအော်ဟစ်လိုက်သည်။
“ရိ ဒါက ခရမ်းရောင်ဝိဉာဉ်စမ်းချောင်း။ ဒါက ဒဏ္ဍာရီလာ ခရမ်းရောင်အရည်ဖြစ်နိုင်လား” ရှီဟောင်သည် ဆွံအသွား၏။ ထာဝရတောင်၏အောက်ခြေတွင် သူသည် ထူးခြားသည့် အမွှေးနံ့ရှိသော ခရမ်းရောင်ရေပူစမ်းကို တွေ့ခဲ့သည်။
“အဲဒီလိုမျိုးက အဆင့်မြင့်နယ်မြေမှာတောင် အရမ်းရှားတယ်။ ဒီစမ်းချောင်းမှာက သူ့ရဲ့ အော်ရာပဲရှိတာ” ချန်းမန်သည် စိတ်ပျက်လက်ပျက် ပြောလိုက်သည်။
“ငါဒီမှာ မျက်နှာသစ်လို့ရလား” အရေထူသည့်နေရာတွင်တော့ မည်သူမျှ ရှီဟောင်ကို မမှီနိုင်ပေ။ သူသည် လူတစ်စုကို ရန်စခဲ့ပြီး အခုအချိန်ထိပင် စိတ်အေးလက်အေး နေနေလေသည်။
“ကိစ္စမရှိပါဘူး” ချန်းမန်သည် အေးစက်စက်ပြောလိုက်သည်။
“လူသားတစ်ယောက်အနေနဲ့ မင်းပိုပြီး ရက်ရောရမယ်” ရှီဟောင်သည် ချန်းမန်၏ပုခုံးကို ပုတ်လိုက်ပြီး ရက်ရောပြီး ငြိမ်းချမ်းသော ပုံစံဖြင့် ပြောလိုက်သည်။
ချန်းမန်သည် တစ်လမ်းလုံး သည်းခံလာခဲ့ပြီး သူပြန်ရောက်လျှင် ရှီဟောင်ကို ပညာပေးနိုင်မည့် တစ်ယောက်ယောက်ကို မျှော်လင့်ခဲ့သည်။ သို့သော် သူခရီးဆုံးသောအခါတွင် သူ၏မျှော်လင့်ချက်ကိုလည်း အဆုံးသတ်လိုက်သည်။ သူသည် ဒေါသများကို ချုပ်တည်းထားလိုက်ပြီး သူ၏အင်္ကျီလက်ကို ခေါက်တင်လိုက်သည်။
သူတို့၏ ပန်းတိုင်သို့ ရောက်ရှိခဲ့လေပြီ။ ခရမ်းရောင်ရေပူစမ်းရှေ့တွင် အဓိက နန်းတော်ကြီး ရှိသည်။ သိပ်မဝေးသောနေရာတွင် ‘နတ်ဘုရင်နန်းတော်’ ဟု ထွင်းထားသော ကျောက်တုံးမှတ်တိုင်ကို တွေ့ရသည်။
အတိတ်တွင် ထာဝရတောင်မှ စွမ်းအားကြီးသော သူများ ထွက်ပေါ်လာပြီး ထိုသူအများစုသည် အဆင့်မြင့်နယ်မြေတွင် ရှိသေးသည်။ သူတို့၏ အောင်မြင်မှုနှင့် ကျင့်ကြံမှုပေါ်မူတည်ပြီး နန်းတော်များကို ဆောက်လုပ်ကြ၏။
“ဝိုး သာမန်မဟုတ်ဘူးပဲ….” ရှီဟောင်သည် လေးစားစွာဖြင့်ပြောလိုက်သည်။ ဤတောင်တွင် နတ်ဘုရင်နန်းတော် တစ်ခုတည်းရှိသည်မဟုတ်။ ကောင်းကင်နတ်နန်းတော်နှင့် တစ်ခြားနန်းတော်များလည်း ရှိသေးသည်။ ခမ်းနားကြီးကျယ်သော နန်းတော်မျိုးစုံသည် ဤနေရာတွင်ရှိပြီး တစ်ချက်ကြည့်ရုံမျှပင် ဤနေရာတွင် နေထိုင်ခဲ့သူသည် မည်မျှ စွမ်းအားကြီးကြောင်း သိနိုင်သည်။
သိပ်မဝေးသောနေရာတွင် ဇီးပန်းများပွင့်နေသောသစ်တောကြီး ရှိသည်။ ထိုနေရာတွင် နေထိုင်ရန် အိမ်အနည်းငယ်ကိုလည်း ဆောက်လုပ်ထားပြီး ရေပူစမ်းဘေးတွင်လည်း အနားယူနိုင်သည်။ ဤနေရာသည် ကျန်းမာရေးအတွက် အလွန်ကောင်းမွန်သော နေရာဖြစ်၏။
ရှီဟောင်သည် နတ်ဘုရင်နန်းတော်အတွင်းသို့ ဝင်သွားလိုက်ပြီး ဘေးအခန်းတစ်ခုထဲသို့ ဝင်သွားလိုက်သည်။ သူသည် သူ၏အဖေ၊ အမေနှင့် ချက်ချင်းတွေ့ချင်သော်လည်း သူသည် ချင်းမိသားစု စီစဉ်သည်ကို စောင့်ရဦးမည်။
သူသည် ထာဝရတောင်သို့ရောက်လာသည်နှင့် ဤနေရာသည် အန္တရာယ်များသောနေရာမှန်းသူသိသည်။ သတိတစ်ချက်လွတ်သွားသည်နှင့် ဒုက္ခအကြီးကြီး ရောက်သွားနိုင်၏။
သို့သော် သူ၏အဖေနှင့်အမေသည် ဤနေရာတွင်ရှိသောကြောင့် သူလည်း ဤနေရာသို့ လာရပေမည်။
ရှီဟောင်သည် ဆုံးရှုံးမှုကို မခံစားချင်သောကြောင့် ဖြစ်လာနိုင်သော အန္တရာယ်များအတွက် ပြင်ဆင်လာခဲ့သည်။
ချန်းမန်သည် သူ့ကို ဤနေရာတွင် ချန်ထားခဲ့ပြီး စောင့်နေရန်ပြောသည်။ သို့သော် ရက်ပေါင်းများစွာ ကုန်လွန်ခဲ့သော်လည်း မည်သူမျှ ပေါ်မလာခဲ့ပေ။
ချင်းမိသားစုသည် သူ့ကို မကျေနပ်မှန်း သိသာလှသည်။ သူတို့သည် သူ့ကိုတမင်သက်သက် လျစ်လျှူရှုထားခြင်းဖြစ်၏။
သူသည် သူ၏မိဘများကိုတွေ့ပြီး သူ၏အဖိုးအကြောင်းမေးချင်သော်လည်း သူဘာမျှ မလုပ်နိုင်ပေ။ သူများ၏နေရာကိုရောက်နေသည့်အတွက် သူသည် စောင့်နေဖို့သာ တတ်နိုင်၏။
“ဒါက လူသားဧကရာဇ်မဟုတ်ဘူးလား။ သူကဘာလို့ဒီမှာ တစ်ယောက်တည်း ထိုင်နေတာလဲ” ချင်းလီပေါ်လာပြီး သူ၏ဘေးတွင်လည်း လူအနည်းငယ်ပါလာသည်။ သူ့တို့မျက်နှာတွင် လှောင်ရယ်လိုသည့်ဟန်ပန်များ ဖြစ်နေပြီး သူတို့သည် သူ့ကို လှောင်ပြောင်ရန်အတွက် ဤနေရာကို လာခဲ့ခြင်းဖြစ်၏။
“ဒါက ထာဝရတောင်က ဧည့်သည်ကို ဧည့်ခံတဲ့ပုံစံလား” ရှီဟောင် မေးလိုက်သည်။
“ကပ်ဘေးတွေက အခုမှ ပြီးသွားတာလေ။ ကလန်အကြီးအကဲတွေ အလုပ်ရှုပ်နေကြတာဆိုတော့ ခင်ဗျားကိုတွေ့ဖို့ ဘယ်အားမလဲ။ ခင်ဗျားက ဖြည်းဖြည်းချင်းစောင့်ပေါ့” ချန်းလီသည် ရယ်မောကာပြောလိုက်၏။
ကျန်သောသူများသည်လည်း လှောင်ပြောင်သရော်ကြလေသည်။ ကျောက်တုံးလေးသည် စွမ်းအားကြီးသော်လည်း ချင်းကလန်ထဲသို့ ရောက်လာလျှင် သူသည် ကြောက်စရာကောင်းဦးပါမည်လား။ သူတို့သည် ရှီဟောင်တစ်ခုခုလုပ်လိုက်သည်ကို မြင်ချင်နေကြပြီး ထိုအရာကိုသုံးကာ ရှီဟောင်ကို ပြန်ပြီး ဖိအားပေးချင်နေကြ၏။
ရှီဟောင်သည် သူတို့ကို အာရုံမထားတော့ပဲ တင်ပလ္လင်ခွေထိုင်ကာ မျက်လုံးများမှိတ်ပြီး အနားယူလိုက်သည်။
“ကောင်းကင်ကို ဆန့်ကျင့်နိုင်တဲ့စွမ်းရည်ရှိတဲ့ ကျောက်တုံးလေးက တိတ်တိတ်လေးနေပြီး သည်းခံရမယ့်နေ့လည်း ရှိသေးတာလား။ မင်းတစ်ချက် လှုပ်လိုက်တာက လျှပ်စီးလို လျင်မြန်ပြီး ရန်သူအားလုံးကို တစ်ပြိုင်တည်း ရှင်းပစ်နိုင်တယ်ဆို။ အခု မင်းကဘာလို့ စကားတစ်လုံးတောင် မပြောတာလဲ” တစ်ယောက်က ရန်စလိုက်သည်။
ရှီဟောင်သာ တစ်ခုခုလုပ်လိုက်သည်နှင့် သူတို့သည် ချက်ချင်းသတင်းပို့ပြီး အဆင့်လွန်ကျွမ်းကျင်သူများကို အရေးယူခိုင်းမည်။ ထိုအခါမှ ဤလူငယ်လေး၏ မောက်မာမှုနှင့် တစ်ကိုယ်ကောင်းဆန်မှုကို ဖျက်ဆီးပစ်မည်။
ကံမကောင်းစွာဖြင့်ပင် ရှီဟောင်သည် သူတို့ကို အရေးမစိုက်ပေ။ သူတို့ကို တစ်ချက်လေးပင် မကြည့်ချေ။
မကြာမီမှာပင် နောက်ထပ်လူအုပ်ထပ်ရောက်လာသည်။ သူတို့အားလုံးသည် ပြဿနာရှာရန်အတွက် ရောက်လာခြင်းပင်။ ထိုအထဲတွင် လက်တစ်ဖက်နှင့် ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့ရသော ချင်းရှုန်းချန်လည်းပါသည်။ ချန်းမန်လည်းပါသော်လည်း သူသည် အနားသို့မလာပဲ အဝေးမှသာ ကြည့်နေ၏။
“မင်းက တကယ်သည်းခံနိုင်တာပဲ” ချင်းလိ ခနဲ့လိုက်သည်။
ထိုအချိန်မှာပင် ရှီဟောင်သည် မျက်လုံးဖွင့်လိုက်ပြီး “မင်းတို့ရောက်လာကြတဲ့သူတွေ များပြီပဲ။” သူသည် မတ်တပ်ထရပ်လိုက်ပြီး ရောက်လာသော လူပေါင်းများစွာကို ကြည့်လိုက်သည်။ ထို့နောက် မပြောင်းလဲသော လေသံဖြင့်ပင် “ဘာလို့ ဒူးထပ်မထောက်ကြတာလဲ”
ပြောပြီးသည်နှင့် သူသည် စာရွက်ကို နောက်တစ်ခေါက် ပြန်ဖြန့်လိုက်သည်။
“ချီး…” ချင်းလိသည် ဆဲနည်းပေါင်းစုံဖြင့် ဆဲတော့သည်။
ချင်းရှုံးချန်နှင့် အခြားသူများ၏ မျက်နှာများသည် ဝက်အသည်းကဲ့သို့ပင် ဖြစ်သွားသည်။
အဆုံးတွင် အချို့သူများသည် သတ္တိများကို စုစည်းပြီး အရိုအသေပေးလိုက်သည်။ အချို့သူများသည်လည်း ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်ပြီး ပြန်ထွက်သွားကြ၏။
“ဂရုစိုက်ကြပါ။ လိုက်မပို့တော့ဘူးနော်။ မင်းတို့နောက်ထပ် အရိုအသေပေးချင်ရင် ဒီကိုအချိန်မရွေး လာလို့ရတယ်” ရှီဟောင် သူတို့ကို အော်ပြောလိုက်သည်။
ဤအဖြစ်အပျက်သည် အမှန်တကယ်ပင် ရှက်ဖို့ကောင်းလှသည်။ သူတို့သည် ဒေါသပင်မထွက်နိုင်တော့ပဲ ဆဲရေးလိုက်ကြသည်။ သူတို့ကလန်ကသာ မတားထားလျှင် သူ့ကိုသည် ပုန်ကန်ထကြွပြီးပြီဖြစ်၏။
ရှီဟောင်သည် နောက်ထပ် ၂ နာရီခန့်စောင့်သော်လည်း မည်သူမျှမလာသောကြောင့် ဘေးနားတစ်ဝိုက်ကို လှည့်ပတ်ကြည့်နေလိုက်သည်။
ချန်းမန်ပြန်ပေါ်လာသောအခါ ရှီဟောင်သည် ခရမ်းရောင်ရေပူစမ်းတွင် ခြေထောက်ဆေးနေသောကြောင့် သူ၏မျက်လုံးများပင် ပြူးကျယ်သွားရသည်။
ချန်းမန်မျက်နှာသည် ဒေါသကြောင့် နီရဲလာသည်။ သူသည် ရှီဟောင်ကို လက်ညှိုးထိုးပြီး ‘နင်’ ဟုသာ ပြောနိုင်တော့သည်။ ဤရေပူစမ်းတွင် ရေသည် အနည်းငယ်သာ စီးဆင်းပြီး ထိုရေများကို တပည့်ငယ်များက ဆေးဝါးဖော်စပ်ရာတွင်သုံး၏။
ဤကဲ့သို့ ရှားပါးပြီး အဖိုးတန်သောရေကို ရှီဟောင်သည် ခြေထောက်ဆေးနေသောကြောင့် ချန်းမန်နှင့် တစ်ခြားငယ်သားများ ဒေါသမထွက်ပဲ ဘယ်နေမည်နည်း။
“ငါအရမ်းပျင်းနေပြီးတော့ ခြေထောက်ကလည်း နာလာတာနဲ့ ဒီမှာ နည်းနည်းအပန်းလာဖြေတာ” ရှီဟောင်သည် သူ၏ခြေအိတ်နှင့် ဖိနပ်ကို ပြန်စီးလိုက်ရင်း ပုံမှန်ပင် ပြောလိုက်၏။
ချန်းမန်သည် စိတ်တိုလွန်းသဖြင့် စကားပင် မပြောနိုင်တော့ပေ။ သူသည် ဒေါသတကြီးဖြင့် ပြောလိုက်၏။ “အကြီးအကဲတစ်ယောက်က မင်းနဲ့တွေ့ချင်နေလို့တဲ့”
သူသည် ရှီဟောင်ကို တကယ်ပင် သင်ခန်းစာပေးချင်သောကြောင့် သူရောက်နေသည်ကို တမင်တသက်သက် အကြီးအကဲများကို မပြောပဲနှင့် နေလိုက်သည်။
ရှီဟောင်ကိုခေါ်လိုက်သော အကြီးအကဲသည် အဆင့်လွန်ကျွမ်းကျင်သူ ဖြစ်ပြီး နတ်မျိုးနွယ်မဟုတ်ပေ။ သူ၏ဆံပင်နှင့် မုတ်ဆိတ်မွေးများမှာ အဖြူရောင်ဖြစ်သည်။ “ကလန်ရဲ့ တစ်ချို့ အကြီးအကဲတွေက မစဉ်းစားတတ်ဘူး။ မင်းသူတို့ကို အာရုံစိုက်မနေနဲ့။”
ရှီဟောင်သည် ခေါင်းညိမ့်ပြလိုက်ပြီး ဘာမျှ မပြောပေ။
“ပြောရရင် ငါတို့က မိသားစုတစ်ခုထဲဆိုတော့ မင်းငါ့ကို အပြင်လူလို့ သတ်မှတ်စရာ မလိုဘူး” အဆင့်လွန်ကျွမ်းကျင်သူသည် ပြုံးပြီး ပြောလိုက်သည်။ သူသည် ရှီဟောင်နှင့် စကားစမြည်ပြောပြီး သူ့ကို အချို့ကိစ္စများ ပြောပြ၏။
ရှီဟောင်သည် သူ၏အဖေနှင့်အမေကို အမြန်ဆုံးတွေ့ချင်လှပြီဖြစ်သည်။ ကျန်သည့်အရာများကို သူစိတ်မဝင်စားနိုင်ပေ။ ခေါင်းစဉ်များစွာ ပြောင်းလဲသွားပြီးသည့်နောက်တွင် အကြီးအကဲလည်း ပြန်သွားလေသည်။
“ကလန်က မင်းအဖေနဲ့အမေကို အရေးကြီးပုဂ္ဂိုလ်အဖြစ်သတ်မှတ်ထားပြီး သူတို့ကို ထာဝရမြေမှာ ကျင့်ကြံခွင့်ပေးထားတယ်။ ပုံမှန်ဆိုရင် အဲဒီနေရာကို နတ်ဘုရားအကြီးအကဲဟောင်းတွေပဲ ဝင်လို့ရတာ” အကြီးအကဲက ပြောလိုက်၏။
“သူတို့နေကောင်းလား” ရှီဟောင်မေးလိုက်သည်။ သူ၏အသံမှာ တည်ငြိမ်နေသော်လည်း သူ၏နှလုံးမှာလည်း အဆမတန် လှုပ်ရှားနေသည်။ နောက်ဆုံးတွင် သူသည် သူ၏မိဘများနှင့် တွေ့ရတော့မည်။
” သူတို့နေကောင်းပါတယ်။ အဲဒီနေရာက သဘာဝဟန်ချက်က ပြည့်စုံပြီးတော့ ကမ္ဘာ့အကောင်းဆုံး တာအိုက ဝန်းရံထားတာ။ အဲဒီနေရာမှာ ကျင့်ကြံရင် ရလဒ်က နှစ်ဆရတယ်လေ” အကြီးအကဲသည် ပြုံးပြီး ပြောလိုက်၏။
လမ်းတစ်လျှောက်တွင် လူများသည် ရှီဟောင်ကို လက်ညှိုးထိုးပြီး ထိတ်လန့်နေကြသည်။
ထာဝရတောင်တွင်ရှိသော လူဦးရေသည် မများပေ။ သို့သော် ဤသည်မှာ နတ်နန်းဂိုးဏ်း၊ အနောက်ဘက်ဂိုဏ်းတို့နှင့် နှိုင်းယှဉ်မှသာ ဖြစ်သည်။ အမှန်တွင် ဤနန်းတော်တွင်ရှိသော ကျင့်ကြံသူများမှာ မနည်းပေ။
လမ်းတစ်လျှောက်တွင် တောင်များကို တစ်ခုပြီး တစ်ခု ဖြတ်ရသည်။ သူတို့သည် မြူများဆိုင်းနေပြီး ဆေးဖက်ဝင်အပင်များ ပေါများလှသည်။
ဤများပြားလှသောတောင်များသည် ထူးဆန်းသည့်တောင်တစ်ခုကို ဝန်းရံထားခြင်းဖြစ်၏။ ထိုတောင်သည် ထန်းပင်ကဲ့သို့ ဖြစ်နေသည်။ ဤနေရာသည် နာမည်ကြီး ငါးဆင့်ပြောင်းလဲခြင်းတောင်ထိပ်ပင်ဖြစ်သည်။
လျိုမြောင်သည် တောင်ထိပ်အတွင်းတွင်ရှိပြီး ထိုနေရာကို အဝေးမှပင် မြင်နိုင်သည်။ ထိုနေရာတွင် တိမ်များဆိုင်းနေပြီး အလင်းရောင်မျိုးစုံလည်း တောက်ပလျက်ရှိသည်။ ဆေးဖက်ဝင်အပင်များလည်း ပေါများစွာ ရှိနေပြီး ရှေးသစ်ပင်များသည် တောင်ထဲတွင် ခြေကုပ်ယူထားကြ၏။ ဤနေရာသည် မသေနိုင်သော နတ်ဘုရားမြေဖြစ်သည်မှာ ထင်ရှားလှသည်။
“အခုအချိန်မှာ လျိုမြောင်ဖွင့်မဖွင့်တော့ မသိဘူး။ သူက ကြာကြာနေမှ တစ်ခါပွင့်တာ ဘာလို့လဲဆိုတော့ ရှေးနတ်ဘုရားအကြီးအကဲတွေက သီးသန့်နေချင်လို့ ဒီနေရာကို သုံးခဲ့တာလေ။ ပုံမှန်ဆိုရင် ဘာမှအနှောက်အယှက်ပေးလို့မရဘူး။ ဒါပေမဲ့ နောက်ဆုံးတစ်ခေါက်ပွင့်တာက တော်တော်ကြာနေပြီဆိုတော့ နောက် ၂ ရက်အတွင်းပွင့်မယ်ထင်တယ်” အကြီးအကဲက ပြောလိုက်၏။
“အဖေ အမေ ကျွန်တော် အမေတို့ကို လာတွေ့ပြီ” ရှီဟောင်သည် စိတ်လှုပ်ရှားစွာဖြင့် အကျယ်ကြီး အော်ပြောလိုက်သည်။