သုခကမ္ဘာက ရှီဟောင် - Chapter - 708 ထွက်ခွာခြင်း
နေနတ်ဘုရားသစ်ပင်သည် တုန်ခါနေပြီး ရွှေရောင်အလင်းတန်းများ ဖြာကျနေသည်။
ထိုသစ်ပင်သည် ကောင်းကင်နှင့် ဆက်သွယ်ထားပြီး အရွက်တစ်ရွက်သည်ပင် တောင်တစ်လုံးကို ဖုံးအုပ်နိုင်၏။
ကောင်းကင်သည် ကွဲထွက်သွားပြီး သစ်ပင်ကြီးသည်လည်း ထိုလေဟာနယ်ထဲသို့ ပြေးတက်သွားသည်။
ထိုအချိန်တွင် အားလုံးသည် တုန်ခါလာကာ ထိုသစ်ပင်ထိပ်တွင်နေ၍မရတော့ပဲ ချော်ရည်ပင်လယ်ထဲသို့ ပြုတ်ကျသွားလေသည်။
“ငါတို့ ဒီလိုမျိုးပဲ သွားရတော့မှာလား” အားလုံးသည် အံ့ဩတုန်လှုပ်သွားရ၏။ ရှေးသစ်ပင်ကြီးသည် ကမ္ဘာမြေမှ ထွက်ခွာသွားတော့မည်။
အားလုံးသည် လျင်မြန်စွာ ပြုတ်ကျလာ၏။ အချို့သူများသည် အရွက်များကို ဖမ်းဆွဲရန်ကြိုးစားသော်လည်း သူတို့သည် သူတို့ကိုယ်သူတို့ မထိန်းနိုင်ပေ။
“ငါ လက်မခံနိုင်ဘူး” အဆင့်လွန်ကျွမ်းကျင်သူတစ်ယောက်သည် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ သူတို့သည် ရှေးနန်းတော်ထဲဝင်နိုင်ခဲ့ပြီး အရိုးစာအုပ် ၂ အုပ်ကို တွေ့ခဲ့ရသော်လည်း လက်ဗလာဖြင့်ပင် ပြန်ထွက်ခဲ့ရသည်။
သူ၏အမြစ်များသည် ချော်ရည်ပင်လယ်ထဲမှ ထွက်လာပြီး လူအားလုံးကို ကျော်ဖြတ်သွား၏။ ထိုအမြစ်များသည် နေရာအနှံ့မှ ဝိဉာဉ်စွမ်းအားများကို စုတ်ယူနေသောကြောင့် အောက်တွင်ရှိနေသော မီးတောက်အရည်များ ခမ်းခြောက်သွားသည်။
နောက်ဆုံးတွင် အားလုံးသည် ချော်ရည်ပင်လယ်ထဲသို့ ကျသွား၏။ သူတို့ ခေါင်းမော့ကြည့်လိုက်သောအခါ ရှေးသစ်ပင်သည် တစ်ဖြည်းဖြည်းပျောက်ကွယ်သွားပြီး ကောင်းကင်အက်ကွဲကြောင်းအတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။
“ဘာလို့ ဒီလိုမျိုး အဆုံးသတ်ရတာလဲ” တစ်စုံတစ်ယောက်သည် မချိတင်ကဲပြောလိုက်၏။
“ငါတို့ အဆင့်လွန်ကျမ်းစာအုပ် ၂ အုပ်ကိုရဖို့ နီးနေပြီကို… အရမ်းရက်စက်တာပဲ… ငါတို့ သူထွက်သွားတာကိုပဲ ကြည့်နေရတယ်” အခြား အဆင့်လွန်ကျွမ်းကျင်သူတစ်ယောက်မှ အော်ဟစ်လိုက်သည်။
သစ်ပင်ကြီးထွက်ခွာသွားသည်နှင့် ချော်ရည်ပင်လယ်ကြီးသည် ခမ်းခြောက်သွားပြီး ကျောက်မြေပြင်ပြန်ဖြစ်သွားကာ သူတို့လည်း ပျံသန်း၍ရသွားသည်။
“မီးတော်အရည်…” ရှီဟောင်သည် သက်ပြင်းချလိုက်၏။
ရွှေရောင်အလင်းအနည်းငယ် သူ၏ခေါင်းပေါ်သို့ ကျလာသည်။ ဧကရာဇ်လိပ်ပြာသည် ပြန်ရောက်လာပြီး ရွှေရောင်ပုတီးစေ့ ပြန်ဖြစ်သွား၏။
မြေပြင်သည် အလွန်ပူလောင်နေပြီး အငွေ့များပင် ထွက်နေသည်။
အဆင့်လွန်ကျွမ်းကျင်သူများသည် ဆက်တိုက်အော်ဟစ်နေကြပြီး အလွန်စိတ်ပျက်နေကြ၏။
“ငါတို့ အရမ်းနီးစပ်နေပြီကို” လန်ယုကဲ့သို့ ယဉ်ကျေးသိမ်မွေ့သောသူပင်လျှင် သူမ၏ လက်သီးနှစ်ဖက်ကို ဆုတ်ထားလေသည်။
“အဲဒီသစ်ပင်က အဆင့်မြင့်နယ်မြေကို သွားတာထင်တယ်” ဟုန်ဟွမ်သည် စိတ်ပျက်လက်ပျက်ဖြင့် ကောင်းကင်ကို မော့ကြည့်လိုက်၏။
ရွှေယွဲ့၊ ရွှမ်မင်နှင့် အခြားသူများသည်လည်း ဤကဲ့သို့ပင် ကောက်ချက်ချလိုက်၏။ ထိုအချိန်တွင် သူတို့သည် ရင်းနှီးနေသည့် အဆင့်မြင့်နယ်မြေ၏ အော်ရာကို ရလိုက်သည်။
“အဆင့်မြင့်နယ်မြေက အကျယ်ကြီးပဲ… ပြီးတော့ သူသာ ကြယ်တူးမြောင်း၊ ယင်နယ်မြေလိုမျိုး နေရာတွေကနေ ဝင်လာရင် ငါတို့ဘာမှ မတတ်နိုင်ဘူး… ဒီသစ်ပင်မှာ ဝိဉာဉ်ရှိတယ်ဆိုတော့ သူက အားလုံးကို ရှောင်သွားမှာပဲ” ပိုင်ဂုသည် ဖြေးညှင်းစွာ ပြောလိုက်၏။
“လူငယ်လေး… ဒါအားလုံး မင်းအပြစ်တွေပဲ… မင်းသာ စာအုပ်ကို စောစောပေးရင် ဒီလိုမျိုး ဖြစ်မှာမဟုတ်ဘူး” အဆင့်လွန်ကျွမ်းကျင်သူတစ်ယောက်သည် ရှီဟောင်ကို ကြည့်ပြီး မုန်းတီးစွာပြောလိုက်သည်။
သူတို့သည် ရွှေကျီးလူမျိုး အဆင့်လွန်ကျွမ်းကျင်သူတစ်ယောက်ရှိနေသောကြောင့် ထိုသူကို စာအုပ်ကိုင်ခိုင်းကာ နန်းတော်၏ထူးဆန်းသောအားကို ရှောင်ရှားမလို့ပင်။ သို့သော် သူတို့ ခြေတစ်လှမ်းနောက်ကျသွား၏။
“ဒါက ကျုပ်နဲ့ ဘာဆိုင်လို့လဲ” ရှီဟောင်သည် ထိုသူကို ပြန်ကြည့်ပြီး ပြောလိုက်သည်။
“မင်းကြောင့်သာမဟုတ်ရင် ငါတို့အခု အရိုးစာအုပ်ကို ရနေပြီ” ရှီဟောင်ကြောင့် လက်တစ်ဖက်ဆုံးရှုံးလိုက်ရသော ရွှေရောင်ဘီလူးသည်လည်း ပြောလိုက်၏။
“ခင်ဗျားမကျေနပ်ရင် ကျုပ်နဲ့လာချလေ” သူတို့သည် ယခုအချိန်တွင် မြေပြင်ပေါ်တွင် ရောက်နေပြီဖြစ်သောကြောင့် နေနတ်ဘုရားသစ်ပင်မှာကဲ့သို့ ထူးဆန်းသည့်ဖြစ်ရပ်များကို စိတ်ပူရန်မလိုတော့ပေ။ ရှီဟောင်သည် ပို၍ပင် အကြောက်တရားကင်းမဲ့လာပြီး ရွှေရောင်ဘီလူးကြီးကို ပြုံးပြလိုက်သည်။
“အားလုံးပဲ သူ့ကို ဝိုင်းဖမ်းရအောင်… သူအရိုးပေါ်က စာသားတွေကို သေချာဖတ်လိုက်ရတယ်… သူစာသားတစ်ချို့ကို မှတ်မိမှာ သေချာတယ်” ခေါင်း ၉ လုံးမြွေသည် သူ၏အမြှီးပျက်စီးသွားသော်လည်း သူ၏တိုက်ခိုက်နိုင်စွမ်းမှာ အားကောင်းနေသေးသည်။ သူသည် ထိုစကားများကို အေးစက်စွာပင် ပြောလိုက်၏။
လူအများစု၏ မျက်လုံးများမှာ အရောင်တောက်လာကြ၏။ ရှီဟောင်သည် အရိုးစာအုပ် ၂ ခုစလုံးကို ကြည့်လိုက်ရပြီး ထိုသို့ကြည့်နေသောကြောင့်ပင် အပြာရောင်နဂါး၏တိုက်ခိုက်မှုကို ခံခဲ့ရသည်။
“တာအိုသူငယ်ချင်းလေး… ငါတို့အားလုံး နန်းတော်ထဲကို အတူတူဝင်ခဲ့ကြတာပဲလေ… မင်းက ကံကောင်းပြီး စာအုပ်တွေကို ဖတ်ခဲ့ရတယ်ဆိုတော့ မင်း အားလုံးနဲ့ ဝေမျှသင့်တယ်လေ ဟုတ်တယ်မလား” ခရမ်းရောင်ပုရွက်ဆိတ်သည် ပြောလိုက်ပြီး အခြား အဆင့်လွန်ကျွမ်းကျင်သူများနှင့်အတူ ရှီဟောင်ထံသို့ လျှောက်လာသည်။
အဲဒါတွေက တစ်ချို့ တွားသွားသတ္တဝါတွေ ပုရွက်ဆိတ်တွေရဲ့ အမွေတွေမဟုတ်ဘူး ထာဝရကျမ်းစာ… တစ်ချက်ကြည့်လိုက်ယုံနဲ့ ကျုပ်မှတ်မိမယ်လို့ ခင်ဗျားထင်နေတာလား” ရှီဟောင်သည် အမေးစကားဖြင့် ပြန်တုံ့ပြန်လိုက်၏။
အမွေသည် အစွမ်းထက်လေ သင်္ကေတများသည် ပို၍ရှုပ်ထွေးလေဖြစ်သည်ကို လူတိုင်းသိသည်။ ဥပမာအားဖြင့် ခွန်ပန်နည်းလမ်း၏ တံဆိပ်သည် စာလုံးတစ်လုံးသာရှိသော်လည်း သေချာကြည့်မည်ဆိုပါက ထိုစာလုံးသည် အမြဲတမ်းပြောင်းလဲနေသည်ကို တွေ့နိုင်သည်။
ခေါင်း ၉ လုံးမြွေနှင့် ခရမ်းရောင်ပုရွက်ဆိတ်တို့သည် မျက်နှာများပျက်သွားကြ၏။ တွားသွားသတ္တဝါ သို့မဟုတ် ပုရွက်ဆိတ်ဟုပြောလိုက်ခြင်းသည် သူတို့ကို လှောင်ပြောင်ရယ်မောလိုက်ခြင်းပင်မဟုတ်လား။
“တစ်ခုလုံးကို အချိန်ခဏလေးအတွင်း မှတ်မိဖို့က မဖြစ်နိုင်ပေမယ့် မင်းအစပိုင်းမှာ ရှိတဲ့ သင်္ကေတလေးတွေတော့ မှတ်မိသင့်တယ် ဟုတ်တယ်မလား” ရှေးသွေးသစ်ပင်သည် ရှီဟောင်ကို ကြည့်ပြီး ပြောလိုက်၏။
“တော်စမ်းပါ… ကျုပ်ဘာမှမရလိုက်ဘူးဆိုတဲ့အချက်ကို ထားလိုက်ဦး… ကျုပ်ရလိုက်တယ်ဆိုရင်တောင်မှ ခင်ဗျားတို့နဲ့ ဘာဆိုင်လို့လဲ… အခုလေးတင် ခင်ဗျားတို့အားလုံး ကျုပ်ကို ဝိုင်းတိုက်ကြတာ မဟုတ်ဘူးလား… အခုကျတော့ ခင်ဗျားတို့ကို ဝေမျှပေးခိုင်းနေတယ်… အိပ်မက်ပဲ ဆက်မက်နေလိုက်ကြ” ရှီဟောင်၏စကားလုံးများမှာ ကြမ်းတမ်းလာသည်။
အားလုံးသည် သူ့ကို ဝိုင်းထားသော်လည်း မည်သူမျှ သတိလက်လွတ်မပြုမူရဲကြပေ။ အရင်က တိုက်ပွဲတွင် ရှီဟောင်သည် သူ၏အစွမ်းများကို ပြသခဲ့သည်မဟုတ်လား။
“အားလုံးပဲ ဘာကိုစောင့်နေကြတာလဲ… မင်းတို့မှာရှိတဲ့ စွမ်းအားအကြီးဆုံးနည်းလမ်းကိုသုံးပြီး သူ့ကို ဖိနှိပ်ကြ… ဒီလူက ငါတို့လူတွေကို သတ်ထားတာ… ဘယ်နည်းနဲ့မှ သူ့ကို အလွတ်မပေးနိုင်ဘူး” ခေါင်း ၉ လုံးမြွေမှ ပြောလိုက်သည်။
“ငါတို့ရော တိုက်သင့်လား” အဆင့်မြင့်နယ်မြေမှ ဂျီးနီးယပ်စ်များသည် တစ်ယောက်ကိုတစ်ယောက်မေးလိုက်ကြ၏။
“လောစရာမလိုဘူး… သူတို့တိုက်တာကိုပဲ အရင်ကြည့်ရအောင်” ရွှမ်မင် ပြောလိုက်သည်။
“ခင်ဗျားတို့ အားလုံး သေချာစဉ်းစားသင့်တယ်နော်… ကျုပ်တို့စတိုက်တာနဲ့ အားလုံးသေမှ ကျုပ်ရပ်မှာ … ဘယ်သူ့ကိုမှ ညှာမှာမဟုတ်ဘူး” ရှီဟောင်သည် တည်ငြိမ်စွာ ပြောလိုက်သည်။
ရွှေရောင်ဘီလူးကြီးသည် ရယ်မောလိုက်ကာ “လူငယ်လေး မင်းက ကိုယ့်ကိုကိုယ်အထင်ကြီးလွန်းသွားပြီ… ငါတို့မင်းကို အခုပဲသတ်ပစ်မှာ”
ရှီဟောင်သည် စိတ်ထဲတွင် တုန်လှုပ်သွားပြီး ကျောရိုးတစ်လျှောက် စိမ့်တက်လာခဲ့၏။ သူသည် ကျန်းပေါင်းများစွာဝေးသည့် အကွာအဝေးသို့ ဆုတ်လိုက်၏။ ရွှေရောင်အလင်းတန်းတစ်ခုပေါ်လာပြီး သူရပ်ခဲ့သောနေရာကို လာထိမှန်သွားပြီး မြေကြီးအပိုင်းအစများ လွင့်စင်သွားသည်။
လူတိုင်းအနောက်ဆုတ်သွားကြရပြီး လေထဲတွင် ရွှေရောင်ကျွန်းတစ်ခု ပေါ်လာခဲ့ပြီး ဘီလူးအနည်းငယ်သည် ထိုကျွန်းပေါ်တွင် ရပ်နေ၏။
“ရွှေရောင်ဘီလူးတွေရဲ့ စစ်ပွဲကျွန်းလား” ရွှေကျီးလူမျိုးတာအိုဆရာသည် သတိအနေအထားဖြင့် အော်ဟစ်လိုက်သည်။
လေထုသည် တုန်ခါသွားပြီး စွမ်းအားများသည်လည်း ပွင့်ထွက်လာ၏။ သိပ်မဝေးသောနေရာမှ ကြီးမားသော အနက်ရောင်တောင်ကြီးတစ်လုံး ပျံသန်းလာနေသည်။ တောင်၏မျက်နှာပြင်တစ်ခုလုံးတွင် သင်္ကေတများ ဖုံးလွှမ်းနေပြီး စွမ်းအားများထုတ်လွှတ်နေကာ ထိုနေရာတစ်ခုလုံးကို ချိတ်ပိတ်ပစ်လိုက်၏။
“ခေါင်း ၉ လုံးမြွေလူမျိုးရဲ့ မြွေတောင်လား” အဆင့်လွန်ကျွမ်းကျင်သူများအားလုံး ရေရွတ်လိုက်ကြသည်။
အတောင်ပံခတ်သံများ ဆက်တိုက်ပေါ်လာပြီး ကြီးမားသော ပုရွက်ဆိတ်အုံကြီး ပေါ်လာသည်။ အတောင်ပံပါသော ပုရွက်ဆိတ်များ များစွာပေါ်လာပြီး သူတို့သည် နွားထီးများ မြင်းများလောက်ပင် ကြီး၏။
ထိုအရာများပင်မကသေး။ များစွာသော အကောင်များသည် နေရာအနှံ့မှ ထွက်ပေါ်လာပြီး ဤနေရာတစ်ခုလုံးကို ဝန်းရံထားပြီး ဖိအားများ ထုတ်လွှတ်လျက်ရှိသည်။
ရှီဟောင်သည် နူးညံ့စွာ ပြောလိုက်သည်။
” ဒီလိုလား… ခင်ဗျားတို့အားလုံး ဘာလို့အဲဒီလောက်တောင် ယုံကြည်ချက်တွေ ရှိနေတာလဲ… ကြည့်ရတာ ခင်ဗျားတို့ကလန်က လူတွေကို ဆက်သွယ်လိုက်ပြီး ခင်ဗျားတို့ရဲ့ ဝှက်ဖဲတွေကို ခေါ်လိုက်တာပေါ့”
အဆင့်လွန်ကျွမ်းကျင်သူများသည် သူတို့ နေနတ်ဘုရားသစ်ပင်ပေါ်သို့ မတက်မှီကပင် အရံအစီအစဉ်များ လုပ်ထားပြီးသားပင်။ သူတို့သည် သူတို့လူမျိုး ကျွမ်းကျင်သူများကို အပြင်တွင် စောင့်ဆိုင်းနေစေပြီး ဝင်သွားသော အဆင့်လွန်ကျွမ်းကျင်သူများ ခေါ်လာသည်နှင့် ထွက်လာကြတော့သည်။
စစ်ပွဲကျွန်း၊ ပုရွက်ဆိတ်အုံ၊ မြွေတောင်နှင့် အခြားအရာများလည်း ပေါ်လာသည်။ တိမ်များဆင်းလာသကဲ့သို့ပင် ဤနေရာတစ်ခုလုံးသည် မှောင်မဲနေ၏။
နောက်ထပ်ရောက်လာသော အဆင့်လွန်ကျွမ်းကျင်သူများမှာ အနည်းငယ်သာရှိသည်။ နေနတ်ဘုရားသစ်ပင်ပေါ်သို့ တက်သွားသော သူများမှာ သူတို့လူမျိုးကိုယ်စားပြုများပင် ဖြစ်ကြသည်။ သို့သော် နောက်ထပ်ရောက်လာသောသူများသည် သူတို့လူမျိုးစုတွင်ရှိသော မှော်ပစ္စည်းများ အားလုံးကို ယူခဲ့ကြ၏။
“သူ့ကိုသတ်” ခေါင်း ၉ လုံးမြွေ အမိန့်ပေးလိုက်သည်နှင့် ကောင်းကင်ပေါ်တွင်ရှိနေသည့် မြွေတောင်မှ မြွေများတစ်ကောင်ပြီးတစ်ကောင်ပြုတ်ကျလာ၏။ ဤမြင်ကွင်းသည် အလွန်ပင် ကြောက်စရာကောင်းလှသည်။
ထို့အတူ ပုရွက်ဆိတ်အုံအတွင်းတွင် မရေတွက်နိုင်သော သင်္ကေတများ ပေါ်လာ၏။ ထိုပုရွက်ဆိတ်များသည် ထူးဆန်းသော သင်္ကေတများမှ ဖွဲ့စည်းထားခြင်းဖြစ်ပြီး သူတို့သည် ကျောက်တုံးများနှင့် ကြေးများကိုပင် ကိုက်ဖြတ်နိုင်ကာ သူတို့တွင် သာမန်မဟုတ်သော နတ်စွမ်းအားများ ပိုင်ဆိုင်ထားကြ၏။
တစ်ချိန်တည်းမှာပင် အစေ့များစွာသည် လေထဲတွင် အပင်ပေါက်လာပြီး သွေးရောင်သစ်ပင်များသည် ရှီဟောင်၏အနီးတစ်ဝိုက်တွင် အမြစ်ပေါက်လာကြ၏။
ထိုအရာသည် ရှေးသွေးသစ်ပင်လူမျိုး၏ စွမ်းအားပင်။
ထိုအချိန်တွင် ကောင်းကင်နှင့် မြေကြီးပေါက်ကွဲထွက်လာပြီး ရှီဟောင်ကို ကြောက်စရာကောင်းသောစွမ်းအားများက နေရာအနှံ့မှ ဝန်းရံထားလေသည်။
“သူတို့ကိုလည်း တားလိုက်” အဆင့်လွန်ကျွမ်းကျင်သူတစ်ယောက် အော်လိုက်၏။ သူသည် အပြင်မှလာသောသူများဖြစ်ကြသည့် လန်ယု၊၊ ပိုင်ဂု၊ ရွှေယွဲ့နှင့် အခြားသူများကိုလည်း ဝိုင်းထားစေချင်သည်။
ရွှမ်မင်းသည် အစောကတည်းကပင် အနောက်သို့ ဆုတ်နေပြီး ထိုစကားကိုကြားလိုက်သည်နှင့် သူ၏ကျောက်တံတားကို ထုတ်လိုက်သည်။ လူအားလုံးသည် သူ့နောက်လိုက်သွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုနေရာမှ ပျောက်ကွယ်သွားလေ၏။
“ခင်ဗျားတို့အားလုံးက ကျုပ်ကို လွယ်လွယ်နဲ့နိုင်မယ် ထင်နေတာလား…” ရှီဟောင်ပြောလိုက်၏။ သူသည် ကောင်းကင်ပေါ်သို့ ပျံတက်လိုက်ပြီး အလင်းရောင်များအားလုံးကို ရှောင်လိုက်ကာ သင်္ကေတများအပေါ်မှ နင်းဖြတ်သွားလိုက်၏။ သူသည် ဘာမျှ မထိခိုက်လိုက်ပေ။
“ဒါက နယ်မြေလေးခုဖြစ်ပေါ်ခြင်းပဲ… ဘယ်ဘက် ၁ ကျန်း အရှေ့ဘက် ၁၀ ကျန်း…” ဆံပင်ထဲမှ နတ်ဘုရားပစ်ချက်ကျောက်တုံးလေး၏ အသံထွက်လာ၏။
“ဒါက အခြေခံဒြပ်စင် ၅ ခုကနေ ဖြစ်လာတဲ့ စစ်ပွဲကျွန်းပဲ… ကြေးဂိတ်တံခါးကို ဖြတ်ပြီး မီးဂိတ်တံခါးကနေ ပြန်ထွက်မယ်…” နတ်ဘုရားပစ်ချက်ကျောက်တုံးလေးသည် ဆက်တိုက်ပြောနေသည်။
ထိုကလန်၏ အကာအကွယ်များသည် ကောင်းကင်ကို ဝန်းရံထားသော်လည်း သူတို့သည် ရှီဟောင်ကို ထိခိုက်အောင် မလုပ်နိုင်ပေ။ ရှီဟောင်သည် ရှောင်တိမ်းရင်းနှင့်ပင် သူတို့ကို ပြန်တိုက်ခိုက်နေ၏။
ထိုအချိန်တွင် နတ်ဘုရားပစ်ချက်ကျောက်တုံးလေးသည် ထူးဆန်းသည့်အသံဖြင့်အော်လိုက်ပြီး ရှီဟောင်၏ဆွဲထုတ်ခြင်းကို ခံလိုက်ရသည်။ ထို့နောက် သူသသည် အလင်းတန်းအဖြစ်ပြောင်းလဲသွားကာ အရှေ့ဘက်တွင်ရှိနေသော ရွှေရောင်ဘီလူးကြီး၏ခေါင်းကို တိုက်ခိုက်လိုက်သည်။
“အား..” အဆင့်လွန်ကျွမ်းကျင်သူပင် ဖြစ်သော်လည်း ဤရိုက်ချက်ကြောင့် သူ၏ခေါင်းတွင် သွေးများဆက်တိုက် ထွက်လာ၏။ သူ၏နားများ အူသွားရပြီး သူ၏ဦးခေါင်းခွံတွင်လည်း အက်ကွဲကြောင်းများ ပေါ်လာသည်။
“အဲဒါကြီးက အရမ်းမာတာပဲ… နာတယ်” နတ်ဘုရားပစ်ချက်ကျောက်တုံးလေးသည် အား အိုး အသံများထွက်လျက် အော်ဟစ်နေသည်
ရွှေရောင်ဘီလူးကြီးသည် လက်တစ်ဖက်ဆုံးရှုံးထားသောကြောင့် အရင်ကတည်းကပင် စိတ်တိုနေ၏။ ယခုထိုကဲ့သို့ ဖြစ်သွားသောအခါ ပို၍စိတ်တိုလာပြီး သူ၏တစ်ကိုယ်လုံးတွင် ရွှေရောင်အလင်းတန်းများ ထွက်လာသည်။
ရှီဟောင် လက်ဝေ့ရမ်းလိုက်သည်နှင့် နတ်ဘုရားပစ်ချက်ကျောက်တုံးလေးသည် ပြန်ရောက်လာပြီး ရှီဟောင်သည် နောက်တစ်ခေါက် ပြန်ပစ်လိုက်၏။
ဤတစ်ကြိမ်တွင် သတ္တုနှစ်ခု တိုက်သံကဲ့သို့ပင် အသံ ပို၍ကျယ်၏။
ရွှေရောင်ဘီလူးကြီး၏ နဖူးကွဲသွားပြီး သွေးများထွက်လာကာ ကွဲသွားသောနေရာမှတစ်ဆင့် ဦးနှောက်များကိုပင် မြင်နိုင်တော့မည်။
ရှီဟောင်အံ့ဩသွားသည်။ နတ်ပစ္စည်းများနှင့် ကမ္ဘာမီးတောက်အရည်များကို စားသုံးပြီးသွားသည့်အချိန်တွင် နတ်ဘုရားပစ်ချက်ကျောက်တုံးလေးသည် ထိုအဆင့်ထိပင် ရောက်လာလေ၏။ ထင်သည့်အတိုင်းပင် သူသည် အဆင့်လွန်ရတနာတစ်ခုပင်။
ခဏကြာသောအခါ ရှီဟောင်သည် လေးမှလွတ်လိုက်သောမြှားကဲ့သို့ပင် အရှေ့ဘက်သို့ ပြေးသွားပြီး လက်သီးတစ်ချက် ထိုးလိုက်သည်။
ထိုအချိန်တွင် ရှီဟောင်သည် သူ၏ညာလက်သီးကို နတ်မီးတောက်များ စီးဆင်းနေစေသည်။
ရွှေရောင်ဘီလူးကြီးသည် သူတတ်နိုင်သမျှ ခုခံနေသော်လည်း သူ့တွင် လက်တစ်ဖက်သာရှိသောကြောင့် ထိုလက်သီးကို မခုခံနိုင်ပေ။ ထိုလက်သီးချက်ကြောင့်ပင် သူသည် ပေါက်ကွဲသွားပြီး သေဆုံးသွားလေသည်။
ပြီးနောက်တွင် ရှီဟောင်သည် အနီးကပ်တိုက်ခိုက်ရန်အတွက် ခရမ်းရောင်ပုရွက်ဆိတ်ဘေးတွင် ပေါ်လာ၏။ ခရမ်းရောင်ပုရွက်ဆိတ်သည် တစ်ကျန်းမျှသာ အရှည်ရှိသော်လည်း သူ၏စွမ်းအားမှာ ရွှေရောင်ဘီလူးကြီးထက်ပင် ကောင်းလေသည်။
ဤတိုက်ခိုက်ခြင်းသည် ကိုယ်ကာယအင်အားချင်း ပြိုင်သည့်ပွဲပင်။
နောက်ဆုံးတွင် ခရမ်းရောင်ပုရွက်ဆတ်၏ကိုယ်သည် တုန်ခါလာပြီး အက်ကွဲကြောင်းများပေါ်လာ၏။ နောက်ဆုံးတွင် သူသည်လည်း ရှီဟောင်၏ပြိုင်ဘက်မဟုတ်ပေ။ သူသည် သွေးများအန်ကာ အနောက်ဆုတ်လိုက်သည်။
ရှီဟောင်သည် လက်တစ်ဖက်ဖြင့် ခရမ်းရောင်ပုရွက်ဆိတ်၏ ဦးခေါင်းကို ဖောက်ခွဲလိုက်ပြီး သူ၏ကိုယ်ကို ကောင်းကင်မြေကြီးရှုံ့အိတ်အတွင်းသို့ ထည့်လိုက်၏။ ဤအရာသည် တန်ဖိုးရှိသော အသွေးအသားဆေးပင်။
“အားဟိုး…” ခေါင်း ၉ လုံးမြွေသည် ကျယ်လောင်စွာအော်လိုက်ပြီး ရှီဟောင်ကို တိုက်ခိုက်လိုက်၏။ သို့သော် ရှီဟောင်၏ ပြန်လည်မွေးဖွားခြင်းအစွမ်းအောက်တွင် သူ၏ခန္ဓာကိုယ်သည် တစ်ဖြည်းဖြည်းသေးလာပြီး သူ၏ခေါင်းများသည်လည်း ရှီဟောင်၏ဖြတ်တောက်ခြင်းကို ခံလိုက်ရကာ သူ၏အသက် အဆုံးသတ်သွားလေသည်။
“ဟိုး…” ရှေးသွေးသစ်ပင်သည်လည်း ဒေါသတကြီးအော်ဟစ်လိုက်သည်။ သို့သော် နောက်ဆုံးတွင် ရှီဟောင်၏ကောင်းကင်နှင့် ချိတ်ဆက်ထားသည့် ဓားစွမ်းအင်ကြောင့် တစ်စစီဖြစ်သွား၏။
ရှီဟောင်သည် စွမ်းအားကြီးသော ကျွမ်းကျင်သူများအားလုံးကို သတ်လိုက်ပြီး သူ့ကို ဝိုင်းထားသောနေရာမှ ဖောက်ထွက်လိုက်၏။
စစ်ပွဲကျွန်း၊ မြွေတောင်၊ ပုရွက်ဆိတ်အုံနှင့် အခြားသူများအားလုံးသည် အနောက်ပြန်ဆုတ်လိုက်ကြ၏။ သူတို့ ဤတိုက်ပွဲကို ဆက်တိုက်နေလည်း အကျိုးမရှိနိုင်ပေ။ သူတို့၏ သေဆုံးသူများသာ များပြားလာလိမ့်မည်။
ရှီဟောင်သည် အလင်းတန်းလေးတစ်ခုအဖြစ်ပြောင်းလိုက်ကာ ထိုနေရာမှ ပျောက်ကွယ်သွား၏။ ထို့နောက်တွင် သူသည် ဖြစ်တည်မှုများရှိနေသည့် နေရာတစ်ခုကို ရောက်သွားပြီး ထိုနေရာတွင် သူ၏ မိဘနှင့် ညီလေးမှာ ချိတ်ပိတ်ခံထားရလေသည်။