သုခကမ္ဘာက ရှီဟောင် - Chapter - 679 မြင့်မြတ်သော ဖြစ်တည်မှု
နတ်တောင်ကြား
ဤသည်မှာ ထာဝရတောင်၏ နောက်ထပ်အမည်တစ်ခုဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ဤနေရာတွင် နတ်တစ်ပါး နေခဲ့သောကြောင့်ဖြစ်၏။ ဤနေရာတွင်ရှိသော သဘာဝဥပဒေများမှာ ပြည့်စုံပြီး ကြီးမြတ်သော တာအိုများလည်း ရှိသည်။
ရှီဟောင်၏ စစ်ဝတ်စုံတွင် သွေးများပေကျံနေသော်လည်း သူသည် တည်ငြိမ်စွာဖြင်ပင် ချန်းကျန့်ကို သယ်လျက် လျိုမြောင်အတွင်းသို့ ဝင်သွားလေ၏။
ချန်းကျန့်၏ခန္ဓာကိုယ်မှာ စုတ်ပြတ်နေပြီး ဒဏ်ရာများစွာ ရထားသော်လည်း သူသည် ပြုံးလျက်ရှိ၏။ သူ၏မျက်နှာတစ်ခုလုံးသွေးများဖြင့် ပေပွနေပြီး သူ၏ပုံစံမှာကြောက်စရာကောင်းနေသည်။ “အရမ်းစွမ်းအားကြီးတာပဲ။ လက်တစ်ဖက်ပဲရှိတဲ့ မင်းရဲ့အဖိုးထက် အများကြီးသာတယ်”
ရှီဟောင်သည် လက်တစ်ဖက်က ချန်းကျန့်ကို သယ်ထားပြီး နောက်လက်တစ်ဖက်ဖြင့် သူ့ကိုရိုက်လိုက်သည်။
‘ဖုန်း’ဟူသောအသံနှင့်အတူ ချန်းကျန့်သည် ကြယ်ကြွေသကဲ့သို့ နောက်တစ်ခေါက် လွင့်ထွက်သွားပြီး လျိုမြောင်နံရံနှင့် ရိုက်မိသွား၏။
ချန်းကျန့်ကို အရူးဟုလည်း ခေါ်ကြသည်။ သူသည် ငယ်စဉ်ကတည်းကပင် သန်မာပြီး နတ်တာအိုကို အရူးအမူးလေ့ကျင့်ခဲ့သည်။ သူသည် ထာဝရတောင်၏ နတ်စွမ်းရည်အားလုံးကို ကျင့်ကြံခဲ့သည်။
“ငါ့ရဲ့ ခန္ဓာကိုယ်က စုတ်ပြတ်သတ်နေတာတောင်မှ ငါ သွေးအန်နိုင်သေးတာပဲ။ ဒါက အရမ်း မှော်ဆန်တာပဲ” ချန်းကျန့်သည် သူ့ကိုယ်သူ လှောင်ရယ်လိုက်၏။
သူသည် ထာဝရမှော်ခန္ဓာကိုယ်ကို လွန်ခဲ့သာ နှစ်ပေါင်းများစွာကတည်းက ကျင့်ကြံအောင်မြင်ခဲ့ပြီးဖြစ်သည်။ အခြားအသုံးဝင်ပုံများမဆိုနှင့် ဤအစွမ်းသည် ခန္ဓာကိုယ်ပေါ်တွင် ရှိနေယုံဖြင့်ပင် ထိုလူသည် အဆင့်လွန်ကျွမ်းကျင်သူနယ်မြေတွင် ကြိုက်ရာလုပ်နိုင်သည်။
ရှီဟောင်သည် မပြောင်းလဲသော အမူအရာဖြင့်ပင် ခြေလှမ်းကျယ်ကြီးဖြင့် ချန်းကျန့်အရှေ့သို့ရောက်သွားသည်။ သူသည် ချန်းကျန့် တောင်စွန်းနှင့် မရိုက်မိမချင်း ချန်းကျန့်၏ရင်ဘတ်ကို ဆက်တိုက်ကန်နေ၏။
“ဆက်ကန်လေ….မင်းငါ့ကို တစ်စစီလုပ်နိုင်မလားဆိုတာ ကြည့်ကြတာပေါ့။ ဒီနေရာက ငါ အဲဒီ လက်တစ်ဖက်ပြတ်နေတဲ့ အဖိုးကြီးကို သွေးအန်ပြီး ဒဏ်ရာရအောင် လုပ်ခဲ့တဲ့ လျိုမြောင်ဝင်ပေါက်ပဲ…” ချန်းကျန့်၏ ရယ်သံမှာ အနည်းငယ် ထူးဆန်းနေသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် သွေးများ အလိမ်းလိမ်းဖြစ်နေ၏။
ရှီဟောင်သည် ဘာမျှမပြောပဲ လက်သီးဖြင့်ချင်းကျန့်၏ မေးစေ့ကို ထိုးလိုက်၏။ သူသည် အားအများကြီးသုံးထားသောကြောင့် အရိုးကျိုးသံများနှင့်အတူ သွားများ ထွက်ကျလာ၏။ သာမန်လူသာဆိုလျှင် သွေးများ ဒလဟောထွက်ပြီး သူတို့၏ ခန္ဓာကိုယ်လည်း ပေါက်ကွဲသွားမည်ဖြစ်၏။ သို့သော်ချင်းကျန့်သည် အသက်ရှင်နေပြီး သူသည် အေးစက်စက်ပြုံးနိုင်သေးသည်။
အနောက်ဘက်တွင်ချင်းဟောင်သည် ငွေရောင်စစ်ဝတ်စုံကို ဝတ်ထားဆဲဖြစ်သည်။ သူသည် ငွေရောင်လှံကို ရှီဟောင်၏ နောက်ကျောတည့်တည့်သို့ ချိန်ထားပြီး တိုက်ပွဲအငွေ့အသက်များ ထုတ်လွှတ်နေ၏။
ရှီဟောင်၏ မျက်နှာမှာ အေးစက်နေသည်။ သူသည် အနောက်လှည့်မကြည့်ပဲ လူသတ်လို့သည့် အငွေ့အသက်ကို ခံစားလိုက်ရသည်နှင့် သူ၏ပစ်မှတ်ကို ဖမ်းချုပ်ထားလိုက်သည်။ သူ၏ဘေးပတ်လည်တွင် သင်္ကေများ ဝဲပျံနေပြီး မီးပုံများကဲ့သို့ ထွက်လာသည်။
အကြီးအကဲ နှစ်ယောက်သည် ခေါင်းခါလိုက်ကာ တစ်ယောက်ကချင်းဟောင်ကို ပြန်ဆွဲလိုက်ပြီး သူ၏ ငွေရောင်လှံကို ပြန်သိမ်းခိုင်းလိုက်သည်။ တစ်ခြားတစ်ယောက်က ငြင်သာစွာပြောသည်။ “ချန်းကျန့်က သူ့ရဲ့ ကျင့်ကြံမှုကြောင့် ရူးသွားတာ။ မင်းသူတို့ ကြားဝင်စရာမလိုဘူး”
“အာ?”ချင်းကျန်သည် အံ့အားသင့်သွားပြီး စိတ်ရှုပ်ထွေးသည့် အမူအရာဖြစ်သွား၏။
“ဒါက ထာဝရတောင်… ငါတို့က သူသေတာကို ထိုင်ကြည့်နေမယ် ထင်တာလား။ချင်းကျန့်က အမှောင်လမ်းကို ဝင်နေပြီ။ သူ အင်အားအကြီးဆုံး ဖြစ်လာဖို့ဆိုရင် သူ့ရဲ့ ရူးသွပ်မှုက နောက်တစ်ဆင့်တက်ဖို့လိုတယ်” အကြီးအကဲတစ်ယောက်က ရှင်းပြလိုက်သည်။
“ကျောက်တုံးလေး မင်းက တော်တော်တော့ စွမ်းအားရှိပါတယ်။ ဒါပေမဲ့ မင်းတွက်တာ မှားသွားပြီ။ မင်းက ကိုယ့်ဘာသာကိုယ် ဘုရင်အလုပ်မလုပ်ပဲ ငါ့ရဲ့ ချင်းကလန်ကို လာတယ်။ မင်းက ကိုယ့်ဘာသာကိုယ် အရှက်လာခွဲတာပဲ။ မင်းက ဒီနေရာကို ဘယ်လိုနေရာထင်နေတာလဲ။ နတ်ဘုရင်ကြီးဆင်းလာရင်တောင် သူ ကြောက်ရွံမှုကို ခံစားရမှာပဲ။ ရှေးနတ်မျိုးနွယ်ငှက်တွေလာရင်တောင် သူတို့ ကိုယ့်ကိုကိုယ် အမြဲတမ်းစစ်ဆေးနေရမှာ”
ချန်းကျန့်သည် သွားအနည်းငယ်ကို ထွေးထုတ်လိုက်ပြီး အေးစက်စွာပြုံးလိုက်သည်။ “မင်း မင်းအဖိုးအတွက် လက်စားချေချင်ရင် ငါ့ကိုပဲ လာရှာပြီး တိုက်။ မဟုတ်ရင် မင်းလည်း သွေးအန်တဲ့ထိ အရိုက်ခံရပြီးတော့ မင်းအဖိုးလမ်းစဉ်အတိုင်း လိုက်သွားရလိမ့်မယ်။ မင်းတို့အားလုံးက ဒီနေရာမှာ ဘာမှ မဟုတ်ဘူး။”
ရှီဟောင်အတွက် သူ၏အဖိုးသည် အလွန်အရေးပါသည်။ သူ့အဖိုး လုပ်သမျှသည်သူ့အတွက်သာဖြစ်သည်။ လက်တစ်ဖက်ကို ဆုံးရှံးခဲ့ရသည်မှာလည်း သူ့ကြောင့်ဖြစ်၏။ တစ်ခြားလူများက သူ၏နတ်ဆိုးဘုရင်အဖိုးဆယ့်ငါးကို စော်ကားပြောဆိုနေသည်ကို သူသည်းမခံနိုင်ပေ။
သူသည် စကားမပြောပဲ နောက်တစ်ချက် ထပ်ရိုက်လိုက်သည်။ ဤရိုက်ချက်ကြောင့်ချင်းကျန့်၏ မေးရိုးပင် ကွဲသွားပြီး သူ၏အရိုးများပင် ကွဲထွက်တော့မတတ် ဖြစ်သွားစေ၏။
ထာဝရမှော်ခန္ဓာသည်လည်း သူ၏အစွမ်းကို ပြလေသည်။ ဤမျှ တိုက်ခိုက်ခံရသော်လည်း သူမသေသေးပေ။
ရှီဟောင် အားလျှော့လိုက်သောကြောင့်လည်း ပါသည်။ သူသည် ချင်းကျန့်ကို မသေစေချင်သေးပေ။ သူ၏အဖိုး ဘယ်မှာရှိသလဲဆိုသည်ကို မေးရဦးမည်။ ထို့ကြောင့် သူ့ကို အရှင်ထားရဦးမည်။
“ဆက်လုပ်လေ… မင်းရဲ့အားအကုန်လုံးကို သုံးလိုက်။ မင်းငါ့ကို တစ်စီဖြစ်သွားအောင် ရိုက်နိုင်လို့လား။ ကောင်စုတ်လေး မင်းရဲ့ အားအစစ်အမှန်ကိုပြလိုက်စမ်းပါ။ ငါ့ကို ညင်သာမနေနဲ့” ချင်းကျန့်သည် သွားကြိတ်ကာ ပြုံးရင်းပြောလိုက်၏။
“ခင်ဗျားက ဒီထက်ပိုကြမ်းဖို့ပြောတာလား” ရှီဟောင်သည် မေးပြီးသည်နှင့် ချင်းကျန့်ကို မြှောက်လိုက်ပြီး ထပ်ထိုးလိုက်သည်။
ချန်းကျန့်၏ ရင်ညွှန့်ရိုးသည် ၇ ပိုင်း ၈ ပိုင်းခန့် ကွဲထွက်သွားပြီး သူ၏ခန္ဓာကိုယ်မှလည်း သွေးများစီးထွက်လာသည်။ သို့သော် သူ၏ခန္ဓာကိုယ်သည် ပိုမိုတောက်ပလာလေ၏။
ထာဝရမှော်ခန္ဓာကိုယ်သည် အရာအားလုံးကို ဖိနှိပ်နိုင်သည်။ ဤအစွမ်းတွင် ကျစ်လျစ်ပြီး ကန့်သတ်ချက်များ သတ်မှတ်ထားသည့် အသွေးအသားများပါသည့်အတွက် လူသေသွားလျှင်ပင် ဤအစွမ်းသည် မပျက်စီးနိုင်ပေ။
ဤ မှော်ခန္ဓာကိုယ်သည် အနောက်ပိုင်းဂိုဏ်းမှ ဗာဂျရာမချိုးဖောက်နိုင်သောခန္ဓာကိုယ်ကို ယှဉ်နိုင်သည်။ အသွေးအသားများ၏ ကန့်သတ်ချက်များကို တိုးမြှင့်ထားပြီး ထာဝရတည်ရှိအောင် လုပ်ထား၏။
ချင်းကျန့် ကမ္ဘာကြီးကို သူ၏အစွမ်းဖြင့် အနိုင်ယူနိုင်ခြင်းမှာ ဤခန္ဓာကိုယ်ကြောင့်ဖြစ်သည်။ သူသည် စွမ်းအားကြီးသောသူ ဘယ်နှစ်ယောက်ကို အနိုင်ယူခဲ့မှန်းပင် မမှတ်မိတော့ပေ။ ဤအဆင့်လွန်ကျွမ်းကျင်သူနယ်မြေတွင် သူနှင့်ယှဉ်နိုင်သောသူမှာ ရှားပါးသည်။
ရှီဟောင်၏ တိုက်ခိုက်မှုများကို တစ်ကြိမ်ပြီးတစ်ကြိမ် ခံနေရသော်လည်း ဤခန္ဓာကိုယ်ကြောင့်သာ သူမသေခြင်းဖြစ်၏။
“မရပ်နဲ့။ ငါမင်းအဖိုးကို တိုက်တုန်းက ဒီထက်တောင် ပိုရက်စက်ပြီးတော့ သူ့ကို သွေးခဏခဏအန်အောင် လုပ်ခဲ့တာ” ချင်းကျန့်သည် ရူးသွပ်စွာ အော်လိုက်သည်။
ယခုအချိန်တွင်သူ၏ ရင်ညွှန့်ရိုးသည် ကျိုးမနေပဲ နတ်စွမ်းအားများ တောက်ပနေသည်။
ရှီဟောင်သည် နောက်တစ်ခေါက် ထပ်ထိုးလိုက်သည်။ သူ၏လက်သီးသည် အလင်းရောင်များကို ဖြတ်သွားပြီး ချင်းကျန့်၏ ခန္ဓာကိုယ်ရှိအရိုးများကို နောက်တစ်ခေါက် လှုပ်ခါသွားသည်။ အရိုးတစ်ချို့မှာ အပိုင်းအစများဖြစ်ပြီး လွင့်ထွက်သွား၏။
ဤလက်သီးအားသည် ဤနယ်မြေတွင် ပြိုင်ဘက်ကင်းပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထာဝရမှော်ခန္ဓာကိုယ်ကို သာမန်တိုက်ခိုက်မှုဖြင့် အရိုးများကျေအောင် တိုက်နိုင်သည့်သူ မရှိသေးပေ။
“ဟေး ငါမသေသေးဘူးနော်။ မင်းသတ္တိရှိရင် ထပ်ချလေ။ မဟုတ်ရင်ငါ့ချင်းကလန်ရဲ့ နတ်ဘုရားတွေ ထွက်လာရကျိုး ဘယ်နပ်ပါတော့မလဲ။ သူမင်းကို တွေ့ရင် သူပျော်တော့မှာ မဟုတ်ဘူး” ချင်းကျန့်သည် နတ်ဆိုးစိတ်ဝင်သွားပုံပေါ်သည်။ သူ၏သူငယ်အိမ်များမှာ ကြောက်စရာကောင်းနေပြီး သူ၏မီးခိုးရောင်ဆံပင်မှာလည်း သွေးများ ရွှဲနေသည်။
“ခင်ဗျားဖြစ်ချင်တဲ့အတိုင်း ဖြစ်စေရမယ်”
ရှီဟောင်၏စကားလုံးများသည် ရေခဲကဲ့သို့ အေးစက်နေ၏။ သူသည် ခွန်ပန်နည်းလမ်းကို သုံးလိုက်သည်။ ဤတစ်ကြိမ်တွင် သူသည် အားအကုန်မသုံးပဲ ချင်းကျန့်ကို အောက်သို့ ပစ်ချလိုက်သည်။ ချင်းကျန့်၏ခန္ဓာကိုယ်မှ အသံများထွက်လာပြီး သူ၏အရွတ်များပျက်စီးသွားသည်။
သို့သော် ချင်းကျန်မှာ ပို၍ကြောက်စရာကောင်းလာ၏။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးရှိအရိုးများ ပျက်ဆီးသွားချိန်တွင် သက်တန့်ရောင်မှ အကာအကွယ်အလင်းရောင်ပေါ်လာပြီး သူ့ကို ဝန်းရံထာသည်။
နောက်ဆုံးတွင် နတ်ဆေးရည်ဖြစ်လာပြီး သူ၏ပတ်လည်တွင် စီးဆင်းနေကာ ထို သက်တန့်ရောင်အလင်းတန်းများမှ သင်္ကေတမျိုးစုံလည်း ပေါ်ထွက်လာသည်။
“မရင့်ကျက်တဲ့ကောင် ဆက်တိုက်လေ” ချင်းကျန့် အော်လိုက်၏။
“သူက သူ့ခန္ဓာကိုယ်ရဲ့ ကန့်သတ်ချက်တွေ ပျောက်သွားအောင်လို့ အပြင်အားကို သုံးတာ” ခပ်ဝေးဝေးတွင် ချင်းဟောင်သည် စိတ်ဝင်တစား ပြောလိုက်သည်။
“အဲဒါတင်ပဲ မဟုတ်ဘူး။ သူသာအောင်မြင်သွားရင် မင်းကို နတ်အစွမ်းတွေ အများကြီး လက်ဆင့်ကမ်းပေးမှာ” သူ၏ဘေးမှ အကြီးအကဲက ပြောလိုက်သည်။
အခြားတစ်ဖက်မှလူသည် သူ၏ဒေါသကို အသုံးချနေသည်ဟု ရှီဟောင် ခံစားလိုက်ရသည်။ ယခုအချိန်တွင် အခြေအနေများသည် အနည်းငယ် ကြောင်တောင်တောင်ဖြစ်နေ၏။ သူရိုက်လိုက်သောအခါ ထွက်လာသော အရည်များမှာ အနည်းငယ်ထူးဆန်းနေပြီး ထိုအရည်များသည် အရာအားလုံးကို စုတ်ယူနိုင်သည်ဟု ခံစားရ၏။
ချင်းကျန့်၏အရိုးများအားလုံး ကျိုးသွား၏။ သို့သော် သူ၏ ဝိဉာဉ်နှင့် ခြင်ဆီများမှာ တောက်ပလာပြီး အကောင်းအတိုင်းပြန်ဖြစ်သွားသည်။
“ဒါကို အဆုံးသတ်လိုက်ရအောင်။ ကျွန်တော် ခင်ဗျားကို မျှော်လင့်ချက်တွေ ပေးပြီးသွားပြီ။ ဒါပေမဲ့ ခင်ဗျား ကျွန်တော့်အစွမ်းတွေကို ခိုးဖို့နေနေသာသာ အဲဒီနောက်ဆုံးအဆင့်ကိုတောင် ရောက်မှာမဟုတ်ဘူး” ရှီဟောင်သည် အေးစက်စွာပြောလိုက်ပြီး သူ၏စိတ်ခံစားချက်များမှာလည်း ပြောင်းသွား၏။
ထိုအချိန်တွင် ပြုပြင်ထားသော ခွန်ဖန်ကို သူ၏လက်အတွင်းသို့ လှည့်ပတ်စေလိုက်သည်။ ထိုလက်သီးသည် နတ်ရေကို ဖြတ်သွားပြီး ချင်းကျန့်၏အကာအကွယ်ကိုဖြတ်သွား၏။
ထိုအရည်များသည် ရှီဟောင်၏သင်္ကေတများကို ဖောက်ထွင်းပြီး ခွန်ဖန်၏ နည်းစနစ်များကို ရယူရန် လှိုင်းလုံးများကဲ့သို့ လိမ့်တက်လာသည်။ ဤအရာသည် သေခြင်းနှင့်ရှင်ခြင်းကြားကို အဆုံးအဖြတ်ပေးနိုင်သည့် ကြောက်စရာကောင့်သည့် လျှို့ဝှက်ချက်တစ်ခုပင် ဖြစ်သည်။
သို့သော် ရှီဟောင်သည် သာမန်လူမဟုတ်ပေ။ တစ်ခြားတစ်ဖက်က ဘာဖြစ်နေသည်ကို သူစဉ်းစားမိပြီး သူ၏စွမ်းရည်များဖြင့် ထိုအရာကို ချိုးဖျက်လိုက်သည်။ အခြားလူက သူ၏အဖိုးတန်သောနည်းလမ်းများ ရရှိသွားအောင် သူမလုပ်ပေ။
“မကောင်းတော့ဘူး။ သူ အဖိုးတန်တဲ့နည်းလမ်းကို မရတော့ဘူး။ ချင်းကျန့်ရှုံးတော့မယ်” ချင်းဟောင်ဘေးမှ အကြီးအကဲနှစ်ဦးလည်း မျက်နှာပျက်သွားသည်။ သူတို့သည် အရှေ့သို့ အလျင်အမြန်ပြေးသွားလိုက်၏။
ချင်းကလန်တွင် ကလန်ကိုစောင့်ကြပ်သည့် ရှေးဟောင်းနည်းလမ်းရှိ၏။ ထိုနည်းလမ်းသည် ပြိုင်ဘက်ကင်းသည်။ ချင်းကျန့်သည် သူ၏ကျင့်ကြံမှုတွင် အောင်မြင်သွားပြီဖြစ်ပြီး နောက်တစ်ဆင့်တက်ရန် စောင့်ဆိုင်းနေခြင်းဖြစ်၏။
ထိုအချိန်မှာပင် သူ၏ရှေ့သို့ အင်အားကြီးမားသော ပြိုင်ဘက်တစ်ယောက်ရောက်လာသည်။ သူသည် ရှီဟောင်၏နည်းလမ်းများ အထူးသဖြင့် ခွန်ဖန်နည်းလမ်းကို ခိုးယူချင်သည်။ ထိုကြောင့်သာ သူထိုကဲ့သို့သော ရူးမိုက်သော အလုပ်ကို လုပ်နေခြင်းပင်။
ဤကဲ့သို့ပြန်မွေးဖွားသော နည်းလမ်းသည် အစွမ်းထက်ပြီး ထူးဆန်းသည်။ ရှီဟောင်၏တိုက်ခိုက်မှုများသည် နတ်ဆေးရည်အတွင်းတွင် ထွင်းထုထားသကဲ့သို့ ထင်ကျန်ခဲ့မည်ဖြစ်ပြီး နောက်ဆုံးတွင် ချင်းကျန့် ပိုင်ဆိုင်သွားမည်။
သူသည် အစီအစဉ်များကို သေချာစဉ်းစားခဲ့သော်လည်း သူ၏ဆန္ဒမှာ မပြည့်ဝနိုင်ပေ။
ရှီဟောင်၏ ဘယ်ဘက်လက်သည် ခွန်လွန်နည်းကိုသုံးပြီး သူ၏ညာဘက်လက်တွင် မြက်ရိုး ပေါ်လာသည်။
“မင်း…” ချင်းကျန့်သည် အနည်းငယ် ကြောက်လာ၏။
သူ၏ခန္ဓာကိုယ်ထဲတွင် လှည့်ပတ်သွားနေသော စွမ်းအားများကို သူခံစားမိလိုက်သောကြောင့်ပင်။ ထိုစွမ်းအားများသည် သူ၏အသွေးအသားများထဲတွင် ရှိနေပြီး ယခုအချိန်တွင် ပေါက်ကွဲထွက်လာပြီး ခပ်အုပ်အုပ်မြည်ဟည်းသံများ ထွက်ပေါ်လာ၏။
သူ၏ခန္ဓာကိုယ်သည် ကြေမွသွားပြီး သူ၏အသွေးအသားများလည်း တစ်စစီဖြစ်သွားသည်။ သူ၏ခန္ဓာကိုယ်တွင် ထွင်းထုထားသော များစွာသော ဖြစ်တည်မှုများသည် အရောင်မှိန်လာပြီး မြန်မြန်ဆန်ဆန်ပင် ငြိမ်းသတ်သွားသည်။
“မဟုတ်ဘူး” ဤအရာသည် သူ၏တာအိုလမ်းကြောင်းဖြစ်ပြီး သူ့ဘဝတစ်ခုလုံးကိုမြှုပ်နှံထားသော အောင်မြင်မှုများဖြစ်သည်။ ထိုအရာများသည် ယခုအချိန်တွင် တစ်ခြားတစ်ယောက်ကြောင့် အားလုံးပျက်စီးသွားလေပြီ။
ရှီဟောင်၏ နှုတ်ခမ်းကွေးတက်သွားသည်။ ယခင်က အခြားသူသည် သူ၏နည်းလမ်းများကို ခိုးယူချင်နေမှန်း သူမသိသော်လည်း သူ၏ရူးမိုက်မှုတွင် ရည်ရွယ်ချက်ရှိမှန်းတော့ သူသိခဲ့သည်။ ချင်းကျန့်က သူ၏ခွန်အားကိုသုံးပြီး ပြန်လည်မွေးဖွားချင်မှန်း သိသွားသောအခါတွင် သူသည် အားများကို အကုန်ထုတ်မသုံးပဲ ချန်ထားခဲ့၏။
“ခင်ဗျားဖြစ်ချင်တဲ့ အတိုင်းပဲလေ” ရှီဟောင်သည် နူးညံ့စွာ ပြောလိုက်သည်။
ချင်းကျန့်နားထဲတွင်တော့ ထိုအသံသည် လှောင်ရယ်သံဖြစ်ပြီး စာနာစိတ်ကင်းမဲ့သော အသံဖြစ်၏။ သူ၏ပျက်စီးသွားသော ခန္ဓာကိုယ်သည် ရေခဲပမာအေးစက်လာပြီး သူလည်း ကြောက်ရွံ့လာသည်။
ချင်းကျန့်သည် နောင်တရနေ၏။ ဤတစ်ကြိမ်တွင် သူသည် အလွန်စွန့်စားခဲ့သည်။ သူသာဤနည်းလမ်းကို တစ်ခြားနေရာတွင် သုံးခဲ့ပါက အဆင်ပြေနိုင်ပေသည်။ သို့သော် သူသည် ရှီဟောင်၏ အဖိုးတန်နည်းလမ်းများကို ခိုးချင်သောကြောင့် သူ၏အခြေအနေမှာ ဆိုးရွားသွားခဲ့သည်။
“ရီ…” ရှီဟောင် လန့်သွား၏။ သူ၏လက် နတ်ဆေးရည်ထဲသို့ ဝင်သွားချိန်တွင် သူသည် တောက်ပသော သင်္ကေတတစ်ခုကို ထိမိခဲ့သည်။
ဒါတွေက ဘာတွေလဲ? သူသည် ထိုအရည်များကို လျင်မြန်စွာ သိမ်းဆည်းလိုက်သည်။ ဤအရည်များသည် တစ်ခြားသူများ၏ရိုးတွင်းခြင်ဆီများမှ ယူထားသော မှော်အစွမ်းများဖြစ်သည်။ ဤအရာသည် မြင့်မြတ်ပြီး ပြီးပြည့်စုံပြီး သူ့တွင် လျှို့ဝှက်ထားသည့် နည်းလမ်းလည်း ရှိ၏။
ခဏအကြာတွင် သူရွေ့ပြီးသွားပြီ ဖြစ်၏။ ထိုအရာသည် ငါးဆင့်ပြောင်းလဲခြင်းနိဗ္ဗာန်နည်းလမ်းဟုခေါ်သော ချင်းကလန်၏ ရှေးကျသော နည်းလမ်းတစ်ခုဖြစ်သည်။
သာမန်လူများသည် ဤနတ်စွမ်းရည်ကို ထိဖို့ပင် မဖြစ်နိုင်ပေ။ သို့သော် ချင်းကျန့်သည် သာမန်မဟုတ်ပဲ ဤနည်းလမ်းကို ကျင့်ကြံနိုင်ခဲ့၏။ သူသည် အမှောင်လမ်းသို့ အနည်းငယ်ရောက်သွားသော်လည်း သူ၏ခွန်အားမှာ သာမန်မဟုတ်ပဲ သူနှင့် အဆင့်တူသော ရန်သူများကို ရှာရန် ခက်ခဲသည်။
ခပ်ဝေးဝေးတွင် အကြီးအကဲနှစ်ယောက်လည်း လိုက်လာလေသည်။ သို့သော်လည်း သူတို့၏ ရှီဟောင်၏အလျင်ကို လိုက်မမှီနိုင်ပေ။ ရှီဟောင်သည် ချင်းကျန့်ကို သယ်ပြီး လျိုမြောင်အတွင်းသို့ ဝင်သွား၏။ လမ်းတစ်လျှောက်တွင်သည် စာသားအပြည့်ရရန် သင်္ကေတများကို စုဆောင်းနေ၏။
“ပြန်လည်မွေးဖွားတာတင်မကဘူး ဒီနည်းလမ်းက အများကြီးသုံးလို့ရတာပဲ။ ဒီနည်းလမ်းက ကျင့်ကြံမှုမှာ တော်တော်အရေးပါတာပဲ။” ရှီဟောင်သည် အံ့ဩနေ၏။ များများရလေ သူပျော်လေဖြစ်သည်။
လျိုမြောင်ထဲတွင် အလွန်လှပသည်။ အရောင်ကိုးရောင်သမင်များပြေးလွှားနေပြီး သက်တံ့ရောင်ဒေါင်းများလည်း ပျံသန်းနေကြသည်။ ငွေရောင်ရေတံခွန်သည်လည်း တောင်ထိပ်မှ စီးဆင်းလာသည်။
လျိုမြောင်သည် အစိတ်အပိုင်းကြီးများအဖြစ် ကွဲနေသည်။ အစိတ်အပိုင်းများထဲမှ တစ်ခုကို သူအလွန်ရင်းနှီနေ၏။ ရှီဟောင်တုန်လှုပ်သွားသည်။ ဤမြင်ကွင်းသည် သူ ယခင်က နေခဲ့သည့် ကိုယ်ခံပညာအင်ပါရီယာပိုင်နက်အတွင်းမှ ခြံအနောက်နှင့် ဆင်တူသည်။
ရုတ်တရက်ပင် သူသည် ရင်းနှီးနေသည့်ပုံရိပ်နှစ်ခုကို တွေ့လိုက်ရသည်။
ထိုအချိန်တွင် ရှီဟောင်၏စိတ်သည် ထိုနေရာသို့ရောက်သွားပြီး အပူလှိုင်းတစ်ခုသည် သူ၏စိတ်ထဲသို့ စီးဆင်းသွားပြီး သူ၏မျက်လုံးများလည်း စိုစွတ်လာသည်။ သူ၏အသံသည် တုန်ခါနေပြီး သူ၏စကားထဲတွင် ခံစားချက်များ ရောထွေးနေလေသည်။
“အဖေ ..။ အမေ ..။ “