သုခကမ္ဘာက ရှီဟောင် - Chapter - 691 အားလုံးရောက်ရှိလာခြင်း
ထိုအရိုးလေးသည် ရှီဟောင်၏လက်ထဲတွင် နူးညံ့နေပြီး အလင်းတန်းလေးများ ထုတ်လွှတ်နေ၏။ ထိုအရိုးကို ကိုင်ထားသောအချိန်တွင် အလွန်သက်တောင့်သက်သာ ခံစားရသည်။
ရှီဟောင်သည် ထိုအရိုးလေးကို သေချာကြည့်ပြီး သူထင်နေသည့်ပစ္စည်းဟုတ်မဟုတ် အတည်ပြုပြီးနောက်တွင် ဤအရာသည် အမှန်တကယ်ပင် သူထင်နေသော ပစ္စည်းပင်။
ထာဝရတောင်ရှိလူများသည် ဤပစ္စည်းကို ဘာမှန်းမသိသောကြောင့်သာ ဤနေရာတွင် ပစ်ထားခြင်းပင်။ သူတို့သာ ဤပစ္စည်းသည် အလွန်အဖိုးတန်မှန်းသိလျှင် ဤသို့ ပစ်စက်လခတ် ပစ်ထားမည်မဟုတ်။
ရှီဟောင် ဒါကို အရင်က မြင်ဖူး၏။ သူသည် အပိုင်းအစတစ်ခုကို ကျောက်တုံးမြို့တော်မှ လေလံပွဲတစ်ခုတွင် မထင်မှတ်ပဲရရှိခဲ့၏။ ထိုအပိုင်းလေးသည် သူ့အား များစွာအထောက်အကူဖြစ်ခဲ့သည်။ သူသည် ကျင့်ကြံခြင်းလမ်းကြောင်းကို ဖွင့်နိုင်ခဲ့ပြီး အခြေခံအမိန့်အာဏာတည်ထောင်ခြင်းကိုလည်း ပြီးမြောက်နိုင်ခဲ့သည်။
သူသည် ထိုအပိုင်းကို ထုတ်ပြီး ယခုရှိနေသော အပိုင်းနှင့် အလျင်အမြန်ဆက်ကြည့်လိုက်သည်။
ကံမကောင်းစွာပင် နောက်ဆုံးအပိုင်းသေးသေးလေး လိုနေသေး၏။
သူသာ အစိတ်အပိုင်းများအားလုံးကို ဆက်နိုင်ပါက ထိုအရိုးသည် မူလရှေးဟောင်းမှတ်တမ်းတစ်ခု ထပ်ဖြစ်လာမည်လားဟု ရှီဟောင်ကိုယ့်ဘာသာကိုယ် စဉ်းစားကြည့်လိုက်သည်။
မိုးမခနတ်ဘုရားပြောသည့်အတိုင်းဆိုလျှင် မူလရှေးဟောင်းမှတ်တမ်း ၃ ခုရှိ၏။
တစ်ခုမှာ နတ်လမ်းညွှန်ဖြစ်ပြီး အဆင့်မြင့်နယ်မြေမှ ဘီလူးကြီးများ ထိုအရာကို မြင်ဖူးကြသည်။ ဒုတိယတစ်ခုမှာ အကန့်အသတ်မဲ့ပင်။ ထိုအရာကို အဆင့်မြင့်နယ်မြေမှ လူများဆင်းရှာကြသော်လည်း မည်သူမျှ မတွေ့ဖူးသေးပေ။
ဤပစ္စည်းသည် ဒုတိယတစ်ခုဖြစ်သည့် အကန့်အသတ်မဲ့ များလား။ သို့သော် မဟုတ်ဟု သူခံစားနေရသည်။
“ဒါက တကယ်ပဲ အကန့်အသတ်မဲ့ ဖြစ်နေရင် ငါ ဒါကို သေချာနားမလည်သေးဘူး။ အဲဒီဘီလူးကြီးတွေထိမှ ပွင့်မယ့်တစ်ချို့အရာတွေ ရှိတယ်” သူသည် ကိုယ့်ကိုကိုယ် ပြောလိုက်၏။
နတ်ဘုရားပစ်ချက်ကျောက်တုံးလေး ရောက်လာပြီး ထိုအရိုးသည် ကောင်းကင်ဘုံနှင့်ဆိုင်သောအရိုးဖြစ်ကြောင်းပြောပြ၏။ သို့သော် ထိုအရိုးမှာ ပျက်စီးနေပြီး မည်သည့် တံဆိပ်ခတ်နှိပ်မှုမှလည်း မမြင်ရတော့ပေ။
စေတီလေးသည် သားရေကျနေ၏။ သူသည် ထိုအရိုးကိုစားသုံးပြီး သူ၏စေတီကိုယ်နှင့် ပေါင်းလိုက်ချင်ကြောင်း ရှီဟောင်ကို သွေးဆောင်ဖြားယောင်းလိုက်၏။
ရှီဟောင်ငြင်းလိုက်သည်။ ဤအရိုးသည် အလွန်ကောင်းမွန်ပြီး သူ့ကိုအစားထိုးနိုင်သည့်ပစ္စည်း ရှိမည်မဟုတ်ပေ။ ဤအရာသာ ပျက်စီးသွားပါက သူအလွန်ပင် ဝမ်းနည်းရလိမ့်မည်။
မူလရှေးဟောင်းမှတ်တမ်းသည် ကောင်းကင်ဘုံမပွင့်မှီကပင် မူလရှေးဟောင်းနယ်မြေအတွင်းသို့ရောက်နေပြီဖြစ်ကြောင်း မိုးမခနတ်ဘုရားပြောခဲ့သည်။ ထိုမှတ်တမ်း၏မျက်နှာပြင်တွင် ထွင်းထုထားသော တာအိုများမှာ ရိုးရှင်းသော်လည်း ကြီးမားသောအင်အားများကို ပိုင်ဆိုင်ထား၏။
ကောင်းကင်နှင့်မြေကြီးပေါ်ထွက်လာသည်နှင့် သူ့ထဲတွင်ထွင်းထုထားသော ငှက်များနှင့် သားရဲကြီးများသည် တစ်ကောင်ပြီးတစ်ကောင် ထွက်ပေါ်လာခဲ့၏။
ရှီဟောင်သည် သူ့မိဘများ၏ကိစ္စနှင့်ပတ်သက်၍ စိတ်မကောင်းသော်လည်း သူသည် မမျှော်လင့်ပဲ ပစ္စည်းကောင်းတစ်ခုကို ရလိုက်သောကြောင့် အလွန်ပျော်ရွှင်နေ၏။
နတ်ဘုရားပစ်ချက်ကျောက်တုံးလေးသည် ပျက်စီးခြင်းတောင်တန်းတစ်ရာတွင် ရှီဟောင်လုပ်ခဲ့သည့်အပြုအမူကို အတုခိုးလျက် “ငါ့ဟာ ငါ့ဟာ အားလုံးငါ့ဟာ …။ ”
ဤရတနာသိုက်ထဲတွင် ပစ္စည်းများသည် တောင်လိုပုံနေပြီး ရှားပါးပစ္စည်းများမှာလည်း တစ်ခုပေါ်တစ်ခုဆင့်ကာ ရှိနေကြသည်။ နတ်ပစ္စည်းများလည်း အနည်းဆုံး အမျိုးအစား ၂၀ ခန့်ရှိသောကြောင့် စေတီလေးသည် ပျော်ရွှင်စွာ အော်ဟစ်နေတော့သည်။
ဤနေရာတွင်ရှိသော ပစ္စည်းများမှာ အဖိုးတန်လှသည်။ ဥပမာ နေကျောက်တုံးသည် ရွှေရောင်အလင်းများ တောက်ပလျက်ရှိ၏။ ထိုအရာသည် ကောင်းကင်ဘုံမှနေမင်းပြုတ်ကျလာပြီး လက်သီးအရွယ်အစားကျောက်တုံးထဲတွင် စုစည်းထားခြင်းပင်။ ထိုကျောက်တုံးတွင် မမျှော်မှန်းနိုင်သည့်စွမ်းအင်များ ပါရှိနေ၏။
အဆင့်မြင့်နယ်မြေမှ နတ်ဘုရားနှင့် နတ်ဆိုးများပင်လျှင် ထိုအရာကို ထိပ်တန်းပစ္စည်းအဖြစ် တန်ဖိုးထားကြသည်။
“ယီ ငါတို့ကံကောင်းနေတာပဲ။ ဖရိုဖရဲကမ္ဘာရဲ့ အစိတ်အပိုင်းက ဒီမှာရှိနေတယ်” စေတီလေးသည် အပျော်လွန်နေ၏။
ဖရိုဖရဲကမ္ဘာသည် သာမန်နတ်ပစ္စည်းမဟုတ်ပေ။ သူ့တွင် ဖရိုဖရဲကာလမှ တံဆိပ်တုံးများရှိနေပြီး ထိုတံဆိပ်များကို တန်ဖိုးကြီးသောအသုံးအဆောင်ပစ္စည်းများ ပြုလုပ်ရာတွင် သုံးနိုင်သည်။
ခွန်ပန်အသိုက်တွင် ရှီဟောင်အပိုင်းသေးသေးလေးရခဲ့သည်။ သို့သော် စေတီလေးသည် ထိုအပိုင်းကို လူလည်ကျကာ ယူသွား၏။ ယခုရသောအပိုင်းသည် လသားကလေးအရွယ်ခန့်ရှိသည်။
“ပစ္စည်းကောင်းပဲ” စေတီလေးသည် ပျော်ရွှင်စွာရယ်မောလိုက်ပြီး တစ်ခါတည်း စားသုံးလိုက်သည်။
ရှီဟောင် သူ့ကို တားလိုက်၏။ သူသည် နောက်ပိုင်းတွင် တန်ဖိုးရှိသော အသုံးအဆောင်ပစ္စည်းများ ပြုလုပ်ရန်အတွက် ထိုပစ္စည်းလေးကို လိုချင်မိသည်။ သို့သော် စေတီလေး သူ့ကိုမပေးပေ။
“ငါ ငါ့ရဲ့ စစ်ဝတ်စုံကို ပြန်ပြင်ချင်လို့” ရှီဟောင်ပြောလိုက်၏။ သို့သော် စေတီလေးသည် သူ၏အရှေ့မှ နတ်ပစ္စည်းများကို တစ်ခါတည်းဖြင့် အကုန်စားလိုက်သည်။
ရှီဟောင်သည် အကူအညီမဲ့စွာ ကြည့်နေလိုက်ရတော့သည်။ နောက်ဆုံးတွင် သူသည် မထီမဲ့မြင်ကြည့်လိုက်ပြီး “အဲဒီ ပျက်စီးနေတဲ့ အဖြူရောင်အရိုးလေး ငါ့ကိုပေး။ ငါမင်းကို နတ်ပစ္စည်းရှာကူပေးမယ်”
တစ်ခြားတစ်ဖက်တွင်လည်း နတ်ဘုရားပစ်ချက်ကျောက်တုံးလေးသည် တစ်ခုပြီးတစ်ခုစားသည်။ လေထဲတွင် အမွှေးနံ့ပေါင်းစုံနှင့် အလင်းရောင် ရောင်စုံများ ရစ်ပတ်နေလေ၏။
စေတီလေး ဂရုမစိုက်သော ပစ္စည်းများနှင့် နတ်ဘုရားပစ်ချက်ကျောက်တုံးလေး မစားသောပစ္စည်းများကို ရှီဟောင်သည် သူ၏ အိတ်အတွင်းသို့ ထည့်လိုက်၏။ စေတီလေးသည် ဂျေးများသောသူဖြစ်သည်။ သူသည် နတ်ပစ္စည်းများနှင့် မူလသင်္ကေတများပါသော ပစ္စည်းများကိုသာ စားသုံး၏။
ကျန်သောပစ္စည်းများကို ရှီဟောင်သည် ကျောက်တုံးမြို့တော်၏ ရတနာသိုက်အတွက် အသုံးပြုမည်။ ဤအရာများသည် ထာဝရတောင်၏ပိုင်ဆိုင်မှုများ ဖြစ်သောကြောင့် သူသည် အနည်းငယ်မျှပင် စိတ်မကောင်း မဖြစ်မိ။
သူတို့ ရတနာသိုက်မှ ထွက်လာသောအချိန်တွင် နတ်ဘုရားပစ်ချက်ကျောက်တုံးလေးသည် အစားများသောကြောင့် လေတက်နေပြီး သူ၏ပါးစပ်မှလည်း အရောင်ပေါင်းစုံထွက်နေ၏။ သူသည် အမူးသမားလေးနှင့်ပင် တူနေ၏။ စေတီလေးမှာမူ အလွန်ကျေနပ်နေပြီး သူတိုက်ပွဲတွင်ရခဲ့သော ဒဏ်ရာများမှာလည်း ပျောက်ကင်းသွားလေပြီ။
ထာဝရတောင် ရှေးယခင်ကတည်းက စုခဲ့သမျှအားလုံးကို သူတို့ယူလာခဲ့သောကြောင့် ထာဝရတောင်အတွက်တော့ ယူကျုံးမရသည့် ဆုံးရှုံးမှုကြီးပင်။
အပြင်ဘက်တွင် တိုက်ပွဲမှာ ပြင်းထန်နေ၏။ ကောင်းကင်ဘုံနတ်ဘုရားနှင့် ငါးဆင့်ပြောင်းလဲခြင်းတောင်တို့ပေါင်းကာ မသေမျိုးသက်ရှိကို တိုက်ခိုက်လျှက်ရှိသည်။
“ယီ သူက ဘာလို့ဒီမှာ ရှိနေသေးတာလဲ။ ပုံရိပ်ယောင်က ဒီလောက်အကြာကြီး ရှိမနေသင့်ဘူးလေ” ကျောက်တုံးလေး အံ့ဩသွားရ၏။
“တစ်ခုခုပဲ။ သူက ထူးဆန်းတဲ့မှော်ဝင်ပစ္စည်းကို ယူလာတာပဲ” ရုတ်တရက်ပင် သူတစ်ခုခုကို အာရုံခံမိသွားသည်။ ကောင်းကင်ဘုံနတ်ဘုရား၏ခေါင်းထက်တွင် ယခင်က မရှိသည့် ကားချပ်တစ်ခု ရှိနေပြီး ထိုကားချပ်သည် မှုန်ဝါးဝါးနှင့် မထင်ရှားပေ။ ထိုကားချပ်မှ စွမ်းအင်များ ထုတ်လွှတ်နေသောကြောင့် ပုံရိပ်ယောင်သည် အချိန်ကြာရှည်စွာ တိုက်ခိုက်နိုင်ခြင်းဖြစ်၏။
ထာဝရတောင်မှရတနာများ အခိုးခံလိုက်ရသည်ကို သိသွားသောအခါ ထာဝရတောင်မှ လူများသည် ဒေါသထွက်သောကြောင့် မျက်လုံးများပင် နီလာသော်လည်း သူတို့ ဘာမျှမတတ်နိုင်တော့ပေ။
စေတီလေးသည် ရတနာသိုက်ထဲမှ ထွက်လာသည်နှင့် ဟိုဟိုဒီဒီလျှောက်သွားပြီး ဖြစ်တည်မှုများကို ဖျက်ဆီးပစ်ပြီး ဖြစ်တည်မှုများ ရှိနေသည့်ပစ္စည်းကိုပင် အလွတ်မပေးပေ။ ရှီဟောင်ပင် ဆွံ့အသွားရသည်။
ရတနာသိုက်ထဲမှ ထွက်လာပြီးနောက် ရှီဟောင်ပထမဆုံးလုပ်သောအရာမှာ ထာဝရတောင်၏ ဆေးခင်းထဲသို့ ပြေးသွားခြင်းပင်။ သို့သော် သူသည် အပင်များသည် ညှိုးခြောက်နေပြီး ဝိဉာဉ်စွမ်းအင်များ မရှိတော့ပေ။
“ကံဆိုးလိုက်တာ” ဝိဉာဉ်စွမ်းအင်များသည် မသေမျိုးသက်ရှိ လွတ်လာသောအချိန်တွင် စားသုံးသော စွမ်းအင်ထဲ ပါသွားလေပြီ။
ထာဝရတောင်တွင် ဝိဉာဉ်ဆေးပင်များ ပေါကြွယ်ဝလှသည်။ သို့သော် ယခုအချိန်တွင် အပင်များအားလုံးမှာ ညှိုးခြောက်နေပြီး တစ်ချို့အပင်များမှာ အမြစ်များထိခိုက်သွားသောကြောင့် ဆက်မကြီးထွားနိုင်ကြတော့ပေ။
ရှီဟောင်သည် သက်ပြင်းချလိုက်ပြီး နောင်တတရားကို ခံစားနေရသည်။ သူသည် ဤတောင်မှ ဘာမျှမရပဲ လက်ဗလာဖြင့် ပြန်သွားရမည်လား?
“သိန္ဒိဆေးက ဘယ်မှာလဲ” ရှီဟောင်သည် သူ၏ခေါင်းထဲမှအတွေးများ အားလုံးကို ထုတ်လိုက်ပြီး သူသည် ရက်စက်သောကောင်ကလေး ပြန်ဖြစ်သွားသည်။ သူသည် နှစ်ထပ်မျက်လုံး ( နတ်မျက်လုံး နှစ်သွယ် ) ကိုပင် အသုံးပြုကာ ထိုဆေးကို ရှာဖွေနေသည်။
“တွေ့ပြီ” သူသည် ဝမ်းသာအားရအော်လိုက်သည်။ ခပ်ဝေးဝေးတွင် သေချာစွာဖုံးကွယ်ထားသော ဖြစ်တည်မှုတစ်ခုရှိပြီး ထိုနေရာတွင် ဝိဉာဉ်စွမ်းအင်များမှာ ပြင်ပကမ္ဘာများနှင့် ဖြတ်တောက်ထားသည်။ သူသည် ထိုနေရာသို့လျင်မြန်စွာ ပြေးသွားလိုက်၏။
လမ်းတစ်လျှောက်တွင်သူသည် ပြန်လည်မွေးဖွားခြင်းရေကန်လေးများကို တွေ့လိုက်သော်လည်း အားလုံးမှာ ခန်းခြောက်နေလေပြီ။
“စေတီလေး ဖြစ်တည်မှုကို မြန်မြန်ဖျက်ပေး” ရှီဟောင်သည် အလွန်စိတ်လှုပ်ရှားနေသည်။ သူ သိန္ဒိဆေးကို ယခုမှ အနီးကပ်မြင်ဖူးခြင်းဖြစ်၏။
ထာဝရတောင်တွင် ကျွမ်းကျင်သူများရှိသော်လည်း မည်သူက စေတီလေးကို တားဆီးနိုင်မည်နည်း။ တစ်ချက်လှုပ်လိုက်ယုံဖြင့်ပင် ဖြစ်တည်မှုမှာ ပျောက်ကွယ်သွားပြီး ပစ္စည်းများမှာလည်း စုတ်ယူခံလိုက်ရသည်။
“ယီ သက်တန့်ကမ္ဘာ… ပစ္စည်းကောင်းတစ်ခုပဲ” စေတီလေး ပြောလိုက်၏။
ထိုနေရာတွင် ဝိဉာဉ်ရေကန်ရှိသော်လည်း ခမ်းခြောက်နေလေပြီ။
နတ်အလင်းရောင် ၅ ရောင်တောက်နေသော ကျောက်အိုးလည်းရှိသည်။ ထိုအရာသည် ရှားပါးဖြစ်သောကြောင့် စေတီလေးသည် ထိုနေရာသို့ အမြန်ပြေးသွားလိုက်သည်။
“ဒါက ငါးဆင့်ပြောင်းလဲခြင်းတောင်ကနေလာတဲ့ သက်တန့်ကမ္ဘာပဲ။ ဒီကနေပြီးတော့ နတ်ပစ္စည်းတွေ လုပ်လို့ရတယ်။ ငါဒါက အရင်ကတည်းက မြည်းကြည့်ချင်နေတာ။ အခုတော့ မြည်းကြည့်လို့ရပြီ” စေတီလေးသည် ရယ်မောရင်း ပြောလိုက်၏။
“မလုပ်နဲ့”
ရှီဟောင်သူ့ကို တားလိုက်ရသည်။ သက်တန့်ကမ္ဘာအတွင်းတွင် အပင်တစ်ပင်ပေါက်နေပြီး ထိုအပင်တွင် ထူးဆန်းသော အရွက် ၅ ရွက်ရှိနေ၏။ တစ်ရွက်ချင်းစီသည် လသားအရွယ်ကလေးတစ်ယောက်၏ လက်ဝါးအရွယ်အစားရှိပြီး တစ်ရွက်လျှင် အရောင်တစ်မျိုးစီ ထွက်နေ၏။
“ဒါက ထာဝရတောင်ရဲ့ သိန္ဒိဆေး ဒြပ်စင်၅ခုသစ်ပင် ဖြစ်နေမလား”
သို့သော် ဤအပင်သည် ဆေးပင်ဖြစ်သည်မှာ သိသာသည်။ သူ၏အရွက်များမှာ ညှိုးကျနေပြီး အပင်လည်း သေမလိုဖြစ်နေသည်။
“ဝူ ဒီအဆင့်နိမ့်နယ်မြေမှာ ဒါက ဆေးပင်တစ်ပင်ပဲ ဖြစ်နိုင်တယ်။ အဆင့်မြင့်နယ်မြေကို ရောက်သွားရင်တော့ သူ သစ်ပင်တစ်ပင်ဖြစ်သွားပြီးတော့ အဆုံးမရှိတဲ့ နတ်စွမ်းအားတွေ ပိုင်ဆိုင်နိုင်လိမ့်မယ်။ ဒါပေမဲ့ ဒီအပင်ကတော့ စွမ်းအင်တွေ အကုန်လုံးနီးပါး အစုပ်ခံလိုက်ရတဲ့ သိန္ဒိဆေးပဲ။ ဒီအပင်က ရှင်ချင်တဲ့စိတ်ကြီးလွန်းလို့သာ အသက်ရှင်နေတာ” စေတီလေးသည်လည်း နှမြောနေမိ၏။
“ဒါက သိန္ဒိဆေးပဲ… ဒီအပင်က သေတော့မယ်ဆိုပေမယ့် နတ်အစွမ်းတွေ ကျန်သေးတယ်။ သူ ဆက်ရှင်သန်နိုင်ဖို့ ငါတို့ဒီအပင်ကို ယူသွားရမယ်” ရှီဟောင်သည် ဆုံးဖြတ်ချက်ချလိုက်သည်။
ဤတစ်ကြိမ်တွင်တော့ စေတီလေးသည် စိတ်ထိန်းလိုက်ကာ သက်တန့်ကမ္ဘာကို မစားတော့ပေ။
“ကောင်းလိုက်တာ နောက်ဆုံးတော့ ငါတို့ အရမ်းအရေးကြီးတဲ့ သိန္ဒိဆေးရပြီ။ ဒီအပင် ပြန်ရှင်လာနိုင်ဖို့ မျှော်လင့်တယ်” ရှီဟောင်သည် ပျော်ရွှင်စွာ ပြောလိုက်၏။
အရင်တုန်းက သူ၏မိဘများ ဤအပင်၏သစ်ရွက်လေးအနည်းငယ်လာတောင်းသောအချိန်တွင် အငြင်းခံလိုက်ရယုံသာမက အဖမ်းပင်ခံခဲ့ရသည်။ ယနေ့တော့ သူသည် အပင်တစ်ပင်လုံးကို ယူခဲ့၏။
“ဒီဟာကို အဆင့်မြင့်နယ်မြေကို ယူသွားရင် သူက သေချာပေါက် ဒြပ်စင်၅ခုသစ်ပင်ဖြစ်လာမှာ။ အဲဒီအချိန်ကျရင် သူက တန်ဖိုးဖြတ်လို့ကို ရမှာမဟုတ်ဘူး” စေတီလေးသည် မှတ်ချက်ပေးလိုက်သည်။
စေတီလေးသည် ရုတ်တရက်ပင် တုန်လှုပ်ပြီး ထိတ်လန့်သွားသည်။
အနောက်ဘက်တွင် ရွှေရောင်အလင်းများ ထွက်ပေါ်နေပြီး ကမ္ဘာကြီးသည် အရောင်စုံအလင်းတန်းများဖြင့် ပြည့်နေသည်။ ထို့နောက် ကြီးမားသောပုံရိပ်တစ်ခုထွက်ပေါ်လာ၏။
ထိုအရာသည် နတ်ပုံရိပ်ဖြစ်ပြီး ထိုပုံရိပ်သည် ကောင်းကင်ထက်တွင်ထိုင်နေသည်မှာ တောင်တစ်လုံးထက်ပင်ကြီးပြီး သူ၏လက်ထဲတွင်လည်း တစ်လက်မခန့်ထူသော အစိမ်းရောင်ဝါးကို ကိုင်ထား၏။ ထိုပုံရိပ်၏ ခန္ဓာကိုယ်သည် ၆ ကျန်းခန့်ရှိသည်။
“အဲဒီ အနောက်ဘက်ဂိုဏ်းကလူတွေက ဘာလို့ ဒီကိုပုံရိပ်ယောင် လွှတ်လိုက်တာလဲ” စေတီလေးသည် လေးလေးနက်နက်ပြောလိုက်၏။
မသေမျိုးသက်ရှိသည် ဆက်မတိုက်တော့ရန် ဆုံးဖြတ်လိုက်ပြီး လှည့်ထွက်သွားလေ၏။
မသေမျိုးသက်ရှိသည် သူ့ဘက်သို့ ဦးတည်လာနေသောကောင့် စေတီလေးသည် လန့်သွားရ၏။
စေတီလေးသည် ကျယ်လောင်စွာအော်ဟစ်လိုက်ပြီး “ငါမင်းကို လွှတ်ပေးလိုက်တာလေ။ မင်းက ငါ့ကို ဒီလိုမျိုး ကျေးဇူးဆပ်တာလား”
“ငါ့နေရာမှာ ၃ ရက်လောက်တိုက်ထားပေး။ ငါ့ရဲ့ အခြေခံစွမ်းအားတွေ ပြည့်သွားရင် မင်းကို ဆုအကြီးကြီးပေးမယ်” မသေမျိုးသက်ရှိမှ ပြောလိုက်သည်။ သူ၏ရွှေရောင်အတောင်ပံသည် ကောင်းကင်ကြီးကို ဖုံးလွှမ်းသွားပြီး နားစည်ကွဲလောက်သည့် ဆူညံသံများကို ပြုလုပ်နေ၏။
စေတီလေးသည် သူ့ကိုပြန်မပြောတော့ပဲ လှည့်ထွက်လိုက်သည်။ သူသည် ရှီဟောင်ကို သူ၏အလင်းများဖြင့်ရစ်ပတ်လိုက်ပြီး လေဟာနယ်ကို ဖွင့်ကာ ထွက်သွားလေသည်။
သုံးယောက်တစ်ယောက်တိုက်ခြင်းသည် သူ့ပုံစံမဟုတ်။ သူသည် ကိုယ်ဆုံးရှုံးရသည်ကို ကြိုက်သောသူ မဟုတ်ပေ။
ကံမကောင်းစွာပင် မသေမျိုးသက်ရှိသည် အလွန်လျင်မြန်၏။ သူ၏အတောင်ပံကို ခတ်လိုက်သည်နှင့် ရောင်စုံအလင်းများ ထွက်လာပြီး အောက်တွင်ရှိနေသော အဆုံးမရှိသောတောင်များလည်း ဖုန်မှုန့်များအဖြစ်သို့ပြောင်းသွားပြီး သူလည်း ချက်ချင်းပင် အဖမ်းခံလိုက်ရသည်။
၆ ကျန်းရှိသောခန္ဓာကိုယ်ကြီးသည် အရှေ့ဘက်သို့ ဝါးတစ်ခုဖြင့် ပစ်လိုက်ရာ စေတီလေး၏ ခန္ဓာကိုယ်ကို ထိမှန်သွားပြီး စေတီလေးလည်း အပြင်ဘက်သို့ လွင့်ထွက်သွားရ၏။ ထို့နောက် သူသည် စေတီလေးထံသို့ ဦးတည်လာနေသည်။
စေတီလေးသည် ဒေါသထွက်သွားပြီး ဓားစွမ်းအင်တစ်ခုကို သူတို့ထံသို့ ပစ်လွှတ်လိုက်ရာ ၆ ကျန်းခန္ဓာကိုယ်ကို ထိမှန်သွား၏။
“မင်းက ငါ့ကို တိုက်ခိုက်ရဲတယ်ပေါ့။ ငါမင်းရဲ့ ဘုရားကျောင်းကို တစ်စစီလုပ်မပစ်အောင် ဂရုစိုက်ထားလိုက်”
တစ်ခြားတစ်ဖက်တွင် ကောင်းကင်ဘုံနတ်ဘုရားနှင့် ငါးဆင့်ပြောင်းလဲခြင်းတောင်သည် မသေမျိုးသက်ရှိအားနည်းနေသောအချိန်ဖြစ်သောကြောင့် ဖိနှိပ်ရန်ကြိုးစားနေကြသည်။
အရှေ့ဖက်မှ ခရမ်းရောင်စွမ်းအင်များ ထွက်လာပြီး နွားထီးကြီးတစ်ကောင်ပေါ်လာ၏။ သူ၏အပေါ်တွင် ပုံရိပ်တစ်ခုကို သယ်ဆောင်ထားလျက် အောက်သို့ဆင်းလာလေသည်။ ထိုပုံရိပ်၏ကျောထက်တွင် ထာဝရဓားရှိနေပြီး သူလည်း တိုက်ပွဲအတွင်းသို့ ဝင်တိုက်လိုက်သည်။
စေတီလေး ကျိန်ဆဲလိုက်သည်။ သူတို့အားလုံးက ဘာလို့ ရုတ်တရက်ကြီး ရောက်လာရတာလဲ?
စေတီလေးသည် ပြန်မတိုက်ပဲ ထွက်ပြေးခဲ့သည်။ သူသည် အရှိန်ကို မြင့်လိုက်ပြီး နည်းနည်းလေးမျှပင် မနားခဲ့ပေ။ ထိုအချိန်တွင် မသေမျိုးသက်ရှိသည်လည်း သတိအပြည့်ရှိနေပြီး စေတီလေးနောက်လိုက်နေ၏။
စေတီလေးသည် ဒေါသထွက်သော်လည်း ဘာမျှ ပြန်မလုပ်နိုင်ပေ။ သူသည် တစ်ခြားသူများကို ခြိမ်းခြောက်လိုက်သည်။ “ခင်ဗျားတို့ ဆက်လိုက်နေမယ်ဆိုရင် ခင်ဗျားတို့ ပုံရိပ်ယောင်တွေ ပျောက်သွားတာနဲ့ ဒီအဆင့်နိမ့်နယ်မြေမှာရှိတဲ့ ခင်ဗျားတို့ မျိုးဆက်တွေကို ကျုပ်အကုန်သတ်ပစ်မှာ”
“ယီ အဖိုးတန်ရှေးဟောင်းကမ္ဘာ ပွင့်လာပြီ… ငါတို့အတွက် အခွင့်အရေးကောင်းပဲ” ၆ ကျန်းခန္ဓာကိုယ်မှ နူးညံ့စွာ ပြောလိုက်၏။
ထိုအချိန်တွင် မသေမျိုးသက်ရှိသည် စေတီလေးကို ဥပက္ခာပြုလိုက်ကာ ထိုထူးဆန်းသည့်စွမ်းအားကိုသာ လိုက်ရှာနေတော့သည်။
စေတီလေးလည်း ကျိန်ဆဲလိုက်ပြီး သူ့နောက်လိုက်လိုက်သည်။ သူသည်လည်း ကောင်းသော အခွင့်အရေးတစ်ခုကို အာရုံခံမိလိုက်သောကြောင့်ပင်။
“ထင်ထားတဲ့အတိုင်းပဲ အဖိုးတန်ရှေးဟောင်းကမ္ဘာပေါ်လာပြီ” အဆင့်မြင့်နယ်မြေမှ ဘီလူးများမှာ အံ့ဩသွားရသည်။
ရှီဟောင်သည် စေတီလေးနှင့်အတူပါလာပြီး သူတို့သည် ထိုထူးဆန်းသည့်နေရာသို့ အပြေးလေးသွားလိုက်ကြ၏။ ဝင်ပေါက်သို့ရောက်သောအခါ သူ အံ့ဩသွားရသည်။ အဘယ်ကြောင့် ဆိုသော် သူ မကြာခင်ကတွေ့ခဲ့သည့် အဆင့်မြင့်နယ်မြေမှ လန်ယု၊ ရွှေယွဲ့၊ ဟုန်ဟွမ်နှင့် တစ်ခြားမြင့်မြတ်သောအမျိုးသမီးများ၊ ဂျီးနီးယပ်စ်များကို တွေ့လိုက်ရသောကြောင့်ပင်။
စေတီလေးသည် ချက်ချင်းပင် အထဲသို့ပြေးဝင်သွားလိုက်၏။
“မိုးမခနတ်ဘုရား” ရှီဟောင် ထိတ်လန့်သွားသည်။ သူသည် မိုးမခနတ်ဘုရားပိုင်ဆိုင်သည့် သူ အလွန်ရင်းနှီးနေသည့် စွမ်းအင်ကို ခံစားလိုက်ရသည်။ ဤအဖိုးတန်ရှေးဟောင်းကမ္ဘာထဲတွင် သူ၏စွမ်းအင်များကို ရှာတွေ့လိမ့်မည်ဟု မထင်ထားခဲ့ပေ။