သုခကမ္ဘာက ရှီဟောင် - Chapter - 693 ပြိုင်ဘက်ကင်းသော မိုးမခနတ်ဘုရား
ကောင်းကင်ဘုံနတ်ဘုရား၏ခေါင်းမှ ကားချပ်သည် သူ့၏ခန္ဓာကိုယ်ကို ထောက်ပံ့နေပြီး အဆင့်နိမ့်နယ်မြေ၌ သူအချိန်ကြာကြာပေါ်အောင် ပြုလုပ်ပေးနေသော လျှို့ဝှက်ချက်ဖြစ်သည်။
ယခုအချိန်တွင် ထိုကားချပ်သည် အစိတ်အမွှာမွှာဖြစ်သွားပြီး နေရာအနှံ့ ပြန့်သွား၏။ သူသည် အဆင့်နိမ့်နယ်မြေတွင် ရောက်နေသည်မှာ အချိန်ကြာမြင့်ပြီဖြစ်သောကြောင့် သူ၏ပုံရိပ်ယောင်မှာ မငြိမ်မသက်ဖြစ်လာ၏။
၆ကျန်းခန္ဓာကိုယ်ကြီးသည် အလွန်အစွမ်းထက်လှ၏။ လက်ဝါးထုတ်ကာ မိုးမခသစ်ကိုင်းကိုကာလိုက်သောအခါ နှစ်ဖက်လုံး တုန်လှုပ်သွားရသည်။
သို့သော် မိုးမခကိုင်းများသည် အလွန်ပျော့ပျောင်းပြီး ၆ကျန်းခန္ဓာကိုယ်၏လက်နှင့် ထိတွေ့ပြီးသည်နှင့် သူသည် ၆ကျန်းခန္ဓာကိုယ်၏ကိုယ်ကို ပတ်ကာ သူ့ကိုယ်သူပြန်ရစ်ပတ်လိုက်သောကြောင့် ချိန်းကြိုးပုံစံ ဖြစ်သွား၏။
အနောက်ဂိုဏ်းသခင်ကြီးသည် တုန်လှုပ်မသွားပေ။ သူ၏ခန္ဓာကိုယ်သည် လေထဲတွင် ထိုင်နေပြီး ကျန်းစာများကို ရွတ်ဖတ်သည်နှင့် သူ၏ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်းများ ထွက်လာ၏။
မိုးမခကိုင်းသည် တစ်ဖြည်းဖြည်းထူလာပြီး လက်ချောင်းအရွယ်မှ လက်မောင်းအရွယ်အစားသို့ ဖြစ်လာသည်။ သူသည် အစိမ်းရောင်အလင်းများ တောက်ပနေသောကြောင့် ကျောက်စိမ်းနဂါး ရစ်ပတ်နေသကဲ့သို့ပင်။
မိုးမခနတ်ဘုရားအထက်တွင် မကုန်ဆုံးနိုင်သော သင်္ကေတများပေါ်လာလေ၏။
အခြားတစ်ဖက်တွင် နွားထီးစီးနေသည့် သက်ရှိထံသို့သွားနေသည့် မိုးမခကိုင်းသည် သူ၏မျက်ခုံးအလယ်ရောက်ခါနီးတွင် လက်ချောင်းများဖြင့် ရပ်တန့်ခြင်း ခံလိုက်ရသည်။
ထိုအချိန်တွင် အရှေ့ဖက်ဆီမှ ခရမ်းရောင်စွမ်းအားများ ထွက်လာပြီး လက်ချောင်းတွင်လည်း နတ်စွမ်းအားများ ရောက်လာ၏။
ခရမ်းရောင်အားများသည် သူ၏ခန္ဓာကိုယ်ထဲသို့ရောက်သွားပြီး သူ၏ခန္ဓာကိုယ်အပေါ်ပိုင်းကို ကာကွယ်ပေးထားပြီး သူ၏အနားတွင်လည်း သင်္ကေတပေါင်းစုံရှိနေသည်။
ထိုအချိန်တွင် သူ၏ကျောနောက်တွင်ရှိသော ထာဝရဓားသည် သူ့အလိုလိုထွက်လာပြီး မိုးမခပင်ကြီးကို ခုတ်ပိုင်းလိုက်သည်။
ကျောက်စိမ်းရောင်ရှိသော မိုးမခကိုင်းသည် လွှဲရမ်းလိုက်ပြီး ဓားနောက်ကျောဘက်သို့ရောက်သွားသည်နှင့် နှစ်ဖက်လုံး၏ နတ်အင်အားများ ပေါ်ထွက်လာ၏။
နွားထီးစီးသော သက်ရှိသည် ထိုမိုးမခကိုင်းကို ခုတ်ထစ်ပစ်ချင်သောကြောင့် ထာဝရဓားသည် ပို၍တောက်ပလာလေသည်။
မိုးမခကိုင်းသည်လည်း မနူးညံ့တော့ပေ။ နတ်စွမ်းအားနှင့် ထူးဆန်းသော သင်္ကေများထံမှ အားဖြည့်ပြီးသွားသောအခါ သူသည် အလွန်တောက်ပလာပြီး အစိမ်းရင့်ရောင်လှံတံအဖြစ် ဖြောင့်တန်းသွား၏။
သူတို့နှစ်ဦးသည် အပြန်အလှန်တိုက်ခိုက်နေကြပြီး သံချင်းထိခတ်သံများမှာလည်း လေထဲတွင် ဆူညံသွား၏။
ထိုအချိန်တွင် အခြားတစ်ဖက်မှလည်း ရောင်စုံအလင်းရောင်များ ထွက်လာပြီး သက်တံ့ရောင်နတ်စွမ်းအားများသည်လည်း ဟိုဟိုဒီဒီပြေးနေ၏။ တန်ဖိုးရှိသော တံဆိပ်ခတ်နှိပ်မှုပေါ်လာပြီး ငါးဆင့်ပြောင်းလဲခြင်းတောင်သည်လည်း ဒဏ်ရာရသွားသည်။
သူတို့ ၄ ယောက်ထဲတွင် ထိခိုက်မှုအများဆုံးသူမှာ ကောင်းကင်ဘုံနတ်ဘုရားပင်။ သူ၏ပုံရိပ်ယောင်ကို ထောက်ပံ့ပေးနေသည့် ကားချပ်ကြီးပျက်စီးသွားသည့်အပြင် သူသည် အဆင့်နိမ့်နယ်မြေတွင်ရောက်နေသည်မှာ ကြာနေပြီဖြစ်သောကြောင့် ပုံရိပ်မှာ မတည်ငြိမ်တော့ပဲ အချိန်မရွေးပျောက်ကွယ်သွားနိုင်သည်။
ပျောက်ကွယ်သွားသည်နှင့် သူသည် အဖိုးတန်ရှေးဟောင်းကမ္ဘာမှ အခွင့်အရေးကို ရရှိတော့မည်မဟုတ်။
အဖိုးတန်ရှေးဟောင်းကမ္ဘာသည် အလွန်ရှားပါးသည်။ သူ့ထဲတွင် ဝိဉာဉ်စွမ်းအားပါရှိသည့် ပစ္စည်းများ များစွာရှိပြီး ကမ္ဘာမဖွင့်မှီအချိန်က ရှိခဲ့သည့်ပစ္စည်းများပင် ရှိသည်။
ဤအဖိုးတန်ရှေးဟောင်းကမ္ဘာ၏ မူလရင်းမြစ်သည် လျှို့ဝှက်ချက်တစ်ခု မဟုတ်ပေ။ ကြီးမြတ်သောသူတိုင်းသိကြ၏။
ဤကမ္ဘာသည်လည်း ကမ္ဘာတစ်ခုပင်။ မူလကမ္ဘာကြီးပွင့်လာသောအချိန်တွင် သူတို့သည်လည်း ပွင့်လာခဲ့၏။ သို့သော် သူတို့၏အခြေခံအင်အားများသည် စစ်ပွဲကြောင့်ပျက်စီးသွားရပြီး သူတို့သည်လည်း ဆက်လက်မကြီးထွားနိုင်ကာ ရပ်တန့်သွားရသည်။
ရှေးဟောင်းခေတ်ကတည်းက ကြီးထွားမှုရပ်တန့်ခဲ့သောကြောင့် အဖိုးတန်ရှေးဟောင်းကမ္ဘာဟု ခေါ်ခြင်းပင်။
ထိုစစ်ပွဲကြောင့် ဤကဲ့သို့သောနေရာများအားလုံး ကြီးထွားမှုရပ်တန့်သွားသည်ဟု ကောလဟာလရှိခဲ့သည်။
သို့သော် ဤကဲ့သို့ အဖိုးတန်သောကမ္ဘာများတွင် ကောင်းကင်မပွင့်မီကတည်းက ရှိခဲ့သည့် တံဆိပ်များရှိနေတတ်ပြီး ရတနာသိုက်များလည်း ရှိသည်။ ထို့ကြောင့် ထိုကဲ့သို့ ကမ္ဘာတစ်ခုပွင့်သည်နှင့် ကောင်းကင်ကို ဆန့်ကျင့်နိုင်သည့် အခွင့်အရေးများနှင့် ကံကောင်းပါက တွေ့နိုင်သည်။
သိပ်မဝေးသော နေရာတွင် စွမ်းအင်များသည် လေထဲတွင် တက်လိုက်ကျလိုက်ဖြစ်နေ၏။ ကျမ်းစာရွတ်နေသည့် ၆ကျန်းခန္ဓာကိုယ်သည် ရွှေရောင်နတ်ဘုရားကဲ့သို့ ဖြစ်လာ၏။
ထိုအချိန်တွင် မိုးမခနတ်ဘုရားသည် သူ၏အကိုင်းများကို ပြန်ဆွဲယူလိုက်ပြီး တိုက်ခိုက်မှုကို ခေတ္တရပ်တန့်ထားလိုက်သည်။
မိုးမခသစ်ပင်သည်လည်း အခွင့်အရေးကောင်းကို ရှာရန်အတွက် တစ်ယောက်တည်း ရောက်လာခြင်းပင်။ သို့သော် သူသည် ဤနေရာ၏ကန့်သတ်ချက်တစ်ခုကို ဖွင့်မိသွားပြီး အော်ရာများလွတ်ထွက်သွားသောကြောင့် ဤလူများ ရောက်လာခြင်းပင်။
“ဟ ဟ….” စေတီလေးသည် ရယ်မောလိုက်သည်။ ယခုအချိန်တွင် သူသည် ယုံကြည်ချက်ရှိနေပြီး မပြေးတော့ပေ။ သူတို့သည် အရေအတွက်များသော်လည်း သူတိုက်နိုင်လေပြီ။
“လေးယောက် သုံးယောက် ကောင်းတာပေါ့။ ခင်ဗျားရောက်လာပြီဆိုတော့ ကျွန်တော်တို့ တိုက်ကြတာပေါ့” ကောင်းကင်ဘုံနတ်ဘုရားပြောလိုက်၏။
“ဘာကို လေးယောက်သုံးယောက်လဲ။ ခင်ဗျားက ထွက်သွားရပြီကို။ ခင်ဗျားရဲ့ ခန္ဓာကိုယ်က ခဏနေကျရင်ပျောက်တော့မယ်ဟာကို .. ခင်ဗျား အဆင့်မြင့်နယ်မြေကို မြန်မြန်ပြန်သွားသင့်တယ်” စေတီလေးမှ လှောင်ရယ်လိုက်လေသည်။
ကောင်းကင်ဘုံနတ်ဘုရားသည် ဤနေရာတွင် ကြာကြာမနေနိုင်သည်ကို သူသိ၏။ သူသည် မကြာမှီတွင် တစ်ဖြည်းဖြည်းအားနည်းသွားပြီး လုံးဝပျောက်ကွယ်သွားမည်ဖြစ်သည်။
“တိုက်ခိုက်မယ်” နွားထီးစီးထားသော သက်ရှိမှ ပြောလိုက်၏။ သူတို့အချိန်သည် အကန့်အသတ်သာ ရသည်။ သူတို့ မတိုက်ခိုက်လျှင် အခွင့်အရေးကို လက်လွှတ်လိုက်ရပေမည်။
အဖိုးတန်ရှေးဟောင်းကမ္ဘာ၏အတွင်းပိုင်းတွင် အရပ်ရှည်ရှည်နှင့်ပုံရိပ်တစ်ခု လမ်းလျှောက်လာ၏။ သူ၏ပုံစံမှာ မထူးဆန်းသော်လည်း သူထုတ်လွှတ်နေသော အော်ရာမှာ ထူးဆန်းသည်။ သူ၏ပုံပန်းသွင်ပြင်တွင် ဖော်ပြ၍မရနိုင်သည့် ဆွဲဆောင်မှုတစ်မျိုးရှိနေသည်။
သူ၏အနားတွင် အလင်းများ တစ်ခုပြီးတစ်ခုဖြစ်လာပြီး သူ၏အနားတွင် စက်ဝိုင်းပုံစံ လှည့်ပတ်စီးဆင်းနေသည်။
သေချာကြည့်မည်ဆိုပါက ထိုအလင်းတစ်ခုစီတွင် နတ်သက်ရှိတစ်ယောက်စီရှိနေပြီး သူတို့သည် ကျမ်းစာများ ရွတ်ဖတ်နေကာ ဘုရားရှိခိုးနေကြသည်။ ဤမြင်ကွင်းမျိုးသည် အလွန်ထိတ်လန့်စရာကောင်းလွန်းလှသည်။
အလင်းရောင်လုံးတစ်ခုသည် ကမ္ဘာတစ်ခုဖြစ်နေပြီး ထိုကမ္ဘာကိုပိုင်သည့် နတ်ဘုရားများလည်းရှိသည်။ ကမ္ဘာပေါင်း ၃၀၀၀ သည် ထိုပုံစံကဲ့သို့ဖြစ်နေကာ နတ်ကားချပ်ဖြစ်လာပြီး မိုးမခနတ်ဘုရားကို ဝန်ရံထားလေသည်။
သူတို့မြင်လေ အံ့ဩရလေပင်။ နယ်မြေပေါင်း ၃၀၀၀ ကျော်မှ နတ်ဘုရားအားလုံးသည် မိုးမခနတ်ဘုရားကို ကိုးကွယ်နေသလိုပင်။
မိုးမခနတ်ဘုရားသည် ယောက်ျားလေးလား မိန်းကလေးလား မသိလောက်အောင်ပင် သူ၏သွင်ပြင်မှာ မသဲကွဲပေ။ သူ၏အနောက်တွင် အကိုင်းအခက်ပေါင်း မြောက်များစွာပါသော မိုးမခပင်ကြီးတစ်ပင်ရှိလေသည်။
“မိုးမခနတ်ဘုရားက လုံးဝပြန်ကောင်းသွားပြီလား” ရှီဟောင် အံ့အားသင့်သွား၏။
ထို အရပ်ရှည်ရှည်ပုံရိပ်လေးသည် သူတို့ထံသို့ လျှောက်လမ်းလာသည်။ မိုးမခနတ်ဘုရားသည် ဘာမျှမပြောပေ။ သို့သော် သူအနားရောက်လာသည်နှင့် လေထုမှာ ပို၍တင်းကျပ်သွားပြီး အဆင့်မြင့်နယ်မြေမှ လူများမှာလည်း ဘာမျှ လက်လွတ်စပယ်မလုပ်ရဲပေ။
အချိန်သိပ်မရှိတော့သောကြောင့် အနောက်ဘက်ဂိုဏ်းသခင်ကြီးသည် အရင်ဆုံး လုပ်ရှားလိုက်သည်။ ယခုတစ်ခေါက်တွင် သူသည် တင်ပလ္လင်ခွေထိုင်မနေတော့ပေ။ သူသည် အစိမ်းရင့်ရောင် ဝါးကို ပစ်လွှတ်လိုက်လေသည်။ မိုးမခနတ်ဘုရားအပါအဝင် လူများအားလုံး အံ့ဩသွားရလေ၏။ အဘယ်ကြောင့်ဆိုသော် ဤပစ်ချက်သည် အနောက်ဂိုဏ်းသခင်ကြီး၏ အားအပြင်းဆုံး ပစ်ချက်ပင်။
ထိုပိန်ပိန်ရှည်ရှည်ခန္ဓာကိုယ်သည် နေရာပင်မရွေ့။ သို့သော် သူ့ကိုဝန်ရံထားသည့် အဝိုင်းကြီးမှာ ကမ္ဘာပေါင်း ၃ ထောင်မှ နတ်ဘုရားများ အဆင့်မြင့်မန္တန်များကို ရွတ်ဆိုလိုက်သကဲ့သို့ တောက်ပလာ၏။
မိုးမခနတ်ဘုရားသည် နေရာမရွေ့သော်လည်း သူ့ကို ပူဇော်နေသည့် ပတ်လည်တွင်ရှိသည့်နတ်ဘုရားများမှာ အော်ဟစ်နေကြသည်။ နတ်အလင်းရောင်များသည်လည်း အဆုံးမရှိနိုင်အောင် တောက်ပလာပြီး တန်ဖိုးရှိသော သိုင်းပညာများလည်း ထွက်လာသည်။
ရှီဟောင်ပင်မဆိုထားနှင့် စေတီလေးပင်လျှင် အနည်းငယ် ဆွံ့အသွားပြီး စိတ်ထဲတွင် ငိုကြွေးနေသည်။
အနောက်ဘက်ဂိုဏ်းသခင်ကြီးသာ စွမ်းအားမကြီးလျှင် ပထမဆုံး ထိပ်တိုက်တွေ့ဆုံမှုမှာပင် သူသည် ဒဏ်ရာရသွားမည်ဖြစ်၏။
ခဏကြာသောအခါ သူသည် ဝါးစိမ်းကို ပြန်သိမ်းလိုက်ပြီး သူ၏ခန္ဓာကိုယ်တွင် ရွှေရောင်များ ပြန်တောက်လာကာ လက်တစ်ထောင်ခန္ဓာကိုယ်ပြန်ဖြစ်သွားသည်။ လက်တစ်ထောင်လုံးသည် အရှေ့ဖက်သို့ အားဖြင့်လွှဲလိုက်၏။
တစ်ကမ္ဘာလုံးပျက်စီးသွားမလိုပင် အပင်များအားလုံး ညှိုးနွမ်းခြောက်သွေ့ကုန်၏။ မိုးမခင်နတ်ဘုရားသည် မလှုပ်ရှားသေးပေ။ သူ၏အနားတွင်ရှိသော နတ်စက်ဝန်းကြီးသာ ကြယ်များစီးဆင်းနေသကဲ့သို့ တောက်ပလာ၏။
အနောက်ဘက်ဂိုဏ်းသခင်ကြီးသည် ကျမ်းစာများကို ရွတ်ဖတ်နေပြီး ဆက်တိုက်ရိုက်နေ၏။ သို့သော် သူ၏ရိုက်ချက်မှာ တစ်ခုမှ မအောင်မြင်သေးပေ။
ဝါးစိမ်းသည် ရုတ်တရက်ပင် လေဟာနယ်ထဲတွင် အမြစ်ယူလိုက်ပြီး ဝါးပင်အဖြစ်သို့ အလျင်အမြန် ကြီးထွားလာပြီး မိုးမခနတ်ဘုရားကို ဖိနှိပ်ရန်အတွက် မသေမျိုးအော်ရာများကိုလည်း ထုတ်လွှတ်လျက်ရှိသည်။
ထိုအချိန်တွင် နွားထီးစီးထားသော သက်ရှိလည်း သူ၏ ထာဝရဓားကိုကိုင်ကာ တိုက်ခိုက်လာ၏။
ကောင်းကင်ဘုံနတ်ဘုရားနှင့် ငါးဆင့်ပြောင်းလဲခြင်းတောင်သည်လည်း တိုက်ခိုက်လာကြသည်။
“တိုက်” စေတီလေးသည် အော်ဟစ်လိုက်ပြီး ရန်သူများကို တိုက်ခိုက်ရန် မသေမျိုးသက်ရှိနှင့်အတူ ပြေးသွားလိုက်၏။
မိုးမခနတ်ဘုရားကို ဘက်ပေါင်းစုံမှ ဝိုင်းတိုက်နေကြသည်။ အဘယ်ကြောင့်ဆိုသော် ထိုလူများသည် သူ့ကို အကြီးမားဆုံး ရန်သူအဖြစ်သတ်မှတ်ထားပြီး သူ့ကို မနိုင်လျှင် ဤတိုက်ပွဲကို မနိုင်နိုင်ဟု သတ်မှတ်ထားသောကြောင့်ပင်။
ထိတ်လန့်စရာတစ်ခုဖြစ်ပွားခဲ့၏။ လေဟာနယ်ထဲတွင် အမြစ်ယူထားသော ဝါးပင်သည် မိုးမခကိုင်း၏ရစ်ပတ်ခြင်းကို ခံလိုက်ရပြီး သူ့၏ထာဝရစွမ်းအားများ စုတ်ယူခံလိုက်ရသောကြောင့် အပင်သည် ဝါဝင်းကာခြောက်သွေ့သွားတော့သည်။
လေထဲတွင် အသံတစ်ခုပေါ်လာခဲ့ပြီး ဝါးပင်သည် ဖုန်မှုန့်အဖြစ်ပြောင်းလဲသွားပြီး အနောက်ဘက်ဂိုဏ်း၏လက်နက်မှာ ဖျက်ဆီးခံလိုက်ရသည်။
တိုက်ပွဲသည် တစ်ဖြည်းဖြည်းပြင်းထန်လာပြီး လူတိုင်းသည် သူတို့၏ပညာများကို အစွမ်းကုန် ထုတ်သုံးကြ၏။ မိုးမခနတ်ဘုရား၏မျက်နှာပင်လျှင် တည်တင်းလာသည်။ ကမ္ဘာ ၃ ထောင်မှ နတ်ဘုရားများသည်လည်း သင်္ကေတများမှာပြုလုပ်ထားသော နတ်မီးတောက်များကဲ့သို့ တောက်ပလာသည်။
မိုးမခနတ်ဘုရားသည် လက်ချောင်းဖြင့် နွားထီးစီးသော သက်ရှိ၏ ထာဝရဓားနှင့် တိုက်လိုက်၏။ လေထဲတွင် ပေါက်ကွဲသံများ ထွက်လာပြီး အဆုံးမရှိသော နတ်စွမ်းအားများလည်း ထွက်လာကာ ၂ ယောက်လုံး နောက်ဆုတ်သွားရသည်။
နွားထီးစီးသော သက်ရှိသည် ဤတိုက်ခိုက်မှုကို ခံရသောအခါ ဒေါသတကြီးအော်ဟစ်ကာ အလင်းမှုန်အဖြစ်ပြောင်းသွားသည်။
မိုးမခနတ်ဘုရားသည် ရုတ်တရက်ပင် တံဆိပ်ခတ်နှိပ်လိုက်၏။ သူသည် ရုတ်တရက်ပျောက်ကွယ်သွားကာ ကောင်းကင်ဘုံနတ်ဘုရားအရှေ့တွင် ပြန်ပေါ်လာ၏။ သူ၏လက်များသည် ဆက်တိုက်တုန်ခါနေပြီး ဤနေရာတစ်ခုလုံးကို ကြီးမြတ်သောတာအိုများဖြင့် ပြည့်စေလိုက်သည်။ ဤနေရာသည် ချက်ချင်းပင် မှုန်ဝါးဝါးဖြစ်သွားရ၏။
ဤအရာသည် အဆင့်လွန်တန်ဖိုးကြီးပညာ ထုတ်လိုက်ခြင်းပင်။ သဘာဝဥပဒေ၏ အင်အားများ ပေါ်ထွက်လာပြီး ဤနေရာကို ရှေးဟောင်းမူလနယ်မြေအဖြစ် ပြောင်းလဲလိုက်သည်။
ကောင်းကင်ဘုံနတ်ဘုရား၏ ပုံရိပ်မှာ တစ်ဖြည်းဖြည်းဖျော့လာပြီး တိုက်ခိုက်ခံလိုက်ရသောကြောင့် ပုံရိပ်မှာပို၍ မငြိမ်မသက်ဖြစ်လာသည်။
နောက်ဆုံးတွင် ပိန်ပိန်ရှည်ရှည်ပုံရိပ်မှ လက်ညှိုးထိုးလိုက်သည်။ အလင်းတန်းလေးထွက်လာပြီး ကောင်းကင်ဘုံနတ်ဘုရား၏ မျက်ခုံးကြားကို ထိမှန်သွားရာ ထိုပုံရိပ်မှာ လုံးဝပျောက်ကွယ်သွားပြီး အဆင့်မြင့်နယ်မြေသို့ ပြန်သွားလိုက်ရသည်။
“ဟား ဟား…” စေတီလေးသည် အားရပါးရရယ်မောလိုက်၏။ ရှီဟောင်မှာမူ သူမြင်လိုက်ရသောမြင်ကွင်းကြောင့် မူးဝေနေသည်။
“မင်းတို့အားလုံးလည်း ပြန်သင့်ပြီ ..။ ” မိုးမခနတ်ဘုရားသည် ၆ကျန်းခန္ဓာကိုယ်၊ ထာဝရဓားကိုင်ထားသောသူနှင့် ငါးဆင့်ပြောင်းလဲခြင်းတောင်ကို ကြည့်ပြီး ပြောလိုက်၏။