သုခကမ္ဘာက ရှီဟောင် - Chapter - 705 အဖိုးတန်စာအုပ်အား သိမ်းယူခြင်း
“အပြစ်သားမျိုးဆက်ကများ အဆင့်မြင့်နယ်မြေကလူတွေကို လေးစားမှုမရှိပဲ ရိုင်းရိုင်းစိုင်းစိုင်းတွေ လုပ်ရဲတယ်ပေါ့… မင်းဒီနေ့ ဒီနေရာမှာ သေရမယ်” တစ်စုံတစ်ယောက်ပြောလိုက်၏။ သူ၏ပုံရိပ်မှာ မထင်ရှားပေ။
သူသည် ရှီဟောင်၏ တိုက်ခိုက်ပုံများကို ကြောက်သောကြောင့် ရတနာတစ်ခုကိုသုံးကာ သူ့ကိုယ်သူ ကာကွယ်ထားလေသည်။ သူသည် ကိုယ်ယောင်ဖျောက်ကာ ရှီဟောင်ကို တိုက်ခိုက်နေ၏။
အလင်းတန်းတစ်ခုသည် လေဟာနယ်ကို ဖြတ်ကာ ရှီဟောင်၏ ဦးခေါင်းအနောက်သို့ ဦးတည်သွားနေ၏။
ရှီဟောင်သည် ရှောင်လိုက်ပြီး သူ၏လက်ထဲတွင်ရှိသော မှော်ဓားဖြင့် ထိုအလင်းတန်းလာရာအရပ်ကို အလင်းတန်းတစ်ခု ပစ်လွှတ်လိုက်သည်။
ဆံပင် ခရမ်းရောင်ရှိသော အမျိုးသားတစ်ယောက်ထွက်လာလေ၏။ သူ၏မျက်လုံးများသည် တိုက်ခိုက်လိုစိတ်များ ပြည့်နေပြီး သူ၏လက်ထဲတွင်လည်း လှံတံတစ်ခုကို ဆွဲကိုင်ထားပြီး ထိုလှံတံသည် သင်္ကေတများ ထုတ်လွှတ်နေ၏။
“လေဟာနယ်သားရဲကြီးရဲ့ အရိုးကနေ လုပ်ထားတဲ့ လှံတိုလား” ရှီဟောင်သည် အံ့အားသင့်စွာ ကြည့်လိုက်၏။ ဤသည်မှာ ရှားပါးသည့် လျှို့ဝှက်လက်နက်တစ်ခုဖြစ်သည်။
လေဟာနယ်သားရဲများသည် ရှားပါးသောကြောင့် သူ၏အမွှေးပင်ဖြစ်စေ သင်္ကေတအရိုးများပင်ဖြစ်စေ အလွန်အဖိုးတန်၏။
ရှီဟောင်သည် မကြောက်ရွံ့ပေ။ သူသည် လက်ထုတ်လိုက်သည်နှင့် မြက်ရိုးတစ်ခုပေါ်လာ၏။ ထို့နောက်တွင် ဓားစွမ်းအင်သည် ကောင်းကင်ထက်သို့ ပျံတက်သွားပြီး ထိုနေရာတစ်ခုလုံးကို လွှမ်းမိုးသွား၏။
‘ဖုန်း’ ဟူသောအသံထွက်လာပြီး သွေးများထွက်လာ၏။ အဆင့်မြင့်နယ်မြေမှ ဂျီးနီးယပ်စ်တစ်ယောက်၏ပုခုံးတွင် သွေးများ တစ်စက်စက် ကျနေ၏။ ဓားသွားသည် သူ၏ပုခုံးကို ဖောက်ထွက်သွားတော့မလိုပင်။
“အားလုံးပဲ ငါတို့ပေါင်းတိုက်မှရမယ်… အဲဒီ မပျက်စီးနိုင်သောရွှေရောင်ခန္ဓာကိုယ်ဝတ်စုံမှာ ရှေးလျှို့ဝှက်ချက်တွေပါတယ်… ငါတို့သူ့ကို သတ်နိုင်ရင် အဲဒီဝတ်စုံက ငါတို့ဟာဖြစ်သွားပြီ… ငါတို့ အဲဒီဝတ်စုံကို သေသေချာချာ လေ့လာပြီးသွားရင် ငါတို့ ပုံတူလုပ်လို့ရနိုင်တယ်” အခြားတစ်ယောက်မှ ပြောလိုက်၏။
ကျောင်ချီသည် အေးစက်စွာ ရယ်မောလိုက်သည်။ သူတို့အားလုံးသည် ရှီဟောင်ကို သတ်ရန်အတွက် သူ့ကို ဝိုင်းထားပြီးသွားလေပြီဖြစ်၏။
ရွှေရောင်ဘီလူးကြီးသည် နောက်တစ်ခေါက်တိုက်ခိုက်လာ၏။ သူ၏ဆံပင်များသည် ရေတံခွန်ကဲ့သို့ ကျနေပြီး သွေးစွမ်းအင်များသည်လည်း ကောင်းကင်ထက်သို့ ပျံတက်သွားသည်။ သူသည် ရှီဟောင်နှင့် အကြိမ်များစွာ တိုက်ခိုက်ခဲ့သော်လည်း သူပင် အမြဲတမ်း ရှုံးနိမ့်ရသည်။ သူသည် လုံးဝပေါက်ကွဲနေပြီဖြစ်၏။
နေရာပေါင်းစုံမှ အဆင့်လွန်ကျွမ်းကျင်သူများသည် သူတို့၏ သိုင်းပညာများကို ထုတ်ကာ တစ်ပြိုင်နက်တည်း တိုက်ခိုက်လာကြသည်။
“မပျက်စီးနိုင်သောရွှေရောင်ခန္ဓာကိုယ်ဝတ်စုံက ပစ္စည်းကောင်းတစ်ခုပဲ… မင်းအဲဒါကို ချွတ်ထားသင့်တယ်” ငွေခြင်္သေ့မှ ဟိန်းဟောက်လိုက်၏။
သူတို့သည် အဖိုးတန်ရှေးဟောင်းကမ္ဘာတွင် မွေးဖွားခဲ့ပြီး ပြင်ပကမ္ဘာနှင့် နှစ်ပေါင်းများစွာ ဝေးကွာခဲ့သော်လည်း သူတို့သည် ဤကဲ့သို့ ရှားပါးသော ရတနာအကြောင်းကို ကြားကြရသည်။
ထိုဝတ်စုံကို ပြုလုပ်သည့် ပစ္စည်းများမှာ ရှာရခက်ပြီး ထိုဝတ်စုံတွင် ထွင်းထုထားသည့် သင်္ကေတများသည် ရှုပ်ထွေးလွန်းလှသည်။
“ကောင်းပြီလေ သူလွတ်အောင် ဘယ်လိုလုပ်မလဲဆိုတာ ကြည့်ကြတာပေါ့” အဆင့်မြင့်နယ်မြေမှ လူငယ်ကျွမ်းကျင်သူသည် စိတ်လှုပ်ရှားစွာ အော်ဟစ်ပြီး ပူးပေါင်းလာ၏။
သို့သော် ယခုအချိန်ထိ အားလုံးသည် တုံ့ဆိုင်းနေကြသည်။ ရှီဟောင်ပြသသွားသည့် နတ်စွမ်းအင်များသည် ဝတ်စုံ၏စွမ်းအင်ဖြစ်သည်ဆိုသော်လည်း ဤဝတ်စုံသည် အခြားနတ်စွမ်းရည်များ ရှိနေနိုင်သေးသည်။
အဆင့်လွန်ကျွမ်းကျင်သူတစ်ယောက် အော်ဟစ်လိုက်၏။ သူသည် ရွှေရောင်ဝံပုလွေအဖြစ်ပြောင်းသွားပြီး သူ၏ရွှေရောင်လက်သည်းများသည် ရှီဟောင်အနားမှ ဖြတ်သွားသည်။
ထိုအချိန်တွင် အခြားသူများသည်လည်း လှုပ်ရှားလာကြ၏။ လှံတိုကိုင်ထားသည့် အဆင့်မြင့်နယ်မြေမှ ဂျီးနီးယပ်စ်သည်လည်း လှံတိုဖြင့် နောက်တစ်ခေါက်ထပ်တိုက်လိုက်သည်။
ရှီဟောင်သည် ရွှေရောင်ဘီလူးကြီးကို ထိုးလိုက်၏။ သူ၏ လက်သီးချက်ကြောင့် ဘီလူးကြီးသည် အနောက်ဆုတ်သွားရပြီး သူ၏လက်သီးမှ သွေးများထွက်လာကာ အရိုးများလည်း နေရာရွေ့သွားရ၏။
“ဖွင့်”
ရှီဟောင်အော်လိုက်သည်နှင့် ထိုနေရာတွင် လျှပ်စီးများထွက်လာ၏။ ရှန်းနီဆယ်ခုထွက်လာပြီး သူတို့သည် နေရာအနှံ့သို့ ထွက်သွားသည်။
ဤနည်းလမ်းသည် ရန်သူအများအပြားနှင့် တိုက်ခိုက်သောအခါတွင် အသုံးဝင်သည်။ သူသည် ရန်သူ မိတ်ဆွေမခွဲပဲ တွေ့သမျှလူများကို တိုက်ခိုက်သောကြောင့် ဤနေရာတစ်ခုလုံးတွင် ခရမ်းရောင်စွမ်းအင်များပါရှိသည့် လျှပ်စီးများပြည့်နေသည်။
သူသည် ငွေခြင်္သေ့နှင့် ရွှေရောင်ဝံပုလွေကို အနောက်ဆုတ်သွားအောင် လုပ်ပြီးသောအခါ ရှန်းနီ ၄ ခုကို လေဟာနယ်ထဲတွင် ပုန်းနေသော လူငယ်လေးများထံသို့ ပို့လိုက်၏။
လှံတိုသည် သူ့ကို လာတိုက်ခိုက်နေသောကြောင့် ရှီဟောင်သည် သူတို့ရှိသည့်နေရာကို သိနိုင်လေသည်။
“မြန်မြန်တိုက်ကြ” လှံတိုကိုင်ထားသော လူငယ်၏ မျက်နှာသည် ဖြူစုတ်လာပြီး အော်ပြောလိုက်၏။
ထို့အပြင် သူ၏ခန္ဓာကိုယ်သည် နောက်တစ်ဖန် မှေးမိန်သွားပြီး သူ၏လှံတိုသည် လေဟာနယ်ကိုသာ ဖောက်ထွင်းသွားလေသည်။ သူသည် ဤနေရာမှ ထွက်သွားချင်နေလေပြီ။
ရွှေရောင်ဘီလူးကြီး၊ ငွေခြင်္သေ့၊ ရွှေရောင်ဝံပုလွေနှင့် အခြား အဆင့်လွန်ကျွမ်းကျင်သူများသည် ကျောင်ချီတို့အုပ်စုတို့နှင့်အတူ ရှီဟောင်ကို သတ်ရန်သာ အာရုံစိုက်နေကြ၏။ ဤတိုက်ပွဲသည် တရားသည်လား မတရားသည်လား သူတို့ မစဉ်းစားနိုင်ပေ။ သူတို့သည် သူတို့ပြိုင်ဘက်ကို သတ်ရန်သာ စိတ်ဝင်စားနေကြသည်။
ထိုနေရာတစ်ခုလုံးတွင် မိုးခြိမ်းသံများ ဆူညံနေလေ၏။
ရှီဟောင်၏ ခန္ဓာကိုယ်တစ်ခုလုံး တောက်ပလာ၏။ သူ၏ခန္ဓာကိုယ်တွင် သင်္ကေတများဖုံးလွှမ်းသွားပြီး သူသည် လျင်မြန်စွာ ပြေးနေလေသည်။ ရှီဟောင်သည် သူ့ကို တိုက်ခိုက်လာသည်များကိုလည်း ရှောင်နေရသောကြောင့် ထိုသူများကို အနီးကပ် မတိုက်ခိုက်နိုင်ပေ။
တစ်ချိန်တည်းမှာပင် သူသည် ကောင်းကင်လမ်းကြောင်း ၁၀ ခုကို ဖွင့်လိုက်ပြီး သူတို့ကို ချိတ်ဆက်လိုက်၏။ ဤနေရာတစ်ခုလုံးသည် နေမင်းကြီး ထွက်ပေါ်လာသလိုပင် လင်းလက်သွားပြီး သူ့ကို စိုက်ကြည့်ရန်ပင် ခက်လေသည်။
ထိုအချိန်တွင် ဤနေရာတစ်ခုလုံးသည် ရပ်တန့်သွား၏။
ထိုအချိန်သည် ခဏတာလေးဖြစ်သော်လည်း ရှီဟောင်အတွက် လုံလောက်သည်။ သူသည် လေဟာနယ်ထဲသို့ ဝင်လာသည့် အဆင့်မြင့်နယ်မြေမှ ဂျီးနီးယပ်စ်တစ်ယောက်ထံသို့ ရှန်းနီ ၄ ခုကို ပို့လွှတ်လိုက်သည်။
“သတ်…” ရှီဟောင် အော်ဟစ်လိုက်၏။
ရွှေရောင်ရှန်းနီသည် ထိုလူငယ်၏ကိုယ်ပေါ်တွင်ရှိသည့် အကာအကွယ်မှော်ပစ္စည်းကို ဖျက်ဆီးလိုက်ပြီး ထိုလူငယ်၏ ကိုယ်ထဲသို့ ဝင်သွား၏။ သူ၏ကိုယ်သည် ချက်ချင်းပင် လောင်ကျွမ်းကာ မဲသွားပြီး အော်ဟစ်သံတစ်ခုလည်း လေထဲတွင် ပျံ့လွင့်လာ၏။
ရှီဟောင်သည်လည်း အရှေ့သို့ပြေးသွားလိုက်ပြီး မှော်ဓားကို လွှဲရမ်းလိုက်၏။ ကြောက်ရွံ့ပြီး မယုံကြည့်နိုင်သည့် အမူအရာရှိနေသည့် ခေါင်းတစ်လုံးသည် မြေပြင်ပေါ်သို့ လွင့်ကျလာပြီး ခေါင်းမပါသော အလောင်းသည်လည်း သွေးများပန်းထွက်လာကာ မြေပြင်ပေါ်သို့ ပြုတ်ကျလာသည်။
ထို့နောက်တွင် လေဟာနယ်သည် ပုံမှန်အတိုင်းပြန်ဖြစ်သွား၏။
အားလုံးထိတ်လန့်သွားကြသည်။ နေရာပေါင်းစုံမှ သူ့ကို ဝိုင်းတိုက်နေသော်လည်း သူသည် တစ်စုံတစ်ယောက်၏ ခေါင်းကို ဖြတ်နိုင်လေသည်။
ရှီဟောင်သည် လှံတိုလေးကို ယူရန်ပြေးသွားလိုက်၏။ ဤလက်နက်သည် လျှို့ဝှက်လက်နက်ဖြစ်ပြီး သူသာ ဤလက်နက်ကို ရပါက သူ့စိတ်ကြိုက် ကြိုက်သည့်အချိန် ပေါ်နိုင်ပျောက်နိုင်သည်။
“သူ့ကို တားလိုက်” အားလုံး၏အမူအရာမှာ ပြောင်းလဲသွား၏။ ရှီဟောင်သာ ထိုလှံတိုကို ရလိုက်ပါက သူတို့အားလုံး ဒုက္ခရောက်သွားလိမ့်မည်။
ရှီဟောင်သည် ခေါင်းပြတ်နေသောအလောင်းကို ကန်လိုက်ကာ ထိုလှံတိုကို ယူလိုက်၏။ လှံတိုကို ယူပြီးသည်နှင့် သူသည် စိတ်လှုပ်ရှားလာရသည်။
သို့သော် သူ၏အမူအရာမှာ ချက်ချင်းပင် ပြောင်းလဲသွား၏။ အက်ကွဲသွားသံသည့် အသံကိုကြားလိုက်ရပြီး သူ၏လက်ထဲတွင်ရှိသော လှံတိုသည် စတင်လောင်ကျွမ်းလာသည်။ ထို့နောက်တွင် ထိုလှံတိုသည် နတ်အလင်းရောင်များထွက်ကာပေါက်ကွဲသွား၏။
သူသည် ထိုလှံတိုကို ချက်ချင်း ပစ်လိုက်ပြီး အနောက်ဆုတ်လိုက်သည်။
ရွှေရောင်ဝံပုလွေသည် ထိုလှံတိုကို လုယူရန်အတွက် ပြေးလာသော်လည်း ထိုလှံတိုတွင် အက်ရာများထင်လာသည်ကို သူတွေ့လိုက်ရသည်။
ထိုလှံတိုသည် ရန်သူလက်ထဲရောက်မသွားရန်တွက် ပိုင်ရှင်သေဆုံးသွားသည်နှင့် ကိုယ့်ကိုကိုယ်ဖျက်ဆီးပစ်သည့်စနစ် ပါရှိလေ၏။
ရှီဟောင် လှံတိုကို ပစ်လိုက်သောကြောင့် လှံတိုကို လုယူရန်လာသည့် ရွှေရောင်ဝံပုလွေရှေ့တွင် လှံတိုသည် ပေါက်ကွဲသွားသည်။ ရွှေရောင်ဝံပုလွေသည် ဒဏ်ရာဆိုးဝါးစွာ ရသွားသော်လည်း မသေပေ။
ကျန်သောသူများသည်လည်း ထိခိုက်မည်စိုးသောကြောင့် နောက်ဆုတ်သွားကြသည်။
ရှီဟောင်သည် အနောက်နည်းနည်းဆုတ်ပြီးသွားသောအခါ အရှေ့သို့ တစ်ရှိန်ထိုးပြေးသွားပြီး သူ၏ခွန်ဖန်စွမ်းအားများကို အသုံးပြုကာ လေထဲသို့ လက်သီးထိုးလိုက်၏။
သူ၏လက်သီးချက်သည် ရွှေရောင်ဝံပုလွေကို ထိမိသွားသောအခါ ရွှေရောင်ဝံပုလွေသည် ပေါက်ကွဲသွားပြီး သူ၏အမွှေး၊ အရိုးနှင့် အသွေးအသားများမှာ နေရာအနှံ့သို့ ပျံ့ကြဲသွားသည်။
အားလုံးသည် အံ့ဩသွားရ၏။ ရွှေရောင်ဝံပုလွေကဲ့သို့ အဆင့်လွန်ကျွမ်းကျင်သူသည်ပင် လက်သီးတစ်ချက်ကြောင့် တစ်စစီဖြစ်သွားသောကြောင့် ဤလူသည် စွမ်းအားကြီးလွန်းသည်။
ခပ်ဝေးဝေးတွင်ရှိနေသော ပိုင်ဂု၊ လန်ယု၊ ဟုန်ဟွမ်နှင့် အခြားသူများသည် တုန်လှုပ်သွားရ၏။ အဆင့်နိမ့်နယ်မြေမှ ဤလူငယ်သည် အစွမ်းထက်လွန်းလှသည်။
“မင်း…” ရွှေရောင်ဘီလူးကြီးသည် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
“သူ့ကိုသတ်… သူ့ကို လွတ်ပေးလို့ မရဘူး” ငွေခြင်္သေ့ ဟိန်းဟောက်လိုက်၏။
ထိုအချိန်တွင် ကျောင်ချီနှင့် အခြားသူများ၏ အမူအရာများလည်း ပို၍ပြောင်းလဲသွားသည်။ ရှီဟောင်စွမ်းအားကြီးလေလေ သူရှီဟောင်ကို သတ်ချင်လေလေပင်။
တိုက်ပွဲတွင် ဝင်မပါသည့် ခေါင်း ၉ လုံးမြွေနှင့် အပြာရောင်နဂါးသည်ပင် ကြောက်ရွံ့နေကြ၏။ သူတို့သည် ကျောက်စားပွဲနှင့် ကျောက်စာအုပ်စင်ထံသို့သွားရင်း အနောက်လှည့်ကြည့်လိုက်သောအခါ သူတို့မျက်နှာသည် တောင့်တင်းသွား၏။
အချိန်ခဏလေးအတွင်းမှာပင် ရှီဟောင်သည် ကျွမ်းကျင်သူ ၂ ယောက်ကို သတ်လိုက်လေသည်။
ထိုအချိန်တွင် သူတို့ထဲတွင် စွမ်းအားအကြီးဆုံးဖြစ်သည့် ရှေးသွေးသစ်ပင်သည် စတင်တိုက်ခိုက်လာ၏။ သူနှင့်အတူ ရွှေရောင်ဘီလူးကြီး၊ ငွေခြင်္သေနှင့် အခြားသူများသည်လည်း တိုက်ခိုက်လာကြသောကြောင့် သွေးစွမ်းအင်များသည် ပင်လယ်တစ်ခုကဲ့သို့ပင် ပေါ်လာပြီး အရှေ့ဘက်သို့ ထွက်သွားလေ၏။
ကျောင်ချီနှင့် အဆင့်မြင့်နယ်မြေမှ အခြားသူနှစ်ယောက်သည်လည်း တိုက်ခိုက်လာကြ၏။ ရှီဟောင်သည် အသက်ရှူချိန်ရှိသည်နှင့် သူတို့လူများကို တစ်ယောက်ပြီးတစ်ယောက် သတ်သွားလိမ့်မည်ဖြစ်သောကြောင့် သူတို့သည် စွမ်းအားအကြီးဆုံးနတ်စွမ်းအင်များကို သုံးပြီး တိုက်ခိုက်ကြလေသည်။
ရှီဟောင်သည် စွမ်းအားမည်မျှပင် ကြီးစေကာမူ သူတို့ကို တစ်ယောက်ချင်း မတိုက်ခိုက်နိုင်ပေ။ သူသည် ခွန်ဖန်ကိုသုံးကာ ထိုနေရာတစ်ခုလုံးကို လျှပ်စီးများ ဖုံးလွှမ်းစေကာ သူတို့၏တိုက်ခိုက်မှုများကို တစ်ခုပြီးတစ်ခု ရှောင်တိမ်းလိုက်၏။
“အပြစ်သား သေဒဏ်ကို လက်ခံလိုက်”
“အပြင်ကလာတဲ့သူ မင်းအသက်ကို ထားခဲ့လိုက်တော့”
အဆင့်လွန်ကျွမ်းကျင်သူများအားလုံးသည် အော်ဟစ်လိုက်ကြပြီး သူတို့၏စွမ်းအားအပြင်းဆုံး သိုင်းပညာများဖြင့် တိုက်ခိုက်ကြလေ၏။
ရှီဟောင်သည်လည်း သူ့တွင် ရှိသမျှအားလုံး ထုတ်သုံးလိုက်၏။ သူ့ကို တိုက်ခိုက်လာသည်များကို ရှောင်ရန်အတွက် ခွန်ဖန်နည်းကိုသုံးပြီး တစ်ချိန်တည်းမှာပင် သူ၏ခန္ဓာကိုယ်ကို ကာကွယ်ရန်အတွက် ကောင်းကင်လမ်းကြောင်း ၁၀ ခုကို ဖွင့်လိုက်သည်။ သူသည် အဆင့်လွန်အရိုးကိုလည်း အသုံးပြုလိုက်၏။
“မကောင်းတော့ဘူး” တစ်စုံတစ်ယောက်သည် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ ရှီဟောင် နတ်စွမ်းရည်အသုံးပြုသည်ကို သူတို့ ပထမဆုံးအကြိမ် မြင်ဖူးခြင်းမဟုတ်ပေ။
သို့သော် ထိုအလင်းသည် အလွန်လျင်မြန်လှ၏။ တစ်ချက်တည်းဖြင့်ပင် လူပေါင်းများစွာကို ထိခိုက်သွားသည်။
ထိုအချိန်ခဏလေးမှာပင် သူတို့အားလုံးသည် အသက်အလွန်ကြီးသွားကြပြီး သူတို့သေခါနီးအချိန်ရောက်နေသလိုပင် သူတို့ခန္ဓာကိုယ်၏အခြေအနေများမှာလည်း ဆိုးဝါးလာ၏။
ကျောင်ချီလည်း အသက်ကြီးကာ ဆံပင်များအဖြူရောင်ဖြစ်သွားသောကြောင့် သူသည် အော်ဟစ်ကာ ခုန်ပျံရန် ကြိုးစားလိုက်၏။
သူ၏ဘေးမှနှစ်ယောက်သည် ပို၍အခြေအနေစိုးသည်။ သူတို့သည် သင်္ချိုင်းကုန်းကိုပင် ခြေထောက်တစ်ဖက်လှမ်းနေ၏။ သူတို့သည် ခုန်ရှောင်ရန်အတွက် အစွမ်းကုန်ကြိုးစားသော်လည်း သူတို့၏နတ်စွမ်းအင်များမှာ ပျောက်ဆုံးကုန်သောကြောင့် မခုန်နိုင်ဖြစ်နေကြသည်။
ရှီဟောင်သည် အဆင့်လွန်နတ်ဘုရား သို့မဟုတ် မိစ္ဆာနှင့်တူနေ၏။ သူမြေပေါ်သို့ ဆင်းလာသည်နှင့် လူနှစ်ယောက်မှာ ပြာပုံဖြစ်သွားလေပြီ။
ရှေးသွေးသစ်ပင်သည် အလွန်အစွမ်းထက်သောကြောင့် သူ၏အရွက်သာ အနည်းငယ်ခြောက်သွားပြီး တိုက်ခိုက်နိုင်သေးသည်။ သူ့ထံမှ သွေးရောင်အလင်းများထွက်ပေါ်လာသည်နှင့် သစ်ရွက်များသည် မြှားကဲ့သို့ပင် ရှီဟောင်ထံသို့ ဦးတည်သွားလေသည်။
ရှေးသွေးသစ်ပင်၏တိုက်ခိုက်မှုကို အခွင့်ကောင်းယူကာ ကျောင်ချီထွက်ပြေးသွားလေ၏။
ပြန်လည်မွေးဖွားခြင်းသည်ပင် ရှေးသွေးသစ်ပင်ကို မသေဆုံးစေသောကြောင့် ရှီဟောင်အံ့ဩသွားရသည်။
ရှီဟောင်၏အမူအရာပြောင်းလဲသွား၏။ ယခုတစ်ကြိမ်တွင် ရှီဟောင်သည် တစ်ယောက်ချင်းစီကို လိုက်တိုက်ခိုက်လိုက်သည်။ သို့သော် ရှေးသွေးသစ်ပင်သည် အလျင်အမြန်ပင် ပြန်ကောင်းလာပြီး သူ၏စွမ်းအားများမှာလည်း တစ်ဖြည်းဖြည်း ပိုများလာသည်။
ထို့ကြောင့် ရှီဟောင်သည် သူ့ကို မတိုက်တော့ပဲ ငွေခြင်္သေ့ဘက်သို့ လှည့်လိုက်၏။ ငွေခြင်္သေ့သည် ပြန်ကောင်းလာပြီဖြစ်သော်လည်း သူ၏မူလအနေအထားကို ပြန်မရောက်သေးပေ။
ရှီဟောင်သည် ငွေခြင်္သေ့ကို လက်သီးဖြင့်ထိုးလိုက်သောအခါ ခြင်္သေ့ကြီးသည် တုန်ခါလာ၏။ သူသည် သူ၏ခန္ဓာကိုယ်ကို ကာကွယ်ရန်အတွက် အဖိုးတန်ပစ္စည်းများ ထုတ်သုံးလိုက်သော်လည်း အသုံးမဝင်ပေ။ ထိုပစ္စည်းများမှာ အစိတ်စိတ်အမွှာမွှာ ဖြစ်သွား၏။
“အား…” ခြင်္သေ့ကြီးသည် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ သူသည် ပထမတိုက်ခိုက်မှုမှ ဒဏ်ရာများကို ကုသနေဆဲတွင် အထိုးခံလိုက်ရသောကြောင့် သူ၏ခန္ဓာကိုယ်မှာ ကွဲအက်လာသည်။
“ဟူး…” ထိုအချိန်တွင် ရှီဟောင်သည် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ သူ၏အော်သံသည် ဆူနာမီလှိုင်းကဲ့သို့ပင် လှိုင်းထသွားရသည်။
ငွေခြင်္သေ့၏ခန္ဓာကိုယ်သည် တစ်ဖြည်းဖြည်းကွဲအက်လာပြီး ရှီဟောင်၏အော်သံအဆုံးတွင် ပေါက်ကွဲသွားလေ၏။
သူသည် ခြင်္သေ့ဟိန်းသည့်နတ်စွမ်းရည်ကို ကျွမ်းကျင်သော်လည်း နောက်ဆုံးတွင် ထိုစွမ်းရည်ဖြင့် အသတ်ခံလိုက်ရသည်။
တစ်ခြားတစ်ဖက်တွင် ရွှေရောင်ဘီလူးကြီးသည် သူ၏ခန္ဓာကိုယ်ကို ကုသနေဆဲဖြစ်သောကြောင့် သူ၏ခန္ဓာကိုယ်မှ အလင်းများ ဖြာထွက်နေ၏။ သူသည် သွေးစွမ်းအင်များထုတ်ကာ ရှီဟောင်ထံသို့ ဒေါသတကြီး ပြေးသွားလေသည်။
ရှီဟောင်သည် သူ၏ခန္ဓာကိုယ်မှ နတ်စွမ်းအားများကို အသက်သွင်းလိုက်ပြီး မှော်ဓားကို လွှဲရမ်းလိုက်သည်။ ရွှေရောင်ဘီလူးသည် ထိုဓားချက်ကို ကာကွယ်ရန်အတွက် မှော်ဝင်ပစ္စည်းများ သုံးလိုက်သော်လည်း ဓားချက်သည် သူ့ကိုထိမှန်သွား၏။
သူ၏လက်မောင်းသည် အောက်သို့ပြုတ်ကျသွားပြီး သွေးများလည်း ပန်းထွက်လာသည်။ နာကျင်လွန်းသောကြောင့် သူသည် ဒေါသတကြီး အော်ဟစ်လာ၏။
ထိုအချိန်တွင် ခေါင်း ၉ လုံးမြွေ၊ အပြာရောင်နဂါးနှင့် ခရမ်းရောင်ပုရွက်ဆိတ်တို့မှာ တစ်ခုခု လွဲမှားနေသည်ကိုသတိပြုမိကာ ရှီဟောင်ကို ပြန်၍ ဝိုင်းတိုက်ကြလေသည်။
“အာ… ပြန်လည်မွေးဖွားခြင်းက တစ်ခါသုံးပြီးရင် နောက်တစ်ခေါက် ထပ်သုံးလို့ မရဘူးလား” ရှီဟောင်သည် အံ့ဩသွားရ၏။ သူသည် တိုက်ခိုက်နေရင်းဖြင့်ပင် ဤနည်းလမ်း၏ရှုပ်ထွေးမှုများကို နားလည်အောင် လေ့လာနေသည်။
ဤကဲ့သို့သော နတ်နည်းလမ်းများသည် နောက်တစ်ခေါက်အသုံးပြုရန်အတွက် အချိန်တစ်ခုတော့ စောင့်ရလေသည်။
ရှီဟောင်သည် သူတို့၏ ပူးပေါင်းတိုက်ခိုက်မှုကို ရှောင်ရှားရန်အတွက် နောက်ပြန်ဆုတ်လိုက်သည်။
“သွေးတွေက နေရာတိုင်းမှာ ရှိနေတယ်… ဖြစ်တည်မှုကို အသက်သွင်းလိုက်တော့” တစ်စုံတစ်ယောက်မှ ကျယ်လောင်စွာ အော်လိုက်၏။
ကျောက်စားပွဲနားသို့ သွေးများ စီးဆင်းသွားသောကြောင့် စားပွဲသည် အလင်းရောင်များ တောက်ပလာကာ သူ၏အနားတွင်လည်း သင်္ကေတများပေါ်လာ၏။ ‘ဖုန်း’ ဟူသောအသံနှင့်အတူ စာအုပ်သည် လေထဲတွင် မြှောက်တက်သွားသည်။
တစ်စုံတစ်ယောက်သည် သူတို့၏ အဖိုးတန်နည်းလမ်းကိုသုံးကာ ထိုစာအုပ်ကို လှမ်းယူရန်ကြိုးစားကြည့်လိုက်သည်။
“အာ… ရသွားပြီ” အံ့ဩနေသော အော်သံ ထွက်ပေါ်လာခဲ့၏။
ပိုင်ဂုသည် သူ၏လက်ထဲတွင်ရှိနေသော စာအုပ်ကိုကြည့်ကာ မယုံကြည်နိုင်ဖြစ်နေသည်။ သို့သော် မကုန်ဆုံးနိုင်သော လူသတ်လိုသည့်အငွေ့အသက်များသည် သူ့ထံသို့ ရောက်ရှိလာပြီး လူအားလုံးလည်း သူ့ကိုအာရုံစိုက်လာသည်။
“အဲဒါကို အဝေးကို ယူသွားလိုက်”
ပိုင်ဂုသည် ဆုံးဖြတ်ချက်ချလိုက်ကာ သူတို့နှင့် အဝေးဆုံးသို့ ရောက်နေသည့် ကျောင်ချီထံသို့ ပေးလိုက်၏။
ခေါင်း ၉ လုံးမြွေ၊ ရှေးသွေးသစ်ပင်၊ အပြာရောင်နဂါးနှင့် အခြားသူများသည် အော်ဟစ်ကာ အပြင်သို့ လိုက်သွားကြသည်။
ကျောင်ချီ၏မျက်နှာသည် ဖြူဖျော့လာ၏။ သူမည်မျှပင် မြန်စေကာမူ အသုံးမဝင်နိုင်ပေ။ အရိုးစာအုပ်သည် သူ၏လက်ထဲတွင် ရှိနေသောကြောင့် သူဝေးဝေးပြေးနိုင်မည်မဟုတ်။ သူသေသွားလိမ့်မည်။
ထိုအချိန်တွင် သူ၏နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာကာ သူသည် လက်ကိုမြှောက်လိုက်ကာ စာအုပ်ကို ရှီဟောင်ထံသို့ ပစ်ပေးလိုက်သည်။
ရှီဟောင်သည် အားလုံး၏အလယ်တွင်ရှိနေသောကြောင့် သူအားလုံးကိုသတ်နိုင်မှသာ စာအုပ်ကိုရလိမ့်မည်။
ရှီဟောင်၏ အာရုံခံနိုင်စွမ်းသည် အလွန်စူးရှပေသည်။ ကျောင်ချီလက်မြှောက်လိုက်သည်နှင့် သူဘာလုပ်မည်ကို သိသောကြောင့် သူအရင် လှုပ်ရှားလိုက်၏။ သူသည် ခွန်ဖန်နည်းလမ်းကို သုံးကာ အလွန်လျင်မြန်သောအရှိန်ဖြင့် အရှေ့ဘက်သို့ သွားလိုက်သည်။
သူနှင့်အတူ တစ်ချိန်တည်း ရွေ့လျားလိုက်သော သူနှစ်ယောက်လည်း ရှိ၏။ သို့သော် ရှီဟောင်သည် လျင်မြန်လွန်းသောကြောင့် သူအရင်သွားသည်ဟု ထင်ရလေသည်။
ရှီဟောင်သည် တစ်စက္ကန့်အတွင်းမှာပင် ကျောင်ချီကိုသတ်လိုက်သည်။ စာအုပ် သူ၏လက်ထဲသို့ ရောက်လာသည်နှင့် သူသည် အလင်းတန်းများကို ထုတ်လွှတ်လိုက်ပြီး ကျောင်ချီသည် ထိုနေရာမှာပင် နှစ်ပိုင်းဖြဲခံလိုက်ရသည်။
သွေးများ နေရာတိုင်းတွင် ဖြာထွက်သွားပြီး ရှီဟောင်၏ခန္ဓာကိုယ်တစ်ခုလုံးလည်း တောက်ပလာ၏။ သူ၏သတ်ဖြတ်လိုသည့် အငွေ့အသက်များသည် ကောင်းကင်သို့ပင် ရောက်ရှိသွားသည်။