သုခကမ္ဘာက ရှီဟောင် - Chapter - 683 သေးနုပ်မှုနှင့် အရေးမပါမှု
ထိုအသံသည် ကောင်းကင်နှင့် မြေကြီးကိုပင် တုန်ခါသွားစေသည်။
ရှီဟောင်၏အော်သံသည် မိုးခြိမ်းသံကဲ့သို့ ပေါက်ကွဲထွက်လာသည်။ သွေးစွမ်းအင်များပါသောကြောင့် အနီးအနားတွင်ရှိသော သူရဲကောင်းဝိဉာဉ်များ ပေါက်ကွဲသွားလေ၏။
ရှီဟောင်၏ဆံပင်များသည် အနက်ရောင်မီးတောက်များ ကနေသကဲ့သို့ဖြစ်နေပြီး သူ၏မျက်လုံးများမှာလည်း အလင်းရောင်များ ရောင်စုံထွက်နေသည်။ သူ၏လက်ကို မြှောက်လိုက်သည်နှင့် များပြားသောစွမ်းအင်များထွက်လာပြီး ဤနေရာတစ်ခုလုံးကိုပင် ဆုတ်ဖြဲပစ်နိုင်လောက်သည်။
အကြီးအကဲ ၂ ယောက်သည် အလွန်ကြောက်ရွံ့လာပြီး ကြက်သီးများပင် ထလာကြ၏။ လူငယ်လေးများဆီမှ ဤမျှကြောက်စရာကောင်းသောအော်ရာကို သူတို့မတွေ့ဖူးသေးပေ။
“သူ့ကိုရပ်လိုက်” အကြီးအကဲ ၂ ယောက်သည် ထိုအင်အားများကို ဖိနှိပ်ရန်ကြိုးစားရတော့သည်။ မဟုတ်ပါက အန္တရာယ်များလွန်းလှ၏။
‘ဝုန်း’ ဟူသောအသံနှင့်အတူ သူတို့သည် မှော်ဝင်ပစ္စည်းတစ်ခုကို အသက်သွင်းလိုက်ပြီး ကောင်းကင်ပေါ်သို့ ပစ်လိုက်ကာ ထိုနေရာကို ဖိနှိပ်လိုက်သည်။
ရှီဟောင်သည် ခေါင်းမော့လိုက်ပြီး လျပ်စီးကဲ့သို့သော အကြည့်ဖြင့် ကြည့်လိုက်၏။ ထိုအချိန်တွင် သူ၏လက်ထဲတွင်ရှိသောဓားမှာ နတ်သက်တံ့ဓားအဖြစ်သို့ ပြောင်းလဲသွားပြီး ကောင်းကင်သို့ ထိုးဖောက်သွား၏။
‘ဖုန်’
ကောင်းကင်ပေါ်မှ ကျလာသည့် ကြီးမားသောတောင်နက်ကြီးသည် မြေပြင်ပေါ်သို့ မရောက်ခင် လမ်းတစ်ဝက်မှာပင် ရှီဟောင်၏ဓားချက်ကြောင့် ပေါက်ကွဲသံကြီးနှင့်အတူ တစ်စစီ ဖြစ်သွား၏။
“ဒါက….” အကြီးအကဲ၂ ယောက်သည် တုန်လှုပ်သွားကြ၏။ သူတို့ပြုလုပ်လိုက်သော မှော်ဝင်ပစ္စည်းတွင် သူတို့ နှစ်ပေါင်းရာကျော် ကျင့်ကြံခဲ့သည့်မှော်စွမ်းအားများကို ထည့်ထားခဲ့ကြသည်။ သို့သော်လည်း ထိုအရာသည် တစ်စစီဖြစ်သွားလေပြီ။
ရှင်းဝူသည် မျက်မှောင်ကြုတ်သွား၏။ မကောင်းသည့်အရာတစ်ခုခု ဖြစ်တော့မည်ကဲ့သို့ ခံစားနေရသည်။ ဤလူငယ်လေးသည် သူ့ကို တုန်လှုပ်အောင် လုပ်နိုင်စွမ်းလေ၏။
ရှီဟောင်သည် မည့်သည့်နယ်မြေတွင် ရောက်ရှိနေပြီဖြစ်သနည်း။ သူ့တွင် အဘယ်ကြောင့် ဤကဲ့သို့ စွမ်းအားမျိုးရှိသနည်း။ ဤကဲ့သို့သောစွမ်းအင်မျိုးဆိုလျှင် အဆင့်မြင့်ကျွမ်းကျင်သူပင်လျှင် သူ၏ခြေထောက်အောက်သို့ ရောက်သွားမည်ဖြစ်၏။
ဖြစ်တည်မှုအတွင်းတွင် ရှီဟောင်ဘက်မှ အသံထွက်လာသည်။ သူ၏ငွေရောင်စစ်ဝတ်စုံသည် လေထဲသို့မြှောက်တက်လာပြီး သူ၏ လက်ညှိုးနှင့်လက်မကြား ကွဲသွားပြီး သွေးများထွက်လာလေ၏။ သွေးများအဆက်မပြတ်ထွက်လာသောကြောင့် သူသည် အနောက်သို့ တဖြည်းဖြည်းချင်း ဆုတ်သွားရသည်။
“မကောင်းတော့ဘူး” အကြီးအကဲတစ်ယောက်သည် တုန်လှုပ်စွာ ရေရွတ်လိုက်သည်။
အရာအားလုံးသည် ရှီဟောင်၏ဒေါသများမှ ဖြစ်လာခြင်းဖြစ်၏။ သူ၏ မှော်စွမ်းအားများနှင့် စစ်ပွဲအငွေ့အသက်များသည် ချင်းဟောင်ကိုပင် ထိုးဖောက်မတတ်ဖြစ်လာသည်။
ကျောက်တုံးလေးသည် နတ်ဆိုးစိတ်ဝင်သွားပုံပေါ်သည်။ ရှီဟောင်သည် သူ၏ဘယ်ဘက်လက်တွင် ဓားကိုကိုင်ထားပြီး ညာဘက်တွင် ကာကွယ်ခြင်းလှံတံကို ကိုင်ထား၏။ သူသည် လူငယ်လေးသာဖြစ်သော်လည်း သူ့ထံမှ အင်အားကြီးသော စွမ်းအင်လှိုင်းများ ထွက်နေသည်။
“တာအိုအစစ်အမှန်ပဲ” ချင်းဝူသည် ထိုမြင်ကွင်းကို ကြည့်လိုက်ပြီး ထိတ်လန့်သွား၏။
“သူ့ရဲ့ ဝိဉာဉ်က ပြည့်စုံတယ်။ သူ့ရဲ့ အသွေးအသားကလည်း အထွတ်အထိပ်ကို ရောက်နေပြီ။ သူဒေါသထွက်ရင် ဒီလိုနတ်စွမ်းအားမျိုး ထွက်လာတာလား” ချင်းဝူသည် သူ့ကိုယ်သူ ပြောလိုက်ရင်း မနာလိုစိတ်များ ဝင်လာသည်။
ဤအရာသည် အတော် ရယ်စရာကောင်းသည်။ သူကဲ့သို့ နှစ်ပေါင်းများစွာ ကျင့်ကြံလာသောသူပင်လျှင် ဤကဲ့သို့စွမ်းအားမျိုးမရနိုင်သေးသည်ကို အသက် ၁၅ နှစ်အရွယ်ကောင်လေးက ရသွားသည်။ သူသည် အမှန်တကယ်ပင် မနာလိုဖြစ်မိ၏။
‘ကောင်းကင်ကိုဆန့်ကျင်နိုင်သည့် ဂျီးနီးယပ်စ်’ သူသည် ရှီဟောင်ကို ဤစကားလုံးများဖြင့်သာ တင်စားနိုင်တော့သည်။ ချင်းဝူမျက်နှာသည် အေးစက်သွား၏။
“တော်တော်ရယ်စရာကောင်းတဲ့ လူပဲ။ မင်းက ရဲရင့်ပြီးတော့ ထူးခြားတဲ့စွမ်းရည်တွေရှိတယ်ဆိုရင်လည်း ဘာလုပ်ရမှာလဲ။ နတ်ဘုရားရှေ့မှာဆိုရင် မင်းတို့က ဖုန်မှုန့်လိုပဲ သေးနုပ်ပြီးတော့ အရာမဝင်ဘူး” ချင်းဝူပြောလိုက်၏။
သူလက်ညှိုးထိုးလိုက်သည်နှင့် ငွေရောင်အလင်းတန်းများထွက်လာပြီး ထိုအလင်းတန်းများသည် ဖြစ်တည်မှုအတွင်းသို့ရောက်သည်နှင့် ရှီဟောင်၏အထက်ကောင်းကင်တွင် လျှပ်စီးများအဖြစ်ပြောင်းသွားသည်။
“ဘိုးဘေး… ကျေးဇူးပြုပြီး သက်ညှာပေးပါ မဟုတ်ရင် အဆင့်မြင့်နယ်မြေကို ဘယ်လိုရှင်းပြရမလဲဆိုတာ ကျွန်တော်တို့ မသိပါဘူး” အကြီးအကဲ ၂ ယောက်သည် အလျင်စလိုသတိပေးလိုက်သည်။ သူတို့သည် ရှီဟောင်ကိုသနား၍မဟုတ်ပဲ အဆင့်မြင့်နယ်မြေ၏ အပြစ်ဒဏ်ကို ကြောက်သောကြောင့်ပင်။
“ဘာလုပ်သင့်သလဲဆိုတာ ငါသိတယ်။ ဒါက အားအပျော့ဆုံးပဲ။ သူ့ရဲ့ ဒီဘဝကိုပဲ အဆုံးသတ်ပေးမှာ။ ဒါပေမဲ့ နတ်ဘုရားကို ဆန့်ကျင်တဲ့အတွက် သူအပြစ်ဒဏ်ခံရမှာပဲ” ချင်းဝူ ပြောလိုက်၏။
“ဖွင့်လိုက်”
ရှီဟောင် ကျယ်လောင်စွာအော်လိုက်သည်။ သူ၏လက်ထဲမှ ရွှေရောင်ဓားသည် တောက်ပလာပြီး အလင်းများထွက်လာ၏။ ထိုအချိန်တွင် သူ့တစ်ကိုယ်လုံးကို လျှပ်စစ်ဓာတ်များလွှမ်းခြုံသွားသည်။
‘ဝုန်း’
ထိုနေရာတစ်ခုလုံး ရှပ်ယှက်ခက်သွားပြီး အလင်းတန်းများ ဖုံးလွှမ်းသွား၏။ မှော်ဓားသည် အလွန်ထူးဆန်းသည်။ ထိုဓားသည် ရှန်းနီအဖြစ်သို့ပြောင်းသွားပြီး သူ၏ကိုယ်ပေါ်သို့ ရောက်လာသော လျှပ်စစ်ဓာတ်များကို စုပ်ယူလိုက်သည်။
“ကျောက်တုံးတိုင်းပြည်ရဲ့ အဖိုးတန်တဲ့ ရှန်းနီအဖိုးတန်နတ်သိုင်းနဲ့ သူနဲ့လိုက်ဖက်တဲ့ဓား။ သူကတကယ်ကိုပဲ ရှန်းနီရဲ့ အရိုးကနေ ရထားတာပဲ” ရှင်းဝူသည် ဆွံ့အသွား၏။
အကြီးအကဲ ၂ ယောက်မှာ ပိုလို့ပင် ထိတ်လန့်သွားကြ၏။ ရှီဟောင်သည် လျှပ်စီးများအောက်တွင် နစ်မြှုပ်သွားသော်လည်း သူတို့မြင်ချင်သည့် သွေးထွက်သံယိုမြင်ကွင်းမျိုးကို မမြင်လိုက်ရပေ။
သူ၏မျက်လုံးများမှာ ပို၍အရောင်တောက်လာပြီး သူ၏လက်ထဲမှ မှော်ဓားသည်လည်း ရှန်းနီအဖြစ်သို့ပြောင်းသွား၏။ သူအော်လိုက်သည်နှင့် သူ၏ပါးစပ်မှ အရောင်စုံအလင်းတန်းများထွက်လာပြီး ပို၍အင်အားကြီးသောမိုးခြိမ်းသံများ ထွက်လာသည်။
“မင်းက နတ်ဘုရားတစ်ပါးကို ပုတ်ခတ်စော်ကားရဲတယ်ပေါ့” ချင်းဝူသည် ဒေါသတကြီး ပြောလိုက်၏။
သူ၏တိုက်ခိုက်မှုမှာ မအောင်မြင်လိုက်သောကြောင့် သူ၏မျက်နှာမှာ ရေခဲကဲ့သို့ အေးစက်နေ၏။ ဤသေးနုပ်သောဖုန်မှုန့်လေးသည် သူ၏တိုက်ခိုက်မှုများကို ဤကဲ့သို့ပြန်ခံရဲသည်။ နတ်ဘုရားအဆင့်ရှိသော သူ့အတွက် ဤအရာသည် အရှက်ခွဲမှုတစ်ခုပင်။
“ခွေးချီးကောင်… ခင်ဗျားက နတ်ဘုရားအတုတွေနဲ့အတူတူပဲ” ရှီဟောင်အေးစက်စွာ ပြောလိုက်၏။
ထိုစကားများကြောင့် ချင်းဝူသည် မကျေနပ်သောပုံစံဖြစ်သွားပြီး ဖြစ်တည်မှုအတွင်းသို့ အေးစက်စွာ ကြည့်လိုက်သည်။ သူ၏အော်ရာများလည်း ပင်လယ်ကဲ့သို့ လိမ့်တက်လာသည်။
အကြီးအကဲ ၂ ယောက်လည်း တုန်လှုပ်နေကြသည်။ သူတို့၏ခန္ဓာကိုယ်များသည် ထိန်းမရအောင် တုန်လှုပ်ပြီး မြေကြီးပေါ်သို့ အချိန်မရွေး လဲကျသွားမလိုပင်။ သူတို့မျက်နှာမှာ ဖြူဖျော့လာပြီး အနောက်သို့ ဆက်တိုက်ဆုတ်သွားလေ၏။
သိပ်မဝေးသော လေဟာနယ်တစ်ခုတွင် တောက်ပသော အလင်းရောင်များ ဆက်တိုက်ပေါ်ထွက်လာ၏။ ဓားဖြတ်ရာများပေါ်လာပြီး တစ်စုံတစ်ယောက်သည် လေဟာနယ်ကို ဖြတ်ပြီး ဝင်လာချင်နေမှန်းသိသာသည်။
ချင်းဝူ၏မျက်နှာမှာ ပိုပျက်သွားပြီး သူသည် တစ်ခြားဖြစ်တည်မှုတစ်ခုကို ကြည့်လိုက်သည်။
ထိုနေရာတွင် ရှီကျီလင်းနှင့် သူ၏ဇနီးသည် သူတို့ကို ဖမ်းချုပ်ထားသော ဖြစ်တည်မှုကို တစ်ခုခုလုပ်ရန် ကြိုးစားနေ၏။ သူတို့သည် လေဟာနယ်ကို အကြိမ်များစွာ ဓားဖြင့်ဖြတ်သော်လည်း ထိုနေရာသည် ပြန်ပြန်စေ့သွားပြီး သူတို့ တစ်ဖက်ကို ဖြတ်လို့မရပေ။
ရှီဟောင်သည် အတွင်းထဲမှ တစ်ခုခုကို ခံစားမိလိုက်၏။ သူသည် နတ်တာအိုကို ရသွားပြီဖြစ်သောကြောင့် သူ၏အာရုံခံစားမှုများမှာ အတိုင်းထက်အလွန်ပင် ကောင်းမွန်နေသည်။ “အဖေ အမေ ကျွန်တော် အဖေတို့ကို လာတွေ့ပြီ” ရှီဟောင်အော်လိုက်၏။
တစ်ခြားဖြစ်တည်မှုအတွင်းတွင် ရှီကျီလင်းနှင့် သူ၏ဇနီးသည် စိတ်ရှုပ်ထွေးနေကြ၏။ ထိုအချိန်တွင် တစ်ယောက်ယောက် သူတို့ကို ခေါ်လိုက်သောအသံကို သေချာစွာ ကြားလိုက်ရသည်။
သူတို့သည် တုန်လှုပ်သွားကြ၏။ အဆင့်လွန်ကျောရိုးတည်ဆောက်ပုံကို ဆုံးရှုံးခဲ့ရသောကလေးကို သူတို့ ကျောက်တုံးရွာတွင် ထားခဲ့ကြသည်။ ထိုကလေးသည် အလွန်အားနည်းပြီး အချိန်မရွေးသေသွားနိုင်၏။
သို့သော် ထိုကလေးသည် မသေယုံသာမက နတ်ဘုရားတစ်ပါးကိုပင် ဓားဖြင့် ရွယ်ထားသည်။
ဤ ကောင်းကင်ကို ဆန့်ကျင်နိုင်သည့်စွမ်းရည်ရှိသည့် ကလေးသည် သူတို့ကို ရှာရန်အတွက် ဒုက္ခများကို ခံစားပြီးသူတို့ကို လာရှာ၏။
သူ၏လက်ထဲမှ ဓားမြောင်သည် လေဟာနယ်ထဲရှိ သားရဲကြီး၏အရိုးဖြင့် လုပ်ထားခြင်းဖြစ်သောကြောင့် ထိုဓားဖြင့် လေဟာနယ်များကို ဖြတ်ပြီး သူတို့ဖြတ်သန်းသွားလို့ရ၏။
သို့သော် ဤနေရာသည် သာမန်နေရာမဟုတ်ပေ။ နတ်ဖြစ်တည်မှုများစွာက သူတို့ကို ပိတ်လှောင်ထား၏။ သူတို့သည် လေဟာနယ်ကို ဖြတ်သော်လည်း လေဟာနယ်သည် ပြန်ပြန်ပိတ်သွားသည်။ သူတို့သည် လျိုမြောင်အတွင်းမှ လူငယ်လေး၏ အငွေ့အသက်ကို ခံစားနိုင်သော်လည်း သူတို့ အပြင်ထွက်၍မရပေ။
“မင်းက လူသားတစ်ယောက်ဖြစ်ပြီးတော့ ငါ့လိုနတ်ဘုရားနဲ့ ရန်သူဖြစ်ရဲတယ်ပေါ့။ မင်းရဲ့ အဆုံးသတ်က ကောင်းမှာ မဟုတ်ဘူး။ ငါမင်းကို နတ်ဘုရားတစ်ပါးရဲ့ နတ်အစွမ်းကို ပြမယ်။ ငါ့ရဲ့ သွေးတစ်စက်ထဲနဲ့ မင်းကို နှစ်သတ်လို့ရတယ်။ မင်းရဲ့ ကျင့်ကြံမှုနဲ့ နတ်စွမ်းရည်တွေအကုန်လုံးကို ဖျက်ဆီးပစ်မယ်” ချင်းဝူသည် ဒေါသတကြီး ပြောလိုက်၏။
ထို့နောက်သူသည် လက်မြှောက်လိုက်သည်နှင့် သူ၏လက်ညှိုးမှ သွေးတစ်စက်ထွက်လာသည်။ အနီရောင်တောက်နေသောသွေးတွင် ငွေရောင်အလင်းလေးများတောက်နေ၏။ သွေးစက်တစ်စက်ပင်ဖြစ်သော်လည်း ပင်လယ်ကြီးတစ်ခုကဲ့သို့ပင် မှော်အစွမ်းနှင့် နတ်စွမ်းအားများ ပါဝင်သည်။
ထိုသွေးစက်လေးသည် ဖြစ်တည်မှုအတွင်းသို့ ရောက်သွားသည်နှင့် ကြီးမားသော ငွေရောင်လှိုင်းကြီးဖြစ်လာပြီး ရှီဟောင်ကို ဖုံးအုပ်သွားတော့၏။
ဤအရာသည် အလွန်ပင် ကြောက်စရာကောင်းသည်။ ဤသည်မှာ နတ်ဘုရားတစ်ပါး၏ နည်းလမ်းပင်။ သွေးတစ်စက်တည်းနှင့် ရှီဟောင်ကို ဖိနှိပ်ထားနိုင်းပြီး သူ၏စွမ်းအင်များကို လျော့ချပစ်သည်။
“ချီးကိုပဲ လူသားလိုက်လေ” ရှီဟောင်သည် မပြောင်းလဲသော လေသံဖြင့်ပင် ဤနတ်ဘုရား၏တိုက်ခိုက်မှုကို ကျယ်လောင်စွာဖြင့် ဆူပူလိုက်သည်။
သူ၏လက်ထဲတွင်ရှိသော တိုင်းပြည်ကာကွယ်ရေးလက်နက် ၂ ခုသို့ ကောင်းကင်သို့ မြှောက်လိုက်သည်။ သူသည် အရှုံးပေးမည်မဟုတ်။ ထိုအချိန်မှာပင် သူသည် ရှေးမှတ်တမ်းကို အလုပ်လုပ်စေပြီး သူ၏အစွမ်းများအားလုံးကို ရင်ဘတ်ဆီသို့ ပို့လိုက်သည်။
အဆင့်လွန်ကျောရိုးသည် အသက်ဝင်လာပြီး အော်ရာများသည် ကောင်းကင်နှင့် မြေကြီးကိုပင် ဆက်သွားသည်။ တိုင်းပြည်ကာကွယ်ရေးလက်နက် ၂ ခု၏ အကူအညီဆိုလျှင် ဤအစွမ်းသည် သူ၏အမြင့်ဆုံးအနေအထားသို့ပင် ရောက်တော့မည်ဖြစ်၏။
“ရီ မင်းကောင်းကောင်းမွန်မွန်လေး ရင့်ကျက်လာလို့ မရဘူးလား။ အစွမ်းကို သုံးဖို့က အဲဒီလောက်တောင် ခက်ခဲတာလား။” ချင်းဝူသည် မျက်မှောင်ကြုတ်လိုက်သည်။ သူသည် ရှီဟောင်အကြောင်းသိထားသည်ဆိုသည်မှာ သိသာပေ၏။
အဆုံးမရှိသော အလင်းရောင်သည် ကောင်းကင်နှင့် မြေကြီးတွင် ပေါ်လာ၏။ ထိုသွေးရည်စက်သည် ငွေရောင်ပင်လယ်အဖြစ်သို့ ပြောင်းလဲသွားပြီး နတ်ပစ္စည်းသည် ရှီဟောင်၏ရင်ဘတ်သို့ ဦးတည်လာနေသည်။
“သေးနုပ်ပြီး မသိသာ မထင်ရှားနဲ့ နတ်လေး ခင်ဗျားရဲ့ အစွမ်းက ဒါအကုန်ပဲလား။ အားနည်းလိုက်တာ။ နည်းနည်းလေးတောင် သနားစရာကောင်းလာသလိုပဲ” ရှီဟောင်သည် ရယ်မောကာ ပြောလိုက်သည်။
အကြီးအကဲနှစ်ယောက်သည် ထိတ်လန့်သွားကြသည်။ ရှီဟောင်၏ရင်ဘတ်သည် တောက်ပလာပြီး ထိုသွေးစက်ကို စုတ်ယူလိုက်ကာ သူ၏အရိုးကို အားဖြည့်လိုက်သည်။
ချင်းဝူ၏မျက်နှာသည် ပို၍ပျက်ယွင်းလာသည်။ သူ၏နတ်ဘုရားစွမ်းအားသည် ထပ်ခါထပ်ခါပင် စော်ကားခံနေရသည်။ သူ၏နတ်သွေးစက်သည်လည်း ရှီဟောင်၏အရိုးအတွက် အာဟာရပင် ဖြစ်သွား၏။ ဤသည်မှာ သူ့ကို အရှက်ခွဲခြင်းပင်။
ခပ်ဝေးဝေးတွင် ချင်းဟောင်သည် တုန်လှုပ်စွာ ရပ်နေသည်။ သူ၏လက်ထဲမှာ ငွေရောင်လှံသည် ရှီဟောင်ကို ရွယ်ထား၏။
“မင်း ဘေးမှာ ရပ်နေ” ရီဟောင်သည် သူ့ကိုကြည့်ပြီး ဆူပူလိုက်သည်။
“ခင်ဗျား…”
ထိုအချိန်မှာပင် လေဟာနယ်သည် နောက်တစ်ခေါက်ပွင့်လာပြီး ရှီကျီလင်းသည် တိုက်ဆိုင်စွာပင် ရှီဟောင်သည် သွေးကိုစုတ်ယူပြီး နတ်ဘုရားကို ဆူပူလိုက်သည်ကို တွေ့လိုက်ရ၏။
“ဟောင်အာ”
ရှီဟောင်သည် နောက်ဆုံးတွင် သူ၏မိဘများ အော်နေသည်ကို တွေ့လိုက်ရသည်။ သို့သော် ကံမကောင်းစွာပင် လေဟာနယ်သည် ပြန်ပိတ်သွား၏။
“မင်းလိုမျိုး လူသားတစ်ယောက်က နတ်ဘုရားတစ်ပါးရဲ့ ဂုဏ်သိက္ခာကို ထပ်ခါတလဲလဲ စိန်ခေါ်ရဲတယ်ပေါ့။ မင်းကငါ့ကို ဒေါသထွက်အောင် လုပ်နေတာပဲ။ နတ်ဘုရားအပြစ်ပေးမှုကို လက်ခံလိုက်” ချင်းဝူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် အသံပေါင်းစုံ ထွက်နေ၏။ သူ၏ငွေရောင်ဝတ်စုံသည် အရောင်တောက်လာပြီး သူ၏အနားတွင် နဂါးနှင့် ဇာမဏီငှက်အော်သံများ ဆူညံနေသည်။
သူသည် ဖြစ်တည်မှုအတွင်းသို့ ဆင်းလိုက်ပြီး ကောင်းကင်တွင် ပျံဝဲနေကာ ရှီဟောင်ကို အေးစက်စွာ ကြည့်နေသည်။
“လူသားတစ်ယောက်ရဲ့ ကြိုးစားမှုက နတ်ဘုရားရှေ့မှာ ဘာမှ အသုံးမဝင်ဘူး” ချင်းဝူသည် အေးစက်စွာ ပြောလိုက်သည်။ သူ၏မျက်လုံးများထဲတွင် အထင်သေးမှုနှင့် ရက်စက်မှုများ ပြည့်နေ၏။
“စေတီလေး မင်းဘာလို့မထွက်လာသေးတာလဲ။ ထာဝရတောင်တစ်ခုလုံးကို လာဖျက်ဆီးပစ်” ရှီဟောင်သည် အိပ်ပျော်နေသော စေတီလေးကို တိတ်တဆိတ်နှိုးလိုက်သည်။
စေတီလေး နှိုးလာပြီး အခြေအနေများကို မြင်လိုက်ရသောအခါ ဆွံ့အသွားသည်။ “မင်း… မင်းက အရမ်းကို ရဲတင်းတာပဲ။ မင်းက ထာဝရတောင်ကိုတကယ် နှောက်ယှက်ချင်နေတာပဲ။ ငါးဆင့်ပြောင်းလဲခြင်းတောင်က ကမ္ဘာမစခင်ကတည်းက ရှိခဲ့တာ။ တောင်ထဲမှာ နတ်ဘုရားတွေ မိစ္ဆာတွေ အကုန်ရှိတယ်”
“မင်းလုပ်နိုင်တယ်ဆိုတာ ငါသိပါတယ်။ မင်းတို့ကို နိုင်ပါတယ်” ရှီဟောင်ပြောလိုက်သည်။ ထို့နောက်သူ ဆက်ပြောလိုက်၏။ “ငါ ကျောက်တုံးတိုင်းပြည်က ရတနာတိုက်တစ်ခုလုံး သယ်လာခဲ့တယ်။ မင်းကြိုက်တာသုံး။ ပြီးတော့ အခုကစပြီးတော့ ကံကြမ္မာအားလုံးကို ငါ့ကိုယ်ပေါ်မှာ ထားလိုက်”
စေတီလေးသည် ဆွံ့အသွားသော်လည်း သူ၏ ဆုံးဖြတ်ချက်ခိုင်မာနေသည့်ပုံကို တွေ့လိုက်ရသောအခါ သူ့ကို စည်းရုံးမနေတော့ပဲ စကားတစ်ခွန်းသာ ပြောလိုက်သည်။
“ကောင်းပြီလေ”
“မင်းရဲ့ ပြစ်မှုတွေကို မင်းလက်ခံလား” ချင်းဝူ၏အသံသည် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်စွာ ထွက်လာ၏။ သူသည် ရှီဟောင်ကို ဖိနှိပ်ပြီး သူအရှုံးပေးကာ ဦးညွှတ်လာအောင် လုပ်ချင်သည်။
“သေးနုပ်ပြီးတော့ မထင်ရှားတဲ့နတ်စေတီလေး… ခင်ဗျားလို မထင်ရှားတဲ့သူက ကျုပ်ကို လာအော်ရဲတယ်ပေါ့။” ရှီဟောင်ပြန်အော်ပြောလိုက်၏။
“မင်း…” ချင်းဝူသည် တုန်လှုပ်သွား၏။
“ရှီဟောင်ပြောတာ မှန်တယ်။ မင်းလိုမျိုး နတ်ဘုရားအတုအယောင်လေးက ငါ့ရှေ့မှာ ပေါ်လာရဲတယ်ပေါ့” စေတီလေးသည်ကြောက်စရာကောင်းသောအော်ရာကို ထုတ်လွှတ်လိုက်ပြီး သူ၏ပုံစံအမှန်ကို ပြလိုက်၏။
“မင်းလား” သူသည် တုန်လှုပ်လာပြီး ကြောက်ရွံ့မှုကို ခံစားလိုက်ရ၏။ သူ ဤအဆင့်ထိရောက်လာပြီးဖြစ်သည့်အတွက် စေတီလေးကို မမှတ်မိစရာအကြောင်းမရှိပေ။သူသည် ချက်ချင်းပင် ငါးဆင့်ပြောင်းလဲခြင်းတောင်ဆီသို့ ပြန်ပြေးသွားလိုက်သည်။
“မထင်ရှားတဲ့ နတ်စေတီလေး ခင်ဗျား ကိုယ့်ကိုကိုယ် အရမ်းတွေ ယုံကြည်မှုရှိနေတယ်မလား။ အခုက ဘယ်ကိုပြေးသွားတာလဲ။ ခင်ဗျားတို့ ထာဝရတောင်ကို ကျုပ် ဘယ်လိုလုပ်ပစ်မလဲဆိုတာ ကြည့်ထားလိုက်” ရှီအောင် အော်ပြောလိုက်၏။
သူသည် ချက်ချင်းပင် သူ၏လက်ထဲမှ ဓားကို ဝေ့ရမ်းလိုက်ပြီး စေတီလေးသည်လည်း နတ်စွမ်းအားဖြင့် ချင်းဝူကို ရစ်ပတ်လိုက်သည်။
ဓားအလင်းရောင်သည် လက်ခနဲဖြစ်သွားပြီး ချင်းဝူဆံပင်ကို ဖြတ်သွားကာ သူ၏မျက်နှာတွင် သွေးများ ထွက်လာသည်။ ထို့အပြင် သူ၏နားသည်လည်း အနည်းငယ် ပြတ်ထွက်သွားသည်။
သူသည် ကျယ်လောင်စွာ ငိုကြွေးလိုက်သည်။ သူသည် မည်သူနည်း။ သူသည် သာမန်လူသားတစ်ယောက်ကြောင့် ဒဏ်ရာရသွားသော နတ်ဘုရားပင်။
သူ့ကို ပို၍ဒေါသထွက်စေသောအရာမှာ တစ်ဖက်လူပြောလိုက်သော စကားဖြစ်၏။ “သေးငယ်ပြီးတော့ အားနည်းတဲ့ နတ်စေတီလေး။ ခင်ဗျားရဲ့ အမှားတွေကို ဝန်ခံပြီလား။ ထာဝရတောင်တစ်ခုလုံးက ခင်ဗျားကြောင့် အပေါ်အောက်ပြောင်းပြန်ဖြစ်သွားလိမ့်မယ်နော်”