သုခကမ္ဘာက ရှီဟောင် - Chapter - 699 ပြန်လည်မွေးဖွားခြင်း
“အရမ်းသက်သောင့်သက်သာ ဖြစ်တာပဲ”
အောက်သို့ ဆင်းလိုက်သည်နှင့် ရှီဟောင်၏ သွေးကြောများအားလုံး ပွင့်ထွက်သွားပြီး သူ၏အရိုးများလည်း စွမ်းအင်များကို သွင်းလိုက်ထုတ်လိုက်လုပ်နေ၏။ သူ၏စွမ်းအင်သည် အမြင့်ဆုံးအဆင့်ကို ရောက်နေပြီဖြစ်၏။
သူသည် အောက်ရောက်သည်နှင့် ဝိဉာဉ်စွမ်းအင်များ ပိုများလာသည်။ ထိုအချိန်တွင် အပူချိန်သည်လည်း ပိုများလာပြီး သူ၏ကိုယ်သည် အပူကြောင့် ရဲတက်လာပြီး နာကျင်မှုကိုပင် ခံစားလာရသည်။
အောက်သို့ လီပေါင်းများစွာ ဆင်းပြီးသော်လည်း သူသည် သစ်ပင်၏အမြစ်ကို မတွေ့ရသေးပေ။ သစ်ပင်၏ ပင်စည်ကိုသာ တွေ့နေရသေးသည်။
“မကောင်းတော့ဘူး။ အရမ်းနက်နေပြီ။ ဒီရှေးသစ်ပင်က အရမ်းထူပြီး အရွက်တစ်ရွက်စီတိုင်းမှာ ကြယ်တစ်ပွင့်ရှိနေတာဆိုတော့ သစ်ပင်ကြီးက တော်တော်ကြီးလောက်တယ်။ ငါ ရက်ပေါင်းများစွာ သွားရင်တောင်မှ အဆုံးကို မရောက်နိုင်ဘူး ထင်တယ်”
ရှီဟောင်သည် ချက်ချင်းပင် အပေါ်သို့ ပြန်တက်လာလေသည်။ သူသည် ပို၍အရေးကြီးသည့် အခြားလုပ်စရာရှိသေး၏။
မီးတောက်အရည်သည် အဆုံးမရှိသော ပင်လယ်ကဲ့သို့ပင်။ ဤအရည်များသည် မြင်တွေ့ရန်ခက်ခဲပြီး သူ၏အဆင့်လွန်အရိုးအတွက် အလွန်ကောင်းမွန်သည်။ ထိုအချိန်တွင် သူ၏ရင်ဘတ်သည် တောက်ပလာပြီး သူသည်လည်း အလွန် သက်သောင့်သက်သာဖြစ်သည်ဟု ခံစားလိုက်ရသည်။
“အရေးအကြီးဆုံးက အဆင့်လွန်အရိုးကို ပြင်ဖို့ပဲ။ ဒါကိုသာ လုံးဝကောင်းအောင် ပြင်နိုင်သွားရင် တစ်ခြားအခွင့်အရေးတွေ လက်လွှတ်လိုက်ရလဲ ကိစ္စမရှိဘူး”
“နေလို့ကောင်းလိုက်တာ” ရှီဟောင်သည် နောက်တစ်ဖန် ညီးတွားလိုက်ပြီး ထိုအနီရောင်အရည်ထဲတွင်စိမ်နေလိုက်သည်။
သာမန်လူဆိုလျှင် သူတို့၏အသားများသည် ကျက်ပြီးသားပင် ဖြစ်သွားလောက်ပြီ။ သို့သော် သူ၏ ကျင့်ကြံမှုများသည် အလွန်ကောင်းမွန်ပြီး သူ၏အသွေးအသားများကို မာကျောစေသည်။
သူ၏ရင်ဘတ်တွင် ဝဲကတော့တစ်ခု ပေါ်လာခဲ့ပြီး အနီးအနားတွင်ရှိသော ဝိဉာဉ်စွမ်းအားများကို စုတ်ယူသွားသည်။
သူ၏အဆင့်လွန်အရိုးတောက်ပလာသည်ကို ခံစားလိုက်ရပြီး ထိုအရိုးတဖြည်းဖြည်းကြီးထွားလာသည်ကိုလည်း သူခံစားရ၏။ သင်္ကေတများလည်း တစ်ခုပြီးတစ်ခု ပေါ်ထွက်လာလေသည်။
လက်သီးအရွယ် ပုံရိပ်လေးတစ်ခုသည် ထိပ်တွင်ထိုင်နေပြီး သူ၏နှုတ်မှ ဘုရားစာများလည်း ရွတ်နေ၏။ ရှီဟောင်၏အော်ရာမှာလည်း ပို၍ အစွမ်းထက်လာသည်။
ယခုအချိန်တွင် ရှီဟောင်သည် သူ၏အစီအစဉ်နှင့် ရည်မှန်းချက်များကိုမေ့သွားပြီး ဤနေရာတွင်သာအိပ်နေပြီး သူ အစွမ်းအထက်ဆုံးအဆင့်သို့ရောက်ရန် စွမ်းအားများကိုပဲ စုတ်ယူချင်နေတော့သည်။
သူသည် ပြန်လည်မွေးဖွားရန် စောင့်ဆိုင်းနေသည့် မီးတောက်များကြားမှ ဇာမဏီငှက်နှင့် တူသည်။
နတ်ဘုရားပစ်ချက်ကျောက်တုံးလေးသည်လည်း နှိုးထလာခဲ့ပြီး သူနှိုးလာသည်နှင့် ချက်ချင်းပင် ဆံပင်ထဲမှ ခုန်ထွက်လာကာ အံ့ဩတကြီး ကြည့်နေတော့၏။
“အပျော်ရဆုံးအချိန်တောင် ဒီလောက်မပျော်လောက်ဘူး။ ငါ မြင့်မြတ်တဲ့နယ်မြေမှာ ရောက်နေတယ်လို့ ထင်သွားတာ။ ငါသတိထားမိသွားပြီ ဒါက ကောင်းကင်ဘုံပဲ။ ငါထင်ထားတာထက် အဆပေါင်းများစွာ ကောင်းတယ်”
နတ်ဘုရားပစ်ချက်ကျောက်တုံးလေးသည်လည်း ချော်ရည်အတွင်းမှ စွမ်းအားများကို စုတ်ယူနိုင်သောကြောင့် သူသည် ရူးမတတ်ဖြစ်နေ၏။
သူသည် ချက်ချင်းပင် ချော်ရည်ပင်လယ်ထဲသို့ ‘ပလုံ’ ဟူသောအသံမြည်သည်အထိ ခုန်ဆင်းချလိုက်ပြီး ဝိဉာဉ်စွမ်းအားများကို စားသုံးနေသည်။
ရှီဟောင်၏ဆံပင်ထဲတွင်ရှိသော အခြား ရွှေရောင်ပုတီးစေ့လေးသည် တုန်ခါလာ၏။ ဧကရာဇ်လိပ်ပြာသည် နေနတ်ဘုရားသစ်ပင်ထံသို့ ပျံသန်းသွားပြီး နတ်စွမ်းအားများကိုစားသုံးရန်အတွက် ရွှေရောင်အလင်းတန်းပေါ်သို့ နားလိုက်သည်။
ရှီဟောင်သည် ဤအဖြစ်အပျက်များကို သတိမထားမိပေ။ သူကိုယ်တိုင်သည်လည်း ချော်ရည်ပင်လယ်ထဲတွင် ပျော်မွေ့နေ၏။
နောက်ဆုံးတွင် ရှီဟောင်၏ ရင်ဘတ်တွင် သင်္ကေတပေါင်းစုံမှ ရွှေရောင်လမ်းကြောင်းတစ်ခုပေါ်လာပြီး အပြင်ကမ္ဘာနှင့် တိုက်ရိုက်ဆက်သွယ်ထားလေသည်။
ထိုအချိန်တွင် သူသည် နိုးထလာခဲ့ပြီး သူ၏ပြောင်းလဲမှုများကို အံ့ဩသွားသည်။ အဆင့်လွန်အရိုးပြန်ကောင်းရန်အတွက် ဤမျှ နတ်စွမ်းအားများ လိုအပ်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ဤသို့အများကြီးလိုအပ်ရသောအကြောင်းရင်းမှာ သူသည် အမိန့်အာဏာတည်ထောင်ခြင်းနယ်ပယ်သို့ ရောက်ရှိနေပြီ ဖြစ်သောကြောင့်ပင်။
သူသည် သူ၏ခန္ဓာကိုယ်အတွင်း လှည့်ပတ်စီးဆင်းနေသော သွေးများ၏ စီးသံကိုပင် ကြားနေရသည်။
“ငါရဲ့ အရိုးက နောက်ဆုံးတော့ ပြီးပြည့်စုံသွားပြီ” ရှီဟောင်သည် တွက်ချက်လိုက်ပြီးနောက် ဝမ်းသာအားရ ပြောလိုက်၏။
ထိုကဲ့သို့ ၃ ရက် ၃ ည ဖြတ်သန်းပြီးသွားသောအခါ ရှီဟောင်သည် သူ၏အရိုး ပြန်လည်မွေးဖွားခြင်း ပြီးဆုံးသွားပြီဟု ခံစားလိုက်ရသည်။
“မဟုတ်သေးဘူး နည်းနည်းလိုသေးတယ်။ ဒီမှာ မီးတောက်အရည်တွေရှိပေမဲ့ နတ်အရည်အစစ်မဟုတ်သေးဘူး။ အရည်အသွေးမမြင့်ရင် ငါလည်းအမြင့်ဆုံးအဆင့်ကို မရနိုင်ဘူး”
ရှီဟောင်သည် တိတ်တိတ်လေး ရေရွတ်လိုက်ပြီး ချော်ရည်ထဲသို့ ဝင်သွားလိုက်၏။ ယခုတစ်ခေါက်တွင် သူသည် ခွန်ပန်နည်းလမ်းကိုသုံးပြီး စိတ်ဝိဉာဉ်စွမ်းအားများ ပိုပြည့်သည့်နေရာကို ရှာလိုက်သည်။
ပင်စည်သည် ရှည်လျားလွန်းပြီး အမြစ်များသည်လည်း ရှည်လျားလှသည်။ သူသည် ယခုထိပင် အောက်ခြေကို မရောက်နိုင်သေးပေ။ သို့သော် ရွှေရောင်အမြစ်တစ်ချို့ကို သတိထားမိသွားသည်။
“နတ်ဆေးရည်”
ရှီဟောင် အံ့ဩသွား၏။ ထိုရွှေရောင်အမြစ်အနီးတွင် အနီရောင်အရည်များ ရှိနေပြီး အရောင်မှာ မျက်စိကျိန်းလောက်အောင်ပင် တောက်ပနေပြီး အံ့ဩစရာကောင်းသည့် အော်ရာများဖြင့် ပြည့်နှက်နေ၏။
သူသည် ထိုအရာကို စားသုံးရန်အတွက် အနားသို့ ပြေးသွားလိုက်သည်။
သူသေချာလေ့လာလိုက်သောအခါ ထိုအရည်များသည် နတ်ဆေးရည် မဟုတ်ပေ။ သူသည် ဘာအရည်မှန်းမသိသော်လည်း သူစုတ်ယူလိုက်သောအခါ သူ့အတွက် အနည်းငယ် အကျိုးရှိပေသည်။ သူသည် အောက်သို့ ဆက်ဆင်းပြီး ရှာလိုက်၏။
နောက်ဆုံးတွင် ရှီဟောင်သည် ချော်ရည်မျက်နှာပြင်ပေါ်မှ ဖောက်ထွက်သွားနိုင်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် တောက်ပနေပြီး သူ၏အရိုးများလည်းအသံများပင် ထွက်နေသည်။
သူ၏အဆင့်လွန်အရိုးမှ သင်္ကေတများထွက်လာပြီး သူ၏ခန္ဓာကိုယ်အပြင်ဘက်တွင် လှည့်ပတ်နေကြပြီး နတ်လက်စွပ်ကဲ့သို့ ဖြစ်လာ၏။
သူသည် အရေးကြီးသော နောက်ဆုံးအဆင့်ကို ဖြတ်သန်းရတော့မည်။ အရိုးမျက်နှာပြင်တွင် သင်္ကေတများ ပေါ်လာပြီး ကောင်းကင်ဘုံစာသားသည်လည်း သူ့အလိုလိုထွက်လာ၏။ သူ၏ပြန်လည်မွေးဖွားခြင်းသည် ပြီးဆုံးတော့မည်ဖြစ်သည်။
ရှီဟောင်သည် သေချာစဉ်းစားလိုက်ပြီး လေထုဖြတ်သန်းခြင်းကို ထုတ်ယူလိုက်ကာ သူ၏လမ်းကြောင်းကို နေနတ်ဘုရားသစ်ပင်ထံသို့ ဦးတည်လိုက်၏။ ထို့နောက် သူသည် သစ်ပင်ဆီသို့ ပြေးသွားလိုက်ပြီး ကြီးမားသောအကိုင်းတစ်ခုပေါ်တွင် ထိုင်လိုက်သည်။
သူသည် နေရာပေါင်းစုံမှ နတ်စွမ်းအားများကို စုတ်ယူလိုက်သည်။ ဤတစ်ကြိမ်တွင် သူသည် နေနတ်ဘုရားသစ်ပင်ကို ပစ်မှတ်ထားကာ သစ်ပင်၏ ပင်စည်၊ အရွက်နှင့် အရွက်ထိပ်တွင်ရှိသော ကြယ်များဆီမှ စားသုံးလိုက်သည်။
သူ၏ခန္ဓာကိုယ်တစ်ဝိုက်တွင် ရွှေရောင်မြူများပင် ဖုံးလွှမ်းထားနေလေ၏။
နောက်ဆုံးအဆင့်တွင် ရှီဟောင်စိတ်ထဲတွင် ဘာမှမရှိတော့ပဲ အရိုး၏ ပြောင်းလဲမှုကို ဘေးမှထိုင်ကြည့်နေရသကဲ့သို့ ခံစားနေရသည်။
လေထဲတွင် ပေါက်ကွဲသံကြီး ဆူညံလာပြီး သင်္ကေတများအားလုံးသည် အရိုးထဲမှ ထွက်လာပြီး လေထဲတွင် ပေါ်လာ၏။ ထိုသင်္ကေတများသည် ပွားလာပြီး အကွင်းပုံစံဖြစ်လာကာ ရှီဟောင်ကို အဆုံးမရှိသော စွမ်းအားများ ပေးနေလေသည်။
“ယီ .. အဲဒီဖရိုဖရဲရှေးကမ္ဘာမှာ ထာဝရကျမ်းစာထွက်လာတာလား” နေနတ်ဘုရားသစ်ပင်ထက်မှာ အဆင့်လွန်ကျွမ်းကျင်သူတစ်ယောက်မှ ရေရွတ်နေသည်။
“အဲဒါက ဘာကြီးလဲ။ ကျမ်းစာရွတ်တဲ့အသံကို ကြားနေရသလိုပဲ။ အနားနားမှာ လာကပ်ရွတ်နေသလိုကို ကြားရတာ .. ဒါပေမဲ့ ဘာတွေရွတ်နေမှန်းတော့ မကြားရဘူး” အဆင့်မြင့်နယ်မြေမှ ဂျီးနီးယပ်စ်များအားလုံး ထိတ်လန့်သွားကြသည်။ သူတို့သည် ကောင်းကင်ပေါ်သို့ မော့ကြည့်ပြီး ထိုအသံကိုလိုက်ရှာနေကြ၏။
ထိုအသံသည် အောက်ဘက်မှလာသောအသံဖြစ်မှန်း မည်သူမျှ မသိကြပေ။ လူငယ်လေးတစ်ယောက်၏ အဆင့်လွန်အရိုးသည် ပြန်လည်မွေးဖွားလာပြီး သူ၏ပြောင်းလဲခြင်းလည်း ပြီးဆုံးသွားပြီဖြစ်၏။
အချိန်မည်မျှကြာသွားသည် မသိသော်လည်း နောက်ဆုံးတွင် သင်္ကေတများသည် ပျောက်ဆုံးသွားပြီး သူ၏ ရင်ဘတ်ထဲသို့ ဝင်သွားသည်။
“ဒီကျမ်းစာတွေ…” ရှီဟောင်သည် ထိတ်လန့်သွား၏။ နောက်ဆုံးအဆင့်ပြောင်းလဲခြင်း ပြီးဆုံးသွားသောအခါ သင်္ကေတများလည်း ပြန်လည်ပေါင်းစည်းသွား၏။ သို့သော် ပြန်လည်မွေးဖွားခြင်းတွင် သင်္ကေတများလည်း ပြန်လည်မွေးဖွားဟန်တူသည်။ ဤအရိုးအသစ်သည် အလွန်ရှုပ်ထွေးနေပြီး သူသည် အရာအားလုံးကို ချက်ချင်းနားမလည်နိုင်ပေ။
“ဒါတွေကို လေ့လာဖို့ အချိန်ကောင်းပဲ။ ငါက အခု အမိန့်အာဏာတည်ထောင်ခြင်းနယ်မြေမှာ ရောက်နေတာဆိုတော့ ငါ့အသွေးအသားထဲကို အခြေခံလေးတွေ နည်းနည်းလောက် ထွင်းထုတာပေါ့။”
အစပိုင်းတွင် ရှီဟောင်သည် ခွန်ပန်သိုင်းပညာ၊ မြက်ရိုး၏နတ်စွမ်းရည်၊ ရှန်းနီသိုင်းပညာနှင့် အခြားအရာများကို သုံးရန် စဉ်းစားထား၏။ သို့သော် ယခုအချိန်တွင် အဆင့်လွန်အရိုးကို လေ့လာပြီး ထိုဖြစ်တည်မှုများကို သူ၏အသွေးအသားထဲတွင် ထွင်းထုထားသင့်သည်ဟု သူခံစားရသည်။
“ငါက မိုးမခနတ်ဘုရား လွှမ်းမိုးတာ ခံရတာလား? လူသားပုံစံက ကောင်းကင်ဘုံနဲ့ကမ္ဘာမြေကြီးမှာ တာအိုလေ့လာဖို့ သင့်တော်တယ်လို့ ကြားဖူးလို့ ငါ ဒီအဆင့်လွန်အရိုးက သင်္ကေတတွေကို ငါ့ရဲ့ အသွေးအသားထဲမှာ ထွင်းထားချင်တာလား” ရှီဟောင်သည် နူးညံ့စွာ ပြောလိုက်သည်။
သူသည် နေရာပြောင်းကာ ရွှေရောင်အရွက်ကြီးပေါ်တွင် ထိုင်လိုက်ပြီး အဆင့်လွန်အရိုးမှ သင်္ကေတများကို သေချာစွာ လေ့လာနေ၏။ ထို့နောက်တွင် သူ၏အသွေးအသားများအတွင်းသို့ ထိုသင်္ကေတများကို ရိုက်နှိပ်လိုက်သည်။
ခဏကြာသောအခါ သူ၏ခန္ဓာကိုယ်သည် အရောင်များတောက်လာကာ တာအိုအသံများလည်း ဆက်တိုက် ထွက်ပေါ်လာ၏။
သူ့အတွက် အချိန်သိပ်မယူလိုက်ရပေ။ တစ်ရက်နှင့်တစ်ည ကြာပြီးသွားသောအချိန်တွင် ရှီဟောင်သည် အံ့ဩစရာကောင်းလောက်အောင် တိုးတက်လာပြီဖြစ်သည်။ သူသည် အမိန့်အာဏာတည်ထောင်ခြင်းနယ်ပယ်၏ နောက်ဆုံးအဆင့်ကို ရောက်ရှိသွားပြီဖြစ်သည်။
ရှီဟောင် မျက်လုံးများကို ဖွင့်လိုက်၏။ သူသည် အဆင့်မြန်မြန်မတက်ချင်ပေ။ သူသာ အဆင့်မြန်မြန်တက်သွားလျှင် အတွေ့အကြုံကောင်းများကို လွှဲချော်သွားလိမ့်မည်။
ထို့အပြင် အပေါ်တွင် တိုက်ခိုက်နေကြသည်မှာလည်း အချိန်ကြာမြင့်နေပြီဖြစ်၏။ သူသာ ထပ်စောင့်နေပါက အခွင့်အလမ်းများကို လက်လွတ်ရလိမ့်မည်။
သူသည် ချက်ချင်းပင် မတ်တပ်ထရပ်လိုက်၏။ သူသည် မသေမျိုးကဲ့သို့ဖြစ်နေပြီး သီးသန့်ကွဲထွက်နေသည်။